Wednesday, July 18, 2007

သမီးလေး ဖွားစဉ်က (၄)

ညနေ ၅ နာရီ

၅နာရီ ကျော်ကျော်မှာ သားအိမ်က ၈စင်တီကျော် ပွင့်နေပြီဆိုတော့ သားဖွားခန်းကို ခေါ်သွားပါပြီ။ ကျွန်တော်လည်း မွေးတော့မှာမို့ ပျော်ရမလို ပိုပြီးစိုးရိမ်ရမလို စိတ်လှုပ်ရှားစွာနဲ့ပဲ လိုက်သွားပါတယ်။ သားဖွားခန်းက ခွဲစိတ်ခန်းလောက်နီးနီး သန့်ရှင်းကောင်းမွန်ပြီး စက်ပစ္စည်း ကိရိယာတွေလည်း များပါတယ်။ နာစ်မက TV ကြည့်မလား သီချင်းနားထောင်မလားမေးပြီး TV ဖွင့်ပေးသွားပါတယ်။ စိတ်လှုပ်ရှားနေတော့ အသံက အာရုံနောက်တာနဲ့ တိုးလိုက်ပေမယ့် အရုပ်ကိုတော့ အာရုံလွှဲလို့ ရအောင် ဖွင့်ထားပါသေးတယ်။

Epidural ကလည်း စတင်အစွမ်းပြလာပါပြီ။ အဆိုးပါပြတာပါ။ Side Effect လေ။ သူမက အရမ်းချမ်းတယ်ဆိုလို့ ကျွန်တော်က အခန်း အအေးဓါတ်ကို လျှော့ချလိုက်တာကို နာစ်မက ပြန်လာပြီး မအေးပါလားဆိုပြီး တင်သွားပြန်တယ်။ သူမက အရမ်းချမ်းလာတော့ စောင်တွေခြုံ၊ ရေနွေးတွေသောက်တာတောင် မရပါဘူး။ တကယ်ချမ်းတာမှ မဟုတ်တာ။ Epidural ကြောင့် Shivering ဖြစ်တာဆိုတော့ ဘယ်လိုမှ လုပ်လို့မရပါဘူး။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပြီး နှုတ်ခမ်းတွေကလည်း ခြောက်ပြီး ဖြူဖျော့နေပါတယ်။ တနေကုန် ဘာမှ မစားထားရလို့ သူမကြည့်ရတာ အားလည်း မရှိတော့ပါဘူး။ ဗိုက်နာတာကိုလည်း ခံစားလို့ မရပြန်တော့ တစ်မျိုး စိုးရိမ်ရပါရော။ အထဲမှာ ဘာဖြစ်နေမှန်း၊ ကလေးရော ဘယ်လိုနေလဲ ဆိုပြီး ပူပန်လာပါတယ်။

ညနေ ၆ နာရီ

ဒီအချိန်မှာ သားအိမ်က ၉စင်တီ ပွင့်လာပါပြီ။ One more to go ဆိုတော့ မဆိုးလှပါဘူး။ ခဏနေ ကလေးထွက်လာမယ်လို့ပဲ ထင်လိုက်ပါတယ်။ ဆရာဝန်ကြီးကတော့ အခုထက်ထိ ပေါ်မလာသေးပါဘူး။ Midwife ကတော့ အိုးဆားဗစ် နာစ်မကြီး နှစ်ယောက်ပါ။ ဘယ်လို ညှစ်ရမယ်ဆိုတာတွေ သင်ပေး၊ မွေးဖို့အတွက် ပစ္စည်းတွေ ပြင်ဆင် ကလေးအတွက် ပြင်ဆင်ဆိုတော့ အတော် အားရှိလာပါပြီ။ သူမကလည်း အရမ်း အချမ်းတက်လာပြီး ဘယ်လိုမှ မထိန်းနိုင်၊ ဟန်မဆောင်နိုင်လောက်အောင်ပါပဲ။ စောင်တွေနှစ်ထပ်၊ သုံးထပ်ခြုံပေးထားတာကို နာစ်မက မကြိုက်။ Fever တက်လိမ့်မယ်ဆိုပြီး ပေးမခြုံပါဘူး။ နောက်ထပ် ပြဿနာကတော့ ၇ နာရီ ကျော်တဲ့ အထိ ၉ စင်တီမှာ တန့်နေတာပါပဲ။ နာစ်မကြီးက ညှစ်လေ ခွဲမွေးချင်လိုလား ခြိမ်းခြောက်ပေမယ့် ထုံဆေးအရှိန်နဲ့ သူမဟာ ခါးအောက်ပိုင်းမှာ ခံစားချက် လုံးဝမရှိတော့ပါဘူး။ ဘာမှလည်း ထိန်းချုပ်လို့ မရတော့ပါဘူး။ ဆရာဝန်မလာခင် နာစ်မကြီးက ဘယ်လို ညှစ်ရမယ်ဆိုတာ ပြောပြပြီး အစမ်း ညှစ်ကြပါတယ်။ နာစ်မကြီးက ညှစ်ဆိုရင် သူကျေနပ်အောင် လုပ်ပြရပေမယ့် တကယ်ညှစ်သလို မဟုတ်ပါဘူး။ အောက်ပိုင်း တစ်ပိုင်းလုံးကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပါဘူး။ ဒါဆိုလည်း `Imagine လုပ်ပြီး ညှစ်´တဲ့။ ဘယ်နေရာကို Imagine လုပ်ရမယ်မှန်းမှ မသိပါဘူးဆိုနေမှ။ ခက်တော့ နေပြီ။

ည ရ နာရီ

ဆရာဝန်ကြီးက လာကြည့်ပါတယ်။ အခုထက်ထိ ၉စင်တီက မတက်လာသေးတော့ ကျွန်တော်တို့က သွေးပျက်နေပေမယ့် သူကတော့ အေးအေးဆေးဆေးပါပဲ။ အရမ်းချမ်းပြီး တုန်နေတယ်ပြောတော့ Epidural သွင်းပေးနေတဲ့ Regulator ကို “No Wonder” ဆိုပြီး ဆေးချိန်ကို လျှော့သွားတာ တွေ့လိုက်ပါတယ်။ ကြည့်ရတာ အစောကြီးကတည်းက ဒါမျိုး လုပ်ရမယ်နဲ့ တူတယ်။ အခုမှ “No Wonder” လာလုပ်တော့ ခမျာမှာ အရမ်းကို တုန်ပြီး အောက်ပိုင်းလည်း ဘာမှ ထိန်းချုပ်လို့ မရတော့ပါဘူး။

ဒီလိုနဲ့ မွေးဖို့ စပြင်ပါတယ်။ ဆရာဝန်ကြီးက ခွဲစိတ်ခန်း အ၀တ်အစား အပြည့်အစုံ ၀တ်ပြီး သီချင်းလေး တညည်းညည်းနဲ့ မွေးဖို့ လုပ်ပါတယ်။ နာစ်မကြီးနှစ်ယောက်က ဘေးကနေ နေပြီး ကျွန်တော်ကဘေးဘက် ခေါင်းရင်းကနေ နေပါတယ်။ ဆရာဝန်ကြီးကတော့ နေရာမှန်မှာပေါ့။ ဒီအတိုင်း ညှစ်ရတာ မဟုတ်ပါဘူး။ အလေးမသမားတွေ မ`မ´ခင် အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူသလို Breath-In Breath-Out လုပ်ပြီး ညှစ်ရမယ် အချိန်ကိုလည်း စောင့်ရပါသေးတယ်။ Dragon Boat လှော်သလို စီးချက်နဲ့ ညှစ်ရတာပါ။ သားအိမ်ကြွက်သားတွေ တုန်လာတဲ့အချိန် (Contraction ဖြစ်တဲ့ အချိန်)ကို စက်တစ်ခုနဲ့ စောင့်ကြည့်နေပြီး အဲဒီ အချိန်မှာ `Push....´ `Push.....´လို့ နာစ်မတွေကအော်ပြီး ကျွန်တော်က သူကို နောက်ကနေ ဖေးမပေးပြီး သူဘာသူ ပေါင်နှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ဆွဲယူပြီး ညှစ်ရတာပါ။

၉စင်တီကနေ ပိုပြီး မပွင့်ဘဲ အကွင်းတစ်ခု ခံနေတယ်လို့ ပြောပါတယ်။ ဒုက္ခပါပဲ။ ဒီအထိ ရောက်လာပြီးတော့မှ ခွဲမွေးရမယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။ နာစ်မကြီးတွေက ညှစ်ညှစ်နဲ့ အားမလို အားမရ ပြောနေပေမယ့် ဆရာဝန်ကြီး ကြည့်တော့လည်း အေးအေးဆေးဆေးပဲဆိုတော့ ကျွန်တော်လည်း ဘာမှ မတွေးတတ်တော့ပါဘူး။ ဆရာဝန်ကြီးက စမ်းကြည့်ပြီး ခေါင်း စမ်းမိတယ်ဆိုပြီး ပြောတော့ ၀မ်းသာရမှာလား ကြောက်ရမှာလား ဖြစ်ရပြန်ရော။ ခေါင်းအထဲမှာ တစ်နေပြီး ကလေး အသက်ရှူမရလို့ ပြာနှမ်းသွားတာတို့ ဘာတို့ ညာတို့ဆိုတာတွေ တွေးမိပြီး လန့်သွားပြန်ရော။ ကျွန်တော်တို့ ထင်တာက ရေအိတ်ဖောက်ထားရင် ကလေးက နေရခက်နေပြီး အသက်ရှူရခက်နေမယ်လို့။ တကယ်ဆိုရင် ကလေးက အောက်ဆီဂျင်ကို အချင်းကနေ တဆင့် ချက်ကြိုးကို ဖြတ်ပြီး ရောက်တာပဲကို။

အရေးထဲ သူမက ချမ်းတုန်နေတော့ လူတစ်ကိုယ်လုံးကို ဖိထားပေးရသေးတယ်။ ပြီးတော့ ညှစ်ရတာလည်း အားမပါတော့ဘူး။ ဆရာဝန်ကတော့ အေးအေးဆေးဆေး ပြောနေပေမယ့် နာစ်မတွေကတော့ လှေလှော်ဖို့ ရီလေးရိုလုပ်သလို အော်နေပါတော့တယ်။ သူမလည်း အမြန်ထွက်ပြီးရော မရ ရအောက် အသားကုန် ကြိုးစားညှစ်ပါတော့တယ်။ နာစ်မတွေကလည်း ဗိုက်နေ ဖြည်းဖြည်းဖိပေး၊ ဆရာဝန်ကြီးကလည်း ကတ်ကျေးထက်ထက်တစ်လက်နဲ့ နည်းနည်းညှပ်လိုက်ပါတယ်။ ကျွန်တော်မှာလည်း အမေမျက်နှာကို ကြည့်လိုက် ကလေးများထွက်လာပြီးလား ကြည့်လိုက်နဲ့ ပြီးတော့ သူတို့လိုပဲ Monitor ကိုကြည့်ပြီး Contraction ဖြစ်ရင် ညှစ်ဖို့ ပြောလိုက်နဲ့ ရှုပ်နေပါတယ်။ ၅နာရီလောက်တည်းက မွေးခန်းဝင်ထားတော့ ၆ နာရီလောက်မှာ မွေးမယ်မျှော်လင့်ထားပေမယ့် အချိန်ကလည်း ၈ နာရီ ရောက်တော့မှာဆိုတော့ တော်တော် ချွေးပြန်နေပါပြီ။ ကလေးက တော်တော်ထွက်လာပြီဆိုတော့ သူမလည်း စောစောကလို နာစ်မကြီး ကျေနပ်အောင် ညှစ်တာမျိုးမဟုတ်ဘဲ ညှစ်ဆိုတာနဲ့ အမှန်အကန် ညှစ်ပါတော့တယ်။ မနက်ကတည်းကလည်း ဘာမှ မစားရသေး၊ နိုက်ထရိုက်ဂျင်တွေ ရှူထားလို့ မူးနေ၊ ထုံးဆေးကြောင့် အောက်ပိုင်းတစ်ပိုင်းလုံ ခံစားချက်မရှိ ထိန်းချုပ်လို့ မရတော့ပေမယ့် ငါညှစ်မှ ဖြစ်မယ်ဆိုပြီး ညှစ်လိုက်တာ ၇နာရီ ၄၅ လောက်မှာ ဆရာဝန်ကြီး ကလေးခေါင်းက ဆံပင်တွေကိုတောင် စမ်းမိလောက်အောင် ကလေးက ထွက်လာပါပြီ။

2 comments:

ဂျစ်တူး - gyit_tu - 7/18/07, 11:52 PM

အောင်မလေး ကလေးတယောက်မွေးဖို့ မလွယ်ပါလားနော် ။ တကယ်ပါ .. ကျမအမေ ကျမနဲ့ မောင်လေး ၂ယောက်ကြီးများတောင် ၂ခါပြန်မွေးပေးခဲ့တာ ၊ တကယ်အံ့သြ ကျေးဇူးတင်တယ် ။

ကိုအင်ဒီအရေးအသားကောင်းပ ။ ကိုယ်တိုင်တောင် ၀င်မွေးထားသလား အောက်မေ့ရတယ် ။ တကယ့်အသေးစိတ်ပဲ ။

ကလေးထွက်လာပြီဗျို့ .. ဘာဆက်လုပ်ကြမလဲး)

Andy Myint - 7/20/07, 2:03 AM
အယ်ဒီတာချုပ်ကြီးက ကိုယ်တိုင် မွေးထားတာလေ....ဟဲဟဲ

Post a Comment

Many thanks for dropping a comment…

Film


Files