Friday, June 29, 2007

လူကြီးတွေကလေ… နားမလည်ပါဘူး

သူငယ်ချင်း တစ်ယောက်ရဲ့ GTalk Message မှာ တွေ့တဲ့ Link လေးကို ပြန်ရေးထားတာပါ။ `မင်းသားလေး´ဆိုပြီး ဒေါ်ခင်လေးမြင့် က ပြင်သစ်ဘာသာကနေ ပြန်ထားဖူးတယ်လို့လည်း သူက ရှင်းပြပါသေးတယ်။ ဒီစာအုပ်က သူရဲ့ အကြိုက်ဆုံး စာအုပ်တွေထဲက တစ်အုပ် ဖြစ်မယ်၊ ဒီစာအုပ်ကလေးကို သူနဲ့ မကွာ ဆောင်ထားတာ တွေ့ဖူးတယ်။ အန်ဒီမြင့် ပြန်လို့ကတော့ ပျက်မှာပဲ ပြောပေမယ့် သူမြှေက်ပေးတာရယ် ကြိုက်တာရယ်ကြောင့် သမီးလေးကိုလည်း မျက်စိထဲ မြင်လာပြီး ဒီလိုပဲ ဖတ်ရတယ် ရှိရုံ ပြန်ရေးလိုက်တာပါ။ "A Very Easy Death" ဆိုတဲ့ စကားလုံးကို ဘာသာပြန်ဖို့က Death = သေခြင်းတရား လို့ပဲ ခေါင်းထဲမှာ ရှိနေလေတော့ ကျွန်တော်တော့ (ဆရာ)မြသန်းတင့် လို `ရေပွက်ပမာ´ဆိုပြီး ဘယ်တော့မှ ပြန်မိမယ် မထင်ပါဘူး။ မနှိုင်းကောင်း နှိုင်းကောင်း၊ ဥပမာပြောတာပါ။ ထားပါတော့။

သားတို့ကိုလေ... ကျောင်းမှာ တောနက်ကြီးတွေ အကြောင်းပြောတော့ ဆရာမက ပုံလေးတွေ ပြတယ်။ ပုံတစ်ပုံကလေ.. မြွေကြီးက အကောင်ကို မျိုချထားတာတဲ့။ စပါးကြီးမြွေတဲ့။ ဟောဒီမှာ သားလည်း ကူးဆွဲလာတယ်။


စပါးကြီးမြွေတွေက အစာတွေကို သားတို့လို ၀ါးမစားဘဲ အကောင်လိုက် မျိုချတာတဲ့။ စားပြီးတော့လေ.. သူတို့က မလှုပ်နိုင်တော့ဘူးတဲ့။ အစာကြေအောင်ဆိုပြီး အိပ်လိုက်တာ ၆ လလောက်ကြာတယ်တဲ့။

သားလည်း.. သေသေချာချာ စဉ်းစားတယ်။ တောနက်ကြီးတွေ အကြောင်း၊ စပါးကြီးမြွေ အကြောင်းတွေပေါ့။ ပြီးတော့လေ.. ရောင်စုံခဲတံလေးတွေနဲ့ ပုံတစ်ပုံ ဆွဲလိုက်တယ်။ ဟောဒီမှာလေ.. ကြည့်ပါဦး။


သားလည်း... ဆွဲပြီးတော့ သားရဲ့ ပုံလေးကို လူကြီးတွေကို လိုက်ပြတာပေါ့။ ပြီးတော့လေ.. `ကြောက်သွားပြီ..မှုတ်လား´လို့ မေးတာပေါ့။

ဒါပေမယ့်လေ... သူတိုက `ဘာလို့ကြောက်ရမှာလည်း.. သားရဲ့... ဦးထုပ်ပုံကို´တဲ့။

သားက ဦးထုပ်ပုံ ဆွဲထားတာမှ မဟုတ်တာ။ သားဆွဲထားတာကလေ… စပါးကြီးမြွေက ဆင်ကြီးကို မျိုချထားတဲ့ ပုံပဲဟာကို။

လူကြီးတွေကမှ နားမလည်တော့ သားလည်း နောက်တစ်ပုံ ထပ်ဆွဲရတာပေါ့။

ဒီတစ်ခါတော့လေ… မြွေရဲ့ ဗိုက်ထဲကို မြင်ရအောင် ဆွဲထားတယ်။ ဒါမှလည်း လူကြီးတွေက နားလည်မှာပေါ့။ သူတို့က အဲလိုပဲ ရှင်းပြနေရတာပါပဲ။ ဒီမှာလေ.. သားထပ်ဆွဲထားတဲ့ ပုံ


ဒီတစ်ခါလည်း လူကြီးတွေကို သွားပြတော့ `ဒီကောင်လေး… ပုံတွေ ဟိုခြစ်၊ ဒီခြစ် လျှောက်လုပ်မနေနဲ့´ တဲ့။ `သင်္ချာတွက်၊ စာလုံးပေါင်း သွားကျက်´တဲ့။

အဲဒါနဲ့ သားလည်းပဲ ပန်းချီတွေ မဆွဲတော့ ပါဘူး။ ဒီပုံ နှစ်ပုံနဲ့တင် သားလည်း စိတ်ပျက်သွားတယ်။ ပန်းချီကျော်ကြီးလည်း မဖြစ်တော့ဘူးပေါ့။

လူကြီးတွေကလေ… သူတို့ဘာ သူတို့ နားမလည်ပါဘူး။ သားတို့ကပဲ အမြဲတမ်း ရှင်းပြနေရတာ မောလာပြီ။

4 comments:

imaginary clouds no2 - 6/30/07, 2:23 PM

အဲဒီ စာအုပ်ကို အခုထက်ထိ နားလည်ခံစားတတ်အောင်ကြိုးစားရတုန်း ၊ သူ ပြောချင်တာတွေက မြင့်တာကိုး။ အဆင့်မြင့်တာ ထက် ။ အမြင့်တွေဆင့်ထားသလို ဖြစ်နေပြီ ။ (တိန် == ဂိုးပြီ )။ ပုံ တွေကတော့ မိုက်တယ် ။

Andy Myint - 6/30/07, 6:09 PM
ဟုတ်လား.. ကျွန်တော်လည်း ရှာဖတ်မလို့ပဲ... မြင့်တယ်ဆိုရင်တော့ မဖတ်တော့ပါဘူး.. အဟီး။
သတင်း - 7/3/07, 1:08 PM

ဆရာမကြီး ဒေါ်ခင်လေးမြင့်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကပဲ ကွယ်လွန်သွားပါတယ်။

sweetythaw - 3/2/13, 3:21 PM

2007 ကရေးထားတာဆိုတော့  ဆရာမကြီးဒေါ်ခင်လေးမြင့် ဆုံးတာ ခုဆို (၆)နှစ်တောင်ရှိသွားပီကိုး . ခုမှသိရတာ စိတ်မကောင်းဘူး . ငယ်ငယ်တုန်းက ဆရာမကြီးနားမှာ ပြင်သစ်ဘာသာစကားသင်ခဲ့ ဘူးတယ် . သိပ်မကြာခင်မှာပဲ ဆရာမကြီး ပြင်သစ်နိုင်ကိုထွက်သွားတဲ့  နောက်မှာ စာဆက်မသင်ဖြစ်ခဲ့ တော့ ပဲ အဲ့ ဒိနောက်ပိုင်းလဲ ဆရာမကြီးနဲ့  ထပ်မတွေ့ ဖြစ်ရတော့ ပါဘူး .. ဆရာမကြီးနား စာသင်ခဲ့ ရတဲ့  အဲ့ ဒိတုန်းက အချိန်တွေဟာ ပျော်စရာကောင်းခဲ့ ပါတယ် . အသင်အပြကောင်းသလို သဘောလဲကောင်းတဲ့ ဆရာမကြီးပါ . ဆရာမကြီး ဆုံးပါးသွားတာကို သိရတာနောက်ကျခဲ့ ပေမဲ့ လဲ ခုချက်ချင်းလက်ငင်းကြီး ဖြစ်ပျက်ခဲ့  သလိုမျိုးကို ခံစားရပါတယ် . ဆရာမကြီး ကောင်းမွန်ရာ သုခဘုံဘ၀ကိုရောက်ပါစေကြောင်း ဆုတောင်းပေးပါတယ် ..

Post a Comment

Many thanks for dropping a comment…

Film