Tuesday, July 10, 2007

ကုက္ကိုင်းက ကော်ကြော်

ကျွန်တော်ငယ်ငယ်တုန်းက အမျိုး/အသိ တရုတ်တော်တော်များများ မင်္ဂလာဆောင်ရင် ကုက္ကိုင်းက ဘုံကျောင်းမှာ လုပ်ကြပါတယ်။ အခု သခင်မြပန်းခြံက Western Park မှာ လုပ်ကြသလိုပေါ့။ အဲဒီမှာ အမေက ကော်ကြော်ဆိုတာ စားခဲ့ရပြီး အမျိုးမင်္ဂလာဆောင်ဆိုတော့ ပိုတာတွေကို ထည့်လာပါတယ်။ ကျွန်တော်တို့က စားကြည့်ပြီး ကြိုက်တာနဲ့ အမေက အိမ်မှာ လုပ်ကျွေးပါတယ်။ အခု အမေ ကျွန်တော်တို့နဲ့ လာနေတုန်းလေး ပူဆာတာနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လုပ်ပေးပါတယ်။

အမေက မုန်လာဥနီနဲ့ ဂေါ်ရခါးသီးကို တုံးတုံးလေးတွေ လှီးထားပါတယ်။ အသည်းအမြစ်ကိုလည်း သေးသေး သေးသေး လှီးထားပါတယ်။ ရန်ကုန်မှတော့ ကြက်သည်း၊ ကြက်မြစ်ဆို ဈေးကြီးပေး ၀ယ်ရပေမယ့် ဒီမှာတော့ စားတဲ့လူဆို နှာခေါင်းတောင် ရှုံ့ချင်ပါသေးတယ်။ ဒါတောင် ၀ယ်လို့ရလို့ တော်သေးတာပေါ့။ အမေရိကားတို့ ဘာတို့မှာဆို အမှန်အကန် တရုတ်တန်းထိ သွားဝယ်ရမှာ။ ဂဏန်း အသားအစစ်ထည့်ရင်တော့ ကောင်းပါတယ်။ ဂဏန်းကလည်း အရှင်မှ လတ်တာဆိုတော့ အတုပဲ ထည့်လိုက်ပါတယ်။ ကြက်ဥ ၄-၅လုံး ခေါက်ထားပါတယ်။ ဘဲဥနဲ့ဆိုရင် အရောင်ပိုလှပါတယ်။ ပိုကောင်းပါတယ်။ ဒီမှတော့ ဘဲဥက ရှာရခက်ပါတယ်။ ကော်ရည်ကို ဖျော်ထားပါတယ်။ Tapioca Starch ဒါမှမဟုတ် Corn Starch ဆိုရင် ရပါတယ်။ မပြစ်မကျဲ ဖြစ်ရပါတယ်။ ကြက်သွန်မိတ်ကို လက်တစ်ဆစ်လောက် လှီးထားပါတယ်။ ကျူးဆိုင်ဆိုရင်လည်း ကောင်းပါတယ်။

ဒယ်အိုးထဲကို ဆီများများထည့်ထားပါတယ်။ ကြက်သွန်ဖြုနည်းနည်း ဂျင်းနည်းနည်းကို အရင်ဆီသတ်ပါတယ်။ အသည်းအမြစ်တွေကို ထည့်လိုက်ပါတယ်။ ပဲငံပြာရည်ကောင်းကောင်း ထည့်လိုက်တာနဲ့ အသည်းအမြစ်ကြော်က စားချင်စဖွယ် မွှေးလာပါပြီ။ ဒီလိုမျိုး အသည်းအမြစ်ကို ကြော်ထားတာကိုလည်း ကြိုက်တယ်။ အမြစ်တွေနူးသွားအောင် အိုးအဖုံးကို ဖုံးထားပါတယ်။ ပြီးတော့ မုန်လာဥနီနဲ့ ဂေါ်ရခါးသီး လှီးထားတာကို ထည့်ကြော်ပါတယ်။ ဂဏန်းမျှင်လေးတွေပါ ထည့်လိုက်ပါတယ်။ ကျက်ခါနီးတော့ ကြက်သွန်မိတ်တွေကို ထည့်ပါတယ်။ ဒီနေရာမှာ ရပ်ချင်လည်း ရပ်လို့ရတယ်။ အစိမ်းကြော် (ဒါမှမဟုတ် တရုတ်နှစ်ကူးမှာ လုပ်တဲ့ သေးသေးလေးကြော်) အဖြစ် စားလို့ရပါသေးတယ်။ သေးသေးလေးကြော်ကတော့ မြေပဲဆံပါ ထည့်ကြော်ရတယ်လေ။ ပြီးတော့ ဆလပ်ရွက်နဲ့ ထုပ်စားရင် အရမ်းကောင်းပါတယ်။ နှစ်မျိုးစားချင်ရင် များများလုပ်ပြီး တစ်ပန်းကန်စာ ခတ်ထားလည်းရပါတယ်။ ခဏနေတော့ ဖျော်ထားတဲ့ ကော်ရည်တွေကို သမအောင်ပြန်မွှေပြီးတော့ လောင်းထည့်ပါတယ်။ ကော်ရည်က ဖျော်ထားတာ ရေချိန်မှန်ရင် ကြည်ကြည်တွဲတွဲလေးတွေ ဖြစ်သွားပါမယ်။ ဒီတစ်ခေါက်လုပ်စားတာ အမေက သုံးနေကျ ကော်မဟုတ်တော့ ရေချိန်မမှန်လို့ အမြင်မလှပေမယ့် အရသာကတော့ ရှယ်ပါပဲ။ ကော်တွေဖြစ်သွားပြီး အရည်မရှိတော့တဲ့ အခါကျရင် ကြက်ဥမွှေထားတာတွေ ထည့်ပြီး ဆက်မွှေပါတယ်။ ငရုတ်ကောင်း(အမဲ)မှုန့် ဖြူးပါတယ်။ ကြက်ဥတွေ ကျက်သွားပြီးလည်း ဂျိုးကြိုက်ရင် ဆက်ထားလိုက်ပါ။ Tefalon အုပ်ထားတဲ့ ဒယ်အိုးနဲ့ ကြော်မယ်ဆိုရင်တော့ ဂျိုးကောင်းကောင်း လုပ်လို့ရပါတယ်။ ပြီးရင်တော့ ပူပူနွေးနွေးစားလို့ရပါပြီ။

ထမင်းနဲ့ တွဲစားရင်တော့ သိပ်မလိုက်ပါဘူး။ သူ့ချည်းပဲ စားရင် ကောင်းပါတယ်။ ကယ်လိုရီများတာ မကြောက်ဘူးဟေ့ ဆိုရင်တော့ စားလို့ကောင်းတဲ့ တရုတ်စာပါ။ ရန်ကုန်မှာတုန်းကလည်း လခထုတ်ရက်ဆို ကျွန်တော်တို့ နှစ်ယောက် တရုတ်တန်း သွားသွားပြီး စားကြပါတယ်။ များသောအားဖြင့်က တို့ဟူးနွေး စားကြပေမယ့် တစ်ခါတစ်လေလည်း ကော်ကြော် စားကြပါတယ်။ အမေနဲ့တော့ ကြော်နည်းမတူပါဘူး။ သူတို့က ကော်ရယ်၊ ဂဏန်းစစ်စစ် များများရယ်၊ ဘဲဥရယ်၊ ကျူးဆိုင်ရယ်နဲ့ပဲ ကြော်တာပါ။ အပျော့ကြော်နဲ့ အကျွတ်ကြော်ဆိုပြီး မှာလို့ရပါတယ်။ ဆီကတော့ အလျှံပယ်နဲ့ ကြော်တာပါ။ တစ်ခါတစ်လေ စားမယ်ဆိုရင်တော့ စားကောင်းပါတယ်။

12 comments:

Tian - 7/10/07, 2:46 PM

Dear Ko Andy and family,

I frequently visit your nice blog. I really like your writing and do appreciate your effort as well.
As far as I remember, my sister is also good at this kind of snack. She adds some bean sprouts and small prawns (Pa zun seit in Burmese). Hope your mom will try on such additional ingredients next time.

Please carry on and I love to study your family experience.

Best regards,

Ko Tian

Andy Myint - 7/10/07, 3:26 PM
ဟုတ်တယ်.. ဟုတ်တယ် .. Seafood (ပုစွန်၊ ကင်းမွန်)ပါ ထည့်ရင် ပိုကောင်းတယ်။ နောက်တစ်ခေါက်မှ အကြံပေးသလို ပဲပင်ပေါက်ပါ ထည့်ပြီး လုပ်စားဦးမယ်။ ဘိတ်(မြိတ်) စတိုင်ပေါ့။ Many thanks for your comment & tip, Ko Tian…
Thiha Kyaw Zaw - 7/11/07, 4:31 AM

Kaw Kyaw from 20th or 21st street of China Town is awesome. You should try it when you get back to YGN.

Andy Myint - 7/11/07, 10:50 AM
Cool... I will put it in my list.
TMH - 7/12/07, 4:29 AM

Wow! look delicious!

Phyo Wai Kyaw - 7/12/07, 1:55 PM

သွားရည်တောင်ကျလာပြီ။ Hokkien လို အိုဝါးကျန်း လို့ခေါ်တယ်ဗျ... "အို" ဆိုတာက ဂဏန်းတဲ့.. ပြောကြတာပဲ.. ဂဏန်းကော်ကြော်ပေါ့။ ရန်ကုန်က အဒေါ့် ကိုတောင်သတိရတယ်။ သူကြော်တာကလည်း တော်တော်စားလို့ကောင်းတယ်။ ကြည်ကြည်တွဲတွဲလေး။ လုပ်နည်းကတော့ ဆင်သလိုလိုနဲ့ မတူဘူးဗျ။

ဘာညာ - 7/14/07, 1:51 PM

ဟိုနေ့တုန်းကတောင် တရုတ်တန်းမှာ ဂဏန်းကော်ကြော် သွားဝိုက်လာသေးတယ်..။ နောက်ပြီးတော့ ခရုကော်ကြော်လည်းရှိသေးတယ်။ အဲ့ဒါတော့ မစားဘူးဖူး။ အဲ့မှာ အကြွပ်ကြော်ရယ် အပျော့်ကြော်ရယ်ဆိုပြီးနှစ်မျိုးရှိတာ။ ကိုအန်ဒီလုပ်စားတာအကြွပ်ကြော်ဖြစ်မယ်။ ကိုဖြိုးဝေကျော်ပြောတာတော့ အပျော့်ကြော်ဖြစ်လိမ့်မယ်။ ဘာပဖြစ်ဖြစ် ၂ မျိုးလုံးကိုကြိုက်တယ်။ ကွိကွိ

ဂျစ်တူး - gyit_tu - 7/15/07, 8:55 PM

ိစားချင်စရာကောင်းလိုက်တာ.. ဗိုက်စာတယ် ။ မားသားကို ဒီပို့စ် ပရင့်လုပ်ပြီး ပူစာရင်ကောင်းမလား စဉ်းစားနေတယ် ။

ThuHninSee - 4/21/08, 7:38 AM

စင်ကာပူမှာ ၆နှစ်နေလာပေမယ့် တစ်ခါမှမစားဖူးဘူး။
စကားမစပ်..ယူအက်စ်မှာ အသဲအမြစ်တွေရတယ် ကိုအန်ဒီ။

Andy Myint - 4/22/08, 12:18 AM
ဟုတ်တယ် ညီမ သုနှင်းဆီ .. စင်္ကာပူမှာ ဒါမျိုမတွေ့မိဘူး။ ဂဏန်းနဲ့ ကော်နဲ့ ကြော်ထားတာတော့ တွေ့မိဖူးတယ်။ US မှာ အသည်း အမြစ်ရတယ်ဆိုတာ တရုတ်ဆိုင်မှာလား။ Wall Mart မှာတော့ မရလောက်ဘူး ထင်တယ်။ သြော်ဇီမှာလည်း အလွယ်ရနိုင်တယ်။ ကြက်သားဆိုင်တိုင်းလိုလို ရောင်းတယ်။
ThuHninSee - 4/22/08, 12:31 PM

Winco မှာပါ ကိုအမ်ဒီ။
အမြစ်သပ်သပ်၊ အသဲသပ်သပ်ရောင်းတာပါ။
အမြစ်၂ပေါင်လောက်ကို ၁.၂၅ပဲပေးရတယ်။
အသဲဆို ၀.၈၇ပဲကျတယ်။
အမဲ၊၀က်အသဲနှလုံး ပါရတယ်။
http://www.wincofoods.com/

KMA - 7/22/08, 8:56 AM

ဖြိုးဝေကျော်ရဲ့ကွန်းမင့်က ကော်ကြော်ကို အိုဝါးကျန်း လို့ခေါ်တာ မှန်ပါတယ်။ ဒါပေမယ့် အို-ဆိုတာ oyster (ကမာကောင်)ကို ဖူးကျန့်(လက်ရှည်)တရုတ်လို ခေါ်တာပါ၊ ဂဏန်းကိုခေါ်တာ မဟုတ်ရပါ၊ ရန်ကုန်မှာ ကမာကောင်ထက် ဂဏန်းက အရလွယ်လို့ အစားထိုးတယ်လို့ယူဆရပါတယ်။

ခင်မောင်အေး

Post a Comment

Many thanks for dropping a comment…

Film


Files