Thursday, August 16, 2007

ထောင်တွင်း ပန်းချီဆရာ

ကိုထိန်လင်း ထောင်က ထွက်လာတော့ လူက ခါးကိုင်းကိုင်းနဲ့ လူမမာရုပ် ပေါက်နေပြီး မျက်နှာတွေကလည်း ချောင်ကျနေပါတယ်။ သူ့လက်ထဲမှာတော့ ထောင်ထဲမှာ ၆ နှစ်လောက်နေပြီးမှ ကျန်ရှိနေသေးတဲ့ သူ့ပိုင်ဆိုင်တာလေးကို ကြွပ်ကြွပ်အိတ် အဖြူလေးထဲမှာ ထည့်ပြီး ကိုင်ထားပါတယ်။ ဒါတောင် သူ့မျက်နှာက မော်မော်ကြွားကြွား ပြုံးဖြီးဖြီး ဖြစ်နေပါသေးတယ်။ ဒီအပြုံးနောက်ကွယ်မှာတော့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။

ကိုထိန်လင်းဟာ နိုင်ငံရေး အကျဉ်းသားတစ်ဦး ဖြစ်ပြီး အတိုက်အခံ လှုပ်ရှားမှုတွေကြောင့် ထောင်ချခံထားရတာပါ။ ဒီအတောအတွင်းမှာ ထောင်ထဲကနေပြီး (သူဆွဲခဲ့တဲ့) ပန်းချီကား ၃၀၀ ကျော်နဲ့ သရုပ်ဖော်ပုံ ၁၀၀၀ ကျော်လောက်ကို ခိုးထုတ်နိုင်ခဲ့ပါတယ်။ ၃ နှစ်အကြာမှာတော့ သူ့ရဲ့ အနုပညာ လက်ရာ တွေဟာ ကမ္ဘာပေါ်မှာ အလှောင်အကျပ်ဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ထောင်တွင်းဘ၀ကို မြင်ရခဲတဲ့ ရှုထောင့်ကနေ ဖော်ထုတ်လိုက်ပါတော့တယ်။

ကိုထိန်လင်းရဲ့ ၀ိဘစ္ဆရသ အပေးနိုင်ဆုံး ပန်ချီးကားကတော့ `လက်ချောင်း ၆ ချောင်း´ လို့ အမည်ပေးထားတဲ့ ပိန်လှီနေတဲ့ လူဖလံတစ်ယောက်မှာ ခြေချောင်းလေးတွေ လက်ချောင်းလေးတွေ ဖြတ်ထားတဲ့ ပုံပါပဲ။ ဒီလိုလူမျိုးတွေဟာ (အပြင်က) သူတို့ မိသားစုက ဆင်းရဲလွန်းလို့ ထောင်ပိုင်တွေကို ငွေ ၅ သောင်း ၁ သိန်း လာဘ် မထိုးနိုင်လို့ ငှက်ဖျားတော ရဲဘက်စခန်းကို ပို့မယ့် ကျောက်ထုသမားဘ၀ကို ရှောင်ရှားချင်လို့ ဒီလိုလုပ်လိုက်ရတာပါ။ ``မတော်တဆဖြစ်ပြီး တစ်ခုခု ဖြစ်သွားတဲ့ သူတွေပဲ ရဲဘက်စခန်း မလိုက်ရတာလေ´´လို့ အခု လန်ဒန်မှာ နေနေတဲ့ အသက် ၄၁ နှစ်ရှိနေပြီ ဖြစ်တဲ့ ကိုထိန်လင်းက ရှင်းပြပါတယ်။ ဒီလို မတော်တဆ ဖြစ်ဖို့ဆိုတာ တခြား ထောင်သားတစ်ယောက်ယောက်ကို ထောင်တွင်း စိုက်ခင်းမှာ သုံးတဲ့ ပေါက်ပြား၊ ငန်းပြား တစ်ခုခုနဲ့ ဖြတ်ခိုင်းပြီး ထောင်ဆရာဝန်တွေကို ဒဏ်ရာတွေသွားပြရပါတယ်။



တခြားပုံတွေ တော်တော်များများကတော့ ထောင်သားဝတ်စုံ အဖြူရောင် လုံချည်တွေ ၀တ်ထားတဲ့ ပုံတွေများပြီး များသောအားဖြင့်ကတော့ ငတ်ပြတ် ဖျားနာနေတဲ့ မြင်မကောင်း ရှုမကောင်း ပုံတွေချည်းပါပဲ။ ဒီပန်းချီကားတွေကို အခု လန်ဒန်မှာ ရှိတဲ့ Asia House ဆိုတဲ့ အနုပညာပြခန်း မှာ ချိတ်ဆွဲထားပါတယ်။

ထောင်တွင်းမှာ နိုင်ငံရေး မိန့်ခွန်းပြောလို့ ကြိုးတိုက်ကို ပို့ခံလိုက်ရတဲ့ ၇ လတာ ကာလတိုလေးဟာ သူ့အတွက်တော့ အပြောင်မြောက်ဆုံး လက်ရာတွေ မွေးထုတ်နိုင်တဲ့ အချိန်ပါပဲ။ ``အဲဒီ အချိန်တွေဟာ ပန်းချီဆွဲလို့ အကောင်းဆုံး အချိန်တွေပဲလေ။ ထောင်ဝါဒါတွေ ဒီဘက်ကို ကြောက်လို့ သိပ်မလာဘူး´´လို့ သူက ပြန်ပြောပြပါတယ်။ ကြိုးတိုက်က တခြားလူတွေက မာရေကြမ်းရေရှိပြီး အနုပညာကို သိပ်မခံစားတတ်ပေမယ့် သူ့ကို ကူညီလိုပါတယ်။ ``ငါတို့လည်း တတ်စွမ်းသလောက်တော့ ပါဝင်ပါရစေ၊ ငါတို့ မသေခင် ဒီအနုပညာရှင်လေးကို ကူညီကြမယ်´´ဆိုပြီး သူတို့မှာ ၀တ်စရာလို့ ဒါပဲ ရှိတဲ့ လုံချည်တွေကို သဒ္ဓါထက်သန်စွာပဲ ချွတ်ပေးကြပြီး သူ့အတွက် အဓိကလိုအပ်တဲ့ ပိတ်ကား လုပ်စေပါတယ်။ ဒီ ၀တ်စုံတွေက ၆ လမှ တစ်ခါပေးတာဆိုတော့ ပေးလိုက်တဲ့ ထောင်သားတွေဟာ ကိုယ်လုံးတီးနဲ့ပဲ နေကြ ထိုင်ကြပါတယ်။ သေမထူး နေမထူးတွေမို့ သူတို့ကို ထပ်ပြီးတော့လည်း အပြစ်ပေးဖို့ မရှိတော့ ထောင်ပိုင်တွေက မနေသာပဲ အ၀တ်အသစ်တွေ ထပ်ပေးရတာဟာ ပုန်းလျှိုးကွယ်လျှိုး ပန်းချီဆရာလေးအတွက်တော့ နောင် ပန်းချီဆွဲဖို့ လိုအပ်တာတွေကို ပံ့ပိုးပေးနေသလိုပါပဲ။

သူ ဒီလို ထောင်ကျရတာဟာ အတိုက်အခံ အဖွဲ့က တစ်ယောက်က တစ်ခြားတစ်ယောက်ကို စာပို့ရာမှာ သူကို သယ်ခိုင်းတာကနေ ထောက်လှမ်းရေးက ဖမ်းမိသွားလို့ပါ။ သူ့အိမ်ကို ၀င်မွှေပြီး သူ့ကို မျက်နှာကို အုပ်ပြီး တစ်ခါတည်း ဖမ်းသွားပြီး စစ်ခုံရုံးတင်ပြီး ထောင် ၇ နှစ်ချလိုက်ပါတယ်။ ၂၀၀၄ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ရက်မစေ့မီ နည်းနည်း စောလွတ်လာပါတယ်။

ထောင်ထဲရောက်တာနဲ့ လိုအပ်တဲ့ ပန်းချီဆွဲ ပစ္စည်းတွေရှာရတာ ဆွဲပြီးတဲ့ ပန်းချီကားတွေကို ခိုးထုတ်ဖို့ ထောင်ပိုင်တွေနဲ့ ပေါင်းရတာဟာ သူ့ရဲ့ နိစ္စဓူဝတွေပါပဲ။ သူဟာ ကဗျာဆရာ (ထောင်တွင်း) ဆေးရုံအကူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ပြီး အဲဒီလူဆီက ရတဲ့ ဆေးထိုးပြွန်တွေကို သူ့ရဲ့ စုတ်တံ အနေနဲ့ သုံးခဲ့ရပါတယ်။ ထောင်ဝင်စာ လာတွေ့တဲ့ သူ့မိသားစု ပေးသွားတဲ့ ပိုက်ဆံလေးနည်းနည်းကို သဘောကောင်းမယ့် ထောင်စောင့်တွေကို လာဘ်ထိုးပြီး ပန်းချီဆေး ၀ယ်ခိုင်းရပါတယ်။ တခါတလေတော့ ပန်းချီဆေးဝယ်ပေပြီး တခါတလေတော့ ရိုးရိုး အိမ်သုတ်ဆေးတွေပဲ ၀ယ်ပေးပါတယ်။

သူ့ရဲ့ အဆန်းသစ်ဆုံး ပန်းချီဆွဲနည်းကတော့ သူ့အခန်းထဲမှာ ထားခွင့်ရတဲ့ ဗုဒ္ဓပုံတော်ကားချပ် ပလပ်စတစ်ပြား နောက်ဘက်မှာ အရင်ဆွဲပြီး အဲဒီအပေါ်မှာ အ၀တ်စအုပ်ပြီး ပြန်ကူးယူတဲ့ နည်းပါပဲ။

ထောင်သားအချင်းချင်းဆီက သတင်းထွက်ပြီး အစောင့်တွေက သူ့အခန်းကို လာပြီး သူ့ပန်းချီတွေ ရှာပါတယ်။ တစ်ခါတစ်လေကျတော့လည်း ပွတ်ကာသီကာလေး လွတ်သွားတာမျိုးပါ။ သူက လှန်းထားတဲ့ ပုဆိုးမှာ ပန်းချီဆွဲထားတော့ ထောင်စောင့်တွေက သူအခန်းလာရှာချိန်မှာ ဒီပုဆိုးလေးကို လှန်ကြည့်မလို အလုပ်မှာ အသက်တောင်မရှူရဲဘဲ နောက်ဆုံး ထောင်စောင့်က မသိဘဲ ပြန်ထားလိုက်မှ စိတ်အေးသွားရပါတယ်။ ဒီလို အ၀တ်စုတ် စိုစိုဟာ သူတို့ လာရှာတဲ့ ပန်းချီကားဆိုတာတော့ ထောင်စောင့်တွေ နည်းနည်းမှ မတွေးမိပါဘူး။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ချောအိသိမ်းဟာ သူ့ပြပွဲကို လာအားပေးတာပါ။ သူမကိုယ်တိုင်ကလည်း ဂျပန်နဲ့ ထိုင်ဝမ်တို့မှာ Performance Art တွေ လုပ်ခဲ့ပြီး ထိုင်းနိုင်ငံမှာလည်း သူ့ပန်းချီတွေ ပြထားပါတယ်။

သူတို့နှစ်ဦးဟာ ၁၉၉၀ ပြည့်လွန်နှစ်များက တွေ့ခဲ့ကြတာဖြစ်ပြီး ရှေ့နေလုပ်စားဖို့ စိတ်ကူးကို စွန့်လွှတ်ကာ ထုတ်ဖော်ပြောဆိုမှုတွေကို ထိန်းချုပ်ထားတဲ့ စစ်အစိုးရကို သရော်ဖို့ Performance Art တွေကို နှစ်ဦး အတူ ဖန်တီးခဲ့ကြပါတယ်။ သူတို့ နှစ်ဦးဟာ ရန်ကုန်က လူများတဲ့ ဈေးတစ်ခုသွားပြီး ဖယောင်းတိုင်လေးတွေ ဖဲကြိုးလေးတွေကို ခြူးပြားဖိုးနဲ့ ရောင်းချခဲ့ပါတယ်။ ဒါဟာ ကုန်ဈေးနှုန်းကြီးတာကို သရော်ထားတာပါပဲ။ ကံဆိုးစွာပဲ နှစ်ဦးစလုံး အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ ဗုံးထောင်ဖို့ဆိုပြီး မသင်္ကာလို့ ဖမ်းထားတဲ့သူတွေကိုပါ အဲဒီ စခန်းမှာ ဖမ်းမိထားပါတယ်။ စခန်းမှူးက ငါတို့အမှုနှစ်ခု တပြိုင်တည်း မကိုင်နိုင်ဘူးဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ မလွှတ်ခင်တော့ ဒီသင်္ကာမကင်းတဲ့သူတွေပုံ ဆွဲပေးရမယ်ဆိုလို့ ဆွဲပေးလိုက်ရပါသေးတယ်။ ။

(ဒီ Post ကို သူမ အကူအညီနဲ့ ဒီသတင်းကို ခွင့်မတောင်းဘဲ သင့်တော်သလို ဘာသာပြန်ထားသည်။)

9 comments:

pandora - 8/16/07, 11:28 PM

ဒါလေးကတော့ ဗဟုသုတပဲ.. ဂွတ္တ

ဂျစ်တူး - gyit_tu - 8/16/07, 11:31 PM

အင်း ဖတ်ပြီး ဘာပြောရမှန်းမသိဘူး ။

တကယ်တော့ သူတို့လို လေးစားစရာကောင်းသူတွေအကြောင်း ပြောပြသူတွေရှိပြီး ၊ ကိုအန်ဒီတို့လို ရေးပြသူတွေရှိလို့ ၊ ညီမတို့လို အဲလိုအခြေအနေကို မတွေ့ ကြုံဖူးသူတွေ သိပြီး ၊ အမှန်တရားကို မြင်နိုင်တာပါ ။

ဒါကြောင့် အနုပညာဆိုတာ ဘယ်လိုအနုပညာဖြစ်ဖြစ် ၊ ရည်ရွယ်ချက်တခုကို အနူးညံ့ဆုံးနည်းလမ်းနဲ့ ပါးပါးလေးလှစ်ပြထားတဲ့ ကလာဂါတခုလို့ ခံစားမိတယ် ။

ဘလောဂ့်ဆိုတာလည်း ဒီအတိုင်းပဲ ။ ဒါကြောင့် ဘလောဂ့်ဆိုတာကို မဖတ်ရမနေနိုင် ဖြစ်နေပါတယ်း) ။

Andy Myint - 8/17/07, 12:01 AM
သူမက သတင်းဖတ်ရင်း တွေ့သွားတာနဲ့ ဖတ်ကြည့်တော့ အများလည်း သိရင် ပိုကောင်းမယ်ဆိုတာနဲ့ နှစ်ယောက်ပေါင်းပြီး ဘာသာ ပြန်လိုက်တာ။ အမှန်တကယ် ခံစားချက်တွေကို ခံစားနေရတဲ့ အချိန်မှာ ဆွဲတာဆိုတော့ သူ့ပန်းချီတွေက ဘယ်ပြောကောင်းမလဲ။ မဂျစ်တူးတို့၊ မပန်ဒိုရာတို့ အပါအ၀င် ဖတ်တဲ့သူတွေ အားလုံးကို ရှဲလိုက်ရတော့ ကျွန်တော်တို့ရဲ့ သဲတစ်ပွင့်ပေါ့။
ဇနိ - 8/17/07, 5:34 PM

ဝေမျှတာကို ကျေးဇူးတင်တယ် အကိုရေ။
ကိုထိန်လင်းလည်း လေးစာထိုက်သူ တစ်ယောက်ပါပဲ။

Andy Myint - 8/17/07, 5:57 PM
အားပေးတာ ကျေးဇူးတင်ပါတယ်။ ဘာသာပြန်ကတော့ ဆရာဇနိလောက်တော့ ဘယ်ညက်ပါ့မလဲ.. ဟဲဟဲ။
Tun Myo Hlaing - 8/21/07, 4:50 AM

Thanks, Andy, for translating this true story. I enjoy reading it, also, feel sorry for him.

Layma - 8/27/07, 10:58 PM

အဲဒီပန်းချီကားတွေကို ကြည့်ခွင့်ရချင်လိုက်တာ … ဘာသာပြန်ပေးထားတာ ကျေှးဇူးတင်လိုက်တာ …..။

Moe Cho Thinn - 4/6/09, 3:04 PM

အခုမှ ဘလော့တခုလုံး လှန်လှောရင်း ဒီပို့စ်လေး ဖတ်မိသွားတာ။ ကိုAndy နဲ့ ညီမ ရဲ့ သဲတပွင့် ကို တန်ဖိုးထား အသိအမှတ်ပြုလိုက်ပါတယ်။
ကျေးဇူးတင်မိတယ်။
(သူတို့မိသားစုလဲ လာမဲ့ ၂၅ရက်နေ့ LA ကိုလာလိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုထိန်အကြောင်း သူမလာခင်လေး ဖတ်လိုက်ရတယ်)

Anonymous - 4/28/10, 2:32 PM

ကိုထိန်လင်းက အရင်ကသရဖူမော်ဒန် magazine မှာ performance art တွေဖော်ပြတင်ဆက်ခဲ့တဲ့ ဖြိုးထိန်လားသိချင်ပါတယ်
ကျေးဇူးတင်လျှက်

Post a Comment

Many thanks for dropping a comment…

Film