Friday, July 13, 2007

ဝမ်းနွေးစရာ ဟင်းချိုတစ်ခွက်

အမေက ကော်ကြော် ကြော်ကျွေးတော့ အမေ့ကိုလည်း ဖရုံသီးစု(ပ်) - Pumpkin Soup တစ်နေ့ထဲမှာပဲ ပြန်လုပ်ကျွေးလိုက်တယ်။ အမေက ညစာမစားဘူးလေ။ အဲဒီတော့ ညနေဆိုရင် တစ်ခါတစ်လေ ကွေကာအုတ် သောက်ရင်သောက် မသောက်ရင် မိုင်လိုနဲ့ မုန့်တစ်ခုခုနဲ့ စား.. တစ်ခါတစ်လေလည်း ဘာမှ မစားဘူး။ အဲဒါနဲ့ အဲဒီနေ့က ညစာ ဖရုံသီးစု(ပ်) လုပ်ပေးလိုက်တယ်။

Pumpkin Soup စစားခဲ့ဖူးတာတော့ ညစာစားပွဲ တစ်ခုမှာ။ အနောက်တိုင်းစာ ဆိုတော့ Starter Soup ကို Pumpkin Soup နဲ့ ဖွင့်ပါတယ်။ စသောက်တုန်းက ကောင်းလှချည်လားဆိုပြီး ကြိုက်သွားပေမယ့် ဘာမှန်းတောင် မသိပါဘူး။ Menu ကို ယူကြည့်လိုက်မှ Pumpkin Soup မှန်းသိသွားတာပါ။ ဖရုံသီးအရသာကို ချက်ချင်းမရဘူး ဖြစ်နေတယ်။ စိမ့်လို့။ ခန်းမထဲမှာ အေးအေးနဲ့ ဗိုက်ဆာနေတုန်း ပူပူစိမ့်စိမ့်လေး သောက်လိုက်ရတော့ ဗိုက်ထဲမှာ နွေးနွေးလေးနဲ့ တော်တော် နေလို့ ကောင်းသွားပါတယ်။ ကိုယ်စားခဲ့ရပြီး ကြိုက်သွားတော့ အိမ်မှာ သူမကို လုပ်ကျွေးဖို့ Internet မှာ Pumpkin Soup ဆိုပြီး ရှာလိုက်တာ Recipe တွေ အများကြီး တွေ့တော့ ကိုယ်နဲ့ ကိုက်မယ့်ဟာ တစ်ခု အတိုင်း လိုက်လုပ်ပါတယ်။ Vinegar တွေ၊ ထောပတ်တွေ၊ ဘာတွေ ညာတွေနဲ့ ပေါ့။ ပထမဆုံးတစ်ခေါက်ဆိုတော့ Failure ပေါ့။ အဆင်တော့ ပြေပါတယ်။ သောက်လို့တော့ ရပါတယ်။ ဒါပေမယ့် ပြစ်ပြစ် ချဉ်ချဉ်နဲ့ သောက်ရတာတော့ သိပ်မကောင်းလှဘူး။ အများကြီး လုပ်မိသွားလို့ ပစ်လိုက်ရသေးတယ်။

အဲဒါနဲ့ ဒီတစ်ခေါက်လုပ်တော့ ရိုးရိုး လွယ်လွယ်နဲ့မို့ လုပ်လို့လည်းလွယ် သောက်လို့လည်းကောင်းတာမို့ `ရှဲ´လိုက်ပါတယ်။ ဒီတစ်ခေါက်လုပ်ဖြစ်တာ Butternut Pumpkin ဆိုပြီး ဖရုံသီးတွေ့တော့ တစ်ခြမ်းဝယ်လာလို့ပါ။ ပုံမှန် ဖရုံသီးကတော့ ၀ိုင်းဝိုင်း ပျက်ပျက်လေ။ သူက လုံးလုံး ရှည်ရှည်လေး။ အရောင် နည်းနည်း ဖျော့တယ်။ အသားများတယ်။ အရသာပိုကောင်းတယ်။ ၃ယောက်စာဆိုတော့ ၀ယ်လာတဲ့ တစ်ခြမ်းကို တစ်ဝက် ထပ်ဝက်ပါတယ်။ တစ်စိတ်ပေါ့။ အခွံခွာပြီးတော့ လက်တစ်ဆစ်လောက်လေးတွေ တုံးပြီး ရေစင်အောင် ဆေးလိုက်ပါတယ်။ ပြီးတော့ ရေကော်ဖီခွက် နှစ်ခွက်စာမှာ ထည့်ပြုတ်ထားပါတယ်။ ဖရုံသီးတွေ နူးလာတော့ ယောက်ချိုဇွန်းနဲ့ပဲ ချေလိုက်ပါတယ်။ အမျှင်လေးတွေ ကျန်နေသေးလည်းရတယ်၊ နောက်ကျရင် အကုန်ကျေသွားလိမ့်မယ်။ ပြီးတော့ နွားနို့ (ကော်ဖီခွက်) တစ်ခွက်စာ ထည့်ပါတယ်။ ပွက်လာတော့ အသင့်ဝယ်ထားတဲ့ Campbell's Soup - Cream of Chicken တစ်ထုပ်ထည့်လိုက်ပါတယ်။ နည်းနည်းမွှေပြီး မီးအေးအေးနဲ့ ထားလိုက်ရင် ဖရုံသီးတွေ အကုန်ကျေသွားပြီး သောက်ဖို့ အသင့်ပါပဲ။

Campbell's Soup က တစ်ယောက်သောက်စာ Ready Mix အခြောက်မှုန့် ထုပ်လေးတွေပါ။ ၃ထုပ်ပေါင်း စက္ကူဗူးတစ်ဗူးပါ။ ရုံးတွေ ဘာတွေမှာ ညနေဆိုရင် သောက်ဖို့ သူမကို ၀ယ်ဝယ်ပေးနေကျပါ။ ဒီမှာတော့ ၀ယ်လို့ရတယ်။ သူ့ Web Site မှာတော့ သံဗူးတွေပဲ တွေ့တယ်။ သံဗူးဆိုရင်တော့ ၁ ယောက်စာ လုပ်စားမယ်ဆိုရင် များပါတယ်။ Pumpkin Soup အတွက် အရသာကလည်း လိုသလိုပြောင်းလို့ ရပါတယ်။ ဥပမာ Cream of Chicken မသုံးဘဲ Cream of Mushroom သုံးမယ်ဆိုရင် Mushroom အရသာလေးနဲ့ပေါ့။ ဖရုံသီးနဲ့ မှိုနဲ့ပေါင်းလိုက်ရင်တော့ နတ်ပြည်ရောက်သွားမယ်။ ဒီ အထုပ်လေးတွေက မြန်မာပြည်မှာလည်း City Mart မှာဝယ်လို့ရတော့ ဒီ Recipe က မြန်မာပြည်မှာရော၊ စင်္ကာပူမှာရော၊ အနောက်တိုင်းမှာပါ လွယ်လွယ်နဲ့ လုပ်စားလို့ ရတဲ့ ၀မ်းနွေးစရာ ဟင်းချိုလေး တစ်ခွက်ပါပဲ။

4 comments:

ဘာညာ - 7/14/07, 1:48 PM

အဟစ်..
ကောင်းလှချဉ်လား။း) အိမ်မှာလုပ်သောက်အုံးမှပဲ။ ဒါပေသိ ကိုအန်ဒီပြောတဲ့ ဘာတာ ဖရုံသီးက ဒီမှာဝယ်လို့ ရပါ့မလားမသိ။း(

imaginary clouds no2 - 7/14/07, 3:15 PM

ဘယ်ဟာ ကို အကြိုက်ဆုံးလဲဆိုတာ ပြောရခက်တယ် ။ မိသားစု ကို တော့ ကလစ် လုပ်လိုက်တယ။် ။ ကောင်းတာတွေ က အရေးအသားတွေ အားလုံးထဲမှာ ရောနေတာလို့ထင်တယ်။ ဟင်း ချက်နည်း အရေးအသားထဲမှာ စတတ်တာ စု ။ အင်တာနက်ပေါ် က နည်းတွေအများကြီးထဲက သင့်လျော်တာတစ်ခု ရွေးပုံ ။ စမ်းပုံ စသဖြင့်။။။။။အကုန် ရောနှောနေတာလို့ထင်တယ်

Andy Myint - 7/14/07, 4:29 PM
ရိုးရိုး ဖရုံသီးနဲ့လည်း ကောင်းပါတယ်။ အရောင်ပိုလှတယ်။ အနံ့ နည်းနည်း ပိုပြင်းတယ်။ နွားနို့ များများထည့်လိုက်ပေါ့.. အဟဲ။
Ko Tian - 7/14/07, 7:11 PM

ဂွတ်ထ ဂွတ်ထ, ကောင်:လှောင့်တေ: ကောင်:လှောင့်တေ:,

Post a Comment

Many thanks for dropping a comment…

Film


Files