Thursday, July 26, 2007

ရဲယိုရွက် ငါးပေါင်းထုပ်

စင်္ကာပူမှာ ငါးပေါင်းထုပ် လုပ်စားတယ်ဆိုတော့ ဟုတ်ပါ့မလား တွေးကောင်း တွေးမယ်။ ဒါမှမဟုတ် မလေးရှားက Otah ကိုများပြောတာလား။ သူက ငါးကို ချေပြီး အုန်းနို့တို့ (ဆန်မှုန့်တွေဘာတွေ ပါသေးလားတော့ မသိဘူး) ငရုတ်သီးတို့ ဘာတို့နဲ့ နယ်ပြီးတော့ အုန်းရွက်ထဲ ထည့်ပြီးတော့ ကင်စားရတာလေ။ Otah က လတ်လတ်ဆတ်ဆတ် ဆိုရင် ကျွန်တော် ကြိုက်ပါတယ်။ လမ်းဘေးမှာ ကင်ရောင်းတဲ့ ဟာတွေကတော ဆိုးဆေးတွေများ ပါမလားလို့ ဆိုပြီး မစားပါဘူး။ မလေးက ပြန်လာတဲ့ သူတွေက ၀ယ်လာပေးတဲ့ ဟာကတော့ အင်မတန် ကောင်းပါတယ်။ သူက ပိုများတယ်။ ကော်ဗူးထဲမှာ ထည့်ထားတာဆိုတော့ အုန်းရွက်တွေ ဘာတွေနဲ့တော့ ကင်လို့ မရဘူးပေါ့။ Oven ထဲ ထည့်ပြီး ကင်စား ဖုတ်စားလိုက်တယ်။

ကျွန်တော်တို့ လုပ်စားတာကတော့ မြန်မာ ငါးပေါင်းထုပ်ပါ။ အဓိက လိုအပ်တာ ဖြစ်တဲ့ ရဲယိုရွက်ကို ကျွန်တော်တို့ နေတဲ့ နေရာနားမှာ ခူးလို့ရတော့ လုပ်စားဖြစ်ပါတယ်။ သွားခူးကြတော့ သူမက Environmental Act နဲ့ ငြိပြီး ဒါဏ်ငွေ တပ်ခံရမှာ စိုးလို့ ခပ်လန့်လန့် ဖြစ်နေပါသေးတယ်။ စင်္ကာပူက Fine City ဆိုပြီး နာမည်ကျော် (Notorious) ဖြစ်တာကိုး။ အရွက်ရတော့ ငါးဝယ်ပါတယ်။ ဒီမှာ Toman Fillet ဆိုပြီး ငါးရံ့လိုမျိုး ရှိတော့ အဆင်ပြေပါတယ်။ အရသာကတော့ နည်းနည်းပေါ့ပါတယ်။ ပြီးတော့ စပါးလင်လည်း ဒီမှာ ရနိုင်ပါတယ်။ ဆန်မှုန့်ကတော့ မြန်မာပြည်ကပါ။

ရဲယိုရွက်ကို ရေဆေးပြီး စစ်ထားပါတယ်။ ငါးကို လက်သည်းခွံလောက်ဗျက်၊ လက်တစ်ဆစ်လောက် အရှည်နဲ့ မထူမပါး အတုံးလေးတွေ လှီးထားပါတယ်။ ဆား၊ ဆနွင်း နယ်ထားပါတယ်။ ကြက်သွန်နီကိုလည်း အဲဒီလောက် တုံးထားပါတယ်။ စပါးလင်ကိုတော့ ရင့်တာတွေ ဖယ်လိုက်ပြီး ကြိတ်စက်ထဲ ထည့် ကြိတ်လိုက်ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ နည်းနည်းလည်း ထည့်ရပါတယ်။

ဇလုံကြီးကြီး တစ်ခုထဲမှာ ငါးတုံးတွေကို ထည့်၊ ကြိတ်ထားတာတွေ၊ လှီးထားတဲ့ ကြက်သွန်နီထည့်ပါတယ်။ ဆန်လှော်မှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းစာလောက် ထည့်ပါတယ်။ ငရုတ်သီး အရောင်တင်မှုန်း ၁ ဇွန်း၊ ဆီ ၅ ဇွန်း (နယ်လိုက်တဲ့ အခါမှာ ဆီရွှဲနေရပါမယ်) ငါးပိ လက်တစ်ဆစ်၊ ငံပြာရည် နည်းနည်း၊ ဆားနည်းနည်း သင့်တော်သလို ချိန်ထည့်ပြီး နှံနေအောင် နယ်ပါတယ်။

ရေဆေးထားတဲ့ ရဲယိုရွက်ထဲကို ထည့်ပြီး ထုပ်ပါတယ်။ ကျွန်တော်တို့ကတော့ Sandwich Bag ပလတ်စတစ်အိတ် သေးသေးလေးတွေထဲကို ထည့်ပြီး ထုပ်ပါတယ်။ အယူသည်းရင်တော့ Plastic က ကင်ဆာဖြစ်မှာ စိုးရင် ဖက်နှစ်ရွက်ကို သွားကြားထိုးတံနဲ့ လုံအောင် ထုပ်လည်း ရပါတယ်။ ဆီတော့ နည်းနည်း ယိုပါမယ်။ ဒီလို ပလတ်စတစ်နဲ့ လုပ်လို့ အန္တရာယ်ရှိလည်း ဆေးလိပ်တစ်ဘူး သောက်သလောက်တော့ ဖြစ်မယ် မထင်ပါဘူး။ ထားပါတော့။ ပြီးတော့ Rice Cooker မှာ ပါတဲ့ ပေါင်းချောင်နဲ့ ထည့်ပြီး နာရီဝက်ကျော်ကျော်လောက် ပေါင်းပါတယ်။ ပြီးရင်တော့ ဆန်မှုန့်တွေက ကျက်သွားလို့ လုံးနေပြီး အရသာ လေးလေး ငါးဖတ်တွေရယ်၊ ကြက်သွန်နီဖတ် ချိုချိုရယ်ကို ဆီနဲ့ အိနေတဲ့ ရဲယိုရွက်နဲ့ စားလို့ရပါပြီ။ ချောင်းဆိုးနေရင်တော့ ရဲယိုရွက်က ကောင်းတယ်တဲ့။ မကြိုက်ရင်လည်း ဖယ်စားလို့ ရပါတယ်။

11 comments:

TMH - 7/27/07, 11:05 AM

Wowwww....look so delicious..yummy. I wish I was there. lol.

Andy Myint - 7/27/07, 11:22 AM
Yeah? even marinated one looks delicious, huh… wish y'all were here.
sawphonelu - 7/28/07, 12:52 PM

ရှလွတ် ရှလွတ် အားယိုး

ဂျစ်တူး - gyit_tu - 7/29/07, 2:35 AM

အဟီ အမကိုပြောလိုက်ပါ.. မကြောက်ပါနဲ့လို့.. ဒီမှာ ဒူးရင်းပင် ကျက်မောက်သီးပင်တွေကို လူလစ်ရင် လစ်သလို ခူးကြတာ ရှိသေး ။ ဒါနဲ့ ရဲယိုရွက်ဆိုတာ အင်္ဂလိပ်လို ဘာလဲ သိလားဟင်.. တခါမှ မစားဖူး မကြားဖူးပါ

Andy Myint - 7/29/07, 12:58 PM
ဟုတ်လား... သရက်သီးလည်း ခိုးခူးဖူးတယ်.. အဟီး။ ရဲယိုရွက်က morinda လို့ခေါ်တယ်ထင်တယ်။
ဂျစ်တူး - gyit_tu - 7/29/07, 4:19 PM

ကိုအင်ဒီရေ.. Jurong west ဘက်မှာ ကြက်မောက်ပင်တွေ အများကြီးပဲတဲ့ ။ သူငယ်ချင်း ၂ယောက်ဆို ညနေစောင်း မှောင်ရီပျိုးမှာ.. သွားခူးတာ.. အတော်စားလိုက်ရတယ်.. အရမ်းချိုတယ်ပြောတာပဲ ၊ ဆိုင်က ၀ယ်တာနဲ့ တခြားစီတဲ့း) အဲလို ခိုးခူးရတာ ပျော်စရာကြီး ။ ဂျစ်တူးရဲ့ ဘ၀မှာ မလုပ်ဖူးသေးတာတွေထဲ အဲဒါပါတယ် ။ တနေ့တော့ လုပ်ဦးမှပါ အဟီ ။

ဒူးရင်းသီးကတော့ အများအားဖြင့် နည်း၂ တောအုပ်လေးလို ဖြစ်နေတဲ့ နေရာတွေမှာ ရှိတယ် ။ ခူးလို့မရပါ.. ကြွေတာစောင့်ကြပြီး အမြန်သုတ်ကြတာပေါ့ ။

ဒီရောက်စက ပိန်းနဲသီးပင်တွေရှိတဲ့ Jurong West ဘက် နေဖူးတယ် ။ အဲဒီက ပိန်းနဲသီးအကြွေတွေကို ကြောက်၂နဲ့ ကောက်စားတာ.. ချိုလိုက်တာ အရမ်းပဲ.. ။

သရက်သီးကတော့ ဗမာနီးပါး ခူးဖူးကြတယ် ။ အဲဒီထဲလည်း ဂျစ်တူး မပါသေး ။ နောက်ထပ် လုပ်စရာတခု တိုးပြီ ။

ရဲယိုရွက်ပုံတွေတွက် ကျေးဇူးပဲ အကိုရေ.. ။ အဲဒါနဲ့ ငါးပေါင်းရတယ်လို့ မသိ ။ မားသားကို ပြောလိုက်ဦးမယ်း)

ရှင်မင်း - 9/11/08, 5:17 PM

ရဲယိုရွက် ဘယ်လိုရှာရပါ့ ကိုအန်ဒီရေ၊ စားချင်စဖွယ်လေးပဲ။
အိမ်ကိုတောင်လွမ်းလာပြီ။

Andy Myint - 9/15/08, 4:48 PM
ဟုတ်သားပဲ ရှင်မင်းရေ.. ရဲယိုရွက်ကတော့ ရှာရ မလွယ်ဘူး.. အထူးသဖြင့် ရှင်မင်းတို့ နေတဲ့ နေရာမှာ...
Anonymous - 6/22/09, 6:08 PM

ကို အန်ဒီရေ..
မနေ့ကမှ ရွက်ယိုရွက် ငါးပေါင်းထုတ် ပေါင်းစားတယ်... ဒီနေ့မှ ကိုအန်ဒီ ပို့စ်ကိုမြင်တာ။ အမျိုးသားက သူ့အလုပ်နားက အပင်က ခူးလာတာတဲ့။ သူကမခူးတက်တော့ အရွက်ကသေးသေးလေးတွေနဲ့ နည်းနည်းလေး။ toman fillet တဗူးကုန်အောင် မနည်းထုတ်ယူရတယ်။ အရှေ့  က ထုတ် အနောက်က ပေါက်နဲ့။ ကိုအန်ဒီနဲ့ ငါးသုံးတာတူတယ်။ စပါးလင်က ထည့်ရမှန်းမသိတော့ မပါဘူး။ ဂျင်းနဲ့ ကြက်သွန်ဖြူကိုတော့ သေချာထောင်းတယ်။ ငါးအသားကိုပါ မာသွားအောင် ဆုံထောင်းထဲ ထည့်ထောင်းတယ်။ နဲနဲမာသွားတော့ ပိုစားကောင်းတယ်ထင်တယ်။ ငပိတော့ မထည့်ဘူး။ ဆားနဲ့ပဲ။ ဆန်မှုန့်ကတော့ ဒီက ထိုင်းဆန်ကို ကိုယ့်ဖက်ကိုယ် လှော်လိုက်ပြီး အမျိုးသားက blender နဲ့ ညက်နေအောင် ကြိတ်ပေးတော့ ဆန်မှုန့်က လတ်လတ်ဆတ်ဆတ်လေး။ မစားရတာကြာလို့လားမသိဘူး။ ကိုယ့်ကို လုပ်ပြီး ကိုယ့်ကို စားလို့ အရမ်းကောင်းနေတယ်။ အမျိုးသားကလဲ အားပေးပါတယ်။ ဖြစ်တယ်တဲ့။ အခု အရွက်ထပ်မှာထားသေးတယ်။ ဒီတခါ ပုဇွန်နဲ့ ထုတ်စားမလို့လို့။ အမျိုးသားကပြောတယ်။ မိန်းမ fine ထိရင် ၃၀၀ အနည်းဆုံးဖြစ်သွားပြီတဲ့။ :)

:P - 11/2/10, 1:11 PM

ရဲယိုရွက်ရလို့ ငါးပေါင်းထုပ်လုပ်စားမလို့ ဂူဂဲလ်လိုက်တာ
ကိုအန်ဒီ့ ဒီပို့စ်နဲ့
http://www.myanmarnewszone.com/food-and-body/1003-2010-03-20-02-00-52.html
ဒီဟာနဲ့က ဥာဏ်ချင်းထပ်နေတာ တွေ့လိုက်ရတယ်..
ဖတ်နေရင်းနဲ့ ဝီရှီမီနဲ့ တူလှချည်လား ထင်နေတာ... ဟိဟိ ..

ပလတ်စတစ်နဲ့ ထုပ်နည်းတော့ သူကူးမထားဘူး...

:P - 11/2/10, 1:28 PM

ဒါ့ပုံတော့ မတူပါဘူးလေ..

Post a Comment

Many thanks for dropping a comment…

Film


Files