Sunday, December 30, 2007

ဖန်ပြွန်သန္ဓေသားလောင်း အပို ရှိသည်

ဖန်ပြွန်သန္ဓေ နည်းပညာရဲ့ အံ့ချီးဖွယ်ရာကြောင့် ကလေး ရပြီးတဲ့ နောက်မှာ ကျွန်မတို့ လင်မယား ဆုပ်လည်းဆူး စားလည်းရူး ဖြစ်နေရပါပြီ။ ကျန်နေသေးတဲ့ အေးခဲထားတဲ့ သန္ဓေ သားလောင်းလေးတွေကို ဘာလုပ်ရမယ် ဆိုတာပါ။
ကျွန်မတို့ရဲ့ သုံးနှစ်အရွယ် သားကလေးဟာ သူဘယ်လို မွေးလာတယ် လူဖြစ်လာတယ် ဆိုတဲ့ ပုံပြင် နားထောင်ရတာကို နှစ်ခြိုက် သဘောကျတတ်ပါတယ်။ ``ဟိုး ရှေးရှေးတုန်းကပေါ့ ကလေး အရမ်း လိုချင်တဲ့ မိန်းမကြီး တစ်ယောက် ရှိတယ်တဲ့´´ ဆိုပြီး စပြောတာပေါ့။ ပုံပြင်ထဲမှာတော့ အဲဒီ မိန်းမကြီးဟာ ဆုတောင်း ပြည့်သွားပြီးနောက် ကလေးလေးတွေ ရသွားတယ်တဲ့။ ဒါကတော့ အလွန့်အလွန် ရိုးရှင်းအောင် လုပ်ပြောတာပါ။ လက်တွေ့မှာတော့ ကျွန်မတို့ လင်မယား ၅နှစ်လောက် အချိန်ယူရပါတယ်။ Operation ၄ ခါ လုပ်လိုက်ရပါတယ်။ တစ်ခေါက်လည်း သားလျှောဖူးပါတယ်။ ဖန်ပြွန်သန္ဓေ စပ်တာ နှစ်ခေါက် လုပ်ရပါတယ်။ ဒီလိုအတွက် ငွေ ထောင်ပေါင်းများစွာ အကုန်အကျ ခံပြီးတော့မှ ပထမ ကလေးလေးကို ရတာပါ။ နှစ်နှစ် အကြာမှာတော့ ဒုတိယ ကလေး သမီးလေးကိုလည်း ဖန်ပြွန်နည်းနဲ့ပဲ မွေးထားတာပါ။ ကလေးမြုံသူတွေ ကြားမှာတော့ ကျွန်မတို့ဟာ အင်မတန် ကံထူးသူတွေပါ။

ကျွန်မတို့ ကလေး နှစ်ယောက်စလုံး အေးခဲထားတဲ့ ကလလ ရေကြည် သားလောင်းလေးတွေ ဘ၀ကနေ စလာတာပါ။ ဖန်ပြွန်သန္ဓေ နည်းပညာ လောက စကားနဲ့ဆိုရင်တော့ FETS (Frozen Embryo Transfers) လေးတွေပေါ့။ ကျွန်မ အသက် ၃၇လောက်မှာ FSH (Follicle-stimulating Hormone) ဆေးကျွေးပြီး သားဥတွေ ချွေယူတာပါ။ ဆေးက အမျိုးသမီးတစ်ဦးဆီက ၁၀ဥ ၁၅ဥ လောက် ကြွေအောင်လုပ်တာပါ။ ကျွန်မအတွက်တော့ မျိုးဥ ၃၁ဥ ရလိုက်ပါတယ်။ ဆေးမပါဘဲ ပုံမှန် အမျိုးသမီးတစ်ဦးဆို တစ်ဥစီ တစ်ဥစီ ကြွေတာပါ။ ဆေးနဲ့ဆို အမျိုးသမီး ၂၀ မှာ တစ်ယောက်လောက်တော့ ဥ ၂၀ ကြွေပြီး များသော အားဖြင့် ဥတွေဟာ အရည်အသွေး မကောင်းတတ်ပါဘူး။ ကျွန်မရဲ့ ၂၅ဥမှာ ကျွန်မခင်ပွန်းရဲ့အဖို မျိုးရည်နဲ့ မျိုးအောင်ပြီးနောက် ၁၉ခုဟာ ဖန်ပြွန်သန္ဓေသား လုပ်ဖို့ စံချိန်မှီပါတယ်။ အဲဒီအထဲက လတ်လတ်ဆတ်ဆတ် နှစ်ခုကို ၀မ်းထဲ ထည့်လိုက်ပါတယ်။ ကျန်တာတွေကိုတော့ အေးခဲထားလိုက်ပြီး နောက်မှ လိုအပ်ရင် တစ်စုံစီ ယူပြီး အရည် ဖျော်မှာပါ။ သားလေး ရလိုက်ဖို့ လတ်လတ်ဆတ်ဆတ်ရော အေးခဲထားတာရောဆို ၄ခု သုံးလိုက်ရပြီး၊ သမီးလေးအတွက်တော့ အေးခဲထားတာ ၄ခု သုံးလိုက်ရပါတယ်။ အဲဒီနောက် ကျွန်မဆီမှာ အေးခဲထားတဲ့ သန္ဓေသား ၁၁ ခု ကျန်သေးတာပေါ့။ သူတို့ကို နိုက်ထရိုဂျင်အရည်ထဲ ထည့်ပြီး အနှုတ် ၁၉၆ C မှာ အေးခဲထားတာပါ။ လွယ်မယောင်ယောင်နဲ့ ခက်နေတာကတော့ အဲဒီ ကျန်တဲ့ သန္ဓေသားလေးတွေကို ဘာလုပ်မယ်လို့ ဆုံးဖြတ်ရတာပါပဲ။

ပြန်တွေးကြည့်မယ်ဆို လုံးလုံးလျားလျား ကလေးမြုံနေသူ ဘ၀မှာ မချိတင်တကဲ ဖြစ်နေရတာ အင်မတန် စိတ်ပျက်ဖွယ်ပါ။ တကယ်ဆို ကျွန်မ အဲဒီထက် ခံစားရပါတယ်။ ကလေးမရှိရင်တော့ လူဖြစ်ရကျိုး နပ်မှာ မဟုတ်ဘူးလို့ ကျွန်မ အပြည့်အ၀ ယုံကြည်ခဲ့ပါတယ်။ ဖန်ပြွန်သန္ဓေ ယူရမလား၊ မွေးစားရမလား၊ အငှားဗိုက်နဲ့ ကြီးရမလား။ နည်းလမ်း အသွယ်သွယ် ကျွန်မ တွေးတော ကြည့်တယ်။ မိဘဖြစ်ဖို့ အခွင့်အလမ်း ရလာမှာ မဟုတ်ဘူးလို့လည်း တော်တော်ကြာတဲ့ အထိ ကျွန်မ လက်ခံ ယုံကြည်နေမိတယ်။

ကိုယ်ဝန် မရနိုင်တာကို ကလေး ရနိုင်တဲ့ သူကို သွားရှင်းပြရင်တော့ မောဖို့ပဲ ရှိတယ်။ တလောကလုံးက ဗိုက်တွေ ကြီးလိုက်၊ ကလေးတွေ ယူလိုက်၊ ကလေးလှည်းလေးတွေ တွန်းလိုက်နဲ့ ဖြစ်နေတာကို မီဒီယာတွေ ထဲမှာရော ကိုယ့်နံဘေး ပြင်ပမှာရော ဖြစ်နေတာတွေ တွေ့မြင် နေရတဲ့အတွက် ရင်ထဲမှာ မျက်ရည်တွေ တစ်ပေါက်ပြီး တစ်ပေါက် ကျနေရပါတယ်။ ငြီးငွေ့ ပျင်းရိဖွယ် ကောင်းတဲ့ အတွေ့အကြုံတွေနဲ့ မချိတင်ကဲ ဖြစ်နေရတဲ့ သားမြုံသည်ကိုကျတော့ ကျွန်မ တစ်ခါမှ မတွေ့မိပါဘူး။ `မင်းကလွဲရင် တစ်လောကလုံး ကလေးရှိတယ်ဟေ့´လို့ လောကကြီးက ကျွန်မကို နေ့စဉ်ရက်ဆက် အကြိမ်ပေါင်းများစွာ အသိပေးနေသလိုပါပဲ။

အဲဒီအတွက်ကြောင့် ကျွန်မ အမြဲတမ်း စိတ်ကူးယဉ်တာက ကျွန်မမှာများ သန္ဓေသား ကလေးလေးတွေ အပိုရှိလို့ကတော့ ကလေးမရနိုင်တဲ့ လင်မယားတွေကို လှူပစ်မယ်လို့ရယ်။ မျှော်လင့်ချက်တွေ ပျက်သုဉ်းပြီး လက်မှိုင်ချနေရမယ့် အနေအထားမှ တစ်စုံတစ်ယောက်ကို ဆွဲထုတ်ဖို့ အခွင့်အရေး ပေးလို့ကတော့ လူတိုင်း လူတိုင်း တစ်ခုခု လုပ်မှာ မဟုတ်ပဲလား။ နောက်နှစ်ကျရင်တော့ ကျွန်မတို့ လင်မယား ဘာလုပ်မယ်ဆိုတာကို အဖြေ ပေးရပါတော့မယ်။ ၀ိတိုရီယ ပြည်နယ် အစိုးရက သန္ဓေသားကို အေးခဲထားတာ အထူးတလည် သက်တမ်း ထပ်တိုးမျိုး မဟုတ်ရင် ၅နှစ်အထိပဲ လက်ခံပါတယ်။ ကျွန်မတို့ ဆုံးဖြတ်ချက် ချပြီးရင်တော့ ကျွန်မ ကလေး ထပ်ရမှာ မဟုတ်တော့ဘူး။ ကျွန်မတို့ ဘာလုပ်ရမလဲ။ တခြား လင်မယားကိုပဲ လှူလိုက်ရမလား။ သိပ္ပံ စမ်းသပ်မှုတွေ အတွက်ပဲ လှူလိုက်ရမလား။ ဖျက်စီး ပစ်လိုက်ရမလား။

မဲလ်ဘန်း ဖန်ပြွန်သန္ဓေ နည်းပညာဌာနက အမှုဆောင် ဒေါက်တာ လင်ဒန်ဟေး အဆိုအရဆိုရင်တော့ များသောအားဖြင့်က သုတေသန တစ်ခုခုအတွက် လှူကြတယ်တဲ့။ တချို့ကတော့ ဖျက်စီးပစ်လိုက်ကြတာပဲတဲ့။ ကလေးမရနိုင်တဲ့ တခြား လင်မယားကို ပေးလိုက်တာကတော့ သိပ်မလုပ်ကြပါဘူးတဲ့။ သူ့ဌာနမှာ လွန်ခဲ့တဲ့ နှစ်နှစ် အတွင်းတောင် ဒီလို သူများကို ပေးလိုက်တာ ၈ ခုလောက်ပဲ ရှိတယ် ဆိုပဲ။ ကလေး မရနိုင်တဲ့ လင်မယားတွေမှာ ဒီလို ရနိုင်ဖို့ ၂ နှစ်လောက် စောင့်နေရတာပဲ။

ကျွန်မတို့ရဲ့ သန္ဓေသားလေးတွေကိုတော့ မဖျက်စီးပစ်ရက်ပါဘူး။ ဒါဟာ အလဟဿ ဖြုန်းတီး ပစ်တာပဲ။ ကနဦးကတည်းက ဖြစ်နေတဲ့ လှူလိုက်မယ်ဆိုတဲ့ စိတ်ကလည်း မပြတ်သားသေးဘဲနဲ့ အခုမှ အသေအချာ ဆန်းစစ်နေမိပါတော့တယ်။ ကျွန်မ အသက် ၃ရ တုန်းက စပ်ထားတဲ့ သန္ဓေသားလေးတွေကို သုံးပြီး ကလေးယူမယ်ဆို ကိုယ်ဝန်တွယ်ပြီး ကလေးတစ်ယောက် မွေးဖွားဖို့ ဆိုတာ တစ်ခေါက် တစ်ခေါက်တိုင်းမှာ အောင်မြင်ရန် အခွင့်အလမ်းက ၂၅% ပဲရှိတာပါ။ ဒါတောင် အေးခဲထားတဲ့ သန္ဓေသားကို အရည်ဖျော်တာ အောင်မြင်ဦးမှ။ ဒီလို အောင်မြင်ဖို့ကတော့ ၈၅% အခွင့်အလမ်း ရှိပါတယ်။ ကျွန်မရဲ့ အရင် မှတ်တမ်းအရ ဆိုရင်တော့ ကလေး တစ်ယောက် ရဖို့ သန္ဓေသား လေးခု လိုပါတယ်။ ဒီလိုဆိုရင် ကျွန်မရဲ့ လက်ကျန် သားလောင်းလေးတွေကနေ ကလေး ၃ ယောက် ကောင်းကောင်းကြီး ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုနှုန်းနဲ့ပဲ ဖြစ်ဖြစ် ဆေးခန်းက အစီအစဉ်နဲ့ ဆိုရင်တော့ ဒီသားလောင်း ၁၁ ခုကို မိသားစု တစ်ခုထက် ပိုပြီးတော့ ခွဲတမ်းချ လိုက်မှာပဲ။ ဖြစ်နိုင်တာကတော့ မိသားစု ခပ်များများက ကျွန်မရဲ့ သားလောင်းလေးတွေက ဖြစ်လာမဲ့ ကလေးလေးတွေကို ကြီးပြင်း စောင့်ရှောက်ရမှာပါ။ ၃ယောက်ပဲ ထားဦး၊ ကျွန်မ ကလေးတွေကို ကျွန်မ မသိတဲ့ လောက အသိုင်းအ၀ိုင်းထဲမှာ နေထိုင် နေတာကို ကျွန်မ ခံနိုင်ရည် ရှိပါ့မလား။ ဒီထက်ပိုရင်တော့ ပိုဆိုးမယ်။ ဒါဟာ သားမြုံနေတာလောက်ကို နက်နဲ သိမ်မွေ့တဲ့ နစ်နာမှု တစ်ခုပါပဲ။ ပိုဆိုးတာက တရားဥပဒေကြောင်း အရ သူတို့တွေ အသက် ၁၈ နှစ်မှာ ကျွန်မ ဘယ်သူဆိုတာကို သိသွားရင်၊ ဒီကလေးတွေ ဘယ်သူဆိုတာ ကျွန်မ သိသွားရင် ကျွန်မ ပိုပြီး ပြင်းပြင်း ပြပြ ခံစားရမှာပါ။ အခု ကလေးနှစ်ယောက် စလုံးမှာ ဆင်တူတဲ့ ရုပ်ရည် လက္ခဏာတွေ ရှိနေပါတယ်။ ပါးဖောင်းဖောင်းလေးတွေ၊ မက်မန်းသီးစေ့ပုံ မျက်စေ့လေးတွေနဲ့ အပေါ်နှုတ်ခမ်း ထူထူလေးတွေ ရှိနေကြပါတယ်။ ဘယ်သွားသွား ဒီလို ရုပ်ရည်ရှိတဲ့ ကလေးလေးတွေကို ကျွန်မ နှစ်ပေါင်းများစွာ ရှာနေမိဦးမလား။

တခြား လင်မယားကို ပေးလှူလိုက်ဖို့ရာမှာ ကျွန်မအတွက် နောက်ထပ် ခလုတ်တံသင်း တစ်ခုကတော့ ဒီလိုပါ။ တကယ်လိုများ ကျွန်မတို့က သင့်တော်တဲ့ အလှူလက်ခံမယ့်သူ တွေ့ထားရှိထားရင် အမည်စာရင်း ပေးသွင်းလို့ ရပါတယ်။ အဲဒီလို မလုပ်နိုင်ရင်တော့ စောင့်နေတဲ့ သူတွေထဲက တစ်ယောက်ယောက်ကို ကျွန်မတို့ မသိဘဲ ပေးလိုက်မှာပဲ။ ကျွန်မတို့လည်း ဘယ်သူ ဘယ်ဝှာကို ပေးလှူလိုက်မယ်ဆိုတာ ခွဲခြား နေလို့ မရတော့ ပါဘူး။ ဒါကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ဒေါက်တာဟေး ရှင်းပြတာကတော့ မွေးစားဖို့ ဆိုရင်တော့ တကယ့် မိဘနှစ်ပါးက ဘယ်သူ့ဆီမှာတော့ သူတို့ ကလေး ကြီးပြင်းပါစေတော့ ဆိုပြီး ရွေးချယ်ခွင့် အတိုင်းအတာ တစ်ခုအထိ ရှိပါတယ်။ ဒါပေမယ့် ဖန်ပြွန် သန္ဓေသားလေးတွေကိုတော့ (ဆိုပါတော့) လူမည်း မိဘနှစ်ပါးက သားလောင်းလေးဟာ အမည်း လင်မယားဆီမှာပဲ ကြီးပြင်းရမယ်လို့ သတ်မှတ်ပေးလို့ မရပြန်ဘူး။ ဒီလို လုပ်ခွင့်ပြုထားမယ်ဆို ပေးသူနဲ့ အလှူခံသူ ကြားမှာ ယဉ်ကျေးမှုဆိုင်ရာ ခံစားချက်တွေ ရှိလာနိုင်ပါတယ်။ ကျွန်မ အတွက်တော့ ပြဿနာက ပြောင်းပြန်ပါ။ ကျွန်မတို့က ဂျူးတွေဆိုတော့ ကျွန်မရဲ့ကလေးတွေ အသိုက်အ၀န်း သေးသေးလေးထဲမှာ ကြီးပြင်းလာကြပြီး သူတို့ ကြီးလာလို့ အချင်းချင်း တွေ့ကြတဲ့ အခါ သွေးရင်းသားရင်း (ဇီဝဗေဒအရ) ညီအစ်ကို မောင်နှမ အရင်းတွေ ဖြစ်ကြတယ် ဆိုတာ မသိကြမှာ တွေးပူပါတယ်။

သိပ္ပံ စမ်းသပ်မှုတွေ အတွက် လှူလိုက်မယ် ဆိုပြန်ရင်တော့ မြင့်မြတ်တဲ့ လုပ်ရပ် တစ်ခုလို့ ထင်ရပါတယ်။ ကျွန်မရဲ့ အလှူကြောင့် ကလေးမရနိုင်တဲ့ သူတွေကို ကူညီဖို့ သက်ရောက်မှု တစ်ခုခု ရှိမယ်ဆိုပြီး စိတ်ကူးတွေ ယဉ်နေလို့ ရသေးတယ်။ သင်လည်း မြုံနေမယ်ဆိုရင်တော့ သင့်နားမှာ ပညာရှင်တွေ ဘာတွေ ညာတွေ တဆင့်ပြီး တဆင့် လုပ်နေတာကို သိပ် ဂရုစိုက်မိမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင် ကလေး မရခင် အထိတော့ ဒီလို လုပ်နေတာတွေ အားလုံးဟာ သက်ဆိုင်ရာ ပညာရှင်တွေသာ နားလည်နိုင်တဲ့ ဟာတွေပဲ ဖြစ်နေဦးမှာပဲ။ ဆေးပညာလောကမှာ တိုးတက် အောင်မြင်မှုတွေ ဖြစ်နေရင် သင်လည်း ပျော်မိမှာ သေချာပေါက်ပဲ။ ကိုယ်လိုချင်တာ ကလေးပဲ မဟုတ်လား။ ကလေးရသွားရင် ဘယ်လောက် ပျော်မယ်ဆိုတာ ကျွန်မ ကောင်းကောင်းကြီး သိတာပေါ့။ အဲဒီတော့ ကျွန်မရဲ့ လက်ဆောင် သားလောင်းလေးတွေဟာ လင်မယားတစ်တွဲအတွက် ဘယ်လောက်အထိ တာသွားမယ်ဆိုတာကို ကျွန်မ လျစ်လျူ မရှုထားရက်ပါဘူး။ ဒီအေးခဲထားတဲ့ သန္ဓေသား ၁၁ ခုဟာ ကျွန်မအတွက်လည်း ဘယ်လောက်အထိ အရေးပါလည်းဆိုတာ ခဏခဏ တွေးမိပါတယ်။ `တို့မှာ အုန်းမွှေးလုံး ၁၁လုံး ရှိသေးတယ်´ဆိုပြီး ကျွန်မတို့ လင်မယားက သူငယ်ချင်းတွေကို နောက်တတ်ပါတယ်။ အများကတော့ မျက်ခုံးပင့်ကြပါတယ်။ ကျွန်မတို့ နောက်ထပ် ကလေး ၁၁ ယောက် ရဖို့ အလားအလာ ရှိသေးတယ် တွေးထင်ကြပြီးတော့ပေါ့။
ဒါတွေကို သားလောင်းလေးတွေ အဖြစ်နဲ့သာပဲ ကျွန်မတို့ အချိန်အတော်ကြာတဲ့ အထိ လက်ခံထားပါတယ်။ မျိုးအောင်ပြီး ဆဲလ်လေးခု ပွားနေတဲ့ ဟာလေးတွေပေါ့။ သက်ရှိဖြစ်ဖို့ အလားအလာရှိပေမယ့် သူတို့ကိုယ်တိုင်ကတော့ အသက် မရှိသေးဘူး ရယ်ပေါ့။

ကလလရေကြည်ကနေ ကလေးတစ်ယောက် ဖြစ်ဖို့ ဖြတ်သန်းရမယ့် ကာလ တလျှောက်မှာ အခက်အခဲတွေ မျိုးစုံ ရှိပါတယ်။ အေးခဲထားတာကနေ အရည်ဖျော်တဲ့ အချိန်မှာလည်း အောင်မြင် ရှင်သန်ရမယ်။ ဓါတ်ခွဲခန်းရဲ့ အခြေအနေနဲ့လည်း ဆိုင်တယ်။ ပြုလုပ်ပေးမယ့် ပညာရှင်ရဲ့ ကျွမ်းကျင်မှုနဲ့လည်း ဆိုင်တယ်။ ပြီးတော့ ၀မ်းထဲကို ထည့်လိုက်ရုံနဲ့ သူတို့တွေ တွယ်ကပ်နေမယ် မထင်ပါနဲ့။ တွယ်ကပ်နေဦးတော့ ကိုယ်ဝန်က ပထမ သုံးလပတ်အထိ ခံဦးမှ။ ပုံမှန် ကိုယ်ဝန်ဆောင်ရင်တောင် ၆ ယောက်မှ တစ်ယောက်လောက်က တစ်ခုခု ဖြစ်တတ်သေးတယ်။

ဆေးလောကရဲ့ အမြင်မှာတော့ ကျွန်မတို့ သားလောင်းလေးတွေကနေ ကလေးတစ်ယောက် ဖြစ်ဖို့ အဝေးကြီးရယ်ပါ။ သားလောင်းကနေ သန္ဓေသားဖြစ်ဖို့တောင် တော်တော် ဝေးပါသေးတယ်။ သီအိုရီ အရဆိုရင်တော့ သူတို့ကို ဆက်လက်ရပ်တည်ခွင့် မပေးတာဟာ တားဆေးသောက်ပြီး တစ်လ တစ်လုံး ကြွေကျလာတဲ့ မျိုးဥတွေကို မျိုးအောင်ခွင့်မပေးတာနဲ့ စာရင် ပိုပြီး အကြင်နာတရား စာနာစိတ် ကင်းမဲ့ရာ ကျမယ် မဟုတ်တန်ရာပါဘူး။ ဒါလေးတွေဟာ ဆေးလောကရဲ့ အောင်မြင်ဆန်းကြယ်မှု တစ်ခုဖြစ်ပေမယ့် ကျွန်မတို့ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဘယ်လိုနည်းနဲ့မှ မဟုတ်သေးပါဘူး။

ကလေးမရခင် အထိတော့ ကျွန်မတို့ ဒီလိုပဲ တွေးထင်ခဲ့တာပဲ။ အခုတော့ ဖြစ်လာတဲ့ အရာတွေကြောင့် ကျွန်မတို့မှာ အံသြ တွန့်တုံ့ သွားပါပြီ။ သားလောင်းလေးတစ်ခုကို နောက်နှစ်မှာ အရည်ဖျော်ပြီး ၀မ်းထဲ ထည့်နိုင်တယ်။ ပိုပိုသာသာ ပြောရမယ်ဆို နောက်ဆယ်စုနှစ် တစ်ခုမှလည်း လုပ်နိုင်တယ်။ အခုအထိတော့ အချိန်အကြာဆုံး အေးခဲထားနိုင်တာ ၁၃ နှစ်ပါ။ ဒီလို အေးခဲတဲ့ နည်းပညာက တခြားနည်းပညာတွေနဲ့ ယှဉ်ကြည့်မယ်ဆို အစပဲ ရှိသေးတော့ နောင်ဆို ဒီထက်ပိုပြီး ထားနိုင်မှာ။ ဒေါက်တာဟေး ပြောတာကတော့ သီအိုရီအရဆို သားလောင်းလေးတွေကို အဆုံးမရှိ အေးခဲထားနိုင်တယ် ဆိုပဲ။

ဒီသားလောင်းလေးတွေကို အသက် သွင်းပေးရန်အတွက် ကျွန်မ နောက်ကျောလုံဖို့ တာဝန် ၀တ္တရားတွေ ရှိနေသလား။ ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်တဲ့ သူတွေကတော့ ခေါင်းငြိမ့်ကြမှာပဲ။ တရားဥပဒေမှာတော့ ဘယ်လို လုပ်ရမယ်ဆိုတာ တိတိပပ မဆိုထားပါဘူး။

ဒီလို ကိစ္စမျိုး ရင်ဆိုင်ရတာ ကျွန်မဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ သြစတြေးလျနဲ့ နယူးဇီလန်မှာ ခန့်မှန်းခြေအရဆိုရင် အေးခဲထားတဲ့ သားလောင်း ၁၂၀ ၀၀၀ ရှိပါတယ်။ သြစတြေးလျမှာတော့ ၅%လောက်ပဲ ဆေးသုတေသနအတွက် လှူတန်းလိုက်ပြီး ၂.၇%ကိုတော့ ဖျက်စီးလိုက်ပါတယ်။ ၁%ကိုပဲ သားမြုံတဲ့ သူတွေကို ပေးလှူလိုက်တာပါ။ ကျန်တာတွေကိုတော့ အမေ၀မ်းထဲထည့်လိုက်မလား သောင်မတင် ရေမကျဘဲ ဖြစ်နေမလားပဲ။ လူတော်တော်များများကတော့ ဘယ်လို လုပ်ရမယ် ဆိုတာကို မသိသေးပါဘူး။

ဒါဟာ ကျွန်မတို့ လင်မယားရဲ့ လက်ရှိ အခြေအနေပါ။ ကျွန်မတို့က သူများ လင်မယားကို ပေးလှူဖို့ကို တိမ်းညွတ်နေပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက် ချဖို့ ခက်ခဲနေပါသေးတယ်။ ကျွန်မ အကြောက်ဆုံး အရာကတော့ တစ်နေ့မှာ ကျွန်မကိုယ်တိုင်က ဒီသားလောင်းလေးတွေကို ပြန်သုံးချင်လာမှာပဲ။ အခု လေးယောက်ရှိနေတဲ့ Nuclear Family (မိဘနှစ်ပါးနဲ့ သားသမီးများသာ ပါသော မိသားစု) လေးနဲ့ ကျွန်မ ပျော်ပါတယ်။ အသက် ၄၅ နှစ်ကျမှ ကျွန်မ ကလေး အနှီးလဲပေးတာ လုပ်ရမှာ ကျွန်မ မတွေးဝံ့ပါဘူး။ အသိစိတ်ကလည်း စေ့ဆော်နေတာက မွေးစ ကလေးငယ်လေးတစ်ယောက်အတွက် ကျွန်မဟာ သိပ်အိုနေပြီလို့ ခံစားရတာပါပဲ။ အို ကျွန်မ စိတ်ပြောင်းသွားရင်ရော ဘယ်လို လုပ်မလဲ။ အခုလက်ရှိမှာတော့ အသက် ၄၀ ကျော် ၅၀ မှ ကိုယ်ဝန်ပြန်ဆောင်ရတာ မသက်မသာ ရှိနေမှာပဲလို့ ထင်နေတုန်းပဲ။ ဒါပေမယ့် ကျွန်မရဲ့ သန္ဓေသားလောင်း ကတော့ ကျွန်မ အသက် ၃၇ မှာ တုန်းက စပ်ထားတဲ့ အတိုင်းပဲ ရှိနေဦးမှာပါ။ ကျွန်မသာ အိုသွားမယ်။ သူတို့ကတော့ အိုမလာပါဘူး။ ကိုယ်ဝန်ရဖို့ အခွင့်အလမ်းကလည်း နောင် ၁၀ နှစ်မှာ ဆိုရင်တောင် အတူတူ နီးပါး ရှိနေဦးမယ်။ ဘယ်လို အနေအထားမှာ ဖြစ်ဖြစ် ကျွန်မမှာ အကြံကောင်းတွေ မရသေးဘဲ ဘာမှလည်း မလုပ်နိုင် ရှိနေပါတယ်။

အဲဒီလိုနဲ့ပဲ ကျွန်မတို့ လင်မယားမှာ ဒီသားလောင်းလေးတွေ အတွက် အကောင်းဆုံး ရလဒ်ကို ရတိပြတ် သဘောမတူနိုင် ဖြစ်နေပါတယ်။ ယေဘုယျအားဖြင့်တော့ ဒါလေးတွေဟာ သက်ရှိ အလားအလာလေးတွေ လောက်ပဲ မြင်နေချိန်မှာ သူတို့ကနေ ဖြစ်လာမယ့် ကလေးလေးတွေကိုလည်း မြင်ချင်နေစိတ်ကို ထိန်းမရ ပြန်ရော။ အဲဒါကပဲ ကျွန်မ သိပ္ပံ စမ်းသပ်မှုတွေ အတွက် လှူမယ့်ဟာကို တားဆီးနေတာပါ။ ကျွန်မရဲ့ နှလုံးတည်ရာ ဖြစ်တဲ့ ဒီကလေးလေးတွေကို တခြား လင်မယားဆီ စွန့်လွှတ်လိုက်ဖို့လည်း ကျွန်မ ဝေခွဲ မရ ဖြစ်နေတယ်။

ကျွန်မရဲ့ ခင်ပွန်းကတော့ သိပ္ပံသုတေသနတွေကို လှူဖို့ စိတ်အား ထက်သန်ပြီး လူအမြောက်အများကို ကယ်ဖို့ကို ပိုလုပ်ချင်နေပါတယ်။ ကျွန်မတို့ နှစ်ယောက်စလုံးကတော့ အခြေခံအားဖြင့် သူများကို ကူညီဖို့ စိတ်အား ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ကျွန်မတို့ အခုလို ဘာမျှ မလုပ်ဘဲ နေတာကတော့ ဘယ်သူကိုမှ ကူညီရာ ရောက်မှာ မဟုတ်ပါဘူး။

တစ်နေ့ကျရင်တော့ ကျွန်မတို့ရဲ့ ကလေးတွေကို သူတို့ကို ဘယ်လို့ ဖန်တီးခဲ့တယ်ဆိုတာ၊ ကျွန်မတို ဘယ်လို့ ခက်ခဲ ရုန်းကန်ခဲ့ရတယ်ဆိုတာကို ဇာတ်လမ်း အစအဆုံး ပြောပြရမယ်။ သူတို့ကို သန္ဓေမတည်ခင်ကတည်းက ဘယ်လောက်တောင် ယုယနေရတယ်ဆိုတာ သူတို သိလာမယ်။ ကျန်တဲ့ သားလောင်းလေးတွေ အတွက် ကျွန်မတို့ ဘယ်လို ဆုံးဖြတ်ချက်ချလိုက်တယ် ဆိုတာကို ပြောပြရင်တော့ သူတို့ ဘယ်လို ခံစားရမယ် မသိ။ တစ်လောကလုံးကရော ဘယ်လို မှတ်ချက်ချကြမလဲ။ ဖန်ပြွန်သန္ဓေနဲ့ ပတ်သတ်တဲ့ စာအုပ်တစ်အုပ်မှာ မိဘတွေက မျိုးရိုးဗီဇအရ ပြစ်မျိုး မှဲ့မထင်တွေ လိုချင်တာည ဖတ်လိုက်ရတယ်။ ဖန်ပြွန်သန္ဓေ နဲ့ဆိုင်တာ စိတ်ဝင်စားတဲ့ သူတွေ စုတွေ့တဲ့ နေရာမှာ သားဥပြွန် ထုတ်လိုက်ရတဲ့ အမေတွေ၊ ကင်ဆာနဲ့ ရင်ဆိုင်တိုက်ပွဲ ၀င်နေရတဲ့ သူတွေ၊ ယောက်ျားမှာ မျိုးရိုးလိုက်တတ်တဲ့ အသက်ရှုလမ်းကြောင်းပိတ် ရောဂါ ရှိတဲ့ သူတွေနဲ့ တွေ့နေရပါတယ်။ လူထုသဘောထားမှာ သာမန် အရပ်သားတွေ ပြောလေ့ရှိတာကတော့ ဖန်ပြွန်သန္ဓေသား မိဘတွေဟာ ဘုရားသခင်ကို လှည့်စား လက်တစ်လုံးခြား လုပ်နေတာပဲတဲ့။ သူတို့က ကျွန်မတို့ကို ဝေဖန်တိကပြု စီရင်ချက် ချနေတာရော ဒီလိုပဲ အတူတူ မဟုတ်ပါလား။

ကျွန်မတို့ ဖန်ပြွန်သန္ဓေသား မိဘတွေ လိုအပ်တာ အတူတူပါပဲ။ ကျွန်မတို့ မိသားစုလေး တစ်ခု လိုချင်တယ်။ ကလေးကို သားချော့တေးဆိုပြီး သိပ်မယ့်၊ တီတီတာတာ သံလေးတွေကို နားလည်ချင်တဲ့၊ ကိုယ့်ကလေးကို ကိုယ် ကစားကွင်း ခေါ်သွားချင်တဲ့ သာမန်လူတွေလိုပဲ ဖြစ်ချင်တယ်။ ကျွန်မတို့ သူသူငါငါလိုပဲ ဖြစ်တည်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့မှာ အခက်ခဲ အနက်နဲဆုံး ပုစ္ဆာကို ဖြေရှင်းရတော့မယ်။ ဒါဟာ မိသားစု တစ်ခုဖြစ်ဖို့အတွက် လုပ်ရတာ ဆိုရင်တော့ ကျွန်မတို့ အဆင်ပြေစွာ လက်ခံနိုင်ပါတယ်။



"Embryos: Our Gift" by Anonymous - Reader’s Digest (Australian Edition) January 2008 ကို ဘာသာပြန်သည်။

Tuesday, December 25, 2007

Bruce Willis နဲ့ ကလေးများ

Bruce Willis လို့ ပြောလိုက်ရင် Die Hard ရုပ်ရှင်တွဲထဲက NYPD က ရဲစုံထောက် Jonh McClane ကို ပြေးမြင်ကြမှာပဲ။ Demi Moore ခေတ်ကို မီလိုက်တဲ့ သူတွေကတော့ သူမရဲ့ ယောက်ျားအဖြစ်လည်း သိကြပါတယ်။ သူ့ကို သတိထားမိတာ Pulp Fiction ကား ကတည်းကပါ။ နောက်ပြီး သူ့ကို ကြိုက်သွားတာ The Jackal ထဲမှာပါ။ Richard Gere နဲ့ အပြိုင် First Lady ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ကြေးစား လူသတ်သမား အဖြစ်နဲ့ပါ။ The Fifth Element တို့ Twelve Monkeys တို့ကို ကြည့်ဖူးပေမယ့် နားလည်း မလည်ဘဲ နောက်တစ်ခေါက်လည်း ထပ်ကြည့်ခွင့် မကြုံသေးပါဘူး။ ရုပ်ရှင်ကားတော်တော် များများမှာ ခပ်ကြမ်းကြမ်း သရုပ်ဆောင်တော့ သူ့ကို အက်ရှင် မင်းသားတစ်ယောက် အနေနဲ့ပဲ မြင်ကြပါတယ်။ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ထားပေမယ့် သူ့ရဲ့ နူးညံ့တဲ့ နှလုံးသားကို မှတ်မှတ်ရရ ဖြစ်နေကြတာကတော့ ဥက္ကာပျံကြီးကို နျူကလီယားဗုံး သွားထောင်ကြတဲ့ Armageddon ထဲမှာ သူ့သမီးအတွက် သားမက်လောင်းနဲ့ နေရာချင်းလဲပြီး အသေခံသွားတာပါပဲ။ Aero Smith ရဲ့ I don’t want to miss a thing သီချင်းကလည်း ပို့တယ်လေ။

Bruce Willis ဟာ ကလေးတွေနဲ့ ရောပြီးတော့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား တစ်ချို့ကို သတိထားမိပါတယ်။ လူတိုင်း သိကြတာကတော့ ကလေးသရုပ်ဆောင် (Cole Sear အဖြစ်) Haley Joel Osment နဲ့တွဲ သရုပ်ဆောင်ထားတဲ့ The Sixth Sense ပါပဲ။ အဲဒီ ဇာတ်လမ်းမှာ Bruce Willis က ကလေး စိတ်ရောဂါကု ဆရာဝန် အဖြစ် သရုပ်ဆောင်ပါတယ်။

I see dead people..... all the time
လို့ ပြောသလို Cole ခမျာ တမလွန်က လူတွေကိုပဲ တွေ့တွေ့နေရတော့ ကြောက်ပြီး စိတ်ပျက်လာလို့ သူက တစ်ချိန်လုံး Cole နားမှာ နေပြီး ဒီလို အဖြစ်မျိုး ပျောက်သွားအောင် ကုစားပေးဖို့ ကြိုးစားတာပါ။ Haley Joel Osment က အော်စကာဆု ရအောင် ပြောင်ပြောင် မြောက်မြောက် သရုပ်ဆောင်သွားပါတယ်။ ပထမဆုံး ကြည့်တဲ့ အချိန်မှာ တော်တော် ကြောက်စရာ ကောင်းပါတယ်။ ဇာတ်လမ်းကလည်း ရိုးရိုးလေးနဲ့ဆန်း ဇာတ်ညွှန်းနဲ့ ရိုက်ထားတာလည်း ကောင်းတော့ တော်တော် ပေါက်သွားတဲ့ ကားပါ။ ဇာတ်လမ်းတစ်ခုလုံး ဆွဲခေါ်လာပြီး အဆုံးသပ်မှာမှ ဇာတ်က မထင်မှတ်ထားတာ ဖြစ်သွားလို့ ကြည့်ပြီး တသသ ဖြစ်ရတဲ့ ကားပါ။ (ဒီလိုမျိုး Twist ကောင်းပြီး ကြောက်စရာ ကောင်းတဲ့ နောက်တစ်ကားကတော့ The Others ပါ။) Bruce Willis က ပုံမှန်ပဲ သရုပ်ဆောင်သွားပြီး ၀င်ငွေ သန်းတစ်ရာကျော် ပိုက်သွားတာပါ။ ဒါဟာ Hollywood က မင်းသားတွေ အတွက် တစ်ကားချင်း ၀င်ငွေ အများဆုံးပါ။ Tom Hanks ရဲ့ Forrest Gump မှာ ရတဲ့ ၀င်ငွေ စံချိန် ချိုးလိုက်ပေမယ့် ကျွန်တော်ကတော့ Tom Hanks သရုပ်ဆောင်တာ ပိုရထိုက်တယ် ထင်ပါတယ်။ ဒီကားကြည့်ပြီး ဒါရိုက်တာ M. Night Shyamalan ကို ကြိုက်သွားပေမယ့် သူရဲ့ နောက်ကားတွေ အားလုံးမှာ အတွေးအခေါ်တွေ၊ ဇာတ်ညွှန်း ဇာတ်ကွက်တွေက ထပ်နေတော့ မကြိုက်တော့ပါဘူး။

ဒီကားပြီး နောက်တစ်နှစ်မှာပဲ သူ့ကို ကလေးလေး တစ်ယောက်နဲ့ တွဲပြီး ရိုက်တဲ့ကားကတော့ The Kid ပါ။ ဒီကားက ဇာတ်လမ်းလေးက ကောင်းပေမယ့် ကြည့်ရတာတော့ သိပ်မသွက်လှပါဘူး။ သူက အောင်မြင်တဲ့ Image Consultant လုပ်တဲ့ Russel အဖြစ် သရုပ်ဆောင်ပါတယ်။ အရမ်းအောင်မြင်ပြီး ချမ်းသာတယ်ပေါ့။ ဒီလိုနဲ့ နေလာရင်း တစ်နေ့မှာ သူ့အိမ်ထဲကို ကလေးလေး တစ်ယောက် ၀င်လာပြီး နေနေတယ်။ ဟိုသွား ဒီသွားလုပ်လည်း ဒီကလေးလေးကို မြင်နေတော့ စိတ်ချောက်ချားနေတယ် (Hallucination ဖြစ်နေတယ်) ဆိုပြီး စိတ်ရောဂါကုတွေ ဘာတွေနဲ့ ပြသေးတယ်။ ဒါပေမယ့် ကလေးလေးက သူအိမ်မှာ နေတယ်။ TV ကြည့်တယ်၊ မုန့်စားတယ်၊ ဆော့တယ်။ နောက်တော့မှ ဒီကလေးလေးဟာ သူ့ငယ်စဉ်ဘ၀ ဖြစ်နေပြီး Rusty တဲ့။ Rusty အဖြစ် ပါးဖောင်းဖောင်းနဲ့ ချစ်စရာ ကောင်လေး Spencer Breslin က သရုပ်ဆောင်ထားတာပါ။
I have forgotten my childhood. It's in the past where it belongs
ဆိုပြီး ငယ်စဉ် ကလေးဘ၀ကို မေ့နေတဲ့ Russ က Rusty ကို သူ့အတိတ် အကြောင်းတွေမေး၊ Rusty ကလည်း သူကြီးလာရင် ဘာဖြစ်မလဲဆိုတာကို Russ ကိုမေးမြန်းရင် စကားပြောကြတာပေါ့။ ကောင်လေးက သူကြီးလာရင် သူဖြစ်ချင်တဲ့ လေယာဉ်မှူး ဖြစ်လာသလားဆိုတော့ Russ ကလည်း မဖြစ်နေ၊ သူပိုင်ဆိုင်ချင်တဲ့ ခွေးတစ်ကောင် ပိုင်ရဲ့လားဆိုတော့လည်း Russ က ခွေးတစ်ကောင်တော် နိုင်အောင် မမွေးနိုင်တော့ ကောင်လေး Rusty က သူ့ရဲ့ လူကြီးဘ၀ Russ ကို တော်တော် စိတ်ပျက်သွားတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ Russ က သူကလေးဘ၀တုန်းက ဖြစ်ချင်ခဲ့တဲ့ လေယာဉ်မှူး ဖြစ်အောင်လုပ်ဖို့ ကြိုးစားမယ်၊ ခွေးတစ်ကောင်မွေးတယ်။ သူ့ကလေးဘ၀ အိပ်မက်ကို အကောင်အထည် ဖော်ဖို့ ကြိုးစားတော့တယ်။ Walt Disney က ရိုက်ထားတဲ့ ကလေးကားပေမယ့် လူကြီးတွေ အတွက်လိုပါပဲ။ လူကြီးတွေဟာ ကလေးဘ၀ရဲ့ အိပ်မက်တွေကို အကောင်အထည် ပေါ်အောင် ကြိုးစားသင့်တယ်လို့ ပြောချင်ပုံပဲ။ ကလေးရော လူကြီးရော သရုပ်ဆောင်တာ သိပ်မကောင်းပေမယ့် ဇာတ်လမ်းလေးက ကောင်းပါတယ်။

The Sixth Sense မတိုင်ခင် တစ်နှစ် ၁၉၉၈ မှာ ရိုက်ထားတာ Mercury Rising ပါ။ ဇာတ်လမ်းက ချာပေမယ့် ကလေးသရုပ်ဆောင် Miko Hughes က သရုပ်ဆောင်ထားတာ ကောင်းလို့ ကြိုက်တာပါ။ ဒီကောင်လေးဟာ ငယ်ငယ်လေးကတည်း အာနိုးရဲ့ Kindergarten Cop မှာ “Boys have a penis, girls have a vagina” ဆိုပြီး ပြောတဲ့ ကလေးလေးပါ။ ဒီကားမှာတော့ သူက NSA (National Security Agency) က လျှို့ဝှက် သင်္ကေတတွေကို ဖော်ထုတ်မိသွားတဲ့ Autistic Savant အဖြစ် သရုပ်ဆောင်ထားပါတယ်။ Autistic တွေဟာ ဦးနှောက်ဖွံဖြိုးမှု ပုံမှန် မဖြစ်လို့ ကျပ်မပြည့်သလို ဖြစ်ပြီး သူတို့ စိတ်ဝင်စားမှုဟာ အင်မတန်မှ သတ်သတ်မှတ်မှတ် (အကန့်အသတ်) ရှိလှပါတယ်။ Autistic Savant တွေကြတော့ အဲဒီလိုမျိုး ဖြစ်နေပေမယ့် လူတကာတို့ မစွမ်းဆောင်နိုင်တဲ့ အရာတွေ လုပ်နိုင်ပါတယ်။ Documentary တစ်ခုမှာ ကြည့်ဖူးတာကတော့ အဲဒီလူမှာ Photographic Memory (Eidetic memory) ရှိနေသလိုပဲ။ မြို့တစ်မြို့ကို ရဟတ်ယာဉ်နဲ့ ပတ်ကြည့်ပြီး ခဏနေတော့ ခဲပန်းချီ ပြန်ဆွဲတာ ပျံနေတဲ့ ငှက်ကအစ အကုန် ပြန်ဆွဲနိုင်တယ်။ ဒီလို မှတ်ဉာဏ်မျိုး ၁၀တန်းတုန်းက လိုချင်ခဲ့ပေမယ့် ဒီကားကြည့်ပြီးတော့ မလိုချင်တော့ပါဘူး။ ရုပ်ရှင်ထဲကလို အဓိပ္ပါယ်မရှိ NSA ကလိုက်သတ်မှာ စိုးလို့ မဟုတ်ပါဘူး။ ဒီလို ပါရမီမျိုးရှိတဲ့ သူတွေက တစ်ဖက်မှာလည်း ဆုံးရှုံးမှုတွေ ရှိနေတာ တွေ့လိုက်ရလို့ပါ။ Bruce Willis က ဒီကလေးလေးကို ကာကွယ် စောင့်ရှောက်ရတဲ့ ရဲအရာရှိပါ။ NSA အရာရှိ အဖြစ် သရုပ်ဆောင်တဲ့ Alec Baldwin ထက် ကောင်းပေမယ့် Autistic Savant အဖြစ် ပင်ပင်ပန်းပန်း သရုပ်ဆောင်ထားတဲ့ ကလေးလေးလောက်တော့ မမီဘူးလို့ ထင်တာပဲ။

Bruce Willis ဟာ ကျွန်တော် အကြိုက်ဆုံး သရုပ်ဆောင် မဟုတ်ပေမယ့် ကြည့်လို့ ကောင်းအောင် ပင်ပင်ပန်းပန်း သရုပ်ဆောင်တဲ့ မင်းသားတစ်ယောက်ပါပဲ။ အော်စကာဆု မရဘူးသေးပေမယ့် Hollywood မှာတော့ အထင်ကရ သရုပ်ဆောင် တစ်ယောက်ပါပဲ။ အမျိုးသမီးထုရဲ့ အသည်းစွဲ မဟုတ်ပေမယ့် ယောက်ျားတွေလည်း ကြည့်တဲ့ မင်းသားတစ်လက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် ကလေးတစ်ယောက်နဲ့ တွဲပြီး သရုပ်ဆောင်မယ့် သူရဲ့ ရုပ်ရှင်ကား တစ်ကားကိုတော့ ကြည့်ချင်ပါသေးတယ်။

Saturday, December 22, 2007

နေထွက်ပျင်းတဲ့ စင်္ကာပူ

စင်္ကာပူမှာ နေထွက်တာ နောက်ကျတာ ရောက်စကတည်းက သတိထားမိပါတယ်။ အဲဒီတုန်းက မြောက်ဖက်မှာ နေတော့ တောင်ဘက်အရပ်က CBDနားမှာ ရှိတဲ့ အလုပ်နဲ့ တော်တော် လှမ်းလို့ ရထား ၁ နာရီလောက် စီးရပါတယ်။ ပြီးတော့ အလုပ် လုပ်ခါစဆိုတော့ တက်ကြွတဲ့ ကြက်ဖပေါ့။ မနက် ၈ နာရီခွဲဆို ရုံးကို ရောက်အောင် သွားတယ်။ အဲဒီတော့ မနက်ဆို အနည်းဆုံး ၇ နာရီလောက် ထရတယ်။ တစ်ခါတစ်လေ ၆ နာရီခွဲလောက် ၇ နာရီ မတ်တင်းလောက်ဆို နိုးနေပြီ။ နိုးတာနဲ့ အပြင်ကို ကြည့်လိုက်ရင် မိုး မလင်းသေးဘူး။ နေရောင်ကလည်း မတွေ့သေးဘူး။ အောက်ကို ကြည့်လိုက်ရင် အလုပ်သွားမည့်သူတွေက ကုတ်ကုတ် ကုတ်ကုတ်၊ ကျောင်းသွားမည့် ကလေးတွေက သုတ်သုတ် သုတ်သုတ်နဲ့။ ဒီအချိန်မှာ ရှိတဲ့ အလင်းရောင်နဲ့ အနွေးဓါတ်က ရန်ကုန်မှာဆိုရင် ၅နာရီခွဲ ကျော်ကျော်လောက်မှာ ရှိတာမျိုး။ တစ်ခုလိုနေတာကတော့ `ပဲ...........ပြုတ်´ ဆိုတဲ့ အသံ။

နည်းနည်း စောနေတာ စိတ်ထင်လို့တော့ မဟုတ်။ တစ်ခုခုတော့ မဟုတ်သေးဘူးလို့ သံသယ ရှိမိတယ်။ ဒီလိုနဲ့ အသိ တစ်ယောက်နဲ့ စကားပြောတော့ သူက ဟုတ်တယ်တဲ့။ စင်္ကာပူက မလေးရှား၊ ဟောင်ကောင်နဲ့၊ ထိုင်ဝမ်တို့နဲ့ ညှိထားတာတဲ့။ ဒါမှ စီးပွားရေးလုပ်ရတာ အဆင်ပြေမှာတဲ့။ အင်းလေ စင်္ကာပူဆိုတာလည်း မလေးရှားကနေ ခွဲထွက်လာတာ ဆိုတော့ ဟုတ်မှာပေါ့။ ပြီးတော့ စင်္ကာပူက ဟောင်ကောင်တို့ ထိုင်ဝမ်တို့ဆို ပြိုင်ဖက်လိုလို၊ အတုယူသလိုလို ဆိုတော့ ဟုတ်မှာပါလေလို့ ထင်ထားတယ်။ ကျွန်တော်တို့ ရုံးကလည်း အဲဒီ နိုင်ငံတွေမှာ ရုံးခွဲရှိတော့ စံတော်ချိန်တွေ တူနေတာ အလုပ်လုပ်လို့ တော်တော် အဆင်ပြေတော့ ကျေးဇူးတောင် တင်မိသေး။ မောင်မင်းကြီးသားများ အမြော်အမြင် ကြီးကြ ပါပေတယ်လို့။

စင်္ကာပူရဲ့ အခု စံတော်ချိန်က ဂရင်းနစ် စံတော်ချိန် + ၈း၀၀ နာရီပါ။ အမှန်အကန် စံတော်ချိန်က ဘယ်လောက် ဖြစ်သင့်လဲ ဆိုတာကိုတော့ သူရဲ့ တည်နေရာနဲ့ တွက်ကြည့်မယ်။ ကမ္ဘာကြီးကို ဖရဲသီးစိတ်သလို ၂၄ နာရီအတွက် ၂၄စိတ် စိတ်လိုက်ရင် တစ်စိတ်စီဟာ ၁၅ ဒီကရီ ရှိမယ်။ (၃၆၀/၂၄ = ၁၅)။ ဆိုတော့ကာ ၁၅ ဒီကရီ ခြားသွားတိုင်း ၁နာရီစီ ကွာသွားမယ်။ စင်္ကာပူက အရှေ့လောင်ဂျီကျု ၁၀၃ ဒီကရီ ၄၈ မိနစ်မှာ ရှိတော့ အနီးကပ်ဆုံး ၁၀၅ ပဲ ထားပါတော့။ ၁၀၅ ကို ၁၅ နဲ့ စားလိုက်ရင် ၇ ရတော့ စင်္ကာပူက ဂရင်းနစ်စံတော်ချိန် + ၇ နာရီ ဖြစ်ရမယ့် သဘောပေါ့။ ဒါဆိုရင်တော့ ၁နာရီလောက် သိသိသာသာကြီး စောနေတာပဲ။ ရန်ကုန်က အရှေ့လောက်ဂျီကျု ၉၇ (နီးနီး) ပေါ်မှာ ဆိုတော့ ၉၇/၁၅= ၆.၄၇ ဖြစ်လို့ အနီးကပ်ဆုံး ၆.၅ နာရီ၊ ဒါဆို ဂရင်းနစ် +၆နာရီခွဲ ဆိုတာ တော်တော်ကြီး နီးစပ်ပြီး မှန်ပါတယ်။ တကယ်ဆို စင်္ကာပူနဲ့ ရန်ကုန်က နာရီဝက်ပဲ ကွာရမှာပါ။ အခုတော့ ၁ နာရီခွဲ ကွာနေတယ်။

တချို့နိုင်ငံတွေမှာ နွေရာသီဆို Daylight Saving ဆိုပြီး နာရီတွေကို တစ်ရာသီစာ ခဏ စောလိုက်တယ်။ ၁ နာရီလောက်ပေါ့။ နေစောစောထွက်တော့ နေအလင်းရောင်ကို ပိုသုံးလို့ ရအောင် စံတော်ချိန်တွေကို စောလိုက်တယ်။ အခု ဒီဇင်ဘာလကလည်း ဆစ်ဒနီမှာ နွေရာသီထဲမှာ ဆိုတော့ Daylight Saving ရှိတယ်။ ဒီလို ပြောင်းထားလည်း မနက် ၆ နာရီတောင် မထိုးသေးဘူး နေရောင်က ရနေပြီ။ ည ၈ နာရီကျော်မှ မှောင်တယ်။ စွမ်းအင်ရင်းမြစ် မရှိတဲ့ စင်္ကာပူက နေအလင်းရောင်ကို ပို အသုံးချ ရအောင်ရယ်၊ တစ်နှစ်ပတ်လုံး နွေရာသီဖြစ်နေတဲ့ အတွက် အမြဲတမ်းပဲ ၁ နာရီ စောထားတာများလား တွေးမိတယ်။

တလောကမှ Web Page တစ်ခုမှာ တွေ့မိတော့မှ ဘာကြောင့် စင်္ကာပူမှာ နေထွက် နောက်ကျတာ (အချိန် နည်းနည်း စောနေတာ) တွေ့တော့တယ်။ ပုံမှာ တွေ့တဲ့ အတိုင်း စင်္ကာပူနဲ့ မလေးရှားက တကယ်ဆို +၇နာရီ အချိန်မျဉ်းပေါ်မှာ ရှိနေလျက်နဲ့ +၈နာရီ ဆိုပြီး ကျူးကျူးကျော်ကျော် ဖြစ်နေတယ်။ Time Zone အမှားကြီး ဖြစ်နေတယ်။ ဘာဖြစ်လို့ ဒီလို ဖြစ်နေလည်း ဆိုတော့ စင်္ကာပူက အနောက်မလေးရှား (West Malaysia) ရဲ့အချိန် အတိုင်းလိုက်ပြီး အနောက်မလေးရှားကလည်း အရှေ့မလေးရှားရဲ့ အချိန်ကို လိုက်ယူ သုံးလို့ပါတဲ့။

အစတုန်းက ကျွန်တော်က မလေးရှားလို့ ပြောလိုက်ရင် မလေးကျွန်းဆွယ်မှာ ရှိနေတဲ့ အနောက် မလေးရှားကိုပဲ သိတယ်။ ဟိုးအရှေ့ဘက် ဘော်နီယို ကျွန်းပေါ်က အရှေ့ မလေးရှားဆိုတာ ရှိတယ် ဆိုတာကို လုံးဝ မသိဘူး။ အဲဒီ ဘော်နီယို တစ်ကျွန်းလုံးကို အင်ဒိုနီးရှား အပိုင်လို့ပဲ ထင်နေတာ။ နောက်မှ အဲဒီ ကျွန်းပေါ်မှာ သူဌေးနိုင်ငံ ဘရူနိုင်းဆိုတာ ရှိမှန်း သိပြီး၊ နောက်တော်တော် ကြာမှ အဲဒီကျွန်းကို အင်ဒိုနီးရှားနဲ့ မလေးရှားက တစ်ယောက် တစ်ဝက် နီးပါး ပိုင်မှန်း သိလာတာ။ အဲဒီ အပိုင်းကိုတော့ အရှေ့ မလေးရှားတဲ့။ စင်္ကာပူရောက်မှ Travel and Tour တွေမှာ တွေ့မှ အဲဒီမှာ (တရုတ်ပြည်က ကူမင်းနဲ့ မှားမှားနေတဲ့) Kuching တို့ Mt. Kinabalu ဆိုတဲ့ တောင်တွေ ရှိမှန်းသိလာတယ်။ နောက်ပိုင်း ဂျစ်တူးက သူ့ဘလောက်မှာ သူခရီးသွားတဲ့ အကြောင်း ရေးထားမှ အဲဒီတောင်အကြောင်း နည်းနည်းသိလာပြီး သွားလည်ချင်စိတ်တွေ ပေါ်လာလို့ အရှေ့ မလေးရှား ဆိုတာ ပိုရင်းနီးလာတာ။

စင်္ကာပူရဲ့ စံတော်ချိန်တွေက ကာလ၊ အုပ်ချုပ်သူ အလိုက် အမျိုးမျိုး ပြောင်းလဲနေတယ်။ အောက်မှာ တွေ့တဲ့အတိုင်း ပါပဲ။

Until 1905 May 31.....................(+ 6hr 55m 25s)
1905 Jun 01 - 1932 Dec 31.............(+ 7hr 00m 00s)
1933 Jan 01 - 1941 Aug 31.............(+ 7hr 20m 00s)
1941 Sep 01 - 1942 Feb 15.............(+ 7hr 30m 00s)
1942 Feb 16 - 1945 Sep 12.............(+ 9hr 00m 00s)
1945 Sep 13 - 1981 Dec 31.............(+ 7hr 30m 00s)
1982 Jan 01 - Present.............(+ 8hr 00m 00s)

ဟိုး စစချင်းတုန်းကတော့ အတိအကျတွက်ပြီး အဲဒီ စံတော်ချိန် (+၆း၅၅း၂၅) ကို Singapore Mean Time အဖြစ် သတ်မှတ်ပြီး မလေးရှားက ပီနန်းတို့၊ မလက်ကားတို့ကပါ လိုက်သုံးကြတယ်။ ဆက်စပ်နေတဲ့ ရထားလမ်းတွေ၊ စာပို့စနစ်တွေ၊ ကြေးနန်းစနစ်တွေမှာ အချိန်တူတူ သုံးတော့ ပိုပြီး အဆင်ပြေတာပေါ့။

၁၉၀၅ ကျတော့ (အပေါ်မှာ တုန်းက တွက်သလို့) အရှေ့လောင်ဂျီကျု ၁၀၅ ဒီကရီ မျဉ်းနဲ့ ယူပြီး စံသတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားဖြစ်အောင် +ရး၀၀ ပြောင်းလိုက်တယ်။

၁၉၂၀ ကျတော့ အင်္ဂလန်မှာလိုပဲ Daylight Saving လုပ်မယ်ဆိုပြီး မိနစ် ၃၀ စောဖို့ အဆိုတင်သွင်းကြတယ်။ အဲဒီမှာ ၃၀ဆို သိပ်များလွန်းတယ် ၂၀ မိနစ်ထား ဆိုပြီး ဈေးဆစ်တော့ ၁၉၃၂ မှာ +၇း၂၀ ဆိုပြီး ဖြစ်သွားတယ်။

၁၉၄၁ ကျတော့ နောက်ထပ် ၁၀ မိနစ်ထပ်စောပြီး +၇း၃၀ လုပ်ကြပြန်တယ်။

၁၉၄၂ မှာ ဂျပန်တွေ စင်္ကာပူကို သိမ်းလိုက်တော့ သူတို့ ဂျပန် စံတော်ချိန် ဖြစ်တဲ့ +၉း၀၀ ကို ပြောင်းချလိုက်လို့ နောက်ထပ် ၁ နာရီခွဲ ထပ်စောရပြန်တယ်။

၁၉၄၅ မှာ ဂျပန်တွေ လက်နက်ချမှ မကျူးကျော်မီက စံတော်ချိန်ဖြစ်တဲ့ +၇း၃၀ ကို ပြန်ပြောင်းကြတယ်။

ဒီလိုနဲ့ နေလာလိုက်တာ ၁၉၈၁ မှာ မလေးရှားက အရှေ့ဖက် မလေးရှားမှာ သုံးနေတဲ့ +၈း၀၀ ကို ပြောင်းချလိုက်တော့ စင်္ကာပူက သူလိုက်မပြောင်းရင် မဖြစ်ပြန်တော့ သူ့စံတော်ချိန်ကို နာရီဝက် ထပ်စောရ ပြန်ရော။

ဒီလိုနဲ့ပဲ စင်္ကာပူနဲ့ ရန်ကုန် ဖုန်းဆက်ရင် ၁နာရီခွဲ နှုတ်နှုတ်နေရတော့တယ်။

အာဆီယံနိုင်ငံတွေမှာက မြို့တော်တွေက အချိန်ဇုန် +၇ မှာ တော်တော် များများရှိပြီး +၈မှာ နှစ်မြို့နဲ့ +၆မှာ တစ်ခုရှိတယ်။ အဲဒါကို မြို့တော်တွေကို အချိန်တူတူထားပြီး လုပ်ကြမလို့ သောက်ရူးထ ကြသေးတယ်။ တော်သေးတယ် မပြောင်းလိုက်လို့။ ကျွန်တော်တို့ရဲ့ နေပြည်တော်မှာလည်း မင်းတြားကြီးက စံတော်ချိန်ကို +၆း၃၀ ကနေ မပြောင်းဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။



ဒီ Web Page တစ်ခုလုံးကို ကိုးကားပါတယ်။

Sunday, December 16, 2007

ချက်ကြိုး

မနေ့က ဒီကာတွန်းလေး သွားတွေ့ပြီး သမီးလေး မွေးတုန်းက ချက်ကြိုးကို ဖြတ်ပေးရတာ သတိ ရသွားတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ ဆရာဝန်က ကတ်ကြေးပေးလို့သာ တုန်တုန် တုန်တုန်နဲ့ ညှပ်လိုက်တယ် တကယ်တော့ ဘာလုပ်ရမှန်းကို မသိပါဘူး။ Rod Stewart သူ့သမီးလေး မွေးတုန်းက အကြောင်းပြန်ပြောတော့ `ချက်ကြိုးကို ကျွန်တော်ကိုယ်တိုင် ဖြတ်ပေးခဲ့တာဗျ´လို့ ၀င့်ဝင့် ကြွားကြွား ပြောတာကို မဟေသီမှာ ဖတ်လိုက်ရသေးတယ်။ ချက်ကြိုးက သန္ဓေသားအတွက် အရေးကြီးပါတယ်။ ကလေးအတွက် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အဟာရကို ချက်ကြိုးကနေပဲ သယ်ပေးရတာပါ။ ချက်ကြိုးမှာ သွေးလွှတ်ကြော (Artery)နှစ်ခုနဲ့ သွေးပြန်ကြော (Vein) တစ်ခုပါပါတယ်။ ပုံမှန်ဆို သွေးလွှတ်ကြောတွေက အောက်ဆီဂျင်ပါတဲ့ သွေးကို သယ်ပေးပေမယ့် ချက်ကြိုးက သွေးလွှတ်ကြောကတော့ ကလေးဆီက ပြန်လာတဲ့ အောက်ဆီဂျင်မဲ့ သွေးတွေကို သယ်လာပေးတာပါ။ နှလုံးကနေ အဆုတ်ကို သွေးညစ်တွေ (အောက်ဆီဂျင် မရှိတော့တဲသွေးတွေ) သယ်သွားတဲ့ သွေးလွှတ်ကြောလို့ပါပဲ။ အဆုတ်ထဲမှာမှ အောက်ဆီဂျင်တွေ ရပြီး အဆုတ်သွေးပြန်ကြောကနေ သွေးသန့်တွေ ပြန်သယ်လာသလို ချက်ကြိုးက သွေးပြန်ကြောကလည်း ကလေးအတွက် အောက်ဆီဂျင် ပါတဲ့ သွေးတွေကို သယ်သွားပေးတာပါ။ အချင်းနဲ့ လွယ်မွေးတဲ့ နို့တိုက် သတ္တ၀ါတွေမှာတော့ ချက်ကြိုးက အဓိကပါပဲ။ ချက်ကြိုး တိုလို့ ခွဲမွေးလိုက်ရတာတို့၊ ချက်ကြိုးက ကလေးရဲ့ လည်ပင်းမှာ ပတ်နေတာတို့ကို ကြားဖူးနေပေမယ့် ကံကောင်းလို့ သမီးလေးမှာတော့ အဆင်ပြေပါတယ်။

ဒီလောက် အရေးကြီးတဲ့ ချက်ကြိုးကို အခုခေတ်မှာ ကြိုးမဲ့တွေ ခေတ်စားလွန်းလို့ ထိထိမိမိ သရော်ထားတဲ့ ကာတွန်း ဆရာကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ တော်တော်များများက အိမ်မှာ Cordless Phone တွေ သုံးနေပေမယ့် ကျွန်တော်တို့ အိမ်မှာတော့ အသုံးနည်းလို့ ၁၀ လောက်ပေးရတဲ့ ပေါပေါပဲပဲ ဖုန်းကို တပ်ထားပါတယ်။ အဲ.. ကွန်ပြူတာက Mouse ကိုတော့ ကျွန်တော်က ဘယ်သန်တော့ ဘယ်ဘက်မှာ ထားသုံးလိုက် မိန်းမက သုံးတော့ ညာဖက် ပြန်ရွှေ့လိုက်နဲ့ ကြိုးတွေက လိမ်ကုန်တာနဲ့ Mouse ကိုတော့ Cordless သုံးရပြန်တယ်။ အခုနောက်ပိုင်း အင်တာနက် ချိတ်တဲ့သူတွေ (အထူးသဖြင့် စင်္ကာပူမှာ တွေ့ဖူးတာ)တစ်အိမ်ထဲမှာ လူအများနဲ့ ရှယ်သုံးကြတော့ Wireless Router တွေသုံးကြတယ်။ စင်္ကာပူမှာကတော့ လေဆိပ်မှာမှ မဟုတ်ပါဘူး ကုန်တိုက်တွေကနေ ကော်ဖီဆိုင်၊ ဘာဂါဆိုင်အထိ Wireless Internet (Wi-Fi) တွေ ရနေတော့ အိမ်မှာ သုံးကြတာ အဆန်းတော့ မဟုတ်ပါဘူး။ အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ဖုန်စုပ်စက်တို့၊ မွှေစက် (Blender) တို့လည်း Cordless ဖြစ်လာတယ်။ ဘယ်ဟာပဲ ဖြစ်ဖြစ် Cordless ပစ္စည်းတွေကတော့ လိုအပ်တဲ့ ဓါတ်အားအတွက် ဘက်ထရီ ကောင်းကောင်း တပ်ထားမှ အလုပ် လုပ်ပါမယ်။

လူတွေ (သန္ဓေသားလေးတွေ) ရော Cordless ဖြစ်ရင် ဘယ်လို ဖြစ်မလဲ။ ကြက်ကလေး ငှက်ကလေးတွေလိုပဲ ကြက်ဥထဲမှာ အကာအနှစ်တွေ စားပြီး ကြီးပြင်း ပေါက်ဖွားရမလား။ တကယ်တော့ လူသန္ဓေသားလေးတွေလည်း စစချင်းမှာ အဲဒီလို အနှစ်အကာတွေကို စားပြီးမှ ချက်ကြိုးက ဖြစ်လာတာပါ။ (သြစတြေးလျရဲ့ အမှတ်အသား တစ်ခု ဖြစ်တဲ့) သားပိုက်ကောင်တို့၊ ကိုအာလာ (Koala) တို့မှာလည်း သန္ဓေသားလေးတွေဟာ ဒီလိုပဲ အကာအနှစ်လေးတွေ စားပြီး စ လာပေမယ့် ချက်ကြိုးက မရှိတော့ ကိုယ်ဝန်လွယ်ချိန် တိုတိုလေးနဲ့ မွေးလိုက်ရပါတယ်။ ကံကောင်းချင်တော့ ဒီလို အကောင်တွေ (Marsupial) ရဲ့ မိခင်တွေဟာ ၀မ်းဗိုက်မှာ အိတ်လေး (Marsupium) ရှိပါတယ်။ ကလေးစို့ဖို့ နို့သီးခေါင်းဟာလည်း အဲဒီ အိတ်ထဲမှာပဲ ရှိပါတယ်။ မဖွင့်ဖြိုးသေးတဲ့ သူဘာသာ ဘယ်လိုမှ အသက်ရှင် မရပ်တည်နိုင်တဲ့ ကလေးပေါက်စလေးဟာ မွေးပြီးတာနဲ့ အဲဒီ အိတ်လေးထဲမှာ နေပြီး နို့သီးခေါင်းလေးကို မြဲနေအောင် စုပ်ထားပါတယ်။ နို့သီးခေါင်းဟာလည်း ကလေးပါးစပ်ထဲမှာ ကားပြီး ကြီးလာတော့ မကျွတ်နိုင်တော့ပါဘူး။ ဒီလို နည်းနဲ့ ကလေးငယ်လေးဟာ ဖွံဖြိုးကြီးထွားပါတယ်။ ကလေးငယ်လေးဟာ သူ့ဘာသူ လှုပ်ရှားသွားလာ စားတတ်နေထိတိုင်အောင် အိတ်ထဲမှာ နေနေပါတယ်။

လူတွေက ချက်ကြိုး ရှိတော့ အဲဒီ ချက်ကြိုး အကြောင်းရှာပြီး စီးပွားရေး လုပ်တာကလည်း ရှိသေးတယ်။ Cord Blood Bank ဆိုပြီးတော့ ကလေးမွေးလာတဲ့ အချိန်မှာ ထွက်လာတဲ့ အဲဒီ ချက်ကြိုးထဲက သွေးတွေကို သိမ်းထားပေးတာတဲ့။ လစဉ်ကြေး မှန်မှန်ပေးပေါ့၊ သူတွေ ထိန်းသိမ်းထားပေးမယ်။ ဒီသွေးတွေကို ဘာပြန်လုပ်ရမလဲ ဆိုတော့ ဒီသွေးတွေဟာ Stem Cell လို့ ခေါ်တာတွေပါလို့တဲ့။ Stem Cell ဆိုတာ ပိုကာဒေါင်းရင် ဂျိုကာ ပါသလိုပဲ တခြားတစ်လျှူးတွေ ပြန်ဖြစ်နိုင်လို့ပါတဲ့။ ဥပမာ ကလေးက သွေးကင်ဆာလိုမျိုး ဖြစ်လို့ရှိရင် သွေးထုတ်ပေးတဲ့ ရိုးတွင်ခြင်ဆီတွေ လိုအပ်ရင် ပြန်လုပ်နိုင်တယ် ဘာညာပေါ့။ ကျွန်တော်တို့ရဲ့ ၀န်ကြီးချုပ်ကြီးသာ မွေးစတုန်းက ဒီလို Cord Blood Bank မှာ သွေးစုထားခဲ့ရင် သူ့ညီနောက်ကို လိုက်သွားရမှာ မဟုတ်ဘူး။

Saturday, December 08, 2007

ကျူးလစ်ပွဲတော်

ကံကောင်းချင်တော့ Sydney ရောက်ပြီး သိပ်မကြာခင်မှာပဲ ပန်းအလှ ပွဲတော် တစ်ခုကို သွားခွင့် ကြုံလာပါတယ်။ Sydney မြို့ကနေ မိုင် ၇၀ ကျော်ကျော်လောက် (မြန်မာပြည်မှာ ဆိုရင်တော့ ရန်ကုန်ကနေ ဥက္ကံလောက် ရှိမလား) ဝေးတဲ့ Bowral ဆိုတဲ့ မြို့ငယ်ကလေးမှာ လုပ်တာပါ။ ကားနဲ့သွားတာ ၂နာရီခွဲ ၃နာရီ နီးပါးလောက် မောင်းသွားရပါတယ်။ Sydney ကနေ ရထား ရှိပေမယ့် ရထားနဲ့ သွားရမယ် ဆိုရင်တော့ သိပ်တန်မယ် မထင်ပါဘူး။ New South Wales ပြည်နယ်ရဲ့ Southern Highland မှာရှိတဲ့ မြို့ကလေးဟာ ပင်လယ် ရေမျက်နှာပြင်ကနေ ပေ ၂၀၀၀ လောက်မှာ ရှိတော့ ရာသီဥတုက သာသာယာယာ ရှိပါတယ်။ ပြင်ဦးလွင်ကတော့ ပေ ၃၅၀၀ အထက်မှာ ရှိပါတယ်။ ကွန်ကရစ်တော စင်္ကာပူကလာတဲ့ ကျွန်တော့် အတွက်တော့ ကွင်းပြင်ကျယ်ကြီးတွေ၊ တောင်ကုန်း ပြေပြေတွေ၊ မြက်ခင်း ကျယ်တွေကတော့ အသစ်အဆန်း ပြန်ဖြစ်စေပါတယ်၊ ကြည်နူးရပါတယ်။



တစ်နှစ်လုံးမှာမှ ကျူးလစ်တွေ ငုံဖူးပွင့်တဲ့ အချိန်ဖြစ်တဲ့ ဆောင်းအကုန် ရာသီအကူး နွေဦးကာလ စက်တင်ဘာလ တတိယပတ်လောက်မှာမှ စပြီး ၂ ပတ်လောက်ပဲ ကျင်းပတဲ့ ပွဲဆိုတော့ သွားခွင့်ကြုံလိုက်တာ ကံကောင်းပါတယ်။ ဒီလို ပန်းပြပွဲ ကျင်းပလာလိုက်တာ ရွှေရတုတောင် တိုင်ပါတော့မယ်။အဲဒီမြို့မှာ ရှိတဲ့ ပန်းခြံရှင်တွေက သူတို့ ကိုယ်ပိုင် ပန်းခြံတွေမှာ ပန်းတွေကို အသေအချာ စိုက်ပြီး ၀င်ကြေး ကောက်ပြီး ပြစားကြတာပါ။ စင်္ကာပူတို့ ကူမင်းတို့မှာ လုပ်တဲ့ ပန်းပြပွဲတွေလို တစ်နေရာမှာ ပန်းတွေ ယူလာပြီး ခင်းကျင်းပြသလို မဟုတ်ပါဘူး။ ဒီလိုပွဲတွေလို သေသေသပ်သပ် မရှိလှပေမယ့် ကျူးလစ် မျိုးစုံကို အများကြီး တစ်နေရာထဲမှာ သဘာဝ အတိုင်း ကြည့်ရတာကတော့ မလဲနိုင်ပါဘူး။ သူတို့က ၀င်ကြေးကောက်တယ်ဆိုပေမယ့် ရတဲ့အကောက်ထဲကမှ ဘယ် ပရဟိတ အဖွဲ့အစည်းတွေကို လှူမယ် ဘာဟယ်ဆိုတော့ လာကြည့်တဲ့ သူတွေမှာ ပေးရတာ တန်သလိုလို ဖြစ်ရပြန်တယ်။ ဒီနှစ်တော့ ရင်သားကင်ဆာအတွက် Foundation တစ်ခုကို လှူတယ်ဆိုပဲ။ တစ်နှစ်တစ်နှစ်လည်း လာတယ်သူက ၅သောင်း ကျော် ၆သောင်းလောက် ရှိတယ်ဆိုတော့ မနည်းပါဘူး။ တိုးရစ်တွေရော၊ အနီးအနားက နယ်ခံတွေရော လာကြတာပါ။ ဒီကလူတွေကတော့ ပျိုးပင်တွေ၊ ပန်းတွေဝယ်ဖို့၊ ကိုယ့် ပန်းခြံကို ဘယ်လို ပြုပြင်ရင် ကောင်းမလဲ ကြည့်ဖို့ လာကြတာပေါ့။

ကျွန်တော်တို့ Bowral ကို ရောက်သွားတော့ နည်းနည်းစောသေးပေမယ့် ကားတွေ တော်တော် ရောက်နေပါပြီ။ ကိုယ်ပိုင်ကားတွေရော Coach Bus တွေရော ရောက်နေပါတယ်။ အဖြူတွေက တစ်စု၊ ကိုရီးယားလား ဂျပန်လား မသိတာက တစ်စု၊ ကုလားတစ်အုပ် ဘက်စ်ကားတွေနဲ့ ရောက်လာပါတယ်။ Sydney မြို့ထဲမှာ ပူလို့ ထူထူထဲထဲ မ၀တ်လာတော့ ကုန်းမြင့် မြို့ကလေးဖြစ်ပြီး လေကလည်း တိုက်တော့ နည်းနည်း အေးပါတယ်။ ကျွန်တော်တို့ ၀င်ကြည့်တဲ့ ပန်းခြံကတော့ Corbett Garden ဆိုတာလေးပါပဲ။ ကိုယ်ပိုင် ပန်းခြံဆိုပေမယ့် တော်တော်လေး ကျယ်ပါတယ်။ စမ်းချောင်းလေးတွေ ဘာတွေတောင် လုပ်ထားပါသေးတယ်။ သူတို့ အဆိုအရတော့ ကျူးလစ် တစ်သိန်းနဲ့ တခြား ရာသီပန်း ၂သောင်းခွဲလောက် ခင်းကျင်းပြထားတယ်ဆိုပဲ။ ရေတွက်မကြည့်လိုက်ပေမယ့် ကျူးလစ်ရောင်စုံ မျိုးစုံ၊ မျိုးစုံဆိုတာ တော်တော်ကို များပါတယ်။ သူ့အရောင်နဲ့သူ၊ သူ့အမျိုးနဲ့သူ စီစီရီရီ စိုက်ထားတာ ဓါတ်ပုံ ရိုက်ရတာ လက်မလည်အောင်ပါပဲ။ ပန်းပုံစံတွေကလည်း တူမလိုလိုနဲ့ အသေအချာကြည့်ရင် မတူပြန်ဘူး။ ရိုးတန်နဲ့ အရွက်တွေက ဆင်ပေမယ့် ပွင့်ဖတ်တွေထပ်ပုံ မတူတာတော့ သတိထားမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပန်း အရောင်စိုစို တောက်တောက်တွေက အပင်ထက်မှာ သူထက်ငါ အပြိုင် မိုးကိုထိုးပြီး နေရောင်ကို အပြိုင်လုနေလိုက်ကြတာ အခင်းလိုက် အခင်းလိုက်ဆိုတော့ အင်မတန် ကြည့်လို့ကောင်းပါတယ်။ ကျူးလစ်ဆိုတာ အရင်တုန်းက နည်းနည်းပဲ ၄-၅ခိုင်လောက်သာ တွေ့ထားဖူးတော့ အခုလို အုပ်လိုက် အုပ်လိုက်တွေ့ရတာ ပိုပြီး ကြည့်လို့ကောင်းပါတယ်။

ပန်းခြံထဲမှာ သူ့အချိန်နဲ့သူ ပန်းအကြောင်း ဟောပြော ဆွေးနွေးပွဲလေးတွေ ရှိပေမယ့် ကျွန်တော်တို့ကတော့ ၀င်မထိုင်တော့ပါဘူး။ မြို့ထဲမှာတော့ Parade တွေဘာတွေလုပ်၊ ရှေးဟောင်း ကားတွေ ဘာတွေနဲ့ စီတန်း လှည့်လည်ပြီး စည်ကားပေမယ့် မသွားဖြစ်လိုက်ပါဘူး။ လမ်းမှာ စပျစ်စိုက်ခင်းတွေရှိပြီး ဆင်းကြည့်ချင်ရ ရပါတယ်။ စပျစ်စိုက်ခင်းတွေ အတန်းလိုက် အတန်းလိုက် တွေ့တော့ ကျောက်ပန်းတောင်းမြို့နားမှာ ကြက်မောက်တောင်က ရေနဲ့ စိုက်ထားတာတွေ သွားသတိရပါသေးတယ်။ အပြန်မှာ လမ်းကြုံတာနဲ့ Royal Botanic Garden ကို ၀င်လိုက်သေးပေမယ့် ပန်းခင်းထဲက လတ်လတ်ဆတ်ဆတ်ပြန်လာတဲ့ ကျွန်တော်တို့ကိုတော့ Picnic ထွက်ရုံလောက်သာ ကောင်းတဲ့ ဒီ(ကြိုးဝိုင်း)တော ပန်းခြံက မဆွဲဆောင်နိုင်ပါဘူး။ မျက်စိထဲမှာတော့ ခုနလေးက ကြည့်လာရတဲ့ ကျူးလစ်ခင်းတွေ မထွက်သေးပါဘူး။

Thursday, November 29, 2007

Hokkien Mee

Beef Noodle အကြောင်း ရေးတုန်းက စာဖတ်သူ တစ်ယောက်က ဒီလို ပြောသွားပါတယ်။ (အဆင်ပြေ သလို ပြန်ရေးထားတာပါ။)

ဖြစ်နိုင်ရင်တော့ အမဲသား မစားပါနဲ့ဗျာ။ တခြား စားလို့ ရတဲ့ အသား ငါးတွေ ရှိနေသေးတာပဲ။ (ခင်ဗျား ပြောသလို နိုင်ငံရပ်ခြားမှာ) နွားတွေကို စပါးစိုက်ဖို့ မသုံးပေမယ့်၊ ကျွန်တော်တို့ သောက်ဖို့ နွားနို့တွေ၊ ဒိန်ချဉ်တွေ၊ ကျွန်တော်တို့ ကလေးတွေ အတွက် နို့မှုန့်တွေကို သူတို့ဆီကပဲ ရတာ မဟုတ်လား။ နောက်ပြီး ကျွန်တော် ကြားဖူးတာ တစ်ခုက အကောင်ပိုကြီးလေ၊ သူ့ကို သတ်တဲ့သူမှာ အား ပိုထည့်ရတဲ့ အတွက် ပိုပြီး အပြစ်ကြီးပါတယ်လေ။
အဲဒါနဲ့ ဒီတစ်ခေါက်တော့ Seafood တွေမျိုးစုံနဲ့ Hokkien Mee လုပ်စားပါတယ်။ Hokkien Mee ဆိုတော့ တရုတ် Hokkien တွေ စားတဲ့ ခေါက်ဆွဲပေါ့။ Hokkien ဆိုတာ ဟိုး တရုတ်ပြည် အရှေ့ပိုင်းက ဖူးကျန့် (Fujian) တရုတ်တွေပါပဲ။ မြန်မာပြည်မှာလည်း ဖူးကျန့် တရုတ်တွေ ရှိပါတယ်။ Hokkien Mee လို့ ဆိုပြန်ရင်လည်း မျိုးကွဲတွေက ရှိနေပြန်သေးတယ်။ အကြော်ရှိတယ်၊ အပြုတ်ရှိတယ်၊ ပဲငံပြာရည်နဲ့ မည်းမည်းကြော်တာရှိမယ်။ သူ့အရပ် သူ့ဒေသအလိုက် ကွဲပြားသွားတာပဲ။ ကျွန်တော်တို့ လုပ်စားတာက စင်္ကာပူစတိုင် အကြော်ပါ။ ပုစွန်နဲ့ ကြော်လို့ Fried Prawn Mee/Noodle လို့လည်း ခေါ်ပါတယ်။ စင်္ကာပူရောက်မှ စားဖူးပြီး ကြိုက်သွားတဲ့ အစားအစာ တစ်ခုပါပဲ။ Food Republic က သားစဉ်မြေးဆက်ကြော်တဲ့ ဆိုင်ကဟာကို အကြိုက်ဆုံးပေမယ့် တခြား နေရာတွေမှာ စားလည်း စားလို့ ကောင်းပါတယ်။ အပြုတ်ကတော့ တော်ရုံတန်ရုံ နေရာမှာ စားလို့ကတော့ အရည်ကျဲကျဲမှာ ခေါက်ဆွဲကတခြား၊ ပုစွန်ကတစ်ခြားနဲ့ အင်မတန်ချာတဲ့ ဟင်းရည်ပဲ ရပါမယ်။ Prawn Mee Soup ဆို ကောင်းလည်း ကောင်းပြီး၊ စင်္ကာပူမှာ ကျွန်တော်ကြိုက်တာ (စားဖူးတဲ့ ထဲမှာ) တစ်နေရာပဲ ရှိပါတယ်။ Amoy Street Prawn Mee Soup ပါ။ ၀က်ရိုးတွေနဲ့ ညကတည်းက ကျနေအောင် ပြုတ်ထားတဲ့ Soup Base မှာ ပုစွန်တွေပါ ပြုတ်ထားပြီး အချိုမှုန့် မပါဘဲနဲ့ အင်မတန် သောက်လို့ ကောင်းတဲ့ တန်းစီပြီးဝယ် သောက်ရတဲ့ Soup ပါ။ အဲဒီလောက် ကောင်းအောင်တော့ အိမ်မှာ မလုပ်တတ်လို့ အကြော်ပဲ လုပ်စားပါတယ်။

အကြော်ကတော့ လွယ်ပေမယ့် တခြား ခေါက်ဆွဲကြော် နည်းတွေနဲ့ နည်းနည်း ကွာပါတယ်။ ဂျုံခေါက်ဆွဲအပြင် ဆန်ခေါက်ဆွဲ (ကြာဆံကြီး/မုန့်တီ နန်းလတ်) လည်း ပါပါတယ်။ စင်္ကာပူမှာတော့ Noodle နဲ့ Bee Hon ရောထားတာ ပြောတယ်ပေါ့။ Seafood အတွက်တော့ ပုစွန်ရယ်၊ ကင်းမွန်ရယ် ထည့်ပါတယ်။ ဆိုင်မှာ သွားစားရင်တော့ ဒယ်အိုး ချခါနီးကျမှ ပုစွန်တို့ ကင်းမွန်တို့ကို အစိမ်းထည့်လိုက်တော့ ပိုချိုပေမယ့် ကျွန်တော်တို့ကတော့ ပုစွန်ကို Cooked ၀ယ်လိုက်ပြီး၊ ကင်းမွန်ကိုလည်း နည်းနည်း ကြော်ထားပါတယ်။ ငါးဖယ်ပါ ထည့်ရပေမယ့် ကျွန်တော်တို့တော့ မထည့်လိုက်ပါဘူး။ ကြက်သွန်ဖြူတွေကို အခွံခွာပြီးတော့ နည်းနည်း ညက်အောင် ခြေထား၊ ထောင်းထားပါတယ်။ အရွက်ကတော့ ပဲပင်ပေါက်ရယ်၊ တရုတ်နံနံရယ် ထည့်ပါတယ်။ အရင်တုန်းက ဆိုင်တွေမှာ ၀က်ဆီသုံးပြီး ကြော်လို့ ပိုကောင်းပေမယ့် အခုနောက်ပိုင်း လူတွေက Health Conscious ဖြစ်လာတဲ့ အတွက် "No Pork, No Lard" ဆိုပြီး မသုံးတော့ပါဘူး။ ကျွန်တော်တို့ကတော့ အရင်နေ့တွေက ကျန်တဲ့ ၀က်သား သုံးထပ်သားချက်ထဲက ၀က်သား အဆီရော ၃ ၄ တုံးကို သေးသေးလေးတွေ လှီးထားပါတယ်။

စားခါနီးကျမှ ကြော်ပါတယ်။ တရုတ်ဒယ်အိုး (Wok) ထဲမှာ ဆီပိုပိုသာသာ ထည့်ထားပြီး ဆီကျက်တာနဲ့ ကြက်သွန်ဖြူတွေကို ထည့်ကြော်ပါတယ်။ ဆီချက် ချက်သလို နီလာတဲ့ အထိမစောင့်ဘဲ အစိမ်းနံ့ မရှိတော့တာနဲ့ ၀က်ဆီတုံးလေးတွေ နည်းနည်း ပါတယ်ဆိုရုံ ထည့်လိုက်ပါတယ်။ ပြီးတော့ ကြက်ဥကို ဖောက်ထည့်ပြီး ဆီပူထဲမှာ အဆက်မပြတ် မွှေလိုက်ပါတယ်။ ကြက်ဥကို ဒီလို ထည့်ကြော်လိုက်တာနဲ့ ဆီတွေ စုပ်သွားပေမယ့် ဆီထပ်ထည့်စရာ မလိုပါဘူး။ (ဖြစ်ချင်တော့ ဧည့်သည်ကို ကျွေးတဲ့ အလှည့်မှ ကြက်ဥကို ဒီလို မကြော်လိုက်မိလို့ နောက်မှ ထည့်ကြော်တာ ကြက်ဥ ညှီနံ့ နည်းနည်း ထွက်သွားပါတယ်) ကြက်ဥတွေ ကျက်သွားမှ ပဲပင်ပေါက် ထည့်ပြီး ချက်ချင်းပဲ ငါးငံပြာရည် နည်းနည်း ထည့်လိုက်ပါတယ်။ ဟုတ်ပါတယ် ငါးငံပြာရည်ပါ။ ပဲငံပြာရည် မဟုတ်ပါဘူး။ ငါးငံပြာရည် သုံးတဲ့ ရှားပါ တရုတ်အစာပါပဲ။ ပဲပင်ပေါက်တွေ နွမ်းသွားတဲ့ အထိ မစောင့်ဘဲ ခေါက်ဆွဲ နှစ်မျိုးစလုံးထည့်ပြီး ရေနည်းနည်းပါ ထည့်ပြီး အဖုံး အုပ်ထားပါတယ်။ ဆားနည်းနည်း များများ ခပ်ရပါတယ်။ ဒီအတိုင်းဆို ပေါ့တတ်ပါတယ်။ မွှေလိုက်၊ လိုအပ်ရင် ရေနွေးနည်းနည့် ထပ်ထည့်လိုက်နဲ့ ခေါက်ဆွဲတွေ အိသွားတဲ့ အထိ အရည် စပ်စပ်နဲ့ ကြော်ပါတယ်။ ကျက်ခါနီးမှ တရုတ်နံနံခတ်၊ ပုစွန်တွေ၊ ကင်းမွန်တွေ ထည့်ရောမွှေပြီး နည်းနည်း ထပ်ကြော်ပြီး ပန်းကန်ထဲ ခပ်ထည့် ပူပူနွေးနွေး စားကြပါတယ်။ Food Republic မှာ စားရတာတော့ သူတို့က ပန်းကန်ထဲမှာ ပြောင်းဖူးဖတ် ခင်းပြီး ထည့်ပေးလို့ ဖတ်နံ့လေးနဲ့ စားရပါတယ်။၊ ငယ်ငယ်တုန်းက (ကြွတ်ကြွတ်အိပ်တွေ မပေါ်ခင်တုန်းက) တရုတ်ဆိုင်က ခေါက်ဆွဲကို ပါဆယ်ဝယ်လာရင် ဖတ်နဲ့ သတင်းစာနဲ့ ထုတ်ပေးလိုက်လို့ သူ့အပူနဲ့ လှောင်ပြီး ပိုနူးသွား၊ ဖတ်နံ့ မွှေးသွားတဲ့ ခေါက်ဆွဲကြော် စားရသလိုပါပဲ။ ကြက်သွန်ဖြူရယ်၊ ငါးငံပြာရည်ရယ်နဲ့ ကြော်ထားလို့ တမူထူးတဲ့ အနံ့ အရသာအသစ်နဲ့ ခေါက်ဆွဲကြော်ဟာတော့ မြန်မာပြည်မှာ စားလာတဲ့ ခေါက်ဆွဲကြော်တွေနဲ စာရင်တော့ တစ်မူထူးနေပါတယ်။ စင်္ကာပူက ဆိုင်တွေမှာ ဆိုရင်တော့ သံပုရာသီး သေးသေး ချိုချို မွှေးမွှေးလေးတွေရယ်၊ ငရုတ်သီးအနှစ်တွေပါ ပေးတတ်ပြီး၊ ကျွန်တော်ကတော့ ပထမ ဒီအတိုင်းစားပြီး ၃ပုံ ၁ပုံလောက် ကျန်ရင်တော့ သံပုရာသီး ညှစ်စားပါတယ်။ Seafood တွေ၊ ၀က်ဆီတွေနဲ့ Hokkien Mee ဟာ အရသာကလည်း အပြည့်၊ Cholesterol ကလည်း အပြည့်နဲ့ ဆိုပေမယ့် စင်္ကာပူရောက်ရင် မဖြစ်မနေ စားကြည့်ရမယ့် အစားအစာ တစ်ခုပါပဲ။ ။

Monday, November 26, 2007

သမီးရဲ့ အစားအစာနဲ့ တိုးတက်မှု ( ၅လမှ ၈လ အထိ)

အစားအစာ

သမီးလေးဟာ ၄လလောက်မှာ ကတည်းက မီးဖိုချောင်ထဲ ၀င်သွားရင် စားပွဲပေါ်က အစားအစာ တွေကို စိတ်ဝင်တစား ကြည့်နေတတ်ပါတယ်။ လူကြီးတွေ အစာ စားနေပြီ ဆိုရင် သူလည်း ပါးစပ် တပြင်ပြင်နဲ့ ဖြစ်နေပါတယ်။ သူဒီလို ဖြစ်နေတာကို ကျွန်တော်တို့က သဘောကျလို့ လုပ်ပြပေမယ့် လူကြီးတွေကတော့ ကလေးကို ကျွေးလည်း မကျွေးဘဲ လုပ်ပြနေတယ်၊ ၀ဋ္ဋ်လည်မယ် ဆိုပြီး မလုပ်ကြနဲ့တဲ့။ ၆လ အထိ နို့ပဲ တိုက်ရမယ်ဆိုတာကို ဖတ်ထားရလို့ ဘာမှတော့ မကျွေး ဖြစ်ခဲ့ပါဘူး။ ၆လမတိုင်ခင် ကလေးကို တခြားအစာ ကျွေးလို့ ဘာကောင်းကျိုးမှ မရှိပါဘူး။ ကျွေးမှသာ
* အစာနဲ့ မတည့်တာ ဖြစ်မယ်။
* နို့သောက်နှုန်း ကျသွားမယ်။
* အစာထဲမှာ ရောဂါ ပိုးမွှားတွေ ပါသွားမယ်။
* ၀မ်းချုပ်မယ် ဒါမှမဟုတ် ၀မ်းသွားမယ်။

ဒီလိုနဲ့ ၅လခွဲ ကျော်ကျော် အရွယ်မှာ ဆေးခန်းမှာ ကာကွယ်ဆေး သွားထိုးတုန်း ဆရာဝန်ကို မေးလိုက်တော့ ဆရာဝန်က ကျွေးလို့ ရပြီဆိုပြီး Nestle ကထုတ်တဲ့ ဆန်မှုန့် အထုပ်လေး ပေးလိုက်ပါတယ်။ အဲဒါလေးကို သူသောက်တဲ့ နို့နဲ့ ရောဖျော်ပြီး နည်းနည်းလေး စကျွေးပါတယ်။ ပထမနေ့ကတော့ အစာသစ်ကို မငြင်းဆန်ပေမယ့် ဇွန်းနဲ့ မစားတတ်သေးပါဘူး။ မျိုမချ တတ်တာပေါ့။ ကျွေးရင်း ကျွေးရင်းနဲ့တော့ အဆင်ပြေလာပါတယ်။ သူက ဆန်ကို ကြိုက်ပါတယ်။ ဒါပေမယ့် နည်းနည်း နည်းနည်း ကျင့်ကျွေးရတာပါ။ ဆန်က Allergic ဖြစ်ခဲလို့ ဆန်မှုန့်ကို စကျွေးရတာပါ။ နေ့လည်မှာပဲ ကျွေးပါတယ်။ ညစာတော့ အစာမကျေ ဖြစ်မှာ စိုးလို့ မကျွေးသေးပါဘူး။

ဆန်မှုန့်ချည်းပဲ ၂ ပတ်လောက် ကျွေးပြီးတော့မှ နောက်တစ်ခါ ဆရာဝန်ပေးလိုက်တဲ့ ဆန်မှုန့်ရယ်၊ ငှက်ပျောသီးရယ်၊ ပန်းသီးရယ် ရောထားတဲ့ Nestle က Ready-Made အမှုန့်ကျွေးပါတယ်။ တစ်ခါတစ်ခါကျရင်တော့ အိမ်မှာပဲ ပန်းသီးတို့ ပဲနီလေးတို့ကို ပြုတ်ပြီးတော့ Ready-made ဆန်မှုန့်နဲ့ ရောကျွေးပါတယ်။ ပဲနီလေးကတော့ ကလေး ၀မ်းအရမ်း ချုပ်နေတဲ့ အချိန်မှာ ကျွေးလိုက်ရင် အတော်ပါပဲ။ ပန်းသီးပြုတ် စကျွေးတုန်းက မှတ်မိသေးတယ်။ ပန်းသီအရသာက သူ့အတွက်ဆို တော်တော် ပြင်းတဲ့ အချိုအချဉ် ဆိုတော့ မျက်နှာလေးကို ရှုံ့နေတာပဲ၊ နောက်တော့ ပန်းသီးဆိုရင် အရမ်းကြိုက်သွားပါတယ်။ ဒါပေမယ့် အချိုကြိုက် တတ်သွားမှာ စိုးလို့ လျှော့ကျွေးရပါတယ်။ နောက်တစ်ခု သူကြိုက်တာကတော့ လူကြီးတွေ စားတဲ့ ပေါင်မုန့်ပါပဲ။ ပေါင်မုန့်ကို ခပ်မျှင်မျှင်လေးတွေ လုပ်ကျွေးလို့ကတော့ ငြိမ်နေတာပဲ။ ပေါင်မုန့်မှာ တာရှည်ခံဆေးတွေ ထည့်ထားတတ်လို့ ကျွန်တော်က မကျွေးချင်ပေမယ့် သူ့အဘွားကတော့ နည်းနည်း နည်းနည်း ခိုးကျွေးပါတယ်။ ၆လ ကျော်မှာတော့ ဆရာဝန်က Brown Rice ကျွေးလို့ရပြီ ဆိုပြီး အထုတ်လေးတွေ ပေးလိုက်ပါတယ်။ Nestle ကထုတ်တာပါပဲ။ နောက်နည်းနည်း ကြာတော့ Ready-made ပုလင်းလေးတွေကို ၀ယ်ကျွေးပါတယ်။ ထွေထွေ ထူးထူးမဟုတ်ဘဲ၊ ဆန်နဲ့ ဖရုံသီး၊ ငှက်ပျောသီး၊ မုန်လာဥ၊ ခရမ်းချဉ်သီး၊ ကန်ဇွန်းဥ တစ်ခုခု ရောထားတာလေးတွေ ကျွေးတာပါ။ တစ်ခုတစ်လေ ကျတော့ ကီဝီသီးရယ်၊ ပန်းသီးရယ်၊ သရက်သီးရယ် ရောထားတဲ့ Fruit Jelly ကို ကိုယ့်ဘာကိုယ် ဆန်မှုန့်နဲ့ ရောကျွေးပါတယ်။

၇လ ကျော်တာနဲ့ မြင့်မြတ်နိုးတို့ အစား သောင်းကျန်းတော့တာပဲ။ စုံနေအောင် စားနေပါပြီ။ စားတဲ့ ပမာဏလည်း များလာပြီ ဆိုတော့ အိမ်မှာ လုပ်ကျွေးလို့ ရလာပါပြီ။ အစတုန်းကတော့ ပုလင်းလေးတွေ ၀ယ်ကျွေးလိုက်တာပါပဲ။ ကိုယ့်ဘာသာကိုယ်လည်း မလုပ်တတ်၊ စားတာကလည်း နည်းနည်းလေးဆိုတော့ အိမ်မှာ လုပ်လောက်အောင် မတန်ဘူး ဖြစ်နေတယ်။ ပုလင်းလေးတွေကတော့ တစ်ပုလင်း တစ်ဒေါ်လာ သာသာပဲ ရှိပါတယ်။ နေ့ည နှစ်ခေါက်လောက် ကျွေးလို့ ရတယ်။ နောက်တော့ အိမ်မှာပဲ ကြက်သားနဲ့ ဖရုံသီး၊ ကန်းဇွန်းဥ ဒါမှမဟုတ် မုန်လာဥနီနဲ့ တစ်ခုခုကို ရောပြုတ်ပြီး ဆန်မှုန့်နဲ့ ရောကျွေးပါတယ်။ တစ်ခါတစ်လေကျတော့လည်း ထမင်းလေး နည်းနည်းပါ တခါတည့် ထည့်ြ့ပီး ပြုတ်လိုက်ပါတယ်။ ပြုတ်ထားတာကို စားခါနီးကျမှာ သူ့ပန်းကန်ထဲ ထည့်ပြီး ဇွန်းလေးနဲ့ ချေကျွေးပါတယ်။ Blender ထဲ ထည့်ပြီး မွှေလောက်အောင်လည်း မများသေးပါဘူး။ ကံကောင်းချင်တော့ ကလေးကျွေးတဲ့ ပန်းကန်လေး တွြေ့ပီး ၀ယ်လိုက်ရပါတယ်။ သူက `ထ´ဆင်ထူးလို နှစ်ခွက် ပေါင်းရက်လေးကို တစ်ခွက်မှာ အောက်ခြေကို ကြမ်းအောင် လုပ်ထားတော့ ဇွန်းလေးနဲ့ ဖိချေလို့ ရပါတယ်။ နောက်ပြီး တစ်ပတ်တစ်ခါ ဈေးသွားလို့ ကြက်တစ်ကောင် ၀ယ်လာပြီဆို သူအတွက် တစ်တုံးစီ တစ်တုံးစီ ခွဲပြီး ပလပ်စတစ်အိပ်လေးတွေနဲ့ ထည့်ပြီး Freeze လုပ်ထားပါတယ်။ တစ်နေ့ကို တစ်တုံး လွယ်လွယ်ကူကူ ယူပြီး ပြုတ်ကျွေး ရုံပါပဲ။ တစ်တုံးဆိုတာလည်း လူကြီးစားသလောက်တော့ မဟုတ်ပါဘူး၊ ခပ်သေးသေးပါ။ နောက်ပိုင်းကျတော့ ကြက်သားဖတ်လေးတွေပါ ချေပြီး ရောကျွေးပါတယ်။ နည်းနည်း ကြာလာတော့ အမဲသားချေထားတာလေးတွေပါ အသီးအနှံနဲ့ ရောပြုတ်ပြီး ကျွေးပါတယ်။ အခုဆို ဆန်လုံးညို ၀ယ်ပြီး ရောပြုတ်ကျွေးပါတယ်။

အိမ်မှာ ချက်ကျွေး ပေမယ့် Ready-made ပုလင်းလေးတွေကိုတော့ ဆောင်ထားပါသေးတယ်။ အပြင်တွေ ဘာတွေ သွားရင် အဆင်ပြေတယ်လေ။ ပြီးတော့ အိမ်မှာ ချက်မကျွေး ဖြစ်တာတွေ ပါတတ်ပါတယ်။ ပဲသီးစိမ်းလိုမျိုးတွေ။ ကိုယ့်ဘာသာဆို ထည့် မချက်ဖြစ်ပါဘူး။ ကလေး မျိုးစုံ စားရအောင် တစ်ခါတစ်လေတော့ ကျွေးပါသေးတယ်။ ဒါပေမယ့် ယူပြီး မြည်းကြည့်တော့လည်း အရသာက ဖွယ်ဖွယ် ကြီးတွေပါပဲ။ အိမ်မှာ ချက်တာက ပိုမွှေး ပိုချိုသလိုပါပဲ။ ကြက်သားနဲ့ ဖရုံသီး/ ကန်ဇွန်းဥ/ မုန်လာဥနီ ပြုတ်ထားတာဆို တော်တော် မွှေးပြီး ချိုပါတယ်။ ဒါပေမယ့် အိမ်မှာ ချက်တော့ အထူးတလည် သန့်ရှင်းအောင်တော့ ဂရုစိုက်ရပါတယ်။ ပြီးတော့ နည်းနည်းလေးကို ပြုတ်တာဆိုတော့ အိုးတူးပေါင်းလည်း မနည်းပါဘူး။ သြစတြေးလျမှာ စိုက်ပျိုးရေးက သူ့စီးပွားဆိုတော့ ဒီက ဆိုင်တွေမှာ ဒီမှာ စိုက်ပျိုး ထုတ်လုပ်တာတွေပဲ များပါတယ်။ Import လုပ်ထားတာတွေက ရှားပါတယ်။ စင်္ကာပူက ဘာမှ မစိုက်ပေမယ့် ကမ္ဘာအရပ်ရပ်က ဟာတွေ အကုန် Import လုပ်ယူပါတယ်။ အဲဒီတော့ ၀ယ်ရတာ အမျိုးစုံကို ကြိုက်တာ ရွေးဝယ်လို့ ရပါတယ်။ ဒီမှာတော့ ရွေးချယ်စရာ နည်းပါတယ်။ Nestle က ကလေး အဟာရမှုန့်တွေက ကျွေးချင်ပေမယ့် ဒီမှာ ရှာလို့ မတွေ့ပါဘူး။

ထမင်းအပြင် တစ်ခါတစ်လေကျရင် ထောပတ်သီးကို ဒီအတိုင်း ကျွေးပါတယ်။ ဒီမှာ အသိတစ်ယောက်က ဒီကလူတွေဟာ ကလေးတွေကို အရမ်းကျွေးတယ် ပြောတာနဲ့ ကျွေးရကောင်းမှန်း သိသွားတာပါ။ ဒါပေမယ့် အရသာက ပျယ်ပြီး ပန်းသီးလောက် မချိုတော့ သမီးက အရမ်းတော့ မစားပါဘူး။ ပန်းသီးနဲ့ ရောချေပြီး ကျွေးရင်တော့ ပိုစားပါတယ်။ ထောပတ်သီးက ကျေလွယ်တဲ့ အဆီ (Mono-saturated Fat) ပါတော့ ကောင်းပါတယ်။ အစ်မတစ်ယောက်ကတော့ အစာမကျေဖြစ်တတ်တယ်တဲ့။ ဒီမှာ ထောပတ်သီးကလည်း ဈေးကြီးတာနဲ့ တစ်ခါတစ်လေမှ နည်းနည်း ကျွေးပါတယ်။ နောက်ပြီး ကလေးကျွေးတဲ့ ဒိန်ချဉ်လည်း ကျွေးပါတယ်။ သူကြိုက်ပါတယ်။ ဒိန်ချဉ်ဘူးလေးက သူ့အတွက်များနေတော့ လူကြီးနဲ့ တစ်ယောက်တစ်ဝက် စားလိုက်တာပဲ။ တစ်ခါတစ်ခါဆိုရင်တော့ ငှက်ပျောသီးကို မီးဖုတ်ကျွေးပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ဖီးကြမ်း ငှက်ပျောသီးက `ပျော်´နေရင် အလွန်ချိုပေမယ့်၊ ဒီက ငှက်ပျောသီးကတော့ သိပ်မကောင်းပါဘူး။ ပိုလည်း ဖန်ပါတယ်။ လိမ္မော်သီး၊ ရှောက်ချိုသီး ဆိုလိုကတော့ အသည်းစွဲ ကြိုက်တာ။ ရှောက်ချိုသီး စိတ်ကို ကားထားပြီး လက်နဲ့ ကိုင်ထားပေးရင် ခွေးပေါက်ကလေးလို့ပဲ ကုန်းကုန်းပြီး စုပ်တာဆို အရမ်းချစ်ဖို့ ကောင်းလို့ ကျွေးရတာကိုက ပျော်စရာ ကောင်းနေပါတယ်။ ပြီးရင်တော့ ကြမ်းကို သုတ်၊ သူ့မျက်နှာတွေကို ဆေးပေတော့။ နောက်ပြီး မုန့်လက်ညှိုးပေးထားရင် သူ့ကမ္ဘာလေးကို ဖြစ်နေပြီး စိတ်ဝင်တစား စားနေတော့တာပဲ။ တကယ်တော့ သမီးက အဲဒီလို ကိုယ့်ဘာသာ ကိုင်စားရတာကို ပိုကြိုက်တာပါ။ ကျွန်တော်တို့ ထမင်းစားနေချိန်မှာဆို သူ့ကို မုန့်လက်ညှိုးပေးထားလိုက်ရုံပဲ။ သူဘာသူ ငြိမ်နေရော၊ နို့မို့ဆိုရင် လူကြီးတွေလည်း ကောင်းကောင်း မစားရဘူး။

အစာကျွေးနေပေမယ့် နို့တော့ ပုံမှန် ၀င်အောင် တိုက်ရပါသေးတယ်။ တချို့ကတော့ အစာ စားအောင် ကလေးဆာချိန်မှာ အစာကို အရင်ကျွေးပြီး နို့ကို နောက်မှ တိုက်ပါတယ်။ သမီးကတော့ အစာစားပြီး တော်တော် ကြာတာတောင် နို့ကို မစို့ချင်ပါဘူး။ (သူ့မိဘတွေလိုပဲ) အစားအစာ အဆန်းအပြားကို ပို ခုံမင်ပါတယ်။ အဲဒါကြောင့် ဆာနေချိန်မှာ နို့ကို အရင်တိုက်ပါတယ်။ နည်းနည်းကြာမှ အစာကျွေးပါတယ်။ ထမင်းအစာဆို မငြင်းပါဘူး။ အရေးကြီးတာတော့ အစာ အဟာရ အသစ်တွေနဲ့ တွေ့ထိပေးသလို သောက်နေတဲ့ နို့ပမာဏလည်း သိသိသာသာကြီး မကျသွားဖို့ ပါပဲ။

တိုးတက်မှု

သမီးက ၄လကျော်မှာ မှောက်တတ်နေပေမယ့် ပြန် မလှန်တတ်သေးပါဘူ။ ၅လကျော်မှ မှောက်လိုက် လှန်လိုက် လုပ်တတ်သွားတာပါ။ အဲဒီလိုပဲ မှောက်လိုက် လှန်လိုက်နဲ့ တစ်နေရက တစ်နေရာကို ရွှေ့သွားပါတယ်။ သူ့အတွက် အသစ်အဆန်း ပစ္စည်းတွေဆို လက်ကလေးနဲ့ ကိုင်ကြည့်၊ ကုတ်ခြစ်ကြည့် လုပ်တတ်ပါတယ်။ ပြီးရင်တော့ ပါးစပ်ထဲ ထည့်ပြီး ကိုက်ကြည့်တော့တာပဲ။ အဲဒါကြောင့် လူကြီးက စောင့်ကြည့်နေရပါတယ်။ ၅လကျော်မှာတော့ လူကြီးနဲ့ ဆော့ရတာကို ကြိုက်လာပါတယ်။ သူ့အဒေါ်နဲ့ ဆော့ရတာဆို သိပ်ကြိုက်ပါတယ်။ စင်္ကာပူမှာ တုန်းကတော့ အိမ်မှာ အဖိုး အဖွား၊ အဒေါ်အပြင် လာလာလည်တဲ့ ဦးလေး အဒေါ်တွေကြောင့် လူတွေ အများကြီးနဲ့ နေရတာကို ကြိုက်သွားပါတယ်။ သြော်ဇီကိုလည်း ပြောင်းလာရော အိမ်မှာ အဖေ အမေပဲ ရှိတာ ဆိုတော့ မနေတတ်တော့ဘူး ထင်ပါတယ်။ သူ တစ်ခါတစ်ခါ ဂျီပြီး ငိုနေရင် ကျွန်တော်တို့ နားထဲမှာတော့ `ပျင်းတယ်၊ ပျင်းတယ်´ အော် ငိုနေသလိုပါပဲ။ နည်းနည်း ကြာသွားတော့မှပဲ သူဟာသူ ဆော့တတ်လာပြီး အဆင်ပြေသွားပါတော့တယ်။ သူ့ကစားစရာလေးတွေနဲ့လည်း ဆော့တတ်လာပါတယ်။

သူ့ကို ချီးမွမ်းတာလည်း ကြိုက်တတ် လာပါတယ်။ ရေချိုးတဲ့ အခါ ခြေထောက်လေးတွေကို ကန်ကန်ပြီး ဆော့နေတာကို လူကြီးတွေက ချီးကျူးရင် ပိုလုပ်ပါတယ်။ ပြီးတော့ သူဒီလို လုပ်နေတာကို ဘယ်သူတွေ ကြည့်နေသေးလည်း ဆိုတာကို လှည့်ပြီး ကြည့်ပါတယ်။ ၆လမှာတော့ လူကြီးတစ်ယောက်က ကိုင်ပေးထားရင် ရပ်တတ်ပါပြီ။ `ဟယ်.. သမီးလေးက ရပ်နိုင်တယ်ဟေ့´ လို့ ပြောရင် သဘော ကျနေတတ် ပါသေးတယ်။ အခု ၈လ ပြည့်ခါနီး အထိတော့ သူ့ဘာသာသူ တစ်ခုခုကို ဆွဲကိုင်ပြီး မထတတ်သေးပါဘူး။ လူကြီးက နည်းနည်း ကိုင်ပေးလိုက်ရင်တော့ ဆွဲထူ ရပ်ပါတယ်။ နောက်ပြီး တကယ်ဆိုရင် ဒီအရွယ်မှာ ထိုင်နေတတ်ပါပြီ။ သမီးကတော့ မထိုင်သေးပါဘူး။ သမီးက ၇လလောက် အထိ လေးဘက် မသွားတတ်သေးပါဘူး။ စင်္ကာပူမှာ နေတုန်းက အိမ်က ကျောက်ပြား ခင်းထားပြီး ချီမယ့် လူကြီးတွေကလည်း အများကြီး ရှိတာဆိုတော့ အောက်ကို သိပ်မချထား ဖြစ်ပါဘူး။ အခုတော့ ဒီမှာက ကောဇောခင်းထားပြီး တနေကုန် သူ့ကို ချီမထား နိုင်တော့ အောက်ချထားတာနဲ့ သူ့ဘာသာသူ သွားတတ်သွားပါတယ်။ စစသွားတုန်းကတော့ မိကျောင်းတွားသွား ပါတယ်။ သူ့ခြေထောက်လေးတွေနဲ့ ကန်ကန်ပြီး သွားတာ ခြေဖ၀ါးလေးတွေကို သွေးခြည်ဥပြီး ပေါက်တောင် ပေါက်သွားတယ်။ နောက်တော့မှ လေးဘက်သွားပါတယ်။ လေးဘက်လည်း သွားတတ်ရော တစ်အိမ်လုံး လျှောက်သွားပါရော။ အခုအချိန်မှာတော့ အိမ်ရဲ့ အခန်းတွေမြေပုံကို သူ့စိတ်ထဲမှာ ရှိနေပါပြီ။ မီးဖိုထဲကို လာချောင်းဖို့၊ ရေချိုးခန်းထဲ လိုက်လာဖို့တို့ တတ်လာပါပြီ။ ပြီးတော့ လှေကားတက်သလို အဆင့်တွေကို တက်တတ်နေပါပြီ။ အစတုန်းကတော့ ကွန်ပြူတာ စကန်နာ အထူကြီးပေါ်ကို လေးဘက်ထောက်တက်၊ ပြီးတော့ ကျော်ဆင်း၊ ခွဆင်း လုပ်တတ်ပါတယ်။ အဲဒါနဲ့ ထိုင်ခုံက နည်းနည်းပိုမြင့်တဲ့ Cushion ကို ဖြုတ်ပြီး အောက်ချပေးထားလိုက်တော့ သူ့အတွက် ကစားစရာ ဖြစ်သွားပါတယ်။ အဲဒီပေါ်ကိုတက်တယ်။ ပထမတော့ မဆင်းတတ်လို့ လူကြီးကို အော်ငိုပြီး ခေါ်တယ်။ နောက်တော့ သူ့ဘာသာသူ ဆင်းတော့ ပြုတ်ကျတယ်။ နောက်တော့ ကောင်းကောင်း ဆင်းတတ်သွား ပါပြီ။ အဲဒါနဲ့ နောက်ထပ်မြင့်တဲ့ စက္ကူပုံ တစ်လုံးနဲ့ လှေကားထစ်လို လုပ်ပေးထားတော့ အဲဒီ အပေါ်အထိ တက်ပါတယ်။ ဒါပေမယ့် မြင့်တော့ သိပ်မတက်ပါဘူး။

သမီးဟာ အခုဆို အန္တရာယ်ကို သိတတ်၊ မှတ်တတ်၊ ကာကွယ် တုန့်ပြန်တတ်လာပါတယ်။ ဒီကို ရောက်ခါစက သူ့အမေ တစ်ယောက်တည်းနဲ့ သူကို ရေချိုးပေးဖို့ ရေချိုးတဲ့ ဇလုံကို ထဲထည့်ချိန်မှာ ချော်ပြီး လဲသွားတာ တော်တော် လန့်သွားပါတယ်။ အဲဒါနဲ့ အဲဒီ ဇလုံထဲမှာ ရေရှိရင် သူ့ကို ထည့်ပေးလို့ မရတော့ပါဘူး။ အဲဒီ ဇလုံရယ်၊ ရေချိုးခန်းရယ်ကို တော်တော် လန့်ပြီး အမှတ်ထားပါတယ်။ အဲဒါနဲ့ အဲဒီ ဇလုံကို မကြောက်အောင် သူဆော့နေတဲ့နေရာမှာ ထားပြီး ကစားစရာတွေထည့်ဆော့၊ သူ့ကို ထည့်ဆော့ လုပ်ရပါတယ်။ ပြီးတော့ အမေရော အဖေရော ရှိတဲ့ အချိန်မှ ဧည့်ခန်းထဲမှာပဲ ရေချိုးပေးရပါတယ်။ ဒါတောင် ဇလုံထဲမှာ ရေရှိနေရင် အောက်ချလို့ မရလို့ သူ့ကို အရင်ထည့်ပြီးမှ အပေါ်က ရေလောင်းချိုးပေး လုပ်ရပါတယ်။ သူ့ကို တစ်ခါတစ်လေ Basin မှာ လက်ဆေးပေးရင်တောင် ကြောက်တတ်ပါသေးတယ်။ ဒါပေမယ့် မှန်ထဲမှာ သူ့ပုံတွေ့ရင်တော့ သူ့နဖူးနဲ့ သွားသွားဆောင့်ပါတယ်။

ကျွန်တော့် တူ၊တူမလေးတွေ ငယ်ငယ်တုန်းက တီဗွီ၊ တယ်လီဖုန်းဆိုတာ မွေးကတည်းက သိလာတဲ့ Concept တစ်ခုလိုပါပဲ။ သူတို့ အတွက်က အသံကြားရတဲ့ ဖုန်းထဲမှာ လူရှိနေလားဘာလား စဉ်းစားစရာမလိုပါဘူး။ တဖက်က ပြောနေတဲ့ သူဟာ အဝေးတစ်နေရာမှာ ရှိနေတယ်။ တယ်လီဖုန်းနဲ့ အဝေးက လူကို စကားပြောလို့ရတယ်ဆိုတဲ့ Concept က အလိုလို နားလည်နေသလိုပါပဲ။ အခု သမီးအလှည့်ကျတော့ ကွန်ပြူတာက ကီးဘုတ်ကို နှိပ်နေရင် ကီးဘုတ်ကို မကြည့် မော်နီတာမှာ ဘာဖြစ်သွားသလဲကိုပဲ စောင့်ကြည့်နေပါတယ်။ တီဗွီက Remote ကို လူကြီးက ကိုင်လိုက်ရင် တီဗွီဖွင့်လာမလား ဘာဖြစ်သွားမလဲ ဆိုတာကို တီဗွီကိုပဲ ဖတ်ကနဲ လှမ်းကြည့်ပါတယ်။ အိမ်က Remote မှာကလည်း Power ခလုပ်က အကြီးဆုံးနဲ့ အရောင်ကွဲတော့ အဲဒီ ခလုပ်လေးကို နှိပ်ပြီး တီဗွီပွင့်သွားရင် ကြိုက်ပါတယ်။ DVD Player က ခလုတ်ကို သွားသွားနှိပ်ပြီး မီးလေးတွေ လင်းလာလိုက် မှိတ်သွားလိုက်ဆိုရင်လည်း သဘောကျပြီး လူကြီးကို လှမ်းလှမ်း ကြည့်ပါတယ်။ သူလုပ်လိုက်တယ်ပေါ့။

အခု ၈လ ရောက်ခါနီမှာ သွားငုတ်တိုလေး တစ်ချောင်းပေါ်နေပါပြီ။ မပေါက်ခင်တုန်းက သွားဖုန်းယားတော့ ဂျီကျတတ်ပြီး သူ့အမေက လက်ထည့်ပေးထားလို့ ကိုက်နေရရင်ငြိမ်နေပါတယ်။ သူ့မေးရိုးလေးကလည်း အားတော်တော် ထည့်တတ်နေပါပြီ။ အစားအစာကို နည်းနည်း ၀ါစားရရင် ကျေနပ်ပါတယ်။ ကိုယ်အလေးချိန်ကတော့ ဒီ၃လမှာ သိပ်တက်မလာဘူးတောင် ပြောလို့ရတယ်။ ၁၇ ပေါင်မှာ တော်တော် ကြာနေပါပြီ။ အရပ်ကတော့ ထွက်လာပါတယ်။ သွားလာ လှုပ်ရှား ဆော့တတ်လာတာရယ် နို့အပြင် တခြား အစာကျွေးတာ ရယ်ကြောင့် ဖြစ်မှာပါ။ စိတ်ပိုင်း ဆိုင်ရာကတော့ အတော်ကို တိုးတက်လာပါတယ်။ နည်းနည်း သိတတ်၊ ခံစားတတ်လာပါပြီ။ အပြင်သွားရမယ်ဆိုရင် ပျော်နေတာပါပဲ။ အဖေအမေကိုလည်း ပိုသိ ပိုခင်တွယ်လာပါတယ်။ ကျွန်တော် ရုံးသွားပြီဆိုရင် ငိုပြီး ကျန်ခဲ့တတ်ပါတယ်။ ကစားဖော်လည်း ခင်လာပါတယ်။ အိမ်ကိုလာလည်တဲ့ သူငယ်ချင်း သမီးလေးနဲ့ဆိုရင် အတူတူ ဆော့ချင်ပါတယ်။

လေးလကျော်ရွယ် ချစ်စဖွယ်
၃လပြည့်
အမြင်အာရုံ တိုးတက်မှု (၂ လခွဲ အရွယ် အထိ)
တစ်လပြည့်အလှူ
သမီးလေးရဲ့ တိုးတက်မှု

Wednesday, November 21, 2007

Feed တွေကို ဘယ်လို ချောင်းကြည့်

ကျွန်တော့်အတွက်တော့ Technical နဲ့ ဆိုင်တဲ့ Post တွေ ရေးရတာ လက်မတွေ့ပါဘူး။ အကြောင်းကတော့ စာဖတ်တဲ့ လူများစုရဲ့ Interest နဲ့ မကိုက်မှာစိုးလို့ရယ်၊ Technical ဆိုရင် တိတိကျကျ ရေးရပြီး ရွှီးဖြန်းလို့ မရတာရယ်၊ အင်္ဂလိပ်လို ရေးထားတာတွေက Google မှာ ရှာလိုက်ရင် ချက်ချင်း တွေ့နိုင်တာရယ်ကြောင့်ပါ။ ပြီးတော့ အလုပ် လုပ်လည်း ဒါ၊ အပျင်းပြေ ဘလောက်လည်း ဒါပဲ ဆိုရင်လည်း မဖြစ်သေးပြန်ဘူး။ ဒီလိုနဲ့ မရေးဖြစ်တာပါ။ ဒီ Postအတွက် ကိုရန်အောင် Request လုပ်ထားတာ ကြာနေပါပြီ။ ကျွန်တော်လည်း ဘယ်လိုမှ မအားတာနဲ့ မရေးဖြစ်တာပါ။ ပြောရမယ်ဆိုရင် Feed Peek ဆိုတာ ကိုယ့်ဘာသာကိုယ် နာမည် ပေးထားတာပါ။ Feed Reader လို Standard Term မဟုတ်ပါဘူး။ သူငယ်ချင်း Blog တွေ ကိုယ်ကြိုက်တဲ့ Blog တွေမှာ ဘာတွေ အသစ်ရေးထားလည်းဆိုတာကို တစ်ထိုင်တည်း ကြည့်ရအောင် လုပ်ရင်းနဲ့ လုပ်ဖြစ်သွားတာပါ။


ဒီနေရာမှာ ကျွန်တော်က Feed Peek နဲ့ ဆိုင်တာတွေပဲ ပြောပါရစေ။ Blogger (Blogspot) အတွက်ပဲ အကျုံးဝင်နိုင်ပါတယ်။

Feed

စာဖတ်သူဟာ RSS တွေ၊ Atom တွေ Feed နဲ့ ရင်းနှီးပြီးသားလို့ ယူဆလိုက်ပါမယ်။ လွယ်လွယ်ပဲ Feed လို့ သုံးလိုက်ပါမယ်။ Feed တွေကို ကျွန်တော် ကြိုက်တဲ့ အချက်ကတော့ Web Page တစ်ခုမှာရှိတဲ့ Content (Data) တွေကို Presentation (Formatting) မပါဘဲနဲ့ ကိုယ်ဆီကနေ (သူ့ Site သွားစရာမလိုဘဲ) ဆွဲထုတ် နိုင်တဲ့ အချက်ပါပဲ။

default နဲ့ full

Blog က Feed တွေကို ကျွန်တော်တို့ Feed Reader တွေနဲ့ ဖတ်ကြပါတယ်။ ဒီ Reader တွေမှာ Site တစ်ခုက Feed ကို Subscribe လုပ်ဖို့ Standard ဖြစ်နေတဲ့ လိမ္မော်ရောင် Icon လေးကို နှိပ်လိုက်ရုံပါပဲ။ ဒါမှမဟုတ် Feed Address (URL) တစ်ခု ရိုက်ထည့်ရပါတယ်။ ဥပမာ

http://wesheme.blogspot.com/feeds/posts/default
ဒါမှမဟုတ်
http://wesheme.blogspot.com/feeds/posts/full
ဒီနေရာမှာ default နဲ့ full မတူတဲ့ အချက်ကတော့ Feed ကို အပြည့်အစုံ ထုတ်ပေးထားတဲ့ Blog ကနေဆိုရင် နှစ်ခုစလုံး ဖတ်လို့ရပါမယ်။ Feed ကို Blogger Settings မှာ Short ပဲ ထုတ်ပေးထားရင်တော့ full ကို ကြည့်လို့ မရပါဘူး။ default ကနေတော့ တပိုင်းတစ ဖတ်လို့ ရပါသေးတယ်။ နောက်တစ်ခါ default နဲ့ဆို Blogger Settings မှာ Feed Redirect လုပ်ထားရင် Redirect လုပ်ထားတဲ့ URL ကို အလိုလို ရောက်သွားပါမယ်။ default ပါတဲ့ URL ကတော့ Subscribe လုပ်လို့ အသင့်တော် ဆုံးပါပဲ။

summary

ကျွန်တော့် Feed Peek အတွက်တော့ Post တစ်ခုလုံးက စာတွေ ယူပြီး ပြစရာ မလိုပါဘူး။ နည်းနည်း အမြည်းလောက် ဆိုရင် ရပါပြီ။ အဲဒီ အတွက် နောက်ထပ် Feed URL တစ်ခုကို သုံးပါတယ်။

http://wesheme.blogspot.com/feeds/posts/summary
ဒါဆိုရင် Post ကနေ အရှေ့က စာနည်းနည်းလောက်ပဲ ပါလာပါတော့တယ်။

max-results

ပုံမှန်ဆိုရင် ဒီလို summary feed ကို ဆွဲထုတ်လိုက်ရင် တစ်ခါတည်း Feed ၂၅ ခု ပါလာပါတယ်။ ကျွန်တော်က Site တစ်ခု ဆီကနေ ၂ ခုလောက်ပဲ လိုချင်ပါတယ်။ ၂ ခုဆိုရင် မနည်း မများပါ။ အစကတော့ ၁ ခုတည်း ပြမလို့ပါပဲ။ ၁ခုတည်းဆိုရင် အခုမြင်နေရတာက နောက်ဆုံး Post ဟုတ်လား မဟုတ်လား အလွယ် မသိနိုင်ဘူးလေ။ ၂ ခု ဆိုရင် ဒုတိယ တစ်ခုက ဖတ်ပြီးသားဆို ပထမဟာက နောက်ဆုံး ဆိုတာ သိနိုင်တယ်။ ၂ ခုစလုံး အသစ်ဖြစ်နေရင်တော့ တစ်မျိုးပေါ့။ တစ်ပတ်စာ အတွက်ကတော့ ၂ ခုဆိုရင် လောက်ပါတယ်။ အဲဒီတော့ ULR ကို ဒီလို ထပ်ပြင်လိုက်ပါတယ်။

http://wesheme.blogspot.com/feeds/posts/summary

?max-results=2

orderby

ပုံမှန်ဆိုရင်တော့ နောက်ဆုံး တင်တဲ့ (Publish လုပ်တဲ့) Post တွေက အရင်လာပါတယ်။ ဒါပေမယ့် (ကျွန်တော့် အကျင့်လို) အရင်ရေးထားတဲ့ Post တွေမှာ စာလုံးပေါင်းမှားတာ တွေ့လို့ ပြင်လိုက်ရင် ပြင်လိုက်ရင် Updated ဖြစ်တဲ့ Post တွေက အရင် ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် သေချာအောင် Published လုပ်ထားတဲ့ အချိန်နဲ့ စီလိုက်ပါတယ်။

http://wesheme.blogspot.com/feeds/posts/summary?

orderby=published&max-results=2

Yahoo Pipes

Blogspot ရဲ့ Feed URL အကြောင်းသိပြီးတဲ့ အချိန်မှာတော့ Site အများကြီးက Feed တွေကို ရောပေါင်းဖို့ အတွက် Web Site ရှာတော့ Yahoo က Pipes ဟာ အင်မတန် ကောင်းမွန်းပြီး အင်မတန် Powerful ဖြစ်တာကို တွေ့လိုက်ရတော့ ပျော်သွားပါတယ်။ Yahoo Pipes ဟာ RSS တွေ XML feed တွေကို Process လုပ်ဖို့ အကောင်းဆုံးပါပဲ။ User Interface ကလည်း ရိုရှင်းပြီး လွယ်တဲ့ အတွက် အမြန်ပဲ လေ့လာနိုင်ပါတယ်။ အဲဒီမှာ (သူ့အခေါ်နဲ့ဆို) Pipe တစ်ခု စလုပ်ပါတယ်။


Fetch Feed

ဒီ Control ကနေ Feed တွေကို ဆွဲယူပါတယ်။ အပေါ်မှာ ပြထားတဲ့ URL လိုမျိုးကို Blog နာမည်လေးပဲ ပြောင်းပြီး တစ်ခုပြီး တစ်ခု ထည့်ပါတယ်။

Sort

ဟိုလူကို ခင်လို့ သူ့ Blog က Feed တွေကို အပေါ်မှာ ထားလိုက်မယ်ဆိုတာမျိုး မဖြစ်ရအောင် နောက်ဆုံးမှ Published ဖြစ်တဲ့ Post တွေကို အရင် ထားလိုက်ပါတယ်။ ဒီလို လုပ်ဖို့ Sort Control နဲ့ Published Date တွေကို ကြီးစဉ် ငယ်လိုက် စီပါတယ်။ အလုပ်ထဲမှာ Database က Date တွေကို စီရင် များသောအားဖြင့်တော့ ပြောင်းပြန် (ကြီးစဉ် ငယ်လိုက်) စီသလိုမျိုး ပါပဲ။ ကွန်ပြူတာမှာကလည်း စီတာကို Sort ပြောလိုက် Order ပြောလိုက်ပါပဲ။

Loop နဲ့ SubString

Loop က Item တစ်ခုချင်းစီကို Process လုပ်ဖို့ပါ။ ဒီနေရာမှာတော့ Item တစ်ခုစီက Content တွေကို Sub String သုံးပြီး ၁၇၅ လုံး ဖြစ်အောင် ထပ်ဖြတ်ပါတယ်။ Summary ယူထားတာတောင် စာလုံးရေက ၄၀၀ လောက် ဖြစ်နေပြီး အရမ်း ရှည်နေတာနဲ့ ထပ်ဖြတ်ရတာပါ။

Output

နောက်ဆုံးမှာတော့ Output Control ထဲ ထည့်လိုက်ရပါတယ်။ အခု လုပ်ထားတဲ့ Pipe ကိုတော့ ဒီနေရာမှာ သွားကြည့်လို့ ရပါတယ်။ Output ကနေ ထွက်လာတာ RSS XML ပါ။ XML တွေဟာ System တစ်ခုကနေ တခြားတစ်ခုကို Data တွေ အလဲအလှယ်လုပ်ဖို့ ဘုံ ဘာသာ စကားပါ။ အားလုံး နားလည်နိုင်တဲ့ Language ပါ။ ဒါပေမယ့် XML က ကျစ်လစ်မှု မရှိပါဘူး။ ပြီးတော့ Javascript ကနေ XML ကို သုံးမယ်ဆို Parse လုပ်နေရဦးမယ်။ အဲဒီအတွက် JSON Format နဲ့ Output ကို ပြောင်းထုတ်လိုက်ပါတယ်။ ဒီလို JSON ရဖို့ Pipe ရဲ့ URL မှာ _render ဆိုတဲ့ Query string တစ်ခု ထပ်ထည့်ပေးရပါတယ်။

http://pipes.yahoo.com/pipes/pipe.run?_id=DrM0O58u3BGU1K1cJphxuA

&_render=json


နမူနာ XML တစ်ခုပါ
<Person>

    <firstName>Andy</firstName>

    <lastName>Myint</lastName>

    <address>

        <streetAddress>Main Road</streetAddress>

        <city>Sydney</city>

        <state>NSW</state>

        <postalCode>10001</postalCode>

    </address>

    <phoneNumbers>

        <phoneNumber>02 1234 5678</phoneNumber>

        <phoneNumber>04 5678 1234</phoneNumber>

    </phoneNumbers>

</Person>



JSON (Javascript Object Notation)

JSON က Javascript မှာ Object တွေကို Serialize လုပ်တာပါ။ Javascript ကနေ Data တွေကို အလွယ် Load လုပ်နိုင်ပါတယ်။ ဒါ နမူနာ တစ်ခုပါ
{

    "firstName": "Andy",

    "lastName": "Myint",

    "address": {

        "streetAddress": "Main Road",

        "city": "Sydney",

        "state": "NSW",

        "postalCode": 10001

    },

    "phoneNumbers": [

        "02 1234 5678",

        "04 5678 1234"

    ]

}



Javascript

JSON ကနေရလာတဲ့ Data တွေကို Javascript ထဲထည့်ပြီး Process လုပ်လိုက်ပါတယ်။ ကိုယ် လိုချင်တဲ့ Format တွေ ဘာတွေ ထည့်လို့ရသွားပါတယ်။ JSON URL ကနေပဲ Callback Method အနေနဲ့ Javascript ကို လှမ်းခေါ်ထားပါတယ်။

http://pipes.yahoo.com/pipes/pipe.run?_id=DrM0O58u3BGU1K1cJphxuA

&_render=json&_callback=feedPeek
အဲဒီမှာ feedPeek ဆိုတာ Javascript Function တစ်ခုပါ။ Argument တစ်ခု လက်ခံထားပါတယ်။ Caller ကနေ လှမ်းဖြည့်ပေးဖို့ပါ။ အဲဒီ obj ဆိုတဲ့ Parameter ထဲမှာ JSON က Data တွေဟာ Object အနေနဲ့ ၀င်သွားပါတယ်။
function feedPeek(obj) {

  for (var i = 0; i <  obj.count ; i++) {

    if (i == obj.count) break;

    var ent = obj.value.items[i];

    var url = ent.link;

    var pDate = ent.pubDate;

    var author = ent.author.name;   

    var re = /<\S[^>]*>/g;

    var pCnt = ent.summary.content.replace(re, "");

    var title = l(url, ent.title,true);

    var rmLink = l(url,"<img src=\"http://andymyint.googlepages.com/new_windows.JPG\"/>",true);

    var mnth = pDate.substring(5,7);

    var ma = a();

       

    w('<div class="FeedPeek">');  

        d("FeedPeekTitle",title);

        d("FeedPeekAuthor", ma[parseInt(mnth,10)] + ' ' + pDate.substring(8,10) + ' - ' + author);

        d("FeedPeekSummary",pCnt + '...' + rmLink);   

    w('</div>');  

    }

}

Javascript ထဲမှာ မြင်တဲ့ အတိုင်းပဲ dot notation နဲ့ data တွေကို အလွယ် ယူသုံးသွားပါတယ်။ အပေါ်က JavaScript ကို File တစ်ခုထဲမှာ ထည့်ပြီး တစ်နေရာရာမှာ Host လုပ်ပါတယ်။ ပြီးရင် Blog ရဲ့ Edit Template HTML မှာ တစ်နေရာရာမှာ Host လုပ်ထားတဲ့ Script ကို လင့်ပြန်လုပ်ပါတယ်။ HTML Code တွေထဲမှာ </title> ဆိုတဲ့ Code အောက်တစ်လိုင်းမှာ ထည့်ပါတယ်။ External Script တွေကို ထည့်ပုံကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။


ဒီလောက်ဆိုရင်တော့ ကျွန်တော် Feed Peek ကို ဘယ်လို Implement လုပ်ထားသလဲဆိုတာ သိရပါပြီ။ အကျဉ်းသဘောပဲ ရေးထားပေမယ့် တကယ်လုပ်ကြည့်မယ်ဆို မခက်ပါဘူး။ Yahoo Pipes တို့ JSON တို့ကို တခြားနေရာမှာ သုံးမယ်ဆိုလည်း အသုံးတည့်မှာပါ။


ပြီးတော့ Layout-> Page ELements ကို သွားပါတယ်။ "Add a Gadget" လုပ်ပြီး "HTML/JavaScript " Element ကို ထည့်ပါတယ်။ ပြီးတော့ ခုဏက Address ကို သုံးပြီး



ထည့်ပါတယ်။ စာတွေက ဆက်တိုက်ပါ။ လိုင်း တစ်လိုင်း မဆင်းပါဘူး။


တကယ်လို့ ဒါမျိုး လိုက်လုပ်ချင်တယ်ဆိုရင် ကျွန်တော့် JavaScript တွေ ကူးပြီး တစ်နေရာမှာ Host လုပ်ပါ။ ကျွန်တော့်ရဲ့ Yahoo Pipes ကို Clone လုပ်ပြီး ကိုယ်လိုချင်သလို ပြင်ယူပါ။ Script ရဲ့ scr="..." ဆိုတဲ့ Address ကို ပြန်ပြင်ပြီး သုံးလို့ ရပါပြီ။

Thursday, November 15, 2007

ဝင်ကစွပ်

အယ်လ်ဂိုး ပြောတာ ကြားဖူးတယ် “မြန်မြန် သွားချင်ရင် တစ်ယောက်တည်း သွား၊ ဝေးဝေး သွားချင်ရင် အများနဲ့ သွား” တဲ့။ ဒီလိုနည်းနဲ့ပဲ ကျွန်တော် စင်္ကာပူကို သွားခဲ့တယ်။ အခြေ နည်းနည်း ကျအောင် လုပ်ဖို့ တစ်ယောက်တည်း အရင် သွားတယ်။ တစ်ယောက်တည်း ဆိုတော့ (ရေတိုမှာ) အလုပ် တွင်ကျယ်တယ်။ နောက်မှ အမျိုးတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတယ်။ အခုလည်း သြော်ဇီကို ပြောင်းလာတော့ တစ်မိသားစုလုံး ခေါ်မလာဘဲ ကျွန်တော် တစ်ယောက်ထဲ အရင်လာပြီး သူငယ်ချင်း မိသားစု အိမ်မှာ တည်းပါတယ်။ ရောက်လာပြီးတာနဲ့ ပထမဆုံးနဲ့ အဓိက လုပ်ရမှာကတော့ နေဖို့ အိမ်ရှာရတာပါပဲ။ စက်တင်ဘာလ အလယ်လောက်မှာ ဒီကို ရောက်ပြီး အလုပ်က အောက်တိုဘာလ ဆန်းတာနဲ့ စလုပ်ရမှာ ဆိုတော့ နှစ်ပတ်ကျော်ကျော်ပဲ အချိန်ရပါတယ်။ အဲဒါကြောင့် ရောက်လာပြီးတာနဲ့ အိမ်ကို အသည်းအသန် ရှာရပါတယ်။

စင်္ကာပူမှာ အိမ်ငှားဖို့ ရှာတုန်းကတော့ စနေနေ့ သတင်းစာက Classified မှာ ရှာပါတယ်။ ကြိုက်တာ တွေ့ရင် ချက်ချင်းပဲ ဖုန်းဆက်ပြီး ပွဲစားကို ကောက်ချိန်းပြီး အဆင်ပြေရင် သွားကြည့် လုပ်ခဲ့ပါတယ်။ ဒီမှာတော့ အိမ်က အင်တာနက်မှာ ရှာလို့ ရပါတယ်။ Web Site တွေကလည်း ကောင်းပါတယ်။ ဒါပေမယ့် ခက်တာက အိမ်တော်တော် များများက ကိုယ်ကြည့်ချင်တဲ့ အချိန် ကြည့်လို့ မရဘဲ စနေနေ့ မနက်လိုမျိုးမှာ “Open House” လုပ်တယ်ဆိုပြီး ၁၅ မိနစ်လောက် အိမ်ကို ဖွင့်ထားပေးပါတယ်။ အဲဒီကျမှ အိမ်ငှားမယ့် လူတွေက ကြည့်လို့ (Inspection လုပ်လို့) ရပါတယ်။ တချို့ဟာတွေက ကြည့်ဖို့ ဆိုပြီး ကြိုတင်ပြီးတောင် Appointment ယူထားရပါသေးတယ်။ ကျွန်တော်တို့ကတော့ ဖွင့်ထားရင် အတင်းပဲ ၀င်ကြည့်လိုက်တာပဲ။ Open House လုပ်တဲ့ အချိန်ကိုတော့ တစ်ခါတစ်လေ Web Site မှာ ဖော်ပြထားပြီး များသောအားဖြင့်ကိုတော့ Local Newspaper လို တစ်ပတ်တစ်စောင် ထုတ်တဲ့ အခမဲ့ သတင်းစာစောင်မှာ ကြည့်ရပြန်တော့ အဲဒီ သတင်းစာကို သွားယူပြီး မှတ်ထားရပါတယ်။ Web Site နဲ့ သတင်းစာစောင် နှစ်ခု ပေါင်းမှ တော်တော် များများ ရပါတယ်။ ဒါတောင် ဘယ်ကဘယ်လို လွတ်သွားမှန်း မသိတာတွေ ရှိပါသေးတယ်။ နောက်တစ်ခါ ခက်တာပြန်က Open House တွေက တစ်ခုနဲ့ တစ်ခု အချိန် ကပ်နေပြီး အိမ်တွေကတော့ လှမ်းပါတယ်။ အဲဒီတော့ တစ်ပါတ်လုံး အိမ်တွေရှာ၊ ကြည့်ရမယ့် ဟာတွေ စားရင်းလုပ်ထားပြီး စနေနေ့ကျရင် သွားရမယ့် Route ကို သောကြာနေ့ ညကတည်းက ဆွဲထားပါတယ်။ ဒီအိမ်အရင်ကြည့်မယ်၊ ပြီးတော့ ဟိုအိမ်ကြည့်မယ်ဆိုပြီး။ ကြားရက်မှာ ကတည်းက အိမ်ရဲ့ အပြင်ပန်းနဲ့ ပတ်ဝန်းကျင်ကို စနည်းနာထားရပါတယ်။

စနေနေ့ရောက်တော့ သူငယ်ချင်းက သူ့ကားနဲ့ လိုက်ပို့ပါတယ်။ ဒါတောင် တောင်ပြေး မြောက်ပြေး လုပ်ရတာပါ။ အိမ်တစ်အိမ် ရောက်ပြီဆိုတာနဲ့ ကျွန်တော်က ဆင်းကြည့်ပြီး သူက နောက်တစ်လုံးကို ဘယ်လို မောင်းရမယ် ဆိုတာကို ကြိုကြည့်ထားပါတယ်။ နောက်အိမ်က နီးနီးနားနားဆိုရင်တော့ နှစ်ယောက်လုံး ဆင်းကြည့်ကြပါတယ်။ ကြည့်တာလည်း ၁၅ မိနစ်ထဲကို လာတဲ့သူတွေက အုပ်လိုက်ပါပဲ။ ကျွန်တော် ရှိနေတဲ့ ၅မိနစ် ၁၀ မိနစ်အတွင်းမှာ လူအုပ်က ၇စု ၈စုလောက် လူက ၁၀ ယောက် ၁၅ ယောက်လောက် ရှိတယ်။ တချို့တွေက အစောကြီး ကတည်းကတောင် လာစောင့်နေသေးတယ်။ အချိန်တန်ပြီဆို ပွဲစားက ကော့ကော့ ကော့ကော့နဲ့ ရောက်လာပြီး လူအုပ်ကြီးက နောက်ကနေ တစ်ဝုန်းဝုန်း တက်ပြီး အိမ်ငှားမယ့် လူတွေက ကော်မန်ဒိုတွေ Urban Operation မှာ ၀င်စီးသလို တစ်ခန်းဝင် တစ်ခန်းထွက် အမြန်ဝင်ကြည့် ဘီဒို တံခါးတွေ ဖွင့်ကြည့် လုပ်ကြပါတယ်။ ဒါတောင် အိမ်တွေက Unfurnished ငှားတာဆိုတော့ ထွေထွေထူးထူး ကြည့်နေစရာ မလိုပါဘူး။ ရေချိုးခန်းနဲ့ မီးဖိုချောင်ကိုပဲ ဦးစားပေးကြည့်ပါတယ်။ ပထမဆုံးကြည့်တဲ့ အိမ်ဆို ငှားသာ ငှားတာ မီးဖိုတို့ ရေချိုးခန်းတို့က စုတ်ပြတ်နေတာပဲ။ နောက်ပြီး ခင်းထားတဲ့ ကော်ဇောက အဆင်ပြေလား သန့်လားကြည့် အလင်းရောင် ရလားကြည့် အခန်းဖွဲ့ပုံကြည့်၊ ဒီလောက်ပါပဲ။

ကြိုက်ပြီဟေ့ ဆိုရင် ယူမယ် မယူဘူးကို ပါးစပ်နဲ့ ပြောရုံနဲ့ မရပြန်ဘူး။ အိမ်ငှားဖို့ကို Form တွေ ဘာတွေ တင်ရပြန်တယ်။ ပွဲစားဆီက Tenancy Application From ကို တစ်ခါတည်း တောင်းရပါတယ်။ တချို့ ပွဲစားတွေဆိုရင် နှစ်ယောက်နေမယ်ဆို နှစ်စောင် တောင်းရပြီး နှစ်ယောက်စာ ဖောင်ဖြည့်ရပါတယ်။ ပြီးတော့ သူတို့ဆီ Fax နဲ့ ဖြစ်ဖြစ် လူကိုယ်တိုင် ဖြစ်ဖြစ် ပို့ခိုင်းပါတယ်။ အဲဒါကိုမှ ပွဲစားက ရွေးပြီး အိမ်ရှင်က ဘယ်သူကို ငှားမယ် ဘာဟယ် ဆုံးဖြတ်ပါတယ်။ များသောအားဖြင့်တော့ လူနည်းနည်း တစ်ယောက်တည်းသမား နှစ်ယောက်သမားနဲ့ တစ်နေကုန် အလုပ်သွားနေမယ့် သူကိုပဲ ငှားတာပေါ့။ ပြီးတော့ ဒီမှာက အိမ်ငှားရင် Rental History ဆိုပြီး အရင် ငှားခဲ့တဲ့ အိမ်မှာ ကောင်းကောင်း နေခဲ့လား၊ အိမ်လခ မှန်မှန် ပေးရဲ့လားကို စစ်ပါတယ်။ ငှားမယ့်သူက အရင်တုန်းက ဘယ်အိမ်မှာ ဘယ်ပွဲစားနဲ့ ငှားထားတယ် ဆိုတာကို Form ထဲမှာ ဖြည့်လိုက်ရပါတယ်။ အဲဒါကို သူတို့ ပွဲစား အချင်းချင်း Fax တွေ ဘာတွေ ပို့ပြီး မေး နောက်ပြီး Tenant Central Database ဆိုလား ဘာလားနဲ့ စစ်တယ် ဆိုပဲ။ ပြဿနာက အခုမှ ဒီကို ရောက်ပါတယ် ဆိုမှ ဘယ်လိုလုပ် History ရှိပါ့မလဲ။ အဲဒါနဲ့ ဒီမှာ ရောက်နေတဲ့ သူငယ်ချင်းက Main Applicant လုပ်ပြီး ကျွန်တော်က Secondary Applicant လိုမျိုး လုပ်ရပါတယ်။ ကျွန်တော်ကလည်း နာမည် ပေါက်မှ ဖြစ်မယ်လေ။ နောက်တစ်နေရာမှာ ထပ်ငှားရင် History ရှိအောင်လို့။

ဒီမှာကတော့ အထပ်အမြင့်တွေက Condo လိုမျိုးပဲ ရှိပြီး ပုံမှန်ကတော့ ၃ထပ် အိမ်လေးတွေပါ။ Public Housing လိုမျိုး (အခုထိ) မတွေ့မိပါဘူး။ စရှာတာကတော့ သူငယ်ချင်းနေတဲ့ နေရာမှာပါ။ ဖြစ်နိုင်ရင် သူတို့ လမ်းထဲမှာ နီးနီးနားနား နေချင်တာပါ။ အဲဒီနားမှာ Mall တို့၊ Child Care တို့လည်းနီပြီး ရထားလမ်းဆုံ ဆိုတော့ သွားရလာရတာ အဆင်ပြေတယ်လေ။ ဈေးနီးနီး ကျောင်းနီးနီးဆိုတော့ ဒီနေရာမှာ ရှာတဲ့သူတွေ ငှားချင်တဲ့ သူတွေက များနေတော့ အိမ်ရှင်တွေ ပွဲစားတွေကလည်း ခပ်တင်းတင်းပါပဲ။ အဲဒါနဲ့ အခန်းတစ်ခန်းကို ကြိုက်တာနဲ့ ငှားမယ်လုပ်ပါတယ်။ Form ဖြည့်ရတာလည်း PR လျှောက်ရတာ ကျနေတာပဲ မျိုးစုံအောင် ဖြည့်ရတယ်။ ကျွန်တော့် အခြေအနေကလည်း ကိုးလိုးကန့်လန့်။ ရောက်တာကလည်း အခုမှ ရောက်တယ်၊ အလုပ်ကလည်း နောက်လမှ လုပ်မှာ။ Rental History ကလည်း မရှိဆိုတော့ Form ဖြည့်ရတာနဲ့ကို အဆင်မပြေလှမှန်း ကိုယ့်ဘာကိုယ်တောင် ခံစားမိပါတယ်။ အိမ်ရှင်တွေ ပွဲစားတွေသာ ကြည့်မယ်ဆိုရင် First Thrown-out ထဲမှာ ပါသွားမယ် ဆိုတာ သိနေပါတယ်။

အဲဒါကြောင့် Form ဖြည့်ပြီးတော့ ပွဲစားကိုလည်း လိုအပ်ရင် ရှင်းပြလို့ရအောင် လူကိုယ်တိုင် သွားပို့ ပါတယ်။ စနေနေ့ ကြည့်ပြီး တနင်္လာနေ့ သွားပို့ရပါတယ်။ နောက်ပြီး တစ်ရက် နှစ်ရက်နေတာနဲ့ အကြောင်းပြန်မယ်တဲ့။ ဖြစ်ချင်တော့ ပွဲစား နေတာက တစ်နေရာမှာဆိုတော့ သူငယ်ချင်းက ခွင့်ယူပြီး လိုက်ပို့ပါတယ်။ ကျွန်တော်ကလည်း သိပ်မသွားတတ် သေးတာရယ်၊ ဒီအခန်းလေးကို အလုပ်ဖြစ်သွားစေချင်တော့ အထာလည်းသိတဲ့ သူက လိုက်ပို့ပေးတာပါ။ Form တစ်ခုထဲ မဟုတ်ပါဘူး။ Passport ကော်ပီတို့၊ အလုပ်က Pay Slip ဒါမှမဟုတ် Employment Contract တို့၊ အရင်ငှားထားတဲ့ အိမ်မှာ လခ ပေးထားတဲ့ Rental Receipt တို့ကို တထပ်ကြီး တင်ရပြန်တယ်။ အဲဒါကို 100 Points System နဲ့ စစ်ပြန်တယ်။ ထားပါတော့ Passport တို့၊ Driver Licence တို့က ၄၀ ပွိုင့်၊ Employment Letter တို့ Pay Slip တို့က ၃၀၊ Electricity Bill တို့၊ Phone Bill တို့၊ Bank Statement တို့၊ စာရွက်တွေက ၂၀ စသည် စသည်နဲ့ ပွိုင့်တွေ ပေါင်းသွားပြီး အနည်းဆုံး ၁၀၀ ရှိရပါတယ်။ ကျွန်တော့် အတွက်တော့ မရှိပါဘူး။ တကယ်တော့ ပွဲစားတွေ အိမ်ရှင်တွေက ဘယ်လိုကောင် သူတို့ အိမ်ပေါ် တက်နေမှာလည်းကို စစ်တာနေမှာပေါ့။ ဒီနေရာမှာတော့ သူတို့တွေ အော်အော်နေတဲ့ Discrimination တို့ Privacy တို့က မရှိပါဘူး။ သေချာတယ် ကျွန်တော့်ကို ကူညီမယ့်သူ တစ်ယောက်မှ မရှိဘဲ ဒီမှာ အိမ်ငှားလို့ ရမှာမဟုတ်ဘူး။

ဒီက လူတွေက ဘာစနစ် ညာစနစ်တွေ ထွင်၊ ပြီးတော့ ရှေးရိုးစွဲကလည်းရှိ၊ ဟိုစာရွက်ကြည့် ဒီစာရွက်ကြည့်နဲ့ ကြိုးနီ စနစ်ကလည်း ရှိသေးတယ်။ အထူးသဖြင့် History ဆိုတာကို ပြန်ပြန် ကြည့်တာပဲ။ Immigrant တွေ ၀င်တဲ့ နိုင်ငံမှာ ဒီလိုမျိုး ရှိတော့ အခုမှ ၀င်လာတဲ့ သူတွေအတွက် ဘယ်လိုလုပ်မလဲဆိုတော့ တရုတ်၊ ကုလား၊ အဖြူတွေက သူတို Society နဲ့ သူ ရှိတယ်လေတဲ့ သူငယ်ချင်းက ပြောပါတယ်။ မြန်မာတွေကတော့ နည်းသေးတော့ သိပ်မရှိလှပါဘူး။ စင်္ကာပူမှာတော့ ရှိတယ် ပြောလို့ရတယ်။ ရောက်လာရင် ကူညီမယ့် အမျိုးတွေ သူငယ်ချင်းတွေက ရှိနေပြီလေ။

ပထမ အပတ်မှာ လေး၊ငါးခန်းလောက်ကြည့်ပြီး တစ်ခန်းပဲ လျှောက်လိုက်မိပါတယ်။ ပြီးတော့ အဲဒီ အခန်းလေးအပေါ် မျှော်လင့်ချက် ထားမိတယ်။ အကြောင်းမသိသေးတော့လည်း ဒီလိုပဲလေ။ တနင်္လာနေ့က လျှောက်လိုက်တာကို ပွဲစားက ဗုဒ္ဓဟူးနေ့ အကြောင်းပြန်မယ်ဆိုတာကို ဗုဒ္ဓဟူးနေ့ နေ့လည် ရောက်တဲ့ အထိ ပွဲစားက ဖုန်းမခေါ်လာတာနဲ့ သူဆီကို လှမ်းဆက်လိုက်တော့ အသံနားထောင်ရတာ အဆင်မပြေပါဘူး။ အဲဒါနဲ့ နောက်တစ်ခေါက် ထပ်ခေါ်ပြီး လခ (တကယ်တော့ တစ်ပတ်ကို ဘယ်လောက်နဲ့ တွက်တာပါ) ကို နည်းနည်း တိုးပေးလိုက်တော့ “လခက အဓိက မဟုတ်ပါဘူး။ Rental History က အဓိက” ဘာညာ လျှောက်ပြောပြီး ကြာသပတေးနေ့ကျရင် ပြန်ခေါ်မယ်ဆိုပြီး နာမည်တွေ ဘာတွေ အသေအချာ မေးပြီး နည်းနည်းတော့ စိတ်ဝင်စားဟန် ပြလာပါတယ်။ တကယ်တော့ ကိုရွှေပွဲစားက လူရပြီးသားပါ။ အဲဒီလူနဲ့ အဆင်မပြေရင် တိုးပေးထားတဲ့ ကျွန်တော့်ကို ငှားမယ်လို့ ယူဆရတာပဲ။ ဒါပေမယ့် ကြာသပတေးနေကျတော့ ဖုန်းပြန်လာပါတယ်။ အဆင်မပြေပါဘူးတဲ့။ ကျွန်တော်လည်း စိတ်ပျက်သွားပါတယ်။ သူငယ်ချင်းက ဒါဆို ဘာကြောင့်လည်း ဆိုတာ ပြန်မေးလိုက်ကွာ ဆိုလို့ မေးကြည့်လိုက်တော့ လူများလို့တဲ့။ ဒီမှာက အိမ်ငှားရင် ကလေးရှိလား ခွေးရှိလားက အစ ဖြည့်ရပါတယ်။ ဘယ်နှယောက်နေမှာလည်း ဆိုတော့ နာမည်ခံ သူငယ်ချင်းရယ်၊ ကျွန်တော်တို့ လင်မယားရယ် ၃ ယောက် ဖြည့်လိုက်ပါတယ်။ အဲဒါကြောင့် လူများလို့ ဆိုပြီး အပယ်ခံလိုက်ရတာပါ။ နောက်ပိုင်းကျတော့ သူငယ်ချင်းရယ်၊ ကျွန်တော်ရယ်ပဲ 2 Adults ဆိုပြီး ဖြည့်ပါတော့တယ်။ နေပြီး ၂လ ၃လလောက် နေမှ သူငယ်ချင်းနဲ့ သူမနဲ့ကို နေရာ လဲလိုက်တော့မယ်။

ကျွန်တော့်မှာ အချိန်က နှစ်ပတ်ပဲ ရှိတာမှ တစ်ပတ်က ကုန်သွားပါတယ်။ နောက်တစ်ပတ်မှာ လူက သွေးပျက်လာပါတယ်။ အဲ့ဒါနဲ့ သူငယ်ချင်းနေတဲ့ ရပ်ကွက်နဲ့ နီးတဲ့ တခြား ရပ်ကွက်တွေရယ်၊ အလုပ်နဲ့ နီးတဲ့ ရပ်ကွက်တွေရယ်မှာပါ ရှာပါတယ်။ အဲဒီတော့ ခက်တာက စနေနှေ့ နေ့တပိုင်းလောက်မှာမှ ၁၅မိနစ်သာသာ ဖွင့်တဲ့ အိမ်တွေကို တစ်ရပ်ကွက်ထဲ မဟုတ် ဟိုးဖက် တွေမှာပါ လိုက်ကြည့်ရတော့တာပဲ။ အချိန်တွေက ကပ်နေတော့ မနက်ကတည်းက အိမ်ကထွက်ပြီး သူငယ်ချင်းကပဲ Ready-Made ဆီချက်ခေါက်ဆွဲ လုပ်လာပြီး ကားပေါ်တင်လာ၊ လမ်းမှာ စားရပါတယ်။ ပြီးတော့ ရိုးရိုးလမ်းက သွားရင် မမီမှာ စိုးလို့၊ ပိုက်ဆံ ပေးရတဲ့ Freeway (Express) ကနေ မောင်းပြီး ဟိုရပ်ကွက် ဒီရပ်ကွက် ပြေးရပါတယ်။ ရပ်ကွက် ၃-၄ ခုလောက်ပြေးလိုက်ပြီး အိမ် ၇ခန်း ၈ခန်းလောက်တော့ ကြည့်လိုက်ရပါတယ်။ တနင်္ဂနွေနေ့ကျတော့ ကြည့်ခဲ့တဲ့ အထဲက ၄-၅ ခန်းကို ငှားဖို့ ဖောင်တွေကို တထောကြီးဖြည့် ကော်ပီ ကူးထားတာတွေ ထည့်နဲ့ ရှုပ်နေတာပဲ။

တနင်္လာနေ့ကျတော့ ထုံးစံ အတိုင်းပဲ သူငယ်ချင်းက ရုံးလစ်ပြီး လိုက်ပို့ရပြန်တယ်။ တကယ်တော့ ပွဲစားတွေက ရပ်ကွက် တစ်ခုမှာဆို ဘူတာရုံနားလေးတွေမှာ ရှိတတ်ပေမယ့် ကျွန်တော်က နေရာစုံ လျှောက်ထားတော့ နေရာစုံ သွားရတာပါ။ ပထမဆုံး သွားတင်တဲ့ ပွဲစားက တခြားစာရွက်တွေ လိုသေးတယ်ဆိုလို့ အိမ်ပြန်ရှာ တင်ရတယ်။ နောက်တစ်ယောက်ဆီ ရောက်တော့လည်း အိမ်က ငှားပြီးသွားပြီတဲ့။ ဘယ်လိုဖြစ်ရတာလဲ၊ စနေနေ့ကမှ Open House လုပ်တာလေဆိုတော့ အဲဒီနေ့ကပဲ ဖောင်တင်တဲ့ သူနဲ့ အဆင်ပြေသွားပြီတဲ့။ အဲဒီ အိမ်လေးက သူငယ်ချင်းအိမ်နဲ့ နီးလို့ လိုချင်လို့ ဖောင်ဖြည့်ကတည်းက အိမ်ငှားခက တစ်ပတ် ၃၀၀ကို ၃၂၀ တိုးပေးထားတာ။ ကျွန်တော့်မှာ စိတ်ကလည်းတို၊ စိတ်လည်း မကောင်း ဖြစ်သွားတယ်။ နောက်တစ်ယောက်ကျတော့လည်း ကျွန်တော် Rental History ကိုတောင်းနေတယ်။ မဟုတ်ဘူး.. စင်္ကာပူက အခုမှ လာတာလို ရှင်းပြရတယ်။ နောက်တစ်နေရာကျတော့လည်း ပွဲစားက အလုပ်များနေလို့ Form ကိုတောင် မစစ်နိုင်ဘဲ ယူထားလိုက်တော့ ငါဖောင်လေးကိုမှ စိတ်ဝင်တစား ကြည့်ပါ့မလား၊ ကြည့်ရင်ရော ငါ့အခြေအနေကို နားလည်ပါ့မလားလို့ စိတ်ပူစွာနဲ့ပဲ ထားခဲ့ရတယ်။

အင်္ဂါနေ့ရောက်တော့ ပြုတ်သွားတဲ့ Application တွေရယ်၊ တင်လို့မရတာရယ်နဲ့၊ မျှော်လင့်စရာက ၂ ခုပဲကျန်တော့တယ်။ ဒီအပတ်ပြီးရင် နောက်ထပ် စနေ၊တနင်္ဂနွေ တစ်ခေါက်ကျန်သေးပေမယ့် ပြီးတာနဲ့ ရုံးတက်ရမှာဆိုတော့ အဲဒီ ၂ခုကိုပဲ အားကိုးနေရပါတယ်။ တစ်ခုကတော့ ပွဲစားက ခေါ်လာပါတယ်။ မင်းတို့ အခြေအနေကို ကြိုက်တယ်တဲ့ Professional တွေတဲ့၊ တခြားငှားမယ့် သူတွေက ကျောင်းသားတွေမို့ မကြိုက်ဘူးတဲ့။ အင်း..မဆိုးဘူးဆိုကာမှ အိမ်ရှင်က ခရီးထွက်နေလို့ နောက်တစ်ပတ် နှစ်ပတ်နေမှ အကြောင်းပြန်မယ်တဲ့။ အဲဒါနဲ့ ကျန်တဲ့ တစ်ခုကို အတင်းဖုန်းဆက်တော့ သူက ကြည့်လိုက်မယ်တဲ့။ အဲဒါနဲ့ နောက်နှစ်ရက်လောက် နေမှ မင်းတို့ ငှားလို့ရတယ် ဆိုပြီး ဖုန်းဆက်လာတယ်။ တကယ်တော့ အဲ့ဒီ အိမ်က သူငယ်ချင်းနေတဲ့ ရပ်ကွက်မှာ မဟုတ်ဘဲ ကပ်ရပ်နေရာမှာပါ။ ရထားနဲ့ တတန်သွားမှ ရောက်တာပါ။ ပြီးတော့ Mall တွေ ဘာတွေ မရှိပါဘူး။ ဈေးကလည်း နည်းနည်း ပိုပေးရပါတယ်။ အဲဒါကြောင့် ငှားမယ့်သူမရှိလို့ ပြိုင်ဘက်မရှိ ကျွန်တော်တို့က ရသွားတာနဲ့ တူပါတယ်။ ပြီးတော့ ပွဲစားက အဖြူတွေ မဟုတ်ဘူး၊ ကုလားတွေ ဆိုတော့ သိပ်ထွေထွေ ထူးထူး ရစ်မနေဘဲ ရှိတဲ့ သူကို ငှားလိုက်တယ်။

တိုက်ကတော့ တော်တော် သစ်ပြီး၊ ကျယ်လည်းကျယ်ပါတယ်။ ရေချိုးခန်းကလည်း အပြင်မှာရယ် အိပ်ခန်းထဲမှာပါ ပါပါတယ်။ အဲဒါကြောင့် ပိုပေးရတာပါ။ Location ကတော့ ကောင်းတယ် မဟုတ်ပါဘူး။ အနားက ဘူတာမှာကလည်း ရထားတိုင်း မရပ်ပါဘူး။ နာရီဝက်လောက်နေမှ တစ်စင်းလာပါတယ်။ ဘူတာကလည်း မညှာမတာ ပြောရမယ်ဆို ရန်ကုန်က မြို့ပတ် ရထား ဘူတာတွေနဲ့ သူမသာ ကိုယ်မသာပါပဲ။ စာချုပ် ချုပ်မယ့် နေ့က မချုပ်ခင် အဲဒီနား တ၀ိုက် လျှောက် ကြည့်လိုက်တော့ Mall တွေ ဘာတွေနဲ့ မနီးပေမယ့် Grocery ဆိုင်တွေနဲ့ သိပ်မဝေးတော့ မဆိုးလှပါဘူး။ နည်းနည်း ကြာကြာ နေကြည့်လိုက်တော့ နေရတာ မဆိုးပါဘူး။ ပေးထားတဲ့ အချိန် အတွင်းမှာ အိမ်ရတာရယ်၊ နေရတဲ့ အိမ်က အဆင်ပြေတာရယ်ကြောင့် ပျော်ပါတယ်။ နောက်ကျရင်တော့ စည်ကားတဲ့ နေရာကို ပြောင်းချင် ပြောင်းမယ်ပေါ့။

တကယ်တော့ အိမ်ရှာတာ အိမ်ငှားတာ အခုမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို အိမ်ပိုင် မရှိတော့ အိမ်ပြောင်းရသလား မမေးနဲ့။ ဒီရပ်ကွက်ထဲမှာပဲ ဟိုလမ်းကနေ ဒီလမ်းပြောင်းလုပ်တယ်။ နောက်ပြီး ဟိုရပ်ကွက်ပြောင်း ဒီရပ်ကွက်ပြောင်းလုပ်တယ်။ နောက်ဆုံး အခန်းဝယ်လိုက်တော့ မှပဲ မပြောင်းရတော့ဘူး။ အဲဒီကျမှ အခြေတကျ ရှိတော့တယ်။ အဲဒီအခန်း ၀ယ်ပြီးမှပဲ ကျွန်တော့်မှာလည်း ဟိုသွားလိုက် ဒီသွားလိုက်နဲ့ ကြာကြာ မနေဖြစ်ပြန်ဘူး။ တစ်နေရာ တစ်နေရာမှာလည်း ၂နှစ် ၃နှစ်လောက်ပဲ နေဖြစ်ပြီး အခြေမကျပြန်ဘူး။ အခုတော့ ဘ၀က အိမ်ငှားနေရတဲ့ အပြင် နိုင်ငံပါ ငှားနေရတယ်။ ၃-၄ နှစ်ကြာရင်တော့ အိမ်တစ်လုံး ၀ယ်နိုင်ဖို့ မျှော်မှန်းနိုင်ပေမယ့် အပိုင် နိုင်ငံမှာနေဖို့ကတော့…….. ရွှေပြည်တော်ရယ်.. မျှော်လေတိုင်း.. …..

Monday, November 05, 2007

Beef Noodle

ဒီလောက် အစားအသောက် ပေါတဲ့ စင်္ကာပူမှာ နေတုန်းက မြန်မာပြည်က အစားအစာတွေကို သတိရပြီး မဖြစ်ဖြစ်အောင် လုပ်စားတယ်။ စင်္ကာပူက ထွက်လာပြန်တော့လည်း စင်္ကာပူက အစားအသောက်တွေကို သတိရပြီး လုပ်စားပြန်ရော။ အဲဒီမှာ သူမ ကြိုက်တဲ့ အစာ တစ်ခုက Beef Noodle။ ကျွန်တော်လည်း ကြိုက်တော့ ကြိုက်ပါတယ်။ မြန်မာပြည်မှာ နေတုန်းကတော့ အမဲသားလည်း မစားဘူး။ အမဲအူပြုတ်ဆို အနံ့တောင် မခံနိုင်လို့ ဆိုင်က လမ်းဒီဘက်ခြမ်းမှာဆို ဟိုဘက်လမ်း ကူးပြီး လျှောက်တယ်။ ကြိုက်တဲ့ သူတွေ အတွက်တော့ မွှေးတယ်ပေါ့။ ဒူးရင်းသီးလိုလေ။ တခြားနိုင်ငံတွေ ရောက်တော့မှ အမဲသား စားတယ်။ ဟုတ်တယ်လေ ဒီက နွားတွေက ဆန်စပါးစိုက်ပေးတဲ့ ကျေးဇူးရှင်တွေ မဟုတ်တော့ဘူး။ ပြီးတော့ စားလို့လည်း ပိုနူးညံ့ပြီး အမဲသား ရှောင်မယ်ဆိုရင် အစားအစာ အဆန်းအပြားလေးတွေ စားရတော့မှာ မဟုတ်တော့ဘူး။ ဒီလို အကြောင်းပြချက်နဲ့ အစားကြူးတယ်။ စင်္ကာပူ ရောက်တုန်းက အမဲအူပြုတ်လိုမျိုးကို ခေါက်ဆွဲ (နန်းကြီးလုံး) နဲ ရောင်းတော့ ပထမတော့ မစားရဲကြဘူး။ နောက်တော့ စမ်းစားကြည့်တော့ အနံ့လည်း မပြင်းတာနဲ့ စားဖြစ်သွားတယ်။ သိပ်တော့ မကြိုက်လှပါဘူး။ အဲဒီဆိုင်မှာ တကယ်ကြိုက်တာက Beef Noodle။ အမဲသားကို အစိမ်းနှပ်ထားတာကို ရေနွေးထဲမှာ ခဏပြုတ်ပြီး နန်းကြီးလုံးနဲ့ ကော်ရည်နဲ့ စားရတာ။ Gravy လို့လည်း ခေါ်တယ် Dry လို့ ပြောလိုက်လည်း ရတယ်။ သူတို့ဆီမှာ Gravy စားမလား Soup စားမလား ရတယ်။ Soup ဆိုရင်တော့ အမဲပြုတ်ရည်နဲ့ ခပ်ကျဲကျဲ ခပ်သွက်သွက်ပေါ့။

အခုလည်း လုပ်စားမယ်ဆိုပြီး စမ်းလုပ်ကြည့်တယ်။ သူတို့ လုပ်တဲ့ အတိုင်း ဟုတ်ချင်မှတော့ ဟုတ်မယ်။ အမဲသားတွေ ကီလိုဝက်လောက် ၀ယ်ထားပြီး ရေခဲသေတ္တာ (Freezer) ထဲမှာ ခဲထားတာကို ထုတ်ပြီး ရေခဲမပျော်ခင် မာမာလေး ဖြစ်နေတုန်း လက်သန်းလောက် အရှည်၊ တက်နိုင်သလောက် ခပ်ပါပါး လှီးတယ်။ ရေခဲမရိုက်ထားတာ လတ်လတ်ဆတ်ဆတ် ဆိုရင်တော့ ပိုကောင်းမှာပါ။ ရေခဲရိုက်ထားတော့လည်း ပါးပါးလှီးလို့ ပိုလွယ်တာပေါ့။ ညကတည်းက လှီးထားပြီး ဆားနယ်၊ ရှာလကာရည် (Vinegar) အမည်းရောင်နဲ့ နယ်၊ သံပုရာသီး နည်းနည်း ညှစ်ပြီး ရေခဲသေတ္တာ (Refrigerator)ထဲ ပြန်ထည့်ထားလိုက်တယ်။ မနက်ကျတော့ ဟင်းသီးဟင်းရွက်တွေ လှီးရတယ်။ ကြံမဆိုင်ကို ၀ယ်လာတဲ့ အတိုင်းကို ရေ နှစ်ထပ်၊ သုံးထပ်လောက် ဆေးပြီး သေးသေးလေးတွေ ရအောင်လှီးတယ်။ တကယ်တမ်း စားတဲ့ အခါကျတော့ ကြံမဆိုင်ကပဲ အအီပြေစေတာလေ။ ပဲပင်ပေါက်ကို ရေနွေးဖျောထားတယ်။ တရုတ်နံနံ ကို နုတ်နုတ်စင်းထားတယ်။ ရှောက်ရွက်ရရင် ရှောက်ရွက်ကို ပါးပါး လှီးတယ်။ သူတို့ ဆီမှာ ၀ယ်စားတုန်းကတော့ ရှောက်ရွက် မပါပါဘူး။ ကိုယ့်ဘာသာကိုယ် ထည့်စားတာ။ နောက်ပြီး ဆိုင်မှာ စားရင် ကောင်းတာက ငရုတ်ချဉ်။ သူတို့ဟာက ငရုတ်သီးကို ထောင်းထားတာကို ရေကျဲကျဲနဲ့ ဆိုတော့ ငရုတ်ဆီလိုလည်း မဟုတ်ဘဲ စားလို့ကောင်းတယ်။ အသားဖတ်လေးတွေကို ငရုတ်ချဉ်နဲ့ တို့စားလို့ အင်မတန်ကောင်း။

စားခါနီးကျမှ ကော်ရည်ကို ကျိုတယ်။ ၆ယောက်စာလောက်ဆို ကော်မှုန့် (Corn Starch) ကို လဘက်ရည်ဇွန်း ၁၀ ဇွန်း မောက်မောက်ကို ရေအေးနည်းနည်းနဲ့ ဖျော်ပြီး ကျိုတယ်။ ပူလာမှ ရေနွေးထပ်ထည့်ပြီး တစ်အိုးစာ ကျိုတယ်။ မွှေနေတုန်း အရောင်ရအောင် ပဲငံပြာရည် အပြစ်ရည်ထည့်၊ ပိုမွှေးအောင် အကျဲလည်းထည့်၊ ဆားခပ်၊ ကြက်သားမှုန့် နည်းနည်းပါ ခပ်လိုက်တယ် (အချိုမှုန့်အစား)။ မွှေရင်း မွှေရင်းနဲ့ ကော်ရည်တွေက ပြစ်စေးလာတော့ မီးလျှော့ပြီး တစ်ချက် တစ်ချက်ပဲ မွှေတော့တယ်။ ပြီးတော့ နောက်အိုးတစ်လုံးနဲ့ ရေနွေးကျိုထားပြီး လေညှင်းပွင့် ၃-၄ ပွင့်လောက် ပစ်ထည့်ထားတယ်။ ဒီအိုးက အမဲသား ပြုတ်ဖို့။ နောက်ထပ် အိုးတစ်လုံးနဲ့လည်း ရေနွေးကျိုထားပြန်တယ်။ ဒီဟာက မုန့်ဖတ်ကို ရေနွေးဖျောဖို့။

စားခါနီးကျမှ မုန့်ဖတ်တွေကို ရေနွေးဖျောနေချိန်မှာ အမဲသား တစ်ခါစားစာကို သူ့အိုးထဲ ထည့်ပြုတ်လိုက်တယ်။ မုန့်ဖတ်တွေ အတော်အတန် နူးညံ့သွားပြီး ဆိုမှ စားမယ့် ပန်းကန်ထဲထည့်၊ အမဲသားကလည်း တစ်မိနစ်လောက်ပဲ ပွက်ပွက် ဆူနေတဲ့ အိုးထဲမှာ ပြုတ်ပြီးထည့်၊ ကော်ရည် ယောက်ချို တစ်ဇွန်းလောက် ထည့်လိုက်ပြီး ပွဲပြင်ပေးလိုက်တယ်။ စားမယ့်သူက အခပ်တွေ၊ အရွက်တွေ သူဘာသူ ကြိုက်သလောက် ထည့်စားပါစေ။ ငရုတ်ကောင်းလေးပါ ခပ်လည်း ခပ်ပါစေ။ ငရုတ်ဆီနည်းနည်း ထည့်စားလည်း ပိုကောင်းတယ်။ လာစားတဲ့ သူငယ်ချင်းကတော့ မြီးရှည်နဲ့ တူတယ် ဆိုမှပဲ ကျွန်တော်တို့ လည်း ဟုတ်သားပဲ တွေးမိတယ်။ မြီးရှည်ကတော့ ၀က်သားနဲ့၊ ပဲငပိနဲ့ လုပ်ထားတာပေါ့။ ကော်ရည်ကလည်း ပြစ်ပြစ်တုံးတုံးပါ။ ဒီလိုနဲ့ စားလိုက်ကြတာ အီသွားတော့ လှည့်တောင် မကြည့်ချင်တော့ပေမယ့် မုန့်ဖတ်တွေနဲ့ အမဲသား နည်းနည်း ကျန်နေသေးပါတယ်။ အမဲသား ထည့်ပြုတ်တဲ့ အိုးကလည်း တော်တော်ကို အဆီကျနေပါပြီ။ အဲဒါနဲ့ ညနေစာကို အဲဒီ ပြုတ်ရည်ထဲ ကျန်တဲ့ အမဲသားတွေထည့် မုန့်ဖတ်တွေထည်ပြီး Soup လုပ်သောက် လိုက်တယ်။ ရှောက်ရွက်တွေ ဘာတွေ ခပ်လိုက်တော့ တော်တော့်ကို မွှေးသွားပြီး သောက်လို့ ကောင်းသွားတော့ အပြတ် ရှင်းပစ်လိုက်တော့တယ်။

ဒီလို Beef Noodle က စင်္ကာပူမှာ နေရာတိုင်းလိုလို မှာ ရနိုင်ပြီး နောက်တစ်မျိုး စားခဲ့ရသေးတယ်။ သူကတော့ ဘိုအရသာ။ မုန့်ဖတ်က Spaghetti မုန့်ဖတ်ကို Beef Stew နဲ့စားရတာ။ Stew ကတော့ ဘိုစတိုင် ချက်ထားတာ။ ရှမ်းမုန်ညင်းချဉ်လို မျိုး (အဲဒီလောက်တော့ မပြင်းဘူး) လည်းထည့်ပေးတယ်။ နောက်တစ်မျိုး Food Republic မှာ စားခဲ့တဲ့ တရုတ်ပြည် နယ်တစ်နယ်က (ယူနန်လား မသိ) Beef Noodle။ Beef Stew လိုမျိုးပဲ။ အဲဒီလောက် မပြစ်ဘဲ အရည်နည်းနည်း ကျဲကျဲ နဲ့စားရတယ်။ သူမှာ ထူးခြားတာကတော့ မုန့်ဖတ်ပဲ။ မုန့်ဖတ်က ဂျုံလုံးကြီးကို ဓားနဲ့လှီးလှီးပြီး ရေနွေးထဲကို ထည့်လိုက်တော့ ကျက်သွားတာ။ အဲဒါတွေနဲ့ စာရင်တော့ ကျွန်တော်တို့ ချက်စားတဲ့ Beef Noodle က အရသာ မပြင်းဘဲ လုပ်ရလွယ်တဲ့ Noodle တစ်မျိုးပါပဲ။

Tuesday, October 30, 2007

ကလေးနဲ့ လေယာဉ်စီးခြင်း

အစတုန်းကတော့ လေယာဉ်ပေါ်မှာ ကလေးတွေနဲ့ ခရီးသွားတာတွေ့ရင် ကလေးနဲ့များ ဘာကြောင့် သွားပါလိမ့်လို့ တွေးမိတယ်။ မြန်မာတွေကတော့ ကလေးငယ်လေးနဲ့ ဆိုရင် ဘာမှာ ရှုတ်ရှုတ်ရှက်ရှက် မလုပ်ပါဘူး။ ဘိုတွေပဲ ကလေးနဲ့ အပျော် ခရီးသွားတာတို့ ဘာတို့ လုပ်တာကိုး။ ကလေးက ငယ်နေသေးတာပဲ အိမ်မှာ နေတာမဟုတ်ဘူး။ လေယာဉ်ပျံ စီးပြီး သွားလောက်အောင် ဘာများ အရေးကြီးနေလို့လဲလို့ တွေးမိတယ်။ ဒီလို တွေးမိရတဲ့ အဓိက အကြောင်းကလည်း ကလေးနဲ့ လေယာဉ်ပေါ်မှာ စီးရတာ အင်မတန် ဒုက္ခများမယ် ထင်နေလို့ပါ။ ပြီးတော့ ကလေးကို သနားတာလည်း ပါတယ်။ လေယာဉ်ပျံ စီးရတာ ကားစီးရတာလောက် သက်တောင့် သက်သာ ရှိတာမဟုတ်ဘူး။ ပြီးတော့ လမ်းမှာ ရပ်ပြီး အောက်လေး ဘာလေး ဆင်းလို့ ဆန့်လို့ ရတာ မဟုတ်ဘူးလေ။ ပြီးတော့ လေယာဉ်ပေါ်မှာ လိုက်နာရတာတွေကလည်း ရှိသေးတယ်။ လေယာဉ်ပေါ်မှာ ကလေးက တောက်လျှောက် ငိုလာရင် ဒုက္ခဆိုပြီး တွေးမိတာလည်း ပါတယ်။

ကိုယ့်အလှည့်ကျမှပဲ သူများတွေ ဘာလို့ ကလေးနဲ့ လေယာဉ်ပျံ စီးရတယ် ဆိုတာ နားလည်တော့တယ်။ မတတ်သာလို့၊ ရှောင်လွဲ မရလို့ပေါ့။ ကျွန်တော်တို့လည်း ကလေးနဲ့ အစောဆုံး လေယာဉ် စီးလို့ရမယ် ထင်တဲ့ ၆ လကျော်မှပဲ စတင် စီစဉ်တော့တယ်။ စီစဉ်တယ် ဆိုပေမယ့် ကျကျနန မဟုတ်ပါဘူး။ တကယ်ဆို ကလေးငယ်နဲ့ လေယာဉ်စီးမယ် ဆိုရင် စောစောစီးစီ လက်မှတ်တွေ ဘာတွေ ၀ယ်ထားသင့်ပေမယ့် ကျွန်တော်တို့ကတော့ အခြေအနေ ကြည့် လုပ်ရတာ ဆိုတော့ ၃ ပတ်လောက် အလိုကျတော့မှ ၀ယ်ဖြစ်ပါတယ်။ ပြီးတော့ လူကိုယ်တိုင် သွားဝယ်နိုင်တာ မဟုတ်တော့ Zuji ကပဲ ၀ယ်လိုက်ပါတယ်။ အပြင်ထက် (ကိုယ်နဲ့ သိတဲ့ Travel Agent ထက်) နည်းနည်းလေးပဲ ဈေးပိုပေးရပေမယ့် ဈေးမှန်ပါတယ်။ အရမ်းများမှာ ရိတ်မှာ မပူရဘူး။ Travel Agent ထက် သာတဲ့ အချက်ကတော့ သူက လက်ကြီးသမားဆိုတော့ ခုံတွေ ဦးထားတာ ရှိလို့ ၃ ပတ်လောက်ပဲ ကြိုဝယ်တာတောင် သူဆီမှာ ခုံတွေ ရှိနေပါသေးတယ်။ ဒီအချိန်လောက်ဆို Travel Agent သေးသေးလေးတွေမှာ ၀ယ်လို့ မရနိုင်တော့ပါဘူး။ အခုတောင် တော်သေးတာပေါ့ Non-Stop Flight မို့လို့။ သူဆီမှာ ၀ယ်ရင် Online ၀ယ်တယ် ဆိုပေမယ့် Infant ပါရင် တိုက်ရိုက် ၀ယ်လို့ မရဘဲ ဘယ်ဖုန်းနံပါတ်ကို ဆက်ပါဆိုလို့ ဆက်လိုက်တော့လည်း မထူးပါဘူး။ လူကြီးဝယ်တဲ့ အတိုင်း Online ၀ယ်ပြီး ငွေချေခါနီးကျမှ Credit Care တိုက်ရိုက် မထည့်ဘဲ ဖုန်းနဲ့ ပေးတဲ့ Option ကို ရွေးပြီး ကိုယ့်ရဲ့ Trip No ပြောပြီး တခါတည်း ကလေးအတွက်ပါ လိုချင်တယ် ပြောလိုက်ရပါတယ်။ အဲဒီကျမှ ကလေးအတွက် ထိုင်ခုံမပါ လက်မှတ် တစ်စောင်ကို ၂၈၀ ကျော်ကျော်နဲ့ ထုတ်ပေးပါတယ်။ ဒါပေမယ့် Seat Number ကိုတော့ သူ့ဆီမှာ Reserve လုပ်လို့ မရပါဘူး။ သက်ဆိုင်ရာ လေကြောင်းလိုင်းမှာပဲ လုပ်ပါတဲ့။

ကလေးနဲ့ဆိုတော့ လေကြောင်းလိုင်းကို Service ပေးတာမှာ ကောင်းတယ်လို့ နာမည်ကြီးတဲ့ Singapore Airline (SQ) ကိုပဲ ရွေးလိုက်ပါတယ်။ ရုံးကိစ္စတွေနဲ့ စီးတုန်းကလည်း ရုံးက SQ ပဲ ၀ယ်တာဆိုတော့ SQ က ကောင်းတယ် ဆိုတာ သိနေပါပြီ။ တစ်ယောက်တည်း Sydney ကို လာတုန်းကတော့ ဈေးနည်းနည်း ပိုသက်သာတဲ့ Qantas ကို စီးလာတာပါ။ တကယ်တမ်း ယှဉ်စီးကြည့်တော့ Qantas က တောက်လျှောက် အစားအစာ တစ်မျိုးပြီး တစ်မျိုး ကျွေးလာပြီး SQ ကတော့ ၇နာ၇ီကျော် ၈နာရီလောက် ခရီး တစ်လျှောက်လုံးမှာမှ အကြီးတစ်ခါ အသေးတစ်ခါပဲ ကျွေးပါတယ်။ Qantas ကတော့ ၂ နာရီ တစ်ခေါက်လောက်ကို တစ်မျိုးပြီး တစ်မျိုး ကျွေးနေပြီး သူ့ဆီက အစားအစာတွေကို ကျွန်တော် ပိုကြိုက်ပါတယ်။ လေယာဉ်ပေါ်က Service ကလည်း ဘာမှ ပိုကောင်းတယ် မဟုတ်ပြန်ဘူး။ ကလေးပါတယ် ဆိုလို့ အနှီးထုပ်လေး ၂ခုရယ်၊ Wet Tissue ပါတဲ့ Kit လေးတော့ လာပေးပါတယ်။ ပြီးတော့ ဘာမှ အပို ဂရုစိုက်တယ် မရှိလှပါဘူး။ မလိုလို့လည်း နေမှာပေါ့။ လိုရင်တော့ ဂရုစိုက်မှာပါ။ Qantas ရဲ့ In-flight On-Demand TV ကလည်း ပိုကောင်းပါတယ်။ ကလေးနဲ့တော့ In-Flight Cinema ကြီး ပါရင်တောင် မထူးပါဘူး။ Ground မှာတော့ SQ က ပိုသာတယ် ထင်ပါတယ်။ Early Check-in တို့၊ Gate ထဲ ၀င်တာတို့ ဘာတို့ဆို ကလေးနဲ့ဆို ဦးစားပေးပါတယ်။

ကလေးနဲ့ လေယာဉ်စီးရင် ပုခက် (Bassinet) ပါတဲ့ ခုံရနိုင်ပါတယ်။ ပုခက်က ရှေ့မှာ အခန်းအကန့် နံရံ ရှိတဲ့ ထိုင်ခုံတွေမှာပဲ ရှိပြီး တချို့ဟာတွေက နံရံကိုကပ်ပြီး ခေါက်ထားတတ်ပြီး တချို့ဟာတွေကတော့ အရှင် ဖြုတ်နိုင် တပ်နိုင်ပါတယ်။ များသောအားဖြင့် ပုခက်ပါတဲ့ ခုံကတော့ Economy Class အတွက် ၄-၅ ခုံလောက်ပဲ ရှိတတ်ပါတယ်။ အဲဒါကြောင့် နှစ်ပါတ်လောက် အလိုမှာ သူမက Paragon က SIA မှာ သွားပြီး Seat ကို Reserve သွားလုပ်တော့ အကုန်လုံး ဦးသွားပြီတဲ့ မရနိုင်တော့ပါဘူးတဲ့။ Zuji ကလည်း လက်မှတ် ၀ယ်တုန်းက ထိုင်ခုံ ဦးပေးဖို့ ကြိုးစားပါသေးတယ်တဲ့။ မဆိုးပါဘူး၊ ထူးလည်းမထူးပါဘူး။ ကလေးခြင်း (Carrycot) ထဲ ထည့်ထားလို့တော့ ရတယ်ဆိုတာနဲ့ ခြင်းဝယ်ဖို့ စဉ်းစားသေးတယ်။ ဒါပေမယ့် တစ်ခေါက်လောက်ပဲ သုံးလို့ရမှာမို့ ဒီအတိုင်းပဲ သယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ SQ က မပျံခင် ၄၈ နာရီအလိုမှာ Online Check-In လုပ်လို ရတယ်ဆိုတာနဲ့ လုပ်ကြည့်ပေမယ့် ကျွန်တော့် Passport က သက်တမ်း ၆လ မရှိတော့တာမို့ လုပ်လို့ မရလိုက်ပါဘူး။ အဲဒါနဲ့ သွားမယ့်နေ့ မနက်ကျမှ Paragon ကို ပြေးပြီး Check-In လုပ်ပါတယ်။

ကိုယ့်ဘာသာကိုယ် လေယာဉ်စီးမယ်ဆို အသွားမှာ ကိုယ့်သွားမယ့် မြို့ကို လေယာဉ်ဆင်းခါနီး အပေါ်က ကြည့်လို့ ရအောင်ရယ် မှီဖို့ နံရံပါရှိတဲ့ Window Seat ယူပြီး အပြန်မှာတော့ Isle Seat ကို ယူတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လေယာဉ်နောက်ပိုင်း (ထိုင်ခုံ နံပါတ်ကြီးတာ) ကိုတော့ တတ်နိုင်ရင် မယူပါဘူး။ လေယာဉ်က နောက်ပိုင်းကျရင် ပိုတုန်ခါပြီး စီးရတာ အဆင်မပြေလှပါဘူး။ အခု ကလေးနဲ့ ဆိုတော့ ဘေးတန်းတွေ မယူဘဲ အလယ်တန်း/ကျွန်း (Isle) က ခုံကို ယူလိုက်ပါတယ်။ အလယ်တန်းက ၄ ခုံ ရှိတာ ဆိုတော့ ကိုယ်က ၂ ခုံ ယူလိုက်ရင် ဟိုဘက်က ၂ ခုံက သူဘာသူ ထွက်တာ ထတာ ကိစ္စ ရှင်းပါစေ၊ ကိုယ့်ဘက်က ကိုယ့်အပိုင်ပဲ။ ဘေးတန်းဆိုရင် ၃ခုံတွဲ ဆိုတော့ တခြား တစ်ယောက်က ရှိနေသေးတယ်။

Early Check-In လုပ်ထားတယ် ဆိုပေမယ့် လေဆိပ်ရောက်တော့ Baggage Check-In လုပ်ရပါသေးတယ်။ ကလေးအတွက် ၁၀ ကီလို ရတော့ အားလုံးပေါင်း ကီလို ၅၀ ရပါတယ်။ အဲဒါကို (အိမ်မှာ ချိန်တုန်းကတော့ ၆၅ ကျော်ကျော်ပါ သူ့ဆီမှာ ချိန်မှ) ၆၈ ကီလိုလောက် ဖြစ်နေတော့ Ground Crew က လက်ဆွဲ အိတ်တွေကို လှမ်းကြည့်လိုက်ပါတယ်။ လက်ဆွဲအိတ်က သေးသေးလေး ၂ အိတ်ဆိုတော့ ပေါင်ပိုကြေးတွေ ဘာတွေ ရစ်မနေဘဲ ပေးသယ်လိုက်ပါတယ်။ လက်ဆွဲ အိတ်က သေးသေးလေး ၂ အိတ်ပဲပေါ့၊ ကျန်တဲ့ အိတ်အကြီးကြီး ၄ အိတ်က တခြား တစ်ယောက်နဲ့ တစ်နေရာမှာ ချန်ခဲ့တာကိုး။ လက်ဆွဲအိတ်တွေ အားလုံး ပေါင်းလိုက်ရင်တောင် ၃၅ ကီလိုလောက်တော့ အသာလေး ရှိမယ်။ တကယ်ဆို ကလေးနဲ့ လေယာဉ်စီးမယ်ဆို တတ်နိုင်သလောက် အထုတ် လျှော့ယူရမှာကို အခုဟာက အိမ်ပြောင်းတာဆိုတော့ အများကြီး သယ်နေရတယ်။ ကလေးလှည်းလေး (Stroller) ကိုရော တစ်ခါတည်း ချိန်မလား မေးပေမယ့် လေယာဉ်ပေါ် မတက်ခင်ထိ သယ်သွားလို့ရတော့ သယ်သွားမယ် ပြောလိုက်တယ်။ လေယာဉ်ပေါ် မတက်ခင်လေးတင်မှာ ကလေးလှည်းတို့ လူကြီးလှည်းတို့ကို စောင့်ယူနေတဲ့ သူတွေကို ပေးလိုက်ရပြီး လှည်းတွေ အတွက် ပေါင်မချန်ပါဘူး။

ကလေးအတွက် ပစ္စည်းတွေကို အထုတ်တစ်ထုတ်နဲ့ သက်သက်ထည့်လာပြီး အဲဒီအထုတ်ကိုတော့ ခေါင်းပေါ်က Cabin ထဲ မထည့်ထားဘဲ ထိုင်ခုံအောက်မှာပဲ ထားလိုက်ပါတယ်။ လေယာဉ်ပေါ်ရောက်တာနဲ့ မြင့်မြတ်နိုးတို့ ဇာတ်လမ်းစတော့တာပဲ။ ကိုယ့်နေရာလည်းမဟုတ်၊ ကျဉ်းကျဉ်း ကျပ်ကျပ်ဆိုတော့ အီပြီး ငိုနေတော့တယ်။ တော်သေးတယ် လေယာဉ်က စောစော ထွက်လို့။ စောစောဆိုပေမယ့် သတ်မှတ် အချိန်ထက် နောက်ကျပါသေးတယ်။ Gate Open လုပ်တာ နောက်ကျနေလို့။ ဘာပဲ ဖြစ်ဖြစ် လေယာဉ်ထဲမှာ ကြာကြာတော့ မနေလိုက်ရဘူးပေါ့။ လေယာဉ်မယ်က Infant Seat-Belt လာပေးသွားတော့ အမေနဲ့ တွဲပြီး ချီပေးထားတယ်။ ကလေး စိတ်ပြောင်းအောင်ဆိုပြီး ရှေ့က ခုံမှာတပ်ထားတဲ့ TV လေးကို လက်နဲ့ တောက်တောက်တောက် ခေါက်ပြတော့ ရှေ့က ဘွားတော်က တင်းပြီး နောက်ကို လှည့်ကြည့်တာ ကလေးလေးကို တွေ့သွားပြီး ပြုံးပြတယ်။ ကလေးပါတော့ လူတိုင်းက နားလည်ပေးပြီး ဦးစားလည်း ပေးပါတယ်။ လေယာဉ်ပျံ Take-Off လုပ်တော့လည်း ငိုနေပေမယ့် ဒီအတိုင်းပဲ အမေနဲ့ တွဲချီထားရတယ်။ ခါးပတ်ချွတ်လို့ ရမှ ကျွန်တော်တို့ နှစ်ယောက်ကြားက လက်တန်းကို မ ဖယ်ပြီး သူကို သက်တောင့်သက်သာ ဖြစ်အောင်လုပ်ပေး ချီထားရတယ်။

Over-Night Flight ဆိုတော့ SQ ကလည်း သစ္စာရှိတယ်။ အိမ်မှာ ညစာ စားခဲ့ပြီးပြီ ဆိုပြီး Supper အတွက် Sandwich နဲ့ Croissant ကို ဒီအတိုင်း လိုက်ဝေတယ်။ သမီးအတွက်ကတော့ နို့ဘူးတစ်ဘူးကို ဖျော်ပြီးယူလာတယ်။ နောက်ပြီး နို့မှုန့်ချိန်ထည့်လို့ရတဲ့ ဟာလေးထဲ နို့မှုန့်တွေ ထည့်လာလိုက်တယ်။ အဲဒါရယ် သူစွဲလမ်းတဲ့ စောင်ကလွဲရင် တခြား ထွေထွေ ထူးထူး ဘာမှာတော့ ပါမလာပါဘူး။ ညကျတော့ သူ့အမေထိုင်နေတဲ့ အပေါ်မှာ ခေါင်းအုံးတွေ စီပြီး သိပ်ထားပါတယ်။ ခြေထောက်ကတော့ ကျွန်တော့်ပေါ်မှာပါ။ အရမ်းအေးတော့ နွေးအောင်ဆိုပြီး အနွေးထည် အထူကြီး ၀တ်ပေးထားတာလည်း သူ့အတွက် နေရ ထိုင်ရတာ အဆင်မပြေလှပါဘူး။ ပါးပါးနဲ့ နွေးနွေးဆို ပိုပြီးတော့ အဆင်ပြေမှာပါ။ Seat-Belt က ခလုတ်ကြီးက ကျောမှာ ခုနေတတ်ပါသေးတယ်။ ကံကောင်းချင်တော့ တစ်ညလုံး တစ်ခါတစ်လေ နိုးပြီး ထထ အော်တာကလွဲရင် မနက်မိုးလင်းတဲ့ အထိ အိပ်လာပါတယ်။ သူ့အမေကပဲ ကောင်းကောင်းချီတတ်လို့ သူ့ပေါ်မှာ အိပ်နေတော့ သူမလည်း လမ်းတစ်လျှောက် အဆင်ပြေသလိုပဲ လိုက်လာရပါတယ်။

လေယာဉ်အင်ဂျင်သံ ဆူတာကတော့ ပြဿနာ မဟုတ်ပါဘူး။ အင်ဂျင်သံကြောင့် ကလေးက ပိုပြီး အိပ်ငိုက်သလို ကလေးငိုသံကိုလည်း ရှေ့ ၃တန်း နောက် ၃ တန်း လောက်ကပဲ ကြားရလောက်ပါတယ်။ ဟိုးနောက် ၄-၅တန်းက ကလေးငိုသံကို ကျွန်တော်တို့ဆီကနေ သဲ့သဲ့ပဲကြားရပါတယ်။ ဒါပေမယ့် အဲ့ဒီနေ့က ကလေးငယ်လေးတွေ ၁၀ ယောက်ကျော် ပါလာတာဆိုတော့ လေယာဉ်တစ်စင်းလုံးကို သူ့အတန်းနဲ့သူ ကလေးတွေက တာဝန်ယူထားပါတယ်။ Over-Night Flight ဆိုတော့ ကလေးအတွက်ကတော့ အိပ်ချိန်ဆိုပြီး အိပ်လာပေမယ့် လူကြီးတွေကတော့ ကောင်းကောင်း မအိပ်ရရင် မနက် လေယာဉ်ဆိုက်ရင် ပင်ပန်းနေတတ်ပါတယ်။ ကျွန်တော်တို့လည်း တစ်လမ်းလုံး နာရီပဲ တကြည့်ကြည့်နဲ့ ပါလာပါတယ်။ သမီးက တစ်ချက် တစ်ချက် နိုးနိုးလာပြီး နို့စို့ တတ်ပါတယ်။ နို့အေးသွားလို့ လေယာဉ်မယ်တွေဆီမှာ သွားနွှေးခိုင်းတာ အရမ်းပူသွားလို့ ရေသန့်ဘူးတောင်းပြီး နည်းနည်းရောပြီး တိုက်ရပါသေးတယ်။ နောက်တစ်ခေါက်ကျတော့ ဖျော်ပြီးသား နို့ကုန်သွားလို့ ရေနွေး သွားတောင်းပြီး ဖျော်လိုက်ရပါတယ်။

တစ်လမ်းလုံး လေယာဉ်က မီးမှိတ်ပြီး ပျံလာပါတယ်။ တော်တော်များများကလည်း အိပ်ပြီး လိုက်လာကြပါတယ်။ မနက် နေထွက်ချိန်ကျတော့ မနက်စာ ကျွေးဖို့ မီးတွေ ဘာတွေ ထွန်းတော့ သမီးလည်း နိုးလာပါတယ်။ ကျွန်တော့်ပေါ်မှာ ခဏအိပ်ပြီးတော့ ငိုလာတာနဲ့ လမ်းထလျှောက်ပါတယ်။ လေယာဉ်မယ်တွေ မနက်စာ ကျွေးဖို့ ပြင်ဆင်နေချိန်မှာပဲ သမီးက စိတ်ပြန်ကြည်လာတာနဲ့ အနှီးထုပ် လဲပေးဖို့ စိတ်ကူးပြီး လေယာဉ်အိမ်သာတွေထဲက လဲလို့ရတယ်ဆိုတဲ့ Sign တတ်ထားတဲ့ အခန်းထဲ ၀င်လဲပါတယ်။ အထဲမှာ ကျဉ်းပေမယ့် တစ်မိသားစုလုံး ၀င်ပြီး ကလေးကို အနှီး လဲပေးလိုက်ပါတယ်။ အလွယ်ပဲ လေယာဉ်ပေါ်ကပေးတဲ့ Diaper နဲ့ လဲလိုက်ပေမယ့် သူ့တို့ပေးတဲ့ Diaper က အတော်ကြမ်းပါတယ်။ မနက်စာစားတော့ လေယာဉ်မယ်ကတော့ မေးပါတယ်။ နှစ်ယောက်စလုံး အတူတူ စားမလား၊ တစ်ယောက်စာ နောက်မှ ယူလာပေးရမလားတဲ့။ ကျွန်တော်တို့လည်း နှစ်ယောက်စာ အတူတူ ယူထားလိုက်ပါတယ်။ အရင်တုန်းက တွေ့ဖူးတာတော့ ကလေးပါတဲ့ ခရီးသည်တွေကို အရင်လာပေးတတ်ပါတယ်။ အခုတော့ အတူတူပဲ လာပေးသွားပါတယ်။ တစ်ခုခုများ ကြိုတင် Request လုပ်ရသလား မသိ။ အစားနည်းတဲ့ သူမအရင် စားနေချိန်မှာ ကျွန်တော်က ကလေးချီထားပြီး သူက အမြန်စားပြီး ကလေး ပြန်ခေါ်ထားပါတယ်။ ကလေးက ငယ်သေးတော့ ပုခုံးပေါ်မှာ ချီထားလို့ ရတော့ ကိစ္စမရှိပါဘူး။ စားနေတုန်း လူကြီးစားတဲ့ ဒိန်ချဉ်တွေကို ဇွန်းထိပ်လေးနဲ့ တို့ပြီး နည်းနည်း နည်းနည်း ကျွေးနေတော့ မြင့်မြတ်နိုးတို့လည်း ငြိမ်နေပါတယ်။ (တကယ်ဆိုရင်တော့ မကျွေးရပါဘူး။)

ခဏနေတော့ ပြန်အိပ်သွားပြီး လေယာဉ် Landing လုပ်ချိန်မှာလည်း အိပ်နေလို့ တော်သေးတယ်။ ကလေးနဲဆိုတော့ အတက်တုန်းကတော့ ဦးစားပေး တက်လို့ရပေမယ့် အထွက်မှာတော့ ဦးစားပေးတာ မရှိတော့ဘူး။ လက်ဆွဲအိတ်တွေကလည်း များတော့ အားလုံးထွက်ပြီးတဲ့ အထိ စောင့်ပြီးမှ ထွက်ရပါတယ်။ လေယာဉ်က ဆင်းတာနဲ့ သူ့ Stroller လေး ပြန်ရတော့ လက်ဆွဲအိပ်တွေ ကို တင် တွန်းလာပြီး ကလေးကိုတော့ ရင်ခွင်ပိုက်တဲ့ ဟာလေးထဲ ထည့်ပြီး သူမက ချီလာရတယ်။ Immigration/Custom မှာ အဆင်ပြေပါတယ်။ Baggage တွေ ရွေးပြီးတဲ့ အချိန်မှာတော့ အထုတ်တွေ အထုတ်တွေဆိုတော့ တွန်းလှည်းနဲ့ နှစ်းစင်းအပြည့်ဖြစ်သွားပြီး အမေက ကလေးလှည်းထဲကို လက်ဆွဲအိတ် တချို့ထည့် တွန်းပြီး ကလေးချီရတော့ ကျွန်တော့်မှာလည်း လှည်းနှစ်စင်းနဲ့ ရွာလည်နေပါတယ်။ တစ်စင်းစီ တွန်းနေတာကို Custom က မကြည့်ရက်တော့ တစ်စင်းကိုတွန်း တစ်စင်းကို ဆွဲဆိုပြီး လာပြပါတယ်။ အဲဒါနဲ့ Custom ရောက်တော့ ဘာစားစရာတွေ ပါလဲဆိုတော့ ကလေးအစာတွေနဲ့ ပုဇွန်ခြောက်ဆိုပြီး ကလေးကို လက်ညှိုးထိုးပြလိုက်တော့ မစစ်တော့ဘဲ လွှတ်ပေးလိုက်ပါတော့တယ်။

ကလေးတစ်ယောက်နဲ့ လေယာဉ်စီးရတာ မလွယ်လှပေမယ့် ထင်ထားသလောက်တော့ ခက်ခက်ခဲခဲ မစီးလိုက်ရဘဲ လေယာဉ်က အ၀င်အထွက် အရမ်းနောက်ကျတာတွေ ပစ္စည်းမှားတာ ပျောက်တာတွေ မရှိလို့တော်သေးတယ်။ ဒါပေမယ့် တညလုံး ကလေးကို ပေါင်ပေါ်တင် သိပ်ထားရတဲ့ သူမကတော့ တော်တော် ပင်ပန်းနေပါပြီ။ ကျွန်တော်လည်း ညက အိပ်တချက် နိုးတချက်နဲ့ ဆိုတော့ နည်းနည်းတော့ ပင်ပန်းနေပါပြီ။ လေဆိပ်က ထွက်ပြီး လေရှုလိုက်ရမှပဲ နည်းနည်း အသက်ရှုချောင်သွားပြီး ဒီ ခရီကြီးကို အောင်မြင်စွာ ဖြတ်သန်းလာနိုင်ပြီ ဆိုပြီး ၀မ်းသာတော့တယ်။ ။

Wednesday, October 24, 2007

ဘလောက်ဂါ လည်ပြန်

ဘာလိုလိုနဲ့ ဘလောက် မရေးတာ တစ်လခွဲ နှစ်လလောက် ကြာသွားတယ်။ တကယ့်ကို မအားတာကနေ စတာပဲ။ စက်တင်ဘာလ ကတည်းက မအားလို့ အရေးကျဲနေရာကနေ အောက်တိုဘာမှာတော့ တကယ့်ကို မအားတော့တာ။ ရေးဖို့ နေနေသာသာ သူများ ရေးထားတာတောင် မဖတ်နိုင်လောက်အောင်ပါပဲ။ နေရာပြောင်းလို့ ကိုယ့်ဘာကိုယ် အလုပ်ရှုပ်တာရယ်၊ တိုင်းရေး ပြည်ရေးနဲ့ လူတွေ စိတ်ရှုပ်နေတာရယ်ကြောင့် ဘလောက်ရေးတာကို ခပ်တည်တည်ပဲ ရပ်ထားလိုက်တယ်။ အစကတော့ ခဏနေရင် ပြန်ရေးမယ် တစ်ပတ်၊ နှစ်ပတ်လောက် ပါပဲ ဆိုပြီး ခွင့်စာမတင်ဘဲ ရပ်နေလိုက်တယ်။ ခွင့်စာ တင်ရင်လည်း ရုံးက ကုလားတစ်ယောက် မင်္ဂလာဆောင်မှာလို ဖြစ်နေမှာ စိုးလို့။ သူတို့ အန္ဒိယမှာ မင်္ဂလာဆောင်တုန်းက သတို့သမီး အိမ်မှာ သူက သူတော်စင်လို ၀တ်ပြီး တောထွက်ချင်ယောင် ဆောင်ရတယ်။ ဒါကို သတို့သမီးရဲ့ အမျိုးတွေက တောတော့ မထွက်ပါနဲ့ သူတော်ကောင်းကြီးရယ် သူတို့ သမီးနဲ့ အိမ်ထောင်ပြုပြီး လူဘောင်မှာ နေပါဦး ဆိုပြီး တားရတယ်။ အဲဒီကျမှ ကိုယ်တော်ချောက အိမ်ထောင်ကို မကျချင် ကျချင်နဲ့ ကျရတဲ့ ပုံစံနဲ့ လက်ခံလိုက်ရတယ်တဲ့။ ကျွန်တော်လည်း ဘလောက်ရေးတာကနေ ခဏလောက် နားပါရစေ ဘာညာဆိုရင် ဟိုလူဝိုင်းဆွဲ ဒီလူဝိုင်းဆွဲ (ဘက်ဆဲလား ဆိုတော့လေ) ဖြစ်နေရင် ပွဲခံနေမှာ စိုးတာကြောင့် ဘာမှ မပြောဘဲ ဘာမှ မရေးဘဲ နေလိုက်တယ်။ တကယ်တော့ ဘယ်လောက် ကြာမှ ပြန်ရေးနိုင်မယ် မသေချာတာရယ်၊ နှုတ်ဆက်ဖို့ ခွင့်တင်ဖို့ကို မအားတာကြောင့်ရယ်ပဲ။

ဒါပေမယ့် ဒီလိုပဲ လာလည်တဲ့ သူတွေ လာအော်တဲ့ သူတွေကို ဘာမှ ပြန်မပြောဘဲ နေနေပြန်တော့လည်း ဧည့်ဝတ်မကျေရာ ကျပြန်ရော ဆိုတော့ နည်းနည်းတော့ ရေးမှ ဖြစ်မယ် ဖြစ်လာပြီး ဘလောက်ဖက် လှည့်လာပြန်ရော။ ရေးချင်တာတွေတော့ ရှိနေပေမယ့် အချိန်သိပ် မရလို့ မရေးဖြစ်သေးတာပါ။ အခုပြန်ရေးရင်တောင် စင်္ကာပူမှာတုန်းကလောက် ရေးနိုင်မယ် မထင်ဘူး။ အဲဒီမှာတုန်းကတော့ ခဏ နေတာဆိုပြီး အလုပ်ပြောင်းဖို့တို့၊ အခြေချဖို့တို့ မစဉ်းစားတော့ ဦးနှောက်က အားနေတယ်လေ။ အခုတော့ အလုပ်ပြောင်းဖို့ စာဖတ်ရမယ်။ အခြေချဖို့ စဉ်းစားရမယ်ဆိုတော့ ဒီလောက် ရေးနိုင်မယ် မထင်ဘူး။ သူများတွေလို နှစ်ခု တစ်ပြိုင်တည်း လုပ်နိုင်လည်း ကောင်းသား။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစားရေး ကြည့်ဦးမှာပဲ။ သိပ်တော့လည်း ကြိုးစားရေးတယ် မဟုတ်ပြန်ဘူး။ ဒီဟာက အပျော် လုပ်နေတာ ဆိုတော့။ ဒီလိုပဲ စိတ်ပါရင် ရေးဦးမှလို့ ပြောရင်တော့ ပိုမှန်မယ်။ သြော်ဇီအကြောင်း ရေးပေါ့လို ဆိုရင်လည်း ရေးတော့ ရေးချင်ပါတယ်။ ကိုယ်က အခုမှ ရောက်တဲ့သူဆိုတော့ သောက်တလွဲတွေ ဖြစ်နေရင်လည်း မကောင်းပြန်ဘူး။ စင်္ကာပူမှာတောင် ခဏလောက်ပဲ နေတာဆိုတော့ သိပ်သိတာမဟုတ်ဘူး။ ဘာပဲ ဖြစ်ဖြစ်လေ သူငယ်ချင်းတစ်ယောက် ရေးထားသလို စင်္ကာပူမှာ ဘက်စကား စီးတာ ကဒ်ဘယ်လို ပြရတယ် လိုမျိုးပေါ့။ စင်္ကာပူက လူတွေ အတွက်တော့ သိပြီးသား ဆိုပြီး ထမင်းစား ရေသောက် အလွယ် ထင်ပေမယ့် မြန်မာပြည်က လာတဲ့သူတွေ အတွက်တော့ အသုံးဝင်တာပေါ့။ မြန်မာပြည်ကဆိုတော့ မြန်မာပြည်ကလူတွေ ဖတ်လိုရလည်း ကောင်းသား။ ဖတ်လို့ မရရင် ဘယ်လိုလုပ်ရပ။ ကိုယ်က မြန်မာပြည်က အမျိုးတွေ ဖတ်ဖို့ ရေးပါတယ်ဆိုမှ သူတို့ ဖတ်လို့ မရရင် ဘာထူးမှာတုန်းဆိုပြီး ဘလောက်ရေးရတာ အားမရှိတာလည်း ပါတယ်။ အဲဒီလိုနဲ့ ပြန်မရေး ဖြစ်တာ။ နောက်ပြီးတော့ စာတစ်မျက်နှာ ရိုက်ဖို့က ၁ နာရီလောက်ပဲ ကြာပေမယ့် ကိုယ့်အတွက်တော့ ဒီတစ်မျက်နှာကို တစ်ပတ်လုံး အားတဲ့အချိန်မှာ စိတ်ထဲမှာ စီထားရတာ။ အခုတော့ စိတ်ထဲမှာ တခြားအာရုံတွေများနေတော့ တစ်မျက်နှာ တစ်မျက်နှာ တော်တော် စဉ်းစားမိမှာ မဟုတ်ပြန်ဘူး။

ကိုယ့်အတွက်တော့ ဘလောက်ရေးရတာ အိမ်ထောင်ပြုသလောက် Commitment မဟုတ်ပေမယ့် တာမာဂိုချီ (Tamagotchi) ခွေးကလေး မွေးသလောက်တော့ ရှိမှာဆိုတော့ ကိုယ့်ဘလောက်လေး မသေသွားအောင်ရယ် ကိုယ်လည်း စိတ်ပျော်အောင်ရယ် လာဖတ်တဲ့ သူတွေလည်း ပျော်အောင်ရယ် အပျော်ဆက်ရေးဦးမှာပဲ။

Film