Tuesday, June 26, 2007

ကြည်နူးမဆုံး တပြုံးပြုံး

ဇူးစ် ရဲ့ မိဖုရားက သူ့လောင်တော်မင်ဟာ သံသာချိုတဲ့ ပဲ့တင်ဆိုတဲ့ ဥစ္စာစောင့်မလေးနဲ့ ပျော်မြူးနေတာ မိသွားတော့ ထုံးစံအတိုင်း ခင်ပွန်းကို မနိုင်တော့ ရခိုင်ကိုမဲ.. အဲ.... ဥစ္စာစောင့်မလေးကို ကျိန်စာတိုက်ပါတယ်။ ကျိန်စာကြောင့် ဥစ္စာစောင့်မလေးခမျာ သူဘာသာ စပြီး စကားမပြောနိုင်တော့ဘဲ သူများပြောတဲ့ စကား အဆုံးသပ်လေးတွေပဲ ပြောနိုင်ရှာတော့တယ်။ မိဖုရားကလည်း လူကြားကောင်းအောင် ဒီဥစ္စာစောင့်မဟာ အတင်းအဖျင်းပြောတတ်လို့ ဒဏ်ခတ်ထားတာလို့ သတင်းလွှင့်ထားတယ်။

အဲဒီ အချိန်မှာပဲ မောင်တင့်တယ် (Narcissus) ဆိုတဲ့ လုလင်တစ်ဦးဟာ သိပ်ချောလွန်းလို့ သူ့ကိုတွေ့လိုက်တာနဲ့ မိန်းမ ယောက်ျားမရွေး ချက်ချင်း သက်ဝင်သွားပါတယ်။ ဒါပေမယ့် အသည်းနှလုံး မရှိတဲ့ မောင်တင့်တယ်ကတော့ ဘယ်သူကိုမှ ပြန်မချစ် ပြန်မကြိုက်ပါဘူး။

တစ်နေ့မှာ ပဲ့တင်က မောင်တင့်တယ်ကို တွေ့သွားတော့ ချက်ချင်း မေတ္တာ သက်ဝင်သွားပါတယ်။ ပဲ့တင်ခမျာ ဘာမျှလည်း မပြောနိုင်ရှာတော့ မောင်တင့်တယ် နောက်ကနေ သူကို မြင်ရုံလောက်သာ ပုန်းရှိုး ကွယ်ရှိုးနဲ့ တကောက်ကောက်လိုက်နေရှာပါတော့တယ်။

တင့်တယ်က ရိပ်မိသွားတော့ ``ဘယ်သူလဲ… ဒီနားမှာ´´ ဆိုပြီးမေးတာကို ပဲ့တင်က ``ဒီနားမှာ … ဒီနားမှာ´´ ဆိုပြီးပဲ သံယောင်လိုက်နိုင်ပါတယ်။ တင့်တယ်က ကိုယ်ထင်ပြပါဆိုတော့ ထွက်လာနိုင်ပေမယ့် ဘာမှ မပြောနိုင်ရှာတော့ သူမချစ်တဲ့ အကြောင်းကို လက်ဟန်၊ ခြေဟန်နဲ့ ပြသော်ငြား မောင်မင်းကြီးသား တင့်တယ်က သူမရဲ့ အချစ်ကို ခါးခါးသီးသီး ငြင်းပယ်လိုက်ပါတယ်။

ပဲ့တင်ခမျာ နှလုံးကြေကွဲပြီး အချစ်နတ်ဘုရားမဆီမှ ဒီလိုဆိုလည်း သေပါစေတော့ ဆုပန်တာကို နတ်ဘုရားမက ပဲ့တင်ရဲ့ အသံကို မနောကျတော့ ၀ိညာဉ်ကိုသာ နှုတ်ပြီး အသံကိုတော့ ဆက်ရှင်ပါစေ ထားလိုက်တယ်။ မောင်တင့်တယ်ကိုတော့ ဒီလို လုပ်ရကောင်းလားဆိုပြီး ကျိန်စာတိုက်လို့ မောင်တင့်တယ်ဟာ သူကိုယ်သူပဲ ပြန်ချစ် ပြန်ကြိုက်မိပါတယ်။

တင့်တယ်လည်း ကိုယ်ရူပါကို ကိုယ်ချစ်လွန်းတော့ အိုင်လေးတစ်ခုရဲ့ ကမ်းနား ကမ်းပါးမှာပဲ နေပြီး ကိုယ်အရိပ်ကို ကိုယ်ပဲ ပြန်ရှုပါတော့တယ်။ ရေထဲက သူ့ရဲ့ အရိပ်ကို သူမခွာနိုင်အောင် ဖြစ်သွားတော့ အဲဒီမှာပဲ သူ့ခြေတွေက အမြစ်ဖြစ် အမြစ်တွယ်ပြီး ကြာတော့ ပန်းပင်၊ ပန်းပွင့် ဖြစ်သွားရှာပါတယ်။ အဲဒီပန်းပွင့်လေးကို ရုက္ခဗေဒ နာမည်က Narcissus လို့ခေါ်ပြီး၊ အရပ်စကားနဲ့ဆိုရင်တော့ Daffodil ဆိုပြီး ခေါ်ကြပါတယ်။

မြီးကောင်ပေါက်လေးတွေ၊ အထူးသဖြင့် အပျိုပေါက်လေးတွေနဲ့ အမျိုးသမီးတွေက ကိုယ်ရုပ်ကို ကိုယ်ကြည့်ပြီး ကြည်နူးသဘောကျနေပြီး ဒီလိုမျိုး ပြင်းပြင်းထန်ထန် ခံစားနေရရင်လည်း Narcissism ခံစားရတယ်လို့ ပြောပါတယ်။ လူတိုင်းမှာ ဒီလို Narcissistic Personality Disorder (NPD) စိတ္တဇ ရှိပြီး အနည်းနဲ့ အများပဲ ကွာသွားပါတယ်တဲ့။ ရှင်းအောင် မိန်းမတွေနဲ့ ဥပမာ ပေးရပေမယ့် တကယ်တမ်းကျတော့ ဒီလိုမျိုး Narcissistic တွေဟာ ယောက်ျားတွေမှာ များပါတယ်လို့ ဆိုထားပြန်ရော။

မှန်လိုက်တာ။ ကျွန်တော်လည်း ကိုယ့် Blog လေးကို `သ´လိုက် ကြည့်လိုက်နဲ့ ကြည်နူးနေတာများ ဒီဝေဒနာသည် အတိုင်းပါပဲ။ တစ်နေ့ တစ်နေ့ ကိုယ့် Blog ကို ကိုယ်ဘာသာကို ပြန်ကြည့်တဲ့ အကြိမ်ပေါင်းဟာ လာလည်ကြတဲ့ သူအပေါင်းကြည့်တဲ့ အကြိမ် ထက်များနေပါတယ်။

Reference :
Narcissism (psychology)
Echo (mythology)
Narcissistic Personality Disorder (NPD)

12 comments:

imaginary clouds no2 - 6/26/07, 9:13 PM

Andy ဒီ အရေးအသားက မိုက်တယ်ဗျာ ။ ကဗျာတွေ ရေးဖြစ်စေချင်တယ် ။ စဖတ်တော့ ဘယ်ကို ခေါ်ခြင်မှန်းမသိဘဲ ဆုံးတော့မှ သိတယ် ။

Andy Myint - 6/27/07, 2:05 AM
စိုင်းခမ်းလိတ်ကတောင် လက်မှတ်ထိုး ခိုင်းရတာ ဘယ်သူများလဲလို့ တွေးမိတဲ့ ကိုယ့်ဆရာရဲ့ ဒီPost ကိုတော့ မမှီပါဘူးဗျာ။ စာညွန်းကို နောက်ဆုံးမှ ရေးထားတော့ ဘယ်သူများလဲလို့ သိချင်လာတာ မူရင်းဖတ်ရတာထက် ပိုအရသာရှိတယ်။

Joke ဖတ်ချင်ရင်လည်း ပြောရောပေါ။ ကျွန်တော့်ကို ကဗျာရေးခိုင်းရတယ်လို့။
ပီအိုင်အက်စ်အိုင် - 6/27/07, 12:13 PM

ကောင်းလိုက်တဲ့ ပိုစ့်...
ပြုံးရုံ တင်မဟုတ်ဘူး ဗျ... စိတ်ထဲမှာအတော်လေးရွှင်လန်းအောင် ခံစားရပါတယ်..

ကိုယ့်ကိုယ် ကို ဒစ်အော်ဒါဖြစ်မှန်းမသိဖြစ်နေပီ လို့ သိနေသေးရင် ဒစ်အော်ဒါ မဖြစ်သေးပါဘူ...
ဒစ်အော်ဒါဖြစ်သွားလဲ ဆက်လက်ပြီးအားပေးနေဦးမှာပါ...

Andy Myint - 6/27/07, 12:37 PM
ဟုတ်လား.... တော်သေးတာပေါ့ ဒစ်အော်ဒါ မဖြစ်သေးလို့း .. ဟဲဟဲ..
pandora - 6/28/07, 3:31 PM

စောင်းပြောနေပြန်ပြီ ဗျာ။

Andy Myint - 6/28/07, 3:35 PM
စောင်းမပြောပါဘူး… အဟီး… ဒီလို ထင်ရင်တော့လည်း အဖော်တစ်ယောက်ရတာပေါ့။
Ko Paw - 4/3/09, 6:15 PM

ကိုယ့်ပို့စ်ကိုယ် ပြန်ညွှန်းကတည်းက ဒီကလည်း သိလိုက်ပါရဲ့။
အင်ဒီလားဟေ့….. ၀င်ခဲ့လေကွယ်။

sin dan lar - 4/3/09, 7:08 PM

ကိုအန်တင့်တယ်ဒီလား.... :D:D:D

Thant - 4/3/09, 8:19 PM

ပီတိကိုစား အားရှိ၏ ။း)း)

MrDBA - 4/3/09, 9:14 PM

သြော .. အသစ်လားလို့။ ခုနလေးကတင် တစ်ခုဖတ်ပြီးပါတယ်ပေါ့။
ကျွန်တော်တို့လဲ တူတူပါဘဲဗျာ

Nu Thwe - 4/4/09, 8:54 AM

Narcissistic Personality Traits သိပ်များလာမှ Disorder (NPD) ဖြစ်တာပါ။ ဒီလောက်ကလေးနဲ့တော့ ရောဂါ နံမည်တပ် မခံရသေးပါဘူး။ ဆက်ကြိုးစားပါဦး မောင်လေးး)

Moe Cho Thinn - 4/4/09, 9:29 AM

ကိုAndyက သူ့ကိုယ်သူ မောင်တင့်တယ်လို ဖြစ်နေပါပြီ ဆိုတာ ကျနော် လူချောလူလှပါလို့ သွယ်ဝိုက် ပြောလိုက်တာများလား။
လုပ်လိုက်အုံးပေါ့လေ..

Post a Comment

Many thanks for dropping a comment…

Film