Wednesday, July 04, 2007

ကျွန်တော်မသိတဲ့ ကျွန်တော့် Hero

လူ(ငယ်)တိုင်းလိုလိုမှာ သူတို့ရဲ့ Hero ဆိုတာ ရှိတတ်ပါတယ်။ တစ်ယောက်ထဲလည်း ဖြစ်ရင်ဖြစ်မယ်။ အများလည်းဖြစ်ရင် ဖြစ်မယ်။ Greek Mythology ထဲက Prometheus လိုမျိုး လည်းဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံရေးသမားလည်း ဖြစ်ချင်ဖြစ်မယ်။ Comic ထဲက Spider-man လည်းဖြစ်ချင်ဖြစ်မယ်၊ Bill Gates လည်းဖြစ်ချင်ဖြစ်မယ်။အငတ်ခံပြီး ကဗျာရေးတဲ့ သူလည်း ဖြစ်ချင် ဖြစ်မယ်။ သဌေးဖြစ်အောင် လုပ်နည်း ရေးတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။ သူများကြိုက်လို့ ရောယောင်ပြီး စတိုင်လုပ်တာလည်း ဖြစ်မယ်။ ကိုယ့်ဟာကိုယ် တိတ်တိတ်လေး Hero လို့ သတ်မှတ်ထားတာလည်း ရှိကြပါမယ်။ ကိုယ့်အဖေ၊ ကိုယ့်ယောက်ျားကို Hero အဖြစ်သတ်မှတ်ထားတာလည်း ဖြစ်မယ်။



ကျွန်တော့်အတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းကို သူ့အကြောင်း မဖတ်ရခင်၊ သူ့မိန့်ခွန်း နားမထောင်ရခင်၊ သူ့စိတ်ဓါတ်ကို မသိရခင်ကတည်းက အကျွမ်းဝင်ခဲ့တာ မဆန်းလှပါဘူး။ ပိုက်ဆံပေါ်မှာလည်း သူ့ပုံ၊ အများနဲ့ဆိုင်တဲ့ ရုံးတို့၊ ကျောင်းတို့၊ သွားတော့လည်း သူ့ပုံကို ချိတ်ဆွဲထားတယ်၊ အိမ်တချို့မှာလည်း ဓါတ်ပုံ ချိတ်ထားတော့ ငယ်ငယ် ကျောင်းမတက်ခင်ကတည်းက ရင်းနှီးခဲ့ပါတယ်။ စာသင်ရတော့၊ စာဖတ်ရတော့ သူ့အကြောင်းတွေ ပိုသိလာလေ သူက ကိုယ့်ရဲ့ Hero ဖြစ်သွားတာ မြန်မာပြည်က လူတိုင်း နားလည်နိုင်တဲ့ အချက်ပါ။ ကိုယ့်ကိုကိုယ် နားလည်နိုင်တဲ့ အချက်ပါ။



ငယ်ငယ်က Bruce Lee ရုပ်ရှင်တွေ၊ Videoတွေ ကြည့်ပြီး သူဟာ Hero ဖြစ်လာတာ မဆန်းပါဘူး။ ခန္ဓာကိုယ်သေးသေးလေးပေမယ့် သံမဏိလိုမျိုးမို့ လိုချင်ခဲ့ပါတယ်။ လူ ၁၀ ယောက်လောက်ကို ၁ ယောက်ထဲ အသာလေး ချသွားတာ အားကျစရာပါ။ သွေးအလိမ်းလိမ်းနဲ့ သေကောင်ပေါင်းလဲ ဖြစ်နေတာတောင် ပြန်ထပြီး ချလို့ကတော့ ကြက်သီးထမတတ် ကြိုက်ပါတယ်။ သူဟာ လူငယ်တစ်ယောက်ရဲ့ Hero ဖြစ်ရတာ မဆန်းလှပါဘူး။



ကျွန်တော် ကိုယ့်ကိုကိုယ် နားမလည်နိုင်တဲ့ အချက်ကတော့ ကျွန်တော့် စိတ်ထဲမှာ အဲဒီလိုမျိုး နောက်တစ်ယောက် ရှိနေတာပါ။ တချို့လူတွေမှာလည်း ရှိနေတာပါ။ ဒီထက်ပို ထူးဆန်းတာကတော့ လူပျိုပေါက်ဖြစ်တဲ့ အထိ သူဘယ်သူလဲဆိုတာ မသိဘဲ သူ့ပုံကို နှစ်သက်ခဲ့တာပါ။ သူ့ပုံဆိုတာလည်း ပီပီသသပုံ မဟုတ်ပါဘူး။ အရောင် ၁ ရောင်ထဲကို (အနီ သို့မဟုတ် အနက်) အရိပ်တွေဘာတွေ မပါဘဲ ဆွဲထားတဲ့ ပုံရိုးရိုးပါ။ သူနာမည်လည်း မသိ၊ သူဘာကြောင့် နာမည်ကြီးမှန်းလည်း မသိဘဲ ကြိုက်နေခဲ့တာပါ။



သူပုံဟာ ရမ်ဘိုနဲ့ဆင်ပေမယ့် ရမ်ဘို မဟုတ်မှန်းတော့ သိခဲ့ပါတယ်။ ရမ်ဘိုထက် ပိုကြိုက်ခဲ့ပါတယ်။ တိုက်ခိုက်ရေးသမား၊ ပြောက်ကျားတစ်ယောက်ပုံမှန်း သိခဲ့ပေမယ့် ဆရာဝန်တစ်ယောက်ဆိုတာ ဘယ်လိုနည်းနဲ့မှ မထင်ခဲ့ပါဘူး။ သူပုံ Sticker အနီရောင်လေးကို ဆေးကျောင်းသား သူငယ်ချင်းတစ်ယောက်က သူ့ ဆလွန်းကား အဖြူရောင်လေးမှာ ကပ်ထားတာ ကြည့်ကောင်းပေမယ့် ဒီပုံထဲကလူဟာ ဆရာဝန် တစ်ယောက်ဖြစ်ခဲ့ဘူးတယ်ဆိုတာ သူသိလား မသိလား အဲဒီတုန်းက မမေးလိုက်ရပါဘူး။ ငယ်ငယ်က စက်ဘီး (ရေကာ)မှာ သူ့ပုံ ကပ်ထားပေမယ့် သူဟာ ဆိုင်ကယ်တစ်စီးနဲ့ နိုင်ငံစုံ သွားပြီး အနူတွေကို ကုပေးတဲ့ သူမှန်း မသိခဲ့ပါဘူး။



သူဟာ ရော့ခ် အဆိုတော်တစ်ယောက် မဟုတ်မှန်းတော့ သေချာပေါက် သိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ပုံပါတဲ့ တီရှပ်ကို လိုချင်ခဲ့ပါတယ်။ Hippy တွေ၊ Pop သမားတွေ၊ အမေရိကန် ရုပ်ရှင်ကားတွေထဲမှာ လူငယ်တွေ ၀တ်တာတွေ့လို့ ဒါဟာ အမေရိကားကလူငယ်တွေရဲ့ Icon / Idol ထင်ထားပေမဲ့ သူဟာ CIA ကို ကလန်ကဆန်လုပ်ခဲ့ပြီး အမေရိကန်ရဲ့ ရန်ဘက် ကျူးဘားက ကတ်စထရိုကို နန်းတင်ပေးခဲ့တဲ့ ကတ်စထရိုရဲ့ ဦးနှောက်လို့ တင်စားခေါ်ရတဲ့ သူမှန်း လုံးဝ မသိခဲ့ပါဘူး။



ငါးတန်းလောက်က သူ့ပုံ ဇာပန်းထိုးထားတာကို လွယ်အိတ်မှာ ကပ်မလို့ ၀ယ်ပြီးမှ အမေဆူမှာစိုးလို့ ထမင်းဘူးထဲက ထမင်းလုံးလေးတွေနဲ့ပဲ ကပ်ထားပါတယ်။ သူဟာ Times မဂ္ဂဇင်းရဲ့ ၂၀ရာစုမှာ သြဇာအသက်ရောက်ဆုံး ပုဂ္ဂိုလ်တွေထဲမှာ တစ်ယောက်အဖြစ် အရွေးခံရမယ်ဆိုတာ သိလို့ကတော့ ထမင်းလုံးတွေ ခြောက်ပြီး ကျမပျောက်သွားအောင် အမေကိုပဲ ချုပ်ခိုင်းလိုက်မှာပါ။



အခုအချိန်ထိ သူ့ပုံပါတဲ့ တီရှပ်တွေ ရောင်းကောင်းဆဲပါ။ ကားတွေမှာ Sticker လေးတွေ ကပ်ထားတုန်းပါ။ ကွန်ပြူတာ Desktop မှာ Wallpaper အဖြစ် ထားကြတုန်းပါ။ ဆေးမင်ကြောင် ထိုးထားတာတောင် တွေ့ဖူးသေးတယ်။ ကျွန်တော့်လိုပဲ တော်တော်များများက သူဘာလည်းဆိုတာ မသိကြဘူးတဲ့။ အဆိုးဆုံးကတော့ သူမုန်းတဲ့ လူတန်းစားက သူပုံမှ မပါရင် ခေတ်မမီသလို ဖြစ်နေတာပါ။



အခု အချိန်မှာ သူဟာ ကျွန်တော့်ရဲ့ Hero ဖြစ်နေသေးလား မဖြစ်တော့ဘူးလားကိုတော့ ကျွန်တော် မပြောလိုပေမယ့် ဒီလို ရိုးရိုးရှင်းရှင်း တစ်ရောင်ထဲနဲ့ သူ့ရဲ့ပုံဟာ အင်မတန်မှ ခက်ခဲနက်နဲတယ်ဆိုတဲ့ မိုနာလီဆာပုံတူပန်းချီနဲ့ တန်းတူ ကျွန်တော့်ရင်ထဲမှာ မြဲမြဲ စွဲစွဲ ထင်နေတုန်းပါ။



တခြားဖတ်ရန် - ကျွန်တော်ပိုသိလာတဲ့ ကျွန်တော့် Hero

9 comments:

imaginary clouds no2 - 7/4/07, 3:16 AM

ရဲဘော်ကို လေးစားပါတယ် ရဲဘော် (ယိစ်)

Phyo Wai Kyaw - 7/4/07, 11:27 AM

Watch here for his music video, I don't know what language, but good to listen. http://phyowaikyaw.blogspot.com/2006/07/blog-post_30.html

TZA - 7/5/07, 2:29 AM

ဟိုးတလောကတော့ သူ့ပုံနဲ့ ပတ်သက်ပြီး သူ့ညီမဆိုလားဘာဆိုလား ဥပဒေနဲ့ ကိုင်တုပ်မယ်ပြောတယ်ကြားတယ်.. စီးပွားဖြစ် သုံးခဲ့သမျှ တစ်ပုံကို one cent ပဲ ပေးပါစေအုန်း.. သူဌေးဖြစ်မှာ အသေအချာပဲဗျ။

pandora - 7/5/07, 3:24 AM

ပန်ဒိုရာလည်း စသိတဲ့ အရွယ်ကတည်းက ချေ ကို သဘောကျခဲ့တယ်..
ဒီပို့စ်အတွက် ကျေးဇူးပဲ ရဲဘော်.

Andy Myint - 7/5/07, 11:50 AM
ဟုတ်တယ် ရဲဘော် (အဟဲ..) အဲဒီ ပုံက ဘယ်လို ညှို့ဓါတ်တွေ ရှိနေလဲ မသိပါဘူး။ အစွဲအလမ်းကြီး စွဲလမ်းပြီး အစွမ်းသတ္တိ တစ်ခုခု ကိုယ့်ကို ပေးနေသလိုမျိုးပဲ။ ကျွန်တော် သုံးထားသမျှ 1c ပြန်ပေးရမယ်ဆိုလည်း ငါးမူး၊ တစ်မတ်တော့ ပြန်ပေးရမယ်။ အပြန်အလှန် လေးစားပါတယ် ရဲဘော်တို့ …ယိစ်
Thiha Kyaw Zaw - 7/7/07, 4:14 PM

ချေဂွေဗားရား ဟာ အင်မတန်မှ စိတ်ထား မွန်မြတ်တဲ့ သူတစ်ယောက်ဖြစ်တယ်။ သူ့ ကိုတစ်ခါက သတင်းထောက်တစ်ယောက်က ဆရာဝန်မလုပ်ဘဲ ဘာဖြစ်လို့ တော်လှန်ရေးလုပ်နေရသလဲလို့ မေးတော့ သူက ဆရာဝန်လုပ်ရင် လူတစ်ယောက်ချင်းစီရဲ့ ရောဂါဝေဒနာတွေကိုပဲ ကုပေးနိုင်မယ်၊ သူက လူပေါင်းမြောက်များစွာရဲ့ ဒုက္ခတွေကို ကုစားပေးချင်လို့  တော်လှန်ရေးလုပ်နေရတာပါလို့  ပြန်ဖြေခဲ့ဖူးတယ်။ သူ့ အထုပ္ပတ္တိဖတ်ခဲ့တုန်းက စာအုပ်ရဲ့ အစပိုင်းမှာပဲ ကျွန်တော်အရမ်းသဘောကျခဲ့ရတဲ့၊ ဒီနေ့ အထိခေါင်းထဲမှာ မှတ်မှတ်ရရ ရှိနေတဲ့ အချက်တစ်ခုကို သွားတွေ့ တယ်။ အဲ့ဒါဘာလဲဆိုတော့ ချေဂွေဗားရားဟာ ငယ်ငယ်တုန်းက ကျန်းမာရေး အလွန် ချူချာတယ်။ ကျောင်းနေရမယ့် အရွယ်အထိ ကျောင်းမနေနိုင်ခဲ့ဘူး။ သူ့ အမေကပဲ အိမ်မှာစာသင်ပေးခဲ့ရတယ်။ သူ ကျောင်းနေရမယ့် အရွယ်အထိ ကျောင်းမနေဖြစ်တော့ သူတို့ နေတဲ့မြို့ က ပညာရေးမှူးက အိမ်တိုင်ရာရောက်လာပြီး ဘာဖြစ်လို့ ဒီကလေးကို ကျောင်းမထားရတာလဲ ဆိုပြီး လာ စုံစမ်းတယ်။ ဒါနဲ့  သူ့ အမေက အကျိုးအကြောင်းပြောပြီး သူ ကိုယ်တိုင်အိမ်မှာ စာသင်ပေးနေတယ်ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော် အရမ်းအံ့သြသွားတာက အာဂျင်တီးနားနိုင်ငံဆိုတာ အကြီးကြီးပါ။ ဘယ်လိုဖြစ်လို့  သူတို့ နိုင်ငံက အာဏာပိုင်တွေဟာ ကျောင်းနေသင့်တဲ့ အရွယ်ရောက်တဲ့ ကလေးတစ်ယောက် ကျောင်းမနေဖြစ်ဘူးဆိုတာ ဘယ်လို လုပ်သိနေရတာလဲ။ ဒီခေတ်မှာလို့  Computer System တွေလည်း မရှိဘူး၊ ဘယ်လိုလုပ်ပြီး ကလေးတစ်ဦးချင်းစီကို ခုလို စောင့်ကြည့် နေနိုင်တာလဲ၊ အဲ့ဒီ အချိန်က သူတို့ တိုင်းပြည်ရဲ့ စနစ်ကို တော်တော်အံသြသွားတယ်။ တပြိုင်နက်တည်း စဉ်းစားမိတာက တချိန်ကျွန်တော်တို့  ဗမာနိုင်ငံမှာလည်း ဒီလို စနစ်မျိုးလုပ်ရမယ်။ Computer System အကြီးကြီးဆောက်၊ ကလေးတွေ မွေးကတည်းက ကလေးတွေရဲ့ မွေးစာရင်းကို Database ထဲထည့်ပြီး နှစ်တိုင်း နှစ်တိုင်း ၅ နှစ်ပြည့်ပြီးတဲ့ ကလေးတွေဟာ ကျောင်းမှ အပ်ရဲ့လားဆိုပြီး ကျောင်းအပ်တဲ့ စာရင်းနဲ့ တိုက်စစ်ရမယ်။ အဲ့ဒီ စာအုပ်ကို ဖတ်ပြီး လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်လောက်ထဲက ကျွန်တော် အလိုစဉ်းစားမိတယ်။ ကွန်ပြူတာကလည်း စလေ့လာခါစဆိုတော့ Oracle Database ကြီးသုံးပြီး တိုင်းပြည်စီမံခန့် ခွဲဖို့ အတွက် အရေးကြီးတဲ့ Computer System ကြီးတစ်ခု ရှိရမယ်လို့  စိတ်ကူးခဲ့ဖူးတယ်။

Thyda - 8/20/07, 11:23 PM

ဒီပို့စ်ကိုဒီနေ့မှပဲဖတ်မိတယ်။
ကျွန်မငယ်ငယ်တုံးကဖေဖေ့စာအုပ်စင်ပေါ်ကနေယူပြီးဖတ်တဲ့
စာအုပ်တွေထဲမှာ၊တထိုင်တည်းနဲ့အပြီးဖတ်ပြီးစွဲလမ်းခဲ့တာ
ချေဂွေဗားရားအကြောင်းရေးထားတဲ့စာအုပ်ဖြစ်ခဲ့ပါတယ်။
ကိုသီဟကျော်ဇောလောက်မမှတ်မိပေမယ့်၊ငယ်ငယ်တုံးက
ကျွန်မရဲ့သူရဲကောင်းဖြစ်ခဲ့ဖူးပါတယ်။ပြန်အမှတ်ရစေလို့ပို့စ်အတွက်ကျေးဇူးပါ။

Andy Myint - 8/21/07, 2:32 AM
ကျွန်တော် အဲဒီ စာအုပ်ကို ကြီးမှ နည်းနည်း ဖတ်မိတယ်။ ဒါတောင် ဆုံးအောင် မဖတ်လိုက်ရဘူး။
ကိုဇေယျာ - 8/16/08, 8:38 AM

wowed!
thats all i can say.
thanks so much ko andy
DeGoLar ကနေလာပါတယ်။

Post a Comment

Many thanks for dropping a comment…

Film


Files