Sunday, August 26, 2007

သားဆု ပန်လေသောအခါ

သမီးလေးကို တုန်နေအောင် ချစ်လို့ သမီးတုန်လို့ ခေါ်ပါတယ်။ တကယ်တမ်း ကျွန်တော်တို့ လိုချင်ခဲ့တာ သားလေးပါ၊ ယောက်ျားလေးပါ။ နှစ်ယောက်စလုံးက တရုတ်သွေးပါတော့လည်း သားယောက်ျားလေး လိုချင်တာ မဆန်းပါဘူး။ ဒါပေမယ့် အခုခေတ်မှာက ယောက်ျား မိန်မ ရင်ပေါင်တန်းနေပြီဆိုတော့ ဒီအတွက် သိပ်မပူပေမယ့် နိုင်ငံခြားမှာ (အထူးသဖြင့် ဘို နိုင်ငံမှာ) သမီး မိန်းကလေးကို ကြီးပြင်းရမှာ ဆိုတော့ နည်းနည်းတော့ ရင်ပူပါသေးတယ်။

တကယ်ဆို ကိုယ်ဝန်မရခင်ကတည်းက ယောက်ျားလေး ဖြစ်အောင် ပြင်ဆင်ခဲ့ပါသေးတယ်။ လိုချင်တဲ့ အချိန်မှာ ကလေး အလွယ်ရအောင်လည်း ပါပါတယ်။ အရင်တုန်းက ကျွန်တော်က ဆေးလိပ်သောက်တယ်လေ။ တစ်ပတ်ကို တစ်ဘူးလောက်တော့ သောက်တယ်။ ၂၀၀၆ နှစ်ဆန်းကတည်းက မသောက်တော့ပါဘူး။ သူမကလည်း ပဋ္ဋိသန္ဓေ တားဆေး မသောက်တော့ပါဘူး။ တချို့တားဆေးတွေက အစွမ်းကြောင့် ကိုယ်ဝန်ယူချင်ချိန်မှာ ယူလို့ မရဘူးဆိုတာ ကြားဖူးလို့ပါ။ ထိုးဆေးတွေက ပိုပြင်းတယ် ဆိုလား။ နှစ်လယ်လောက်မှာ ကလေးစယူမယ်ဆိုပြီး စဉ်စားထားခဲ့ပါတယ်။ တစ်လ နှစ်လလောက် အလိုမှာ အသိ အစ်မကြီး အကြံပေးတဲ့ အတိုင်း သူမက Folic Acid တစ်နေ့ တစ်လုံးသောက်တယ်။ နွားနို့တွေ ဘာတွေလည်း သောက်တယ်။ နွားနို့ကြောင့်တော့ ကလေးရနိုင်တယ် မရဘူး သိပ်မဆိုင်လှပေမယ့် အဲဒီတုန်းက သူမက ပေါင် ၁၀၀ အောက်ဆိုတော့ ကိုယ်ဝန်ရှိရင် အားရှိအောင် ကြိုတင်ပြီး အားဖြည့်ထားတဲ့ သဘောပါ။

အဲဒီလိုနဲ့ ဇူလိုင်လမှာ စ Try တာ Try တဲ့ လမှပဲ ကိုယ်ဝန်ရ သွားပါတယ်။ ကိုယ်ဝန်ရှိတော့ သားလေးလိုချင်တယ် ဆိုလို့ ရန်ကုန်က အစ်မ(၀မ်းကွဲ)က သူ့တုန်းက လုပ်သလို လုပ်ဖို့ အကြံပေးတယ်။ သူ့တုန်းက ဂန္ဓမာပန်း အဖြူ ခုနှစ်ပွင့်ကို တရုတ် ဘုရားကျောင်း ယူသွားတယ်။ ဟိုရောက်တော့ သက်ဆိုင်ရာ နတ်ရုပ်တွေမှာ ကပ်လှူပြီး ကလေးဆုတောင်းရပါတယ်။ ဆုတောင်းပြီးရင် ခဏကြာရင် ပန်းတစ်ပွင့်ကို ပြန်စွန့်ပြီး ယူလာရပါမယ်။ ကလေးက ကိုယ်မှာ တစ်ပါတည်း လိုက်လာတယ် ကို မှတ်ပြီး ပြန်လာရပါမယ်။ အဲဒီလို မှတ်လာတဲ့ အတွက် လမ်းမှာ စကားပြောလို့ မရပါဘူး။ အိမ်ရောက်ရင် ကိုယ်အိပ်တဲ့ ခေါင်းအုံးအောက်မှာ ထားပြီး အိပ်ရပါမယ်။ ကလေးမွေးတဲ့ အထိ သိမ်းထားရပါမယ်တဲ့။ သူကတော့ သမီးလေးရပြီးလို့ နောက် တစ်ယောက်အတွက် အဲဒီလို သွားဆုတောင်းတာ နောက်တစ်ယောက်ကျတော့ ယောက်ျားလေး ဖြစ်သွားတယ်။ သမီးတစ်ယောက်၊ သားတစ်ယောက်ပေါ့။ ဟန်ကျလိုက်တာ။

ကျွန်တော်တို့လည်း လိုက်လုပ်မယ်ဆိုပြီး ဂန္ဓမာပန်းရှာတယ်။ အနားက ဈေးမှာ သွားဝယ်တဲ့ ပန်းက ဂန္ဓမာပန်းနဲ့ ဆင်ပေမယ့် သိပ်တော့ မတူပါဘူး။ ပထမတော့ ကွမ်ရင်မယ်တော် ဘုရားကျောင်းသွားမလို့ပဲ နောက်တော့ တစ်လမ်းလုံး ပါးစပ်ပိတ်ပြီး နေရမှာစိုးလို့ အိမ်နားက ဘုရားကျောင်းလေးကို သွားလိုက်တယ်။ ကျောင်းရောက်ရင် မိုးနတ်မင်း၊ လေနတ်မင်းနဲ့ နတ်ရုပ်တွေက များပြီး ဘယ်အရုပ်က ဘာအတွက်လည်း မသိမှာစိုးလို့ တရုတ်စာဖတ်တတ်တဲ့ သူမရဲ့ ညီမကိုပါ ခေါ်သွားလို့ တော်သေးတယ်။ ပန်းတွေ မုန့်တွေ (သက်သက်လွပ် ပေါက်ဆီ) ကပ်ပြီး ခဏနေတော့ (ကလေးလေးချီထားတဲ့) နတ်ရုပ် ဆီကနေ ပြန်စွန့်ယူလာပါတယ်။ အဲဒီမှာ လုပ်ရတာ တစ်ခုရှိပါသေးတယ်။ ပြန်စွန့်လာတဲ့ ပန်းကို ခေါင်းမှာ ပန်လာရတာပါ။ ဒီလိုနိုင်ငံမှာ ပန်းအဖြူကြီး ခေါင်းမှာ ပန်ပြီး ပြန်လာတာ လမ်းတလျှောက် သူများတွေက ကွက်ကြည့် ကွက်ကြည့် လုပ်နေကြတာကို စကားပြန် မပြောနိုင်တဲ့ သူမကို ကျွန်တော်လည်း ရယ်ချင်ပေမယ့် ခပ်တည်တည်နဲ့ပဲ လိုက်လာပါတယ်။ အိမ်ရောက်တော့ ခေါင်းအုံးအောက်မှာ ထားအိပ်တာ နေ့တိုင်း ပန်း(ခြောက်) ပျောက်လို့ လိုက်ရှာရတာလည်း အမောပါ။

တော်သေးတာပေါ့၊ ဒီလို ရိုးရိုးဘုရားကျောင်းမှာ သွားဆုတောင်းရတာမို့။ ယိုးဒယားတို့၊ ဂျပန်တို့မှာလို စပယ်ရှယ် ရုပ်ထုတွေနဲ့ ကျောင်းတွေမှာ သွားဆုတောင်းရရင် ကျွန်တော်လည်း အဲဒီလို အရုပ်တွေကို ကန်တော့မိပါ့မလား။ တကယ့်တကယ် သားသမီး မထွန်းကားလို့ သားသမီး လိုချင်လာရင်လည်း သွားဆုတောင်းချင်လည်း သွားကန်တော့ပြီး ဆုတောင်းမိမှာပေါ့။ ဒီလိုနဲ့ ၄လကျော် ၅လ လောက်မှာ Ultra-Sound ရိုက်တော့ အသေအချာ မမြင်ရသေးပေမယ့် မိန်းကလေးဖြစ်ဖို့ များတယ်လို့ ဆရာဝန်ကြီးက စောစော ပြောလာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၀မ်းသာပါတယ်။ ဒုတိယ ကလေးမှ ဆိုရင်တော့ ဘာလိုချင်တယ်ဆိုတာ နည်းနည်း ရွေးချယ်မိမှာပဲ။

သိပ္ပံနည်းကျဆိုရင်တော့ ကလေးဟာ ယောက်ျားလေးလား မိန်းမလေးလား ဆိုတာကို ဖခင်ဆီက ရမယ့် ခရိုမိုဆုမ်း က ဆုံးဖြတ်ပါတယ်။ ခရိုမိုဆုမ်း Y ကို ဖခင်ဆီကနေ ရမယ်ဆိုရင် မွေးမယ့် ကလေးဟာ ယောက်ျားလေး ဖြစ်ပြီး X ဆိုရင်တော့ မိန်းကလေးပါ။ ဖခင်ဆီက Swimmer လေးတွေဟာ X Team နဲ့ Y Team ရှိပြီး Y Team က မြန်မြန်သွားနိုင်ပေမယ့် ကြာကြာမခံနိုင်ပါဘူး။ X Team ကတော့ ခပ်ဖြည်းဖြည်းသွားပေမယ့် ကြာကြာနေနိုင်ပါတယ်။ ၇ရက်လောက် အထိပေါ့။ မိခင်ဆီက သားဥကြွေ (Ovulation) ချိန်မှာ တွေ့သွားတဲ့ သူကတော့ Winner ပေါ့။ ဒါပေမယ့် ဘယ်အချိန်မှာ ဖြစ်မှာလဲဆိုတာ ကိုယ့်ကိုယ်ကို အင်မတန် သတိထားတဲ့ အမျိုးသမီးတွေတောင် အတိအကျ မသိနိုင်ပါဘူး။ ရက်မှန်းနဲ့ တွက်သလို အခုခေတ်မှတော့ အပူချိန်တွေ၊ pH တွေတိုင်းတာနဲ့ ဘာနဲ့ နည်းနည်း ခန့်မှန်းလာနိုင်ပါတယ်။ တန်တော့ ကျွန်တော်တို့လည်း Try တာ ရက်နည်းနည် စောသွားတယ် တူတယ်။ Y Team က မရှိချိန်မှ Ovulation ဖြစ်တော့ X Team က ကော်သွားတယ်။ ဒီလိုနဲ့ သမီးတုန်လေး ဖြစ်လာတယ်။

8 comments:

nu-san - 8/26/07, 7:45 PM

Andy ရေ..
တုန်တုန်တို့ မေမေ ခေါင်းမှာ ပန်းအဖြူပန်လာတဲ့ပုံလေးကို စာဖတ်ရင်း အမလည်း မျက်လုံးထဲ မြင်ပြီး ရီချင်လာတယ်။ ကဲ..ကဲ.. နောက်တစ်ယောက်ဆိုရင် ယောင်္ကျားလေး ရပါစေလို့ ဆုတောင်းပေးပါတယ်.. သမီးတုန်ပြီးရင် သားတုန်ပေါ့.. :) ဟုတ်လား..

ဂျစ်တူး - gyit_tu - 8/26/07, 10:46 PM

အဟီ ကိုအန်ဒီရေ ဖတ်လို့ကောင်းပ ။ မ nu-san ပြောသလို ၊ အမ ပန်းအဖြူပန်လာတဲ့ပုံစဉ်းစားပြီး တခွိခွိ ရီနေတယ် အဟီးးး ။

မိန်းကလေး သမီးအကြီး ရတာ.. မိဘကို ပြန်စောင့်ရှောက်တတ်ကြပါတယ် ။ အငယ်မောင်လေးကိုလည်း ပြန်ကြည့်တတ်တယ် ။ ဂျစ်တူးဆိုတာ နမူနာပါ အဟား.. ဒါက ကိုယ့်ဘာသာ ဘလိုင်းကြီး ကိုယ်ရည်သွေးတာ ။

ဖြေး၂မှန်၂နဲ့ အောင်ပွဲဝင်တတ်တဲ့ X-team က စတင်တာဆိုတော့ ၊ မိန်းကလေးတွေဟာ ဘ၀မှာလည်း ဖြေး၂မှန်၂လေးနဲ့ လိုရာရောက်တတ်ကြပါတယ် ။ သမီးတုန်လေးလည်း အဲလို ရောက်လာမယ့် နောက်အနှစ် ၂၀ကြာတဲ့ နေ့တစ်နေ့ကို ဒီပို့စ်နဲ့အတူ မျှော်လင့်ပေးလိုက်ပါတယ် ။

pandora - 8/26/07, 11:53 PM

မှတ်သွားပြီ.. ဟဲဟဲ

Andy Myint - 8/27/07, 5:24 PM
ဟုတ်တယ်… ယတြာ ချေတယ်မျိုးဆိုတော့လည်း နည်းနည်းတော့ ဆန်းတာပေါ့။ ဒီလိုပဲ ခပ်တည်တည်နဲ့ လုပ်လိုက်ကြတယ်။ သားလေး နောက်တစ်ယောက် ထပ်မွေးနိုင်ပြီး သမီးလေးကလည်း ဂျစ်တူးလိုမျိုး အစ်မကြီး ဖြစ်ရင်ကောင်းတာပေါ့…ဟဲဟဲ။ မှတ်သွားတဲ့သူတွေလည်း Try နိုင်ကြပါစေလို့… ဟဲဟဲ။

သားလေး လိုချင်တဲ့ သူများတော့ ရက် နည်းနည်း နောက်ကျပါစေ။ တစ်စက်ဝန်းမှာတော့ တစ်ခါပဲ Try ။ Y Team က ရှားတယ်။ (အတွေ့အကြုံအရ ပြောတာနော်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ Consult လုပ်ပါ။)
Layma - 8/27/07, 10:35 PM

တန်ဖိုးရှိတဲ့ အတွေ့ အကြုံကို မျှဝေပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်….

ဂျစ်တူး - gyit_tu - 8/27/07, 11:03 PM

ဟိုက် လေးမတွက် တန်ဖိုးရှိတယ်ဆိုပါလား.. လေးမရယ်.. ဒါတွေမစဉ်းစားနဲ့ဦးလေ တမီး .. ငယ်၂လေး ရှိသေး.. တီတီဂျစ်က ချေတနာနဲ့ တမီးကို တတိပေးတာ အဟီးး ။

Phyo Wai Kyaw - 8/28/07, 4:32 PM

AKM, အခုထက် နည်းနည်းလေး ထပ်ပြီး ထဲထဲဝင်ဝင်လေးတွေ ရေးပါလား... :))

Andy Myint - 8/28/07, 7:38 PM
ဖတ်ချင်ရင် IC (ID) အရင် ပြပါ… Rated – M (Mature Audience Only) ဗျ

Post a Comment

Many thanks for dropping a comment…

Film