Sunday, July 15, 2007

သမီးလေး ဖွားစဉ်က (၁)

မတ်လ - ၂၄ရက် - နံနက် ၁၁ နာရီကျော်ကျော်

ကိုယ်ဝန် ၃၇ပတ်နဲ့ ၃၈ပတ်ထဲမှာ ရက်ချိန်းထားတဲ့ အတိုင်း ဆေးခန်းသွားပြတော့ ဆရာဝန်က စမ်းကြည့်ပြီး ရေမြွှာအိတ်ထဲမှာ ရေနည်းနေတယ်တဲ့။ ဒါဆို ကလေးအတွက် မကောင်းဘူး။ ကလေးကို တစ်ပတ်အတွင်းမှာ မွေးရမယ်ဆိုပြီး နောက်တစ်နေ့ကနေ တစ်ပတ်အတွင်း ရက်တစ်ရက် ရွေးခိုင်းပါတယ်။ ရုတ်တရက်ဆိုတော့ နှစ်ယောက်စလုံး နည်းနည်း လန့်သွားပေမယ့် အိမ်ကို ဖုန်းဆက်လိုက်တော့ အမေ့က မြန်မာပြက္ခဒိန် ကြည့်ပြီး နောက်တစ်ပတ် သောကြာနေ့ (၃၀ ရက်နေ့) ကို ရွေးလိုက်ပါတယ်။

ဆေးခန်းကပဲ ဆေးရုံကို အကြောင်းကြားပြီး ရက်ယူထားပါတယ်။ တစ်ယောက်တည်း အခန်းထက် ပိုက်ဆံအကုန်အကျ ပိုသက်သာတဲ့ 2-Bedded Room ကိုယူမယ်ဆိုတော့ ဆရာဝန်က ဒါဆို ဈေးအသက်သာဆုံး 4-Bedded ယူတဲ့... အဲဒီ ဆေးရုံမှာ ပုံမှန်အရ ဈေးနှုန်းတွေ သတ်မှတ်ထားရပေမယ့် 4-Bedded အခန်း မရှိတော့ 2-Bedded ကိုပဲ 4-Bedded ဈေးနှုန်းနဲ့ ရတယ်ဆိုတော့ ယူလိုက်ပါတယ်။ ဆေးရုံကလည်း ဆရာဝန် ထိုင်တဲ့ထဲက ကိုယ်ကြိုက်တာ ရွေးလို့ရပါတယ်။ ဈေးနည်းနည်း သက်သာပြီး ကောင်းတဲ့ Thomson ဆေးရုံကိုပဲ ရွေးလိုက်ပါတယ်။ ဆရာဝန်ကလည်း အကြံပေးလိုက်ပါသေးတယ်။ ဆေးရုံကို ၂၉ရက်နေ့ ညသန်းခေါင်မှ သွားပြီး ၃၀ရက်နေ့ကျမှ Admission လုပ်ပါတဲ့။ တစ်ရက်စာ သက်သာပါတယ်တဲ့။

၂၉ရက်နေ့ - ည ၁၁နာရီခွဲ

တစ်ပတ်လုံး အင်တာနက်မှာ ရှာပြီး ဆေးရုံသွားရင် ဘာတွေ ယူသွားရမယ်ဆိုတာ ကြည့်ထားတော့ လိုအပ်တာတွေ အကုန် ထုတ်ပိုးပြီးသွားပါပြီ။ ထွေထွေထူးထူးတော့ မလိုပါဘူး။ ကလေးအတွက်လည်း ဆေးရုံက အကုန်ပေးတာဆိုတော့ ပြန်ဆင်းမယ့်နေ့ ၀တ်ဖို့လောက်ပဲ ယူသွားစရာလိုပါတယ်။ သူမကလည်း နေ့လည်ထဲက ခေါင်းတွေ ဘာတွေလျှော်၊ ခြေသည်း လက်သည်းညှပ်ပြီး ထားပါတယ်။ နောက်ရက်တွေဆို လုပ်ဖို့ မလွယ်တော့ဘူးလေ။ ကျွန်တော်လည်း အင်္ဂုလိမာလသုတ်ကို အပြီးသတ် ကျက်ပြီးပါပြီ။

အဲဒီနေ့က စင်္ကာပူကို မိသားစုဝင်တော်တော်များများ ရောက်နေပေမယ့် ဆေးရုံကို ကျွန်တော်တို့ နှစ်ယောက်ပဲ ကားငှားပြီး သွားလိုက်ပါတယ်။ ဆေးရုံရောက်တော့ ၁၂နာရီ မကျော်သေးလို့ ထိုင်စောင့်နေတုန်း Register လုပ်မယ်ဆို လုပ်လို့ရပါပြီတဲ့။ ကျွန်တော်တို့လိုပဲ လာကြတာဆိုတော့ ဆေးရုံက တစ်နာရီစောပြီး ၁၁နာရီထဲက Register ပေးလုပ်ပါတယ်တဲ့.. နောက်နေ့ကျမှ စပြီး ပိုက်ဆံကောက်ပါတယ်ဆိုတော့ Register သွားလုပ်ပါတယ်။ CPF (ပင်စင်စုငွေလိုမျိုး) Account တွေဘာတွေကို ကြည့်ပါတယ်။ စရံ ၁၅၀၀ ကို တစ်ခါတည်း Charge လုပ်ပါတယ်။ ဖောင်တွေကို တော်တော်ကြာကြာ ဖြည့်လိုက်ရပါတယ်။

ပြီးတော့ သူမကို တစ်နေရာ ခေါ်သွားပြီး နာစ်မတွေက သွေးပေါင်ချိန်ပြီး ပင်ကိုယ် ကျန်းမာရေးကို အပေါ်ယံ စစ်ပါတယ်။ သွေးအမျိုးအစားတို့၊ Drug Allergy တို့ ကောက်ယူထားပါတယ်။ Bactrim နဲ့ မတည့်ဘူးဆိုတော့ Bactrim က အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ရင် သောက်ရတာဆိုတော့ ဆီးလမ်းကြောင်း ဘာဖြစ်ဖူးလဲပါ မေးပါတယ်။ ပြီးတော့ သဘာဝအတိုင်း ဗိုက်နာလို့ မွေးတာမဟုတ်ပဲ သားအိမ်ကြွက်သားတွေကို ပျော့အောင် သားအိမ်ဝ ပွင့်အောင် Induce Labour နဲ့ မွေးမှာဆိုတော့ ညကတည်းက ဂျယ်တစ်မျိုးကို မွေးလမ်းကြောင်းထဲ ထည့်လိုက်ပါတယ်။ ပြီးတော့မှ နေရမယ့် အခန်းကို လိုက်ပို့ပါတယ်။

2-Bedded ဆိုတော့ အခန်းထဲမှာ မွေးပြီးသား ကလေးအမေ တစ်ယောက်ရှိနေပြီးသားပါ။ ည ၁ နာရီ ကျော်ကျော်ဆိုတော့ သူလည်း ကောင်းကောင်း အိပ်နေပေမယ့် ကျွန်တော်တို့ လာတော့ နိုးသွားပါတယ်။ အခန်းက အနေတော် ကျယ်ပါတယ်။ ကျွန်တော်တို့က အတွင်းဘက်မှာပါ။ ကုတင်ဘေးက ထိုင်ခုံမှာ အိပ်မလို့ စိတ်ကူးပြီးမှ နာစ်မက စောင့်ချင်ရင် လူနာစောင့် အခန်းမှာ သွားစောင့် ဆိုလာပါတယ်။ ၁ယောက်ခန်းနဲ့ ဈေးတော်တော်ကွာတာ ဒီအချက်ကြောင့်ရောပါ။ တစ်ယောက်ခန်းဆို လာစောင့်တဲ့သူ အိပ်ဖို့ ကုတင် သေးသေးလေး တစ်လုံးပါ ပါပါတယ်။ လူနာစောင့်ခန်းထဲ သွားကြည့်တော့ တော်တော်ကောင်းပါတယ်။ ဆက်တီတွေ၊ တီဘီတွေ၊ ကော်ဖီစက်တွေ ဘာတွေနဲ့။ အဲဒီမှာ နေကြည့်လိုက်ပါသေးတယ်။ အဲကွန်းက အရမ်းအေးတာရယ် ဆက်တီပေါ်မှာ အိပ်ကြည့်တော့ အဆင်မပြေတာရယ်ကြောင့် အိမ်ပဲပြန်လာပါတယ်။ ဆေးရုံမှာ အိပ်တာ အဆင်မပြေရင် အိမ်ပြန်မယ် သူမကို ပြောခဲ့တော့ ထပ်မပြောတော့ပါဘူး။ ဒီအချိန်လောက်ဆိုလည်း အိပ်ပျော်နေလောက်ပါပြီ။ ကားငှားနေချိန်မှာ နာရီ ကြည့်လိုက်တော့ ည ၂ နာရီ ကျော်နေပါပြီ။

ဆက်ရန်...

6 comments:

imaginary clouds no2 - 7/15/07, 3:28 PM

အန်ဒီ ဒီလို သေသေချာချာ အသေးစိတ်ရေးတာ ကျနော်မဖတ်ဖူးဘူး ။ သိသင့်တာတွေ ကို ရှယ်လုပ်တာမိုက်တယ် ။ ဒီ ကိစ္စ က အရေးကြီးတဲ့ဟာပဲ။

ဂျစ်တူး - gyit_tu - 7/15/07, 8:51 PM

ဟိုက် မိန်းမကို တယောက်တည်း ထားခဲ့တာလာဟင် ။ အမက သတ္တိရှိလိုက်တာ ။ ကျမသာသူ့နေရာဆိုရင် .. နေရဲမှာမဟုတ်ပါ ။

အောင်မလေး ကလေးတယောက်မွေးဖို့ မလွယ်ဘူးနော် ။

အမရဲ့ ကိုယ်ဝန်ဆောင် အတွေ့ အကြုံတွေရေးပါဦး ။ မိခင်တွေအတွေ့ အကြုံသိချင်တာ သက်၂ပါ.. တခြား အကြောင်းမရှိပါ အဟီး ။

Andy Myint - 7/15/07, 11:11 PM
နောက်နေ့ အတွက် အားမွေး ထားတာလေ.. တကယ်လည်း ပြန်လိုက်တာ မှန်သွားတယ်။

အတွေအကြုံတွေ သိချင်လည်း ရပါတယ်.. Apply လုပ်မယ်ဆိုလည်း ရပါတယ်.. ဟဲဟဲ။
ဂျစ်တူး - gyit_tu - 7/16/07, 1:17 AM

အဟီး apply တော့မလုပ်ပါရစေနဲ့ဦး ။

ဒါနဲ့ seen be seen ကိုလည်း ရေးဖို့ တိုက်တွန်းပါဦး ။ သူလည်း ကြက်ဥလိုနေဖို့ ကြိုးစားမယ်ဆိုပြီး ကြက်ဥဖြစ်သွားလား မသိး)

heain heain - 8/30/14, 5:41 PM

ကလေးမွေးဖို့ ဆေးရုံသွားရင် ဘာတွေယူသွားရမလဲ....?

heain heain - 8/30/14, 5:42 PM

ကလေးမွေးဖို့ ဆေးရုံသွားရင် ဘာတွေယူသွားရမဲ....?

Post a Comment

Many thanks for dropping a comment…

Film


Files