Thursday, July 26, 2007

၃၈ဖြာ မင်္ဂလာ

သူငယ်ချင်းလိုလည်း ခင်တဲ့၊ ဆရာတစ်ဆူလိုလည်း မင်တဲ့ တေးအေးရိပ်က Tag လာလို့ ဒီ Post ကို တင်လိုက်ပါတယ်။ အစကတည်းက ရေးဖို့ အစီအစဉ်ရှိပေမယ့် ဒီခေါင်းစဉ်အောက်မှာတော့ မဟုတ်ပါဘူး။ ကလေးအကြောင်းတွေ ရေးနေတာဆိုတော့ ကလေးနဲ့တော့ ပက်သက်ပါမယ်။ ကျွန်တော်က ဘာသာရေးမှာ အားနည်းတော့ အမှားပါသွားရင် တောင်းပန်အပ်ပါတယ်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ယုံကြည်ထားတာတော့ ဒါန၊ သီလနဲ့ ဘာဝနာ ပွားများရင် ကောင်းရာလားပါတယ်။ ကျွန်တော့်အတွက် ဘာဝနာပွားများဖို့လောက်ထိ မတတ်နိုင်သေးပေမယ့် ဒါနကတော့ ကြုံရင်ကြုံသလို လုပ်ဖြစ်ပါတယ်။ သီလကတော့ တစ်ပါးမဟုတ် တစ်ပါး၊ တစ်ပါးပြီး တစ်ပါး နေ့တိုင်း ကျိုးနေပေမယ့် ၅ပါးသီလထဲက တစ်ပါးပါး လုံမယ်ဆိုရင်ကောင်းတယ် ဆိုပြီး တတ်နိုင်သလောက်တော့ ထိန်းသိမ်းပါတယ်။ ခေတ်ကြီးကိုက ရော့ပတ္တမြား ရော့နဂါးဖြစ်နေတော့ ဒီလို သီလလုံလို ဘာအကျိုးများ ထူးမှာလဲလို့ မေးရင်တော့ ဒီလို ဈေးတွက် တွက်တဲ့လူကိုတော့ လောကီကိစ္စတွေနဲ့ ကျွန်တော် ပြောပြလို့တော့ ရပါတယ်။ သေချာတာကတော့ အရက်သောက်ပြီး ကားမောင်းရင် မတော်တဆဖြစ်ဖို့ ပိုများတယ်။ လမ်းလျှောက်ရင်တောင် တည့်တည့်မတ်မတ် လျှောက်နိုင်မှာ မဟုတ်ဘူး။ ကာမေသု မိစ္ဆာစာရာကံ မလုံရင် သာယာတဲ့ အိမ်ထောင်ရေးရနိုင်မှာ မဟုတ်ဘူး။ ဒီလို ဒီလို ခေတ်ကြီးနဲ့ ဆီလျော်အောင်တော့ ပြောလို့ရပါတယ်။

နောက်တစ်ခါ ငါးပါးသီလလိုပဲ လောကီအကျိုးရော၊ လောကုတ္တရာအကျိုးရောပါ များစေမှာကတော့ မင်္ဂလာတရားတော်နဲ့ အညီ နေထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီ ၃၈ ဖြစ် မင်္ဂလာတရားတွေဟာ ဘုရားဟောထားတာလည်းဖြစ်တယ်။ Universal Truth လိုမျိုး ဘယ်လိုတွေးတွေး၊ ဘယ်လို အသုံးချချ ကိုယ့်အတွက် ကောင်းဖို့ ချည်းပါပဲ။ အဲဒီအတွက် ဗုဒ္ဓဘာသာဝင်ရယ်လို့ ဖြစ်လာရင် - ဖြစ်လာရင်ဆိုတာ ဒီလိုပါ။ လူမမယ် ကလေးအရွယ်ကနေ အရွယ်ရောက်ပြီး မှတ်တတ် ကျိုးကြောင်း ဆင်ခြင် တွေးတတ်တတ်တဲ့ အရွယ်ရောက်လာတာနဲ့ ဘုရားရှိခိုးတွေ ဘာတွေ သင်ပြီးတာနဲ့ ၃၈ဖြာ မင်္ဂလာတွေကို ကျက်မှတ်ရပါတယ်။ ကံကောင်းချင်တော့ (လား ဘုရားစာတွေ သီချင်းလို အရပ်ထဲမှာ ရွတ်တာ ဆုတ်ကပ် ဆိုက်လာတာလားတော့ ဉာဏ်မမီပါဘူး) ၃၈ ဖြာ မင်္ဂလာတွေက ကဗျာလေးလို ရွတ်နေလို့ ရတော့ ကလေးတွေ အတွက် မှတ်ဖို့ လွယ်သွားပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဒီလိုပဲ ကျက်လာတာ ဆိုတော့ တချို့ အပိုဒ်တွေ ရင်ထဲမှာ ရှိနေပါသေးတယ်။

ကျွန်တော့်မှာ အင်မတန် ချစ်စရာကောင်းတဲ့ တူမလေးနဲ့ တူလေးတစ်ယောက် ရှိပါတယ်။ တူမလေးက အကြီးပါ။ ပြောရင်တော့ ယုံမှာ မဟုတ်ဘူး။ သူက စကားစပြောတတ်တဲ့ အရွယ်ကတည်းက မေဆွိရဲ့ `မောင်´ VCD ကို ကြည့်ပြီး `မောင်..........´ ဆိုပြီး ဆွဲဆွဲ ငင်ငင် ဆိုတတ်နေပါပြီ။ သူကို ထိန်းတဲ့ ကလေးထိန်း ကောင်မလေးက VCD တွေပြ သီချင်းတွေ နားထောင်၊ လိုက်ဆို လုပ်နေကြတာပါ။ အဲဒီတော့ သူ့အမေ (ကျွန်တော့် အစ်မ တစ်ဝမ်းကွဲ) က ၃၈ဖြာ မင်္ဂလာ ကဗျာရွတ် ပါတဲ့ VCD လေးတစ်ခွေ ၀ယ်ပေးထားပါတယ်။ ပြီးတော့ ည အိပ်ယာဝင်ခါနီးတိုင်း ဖွင့်ပြတော့ ကလေးလေးတွေက လိုက်ဆိုရင်းနဲ့ အကုန် ရသွားပါတယ်။ ကျွန်တော်တို့တောင် ကျောင်းနေပြီး အလယ်တန်းလောက်မှာ ရတာကို သူက မူကြိုတောင် မတတ်သေးပဲနဲ့ ၃၈ ဖြာ မင်္ဂလာကို အလွတ်ရနေပါပြီ။ သားချော့တေးလိုမျိုး ဖြစ်နေတော့ ညအိပ်ခါနီး နားမထောင်ရရင်တောင် ကလေးတွေက ဖွင့်ပေးဖို့ ပြောကြပါတယ်။ ဒါလေးတွေ နားထောင်ပြီး အိပ်ကြတာပါ။ အနောက်တိုင်းက ယုံကြည်ထားတာတော့ ကလေးလေးတွေကို တီးလုံးလေးတွေ သီချင်းငြိမ့်ငြိမ့်လေးတွေ ဖွင့်ပေးထားရင် ကလေးက ပိုတိုးတက်တယ်လို့ပါ။ အဲဒီတော့ ကျွန်တော်တို့ကလည်း FM Radio လေးတစ်လုံကို အိပ်ခန်းထဲ ထည့်ထားပြီး တခါတလေကျရင် တီးလုံးချည်းပဲ လာတဲ့ လိုင်းကို တိုးတိုးလေး ဖွင့်ပေးထားပါတယ်။ သမီးလေး နည်းနည်း ကြီးလာရင်တော့ ရန်ကုန်ကနေ တကူးတကန့် မှာထားတဲ့ ၃၈ဖြာ မင်္ဂလာ VCD လေးကို ဖွင့်ပြရပါဦးမယ်။

၃၈ဖြာ မင်္ဂလာတရားတော် အကြောင်းနဲ့ အနက်ကို မျက်လုံးက ဒီမှာ ရေးထားပါတယ်။

၃၈ဖြာ မင်္ဂလာကဗျာကိုတော့ တေးအေးရိပ်က ဒီမှာ ရေးထားပါတယ်။

ကျွန်တော်က Introvert ဖြစ်တော့ အပေါင်းအသင်းမဆန့်လို့ ကျွန်တော့်ကို Tag Game လာဆော့ရင် မှားမှာပဲ။ Tag Game ပီသအောင်ရယ်၊ သူများ အမြင်ပါ သိရအောင်ရယ်၊ ၃၈ဖြာ မင်္ဂလာ အကြောင်း ပိုသိရအောင်ရယ်တော့ တစ်ယောက်ကို Tag လိုက်မယ်။ သူကတော့ အကြောင်းအရာ အစုံအလင်ကို နိုင်နိုင်နင်းနင်း ရေးနိုင်တဲ့ မဂျစ်တူး ပါပဲ။

Post တင်နေတုန်း ကိုဖြိုးဝေကျော်က ပေါ်လာလို့ သူ့ကိုပါ Tag လိုက်တယ်။ ။

ဂျစ်တူးက ၃၈ဖြာ မင်္ဂလာကို (ငယ်ငယ်ထဲက ဒီရောက်နေလို့) မသိဘူးဆိုတော့လည်း မပန်ဒိုရာကို Tag လိုက်တယ်။

9 comments:

Phyo Wai Kyaw - 7/26/07, 7:23 PM

အောင်ကျော်မြင့်ရဲ့ ဘလော့ကို ဖတ်ရတာလဲ "ဗာဟုသစ္စ၊ သိပ္ပံစ၊ ၀ိနယောစ၊ သုသိက္ခိတော" ဆိုတဲ့ မင်္ဂလာတစ်ပါး နဲ့ အကျုံးဝင်တယ်လို့ထင်ပါတယ်။ ;)

Andy Myint - 7/26/07, 7:24 PM
ဟေ့လူ.. ခင်ဗျားကိုပါ Tag လိုက်ပြီ။
Phyo Wai Kyaw - 7/26/07, 7:26 PM

ဟားဟား.. ပြီးတော့... ဘလော့ရေးတာလဲ အကုသိုလ်တွေလုပ်နေတာနဲ့ စာရင် မဆိုးပါဘူး။ ;)

imaginary clouds no2 - 7/26/07, 11:45 PM

ကျနော် ငယ်ငယ်က ကြိုက်တဲ့ ကာတွန်းစာအုပ( ၃၈ ဖြာ မင်္ဂလာ လို့ထင်တယ်)ကို ခုထိ ကြိုက်တယ်။အခု ပြန် ဝယ်မလို့ ။ ကာတွန်းဆရာကြီး ဦးဖေသိန်း ထင်တယ် ။ အရက် နဲ့ မည်းဖို့ အမြည်းမရှိလို့ မွေးထားတဲ့ နွားရဲ့ လျှာကို ဖြတ် ။ ချက်ချင်း မီးကင် ။ ချက်ချင်း အရက်နဲ့ စားတော့ ။ ကိုယ်ရဲ့ လျှာပါ ပြန် ပြတ်တာ အဲဒိ ကာတွန်း ထဲ ပါတယ်ထင်တယ် ။ စာအုပ် နာမည် တော့ မှားနိုင်တယ် ။ ဒါပေမဲ့ အဲဒါကို မှတ်မိနေတယ် ။ နောက် မျက် မမြင် အမေ ။ အဖေ ကို တောထဲမှာ လူဆိုးတွေက ရိုက်သလို ဟန်ဆောင်ပြီး သားကရိုက်တဲ့ ပုံပြင် ။။

Andy Myint - 7/27/07, 1:11 AM
ခင်ဗျားပြောမှ ကျွန်တော် ပြန်သတိရတယ်။ ဟုတ်တယ်.. ဦးဖေသိန်းရေးတာ။ အရမ်း သရုပ်ပါတယ်။ အဲဒီ နွားလျာ ဖြတ်တာလည်း မှတ်မိသေးတယ်။ နောက်ကြွက်သေ တစ်ခု အရင်းပြုတို့ ဘာတို့။ ဘယ်စာအုပ် ထဲမှာလဲ။ ပေါင်းရေးတာလေ။ သူက အရှေ့ဆုံးမှာ ပါတယ်။
pandora - 7/27/07, 12:13 PM

မတက်လည်း ရေးလို့ရမလား. မင်္ဂလာတရားတော်နှင့်အညီ ဘလောက်ခြင်း ဆိုတာလေး.ရေးလိုက်ရရင်ဘယ်လိုနေမလဲ..

Andy Myint - 7/27/07, 12:16 PM
ရေးလေ ပိုကြိုက်လေပါ။ သတိရပါသေးတယ်။ မအားမလပ်နဲ့ဆိုတော့ အားနာလို့။ အခုမှ Tag တယ်လို့ သဘော ထားလိုက်ပါ။
တေးအေးရိပ် - 7/29/07, 1:42 AM

ကျေးဇူးပဲ ကိုအန်ဒီ
သီချင်း လင့်ခ်ယူသွားတယ်..

sawphonelu - 7/31/07, 2:47 PM

ကာတွန်းဆိုလို့ ဆရာကြီး ဦးဘကြည် ရဲ့ ဇာတ်တော်ကြီး ၁၀ ဘွဲ့ လည်း အရမ်းကောင်းတယ်ဗျ။ အခု ဝယ်လို့ ရ ဦးမလား မသိဘူး။

Post a Comment

Many thanks for dropping a comment…

Film


Files