Thursday, August 02, 2007

အမေ ချက်တဲ့ ဘဲဥဟင်း

အမေ တစ်ယောက်ဖြစ်ရတာ မလွယ်လှပါဘူး။ အထူးသဖြင့် သားရှင် အမေဖြစ်ရတာပါ။ အထူးသဖြင့် သား ၄ ယောက် အမေဖြစ်ရတာပါ။ အထူးသဖြင့် ထမင်း၊ဟင်း ချေးများတဲ့ သားတွေရဲ့ အမေ ဖြစ်ရတာပါ။ အထူးသဖြင့် ကျွန်တော်တို့ အမေပါ။

ကျွန်တော်တို့က ဟင်းကို ပါးစပ်နဲ့လည်း စားတယ်။ သူများ ချက်တာ မပြောနဲ့။ အမေ တစ်ယောက်တည်း ချက်တာတောင် ဒီတစ်ခေါက်ချက်တာနဲ့ ဟိုတစ်ခေါက်က ချက်တာ အရသာ နည်းနည်း ကွာရင်သိပါတယ်။ နှာခေါင်းနဲ့လည်း စားတယ်။ ဆီပြန်ဟင်းချက်ရင် ငရုတ်သီးကို ကျက်အောင် ဆီမသတ်ရင် ကျွန်တော်တို့ သိပါတယ်။ သုံးနေတဲ့ ငံပြာရည် ပြောင်းသွားရင်လည်း သိပါတယ်။ လုံးချက်တာကတော့ တစ်မျိုးပေါ့။ မျက်စိနဲ့ လည်းစားတယ်။ ခံစားချက်နဲ့လည်း စားတယ်။ ခံစားချက်နဲ့ စားတယ်ဆိုတာ ဒီလိုပါ။ ဘဲသားလိုမျိုးဆိုရင် မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်နဲ့ ပေါင်းစားတာကို ကြိုက်တယ်။ ငရုတ်သီးနဲ့ အစပ်ချက်လည်း ကြိုက်တယ်။ ဘဲသားနဲ့ ကြံမဆိုင်နဲ့ ဆိုရင်လည်း လိုက်ပေမယ့် မချက်ကြပါဘူး။ ဘဲသား အဆီတ၀င်းဝင်းလေးက ကြံမဆိုင်လို အရောင်မထွက် မလှမပနဲ့ မွှေးလည်း မမွှေးတဲ့ ဟာနဲ့ဆိုရင် မလိုက်ဖက်ပဲ ဘဲသားဂုဏ်ငယ် ဂုဏ်ပျောက်မှာ စိုးလို့ မချက်ခိုင်းတာပါ။ အဲဒီလို သားတွေပါ။

ဘဲဥဟင်းကတော့ မြန်မာပြည်မှာ ဈေးလည်း သက်သာ၊ စားလိုလည်း မြိန်၊ ချက်ရတာလည်းလွယ်၊ ဟင်း Quota ခွဲတာလည်း လွယ်တယ်။ တစ်ယောက်တစ်လုံးဆိုလည်း တစ်လုံး။ တစ်ခြမ်းဆိုလည်း တစ်ခြမ်း။ အဲလိုဆိုတော့ ကျွန်တော်တို့လို အိမ်မှာလည်း အတော်ပဲလေ။ ဘဲဥဟင်းချက်ရင် အမေက တစ်ခေါက်ကို တစ်မျိုးချက်ပါတယ်။ ပထမတစ်ခေါက် ကြက်သွန်နီများများကို ဆီနည်းနည်းနဲ့ သတ်ပြီး မန်ကျည်းရည်လေးနဲ့ မြိတ်မဆလာလေးနဲ့ အရည်သွက်သွက် ဘဲဥချဉ်ရည်ဟင်း ချက်ပါတယ်။ (သောက်စားလို့တော့ မရဘူးပေါ့။ ဒီနည်းနဲ့ ဒီမှာ ဂဏန်းချက်စားဖူးပါသေးတယ်။) ပုန်းရည်ကြီးသုတ်နဲ့ဆို သိပ်ကြိုက်ပါတယ်။ နောက်တစ်ခေါက်ချက်ရင် ဆီများများသတ်ပြီး ခရမ်းချဉ်သီး ပြုတ်ထားတာကို အခွံခွာ ချေထည့်ပြီး မဆလာနည်းနည်း (ဒါမှမဟုတ် မထည့်ဘဲ) ဘဲဥဆီပြန် ချက်ပါတယ်။ ဟင်းရွက်ကြော်နဲ့ လိုက်ပါတယ်။ ပထမနည်းကတော့ ပိုစားမြိန်ပေမယ့် ဗိုက်တော့နည်းနည်း ပွတာပေါ့။ ဒါပေမယ့် တစ်ခေါက်ကို တစ်မျိုး ပြောင်းချက်မှ၊ နို့မို့ဆိုရင် ကျွန်တော်တို့က ကြိုက်ပေမယ့် ဟင်းတစ်မျိုးကို ချက်တာနည်းနည်း စိတ်သွားရင် ဟင်.. လာပြန်ပြီ ဒီဟင်းပဲဆိုပြီး ပြောတော့မှာကို အမေက သိနေတယ်လေ။

ဘယ်လိုချက်ချက် ဘဲဥကို ပြုတ်ပြီး အခွံခွာပြီးရင် ဆီထဲမှာ နည်းနည်း ကြော်လိုက်ပါတယ်။ အပြင်အခွံလေးတွေက ကြော်ထားတော့ တစ်မျိုးလေးပေါ့။ ညီအငယ်ဆုံးက အဲဒီလိုမှ ကြိုက်တာလေ။ ကျွန်တော်က အဲဒီလို ကြော်လိုက်ရင် မကြိုက်တော့ ကျွန်တော့်အတွက်က ဒီအတိုင်း အပြုတ်ပါပဲ။ အပြုတ်ကိုမှ တခြမ်းခြမ်းထားရင် ဘဲဥ အနှစ်တွေ ထွက်ကျမှာစိုးတော့ အလုံးလိုက် ထားပါတယ်။ အလုံးလိုက်ကိုမှ အရသာမ၀င်မှာ စိုးလို့ ဓါးနဲ့ မွှန်းထားပါတယ်။ ဒါမှ ဟင်းအနှစ်တွေ ၀င်ပြီး အရသာ နှံ့မှာလေ။ ဒီထက် အရသာ ခပ်ပြင်းပြင်း ကြိုက်တဲ့ အစ်ကိုအကြီးဆုံးက နှစ်မျိုးစလုံး မကြိုက်ဘူးဆိုတော့ သူ့အတွက် ဘဲဥကို ပွနေအောင် ခေါက်ပြီး ကြော်ထားရပါတယ်။ ဟင်းချက်တော့မှ ဘဲဥခေါက်ကြော်ကို ထည့်ပြီး ချက်ပါတယ်။ သိတဲ့အတိုင်းပဲ ဘဲဥက ခေါက်ကြော်ထားတော့ အထဲမှာ ပွပြီး အခေါင်းပေါက်လေးတွေနဲ့ဆိုတော့ ဟင်းအရည်တွေက အထဲကို စိမ့်ဝင်နေတော့ တစ်ကိုက်ကိုက်လိုက်ရင် တစ်ကိုက် အရသာတွေက ပါလာပါတယ်။ နို့ညှာကတော့ အိမ်မှာ ချေးလည်းမများဘူး၊ ဟိုဟာချက် ဒီဟာချက်လည်း မပြောဘူး။ ဒီလိုပဲ။ သူကြိုက်ရင် အသားကုန်စားတယ်။ သူမကြိုက်ရင် လှည့်မကြည့်ဘူး။ အဲဒီတော့ ဟင်းအိုး တစ်မျိုးထဲမှာ ဘဲဥက သုံးမျိုး ဖြစ်သွားပါတယ်။ အဲဒါကိုမှာ တစ်ခါတစ်လေ ညီအငယ်ဆုံးက ထွင်ပြီး ဘဲဥကို Half-Fried ကြော်ထားတာ ထည့်ချက်ခိုင်းသေးတယ်။ ဒါပေမယ့် သိပ်စားမကောင်းတော့ ဒီလိုတော့ သိပ် မချက်ဖြစ်ပါဘူး။ ဒီလောက်လွယ်တဲ့ ဘဲဥဟင်းလည်း ချေးများတဲ့ သားတွေနဲ့၊ အလိုလိုက်တဲ့ အမေနဲ့တွေ့တော့ ကြာကြာချက်လိုက်ရပါတယ်။

(ဘဲဥဟင်းမှ မဟုတ်ပါဘူး။ ငါးဖယ်ငါးဆုပ်ချက်ရင်လည်း ဒီလိုပါပဲ။ ကျွန်တော်က ငါးဆုပ်လုံးကို မကြော်မှ မွှေးတယ်၊ နူးညံ့တယ်ဆိုပေမယ့် အစ်ကိုကြီးက ဒီအတိုင်းဆိုရင် ညှီလို့ဆိုပြီး ကြော်ပြီး ပြန်ချက်တာကိုမှာ စားတယ်ဆိုတော့ ငါးဆုပ်ဟင်းကလည်း 2 in 1 ပါပဲ။)

13 comments:

imaginary clouds no2 - 8/2/07, 1:31 AM

ဂဏန်းချက်စားတယ်ဆိုတာ ကို နဲနဲ ဝင်ပြောမယ်ဗျာ ။ ဂဏန်းက ရောင်းတဲ့ အချိန်မှာ အရှင်တွေဆိုတော့ မြန်မြန်သေပါစေလို့ ဆုတောင်ရမလိုဖြစ်တယ်။ ဒါလဲ မမိုက်သေးဘူး။ တစ်ကောင် ။ နှစ်ကောင် ပဲ ကျန်နေရင်တော့ ဒီဝင် (စိတ်ကျပြီး ) ပြီး ရှောဖို့များသွားပြီလေ ။ အဲဒိ အချိန်ကျမှ ဝယ်ရတယ်ဗျာ ။

Andy Myint - 8/2/07, 1:39 AM
အဲလိုလား... ဒီဝင်ပြီး သေသွားတဲ့ ဂဏန်းဆိုတာ ရှိသေးတယ်ကိုး။ အဲလို ဂဏန်းလား မသိဘူး ကျွန်တော်တို့ ၀ယ်ချက်တာ။ တော်သေးတယ် လတ်လို့။ ဂျေဝင်ပြီး သေတဲ့ ဂဏန်းဆိုရင်တော့ လတ်မှာ မဟုတ်ဘူး။ မသေခင်ကတည်းက ပုတ်နေပြီ။
N3 - 8/2/07, 2:04 AM

ဘဲဥချဉ်ဟင်း ကြိုက်တယ်.. ဆီပြန်ဟင်းလည်းကြိုက်တယ်။ ဘဲဥဟင်း မစားရတာ အတော်ကြာပြီ.. ၆ နှစ်၊ ၇ နှစ် လောက်ရှိပြီ။ ကြက်ဥဟင်းတော့ စားရပါတယ်။ ကြက်ဥပဲဖြစ်ဖြစ်၊ ဘဲဥပဲဖြစ်ဖြစ် ဘယ်လိုချက်ချက် အရင် ပြုတ်၊ တခြမ်းခြမ်း ပြန်ကျော်ပြီးချက်မှ စားတယ်။ မဟုတ်ရင် မစားဘူး။ ညှီတယ်လို့ ထင်လို့ ပါ။ အိပ်ခါနီး ဘလော့တွေ ၀င်ဖတ်တာ၊ ဒီပိုစ့်ဖတ်ပြီး ဘဲဥဟင်းနဲ့  ထမင်းစားချင်လာပြီ။ ဗိုက်ဆာလိုက်တာ။ အိမ်ကို ဖုန်းဆက်ရင် ဘဲဥဟင်း စားချင်တယ်လို့  ပြောထားမယ်။ ဒါမှ နောက်တစ်နှစ်ပြန်ရင် အမေက သတိတရ ချက်ကျွေးမှာ။

P.S ငါးဖယ်ငါးဆုပ်ဆိုလည်း ကြော်ပြီးချက်မှ ကြိုက်တယ်။ ငါဖယ်မဟုတ်ပဲ တခြားငါးကိုခြစ်ထားတာ ဆိုရင် ကြော်ပြီးပြန်ချက်လည်း မစားဘူး .. :D ..

Andy Myint - 8/2/07, 11:18 AM
ဟုတ်တယ် ညီမ….. မြန်မာပြည်ပြန်ရင် စားမယ့်အထဲမှာ ဘဲဥဟင်းလည်း ပါတယ်။ ကြက်ဥဟင်းက စားရတာ ပေါ့လို့။
Tun Myo Hlaing - 8/2/07, 3:11 PM

Wow...another delicious dish. LOL man whenever I read your post about making food, that make me hungry than ever. :D

ဂျစ်တူး - gyit_tu - 8/2/07, 11:18 PM

ကိုအန်ဒီရေ.. ဒီပို့စ်ကို နေ့လည်ထဲက အလုပ်ကနေ google reader နဲ့ feed ယူပြီး ဖတ်တော့ ၊ ဖတ်ရင်း ပြုံးမိသေး ။ ခုမှပဲ တခေါက်ထပ်ဝင်ပြီး ကွန်မန့်ရေးတာ ။

ကိုအန်ဒီ ဒီပို့စ်မှာ ရေးတာ ကြိုက်သွားပြီ ။ ကိုအန်ဒီ တကယ် စာရေးကောင်းသည် ။ အိမ်မှာလည်း ကျမနဲ့ မောင်လေးက အဲလိုပဲ.. ဟင်းချီးများတယ် ။ ဘဲဥကျော်ရင်.. သူက half-boiled ကို အထဲက မကျက်မှ ကြိုက်တယ် ၊ ကျမက အထဲက ကျက်မှ ။ သူက မဆလာ ကြိုက်တယ် ၊ ကျမက လုံးဝမစားဘူး ။

ဒါပေမယ့် ဘဲဥဟင်းကို ဘဲဥ ပုံစံ ၃ မျိုးနဲ့ မချက်ဖူးဘူး ။ အဟား စံပဲ စံပဲ လို့ ပြောရတော့မယ်ရှင် ။

Andy Myint - 8/3/07, 12:03 AM
အလိုလိုက်တဲ့ မိဘနဲ့ဆို ဂျီးများနိုင်ကြတာပေါ့။ ဟုတ်တယ်.. လူတွေက ဘဲဥ/ ကြက်ဥကြော်ဆို တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူဘူး။ ကိုယ်ကြိုက်တာ ကိုယ်သိတာကိုက တော်လှပြီလေ။ အနောက်တိုင်းမှာတော့ မနက်စာ ကြက်ဥကို အကြော်၊ အပြုတ်၊ အကျက်၊ မကျက်တကျက်၊ အမွှေ (Scrambled)၊ အခေါက် (Omelet)၊ ဆားထည့်မလား၊ ငရုတ်ကောင်းထည့်မလား၊ အနှစ်ထုတ်ပြီးသားလား စသည် စသည် မျိုးစုံနေအောင် ရှိတာကိုး။ Julia Robert ပါတဲ့ Runaway Bride ရုပ်ရှင်ထဲမှာ ပြောတာကို သတိရသေးတယ်။ You're so lost, you don't even know what kind of eggs you like. တဲ့။
Myo Kyaw Htun - 8/3/07, 2:49 AM

ဒီမှာတော့ ဘဲဥချဉ်ဟင်းလဲ စားဖြစ်တယ်။ ဘဲဥ ဆီပြန်ဟင်းလဲ စားရတယ်။ တစ်ပါတ်ကို နှစ်ရက်လောက်တော့ စားဖြစ်တယ်။ ငါးဖယ်ကိုတော့ ပြုတ်ပြီး မန်ကျဉ်းချဉ်စပ်ဆော့ လေးနဲ့ တို့လိုက် ထမင်းစားလိုက် အဲ့ဒါ့တော့ ကြိုက်တယ်။ ငါးဖတ်ဆုပ်ဟင်းတော့ သိပ်မကြိုက်ဘူး။

ဒီပို့စ်မြင်တော့ အိမ်မှာစားရတာကို သတိရတယ်။ :(

Andy Myint - 8/3/07, 11:34 AM
ငါးဖယ်ကို ပြုတ်စားတော့ နည်းနည်း မညှီဘူးလား။ ကော်တွေဘာတွေပါတဲ့ ငါးဖယ်လုံးဆိုရင်တော့ ကောင်းမှာပါ။
Myo Kyaw Htun - 8/5/07, 2:06 AM

အစ်ကို ကျွန်တော့် စိတ်ထဲ မညှီဘူး။ ငါးဖယ်ချက်ကြတော့ ညှီတယ်လို့ ထင်နေတယ်။ ငါးဖယ်က ပြောင်းပြန် ဆိုတာ ဒါလား မသိဘူး :D

pandora - 8/7/07, 12:34 AM

(အစ်ကို ကျွန်တော့် စိတ်ထဲ မညှီဘူး။ ငါးဖယ်ချက်ကြတော့ ညှီတယ်လို့ ထင်နေတယ်။ ငါးဖယ်က ပြောင်းပြန် ဆိုတာ ဒါလား မသိဘူး)

ရယ်ချင်လိုက်တာ ဖတ်ဖတ်မော
ငါးဖယ်လန်ကပြောင်းပြန်ပြော
ရင်ဘတ်နောက်ကကျော..တဲ့

အဲလိုကြားဖူးတာပဲ.. ပိန်တာပြားတာကိုပြောတာထင်တယ်..

စားတာကတော့ ဘဲဥလည်းကြိုက်တယ်.. ငါးဖယ်လည်းကြိုက်တယ်။။ ကြော်ပြီးမှချက်တာ ပိုကြိုက်တယ်.. ပြောရင်းစားချင်လာပြီ...

Anonymous - 9/5/07, 5:44 AM

Man!! It made me miss my parents!!
It is alike writting about them.

Anonymous - 11/8/07, 5:07 AM

After reading this post, I tried cooking 3 diff styles egg chin hin. Thanks a lot for your cooking sharing. Waiting to read other new cooking posts for delicious dishes . I love eating but lazy to cook. You 2 are very expert in cooking. Bravooooooo :)

Post a Comment

Many thanks for dropping a comment…

Film