Sunday, August 12, 2007

The Slaughtered Ox


Rembrandt ရဲ့ Still Life ပန်းချီကားအတွက် မူ လုံးဝ ကွဲတဲ့ ၀တ္ထုကတော့ အမဲဖျက်ခံထားရတဲ့ နွားကို မှုန်ပြပြ အခန်းထဲက ထုတ်တန်းမှာ ဇောက်ထိုး ဆွဲ ချိတ်ထားတာပဲ။ ဒီလို ရက်စက်ကြမ်းကြုတ်မှုကို ပန်းချီရေးထားတာဟာ သက်ငြိမ် ပန်းချီကားတွေရဲ့ စံတွေ သတ်မှတ်ချက်တွေကို ရိုက်ချိုးလိုက်သလိုပဲ။ ကိုမောင်တိန် စစချင်း ဘလော့ဂ်တော့ ``သားသတ်ရုံ ခပ် ပေါပေါ´´တို့၊ ``လိုင်စင်ရ သားသတ်သမား´´တို့ နဲ့ ``သားသတ်သမားတွေ´´ များနေတော့ ဒီကားကိုပဲ ပြေးမြင်တယ်။ ဒီနွားသေကားကို အိနြေ္ဒရှင် မိုနာလီဇာ ရှိတဲ့ လုဗ်မှာ ကျွန်တော် အရှင်လတ်လတ် တွေ့ခဲ့ရပါတယ်။ ဒီလို Rembrandt ရဲ့ ရှားရှားပါးပါး သက်မဲ့ ပန်းချီကားကို မူကွဲ နှစ်မျိုး ရေးဆွဲခဲ့ပြီး လုဗ်က ဟာက ပထမကားပြီး ၂၅ နှစ်အကြာ ၁၆၅၅ မှာ ရေးထားတာပါ။

နှစ်ပုံစလုံးက အထားအသို ဆင်ပြီး ပထမပုံမှာတော့ ဖြတ်ထားတဲ့ ခေါင်းပါ ထည့်ဆွဲထားတယ်။ ခြေနှစ်ဖက်ကို ဖြဲပြီး ကားစင်မှာ ချိတ်ထားတဲ့ နွားကိုတော့ ရင်ခွဲထားပြီး ရင်ဘက် ဟောက်ပက်နဲ့ နံရိုးအိမ်အတိုင်းသား၊ အဆီအရိအတွဲသားကို တုံးတိတိ ရှေ့လက်၊ အရွတ်ဖြတ်ခံထားရတဲ့ ခြေရယ် ပြီးတော့ ခေါင်းဖြတ် အရေခွံဆုတ်ထားပြီး နည်းနည်း ခြောက်သွေ့စပြုနေတဲ့ အသားဆိုင်တွေရယ်ကို ဆွဲထားတာ။ နှစ်ပုံစလုံးမှာ မိန်းမတစ်ယောက်ပါပြီး ပထမပုံမှာတော့ (သွေးတွေပေနေတဲ့) ကြမ်းတိုက်နေပြီး လုဗ်ကပုံမှာတော့ တံခါးဝကနေ သားသတ်ခန်းထဲ (ပန်းချီကားကြည့်နေသူဖက်) ကို ချောင်းကြည့်နေတဲ့ပုံပါ။ သူဆွဲထားတဲ့ Dead Peafowl မှာလည်း ရစ်သေနှစ်ကောင်ကြားကနေ ကြည့်နေတဲ့ မိန်းမတစ်ယောက် ပါပါသေးတယ်။ ဒီကားမှာ ချောင်းကြည့်နေတဲ့ မိန်းမကတော့ နွားသေနဲ့ အရောင်အဆင်းတူတဲ့ အင်္ကျီကိုပါဝတ်ထားသေးတယ်။

သေသေသပ်သပ် သတ်ဖြတ်သွားတဲ့ သားသတ်သမားအတွက်တော့ အောင်မြင်မှုတစ်ခုပါပဲ။ နွားအတွက်ကတော့ ... ။ အစာရေစာ အတွက်ဆိုရင်တော့ ဒီအမဲသားဟာ သူသူငါငါ စားမည့်သူတွေကိုတော့ အသက်နည်းနည်း ဆက်စေဦးမယ်။ Rembrandt ကရော အားလုံးထံ ကျရောက်လာမည့် သေခြင်းတရားကို ပြောချင်တာလား။ သေရင် သတ်ဖြတ်ခံရရင် ဒီလိုလို့ ဆိုချင်တာလား။ ဒီကားဟာ ပန်းချီဆေးနဲ့ လူ့အသားတွေကို ဆက်စပ်ပေးနေသလိုပဲလား။ ခွဲစိတ်ဆရာဝန်တွေ၊ ခန္ဓာဗေဒပညာရှင်တွေ၊ ရင်ခွဲရုံကလူတွေ ခွဲစိတ် ထိုးမွှမဲ့ လူ့ခန္ဓာကိုယ်ကို နွားနဲ့ ကိုယ်စားပြုထားတာပဲလို့ ဆိုလာတယ်။

ဒီကားက စက်ဆုပ်ဖွယ်လည်းကောင်းတယ်။ ကြည့်ရတာ အော်ဂလီဆန်တယ်ပြောနိုင်သလို ဆွဲထားတာ သေသပ်လှပတယ် ပြောနိုင်ပြန်တယ်။ နွားသေ တစ်ကောင်ထက် အမြဲတည်နေပြီး ဘယ်သူမှ မရှောင်လွှဲနိုင်မယ့် အရာကို ရုပ်လွန်ဝါဒနဲ့ ပြောနေတယ်။

12 comments:

ဂျစ်တူး - gyit_tu - 8/12/07, 11:05 AM

ကိုအန်ဒီကလည်း ကိုမောင်တိန့် ဘော်ဘော်ဆိုတဲ့အတိုင်း ၊ 3-in-1 blog မှာ ဒါမျိုးတွေလည်း ရေးလာပြီကိုးး)

ဒါပေမယ့် ခက်တာ.. ပုံတွေကြည့်ရဲဘူး ။ ဂျစ်တူးသရဲဘောကြောင်သည် ။

Andy Myint - 8/12/07, 11:50 AM
အဟဲ.. ရေးကြည့်တာ။ ဘလော့ဂ်နဲ့တော့ နည်းနည်း မလိုက်ဘူး ဖြစ်နေတယ်။
imaginary clouds no2 - 8/12/07, 1:52 PM

အန်ဒီ ခင်ဗျားပြောတာ ဟုတ်ပါတယ်။ ကျနော် ကဗျာ တချို့မှာ စကားလုံးထပ်နေတာတွေ ၊ ရှိနေတယ် အဲဒါ ဟာ စကားလုံးအသစ်ရှာရမှာကို ပျင်းတာ လို့ ဆရာ သမားများကပြောတယ် ။ဆရာ မောင်သာနိုး က ဆရာ မင်းဆွေနှစ် ရဲ့ မှော် ကဗျာစာအုပ် အမှာမှာ ထပ်နေတဲ့စကားလုံးတွေနဲ့ သုံးခဲ့တဲ့ အကြိမ်ပေါင်းကို စာရင်းလုပ်ပြထားပါတယ် ။ အန်ဒီလဲ မြင်တတ်တယ် ။ ရန်းဘရန့်ကို ကျနော် ဘော်ဒါ က ( အလွတ်သဘောပြောခြင်း ) သူဟာ စပေါ့လိုက် ရေးတဲ့နေရာ မှာ အရမ်းကောင်းတယ် ။ ဂေါ့ ဒ် ဖားသား ရုပ်ရှင် မှာလဲ အဲဒိ တက်ခနစ် ကို သုံးတယ်လို့ ဆိုတယ် ။ ကျနော် ဆရာ ဇော်မောင် ရေးဆွဲတဲ့ ဆရာ မောင်နေဝင်းဘာသာပြန် စာအုပ်အဖုံး ပန်းချီ ကို ကြည့်တော့လဲ အဲသလိုခံစားရတယ်ဗျာ ။

Andy Myint - 8/12/07, 2:42 PM
မနေ့ကပဲ ကလေးတွေ Superman တို့ Spiderman ဆော့သလို ဆရာနတ်နွယ်တို့ ဆရာမြသန်းတင့် ကို တုပြီး လျှောက်ဆော့ပြီးပြီ။ မလုပ်ပါနဲ့ဗျာ။ မနိုင်းကောင်း နိုင်းကောင်း။ အခုတစ်ခါ ဆရာ မောင်သာနိုးတို့ ဘာတို့နဲ့။

ခင်ဗျား စကားလုံး ရှားနေတာ မဟုတ်ပါဘူးဗျာ။ ငြိသွားလို့နေမှာပါ။

ပန်းချီပညာကတော့ ကျွန်တော် နကန်းတလုံးမှ မသိပါဘူး။ ရုပ်ပုံကို ခံစားထားတာတွေကို မှတ်စုအနေနဲ့ တင်လိုက်တာပါ။
pandora - 8/12/07, 6:26 PM

Remix တွေဖြစ်ကုန်ပါလား။ ဘာပဲဖြစ်ဖြစ် ဒါမျိုးလေးတွေ ရှိသေးရင် နည်းနည်းပေးပါဦး။

Andy Myint - 8/12/07, 7:32 PM
ဟုတ်တယ် .. ပေါင်းလုံးကြော် ထားတာ။ နောက်တစ်ပွဲက ဈေးသွားဝယ်တုန်း။
Phyo Wai Kyaw - 8/13/07, 12:57 AM

အင်း.. ငါတို့ "သောင်းသောင်း" ဆို ပန်းချီကားတွေ စုထားတာ မနည်းတော့ဘူးဗျ... ငါမြန်မာ ပြည်မှာနေတုံးက သူနဲ့ Mr Guiter လိုက်လိုက်သွားတာ... ပန်းချီကားတွေ ကြည့်ချင်လို့.. ၀ယ်ယူဖို့လောက်တော့ အားမသန်ဘူးပေါ့... အဲဒီတုံးက ပန်းချီဆွဲတဲ့ အဘဦးစောနု ဆိုတာ သူနဲ့တော့ အတော်ခင်တယ်... အဘ က Impressionism သမား ဗင်ဂိုးတို့ လို ဆွဲတာပေါ့.. အဘက ပန်းပုံတွေဆွဲတာ အရမ်းကျွမ်းတာ... ငါတို့ မြေနီကုန်းရုံးမှာလာပြီး ညအိပ်.. ဗင်ဂိုးတို့ ဘယ်သူတို့ရဲ့ ပန်းချီကားတွေ စိမ်ပြေနပြေ ဒေါင်းလုပ် လုပ်... Impressionism လေးတွေပေါ့.. ပြီးမှ အဘကို အပ်တာ... တစ်ပါတ်တကားလောက် ပြီးတယ်... အုပ်စုဗိုလ်တောင် တစ်ပုံ ဆွဲထားသေးတယ်.. အဲဒီပုံကြီးက နှင်းတွေကျနေတဲ့ပုံ ဆိုတော့လေ..ဆွဲစရာတောင်မလိုဘူးဗျ.. ကင်းဗတ်စကြီးက သူ့အလိုလို ကို ဖြူနေတာ..ဆွတ်လို့.. ဟားဟား

Andy Myint - 8/13/07, 11:24 AM
အစတုန်းကတော့ ပန်းချီကားစုတာ ပကာသနလို့ ထင်နေတာ။ ဘယ်ဟုတ်ပါ့မလဲ။ ကောင်းတဲ့ ပန်းချီကားဆို ကြာလေ ဈေးတက်လေ ဆိုတော့ ရင်းနှီးမြုတ်နှံမှုလိုပဲ။ ကောင်းတဲ့ အချက်က ၀ယ်ထားတဲ့ ပန်းချီကားကို ဧည့်ခန်းမှာတောင် ကြွားကြွားဝါ၀ါ ချိတ်ထားလို့ရသေး။
Phyo Wai Kyaw - 8/13/07, 11:47 PM

ဟေ့လူ... ခင်ဗျား ပန်းချီကား ကြည့်ရင်းကြည့်ရင်းနဲ့ လှည်းကူး က ကြွက်ကင်... ဖားကင် မှတ်ရလာပြီးဗျ... သွားရည်တောင်ကျလာပြီ... ထရည်လေး နဲ့ ဆို ရှယ်ပေါ့... ( ခြားနားသောအမြင် ;)

Andy Myint - 8/14/07, 1:23 AM
ဟာဗျာ.. ဒီလူ ပေါက်ကရ ... အဟီး ကျွန်တော်လည်း (ဟင်္သာတက) လယ်ကြွက်ကြော် နည်းနည်း စားဖူးတယ်ဗျ။ ကျွန်တော်လည်း ထန်းရည်နဲ့ချတာပဲ။ ကြွက်သားစားတာ Discovery Channel မှာတော့ Taboo ထဲမှာတောင် ပါတယ်။
Tun Myo Hlaing - 8/14/07, 8:20 AM

Rembrandt is one of the painters I admire. I haven’t seen this painting before, maybe I was sleeping while lecture about art history was on. He lived in Baroque era (by artchive.com) so that the painting is strange to me like why he did that when everyone at that time painted like dramatic, clear styles, etc. According to what is going on in the painting, it’s more like the concept of “Installation Art”. Installation Art is not painting but real things performance. It’s very interesting. There’s great amount of creativity is required to have one nice installation.
http://en.wikipedia.org/wiki/Installation_art
Here’s some similar examples of “Slaughter of ox.”
Under the link you will see woman sitting holding meat bones. “Cleaning the house” is the example.
http://www.skny.com/lasso-bin/exhibition.lasso?-token.ExID=10109
Another one that is not like brutal idea, but kind of surrealistic concept could be found there.
http://www.antonygormley.com/newsite/viewwork.php?workid=263&page=5&PHPSESSID=e7d40dc8d7ec4720e5a5ffa4208b6fb4
I got more but I am bored of browsing the text book. LOL. Alright.
Nice post, dude. Keep posting.

Andy Myint - 8/14/07, 12:12 PM
Invaluable comment, mate … thanks for that. I have seen the second photo but not with the lady with bones.. that is so creepy :-S

Post a Comment

Many thanks for dropping a comment…

Film