Thursday, June 28, 2007

ဆားပုလင်း Wives

Surfing Wife အကြောင်းရဲ့ နောက်ဆက်တွဲလို့လည်း ပြောလို့ရတဲ့ ဆားပုလင်း Wives ပါ။ ဒီတစ်ခါတော့ မိန်းမတင် မကတော့ပါဘူး။ အိမ်ထောင်ရှင်မတွေဆိုတော့ အမေပါ ပါလာပါပြီ။ သူတို့တွေက သတင်းစာတွေ၊ Blog တွေ ဖတ်ပြီး Trace လိုက်တဲ့ အကြောင်းပါ။

အမေက စပြောပါရစေ။ အမေက အပြင်အလုပ် မလုပ်ပါဘူး။ သူ့ဘ၀ တစ်ခုလုံးကို ဒီမိသားစု တစ်ခုလုံးအတွက် Devote လုပ်ထားသူပါ။ ရပ်ကွက်ထဲ ပတ်ပြီးတော့လည်း အတင်းအဖျင်း မပြောတတ်၊ အိမ်ထောင်ရှင်မ အချင်းချင်းတောင် ရွေးပြီးမှ သူငယ်ချင်း ထားတာဆိုတော့ (ရပ်ကွက်ထဲက) တချို့အမေတွေနဲ့ စာရင် အပေါင်းအသင်း နည်းပါတယ်။ အမေနဲ့ ခင်သွားရင် ကျွန်တော်တို့နဲ့ပါ ခင်သွားပါတယ်။ ကျွန်တော်တို့ကလည်း အမေခေါ်သလိုကို `အန်တီ´ တတ်ခေါ်လိုက်တာပဲ။ ဥပမာ `အန်တီ မသီတာ´ လိုမျိုး။ နောက်ပြီး တစ်ပတ်တစ်ခါလိုလို သူ့အမေ (အဘွား) ဆီကို တစ်မိသားစုလုံး သွားကြမယ်။ အမေတို့က မောင်နှမ ၉ ယောက်ရှိပြီး အကုန်လုံးက ရန်ကုန်မှာဆိုတော့ တစ်ယောက်မဟုတ် တစ်ယောက်ကပါ အဘွားဆီလာတော့ အမျိုးတွေနဲ့ တွေ့ရတာပေါ့။ ဒါ့အပြင် အိမ်မှာ နေမယ်ဆိုရင်တော့ သူ့အတွက် Entertainment က သတင်းစာနဲ့ မဂ္ဂဇင်းတွေပဲ ရှိပါတယ်။ အဲဒီတုန်းကတော့ ဂျာနယ်တွေ၊ ကိုရီးယားကားတွေက မပေါ်သေးဘူးလေ။ အမေ့အတွက် မဂ္ဂဇင်းကို စာအုပ်အငှားဆိုင်မှာ ကျွန်တော်တို့က သွားငှား သွားအပ် လုပ်ပေးရပါတယ်။ ကျွန်တော်လည်း အမေဖတ်တာတွေ လိုက်ဖတ်ရင်း အမျိုးသမီး မဂ္ဂဇင်းတွေဖြစ်တဲ့ မဟေသီတို့၊ ကလျာတို့၊ စပယ်ဖြူတို့ကိုတောင် ကြိုက်မှန်းမသိ ကြိုက်မိသွား ပါသေးတယ်။ မဂ္ဂဇင်းဆိုတာကလည်း နေ့တိုင်း ဖတ်ရတာ မဟုတ်တော့ အမေက သတင်းစာကိုတော့ စွဲစွဲ မြဲမြဲ ဖတ်ပါတယ်။

အမေက တရုတ် မဟုတ်ပေမယ့် အများနည်းတူ သတင်းစာကို နောက်ဆုံးကနေ စလှန်ပါတယ်။ နာရေးကြော်ငြာကနေ စဖတ်ပါတယ်။ `ဟယ်...ဘယ်သူတော့ ဆုံးသွားပြန်ပြီ။ ဘယ်ဝှာတော့ ဆုံးသွားပြန်ပြီ။´တို့၊ `ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားပြန်ပြီ´၊ ကလေးက ၂ ယောက်တောင် ရှိတာတို့၊ ဘာတို့က အမြဲကြားနေရပါတယ်။ ဒီလောက်က အသေးအဖွဲပဲ ရှိပါသေးတယ်။ အမေက ဆက်စပ်တွေးခေါ်ပြီး ဖတ်တာပါ။ `ဟင်...ရန်ကုန်မှာနေပြီး သေတော့ ဖြူးမြို့မှာပါလာ.. ရုတ်တရက် သေသွားတာဆိုတော့ ခရီးတွေ ဘာတွေ သွားရင်း သေသွားတာများလား...´တို့။ `လင်မယား နှစ်ယောက်စလုံး အတူတူ ကွယ်လွန်သွားတာပါလား... ကားမှောက်လို့များလား....´တို့။ ဒီမှာကြည့်ပါဦး... GTI က ကျောင်းသားလေးတွေ နာရေးဆိုပြီး ကျောင်းကားပေါ် ကွန်တိန်နာ ပိလို့ သေသွားတဲ့ ကျောင်းသားလေးတွေ အကြောင်းတို့။ အထက်တန်း ကျောင်းသားလေး ၂ ယောက် တပြိုင်တည်း သေသွားတာ... ကျောင်းတွေ ဘာတွေ ပြေးပြီး ရေသွားကူးလို့ ဖြစ်ရမယ်တို့။`အင်း... လူတွေ.. လူတွေ သေသွားမှပဲ မယားနှစ်ယောက် ယူထားတာ ပေါ်တော့တယ်´ဆိုပြီး ကွယ်လွန်သူတစ်ယောက်ထဲ အတွက် မယား ၂ ယောက်လုံးက ကြော်ငြာထည့်ထားတာကို လာပြပါတယ်။ ပြီးတော့ ပြောသေးတယ် `စောင့်ကြည့်နေ.. တစ်လလောက်ကြာရင် ကျွန်မသာ မယားကြီးဖြစ်ကြောင်းတို့ အမွေဆက်ခံခွင့် ကြော်ငြာတွေ လာတော့မယ်´တဲ့။ နောက်တစ်လလောက်နေတော့ လာပြပါတယ်။ ဒီမှာတွေ့လား အမွေ စ လုပြီဆိုပြီး သတင်းစာကြီးကို ထိုးပေးပါတယ်။

အမေ့ မှတ်ဉာဏ်ကောင်းပုံက ထူးဆန်းပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ဖတ်ထားတဲ့ သတင်းတွေ၊ လူတွေကို မှတ်မိတာပါ။ သူက နာရေးတို့၊ အမှုအခင်းကြော်ငြာတို့၊ စေ့စပ် လက်ထပ်တာတို့ကို ခံစား Visualize လုပ်ပြီး ဖတ်တာဆိုတော့ စိတ်ထဲ စွဲနေတာလည်း ဖြစ်မှာပေါ့။ ဟင်... လွန်ခဲ့တဲ့ ၂ လလောက်ကမှာ လက်ထပ်တာ အခု ကွဲသွားပြီဆိုပြီး ကွာရှင်းပြတ်စဲကြောင်းကို ဖတ်ပြီး ပြောပါတယ်။ ပြီး သတင်းစာပုံကို မွှေပြီး မင်္ဂလာ လက်ထပ်ကြော်ငြာကို ပြန်ရှာ ပြန်ဖတ်ပါသေးတယ်။ အမှုအခင်းများဆိုလို့ကတော့ လာထား။ ကိုရီးယားကား အတွဲလိုက် ကြည့်သလိုကို စောင့်ဖတ်တာ။ ဟိုဖက်က ရှေ့နေကတော့ ဘယ်လိုပြောလိုက်တာ.. အဲဒါကို ဒီဖက်က ရှေ့နေက ဘယ်လိုပြန် ချေပလိုက်တာ ဆိုတာကို တစ်နေ့တစ်နေ့ သတင်းစာ စောင့်ဖတ်ပြီး ပြောတာများ တရားရုံးထဲမှာ တရားပြိုင်တာကို ထိုင်စောင့်ကြည့်နေသလိုမျိုး။ အစပိုင်းမှာတော့ ဟင်ဒီလူက ပိုက်ဆံတွေ အများကြီးချေးထားပြီး ပြန်မပေးလို့ ဟိုဘက်က Notice ပေးထားထာ... အဲဒါကို ဒီဘက်က အသရေဖျက်မှုနဲ့ ပြန် တရားစွဲထားတာ.... နောက်တော့ ဘယ်လို ကျေအေးသွားတာဆိုပြီး ကျွန်တော်တို့ကို အမြဲ Update လုပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဖတ်လို့ရအောင်ဆိုပြီး အမှုတွဲတွေကို သတ်သတ် Filing လုပ်ထားပါသေးတယ်။ နှစ်ဘက် အပြန်အလှန် တရားစွဲကြပုံတို့.. -င်--ုံထိပ်ထားက တိုက်ခန်းတွေကို ညာရောင်းထားလို့ တရားဘယ်သူတွေ ၀ိုင်းစွဲထားတာတို့၊ ငွေကြေးအကျိုးဆောင် Company တွေကြောင့် ဘယ်သူတွေ ဘယ်လောက် နစ်နာသွားလို့ တရားဝိုင်းစွဲထားတာကို အဲဒီ Company ကို ချိတ်ပိတ်ပြီး Company ပိုင် ပစ္စည်းတွေကို ဘယ်နေ့က လေလံပစ်ထားတို့ဆိုတာ အတွဲလိုက် ရှိပါတယ်။ တစ်ချို့ဟာတွေတော့ ကျွန်တော့်အတွက် အသုံးဝင်ပါတယ်။ တိုက်ခန်းတွေ ဘာတွေ အ၀ယ်အရောင်းလုပ်ဖို့ သွားကြည့်ပြီဆို လိပ်စာသာ အမေ့ကို ပြောလိုက် ဟဲ့ ဒီတိုက်ခန်းက အရှုပ်အရှင်းမကင်းဘူး...ဟိုတလောကမှာ မယားပါသားက သူ့အပိုင်ပါဆိုပြီး သော့လာခတ်ထားတာကို သမီးအရင်းက တခါးကို ချိုးပြီးဝင်လို့ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲထားတာဆိုရင် .. ကျွန်တော်က OKဆိုပြီး ပွဲစားကို ငြင်းလိုက်ပါတယ်။ အမေ့လောက် နှံစပ်တာ ဘယ်ရှိပါ့မလဲ။ စိတ်ချရတဲ့ သတင်း source ပဲ။

ပြောရင်တော့ ကုန်မှာမဟုတ်ဘူး။ ဒီဟာတွေအပြင် နိုင်ငံရေး ဆောင်းပါးတွေလည်း ဖတ်ပါတယ်။ ဒီဆောင်းပါးရေးတဲ့သူက ဘယ်လို ဘယ်လိုဆိုပြီး ဖောက်သည်ချပါသေးတယ်။ မိုးလေ၀သဆိုရင်လည်း ချောက်မှာ ဒီနှစ်က မနှစ်ကထက် ပိုပူတာတို့။ ဒီနှစ် ရန်ကုန်မှာ မိုးကောင်းမယ်တို့ ဘာတို့ Forecast လုပ်လိုက်ပါသေးတယ်။ အခု စင်္ကာပူကို ခေါ်ထားတော့လည်း Straits Times လေးမ၀ယ်ပေးရင် ၀ယ်ပေးဖို့ ပြောပါတယ်။ ကျွန်တော်တို့က Straits Times ကို စနေနေ့ တစ်နေစာပဲ ၀ယ်ပါတယ်။ Discount တွေဘာတွေ အတွက်ရော၊ အိမ်မှာက အလုပ်လာရှာတဲ့ သူတွေ တည်းလို့ စနေနေ့စာကတော့ ၀ယ်ဖြစ်ပါတယ်။ စနေနေ့စာကလည်း တော်တော်တန်ပါတယ်။ အမျိုးစုံ အထူကြီးပါပဲ။ အဲဒါကို အမေက တစ်ပတ်လုံး ထိုင်ဖတ်ပါတယ်။ အမေက အင်္ဂလိပ်လိုတော့ မပြောတတ်ပေမယ့် အင်္ဂလိပ် သတင်းစာတော့ ဖတ်တတ်ပါတယ်။ ရုပ်ရှင်မှာ Caption ပါရင် နားလည်အောင် ကြည့်တတ်ပါတယ်။ စကားလုံးတိုင်းတော့ ဘယ်သိပါ့မလဲ့။ မလိုရင်တော့ ဒီလိုပဲ ကျော်ဖတ်သွားပါတယ်။ သိမှ ဖြစ်မှာဆိုရင်တော့ ကျွန်တော်တို့ကို မေးပါတယ်။

အမေ့ အမွေကို ဆက်ခံတာကတော့ ကျွန်တော့်ရဲ့ ချစ်ဇနီးပါပဲ။ သူမ ကျတော့ သတင်းစာ မဟုတ်ပါဘူး။ မြန်မာ Blog တွေပါ။ Blog တစ်ခု သိလိုက်ပြီဆို အစကနေ အဆုံးထိ ဖတ်ပါရော။ ပြီးတော့ သူကတော့ ဘယ်နိုင်ငံမှာ ဘယ်လိုကျောင်းမျိုး တက်လာတာတို့ ဘာတို့ကို တောက်လျှောက် လိုက်ပါရော။ ကျွန်တော် ငတုံးလိုမဟုတ်ပါဘူး.. Blog အကုန်လုံးလိုလိုက Identity ကို ဖွက်ပြီး ရေးကြပါတယ်။ Blog ရှင် ကျောင်းသွားတက်တဲ့ နိုင်ငံဆိုတာလည်း ပေါ်တင် ရေးထာတာ ဘယ်ဟုတ်ပါ့မလဲ။ အဲဒီနိုင်ငံရဲ့ အပူချိန်လောက်ပဲ ရေးထာတာတို့ ဘာတို့ ပေါ့။ ဒါပေမယ့် အဲဒီ အပူချိန်နဲ့ သူ့ Blog ကို ဆက်စပ်ပြီး ဘယ်နိုင်ငံဆိုတာကို သူမက ဖေါ်ထုတ်ပါတယ်။ တစ်ခါတစ်ခါကျတော့ သူက အစတုန်းက မြန်မာပြည်က ဘယ်အချိန်မှာ ဘယ်နိုင်ငံကိုရောက်ပြီး ကျောင်းတက်နေတာတို့၊ ဘာလုပ်နေတာတို့ကို ပြောပြပါတယ်။ နောက် ဒီ Blog ရှင်ရဲ့ အသက်က ဘယ်လောက်လောက်၊ အနည်းဆုံးတော့ ကျွန်တော်တို့ထက် ကြီးလား၊ ငယ်လားတို့ကို အထောက်အထား Post တွေပြပြီး ရှင်းပြပါတယ်။

နောက်ပြီး သူကတော့ ဘယ်မှာ အလုပ်လုပ်နေတာတို့ ဘာတို့ကို ရှာဖွေပါသေးတယ်။ Post တွေထဲမှာတော့ တည့်တည့် မပြောထားပါဘူး။ ဓါတ်ပုံကို ကြည့်ပြီး ပြောတာပေါ့။ ဓါတ်ပုံဆိုတာလည်း Blog ရှင်ရဲ့ ရုံးကို ရိုက်ပြထားတာ မဟုတ်ပါဘူး။ ရုံးခန်းထဲက မြင်ရတဲ့ ရှုခင်းပုံလိုမျိုးတွေပါ။ ဓါတ်ပုံရဲ့ Background ကိုကြည့်ပြီး ...ဒီ အဆောက်အဦးတွေကို ဒီအမြင့်ကနေ မြင်နိုင်တာ ဒီပတ်ဝန်းကျင်မှာတော့ ဒီ Building ပဲ ရှိတယ်။ ဒီ Building မှာ လုပ်တယ်ဆိုတော့ နယ်နယ်ရရ မဟုတ်လောက်ဘူး။ ဒီ Building က အထဲဝင်ဖို့တောင် Security က ဘယ်နှဆင့် ဖြတ်ရတာတို့ ဘာတို့။

နောက်ပြီး ဘယ် Blog နဲ့ ဘယ် Blog ကတော့ ဇာတ်လမ်းတွေဖြစ်နေပြီ... သူတို့ ၂ ယောက်တောင် ပေါင်းပြီး Blog ထောင်ထားသေးတယ်။ ဟုတ်လား ... ဘယ်လိုလို့ သိလဲဆိုရင် Trace လိုက်ပုံ လိုက်နည်း ပြပါတယ်။ သူ့တို့ Blog ကနေတော့ တိုက်ရိုက် သွားလို့ မရဘူးလေ... တခြား Blog ကို အရင်သွား... သူတို့ Comment ချထားတဲ့ Post ကို ရှာ.. Comment ကနေ ..Profile ကို Click လုပ်... Profile မှာ သူရေးတဲ့ Blog တွေရှိတယ်.. အဲဒီကနေသွားတဲ့။ သူပြောတဲ့ အတိုင်းလုပ်ကြည့်တော့ တကယ့်ကို Romantic ဖြစ်တဲ့ လှလှပပ လုပ်ထားတဲ့ Blog ချစ်စရာလေးမှာ ကဗျာနုနုလေးတွေ သွားတွေ့ပါတယ်။ ဒီလိုနည်းနဲ့ပဲ ဘယ်သူတွေကတော့ ဘယ် အသိုင်းအ၀ိုင်းထဲမှာ ရေးနေတာတို့ ဘာတို့ လျှောက်ကြည့်ကြပါတယ်။ ဒီ Blog နဲ့ ဒီ Blog က အရင်တုန်းက နော်ဂျိန်ပလေးကြပြီး အခုတော့ စစ်ပြေငြိမ်းသွားကြပြီတို့ ဘာတို့လည်း ရှိပါသေးတယ်။ ဒီလိုနဲ့ Blog တွေကို အနုပညာခံစားဖို့ သတင်းရဖို့ အတွက်တင်မက ကျွန်တော်တို့ ၂ ယောက်အတွက် အပျင်းပြေစရာ ကစားနည်းတစ်ခု (၀ါ) Entertainment တစ်ခု ဖြစ်လို့နေပါတယ်။

အပိုဖတ်ရန်

12 comments:

pandora - 6/28/07, 3:23 PM

ဟိုက် ရှာလပတ်ရည်.. .. သတိထားမှ.. စပိုင်ပန်ဒိုရေမွန်တို့ စပိုင်ဂျစ်တို့တော့ အပြိုင် ဆားပုလင်း ပေါ်လာပြီ..။

Andy Myint - 6/28/07, 3:38 PM
ဟားဟား… အပျော်တမ်းပါ… မကြောက်ပါနဲ့။
imaginary clouds no2 - 6/28/07, 3:51 PM

ကွမ်းစကား စာစုများကဲ့သို့ သော အရသာကို ပေးပါတယ် ။ ရေးတာမိုက်တယ် ။ “အမေက တရုတ် မဟုတ်ပေမယ့် အများနည်းတူ သတင်းစာကို နောက်ဆုံးကနေ စလှန်ပါတယ်။ နာရေးကြော်ငြာကနေ စဖတ်ပါတယ်။ `ဟယ်...ဘယ်သူတော့---

Andy Myint - 6/28/07, 4:22 PM
ကွမ်းစကား စာစု? ညံ့လိုက်တာ မကြားဖူးဘူး။ ကိုယ့်စာကို ပြန်ဖတ်မှပဲ အထားအသိုတွေ မှားနေတာ တွေ့တော့တယ်။ ``အများနည်းတူ သတင်းစာကို နောက်ဆုံးကနေ´´ ဆိုတာထက် `` သတင်းစာကို အများနည်းတူ နောက်ဆုံးကနေ´´ ဖြစ်ရမှာပေါ့။ မတတ်နိုင်တော့ဘူး.. Comment တောင်ရေးပြီးပြီဆိုတော့ မပြင်တော့ပါဘူး
imaginary clouds no2 - 6/28/07, 4:36 PM

Andy ရေ ကျနော် ကတော့ စာရေးရင် စကားပြော သလို ပဲတီးပစ်လိုက်တာ ။ မှားတာဟာ မသေလောက်ရင် သူတပါးကို (ဆိုးဆိုးဝါးဝါးကြီး) မထိခိုက်ရင် ပြီးတာပါပဲ ။ ဘယ်သူကမှလဲ ဒီ ဘလော့ကာ ရေးသလို လိုက်တုပရေးမယ်လို့ မထင်ယုံမက ၊ ယုံကို မယုံကြည်ဘူး ။ ကိုယ်ရဲ့ ပျော်ရွှင်မဟာ ကိုယ်ကို နောက်ထပ်ချည်နှေင်တဲ့ ကြိုးတစ်ချောင်းဇြစ်နေရင် မမိုက်တော့ဘူး ။ အများကို ဂရုမစိုက်တာမဟုတ်ပါဘူး ။

Andy Myint - 6/28/07, 4:40 PM
ဟုတ်တယ်ကွ။ အဟဲ။ လက်က စိတ်နောက်ပါတုန်းလေး ရေးရတာ… ရေးပြီးရင်လည်း ချက်ချင်းဆို ချက်ချင်း တင်ချင်နေပြီ။ မစစ်ဖြစ်တော့ပါဘူး။
imaginary clouds no2 - 6/28/07, 5:38 PM

yes, that it's. u c. my last comment the word " mistake" or "error" only means typing mistakes or grammar mistakes ( english or myanmar ) . but it can lead to other direction and define others meanings. ha ha. .. . it is also the same for " happiness " . sometimes words are not enough to describe the emotion and the feeling. to err is human. ha hhha--:)

Phyo Wai Kyaw - 6/29/07, 2:08 AM

AKM, I like this post. My mom also like that. :)

Andy Myint - 6/29/07, 3:22 PM
အင်း….. အမေ အမေချင်းဆိုတော့ နားလည်တာပေါ့။ `ကျွန်တော်တို့ ငယ်ငယ်တုံးက...´တွေ ဆက်ရေးပါဦးဗျ။ ဖတ်လို့ကောင်းလို့။
SuN - 6/30/07, 4:24 PM

A lot of free time, That's why they can do that.. haha..
What if they are working mom?
Would they even have time to read just a page from newspaper?

Andy Myint - 6/30/07, 6:06 PM
Quite right, SuN.... life of a working mom is so pity.... that why we had to make a hard decision to give up her job....
T T Sweet - 12/4/10, 2:58 AM

ဒီပို့စ်ကို သိပ်သဘောကျတယ်။ ကျွန်မနဲ့ တူနေလို့။ ကိုအန်ဒီ့အမေလိုပဲ စလုံးမှာဖြစ်ဖြစ် နာမည်ကြီးအမှုဖြစ်လို့ကတော့ ရေဆုံးရေဖျား ဖတ်တော့တာပဲ။
ဘလော့ဂ်တွေဖတ်တာလဲ သူမနဲ့တူတယ်။ ခုပဲကြည့် ကိုအန်ဒီ့ဘလော့ကို အစအဆုံးမွှေနေပြီ။ အရင် တစ်ခါမွှေပြီးသားနော်။

Post a Comment

Many thanks for dropping a comment…

Film