Tuesday, July 31, 2007

ဌာနေ ပြောင်းချိန်

တောသူတောင်သားများအတွက် ရာသီဥတု အပြောင်းအလဲက အသက်တမျှ အရေးကြီးလေသည်။ သူတို့သည် ရာသီပြောင်းချိန်ဆို မပြောင်းမီ ကြိုတင် ပြင်ရ ဆင်ရ၏။ ရိတ်စရာ ရှိတာ ရိတ်၊ သိမ်းစရာရှိတာ သိမ်းရသည်။ နောင်လာမည့် ရာသီအတွက် အခုရာသီထဲက အချိန်မီ လုပ်စရာ ရှိတာ လုပ်ရသည်။ သူတို့မှာ မ၀င်လိုက်ရတဲ့ စာသင်ခန်းထဲက ရာသီတွေ အပြင် သူတို့ လုပ်ရမည့် အလုပ်နဲ့ သော်လည်းကောင်း ပေါ်မည့် ပေါမည့် သီးနှံတွေ အတွက် သော်လည်းကောင်း သူတို့ သတ်မှတ်ထားသည့် ရာသီတွေလည်း ရှိသေးသည်။ ဘာသာပြန်ဝတ္တု တစ်ခု ဖြစ်တဲ့ ချစ်စရာ အင်မတန်ကောင်းတဲ့ လိမ္မော်ရာသီ ၀တ္ထုတိုလေးကို သတိရသေးတော့သည်။ (ကွယ်လွန်သွားပြီဖြစ်တဲ့ ဒီစာရေးသူကိုတော့ အပြင်မှာ လဘက်ရည်ဆိုင် တစ်ခေါက် အတူ ထိုင်ဖူးပေမယ့် ကလောင်နာမည်ကတော့ ရေးတေးတေးပါပဲ။)

ကဗျာဆရာ၊ ပန်းချီဆရာနဲ့ ဓါတ်ပုံဆရာလို လူမျိုးတွေကတော့ ရာသီပြောင်းချိန်က သူတို့ အတွက် (အသက်တမျှ မဟုတ်ပေမယ့်) Masterpiece တွေ ထွက်လာနိုင်တာမို့ ဘ၀နဲ့ ချီပြီးတော့ အရေးကြီးတယ်လို့ ပြောနိုင်သည်။ ကုန်သည်၊ ပွဲစားတွေ အတွက်လည်း ရာသီ ပြောင်းချိန်က သူတို့ စည်းစိမ်နဲ့ ချီပြီးတော့ အရေးကြီးပြန်ရော။ ရာသီအပြောင်းအလဲမှာ မရင်းမိလိုက်လို့ ဒါမှမဟုတ် ရင်းမိလိုက်လို့ သူဌေးဖြစ်သွားတဲ့သူတွေရော မွဲပြာကျသွားတဲ့သူတွေရော တပုံတပင်။ မြို့က သူတွေမှာလည်း ဇလဗေဒ ရာသီဥတုတွေ အပြင် တခြားရာသီတွေရှိသေးသည်။ ဥပမာ Euro ရာသီ၊ World Cup ရာသီလိုမျိုးတွေပဲ ဖြစ်သည်။ ကျန်တဲ့ မြို့နေလူတန်းစား အတွက်တော့ ရာသီဥတု အပြောင်းအလဲက ထီးဆောင်(ဆောင်)ဖို့လောက်၊ အနွေးထည် လှလှ ၀တ်ဖို့လောက်ထက် ပို အရေးမကြီးပါဘူး။ နှာစေး ချောင်းဆိုး ဖြစ်ရင်တော့ `စပ်ကူး မတ်ကူး ကာလမို့´ဆိုပြီး အပြစ်ပုံချဖို့ သတိရလာလေသည်။ အလွမ်းဓါတ်ခံ ရှိရင်တော့ ရာသီပြောင်းချိန်မှာ အဖော်ကွာလို့ အပြင်ရော အတွင်းရော ဥပါဒ်ဝင် ဆိုပြီး လှလှ ပပ ပြောလို့ရသေးသည်။

ဒီလိုမြို့က ရုန်းရုန်း ကန်ကန် လူတွေ (အထူးသဖြင့် လခစား ၀န်ထမ်းတွေ) ရာသီပြောင်းချိန်ကို ဘာကြောင့်များ စိတ်မ၀င်စားနိုင်ရပါသလဲ။ သူတို့ (ကျွန်တော်တို့) အတွက်တော့ ရာသီထက် ဌာန ပြောင်းဖို့က အရေးကြီးနေလို့ပါပဲ။ အစိုးရ၀န်ထမ်းတွေကတော့ ဒီရုံးထဲမှာပဲ ဒီဌာနကနေ ဟိုဌာန ပြောင်းဖို့ ရာထူးတိုးဖို့ကို စိတ်ဝင်စားသည်။ ကုမ္ပဏီ ၀န်ထမ်းတွေကတော့ လစာ ပိုပေးတဲ့ နေရာကို ပြောင်းဖို့ အရေးကြီးသည်။ များသောအားဖြင့်တော့ ဌာန အပြောင်းအလဲက သူတို့ အတွက် ပိုမို ချောင်လည်စေသည်။ (ချောင်ပို့ ခံရသူတွေက လွဲရင်ပေါ့။)။ ဒီလို တစ်မြို့ထဲမှာပဲ မဟုတ်ပြန် တချို့တော့လည်း တိုးတက်အောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွှေမြို့တော်ကို ပြောင်းရွှေကြသည်။ တချို့တော့လည်း နိုင်ငံရပ်ခြားကို ထွက်ဖို့ ကြိုးစားကြသည်။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၆၀၀၀-၇၀၀၀ လောက်ထဲက ဒီလို ရေကြည်ရာ မြက်နုရာကို သွားလာနေကြတဲ့ Nomads တွေဟာ အခုခေတ်မှာလည်း တိဘက်တို့ ဘာတို့မှာ ရှိနေပါသေးတယ်။ Industralise ဖြစ်တာ မဖြစ်တာ အဓိက မဟုတ် လူတွေက ဒီလိုပဲ တစ်နေရာက တစ်နေရာကို အသက်ရှင်ဖို့ ပိုတိုးတက်ဖို့ ပြောင်းရွှေ့နေကြပြန်တယ်။

တောသူတောင်သားများ ရာသီပြောင်းချိန်မှာ အလုပ်များသလို မြို့က ရုန်းရုန်းကန်ကန် လူတွေလည်း ဌာနေပြောင်းဖို့၊ နေရာပြောင်းဖို့၊ မြို့ပြောင်းဖို့၊ နိုင်ငံပြောင်းဖို့ အလုပ်ပိုရပါတယ်။ စစ်တုရင်အရုပ်တွေလို ရွှေ့သူအကြိုက် ကိုယ့်မှာ ရှိနေမှပါ။ တစ်ကွက်ရွှေ့နိုင်တဲ့သူက တစ်ကွက်၊ တစ်တန်းလုံး ခုန်ပျံနိုင်တဲ့ သူက တစ်တန်းလုံး ကိုယ်သန်သလောက်၊ ကိုယ် အန္တရာယ် ကင်းသလောက်ပေါ့။ ကိုယ်ပြောင်းမယ့် ဌာနအကြိုက် ကိုယ့်မှာ ရှိနေဖို့ကတော့ အလိုအပ်ဆုံးပါပဲ။ အဲဒီနေရာမှာ လိုအပ်တာတွေ အကုန်လုံးကို ရင်ဘက်ထဲ၊ ခေါင်းထဲမှာ ထည့်သွားရမယ်။ ကိုယ်ပြောင်းမယ့် ဌာနအလိုက် ကိုယ်ရှင်သန်ဖို့ ယူဆောင်သွားရမယ်။ အဲဒီမှာ စားဖို့ သောက်ဖို့၊ ၀တ်ဖို့ ခင်းဖို့ အကုန်ယူသွားရမယ်။ အဲဒီမှာ ၀ယ်ဖို့ ချမ်းဖို့ ကျစ်ကျစ်ပါအောင် စုသွားရမယ်။ ရာသီပြောင်းသလို တစ်နှစ်မှာ ၃-၄ ခါမဟုတ် (တချို့အတွက်) တစ်ဘ၀လုံးမှာမှ တစ်ခေါက်လောက်ပဲ ဖြစ်ချင်ဖြစ်မယ်ဆိုတော့ ရာသီပြောင်းချိန်ထက် ဌာနေပြောင်းချိန်က ပိုအရေးကြီး၊ ပိုအလုပ်များနေပြန်တော့တယ်။

8 comments:

sawphonelu - 7/31/07, 2:41 PM

ရေးအားတွေ သိပ်ကောင်းနေပါလား အန်ဒီ ။ ကိုယ်တို့ တော့ သာထက်အောင် ဆောင်းပါးတွေလို ဖတ်ရ တော့ မယ် ထင် တယ်။

Andy Myint - 7/31/07, 3:32 PM
Hopefully....
imaginary clouds no2 - 8/1/07, 12:26 AM

အန်ဒီ အက်ဆေး မိုက်တယ် ။ ဟုတ်တယ် ကို စော ။ ကျနော်လဲ အတော်ကို ရောက်ပြီး ပေါက်နေတယ် ။ နောက်တာပါ ။ ဇာတ်က ပြန် စတော့ မှာကိုးဗျ ။

Andy Myint - 8/1/07, 11:50 PM
ဟိုက်ရှားဘား.. ကိုယ့်ဆရာ ပြောမှပဲ Essay များလားလို့။ တကယ်တော့ ရင်ထဲကပါ။ ဘယ်ကို သွားလဲ.. ခင်ဗျား သိပါတယ်။ (မန်းလေ ပြဲလေပါလားနော်)
Tun Myo Hlaing - 8/2/07, 3:07 PM

Yep, dude..let's move on for our good. Oh don't forget, 'Check before you move!'

Andy Myint - 8/2/07, 3:38 PM
Noted with thanks...
ဂျစ်တူး - gyit_tu - 8/4/07, 3:17 PM

ကိုအန်ဒီရေ.. ညီမနားမလည်တဲ့ အချက်များစွာထဲမှာ.. လူတွေဟာ ရွှေမြို့တော်တွေဆီ သူတို့ပြောင်းတိုင်း ၊ အဲလိုပြောင်းနေမှ ဘ၀ကြီးကောင်းတယ်လို့ ဘာလို့ ထင်မြင်တတ်ကြပါလိမ့် ။

ညီမအတွက်တော့ ဘယ်မြို့ဖြစ်၂..လူတမျိုးစီဟာ ကိုယ်အလေးထားတဲ့အရာပေါ်လိုက်လို့ အဲဒီနေရာဟာ ရေကြည်ရာ မြက်နုရာ ဖြစ်တယ်လို့ ခံယူပါတယ် ။ I believe in globalization of the future)

ဒါကြောင့် ခြသေ့င်္ကျွန်းထက် နောက်ထပ် မြင့်မားတဲ့ ရွှေမြို့တော်ကို မပြောင်းလဲလို့ မေးခံရတိုင်း ၊ ပြောင်းစရာလိုတယ် မထင်မိလို့ပါလို့ ဖြေမိပါတယ် ။

Andy Myint - 8/4/07, 4:45 PM
ရွှေမြို့တော်ကို ပြောင်းရင် တိုးတက်မယ်ဆိုတာ Common Perception (စင်္ကာပူ စကားနဲ့ဆို) လူတွေရဲ့ Mindset ပါ။ မြန်မာပြည်လို မြို့ကြီးနည်းနည်းမှာသာ တိုးတက်တဲ့ နိုင်ငံမှာတော့ အထိုက်အလျောက်မှန်ပါတယ်။ ဒါကြောင်မို့ မြို့ပြပြောင်းရွှေ့မှုနှုန်းဟာ တစ်နေ့ထက် တစ်နေ့ တိုးတက်လာတာပါ။ အရင်တုန်းက ဆေး၊ စက်မှု တက္ကသိုလ်တွေက ရန်ကုန်၊ မန္တလေးမှာပဲ ရှိတုန်းက ပိုများပါတယ်။ အမေရိကားမှာတော့ တိုးတက်တဲ မြို့ကြီးတွေက များတော့ New York သွားမှ တိုးတက်တာ မဟုတ်ပြန်ဘူး။

မှန်ပါတယ် .... ရန်ကုန်လိုမြို့ကတော့ လယ်သမား မိသားစု အတွက် ရေကြည်ရာ လုံးဝ မဖြစ်နိုင်သလို ဆေးပညာ ဆည်းပူးမဲ့သူက ဖလမ်းမြို့ မှာ နေလို့ မဖြစ်နိုင်ပါဘူး။

ခြင်္သေ့ကျွန်းလို ဗမာတွေ အတွက် အစစ အရာရာ အဆင်ပြေတဲ့ (နိုင်ငံခြား) တိုင်းပြည်က ရှားပါတယ်။ ဒီအကြောင်းတွေ ရေုးဖြစ်ဦးမှာပါ။

Post a Comment

Many thanks for dropping a comment…

Film


Files