Sunday, May 13, 2007

Bangalore သို့ တစ်ခေါက်

အလုပ်ကိစ္စနဲ့ ဒုတိယ အကြိမ် India ကို သွားရပြန်တယ်။ ပထမ တစ်ခေါက်တုန်းက Chennai ကိုပါ။ အခုတော့ Bangalore ပါ။ Bangalore က IT မြို့လည်း ဖြစ်၊ အဲဒီမှာ ရှိတဲ့ Branch က Sales Personnel တွေကလည်း ကောင်းတော့ Client တွေ များပါတယ်။ တွေ့ရမယ့် Client တွေ (၄ခု) များတော့ ရက်များများ ယူရပြန်တယ်။ Schedule က ၇ ရက်နေ့ တနင်္လာနေ့ ကနေ ၁၀ ရက်နေ့ထိ ၄ ရက်ပါ။ ရုံးက ဘိုမ (British) တစ်ယောက်နဲ့ သွားရပါတယ်။ ကိုယ်က Technical (IT) ပိုင်းပါ၊ သူက Scientific (Content) ပိုင်းပါ။ Over-night Flight မို့လို့ စနေနေ့ ညကတည်းက သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လည်ဖို့လည်း တစ်ရက် ရတာပေါ့။

Bangalore ကို ညသန်းခေါင်လောက်မှာ ရောက်သွားပါတယ်။ လေယာဉ် မဆိုက်ခင် ကောင်းကင်မှာ ၀ဲနေတုန်း ကြည့်လိုက်တော့ တစ်မြို့လုံး လင်းထိန်နေပါတယ်။ New York မှာတုန်းကလို ကောင်းကင်ထိ လင်းထိန်နေတာ မဟုတ်ပေမယ့် ဒီဟာကလမ်း၊ ဟိုဟာကအိမ် ကောင်းကောင်းမြင်ရပါတယ်။ မြို့ပြင်ကလည်း တော်တော် ကျယ်ပါတယ်။ သနားစရာ မှောင်အတိကျနေတဲ့ ကိုယ်တို့မြို့က မင်္ဂလာဒုံ လေဆိပ်လေးကိုလည်း သွားသတိရပါသေးတယ်။ Bangalore လေဆိပ်ကတော့ ချာပါတယ်။ သာမန်ပါပဲ။ ဟိုတယ်ကလည်း 3 Star အဆင့်ပါပဲ။ နေရာကတော့ ကောင်းပါတယ်။ အခန်းကလည်း တည်းဖူးတဲ့ 4 Star တွေနဲ့ အတူတူလောက်ပါပဲ။ မနက်စာ တစ်ခုတော့ မကောင်းပါဘူး။

နောက်တစ်နေ့ မနက်ကျတော့ Hotel ကို ကားစီစဉ်ခိုင်းပြီး မြို့ပတ်ကြပါတယ်။ ပထမဆုံး Vidhana Soudha ကို သွားပါတယ်။ Vidhana Soudha က အစိုးရ ရုံးအဆောက်အဦးပါ။ ဥရောပဆန်ဆန် ဆောက်ထားတာပါ။ ပြီးတော့ Bull Temple ကို သွားပါတယ်။ Temple သေးသေးလေးပါ။ အထဲမှာတော့ ကျောက်တုံး တစ်တုံးတည်းကနေ ထုထားတဲ့ နွားရုပ် ရှိပါတယ်။ အဲဒီကနေ International Temple ဆိုတာကို သွားပါတယ်။ တကယ်တော့ IKSCON (International Society for Krishna Consciousness) ပါ။ ကျောင်းကြီးက တော်တော် ကြီးပါတယ်။ သေသေချာချာ စနစ်တကျ ဆောက်ထားတာပါ။ ၀တ်ပြုဖို့၊ တန်းစီဖို့၊ စတုဒီသာလှူဖို့၊ ကားရပ်ဖို့ စသည် စသည် သပ်သပ်ရပ်ရပ်ပါ။ Security လည်း တင်းကျပ်ပါတယ်။ အထဲမှာ သူတို့ ကိုးကွယ်တဲ့ Krishna ဆိုတာ ရှိပါတယ်။ ကျင့်စဉ်တစ်မျိုးနဲ့လည်း ဆိုင်ပါတယ်။ သေသေချာချာတော့ မသိပါဘူး။ အဲဒီမှာ စတုဒီသာ လှူနေပါတယ်။ သုံးလွန်းတင် ထမင်းလိုမျိုးပါပဲ၊ ဆန်ရယ်၊ ပဲတွေရယ်၊ ပြောင်းတွေရယ်ကို ရောပြီး ဆီနည်းနည်း၊ ဆားနည်းနည်း၊ ငရုပ်သီး(လား မဆလာလား မသိဘူး) နည်းနည်း ရောရာပြီးပြုတ်ထားတာပါ။ ချိုသလို၊ စပ်သလိုပါပဲ။ အင်ဖတ်ကို ခွက်ပုံစံ လုပ်ထားတဲ့ထဲ ထည့်ပေးပါတယ်။ အရည်ဆိုတော့ လက်ချောင်းလေးတွေ နှစ်ပြီး စားရတာပေါ့။ ပထမတော့ ဘိုမက မစားချင်ပါသေးဘူး၊ လက်နဲ့ဆိုတော့။ ကိုယ်လည်းပဲ နည်းနည်းတော့ ကသိကအောက်ဖြစ်ရပါတယ်။ ထမင်းလိုမျိုးကို လက်နဲ့ စားတာဆို တော်သေးတယ်။ ဆန်ပြုတ်လိုမျိုးကို လက်နဲ့ စားရတာ ဆိုတော့ တွေးကြည့်ပေါ့။

နောက်တော့ Shopping သွားကြပါတယ်။ Shopping ဆိုပေမယ့်လည်း Driver က သူနဲ့ တိုက်ထားတဲ့ Souvenir ရောင်းတဲ့ဆိုင်တွေချည်းပဲ လိုက်ပို့တာပါ။ ဒီလို ဆိုင်တွေက ရိုက်မှန်းသိတော့ ကိုယ်ကတော့ မ၀ယ်ပါဘူး။ (တစ်ခုတော့ ၀ယ်ဖြစ်လိုက်သေးတယ်)။ ဘိုမက တော့ Pashmina တွေဝယ်ပါတယ်။ Pashmina ဆိုတာ ကက်ရှမီးယား ဒေသက ထွက်တဲ့ သိုးမွှေနဲ့ ရက်ထားတဲ့ ခြုံစောင်ပါ။ အစစ်ဆိုရင် ခြုံစောင်တစ်ထည်လုံးကို လက်ထဲမှာ လုံးထားလို့ရအောင်သေးပြီး ခြုံလိုက်ရင်လည်း ချက်ချင်းနွေးလာပါတယ်။ ရက်ထားတဲ့ သိုးမွှေးတွေက အင်မတန်သေးပြီး နူးညံ့တဲ့ အတွက် လက်စွပ်ထဲကို ဖြတ်ပြီး `ရှလွတ်´ဆို အလွယ်တကူ ဆွဲလို့ ရရပါမယ်။ India သွားရင် မ၀ယ် မဖြစ် ၀ယ်သင့်တဲ့ လက်ဆောင်ပါ။ ပထမ တစ်ခေါက် India လာတုန်းကလည်း အမေတွေ အတွက် ၀ယ်ပြီးသားလည်းဖြစ်၊ ဒီလိုဆိုင်တွေမှာက ဈေးကြီးမှန်းလည်း သိတော့ မ၀ယ်ပါဘူး။ ဘိုမကတော့ ၃ဆလောက် ဈေးပေးပြီး ၀ယ်ပါတယ်။ တကယ်ဆို Market လိုမျိုးမှာဆို ပိုပြီး သက်သာပေမယ့် သွားဖြစ်မယ် မဖြစ်ဘူးဆိုတာ မသေချာတော့ ပြောမနေပါတော့ဘူး။ ပြီးတော့ နေ့လည်စာ စားပါတယ်။ ကိုယ်က အင်ဒီးယန်းစာ ကြိက်တဲ့သူဆိုတော့ အဆင်ပြေပါတယ်။ ဘိုမကလည်း အသားနဲ့ Spice ဆိုရင်စားတတ်တော့ အဆင်ပြေပါတယ်။ ပထမတစ်ခေါက်တုန်းက Singaporean တွေ (တရုပ်တွေ) နဲ့ သွားတုန်းက သူတို့က မဆလာကိုပဲ အဆိပ်ကျနေတာပဲ။ မလွယ်ပါဘူး။ ဘိုမကတော့ ချီးမများပါဘူး။ အထူးအဆန်း၊ အသစ်အဆန်း တစ်ရပ် အနေနဲ့ စားပါတယ်။ Tandoori Chicken၊ Butter Chicken နဲ့ ဒန်ပေါက်နဲ့ စားပါတယ်။ Tandoori က တော်တော် နူးညံ့ပါတယ်။ နေ့လည်စာ စားလို့ကောင်းပါတယ်။ ပြီးတော့ Park တစ်ခု သွားပါတယ်။ တနင်္ဂနွေနေ့ဆိုတော့ မိသားစုတွေနဲ့ ပြည့်နေပါတယ်။ ပြီးတော့ ဟိုဟိုဒီဒီ သွားပြီး ပြန်လာပါတယ်။

Bangalore က သပ်သပ် သွားလည်ရလောက်အောင်တော့ ကောင်းတဲ့ မြို့မဟုတ်ပါဘူး။ တစ်နေ့စာ လျှောက်လည်ရအောင်တော့ အဆင်ပြေပါတယ်။ တစ်နေကုန်လည်တာမှ (Air-conditioned Saloon) ကား ခကလည်း ၅၀ စင်းဒေါ်လာလောက်ပဲ ကျပါတယ်။ Bangalore က Mall တွေကတော့ ရန်ကုန်ကထက် နည်းနည်းပဲ ပိုသာပါတယ်။ နည်းနည်း ပိုကြီးတယ်၊ Brand နည်းနည်း ပိုစုံတယ်။ စင်္ကာပူကလာတဲ့ သူတွေ အတွက်တော့ Mall တွေက သတ်သတ် လည်ပတ်စရာ မကောင်းလှပါဘူး။

တစ်ရက်လောက် လည်ပြီး ကျန်တဲ့ ရက်တွေက တော့ အလုပ်ပါပဲ။ ကုလား (Indian) တွေနဲ့ အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေ တိုးတက်လာပါပြီ။ Client တွေကလည်းကြီး၊ တွေ့တာကလည်း High-level တွေဖြစ်တာလည်း ပါပါတယ်။ ရုံးအဆောက်အဦးတွေကလည်း ကောင်းပါတယ်။ မှန်တွေ၊ အလူမီနမ်ပြားတွေနဲ့ သေသေချာချာ ဆောက်ထားထာပါ။ Client တစ်ခုကတော့ Electronic City မှာပါ။ Electronic City ဆိုတာ လူခြောက်သောင်းကျော်လောက်ကို အလုပ်ပေးထားတဲ့ IT & Electronics Industrial Park ပါ။ မြန်မာပြည်က MICT Park ဆိုတာ အဲဒီက Campus ကြီးကြီး တစ်ခုစာ၊ နှစ်ခုစာလောက်ပေါ့။

Bangalore က Singapore လောက်ကျယ်ပြီး လူဦးရေကတော့ တစ်ဆခွဲကျော်ကျော် ရှိပါတယ်။ ဘယ်သွားသွား လူတွေကိုတော့ ရှောင်လို့ မရပါဘူး။ ကားတွေ၊ ဆိုင်ကယ်တွေကလည်း သိပ်များပါတယ်။ Traffic ကတော့ အဆိုးကြီး မဟုတ်ပါဘူး။ လမ်းစည်းကမ်းလည်း မလိုက်နာကြပါဘူး။ ဟွန်းကတော့ ဘာတီးသလဲ မမေးနဲ့။ ကျွန်တော်တို့ ကားဒရိုင်ဘာဆို အားအားရှိ လိုလို မလိုလို တီးနေတော့တာပါပဲ။ လမ်းကူးရတာလဲ မီးပွိုင့်မှာ မဟုတ်ရင် မလွယ်ပါဘူး။ ကားတွေ က အဲဒီမှာ လုပ်တဲ့ ကားတွေများပါတယ်။ ဘယ်သူရှိမလဲ Ta Ta က လုပ်တဲ့ ကားတွေပဲပေါ့။ ကောင်းတော့ ကောင်းပါတယ်။ ဆိုင်ကယ် စီးတဲ့လူလည်း များပါတယ်။

ဓါတ်ကြိုး ဓါတ်တိုင်တွေ၊ မညီညာတဲ့ ပလက်ဖောင်း (လမ်းဘေးစင်္ကြန်)၊ မြေညီထပ်မှာ ဆိုင်ခန်းတွေ.... ဒါတွေကို စင်္ကာပူကလွဲရင် ကျန်တဲ့ Asia မြို့တွေမှာ တွေ့ရမှာပါ။ Bangalore မှာလည်း ဒီအတိုင်းပါပဲ။ အတူတူ သွားတဲ့ ဘိုမ ကတော့ အားအားရှိ `Dirty´၊ `Nasty´၊` Disgusting ´ ပဲ ပြောနေတော့တာပါပဲ။ ပြောရမယ်ဆိုရင် စင်္ကာပူထက်တော့ အများကြီး ညစ်ပတ်တာပေါ့၊ ရန်ကုန်ထက်လည်း နည်းနည်းပို ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကိုယ် ခံစားနေရတာတော့... အင်း ဒီက (Bangalore က) လူ(ငယ်)တွေက အလုပ်လည်း ရှိတယ်၊ ရတဲ့ လခကလည်း မဆိုးဘူး၊ ကားမောင်းတဲ့ လူမှာတောင် Mobile ရှိတယ်၊ Credit Card သုံးလို့ရတယ်၊ ကိုယ်ရှာတဲ့ ပိုက်ဆံကို နိုင်ငံခြားငွေနဲ့ ကြိုက်တဲ့ နေရာ (ငွေလဲကောင်တာ)မှာ လဲလို့ရတယ်၊ နိုင်ငံတကာ ကုမ္ပဏီတွေမှာ လုပ်လို့ရတယ် စသည် စသည် တွေပဲ မြင်တော့ ပါးစပ်ထဲ ၀င်လာတဲ့ ဖုန်တွေကိုတောင် ယောင်ပြီး မျိုချမိတယ်။

အစားအသောက်ကလည်း ကောင်းပါတယ်။ ကုလားစာတွေက အမျိုးအစား အတူအတူကို စားရင်တောင် တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ ဥပမာ Butter Chicken ကို စင်္ကာပူမှာ စားတုန်းက တစ်မျိုး၊ Bangalore မှာတောင် တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ ဘာလို့ ကွာသွားလဲ ဆိုတော့ ထည့်တဲ့ Ingredient နဲ့ Spice အမျိုးအစားနဲ့ အရေအတွက် မတူလို့ပါ။ အမျိုးအစား ကောင်းကောင်း များများ ကို မျှမျှတတ ထည့်ထားတာကတော့ အကောင်းဆုံပေါ့။ သူတို့ စားတဲ့ အစားအစာက Vegetarian ပဲ ဖြစ်ဖြစ် ၊ မဖြစ်ဖြစ် ဆန်၊ ဂျုံ၊ ပရိုတင်း မျှပါတယ်။ တစ်ခုပဲ မကြိက်တာပါ၊ ဟင်းရွက်စိမ်း မပါလို့ပါ။ ကိုယ်ကတော့ ဟင်းရွက်ကြော် စိမ်းစိမ်းပါမှ ထမင်းစားတတ်တာ ဆိုတော့ ကြာကြာတော့ မစားနိုင်ပါဘူး။

ဒီတစ်ခေါက် သွားတဲ့ ခရီးက အရင်အခါတွေနဲ့ မတူပါဘူး။ ၂ ရက် ၃ ရက်လောက်နေတော့ အိမ်ပြန်ချင်လာပါတယ်။ လသားရွယ် သမီးလေးနဲ့ ခွဲရတာကြောင့်ပါ။ အရင် အခါတွေက လွမ်းရပေမယ့် စိတ်မပူရပါဘူး။ အခုတော့ သမီးလေး ဘာများဖြစ်နေလဲ၊ နို့မှ လုံလုံလောက်လောက် စို့ရဲ့လား၊ လေနာ ဗိုက်နာများ ဖြစ်နေလား စိတ်ပူရပါတယ်။ တော်သေးတာပေါ့ သမီးလေးပုံတွေ ကင်မရာထဲမှာ မဖျက်ရသေးလို့။ ကံကောင်းချင်တော့ Movie File တွေပါ ပါလာလို့၊ ဒါလေးတွေပဲ အလွမ်းပြေ ကြည့်ရပါတယ်။

စင်္ကာပူကို ပြန်ရောက်တော့ မနက် ၆ နာရီကျော်ကျော်ပါ။ လေဆိပ်မှာ ရေမွှေးက (စင်္ကာပူမှာ ဈေးအပေါဆုံးနေရာ ဖြစ်တဲ့) Mustafa ထက်တောင် သက်သာလို့ ၀ယ်လာပါသေးတယ်။ ဘယ်က ပြန်လာ ပြန်လာ လေဆိပ်မှာ ကိုယ့် အတွက် ၀ီစကီ ဒါမှမဟုတ် သူမအတွက် ရေမွှေး ၀ယ်လေ့ ရှိပါတယ်။ Newark ၊ JFK နဲ့ Charles de Gaulle အပါအ၀င် လေဆိပ် ၁၀ ခုကျော် ရောက်ဖူး ပေမယ့်Changi လေဆိပ်က သူများ လေဆိပ်တွေနဲ့ မတူတဲ့ အချက်က လေဆိပ်နဲ့ မတူပဲ Mall ထဲ ရောက်နေသလိုပါပဲ။ Check In ကလည်း တန်းနည်းနည်း စီရပေမယ့် မြန်ပါတယ်။ လေယာဉ်ထဲက ထွက်ပြီး Immigration ဖြတ်ပြီးတာနဲ့ ကိုယ့် Baggage ကရောက်နေပါပြီ။ Taxi ကလည်း အဆင်ပြေပါတယ်။ အခုမှ ရောက်တဲ့ သူအတွက်ဆို ပိုပြီး အဆင်ပြေပါတယ်။

ပြန်ရောက်တာနဲ့ မိုးက ဆီးကြိုနေလို့ တော်သေးတယ်။ ဟိုမှာ ၄၊၅ ရက်လောက် ပူလာတာ။ အမေက မုန့်ဟင်းခါး ချက်ထားလို့ တော်သေးတယ်။ ထမင်းဖြူကလည်း စားရတာ ပိုချို သလိုပါပဲ။ သမီးလေးကလည်း ၅ ရက်လောက် အတွင်းမှာ တော်တော်(နည်းနည်းပေါ့) ကြီးလာပါတယ်။ သောကြာနေ့ ရောက်လို့ တော်သေးတယ်။ ရုံးမသွားဘဲ ၃ ရက်လောက် နားလိုက်ရတယ်။

1 comments:

Anonymous - 2/27/10, 1:14 AM

ဖတ်လို့ကောင်းလိုက်တာ။

အကိုပြောသလိုဘဲ။ သူတို့ဆီက လူငယ်တွေက အလုပ်လုပ်ရတာ ကံကောင်းတယ် လို့ပြောရမယ်။ ဒီမှာ အလုပ်လာလုပ်တဲ့ လူချင်းယှဉ်ရင် india က လာတဲ့သူက အဂလိပ်စာကော နာမည်ကြီး company မှာ လုပ်ဖူး ထားတာတွေက အများကြီးသာတယ်။

Post a Comment

Many thanks for dropping a comment…

Film