Tuesday, July 24, 2007

သမီးလေး ဖွားစဉ်က (၆)

ည ၈ နာရီခွဲ

ကလေးကို နာစ်မကြီးက သန့်ရှင်းပေး၊ နွေးနွေးထွေးထွေးဖြစ်အောင် ထုပ်ပိုးပေး၊ ပေါင်တွေ ဘာတွေ ချိန်ပေးနေချိန်မှာပဲ ဆရာဝန်ကြီးက သူ့ကိစ္စကို အပြီးသတ်နေပါတယ်။ ကလေးအမေ အသစ်စက်စက်ကလေးကတော့ သူ့ကို ချုပ်ချက်နေပေမယ့် နာကျင်မှုလည်း မရှိတော့၊ စောစောကလို ညှစ်စရာလည်း မလိုတော့ မူးမူးနဲ့ ဒီလိုပဲ လှဲနေပါတယ်။ ဆရာဝန်ကြီး လုပ်နေတာကို သွားစပ်စုလို့တောင် နာစ်မက `ဟဲ့ နင်ကြည့်ရမှာ အဲဒီမှာ မဟုတ်ဘူး... ဟိုမှာ ကလေး´ ဆိုပြီး ကလေးထားတဲ့ နေရာကို ခေါ်သွားပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ ကလေးကို ကြည့်လိုက် အမေချမ်းနေတာကို သွားဖိပေးလိုက်နဲ့ ဗျာများနေပါသေးတယ်။

အားလုံးပြီးသွားတော့ နာစ်မတွေက ရှင်းလင်းစရာ ရှိတာတွေ ရှင်းလင်းနေတုန်း ဆရာဝန်ကြီးက အရှင် (ဒီစကားလုံးကြီးက ရေးရတာ တစ်မျိုးကြီးပဲ။ ဒါပေမယ့် ဒါဟာလုပ်ထုံးကိုး။) တစ်ယောက် မွေးဖွားကြောင်း ထောက်ခံချက် Form/Certificate ကို ဖြည့်နေပါတယ်။ မမွေးခင်ကတည်းက နာစ်မကြီးက အမေနာမည်ပါတဲ့ ကော်ခြေပတ်လေး (Wristband ခေါ်မလား) ကို သေသေချာချာလာပြပြီး စစ်ခိုင်းပါတယ်။ မွေးလာပြီးတော့ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ ချက်ချင်း ခြေထောက် နှစ်ဖက်စလုံးမှာ အသေအချာ ပတ်ပေးလိုက်ပါတယ်။ ဆေးရုံမသွားခင်ကတည်းက ကျွန်တော်ကို ကလေးမွေးပြီးတာနဲ့ ကလေးမျက်နှာကို သေသေချာချာ မှတ်ဖို့၊ ဓါတ်ပုံရအောင် ရိုက်ဖို့ သူမက အထပ်ထပ် မှာထားပါတယ်။ သူမ တစ်ခုခုကြောင့် မေ့နေတဲ့ အချိန်မှာ ကလေးမှားသွားမှာ စိုးလိုတဲ့။ ကျွန်တော့်ကလေး ညိုညိုလေးနဲ့ ဒီက တရုတ်ကလေးတွေ မမှားလောက်ပါဘူး ပြောပေမယ့် သူမကတော့ စိတ်ပူပြီး မှာပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်က ဓါတ်ပုံလည်း ရိုက်ပြီးပြီ။ အသေအချာလည်း မှတ်ထားပါတယ်။

၉နာရီ ကျော်ကျော်လောက်ကျတော့ ဆရာဝန်ကြီးက သူကိစ္စတွေ အားလုံးအဆုံးသပ်ပြီး Congratulation ထပ်လုပ်၊ ကျွန်တော်ကလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောပြီးတော့ သူက ခဏနေ ကလေးဆရာဝန် လာလိမ့်မယ်ဆိုပြီး ကလေးကို နည်းနည်းပါးပါး စစ်ဆေးပေးပြီး ထွက်သွားပါတယ်။ တအောင့်နေတော့ နာစ်မတွေလည်း ထွက်သွားပါတယ်။ ကျွန်တော်လည်း အခန်းအပြင် ခဏထွက်ပြီး အဲဒီနားက Vending Machine မှာ ကျွန်တော့်အတွက် Coffee တစ်ခွက်ရယ်၊ သူမအတွက် Milo တစ်ခွက်ရယ် သွားယူပါတယ်။ သူမကတော့ သိပ်မသောက်နိုင်ပါဘူး။ ထုံဆေး အရှိန်နဲ့ကြောင့် မူးနေပြီး အန်ပါတယ်။ နာစ်မကတော့ ဆေးတစ်လုံး တိုက်သွားပါတယ်။ ဒါပေမယ့် နေလို့တော့ မကောင်းသေးပါဘူး။ ဒီလိုနဲ့ အခန်းထဲမှာ ကျွန်တော်တို့ မိသားစု ၃ ယောက်ပဲ (အခုတော့ မိသားစုလို့ ခေါ်လို့ ရပြီပေါ့) ရှိနေပြီး ခုနက အလုပ်ရှုပ်နေတဲ့ အခန်းဟာ တချက်တချက် ကလေးငိုသံကလွဲရင် တိတ်ဆိတ်နေပါတယ်။ ၁ နာရီလောက် စောင့်တာတောင် ကလေးဆရာဝန်က ပေါ်မလာတော့ ကျွန်တော်လည်း စိတ်ပူတာကနေ စိတ်မရှည်တော့ပါဘူး။

ည ၁၀ နာရီ

ဒီလောက် စောင့်နေတာတောင် ဘယ်သူမှ ပေါ်မလာတော့ ကျွန်တော်လည်း စိတ်တိုပြီး မွေးခန်းအပြင် ထွက်သွားပြီး ဒါက ဘယ်လိုလဲ.. ဘယ်လိုလုပ်မှာလဲ သွားပြောပါတယ်။ နာစ်မတစ်ယောက်ကတော့ ခဏလောက် သည်းခံပါ။ ဆရာဝန်ကို ဖုန်းဆက်ထားပါတယ် ပြန်ပြောပါတယ်။ ၁၀ မိနစ်လောက်နေတော့ ကိုယ်ရွှေ Pediatrician က ပေါ်တော်မူလာပါတယ်။ သူကြည့်လိုက်တော့လည်း စုတ်စုတ်ပြတ်ပြတ် နုန်းနုန်းဖတ်ဖတ်နဲ့ ကတိုက်ကရိုက် ရောက်လာပါတယ်။ ဆေးရုံကတော့ ကြုံရာ ဈေးသက်သာတဲ့ ဆရာဝန်နဲ့ ထိုးထည့်ပေးလိုက်ပြီထင်တယ်။ လူကို ကြည့်ပြီး မကြည်ညို ပါဘူးဆိုမှ စကားလည်း ပြောရော ကျွန်တော် သေချင်စိတ် ပေါက်သွားပါတယ်။ (အခြောက်သံနဲ့ ဖတ်ပါ)။ `ဟဲ.. ဒက်ဒီ.. ကွန်ဂရက်... မာမီရော.. ကျန်းမာရဲ့လား.... ဟင်.. ကလေးလေးက.. ချစ်စရာလေးပါလား... ဘေဘီ.. ဘေဘီ... ဒေါက်တာ.. ချက်ချက် (Check) လုပ်မယ်...အင်း.. အားလုံး ကောင်းတယ်။ ဒေါက်တာ... ဂျက်ဂျက် (Injection) ... လုပ်မယ်.... ´ ပြောပြောဆိုဆိုနဲ့ ကလေးကို ကာကွယ်ဆေး တစ်လုံး ထိုးလိုက်ပါတယ်။ ကလေးကိုလည်း နားတွေ မျက်လုံးတွေစစ်၊ တစ်ကိုယ်လုံးစစ် လုပ်ပါတယ်။ ချက်ကြိုးကို ဆေးတွေ ဘာတွေထည့် လုပ်ပါသေးတယ်။ ကျွန်တော်လည်း သူကို တစ်ချက်တော့ ပြုံးပြပြီး လူက ပင်လည်း ပင်ပန်း၊ စိတ်လည်း ရှုပ်နေတော့ ဒီအတိုင်းပဲ ကြည့်နေလိုက်ပါတယ်။ (တကယ်တော့ အဲဒီ ဆရာဝန်က ကလေး အထူးကု သမားတော်ကြီးပါ။ တစ်နေကုန် ဆေးခန်းမှာ ပင်ပန်းခဲ့ရပြီး ကြည့်ရတာ တခြားဆေးရုံလည်း ပြေးထားရတယ်နဲ့ တူတယ်။ ပြီးတော့ ကလေးတွေကလည်း အဲဒီလို ပြောတာ ပိုကြိုက်မှန်း နောက် သူ့ဆေးခန်းကို ပုံမှန် သွားမှပဲ သိရပါတော့တယ်။) သူဟာသူ ပြောချင်တာ ပြော၊ လုပ်စရာ ရှိတာလုပ်ပြီးတော့ ကျွန်တော့်ကို Congrats ထပ်လုပ်ပြီး၊ ကျွန်တော်ကလည်း ထုံးစံအတိုင်း Thanks ပြန်လုပ်ပြီးတော့ ဆရာဝန်က ပြန်သွားပါတယ်။ ဒီလို အပြေးအလွှား လာကြည့်ပေးတဲ့ အတွက်တော့ Professional Fees ၂၅၀ ပေးရပါတယ်။ ဆေးရုံက ဆင်းတော့ ပိုက်ဆံတွေ အကုန်တွက်မှ သိရတာပါ။

ခဏနေတော့ နာစ်မ တစ်ယောက်က တွန်းလှည်း ကုတင်တစ်ခု ယူလာပြီး ကျွန်တော့် အကူအညီနဲ့ နှစ်ယောက်သား သူမကို ဒီဘက် မွေးကုတင်ကနေ အဲဒီဘက်ကို ရွှေ့၊ နာစ်မက ကလေးကို သေသေချာချာ ပြန်ထုပ်ပေးပြီး ကလေးကို အမေဘေးမှာ တင်ပြီး မွေးခန်းထဲကနေ ထွက်ပါတယ်။ Nursing Ward ကို အခုမှပဲ သွားနိုင်ပါတော့တယ်။ ကလေး အဘိုးနဲ့ အဘွားလည်း ကုတင်ကို ၀ိုင်းတွန်းပေးပြီး ကလေးနဲ့ အမေကို အခုမှ ကြည့်ရပါတော့တယ်။ ကိုယ့်ကိုယ်ကို အဖြစ်ဆိုးလှပြီ၊ ကြာလှပြီ ထင်နေတာ အပြင်ရောက်တော့မှ သိရတာက သူမနဲ့ အတူတူ ဆေးသွင်းထားတဲ့ ကလေးအမေ နှစ်ယောက် သုံးယောက်က အခုထိတောင် မွေးခန်းထဲ မ၀င်ရသေးဘူး။ မနက်တုန်းက အတူတူ အပြင်ဘက်မှာ စိတ်ပူပြီး ယောက်ျားအချင်းချင်း တစ်ဦးကို တစ်ဦး အားပေးစကားပြော အလာပ သလာပ ပြောနေကြတဲ့ အခုတော့ ကိုယ်က ကလေးရော အမေရော ကျန်းကျန်းမာမာ ဆိုတော့ သူတို့ကို ကြွားသလိုလို၊ အားပေးသလိုလို နှုတ်ဆက် ပြုံးပြလိုက်ပါတယ်။ ဘာလေးလဲလို့ မေးလာတော့ မိန်းကလေးပါ.. အခုရော (သားအိမ်က) ဘယ်လောက်ပွင့်ပြီလဲ ပြန်မေးတော့ တစ်ယောက်က ၈၊ ကျန်တဲ့ တစ်ယောက်က ၇ နဲ့ ပြန်ဖြေပါတယ်။ သြော်.. အဲလောက် မလွယ်ပါလား... တော်သေးတယ်။ ကံကောင်းလို့။ သူတို့က အင်္ဂုလိမာလသုတ် မရွတ်လို့ပဲ ဖြစ်ရမယ်ဆိုပြီး သင်ပေးချင်စိတ်တောင် ပေါက်သွားသေးတယ်။

ည ၁၁ နာရီ

Nursing Ward မှာ ကလေးတွေ ချည်းပဲ ထားတဲ့ အခန်းက သတ်သတ် ရှိပါတယ်။ ခန်းမကျယ်ကြီးပါ။ မှန်ပတ်ပတ်လည် ကာထားတော့ အကုန် မြင်နေရပါတယ်။ (မိဘတွေ အပါအ၀င်) အပြင်လူတော့ ၀င်ခွင့် မရှိပါဘူး။ အထဲမှာ ကလေးလှည်းလေးတွေ ကလေး ကုတင်လေးတွေ တန်းစီထားပြီ။ ရေချိုးတဲ့ အခန်း၊ အသားဝါရင် ပြရတဲ့ Ultra-Violet မီးချောင်းတွေ ရှိတဲ့ အခန်း၊ တစ်ခြား အခန်းသေးသေးလေးတွေ ရှိပြီး နာစ်မလေးတွေ ၄-၅ ယောက် ကလေးပေါက်စလေးတွေနဲ့ အလုပ် ရှုပ်နေတာကို အပြင်ကနေ မြင်နေရပါတယ်။ ကလေးကို Register လုပ်၊ ခြေထောက်က အမေနာမည် ရေးထာတဲ့ အပတ်လေး (Wristband) ကို ခိုင်မခိုင် စစ်ပြီး အမေနာမည် မှန်မမှန် ထပ်ကြည့်ခိုင်းပါတယ်။ အမေနို့တိုက်မှာလား နို့ဘူးတိုက်မှာလားပါ မေးတော့ အမေနို့တိုက်မယ်လို့ ပြန်ဖြေလိုက်ပါတယ်။ ပြီးတော့ ကလေးကို အထဲခေါ်သွားပါတယ်။ အခုလေးတင်မွေးပြီး အခုမှ တွေ့ရပေမယ့် ကိုယ့်သမီးလေနဲ့ အခုလို ချက်ချင်း ခွဲရမယ်ဆိုတော့လည်း စိတ်တော့ မကောင်းပါဘူး။ ပြီးတော့ ကိုယ့်ကလေးကို သူတို့တွေ ဂရုစိုက်ပါ့မလား။ (အတူတူချင်းတောင်) တခြားကလေးကနေများ ရောဂါတွေ အဖျားတွေ ဘာတွေများ ကူးမလားဆိုပြီး တွေးပူလိုက်ပါသေးတယ်။ ကလေးမျက်နှာကိုလည်း သေချာအောင် ထပ်မှတ်လိုက်ပါသေးတယ်။ တကယ်တော့ ထူးခြားတဲ့ အမှတ်အသား ရှာပေမယ့် Vacuum ဆွဲထားလို့ ခေါင်းပေါ်က အဖု အကွင်းကြီးကလွဲရင် တခြားဟာ မရှာတတ်တော့ မမှတ်လိုက်ရပါဘူး။ ကလေးကို ထားခဲ့ပြီးတော့ အမေအခန်းကို လိုက်ပို့ပါတယ်။

ကံကောင်းချင်တော့ မနေ့က အတူတူနေတဲ့ ကလေးအမေက ဆေးရုံဆင်းသွားပြီဆိုတော့ 2-Bedded စာ ပေးထားပေမယ့် ကိုယ့်ဘာကိုယ် အေးအေးဆေးဆေး နေလို့ရပါတယ်။ ဒီညတော့ ကျွန်တော် မပြန်ဘူးဆိုပြီး စိတ်ကူးထားတာ အခုတော့ ပို အဆင်ပြေသွားပါတယ်။ နာစ်မကလည်း နေခွင့်ပေးပါတယ်။ ကျွန်တော်လည်း ညစာ ဆာလို ဆာမှန်းတောင် မသိတော့ပါဘူး။ ကျွန်တော်က တော်သေးတယ်။ မနက်စာနဲ့ နေ့လည်စာပေါင်းပြီး Brunch စားလိုက်ရသေးတယ်။ သူမက တစ်နေကုန် ဘာဆိုဘာမှမစားရသေးပါဘူး။ ခုနကသောက်ထားတဲ့ မိုင်လိုကလည်း ပြန်အန်ထွက်သွားတာဆိုတော့ မထူးပါဘူး။ မနေက ညက ဆေးရုံလာတက်တုန်းက ဆာရင်စားဖို့ ဆိုပြီး ထည့်လာတဲ့ BreadTalk ပေါင်မုန့်တွေတော့ ကျန်ပါသေးတယ်။ သူမက အခုထိ မူးနေပြီး အန်ချင်သလို ဖြစ်နေသေးတော့ မဆာနိုင်ပါဘူး။ ကျွန်တော်ပဲ ပေါင်မုန့်တစ်လုံးကို ပါးစပ်ထဲ့ သွတ်လိုက်ပြီး ရေနဲ့ မျောချလိုက်ပါတယ်။

ခဏနေတော့ နာစ်မတစ်ယောက်လာပြီး အမေနို့တိုက်မှာလား ပြန်လာပြီး Confirm လုပ်ပါတယ်။ Breast feed အတွက်လုပ်ထားတဲ့ Teat နဲ့ တိုက်မှာလား ဇွန်းနဲ့တိုက်မှာလားပါ မေးလာတော့ အဲဒီ နို့ဘူး (နို့သီးခေါင်း)နဲ့ပဲ တိုက်မယ် ဖြေလိုက်ပါတယ်။ အဲဒီတော့ နို့မှုန့်ကို ဘယ် Brand တိုက်မှာလည်း မေးပြန်ရော။ အစကတည်းက Similac တိုက်ဖို့ စိတ်ကူးထားတော့ အဲဒါရှိလားဆိုတော့ နာစ်မက အတော်ပဲတဲ့ ဒီတစ်ပတ် Similac က Promotion တဲ့ Similac အလှည့်တဲ့။ ဒါနဲ့ သူထွက်သွားပြီး ခဏနေတော့ နောက်ထပ် နာစ်မတစ်ယောက်လာပြီး ဆေးတွေ ယူလာပါတယ်။ ဒီဟာက အခုသောက်ရမယ်။ ဒီဟာတွေက ညလယ်ကျရင် သောက်ရမယ်ဆိုပြီးပေးသွားပါတယ်။

ဆက်ရန်...

6 comments:

pandora - 7/24/07, 2:43 AM

အချိန်ရသလောက် လိုက်လည်နေတာ.. ဧည့်ခန်းမရှိတော့လည်း မီးဖိုချောင်ထဲပဲ ၀င်နှုတ်ဆက်သွားတယ် ၃ အင် ၁ တို့

Andy Myint - 7/24/07, 2:04 PM
Pandora ပြောသလို ဆက်တီ တစ်လုံးလောက် လိုအပ်နေပြီလား မသိ။ ပိုက်ဆံစု အဲ… ဆက်တီတစ်လုံး အတွက် လိုအပ်တာ ပိုက်ဆံချည်းမှ မဟုတ်တာ။ ဧည့်ဝတ်ကျေနည်း သင်တန်း အရင် တတ်လိုက်ဦးမယ်။
hninhnin - 7/24/07, 10:41 PM

ပထမအကြိမ် လာလည်တာပါ။ မိသားစုဘ၀လေးက ပျော်စရာလေးနော်။

Andy Myint - 7/24/07, 11:49 PM
နောင်လည်း လာပါ။ မနှင်းနှင်းဆီလည်း နေ့လည်က ရောက်ဖြစ်သေးတယ်။
ဂျစ်တူး - gyit_tu - 7/25/07, 12:49 AM

ကိုအင်ဒီရေ.. အမက ထုံဆေးနဲ့မူးနေပြီး အန်ချင်နေတုန်း ၊ ကိုအင်ဒီကတော့ တာဝန်ကျေစွာ စားလိုက် သောက်လိုက်တဲ့အခန်းဖတ်ပြီး ၊ ပြုံးမိပါတယ် ။း)

Andy Myint - 7/25/07, 1:53 AM
ကိုယ်ကိုတိုင် မမွေးရပေမယ့် (ကူညှစ်ရတာ) အားကုန်တယ်လေ.. အဟဲ.. ဟုတ်တယ်.. တစ်နေကုန် ထိုင်တောင် မထိုင်ဖြစ်လိုက်ဘူး။ အမေကတော့ မောခြင်း၊ နာခြင်းရဲ့ အဆုံးတစ်ဘက်ကို ရောက်သွားပြီဆိုတော့ ဆာလည်း မဆာတော့ဘူး... စားလည်း မစားနိုင်တော့ဘူးလေ... သနားပါတယ်..

Post a Comment

Many thanks for dropping a comment…

Film


Files