Thursday, July 05, 2007

ပျော်ပျော်ပါးပါး ဆော့ကစား

ကလေးတွေဟာ ဆော့ကစားရတာကို ကြိုက်တာ ပုံမှန်ပါ။ ကလေးတွေဟာ သိတတ်တဲ့ အရွယ်ကစလို့ ဆော့ကစားချင်ပါတယ်။ တကယ်တော့ ကလေးတွေ ကစားစရာ တစ်ခုခုနဲ့ဆော့တယ်၊ တစ်ခုခုလုပ်တမ်းဆော့တယ်ဆိုတာ (ကျွန်တော့် အထင်တော့) လူကြီးတွေ စာရေးသလိုပါပဲ။ စိတ်ကူးယဉ် ရပါတယ်။ တစ်ခုခုကို သူ့အတွေးထဲမှာ မြင်ယောင်ပြီးတော့မှ အပြင်မှာ လှုပ်ရှား အသံထွက် ဆော့တာပါ။ `ညောင်ပင်တစ္ဆေ ဝေလေလေ´လို့ဆော့နေချိန်မှာ ကလေးတွေဟာ အတွေးထဲမှာ ညောင်ပင်ရော၊ တစ္ဆေရောပါ မြင်ယောင်နေကြမှာပါ။ သူတို့ မြင်တာကို ကိုယ်မသိနိုင်တာရယ်၊ သူတို့ ပုံဖော်ချင်သလို ပုံဖော်နေကြတာရယ်ပဲ ရှိမှာပါ။ ဒါပေမယ့် ၂နှစ်အောက် ကလေးတွေကတော့ သူတို့ဘာသာ (ကိုယ်ပိုင်) ဇာတ်လမ်းလုပ် မဆော့နိုင်ကြပါဘူး။ (ကိုယ်ထင်/မြင်တာ ပြောတာ စာအုပ်ထဲမှာတော့ မတွေ့ဖူးပါဘူး။) ကိုယ်က ဖန်တီးပေးရင်တော့ သူတို့ဘာသာ သူတို့ ပုံဖော်ဆော့နိုင်ကြပါတယ်။

တလောက သူငယ်ချင်းတစ်ယောက်အိမ် သွားတော့ သူ့ရဲ့ ၂နှစ်အရွယ် ကလေးနဲ့ ဆော့ပါတယ်။ `လာဟော့.. လာဟေ့.. ကျောင်းသွားကြမယ်´ဆိုပြီး.. သူ့ကျောပိုးအိတ်လေးကို ယူပြီး အိမ်ထဲမှာပဲ ဒီနားက ဟိုနားသွားပြီး ထိုင်ကြပြီး စာသင်သလို လုပ်နေကြပါတယ်။ ကျောင်းဆိုတဲ့ အရာတောင် တစ်ခေါက်မှ မရောက်ဖူးပေမယ့် သူ့စိတ်ထဲမှာ သူဟာ ကျောင်းရောက်နေသလိုမျိုး ခံစားရတယ်ဆိုတာ သူ့မျက်လုံးမှာ တွေ့လိုက်ရပါတယ်။ ဒီလို ဆော့ပေးခြင်းဖြင့် သူတို့ဟာ ပိုပြီး Visualize လုပ်နိုင်လာမယ် ထင်ပါတယ်။ ခုနက ကလေးလိုမျိုး ကျောင်းဆိုတာ မမြင်ဖူးသေးခင် သူပုံဖော်ချင်သလို ပုံဖော်ထားတာ တစ်မျိုးကောင်းပါတယ်။ ကျောင်းဆိုတာကြီးကို သူနဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရတော့ သူထင်ထားတဲ့အတိုင်း ဆိုရင်လည်း မစိမ်းတော့ပါဘူး။ မတူရင်လည်း သြော်.. ကျောင်းဆိုတာ ဒီလိုမျိုးပါလား ဆိုပြီး ပိုမှတ်မိပါတယ်။ (လူဦးနှောက်ကလည်း တစ်ခေါက် မှားဖူးလို့ ပြန်ပြင်ထားရတာဆိုရင် ရိုးရိုးတန်းတန်း မှတ်တာထက် ပိုမှတ်မိတာ ကျွန်တော့်အတွက်တော့ မှန်ပါတယ်။ Correction လုပ်ရတဲ့ အချိန်မှာ Emotion အနည်းငယ် ပါလို့လားမသိဘူး။)

ကလေးတွေနဲ့ ဆော့ရတာ နည်းမျိုးစုံ ရှိပါတယ်။ အလွယ်ဆုံးနည်းကတော့ ကလေးကို အမြင့်ကြီး မြှေုာက်ချီပြီး အောက်ကို ချတာပါပဲ။ ဒီနည်းက သေချာပေါက် ကလေးတိုင်း ကြိုက်ပေမယ့် မိဘတိုင်းတော့ ကြိုက်မှာ မဟုတ်ပါဘူး။ သူ့အရွယ်နဲ့ သူ ဘာကြိုက်တတ်တယ်၊ ကလေးက ဘယ်လောက်လုပ်နိုင်တယ် ဆိုတာ ရှိထားပြီး ကလေးပျော်တဲ့ အတိုင်းသာ လိုက်လုပ်ပေးရုံပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ခေါက်နဲ့ တစ်ခေါက်တော့ တူမှာ မဟုတ်ပေမယ့် အခြေခံအားဖြင့်ကတော့ အတူတူပါပဲ။

သမီးလေးဟာ ၃ ပတ်၊ ၄ ပတ်လောက်မှာကတည်းက သူ့အပေါ် စောင်ခြုံပေးထားရင် ခြေထောက်နှစ်ဘက်လုံးကို မပြီး စောင်ကွာအောင် လုပ်တတ်တော့ သူ့ခြေထောက်လေးတွေကို အနည်းနဲ့ အများတော့ ထိန်းတတ်သွားပါတယ်။ အဲဒီတော့ ကျွန်တော်က သူခြေထောက်ပေါ်ကို ဖက်ခေါင်းအုံးလေး တင်ပေးရင်လည်း ကျအောင် လုပ်တတ်ပါတယ်။ ကျသွားရင် သူကျေနပ်ပါတယ်။ သူနဲ့ ဆော့နေရင်း သူဘေးဖက်မှာ ကျွန်တော်က ၀င်အိပ်ပြီး `အိပ်ချင်တယ်ကွာ´ဆိုပြီး မျက်လုံးမှိတ်နေရင် အမေကိုကြည့်တတ်ပါတယ်။ အိပ်သွားပြီ ဆိုပြီး။ အမေက `သမီး..အဖေ့ကို နှိုးလိုက်..နှိုးလိုက်´ ဆိုရင် `အဲ..အဲ´ဆိုပြီး အသံတစ်မျိုးနဲ့ နှိုးပါရော။ ကျွန်တော့် မျက်လုံး ပြန်ပွင့်လာရင် သူပျော်ပါတယ်။ ဒါလည်း ကျွန်တော်တို့ အတွက်တော့ ဆော့နည်းတစ်မျိုးပါပဲ။ သူအကြိုက်ဆုံးကတော့ သူ့တွဲလောင်း အရုပ်လေးတွေပါပဲ။ ပဲပဲ၊ ပလူတို၊ မီးညောင်၊ မြီးတုန် နာမည် မျိုးစုံ ပေးထားတဲ့ အထဲမှာ သူက ပလူတိုကို အကြိုက်ဆုံးပါ။ ပလူတိုက ခုန်ပေါက်နေရင် သူက အသည်းတွေယားပြီး အောက်ကနေ အော်ပါလေရော။ (ခလေးတွေကို တစ်ခုခု ပြတဲ့အခါ ဒါကဘာ ဟိုဟာကဘာ ဆိုပြီး နာမည်ပေး ပြောရင် သူတို နားလည်လည် မလည်လည် ပိုကောင်းပါတယ်။ ကျွန်တော်တို့ အခန်းထဲမှာ မင်္ဂလာဆောင်တုန်းကပုံ ကပ်ထားတော့ သူက စိတ်ဝင်စားပြီး ကြည့်တတ်ပါတယ်။ သူကိုပြတဲ့ အခါ `ပါးပါး´၊ `မားမား´ ဆိုပြီး လက်ညှိုးထိုး ပြပါတယ်။ ဘုရားစင်နား သွားရင်လည်း `ရှိရှိပါ´ဆိုပြီး ပြောပြီးမှ ပြပါတယ်။ ကလေးပုံ Wall-sheetလေး ကပ်ထားတာကိုလည်း သမီးကောင်လေးဆိုပြီး သွားပြလို့ သူ့အမေက လှမ်းအော်ပါသေးတယ်။) အခုလည်း အရုပ်အသစ် ထပ်ရထားပြီး သူက ကြိုက်ပါတယ်။ Mickey Mouse လေးပါ။ သူ့ခေါင်းရင်းမှာ ထားထားတော့ ဘယ်နားမှာ ရှိလဲ သူသိပါတယ်။ သတိရရင် လှမ်းကြည့်တတ်ပါတယ်။ ဒီဟာက သမီးလေး Micky Mouse နဲ့ဆော့တာကို ရိုက်ထားတာပါ။

2 comments:

pandora - 7/5/07, 9:21 PM

"သူကိုပြတဲ့ အခါ `ပါးပါး´၊ `မားမား´ ဆိုပြီး လက်ညှိုးထိုး ပြပါတယ်။ ဘုရားစင်နား သွားရင်လည်း `ရှိရှိပါ´ဆိုပြီး ပြောပြီးမှ ပြပါတယ်။ ကလေးပုံ Wall-sheetလေး ကပ်ထားတာကိုလည်း သမီးကောင်လေးဆိုပြီး သွားပြလို့ သူ့အမေက လှမ်းအော်ပါသေးတယ်။"

Meet the Fockers ထဲက Robert De Niro ကြီး သူ့မြေးလေး ထိန်းနေတာကို သွားမြင်တယ်ဗျို့.. (ဟိ.. ချိတ်တော့ ချိုးနဲ့နော်..ဆိုင်တော့မဆိုင်ပါဘူး) Robert De Niro က ကလေးကို ကလေးစကား မပြောပဲ လူကြီးလိုဆက်ဆံပြီး ထိန်းတယ်.. ရည်မှန်းချက် ကြီးစွာနဲ့ပေါ့။ အဲ.. ကလေးက စကားလည်း ပြောတတ်ရော မထမဆုံး စပြောတဲ့ စကားက... :D :D

Andy Myint - 7/5/07, 9:33 PM
ဟဲဟဲ..သိတယ်..သိတယ်။

Post a Comment

Many thanks for dropping a comment…

Film


Files