Wednesday, July 25, 2007

သမီးလေး ဖွားစဉ်က (၇)

၃၁ ရက်နေ့

ထုံဆေးရဲ့ Side Effect တွေကြောင့် သူမ ညသန်းခေါင် ကျော်တဲ့ အထိ ကောင်းကောင်း အိပ်လို့ မရပါဘူး။ ခြေထောက်တွေက ညောင်းသလို ဖြစ်နေပြီး ဘယ်လို နေနေ အထာမကျသလို ဖြစ်နေပါတယ်။ သွေးကျသလို ဖြစ်လို့ ကုတင်ပေါင်ပေါ် တင်ပေးထားလို့လည်း မရဖြစ်နေပါတယ်။ နာစ်မကို ခေါ်ပြောတော့ နာစ်မက အကိုက်အခဲ ပျောက်ဆေးနဲ့ အိပ်ဆေးလိုမျိုး ပေးသွားပါတယ်။ ဆေးသောက်ပြီး ခဏနေတော့မှ အိပ်ပျော်သွားပါတယ်။ ကျွန်တော်လည်း ဘေးက ကုတင်မှာ တက်အိပ်လိုက်တယ်။ တစ်နေကုန် ပင်ပန်းထားတာ ဆိုတော့ အိပ်မောကျသွားပါတယ်။ မနက် ၅ နာရီလောက်ကျတော့ မွေးမဲ့သူတစ်ယောက် လာမယ်ဆိုတော့ ကျွန်တော်ထလိုက်ပါတယ်။ သူမကို ရေတွေဘာတွေ တိုက်ပြီး သူမ ပြန်အိပ်ပျော်သွားတော့ ကျွန်တော် အိမ်ပြန်လိုက်ပါတယ်။ အိမ်ရောက်တော့ အမေတို့ကို ၇-၈ နာရီလောက်ကျရင် သွားဖို့ ပြောထားပြီး ကျွန်တော် ဆက်အိပ်လိုက်ပါတယ်။

အဲဒါနဲ့ အဖိုးနဲ့ အဖွားက ဆေးရုံ လိုက်သွားပါတယ်။ ဆေးရုံမှာ သူမကို Meal အတွက် ဘိုစာ စားမလား၊ တရုတ်စာ စားမလားဆိုတော့ သူမက တရုတ်စာ ရွေးလိုက်ပါတယ်။ တရုတ်စာ တစ်ခုက ငါးနဲ့ သင်္ဘောသီးအမှည့်ကို ပြုတ်ထားတာပါ။ အမေ နို့ထွက်ကောင်းတယ်၊ အနာကျက်လွယ်တယ်ဆိုပဲ။ နေ့လည် ကျွန်တော်ပြန်ရောက်ပြီးတော့ နာစ်မတစ်ယောက်က ကလေးကို ခေါ်လာပေးပါတယ်။ အနှီးထဲမှာ အသေအချာ ကျပ်နေအောင် ထုပ်ထားပါတယ်။ နို့အစမ်းတိုက်ကြတဲ့အခါ ကလေးက တစ်ရက်သားပဲ ရှိနေပေမယ့် ကောင်းကောင်းစို့တတ်နေပါပြီ။ အမေဗိုက်ထဲမှာကတည်းက သူ့လက်ကို သူစုပ်လာတာဆိုတော့။ အမေကတော့ နို့မထွက်သေးပါဘူး။ မမြင်မစမ်းနဲ့ နို့ကို ပြတ်ပြတ်..ပြတ်နဲ့ လိုက်စို့နေတာ အင်မတန် ချစ်စရာ ကောင်းပါတယ်။
ကံကောင်းချင်တော့ အိမ်သာချက်က ပျက်သွားလို့ ကျွန်တော်တို့ကို နောက်တစ်ခန်း ရွှေ့ပေးလိုက်တော့ ကျွန်တော်တို့ချည်းပဲ တစ်ခန်း ပြန်ဖြစ်သွားပြန်ရော။ နာစ်မတွေကလည်း များသောအားဖြင့် ဖီလစ်ပိုင်ကပါ။ အတွေ့အကြုံများပြီး သဘောကောင်းပါတယ်။ ကလေးကိုလည်း ကျင်ကျင်လည်လည် ကြင်ကြင်နာနာ ကိုင်တွယ် ပြုစုတတ်ပါတယ်။

သူမလည်း သိသိသာသာ နေကောင်းသွားပါပြီ။ နာစ်မက ကလေးကို လှည်းလေးထဲမှာ ခေါ်လာပြီး ကျွန်တော့်ကို နို့ဘူးတိုက်နည်း၊ လေထုတ်နည်း သင်ပေးပါတယ်။ နို့ဘူးက ဆေးရုံသုံး အသင့်ဖျော်ပြီးသာ ၁၀၀ မီလီလီတာ ပုလင်းပုလေးပါ။ Sealed လုပ်ထားတဲ့ နို့ပုလင်းကို သောက်ခါနီးမှ ရေနွေးစိမ် နွှေးထားပြီး တစ်ခါသုံး နို့သီးခေါင်းကို စွတ်ပြီး တိုက်ရတာပါ။ ခရီးတွေဘာတွေ သွားရင်တော့ ဒီလို ပုလင်းမျိုးလေးတွေက တော်တော် အသုံးဝင်မှာမို့ သေချာ ကြည့်လိုက်တော့ Hospital Use Only ဆိုပြီးတွေ့လိုက်ပါတယ်။ အပြင်မှာတော့ ၀ယ်လို့ မရလောက်ဘူး။ တစ်တောင်သာသာ ရှိတဲ့ အနှီးထုပ်လေးထဲက ကလေးကို ရဲရဲပဲ လက်ပေါ်တင်ပြီး နို့တိုက်၊ ပြီးတော့ မှောက်ပြီး ကျောကုန်းလေးကို ပုတ်ပေးပြီး လေထုတ်ပေးပါတယ်။ အသည်းယားစရာ ကောင်းပေမယ့် ကောင်းကောင်းပဲ ကိုင်တွယ်လိုက်နိုင်ပါတယ်။ ဒီလိုပဲ ကလေးကို လာခေါ်သွားလိုက်၊ ပြန်လာပေးလိုက်နဲ့ပါ။ တနေကုန် အမျိုးနည်းနည်းရယ်၊ အသိဧည့်သည် တချို့နဲ့ ရုံးက ဧည့်သည်တချို့လာလည်ပြီး လက်ဆောင်တွေဘာတွေ ပေးသွားပါသေးတယ်။ အိမ်ကလူတွေလည်း မိုးချုပ်မှ ပြန်သွားကြပါတယ်။ ဒီနေ့လည်း ကျွန်တော် ဆေးရုံမှာပဲ အိပ်လိုက်ပါတယ်။


ဧပြီလ ၁ ရက်နေ့

ဒီနေ့တော့ ဆေးရုံက ဆင်းလို့ ရပါပြီ။ ကလေးက အသားဝါနည်းနည်း ရှိနေတော့ သွေးဖောက်စစ်ထားပါတယ်။ အခြေအနေကောင်းရင် ဆေးရုံက ဆင်းရမယ်လို့ အစောကြီးက လာပြောထားပါတယ်။ နောက်တော့ ကလေးရော အမေရော ကျန်းမာတာနဲ့ ဆေးရုံက ပေးဆင်းပါတယ်။ ကလေးမှာ အသားဝါရှိနေသေးတော့ နေရောင်ပြရမယ်လို့ ပြောပါတယ်။ ပြီးတော့ ကျွန်တော်က Reception သွားပြီး ပိုက်ဆံ သွားရှင်းပါတယ်။ အားလုံးပေါင်း စင်္ကာပူဒေါ်လာ ၄၀၀၀ ကျော်ကျော်ကျပါတယ်။ ဒီမှာ အံဆုံးနှုတ်တာရယ်၊ ကပ်လျှက်သွားကို အမြစ်ထုပ်ပြီး ပြန်စွပ်တာရယ်လုပ်တာ ၂ထောင်ကျော် ကျတယ်ဆိုတော့ ကလေးတစ်ယောက်မွေး ၄၀၀၀ က မများဘူး ပြောလို့ရတာပေါ့။ သားဖွားဆရာဝန်ကြေး၊ ကလေးအထူးကုကြေး၊ မေ့ဆေးဆရာဝန်ကြီးကြေး၊ Midwife နာစ်မကြီး နှစ်ယောက်ကြေး၊ ကလေး ဗာဟီရအတွက်ရယ်၊ ဆေးဖိုးရယ်ကနေ ဆီးအိတ်အထိ ကိုယ့်အတွက် သုံးသမျှကို အကုန် စာရင်းတို့ထားပြီး အကုန်တွက်တာပါ။ အစက ကျွန်တော်က ၁ သောင်းလောက် ကျမယ်ထင်ထားတာ ဆိုတော့ မဆိုးလှပါဘူး။ မြန်မာပြည် ပြန်မွေးလည်း လေယာဉ်ခနဲ့ဆို အဲလောက်တော့ ကျသွားမှာပဲလေ။ မပြန်ခင် ဆေးရုံက ပေးတဲ့ ကလေးပြုစုနည်း၊ ရေချိုးနည်း၊ နို့တိုက်နည်း သရုပ်ပြနေတာ သွားကြည့်လိုက်ပါသေးတယ်။ ရေချိုးတာကလည်း အခု စာရေးနေတဲ့ အချိန်အထိ အဘွားကပဲ ချိုးပေးတာ ဆိုတော့ ကျွန်တော်တို့ တခါမှ မချိုးပေးဘူးသေးပါဘူး။ အဲဒါနဲ့ မွန်းမတည့်ခင်လောက်မှာ ကျွန်တော်တို့ မိသားစုကလေး အိမ်ပြန်ကြပါတော့တယ်။ ဆေးရုံစသွားတုန်းကတော့ လင်မယားနှစ်ယောက်.. ပြန်လာတော့ ကလေးလေးတစ်ယောက် တိုးလာပြီဆိုတဲ့ အသိက အင်မတန် ဆန်းကြယ် နွေးထွေး ကြည်နူးဖို့ကောင်းနေပါတော့တယ်။

6 comments:

Ma Yangon Thu - 7/25/07, 11:29 PM

“ဆေးရုံစသွားတုန်းကတော့ လင်မယားနှစ်ယောက်.. ပြန်လာတော့ ကလေးလေးတစ်ယောက် တိုးလာပြီဆိုတဲ့ အသိက အင်မတန် ဆန်းကြယ် နွေးထွေး ကြည်နူးဖို့ကောင်းနေပါတော့တယ်။“

ဟုတ်တယ်နော်.. ပျော်စရာကြီး။ ရှေ့ကို သူ့အတွက်နဲ့ပဲ အချိန်ကုန်ပြီး ဖြည့်စည်းပေးနေရတာကိုကလည်း ကြည်နူးစရာပဲပေါ့။ မိဘတွေရဲ့ မေတ္တာတရားက ကြီးမားလှပါတယ်။

ဂျစ်တူး - gyit_tu - 7/25/07, 11:47 PM

ကိုအင်ဒီရဲ့ နောက်ဆုံးစာပိုဒ်လေးဖတ်ပြီး ကျမလည်း ကြည်နူးသွားပါတယ်ရှင် ။ တကယ်ပဲ ၃ အင် ၁ လေး ဖြစ်သွားတာပေါ့း)

ဒါနဲ့ ကလေးမွေးခါစလေးတွေက သိပ်အသဲယားစရာ ။ ကျမအလုပ်ကအသိတွေ မွေးကြတော့ သွားကြည့်တိုင်း ၊ သူတို့က ကလေးချီမလားဆို မချီရဲဘူး ။ ပြုတ်ကျမှာစိုးလို့ ။ ကလေးကို လပိုင်းကလေးတောင် မချီရဲဘူး အဟား ။

Andy Myint - 7/26/07, 12:08 AM
ဟုတ်တယ်.. ကြည်နူး ပျော်စရာပါပဲ။ အပြန်ခရီးမှာ အမောတွေပြေသွားပြီး စိတ်ထဲမှာ ဖော်မပြနိုင်တဲ့ တစ်ခုခု ခံစားနေရပါတယ်။

မွေးစလေးကို ကျွန်တော်ကတော့ ဒီလိုပဲ ကိုင်လိုက်တာပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ သေချာ ထုပ်ထားတာဆိုတော့ လိုသလို ထိန်းလို့ရပါတယ်။ ငြိမ်ငြိမ်နေတော့ ပြုတ်ကျမှာတွေ ချော်ကျမှာတွေ မပူရပါဘူး။ အခုဆို ချီလိုက်ရင် ခေါင်းက ဘယ်ညာလူးနေတော့ အခုမှ ပိုဂရုစိုက် ချီရတာပါ။
လူသစ် - 7/26/07, 2:41 AM

ဆေးရုံကို အ၀တ်အစားအပြင် ဘာယူစရာလိုသေးလဲဗျ။
ကလေးကို မမွေးခင်ကထဲက ခြေလက်အင်္ဂါစုံမစုံ ဘယ်လိုကြည့်ရတာလဲ။
ကျေးဇူးပြုပြီး နဲနဲလေး ဖြေပေးပါဗျ။

Andy Myint - 7/26/07, 6:21 PM
သိပ်တော့ အထွေ အထူး မပါဘူး ခင်ဗျ။ ဘုရားစာအုပ်တို့၊ လိုရမယ်ရ ဓါတ်မီးတို့ ဘာတို့ပါတယ်။

ကိုယ်ဝန် ဘယ်နှလမှာလဲ မသိဘူး ဆေးရုံသွားပြီး Ultra-Sound စက် အကောင်းစားနဲ့ သွားစစ်ရပါတယ်။ အဲဒီမှာ လက်ချောင်း၊ ခြေချောင်းလေးတွေ ရေပါတယ်။ ပူးနေလား၊ ခွာနေလား ကြည့်ပေးပါတယ်။ နှလုံးအခန်း လေးခန်းကို စစ်ပါတယ်။ Valve လေးတွေ အလုပ်မလုပ် စစ်ပါတယ်။ ဦးနှောက်ကြီး၊ ဦးနှောက်ငယ် စစ်ပါတယ်။ ကိုယ်တွင်း အင်္ဂါတွေကို စစ်ပါတယ်။ အရိုးတွေ (Femur တို့ဘာတို့) ကို အရှည်တိုင်းပါတယ်။ အဲလိုပေါ့ အသေးစိတ် စစ်ပေးပါတယ်။
Andy Myint - 7/26/07, 7:01 PM
ကိုယ်ဝန် ၂၀ ပတ် Detailed Scan သွားလုပ်တုန်းကပါ။

Post a Comment

Many thanks for dropping a comment…

Film


Files