Monday, July 16, 2007

သမီးလေး ဖွားစဉ်က (၂)

၃၀ရက်နေ့ - မနက် ၆နာရီခွဲ

ညကတည်းက မနက် ၇ နာရီ နှိုးစက်ပေးထားပေမယ့် သူမက နည်းနည်းစောပြီး ဖုန်းခေါ်လာပါတယ်။ သူ့ကို လာခေါ်သွားပြီဆိုပြီး ဆေးရုံ လိုက်ခဲ့ဖို့ပါ။ ကျွန်တော်လည်း ကမန်းကတန်း ထပြီး ဆေးရုံကို အမြန်ပြေးပါတယ်။ ဆေးရုံရောက်တော့ သူမကို အခန်းထဲမှာ မတွေ့တော့ပါဘူး။ ဆေးရုံမှာက Delivery Ward နဲ့ Nursing Ward က ခွဲထားတာပါ။ အဲဒါနဲ့ Delivery Ward ကို လိုက်သွားပါတယ်။ အဆောက်အအုံကတော့ တစ်ခုတည်းမှာပါပဲ။ သူက အထွေထွေ မဟုတ်ဘဲ မီးယပ်သားဖွားနဲ့ ကလေးအထူး တစ်ခုတည်းဆိုတော့ ရန်ကုန်က SSC လောက်တော့ မကြီးပါဘူး။

သူမကို အစောကြီးကတည်းက လာနှိုးပြီး ရေမိုးချိုးခိုင်းပါတယ်။ ပြီးတော့ Delivery Ward ကို ခေါ်သွားပြီး ၀မ်းချူပါတယ်။ ပြီးမှ ဆရာဝန်ကြီး ကိုယ်တိုင်လာစစ်ပြီး ရေမြွှာအိတ် ဖောက်ပေးသွားပါတယ်။ သူများတွေ မမွေးခင် ရေမြွှာအိတ်ပေါက်တာ ရေတွေ ဝေါကနဲ ဝေါကနဲ ကျတယ်ဆိုတာကို ကြားပြီး သူမက လန့်နေပေမယ့် တကယ်တမ်း သူမအလှည့်မှာတော့ ရေနည်းနည်းပဲ ကျလာပါတယ်။ ပြီးတော့ Induce လုပ်တဲ့`ဆေး´ (ဟော်မုန်းလား ဘာလားတော့ မသိပါဘူး ဆေးပဲဆိုပါတော့) ပါတဲ့ IV (အကြောဆေး) သွင်းပါတယ်။ ပြီးတော့ ဆရာဝန်ကြီးက `အေးအေးဆေးဆေးပဲ ညနေကျမှ မွေးမှာ´ ဆိုပြီး ပြောကာ နာစ်မတွေနဲ့ ထားသွားပါတယ်။ သားဖွား ဆရာဝန်တွေနဲ့ ဆေးရုံနဲ့က ချိတ်ထားတာလေ။ ကျွန်တော်တို့က ဆရာဝန်တွေဆီက Professional Service ကိုယူပြီး ဆေးရုံက Nursing Service နဲ့ Facilities အတွက် သက်သက် ပေးရတာပါ။

အဲဒီအချိန်မှာ သူမမျက်နှာမှာ စိုးရိမ်မှုတွေကို အထင်းသား မြင်နေရပေမယ့် တခြား စိုးရိမ်စရာတော့ မရှိပါဘူး။ ညကလည်း ကောင်းကောင်း အိပ်ပျော်ထားတော့ လန်းလန်းဆန်းဆန်း ရှိပါတယ်။ ဒါပေမယ့် ဆရာဝန်က ဘာမှ စားခွင့် မပေးထားပါဘူး။ ဒီလိုပဲ ကုတင်ပေါ်မှာ ပိုက်တန်းလန်းနဲ့ လှဲနေရုံပါပဲ။

မနက် ၁၁ နာရီ

ဒီအတိုင်းပဲ တည်တည်ငြိမ်ငြိမ်ဆိုတော့ ကျွန်တော်လည်း အပြင်ထွက်ပြီး မနက်စာနဲ့ နေ့လည်စာကို ပေါင်းစားလိုက်ပါတယ်။ ပြီးတော့ သူမဆီ ပြန်လာပါတယ်။ သူမကတော့ နိုးတ၀က်၊ အိပ်တ၀က်ပါပဲ။ Delivery Ward မှာမှ ဒီလို ကလေး`ချူ´ထားတဲ့သူတွေကို ထားတဲ့နေရာရယ်၊ အမှန်အကန် မွေးခန်းတွေရယ် ရှိပါတယ်။ Labour Room နဲ့ Birth Room ဆိုပြီးခွဲထားတာပါ။ စစ် စကားနဲ့ ပြောရမယ် ဆိုရင်တော့ Staging Area မှာ ပြင်ထားပြီးမှ ကလေး အမေတွေ တစ်ယောက်ပြီး တစ်ယောက် သူ့ဆရာဝန် ကိုယ့်ဆရာဝန်တွေနဲ့ ရှေ့တန်းကို ထွက်ကြသလိုမျိုး မွေးခန်းထဲကို သွားကြတာပေါ့။ မွေးပြီးသွားရင် ယောက်ျားတွေက တောင်ကုန်းတစ်ကုန်း သိမ်းလို့ရသွားတဲ့ တပ်ရင်းမှူးတွေလို နောက်တန်းကို စကားပြောစက်တွေနဲ့ လှမ်း အကြောင်းကြားကြပေါ့။

Labour Room က မနက်က ကလေးနှလုံးခုန်သံ ထုတ်ထားတဲ့ စက်တွေဆီက ဘုတ်ဘုတ်..ဘုတ်ဘုတ်... အသံတွေကလွဲရင် တိတ်နေသလောက် မွန်းလွဲပိုင်းမှာ အသက်ဝင်လာပါတယ်။ ဘေးနားက အမျိုးသမီးက အသားကုန် အော်ပါတော့တယ်။ အမေရေကယ်ပါ... အဖေရေကယ်ပါ ဆိုပြီး မျိုးစုံ အော်ပါတော့တယ်။ သူမလည်း အသံတွေကြားတော့ မှိန်းနေရင်း နားစွင့်နေပါတယ်။ သူမကတော့ ဘာမှ မဖြစ်သေးဘူးဆိုပေမယ့် သူများတွေ အဲဒီလောက် နာနေတာ အော်နေတာကို ကြားပြီး နည်းနည်းတော့ ကြောက်လာပါတယ်။ နောက်ဆုံး အဲဒီ မိန်းမက Epidural (ထုံဆေး) ယူလိုက်တော့မှပဲ အသံတိတ်သွားပါတော့တယ်။ တကယ်တော့ Epidural နဲ့ မွေးမလားဆိုတာ ဆေးရုံတင်ကတည်းက ကြိုပြောထားလို့ရပါတယ်။ Painless Labour လို့လည်း ခေါ်ပါတယ်။ အေးဆေး ကလေးမွေးပေါ့။ ယူမယ်ဆို အစကတည်းက ယူတာ ပိုတန်တာပေါ့။ နာကျင်တာကို စိုးစဉ်းမျှ မခံစားရတော့ဘူးပေါ့။ ကျွန်တော်တို့ကတော့ ထုံဆေးယူရင် ခါးနာတာတို့ ဘာတို့ ဖြစ်တတ်တယ် ဆိုတာကြောင့် မယူဘူး၊ ဒီအတိုင်းပဲ မွေးကြည့်လိုက်ဦး မယ်ဆိုပြီး ကြိုမပြောထားတော့ပါဘူး။

4 comments:

imaginary clouds no2 - 7/16/07, 3:30 AM

စစ် စကားနဲ့ ပြောရမယ် ဆိုရင်တော့ Staging Area မှာ ပြင်ထားပြီးမှ ကလေး အမေတွေ တစ်ယောက်ပြီး တစ်ယောက် သူ့ဆရာဝန် ကိုယ့်ဆရာဝန်တွေနဲ့ ရှေ့တန်းကို ထွက်ကြသလိုမျိုး မွေးခန်းထဲကို သွားကြတာပေါ့။ မွေးပြီးသွားရင် ယောက်ျားတွေက တောင်ကုန်းတစ်ကုန်း သိမ်းလို့ရသွားတဲ့ တပ်ရင်းမှူးတွေလို နောက်တန်းကို စကားပြောစက်တွေနဲ့ လှမ်း အကြောင်းကြားကြပေါ့။


အန်ဒီ ကို ကျနော်ပြောချင်တာ အဲဒါ ပေါ့ ။ ကျနော် အတွက်တော့ ဘယ်ဟာ ပို ကောင်းသလဲဆိုတာ ခက်တယ် ဆို တာ တကယ်ပြောတာပါ ။ အခု ထုတ် ထားတဲ့ စာကို သာကြည့် ။ ကျနော် အဲသလို စာမျိုးမဖတ် ဖူးဘူးဆိုတာ တကယ်ပါ။

Andy Myint - 7/16/07, 11:57 AM
ဟိုက်ရှားဘား…. ခင်ဗျားလို စာဖတ်များတဲ့ လူက ဒီလို ဆိုလာတော့ ကျွန်တော်တောင် သွေး နားထင် ရောက်သွားပြီ။
ဂျစ်တူး - gyit_tu - 7/18/07, 12:12 AM

အဟဲ ကိုမောင်တိန်ပြောတဲ့ စာကြောင်းတွေကို အကြိုက်ဆုံးပဲလို့ ပြောမလို့.. ကိုမောင်တိန်က ဦးသွားတယ် ။

epidural ထိုးတဲ့အခါ ၊ ထိုးထဲ့နေရာမမှန်ရင် ၊ ထိုးတဲ့အချိန်မမှန်ရင် ၊ ထိုးတဲ့ပမာဏမမှန်ရင် ၊ နာတာကို မထိရောက်ဘူးလို့ ပြောတယ် ။ အဆိုးဆုံးကတော့ ထိုးတဲ့နေရာမမှန်ရင် နောက်ပိုင်း မိုးအေးတိုင်း ခါးနာတတ်တယ်တဲ့ ။

ကျမအရင်အလုပ်က မိန်းမက ကလေး ၂ယောက် အမေလေ ။ ဒါကြောင့်သိနေတာ ။

အစ်မက epidural မထိုးတဲ့ သတ္တိကို ထပ်လေးစားတယ် ။

Andy Myint - 7/18/07, 12:57 AM
မဂျစ်တူးက ပိုတောင် သိနေသေးတယ်။ ကောင်းတယ်။

ပထမတော့ မထိုးဘူးနေတာ နောက်တော့ ဘယ်လိုမှ မနေနိုင်လို့ ယူလိုက်ရတယ်လေ။ မလိုအပ်ရင် မထိုးတာ ကောင်းတာပေါ့။

Post a Comment

Many thanks for dropping a comment…

Film


Files