Tuesday, July 17, 2007

သမီးလေး ဖွားစဉ်က (၃)

မွန်းလွဲ ၂ နာရီ

သူမလည်း စတင်ပြီး `ဗိုက်´နာလာပါပြီ။ သားအိမ် စပွင့်လာတာပါ။ စီနီယာ နာစ်မတွေက လာပြီး တိုင်းတိုင်းသွားပါတယ်။ ၁၀ စင်တီမီတာ ပွင့်ရမှာ အခုမှ ၂ စင်တီလောက်ပဲ ပွင့်ပါသေးတယ်။ တဖြည်းဖြည်း ပိုပွင့်လာလေ နာကျင်မှု ပိုပြင်းလာလေပါပဲ။ သွားဆေးခန်းတွေမှာလို နာကျင်တာပျောက်စေဖို့ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင် ရောထားတာကို ရှူဖို့ ဂက်စ်ပိုက်က ခေါင်းရင်းမှာ အသင့်ရှိပါတယ်။ အရမ်းနာလာတဲ့ အခါကျရင် လှမ်းယူပေးပြီး ရှူလိုက်တာပေါ့။ တစ်ခါရှူလိုက်ရင် တစ်ခါ သိသာပါတယ်။ သူမ ချက်ချင်းကို မိန်းမူးသွားပြီး သတိလက်လွတ် ဖြစ်ဖြစ်သွားပါတယ်။ အနာတော့ သက်သာသွားပါတယ်။ တဖြည်းဖြည်းနဲ့ သားအိမ်က ပိုပွင့်လာလေ ပိုနာလာလေပါပဲ။ ၄ စင်တီလောက် ပွင့်ပြီးတော့ တော်တော်ကို နာလာပါတယ်။ ဂက်စ်ပိုက်တွေ ဘာတွေ လှမ်းမယူနိုင်တော့ပါဘူး။ ကျွန်တော်က ယူပေးရပါတယ်။ နာရင်လည်း လက်သီးတွေဆုပ်၊ အံတွေကြိတ်၊ မျက်ရည်တွေ ထွက်ပြီးတော့ နာလာတာပါ။ ကျွန်တော်လည်း သွေးပျက်စ ပြုလာပါတယ်။ အင်္ဂုလိမာလသုတ်တွေကို အခေါက်ခေါက် ရွတ်နေပါတော့တယ်။ နာစ်မတစ်ယောက်က ရေဓါတ်ခန်းနေလို့ဆိုပြီး ဂလူးကိုစ်ပုလင်းပါ လာချိတ်ပေးသွားပါတယ်။ သားအိမ်ကျယ်ဆေး (ဟော်မုန်း) နဲ့ဆို နှစ်ပိုက် ဖြစ်သွားပါပြီ။

နောက်နည်းနည်းနေတော့ သားအိမ်က ၄ စင်တီကနေ ၆ စင်တီအထိ ပွင့်လာတဲ့ အချိန်ကျတော့ ဘယ်လိုမှ မခံစားနိုင်တော့လို့ Epidural ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Epidural က Anesthesia (ထုံဆေး) တစ်မျိုးပါ။ ကျောရိုးအာရုံကြောမကြီးရဲ့ Epidural လို့ ခေါ်တဲ့ နေရာကို အပ်မျှင်မျှင် ရှည်ရှည်လေးနဲ့ ထိုးသွင်းရတာပါ။ အာရုံကြောမကြီးထဲကို အပ်နဲ့ တိုက်ရိုက်ထိုးထားပြီး Regulator နဲ့ ဆေးချိန်ကို မှန်မှန် ပေးနေတာပါ။ မေ့ဆေးဆရာဝန်နဲ့ လုပ်ရပါတယ်။ နာစ်မတွေနဲ့တင် မရပါဘူး။ ပိုက်ဆံလည်း ၄၀၀-၅၀၀ လောက် ပိုပေးရပါတယ်။ အရေးကြီးဆုံး အချက်ကတော့ Side Effect ရှိပြီး မိသားစုဝင် တစ်ဦးဦးက လက်မှတ် ထိုးရပါတယ်။ ခါးနာတတ်တယ်၊ သွေးလေခြောက်ခြားပြီး အချမ်းဝင်သလို တုန်တတ်တယ် (Shivering ဖြစ်တတ်တယ်) နဲ့ တခြား ဖြစ်နိုင်တဲ့ အချက်တွေ အများကြီး ပါတဲ့ စာရွက်ပေါ်မှာ ဖြစ်လာခဲ့ရင် ကိုယ့်တာဝန်ပါဆိုပြီး လက်မှတ်ထိုးရပါတယ်။ မေ့ဆေး ဆရာဝန်ကြီးလာပြီး ခါးကို အိုင်အိုဒင်းတွေ ဘာတွေနဲ့ ပိုးသတ်ရှင်းပြီး ထုံဆေး ထိုးဖို့ ပိုက်တပ်ထားတဲ့ အပ်လာတပ်ပေးပါတယ်။ စောစောက အမေနဲ့ ကလေးရဲ့ နှလုံးခုံသံကို စောင်ကြည့်နေတဲ့ စက်အပြင် နောက်ထပ်စက်တစ်လုံး တိုးလာပါတယ်။ ထုံဆေးကို ပုံမှန်ပေးနေဖို့ စက်ပါ။ ဆီးအိမ်ကလည်း အရမ်းတင်းနေပြီး ဆီးမသွားရတော့ နာစ်မက အိတ်နဲ့ ဆီးပိုက်ပါ လာတပ်ပေးသွားပါတယ်။ အခြေအနေက ပိုပြီး ရှုပ်ထွေးလာပြီဆိုတာ တွဲလောင်း ပိုက်တွေ တတီတီ.. တဘုတ်ဘုတ်နဲ့ စက်တွေ ကြည့်ရုံနဲ့ သိသာနေပါပြီ။ ဒါပေမယ့် သူမကတော့ ခုနက နာကျင်တာတွေကို ယူပစ်လိုက်သလိုကို ပျောက်သွားပြီး ဓါတ်ငွေ့ရှူထားတဲ့ အရှိန်နဲ့တော့ မိန်းမိန်း မူးမူးရှိနေပါသေးတယ်။

ညနေ ၄ နာရီ

ဒီအချိန်မှာ သားအိမ်က ၇ စင်တီလောက်ကို အိနြေ္ဒရရနဲ့ ပွင့်လာပြီး ဖော်မြူလာနဲ့ အခြေအနေကို သိနေတဲ့ သားဖွားဆရာဝန်ကြီးကလည်း ဆေးရုံကို ရောက်လာပါပြီ။ မနက်က တစ်ခေါက်လာကြည့် ရေအိတ်ဖောက်ပေးပြီး သူက ဆေးခန်းကို ပြေးရသေးတယ်လေ။ သူများ သားသမီးတွေကတော့ ဓားတင်မွေးတာ (ဗိုက်ခွဲမွေးတာ) ဆိုတော့ တိုးတိုးတိတ်တိတ်ပါပဲ။ ဆရာဝန်ကြီးတွေ ရောက်လာပြီး ခဏနေရင် ကလေးရော အမေရော တွန်းလှည်း ကုတင်နဲ့ ထွက်လာပါတယ်။ အမေကတော့ ထုံဆေးတွေ ဘာတွေ ပေးထား မေ့တေ့တေ့ မူးတူးတူး ဖြစ်နေပေမယ့် ကလေးကတော့ ငိုပြီး အဖေကတော့ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး စည်ကားနေပါတယ်။ ဗိုက်ခွဲမွေးရတာ ဆရာဝန်ရော အမေရော သက်သာတယ် ထင်ပါတယ်။ ဆရာဝန်နဲ့ ဆေးရုံကိုတော့ ပိုက်ဆံ ပိုပေး ရပါတယ်။ အမေအတွက်လည်း အနည်းနဲ့ အများတော့ အန္တရာယ်များပါတယ်။ မြန်မာပြည်မှာတော့ ငွေမက်တဲ့ ဆရာဝန်တစ်ချို့နဲ့ နာကျင်တာ မခံစားလိုတဲ့ (ဒါမှမဟုတ် အချိန်၊ရက် အတိအကျ လိုချင်တဲ့) ကလေးအမေတစ်ချို့ကတော့ မလိုအပ်ဘဲ အလွယ် ခွဲမွေးလိုက်ကြတာပါပဲ။ ဆရာဝန်ကြီးက လူမမာမျက်နှာကို တစ်ချက်ကြည့်ပြီး နာစ်မက ၇-၈ စင်တီပွင့်နေပြီ ပြောတာကို နားထောင်ပြီး အိုကေ... အခြေအနေကောင်းတယ် ဆိုပြီး အေးအေးဆေးဆေးပဲ ပြန်ထွက်သွားပါတယ်။ ကျွန်တော်လည်း မွေးဖို့နီးလာပြီ ထင်ပြီး အိမ်ကလူတွေကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။

ဆက်ရန်...

2 comments:

ဂျစ်တူး - gyit_tu - 7/18/07, 12:16 AM

အောင်မလေး မွေးတော့မယ်.. သားအိမ်ဖွင့်တာဖတ်ပြီး အသဲယားတယ် ။

ကျောင်းမှာ secondary school တုန်းက အင်္ဂလိပ်စာ ဆရာမက ပေါက်၂ရှာ၂ အဲဒီ ကလေးမွေးတဲ့အကြောင်း ရေးထားတဲ့ အကြောင်းအရာတွေကိုဖတ်ခိုင်းပြီး လူတိုင်းကို report ရေးခိုင်တယ် ။ အဲဒီတုန်းကလည်း သိပ်အသဲယားပြီး ကြောက်တာပဲ ။

ဒါကြောင့် မိခင်တွေကို အထူးလေးစားပါတယ် ။

Andy Myint - 7/18/07, 1:09 AM
ဟဲဟဲ... ရိုးရိုးပဲ ဖတ်ပါ မဂျစ်တူးရယ်... အရမ်း မခံစားနဲ့လေ။ နောက်တာပါ။

ဒါမျိုးတွေကို ဒီလိုပဲ မိတ်ဆက်ထားမှလေ။ နို့မို့ဆိုရင် Taboo လိုမျိုး ဖြစ်သွားမယ်။ ပြောရမှာ ရှက်သလိုလို ရိုင်းသလိုလို ဖြစ်နေတယ် ထင်သွားနိုင်တယ်လေ။ ကျွန်တော်တို့လည်း ရေးဖို့ တော်တော် စဉ်းစားယူလိုက်ရပါတယ်။

ဟုတ်တယ်.. ကိုယ်တိုင် မခံစားလိုက်ရပေမယ့် ဗိုက်နာတယ်ဆိုတာ ဘယ်လို ဆိုတာ သိသွားတော့ မိခင် မေတ္တာကို ပိုသိလိုက်ရပါတယ်။ ငါ့မွေးတုန်းကလည်း အမေ ဒီလို နာမှာပါလား ဆိုတာကို အသိရလိုက်တယ်လေ။ အဲဒါကြောင့် ဂျစ်တူးမွေးနေ့တုန်းက လာဖိတ်တာပေါ့။

Post a Comment

Many thanks for dropping a comment…

Film


Files