Friday, July 20, 2007

သမီးလေး ဖွားစဉ်က (၅)

ည ၈နာရီ မထိုးမီ

၁၅ မိနစ်လောက် ကြိုးစားညှစ်ပေမယ့် ကလေးက ဒီထက်ပိုပြီး ထွက်လာမတော့ပါဘူး။ စက်ကနေ ဒုတ်ဒုတ်...ဒုတ်နဲ့ ကလေးနှလုံးခုန်သံကိုသာ မကြားနေရရင် ကလေးများ မွန်းပြီး တစ်ခုခု ဖြစ်သွားမလားလို့ ကျွန်တော် တော်တော် စိတ်ပူမိမှာပါ။ ဆရာဝန်ကြီးက သေသေချာချာ စမ်းကြည့်ပြီး Vacuum လုပ်ရမယ် ပြောပါတယ်။ အစတုန်းကတည်းကတော့ Vacuum လုပ်ပြီး မွေးတာတွေ ကြားဖူးပေမယ့် Vacuum လို့ပြောလိုက်ရင် လူက Vacuum Cleaner လိုမျိုး ၀ူးဝူး..၀ူးဝူး..နဲ့ စုပ်ထုတ်တယ်လို့ ထင်နေတော့ တော်တော်လန့်သွားတယ်။ ဆရာဝန်ကြီးက Vacuum လုပ်တဲ့ဟာ တောင်းတော့ နာစ်မက ဘယ်လို စက်ကြီးများ ယူလာမလဲလို့ စောင့်ကြည့်နေရပါတယ်။ နာစ်မယူလာတော့ ပလတ်စတစ်အထုပ်လေးထဲမှာ ရေချိုးခန်းထဲက မှန်စုပ်ခွက်လိုမျိုးလေးရယ် T ပုံစံ လက်ကိုင် လေးရယ် သေးသေးလေးပဲ။ လက်ကိုင်မှာ ဆေးထိုးအပ်လိုမျိုး (ဒါမှမဟုတ် စက်ဘီးလေ ထိုးတံ) လိုမျိုးရှိပါတယ်။

တစ်လက်မသာသာ အ၀န်းရှိတဲ့ မှန်စုပ်ခွက်လေးမှာ လက်ကိုင်ကို တပ်၊ ဂျယ်များများ သုတ်လိုက်ပြီး သေသေချာချာ ထည့်ပြီး ခလေးခေါင်းမှာ မှန်စုပ်ခွက်လေး စွတ်လိုက်ပြီး ဆေးထိုးအပ် ဖိသလိုမျိုး လုပ်လုပ်ပေးပြီး လေတွေကို စုပ်ထုတ်လိုက်ပါတယ်။ ခေါင်းမှာ စုပ်ခွက်က သေသေချာချာ ကပ်သွားပြီဆိုမှ T ခေါင်းကို လက်ခလယ်နဲ့ လက်သန်းကြွယ်ကြား ထည့်ပြီး ဆရာဝန်ကြီးက ဆွဲပါတယ်။ သားအိမ် ကြွက်သားတွေ လှုပ်တဲ့ အချိန်ကို စောင့်ပြီး သူမက အညှစ် နာစ်မကြီးတွေက ဖိပေးတဲ့ အချိန်မှာ ဆရာဝန်ကြီးက ဆွဲရတာပါ။ ဆွဲတယ်ဆိုတာ ရိုးရိုးအားနဲ့ ဆွဲတာမဟုတ်ပါဘူး။ မတ်တပ်ရပ် ကျားကန်သလို လုပ်ပြီး အားနဲ့ ဖြည်းဖြည်း ဖြည်းဖြည်း ကြိတ်ဆွဲတာပါ။ သူ့အားကြီးနဲ့တောင် ဒီလောက်ဆွဲရတာတွေ့တော့ တော်တော် အံ့သြသွားပါတယ်။ သိပ်ကြာကြာ မဆွဲလိုက်ရပါဘူး။ ဆရာဝန်ကြီး ၃ ခါလောက်တော့ အံကြိတ် မျက်မှောင်ကုတ်လိုက်ရပါတယ်။ ကလေးခေါင်းတစ်ခုလုံး အပြင် ထွက်လာပါတော့တယ်။ ကလေးခေါင်းက အောက်စိုက်နေရမှာကို ပက်လက်ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကလေးခေါင်းက တစ်နေတာပါ။ ညှစ်ပေမယ့် အလွယ် ထွက်မလာတာပေါ့။ ဆရာဝန်ကြီးက `No Wonder´ လုပ်ပြန်ရော။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်ကတော့ Wonderful တွေ ပါပဲ။ တော်သေးတာပေါ့ Vacuum နဲ့တင် ပြီးသွားလို့။ ညှပ်တွေ ဘာတွေနဲ့ ဆွဲရမယ်ဆို ကလေးအတွက် မကောင်းပါဘူး။ (ညှပ်ဆွဲမွေးရတာဘာမှတော့ ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး။ ကိုယ်ကတော့ ဒီလိုပဲ ကြောက်တာပေါ့။)

၈နာရီ ၂ မိနစ်

ချက်ချင်းပဲဆိုသလို ဆရာဝန်ကြီးက ထိုင်လိုက်ပြီး သူလက်ကို ဟိုလှည့် ဒီလှည့် လုပ်လိုက်တာ ကလေးတစ်ကိုယ်လုံး လျောကနဲ ထွက်ကျလာပါတယ်။ နာစ်မကို ကလေး ကမ်းပေးလိုက်ပြီး ချက်ကြိုး အလယ်လောက်မှာ ဟိုဘက် ဒီဘက် ကလစ်နဲ့ ညှပ်လိုက်ပြီး ဆရာဝန်ကြီးက “Congratulation Daddy...” ဆိုပြီး ကျွန်တော်ကို ကပ်ကျေးလှမ်းပေးလိုက်ပါတယ်။ လူက သွေးပျက်နေပေမယ့် ချက်ချင်းဆိုသလိုပဲ ယူပြီး တုန်တုန် တုန်တုန်နဲ့ ညှပ်ပေးလိုက်ပါတယ်။ ပြီးတော့ အမေကို ကလေး လှမ်းပြလိုက်ပါတယ်။ သူမက သတိလက်လွတ်လိုမျိုး ဖြစ်နေပြီး `သမီး... သမီး.. ငါ့သမီးလေး´ဆိုပြီး ယောင်ယောင် ယမ်းယမ်း မြန်မာလိုရော အင်္ဂလိပ်လိုရော ရွတ်ပါတယ်။ ၀မ်းလည်း သာသွားပါတယ်။ တင်းထားတဲ့ စိတ်ကိုလည်း လျှော့ချလိုက်ပါတယ်။

အဲဒီကျမှာ ကျွန်တော်လည်း ကလေးကို သေသေချာချာ ကြည့်နိုင်ပါတော့တယ်။ YouTube မှာ ကြည့်ထားသလိုတော့ ကလေးက သွေးသံရဲရဲ အချွဲတွေနဲ့ မဟုတ်ပါဘူး။ တစ်ကိုယ်လုံး တော်တော် သန့်ရှင်းပါတယ်။ အရေးကြီးဆုံး အချက်ကတော့ မျက်နှာပါ။ မျက်နှာက ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန်ပါ။ မမွေးခင်ကတည်းက လက်ချောင်းလေးတွေ ခြေချောင်းလေးတွေပါ ရေထားပြီးသားဆိုတော့ ပူစရာတော့ မလိုပါဘူး။ ဒါပေမဲ့ သေချာကြည့်လိုက်ပါသေးတယ်။ လက်ဖ၀ါး၊ ခြေဖ၀ါးသေးသေးလေးတွေက ရေနူးနေပြီး နည်းနည်း ပြာနှမ်းနေပါတယ်။ ခန္ဓာကိုယ် အရေပြား ကတော့ ပုံမှန်ပါပဲ။ နှုတ်ခမ်းကွဲမကွဲပါ စစ်ပေးပေမယ့် ကိုယ်က အဲဒီတုန်းက ကောင်းကောင်း မမြင်ရတော့ အဲဒါကိုပဲ အသေအချာ ကြည့်ရပါတယ်။ ဒီလောက် စိတ်လှုပ်ရှားနေတဲ့ကြားက သမီးလေး ချောရဲလား။ ကျွန်တော်လို့ မဲမဲတူးတူးလေးများ ထွက်လာမလား လို့လည်း ကြည့်ဖို့ မမေ့ပါဘူး။ ခေါင်းထိပ်မှာတော့ Vacuum နဲ့ ဆွဲထားလို့ သွေးခြည်ဥသလို အနီရောင် အကွင်းလိုက်ကြီး ရှိနေပြီး ခေါင်းဆောင့်ထားသလို ဘုကြီး ဖြစ်နေပါတယ်။ ကျွန်တော် ကြည့်ပြီး စိုးရိမ်သွားတာကို ရိပ်မိတဲ့ ဆရာဝန်ကြီးက `ဘာမှ မပူနဲ့ တစ်ပတ် ဆယ်ရက်ဆို ပျောက်သွားမှာပါတဲ့။ ဒီလိုပါပဲတဲ့။´။ ပြီးတော့ နာစ်မကြီးက သမီးလေးနော် ဆိုပြီး ပြောပါသေးတယ်။ ကြိုသိထားပေမယ့် ပိုသေချာအောင် သိလိုက်ရတော့လည်း ၀မ်းသာရပါတယ်။

ကလေးက ထွက်လာပြီး ခဏလေးမှာပဲ သူဟာသူ ငိုတော့ မြင်ဖူးထားသလို ဆရာဝန်က ခြေထောက်ကနေ ဇောက်ထိုးကိုင်ပြီး ဖင်ကို ရိုက်စရာလည်း မလိုတော့ပါဘူး။ (အဲလို ရိုက်လို့ ဆရာဝန်ကို ဆွဲထိုးတဲ့သူလည်း ရှိသေးတယ်ဆိုပဲ။) နာစ်မကြီးက ကလေးအတွက် ပြင်ထားတဲ့ စင်ကလေး (ဆိုပါတော့) ကို ခေါ်သွားပါတယ်။ ကလေးကုတင်လေးပေါ့။ စောင်ထူထူတွေပေါ်မှာ စက္ကူစကြီးကြီးတွေ ခင်းထားပါတယ်။ အပေါ်တည့်တည့်မှာ ခရမ်းလွန်ရောင်ခြည် မီးချောင်းတွေရယ်၊ အပူဓါတ်ပေးဖို့ ကွိုင်ချောင်နှစ်ချောင်းရယ် ပါတဲ့ အမိုးလေးရှိပါတယ်။ သိသိသာသာ ပူပါတယ်။ ခေါင်းရင်းမှာ အောက်ဆီဂျင်ပေးတဲ့ စက်တွေရယ်၊ တခြား ကိရိယာတွေရှိပါတယ်။ ကုတင်လိုမျိုး အောက်မှာတော့ အံဆွဲတွေ ရှိပါတယ်။ ကလေးကို ကုတင်ပေါ်ချလိုက်ပြီး လေစုပ်စက် (အားပျော့ပျော့ပေါ့) တပ်ထားတဲ့ ပိုက်ပျော့ပျော့ တစ်ချောင်းကို ပါးစပ်ထဲ ထိုးသွင်းလိုက်ပြီး ပါးစပ်ထဲ လည်ပင်းထဲမှာ ရှိနေမယ့် ချွဲတွေကို စုပ်ထုပ်လိုက်ပါတယ်။ Hair Dryer လိုမျိုးလေးနဲ့ ခေါင်းကို မှုတ်ပေးလိုက်ပါတယ်။ နည်းနည်းပါးပါး သုတ်သပ်ပေးလိုက် ပြီးတော့ ကလေးကို စောင်ထူထူတစ်ခုနဲ့ ပတ်ပြီး အမေ့ဗိုက်ပေါ်ကို ဘုတ်ခနဲ တင်ပေးလိုက်ပါတယ်။ ထင်ထားတာထက် လေးတာကို သူမ ခံစားလိုက်ရတာကို တွေ့လိုက်ရပါတယ်။ မမွေးခင် တစ်ပတ်က ခန့်မှန်းထားတဲ့ ပေါင်ချိန်ရယ်၊ အဲဒီတုန်းက သူမဗိုက်ကိုကြည့်ပြီးတော့ရယ် ကလေးက သေးမယ်လို့ ထင်ထားခဲ့ပါတယ်။ တကယ်တမ်း အပြင်ထွက်လာတော့ ထင်ထားတာထက် ကလေးက ပိုထွားတာ တွေ့ရတော့ ၀မ်းသာသွားပါတယ်။ ခဏနေတော့ နာစ်မကြီးက ကလေးကို ချီသွားပြီး ခွဲခန်းအပြင်မှာ ခေါင်းအ၀န်း၊ အရပ်နဲ့ ကိုယ်အလေးချိန် သွားချိန်ပါတယ်။ မွေးစမှာ ၂.၉ ကီလိုဂရမ် ကျော်ကျော်ရှိပါတယ်။ ၆ပေါင်ခွဲလောက်ပေါ့။ မြန်မာကလေးအတွက်ဆို ကလေးက မညှပ်ဘူး ပြောလို့ရတာပေါ့။

ဆက်ရန်...

8 comments:

Myo Kyaw Htun - 7/20/07, 5:19 PM

စောင့်ဖတ်နေတယ်ဗျာ။ :)

N3 - 7/20/07, 6:20 PM

တကယ့်ကို အသေးစိတ်ရေးနိုင်တာပဲ.. ရေးနိုင်စွမ်းကို လေးစားပါတယ်.. :)..
We She Me မိသားစုဝင် ၃ ယောက်လုံး ကျန်းမာ ပျော်ရွှင်ပါစေ..

imaginary clouds no2 - 7/20/07, 11:12 PM

အသည်းယားစရာပဲ ဘိုးတော်

Andy Myint - 7/21/07, 1:33 AM
ကိုမျိုးကျော်ထွန်းရေ.. အခုလို စောင့်ပြီး အားပေးတာကို ကျေးဇူးလည်းတင်၊ အားလည်း နာပါတယ်ဗျာ။ ကျွန်တော်လည်း အချိန်ရရင် ရသလောက် အမြန်တင်လိုက်ပါမယ်။ စကားမစပ် ခင်ဗျားရဲ့ Technical Comment ကို Post တစ်ခုအနေနဲ့ ဒီဟာ ပြတ်သွားရင် တင်လိုက်ပါရစေ။

ညီမN3 ရေ... ဒါတောင် သိပ်မစိတ်ရသေးပါဘူး.. အဟဲ။ ဆုတောင်းအတွက် ကျေးဇူးပါ။

မပူနဲ့ ကိုယ့်ဆရာ.... ကိုယ်တွေ့ဆိုရင် အသည်းယားဖို့တောင် အချိန်ရမှာ မဟုတ်ဘူး။
ဂျစ်တူး - gyit_tu - 7/21/07, 4:01 AM

မောင်မျိုးကလည်း ကလေးမွေးတာ စောင့်ဖတ်နေတယ်ဆိုတော့ ၊ နည်းနည်းအံသြသွားတယ်း)

ကိုအင်ဒီရေ.. ပရိပ်သတ်များလာပြီနော်း) ခုလို တကူးတက အချိန်ကုန်ခံရေးပေးတာ ကျေးဇူးပါ ။ Ur posts about ur daughter's birth r really one of a kind in burmese blogosphere!

Andy Myint - 7/21/07, 5:44 PM
မြန်မာ Blog တော်တော် များများ (အကုန်လုံးနီးပါးပါပဲ) ကို အမြဲတမ်းလိုလို လည်ပတ်ပြီး အသေအချာ ဖတ်တတ်တဲ့၊ ကိုယ်ကိုတိုင်လည်း Blog ကောင်းကောင်း တစ်ခုရှိတဲ့ မဂျစ်တူးရဲ့ Comment ကတော့ ကျွန်တော့်အတွက် ဆုတံဆိပ် တစ်ခုပါပဲ။ ကျေးဇူး။
Ma Yangon Thu - 7/21/07, 11:19 PM

Andy ..
ဒီပို့စ်တွေကို ဖတ်ရတာ တကယ်ကို ဗဟုသုတရပါတယ်။ စာဖတ်ရင်း Andy နဲ့အတူ မွေးခန်းထဲရောက်နေသလိုပဲ..
ဖတ်နေရင်းကလည်း အမေ့မျက်နှာကိုပဲ မြင်မြင်နေတယ်.. နောက်လာမဲ့ပို့စ်တွေကိုလည်း စောင့်ဖတ်မယ်..

ဟဲ..ဟဲ.. Apply လုပ်သင့်တဲ့အခါကျ လည်း လုပ်ရတာပေါ့လေ..

Andy Myint - 7/22/07, 1:56 AM
ဟုတ်တယ်...အစ်မ။ ကလေးမွေးတာ ဘာကြောင့် ဒီလောက်တောင် အော်ရမှန်း အဲဒီနေ့ကမှ သိသွားတယ်။ အမေက ဘယ်လိုများ ကျွန်တော်တို့ကို မွေးထာမှန်း အလေးအနက် ပိုထားမိသွားတယ်။

ကောင်းတယ်... အစ်မ.. မြန်မြန် Apply လုပ်လေ.. အဟဲ။ ကလေးမွေးခွင့်ရတာ ကျွန်တော်တို့အတွက်တော့ Blessing တစ်ခုပါပဲ။ အစစ အရာရာ အခြေအနေ အကြောင်းအကြောင်း တိုက်ဆိုင်လို့ ဒီလို မွေးခွင့်ရတာပါပဲ။

(အဲဒီကျရင် လည်း Post တင်လိုက်ဦးနော်။ ရန်ကုန်သူ တောင်ကြီး အကြောင်းရေးတာတောင် သူသိတာထက် ပိုသိနေတယ်လို့ တောင်ကြီးသူ သူမကပြောနေတယ်။ အစ်မရေးရင် စိတ်ဝင်စားဖို့ ပိုကောင်းမှာ။ အဟဲ။ အတည်ပြောတာပါ။)

Post a Comment

Many thanks for dropping a comment…

Film


Files