Tuesday, August 07, 2007

ယောက်ျားလေးတွေ ဘာကြိုက်

ပန်ဒိုရာနဲ့ ဂျစ်တူးက ဧည့်သည်တော်မှတ်တမ်းမှာ မြှောက်ပေးသွားလို့ ရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြန်တူးဆွလိုက်ဦးမယ်။ သူမတော့ မသိစေနဲ့။ တစ်ခါတစ်လေကျရင် သူမကို အူပုတုလို့ ကျွန်တော်က ခေါ်တယ်လေ။

ကျွန်တော်မှာ Old Flame တော်တော်များများ ရှိပါတယ်။ လူအထင်ကြီးအောင် Old Flame သာပြောတာပါ တစ်ခုမှ တစ်ယောက်နဲ့မှ `မတောက်´လိုက်ရပါဘူး။ အင်္ဂလိပ် Vocabulary မှာ ဒီလိုမျိုးကို ဘယ်လိုခေါ်သလဲတော့ မသိပါဘူး။ အဓိကတော့ ကိုယ်ညံ့လို့ပေါ့။ သူတို့ကျလောက်တာလည်း တစ်ခုမှ မရှိလို့နေမှာပေါ့။ ယောက်ျားလိုရင် အနာဂတ်ကို ကြည့်ရတယ်၊ မိန်းမဆို အတိတ်ကို ကြည့်ရတယ်ဆိုရင် အဲဒီတုန်းက ကျွန်တော်မှာ အနာဂတ်က မရှိလိုလည်း ဖြစ်မှာပေါ့။ တကယ်တော့ အပြောအဆို မညက်လို့ကလည်း ပါပါတယ်။ လူချင်းတွေ့ပြီဆို ပြောဖို့ ပါးစပ်က ဘာမှ မထွက်တော့ဘူး။ ပြောလိုက်ရင်လည်း သောက်တလွဲ။

အဲဒါကြောင့် သူမနဲ့ အလှည့်ကျတော့ ဒီစာသူငယ်လည်း လည်သွားပြီ။ စာတွေအရင် ပို့ပြီး နည်းနည်းအဆင်ပြေတော့မှ ဖုန်းနဲ့ဆက်၊ ပြီးတော့မှ လူချင်းတွေ့တာလေ။ အဲဒီတုန်းက သူမက New Jersey မှာ ကျွန်တော်က Pennsylvania မှာ။ ပြည်နယ်ချင်း ကပ်ရက်။ ဗုဒ္ဓဟူးနေ့လောက် ပို့လိုက်ရင် သောကြာနေ့ ညနေဆိုရင် ရောက်ပြီ။ အတော်ပဲ တစ်ပတ်စာ။ Email နဲ့ မဟုတ်ဘူး။ ဒါမျိုးမှာတော့ မတူဘူးလေ။ လူချင်းကတော့ အရင်ကတည်းက ရင်နှီးနေပေမယ့် မရိုးသားတဲ့စိတ်ပြောမလား မေတ္တာစိတ်ပြောမလား အဲဒါဝင်ပြီးကတည်းက ကြောက်စိတ်ပါ တခါတည်း ပူးတွဲဝင်လာတော့ လူချင်းတွေ့ရင် အရင်လို မဟုတ်တော့ဘူး။ အဲဒါနဲ့ အဝေးကနေ လက်နက်ကြီးတွေနဲ့ အရင်ပစ်ပြီးတော့မှ ကျားတက်ထိုးရတာပေါ့။ ကျားတက်ထိုးတယ်ဆိုတာ အနီးကပ် တွေ့တယ်ပြောတာပါ။ တလွဲမတွေးပါနဲ့။

ထားပါတော့။ သူမ မတိုင်မီက တစ်ယောက်ယောက်က ပက်ပက်စက်စက် ငြင်းလိုက်ရင် တစ်လ နှစ်လ ဟတ်တက် ပက်လက် ဖြစ်ပြီး ခဏကြာရင်တော့ အမှတ်မရှိပါဘူး။ ဟုတ်တယ်လေ ဒီတစ်ယောက်နဲ့ပဲ ဘ၀သိမ်းရမယ်ဆိုရင်တော့ မတန်သေးပါဘူး။ ဖူးစာ မဆုံးသေးလို့ပဲကိုး။ ဒါပေမယ့် ကျွန်တော်က တွေ့ရာသူတွေကို ကြိုက်သွားတာတော့ မဟုတ်ပါဘူး။ ကျွန်တော်မှာလည်း စံတွေ Criteria တွေရှိပါသေးတယ်။ စိတ်ဓါတ်တွေ၊ ပညာရေးတွေက ထားပါတော့။ ဒီအသိုင်အ၀ိုင်းမှာတော့ ဒီလိုပဲ သူမသာ ကိုယ်မသာတွေပါပဲ။

များသောအားဖြင် ယောက်ျားလေးတွေမှာ မိန်းကလေးတွေလောက် စံတွေ၊ နှုန်းတွေ မရှိပေမယ့် ဒီလိုပဲ နည်းနည်းပါးပါးတော့ ကြည့်ရွေးတာပဲ။ မျက်နှာပေါက်ကတော့ ယောက်ျားလေးတိုင်းလိုလို ကြည့်တဲ့ဟာ ဖြစ်ပေမယ့် Hollywood က မင်းသမီးတွေလောက် ဘယ်ချောမလဲ။ ပြေပြစ်ရင် ပြီးတာပါပဲ။ အသားအရေကလည်း မြန်မာအမျိုးသမီးတွေဆိုတော့ ညိုတာရယ်၊ တရုတ်စပ်ရင် ဖြူတာရယ်ပဲ ဆိုတော့ အသားအရေနဲ့ ပတ်သတ်ပြီးတော့လည်း ယောက်ျားလေးတွေ ဂျေးမများတတ်ပါဘူး။ သူငယ်ချင်း တစ်ယောက်ကတော့ ဆံပင်ရှည်တာ ကြိုက်တယ်တဲ့။ ကမ္ဘာမြေကို လွှမ်းခြုံဖို့လေ။ ကျန်တဲ့ တစ်ယောက်ကလည်း ဆံပင်တိုတို ဂျစ်တူးစတိုင် (Blog ရေးတဲ့ မဂျစ်တူး မဟုတ်ပါ။ ယောက်ျားလေး ဆန်ဆန်ကို ပြောတာပါ) ကို ကြိုက်တယ်တဲ့။ ကျန်တဲ့သူတွေကတော့ ဒီလိုပါပဲ။ တစ်ယောက်ကျတော့လည်း ငါက ခြေသလုံး ကြည့်ရွေးတာတဲ့။ ဟေ့ကောင် စိတ်ကူးယဉ်မနေနဲ့ မော်ဒယ်ဂဲတွေတောင် ခြေသလုံးက အဲဒီလောက် မစင်းပါဘူးဆိုတော့ မဟုတ်ဘူးတဲ့ ၀ဲခြောက်တွေ ရှိမရှိ ကြည့်တာတဲ့။ မှတ်ကရော။ မင်းဘာသိလိုလဲ ၀ဲခြောက်မဟုတ်ရင်တောင် ငယ်ငယ်တုန်းက အဆော့သန်လို့ပဲ ဖြစ်ဖြစ်၊ ခြင်တွေကိုက်ရာကနေ ရတာပဲ ဖြစ်ဖြစ် တခြား အမာရွတ်တွေ အများကြီး ရှိတတ်တယ်တဲ့။ ပြီးတော့ ခြေသလုံးမွှေးတွေ ရှိတတ်တယ်တဲ့။

လက်သည်းနဲ့ လက်ချောင်းကြည့်ရွေးတဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်တော်က ကွန်ပြူတာ တက္ကသိုလ်ကို ရွေးခဲ့ပေမယ့် YIT က သူငယ်ချင်းတွေ များပါတယ်။ သူတို့က အထက်တန်းကတည်းက ခင်လာတာရော ပြီးတော့ YIT ကကောင်တွေက အပေအတေ တွေဆိုတော့ ဟန်ဆောင်တာလည်း မရှိဘူး။ YIT ကကောင်တွေဆိုတော့ YIT က မိန်ကလေးတွေကို လက်သည်း လက်ချောင်း ကြည့်ရွေးလို့ မရဘူးလေ။ Archi ကဆိုရင်တော့ တစ်မျိုးပေါ့။ အနုပညာလက်လေး ဘာလေးရနိုင်သေးတယ်။ မိန်းကလေးတွေက အခုနောက်ပိုင်းမှသာ လက်သည်းတွေ ဘာတွေကို ဂရုစိုက်တာပါ။ ကျွန်တော်တို့တုန်းက တော့ အလှအပ ကြိုက်တဲ့သူလောက်ပဲ ဂရုစိုက်ကြတယ်။ ခါးကြည့်ရွေးတဲ့သူလည်း ရှိပါတယ်။ မြန်မာ မိန်းကလေးတွေက များသောအားဖြင့် ပိန်တော့ ခါးကြည့်လည်း သိပ်တော့ မထူးလှပါဘူး။ အကုန်လုံး ဒီဆိုက်တွေပါပဲ။ ၀ရင်တော့ တစ်မျိုးပေါ့။ အဲဒီတော့ တစ်ယောက်က မင်းပြောမှလား.. အကုန်လုံးကတော့ ခါး ၂၃-၂၄-၂၅ ပဲပေါ့။ ခါးချည်းပဲ ကြည့်ရတာမဟုတ်ဘူး။ အချိုးကို ကြည့်ရတာတဲ့။

တစ်ယောက်ကတော့ အသံနားထောင် ရွေးတယ်တဲ့။ မင်းစဉ်းစားကြည့်.. တစ်သက်လုံး ငါ့နားမှာ တောက်လျောက် ပြောမယ့် အသံက အသံသေး အသံကြောင် စူးစူး ပြာပြာကြီး ဖြစ်နေရင် ဘယ်လိုလုပ်မလဲတဲ့။ အဲဒါဆိုလည်း အသံသြသြ လည်ဇလုတ်နဲ့ဟာ ရှာယူကွာလို့ ၀ိုင်းအကြံပေးလိုက်ကြပါတယ်။ တစ်ယောက်ကတော့ ငါကလမ်းလျှောက်တာပါ ကြည့်ရွေးတာတဲ့။ ဆိုက်ကတော့ မိုက်နေပြီ။ လမ်းလျောက်လိုက်တော့မှ အတွင်းခွင်၊ အပြင်ခွင် ဖြစ်နေရင် ဘယ်လိုလုပ်မလဲတဲ့။

တစ်ယောက်ကတော့ တံတောင်ဆစ်ကို ကြည့်ရွေးတာပါ။ တံတောင်ဆစ်မှာ အသားမာတွေ ဂျွတ်တွေ မရှိမှ၊ အဓိက ကတော့ လက်ကို ဆန့်ထားရင် တံတောင်ဆစ်နေရာမှာ အမည်းကွက် ရှိမနေမှတဲ့။ အသားဖြူတဲ့ သူတွေတောင် နည်းနည်း ကွက်နေနိုင်တယ်ဆိုပဲ။ ပြီးတော့ အဲဒီနေရာက Joint ဆိုတော့ လက်ကို ကွေးနေတဲ့ အချိန်မှာ အဆင်ပြေပြီး ဆန့်လိုက်ရင် အရေပြား အပိုလေးတွေထွက်လာတတ်တယ်လေ။ တချို့ဆိုရင် သိသာပြီး ကြည့်မကောင်းဘူး အသားပြည့်တဲ့ သူဆိုရင်တော့ မသိသာဘူးတဲ့။ တံတောင်ဆစ်မှာ ကွက်နေတာ ဘယ်လိုဟာနဲ့ တူသလည်းဆိုတော့ အင်မတန် လက်ရာမြောက်တဲ့ ပန်းပုရုပ်တစ်ခု ရွှေ့ရင်းနဲ့ဖြစ်ဖြစ် မတော်တဆ တိုက်မိပြီး ပွန်းရာ ထင်နေတာနဲ့ တူပါတယ်။

တစ်ယောက်ကတော့ လက်က အမွှေးနုနုလေးတွေ ရှိနေမှဆိုတဲ့ စံမျိုးနဲ့။ သူဌေးသမီးမှ လိုချင်ရင် ဒီလိုမျိုးသာ ရှာတဲ့။ ရွှေပေါ်မြတင် နေရင် လက်မှာ အမွှေးနုလေးတွေနဲ့ ယောက်ျားလေးတွေ ရင်ခုန်ဖို့ ကောင်းတယ်လေ။ လက်မှာ အမွှေးနုလေးတွေရှိရင် မီးဖိုချောင် မ၀င်ဘူးတဲ့သူ ဖြစ်နိုင်သေးတယ်။ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ဆိုတာ သိပ်မှန်တာပဲ။ အထူးသဖြင့် ဂက်စ် မီးဖိုနဲ့ ချက်ရင်ပါ။ Hot Plate လို မီးတောက် အပြင် မထွက်တဲ့ဟာနဲ့ ချက်ရင်တော့ ဒီလို အမွှေးနုလေးတွေကို ထိန်းထားနိုင်သေးတယ်။

တကယ်တော့ တစ်ယောက်တစ်မျိုးစီ ဒီလိုပဲ ရွေးကြတာပါ။ လဘက်ရည်ဆိုင် ထိုင်ရင်းနဲ့ မိန်းကလေးတွေကို ကြည့်ရင်း တစ်ယောက်အကြိုက် တစ်ယောက်ပြောကြတာပေါ့။ ဆက်ပြောရင်တော့ ကျွန်တော့်ကို ဖော်ကောင် ဘညွန့်ဆိုပြီး ၀ိုင်းသတ်ကြလိမ့်မယ်။ ကျွန်တော်လည်း ကျွန်တော်အကြိုက်နဲ့ ကျွန်တော်ပေါ့။ ကျွန်တော်ကရော မိန်းကလေးတွေကို ဘယ်နေရာကို ကြည့်ရွေးတယ်မှတ်လဲ။ အပေါ်က Criteria တစ်ခုခုနဲ့ပေါ့။ ဘာလဲဆိုတာတော့ မပြောပြဘူး.. အသေသာသတ်လိုက်။

17 comments:

Ma Yangon Thu - 8/8/07, 12:58 AM

Anday ရေ..
ဂလိုလား.. ယောင်္ကျားလေးတွေ အကြိုက်ကလည်း များလိုက်တာနော်.. Andy သူငယ်ချင်းတွေရော သူတို့ အကြိုက် ကိုက်ညီတာနဲ့ ရကြလားဟင်.. စပ်စုတာ.. :P

imaginary clouds no2 - 8/8/07, 1:15 AM

ခိုက်သွားပြီကွယ် ။

Myo Kyaw Htun - 8/8/07, 11:59 AM

လူတစ်ကိုယ် အကြိုက်တစ်မျိုးပါပဲ။
မေးမယ်လုပ်ကာပါမှ ... အသေသတ်သာ သတ်လိုက်ဆိုလို့ မမေးတော့ပါဘူး :P

Tun Myo Hlaing - 8/8/07, 12:23 PM

The third paragraph is good :P lol.

Andy Myint - 8/8/07, 3:52 PM
မရန်ကုန်သူ... မိန်းကလေးတွေနဲ့ ယှဉ်ရင် များတယ်တော့ မဟုတ်ပါဘူး... ယောက်ျားလေးတွေက တစ်ယောက်မှာမှ တစ်မျိုးလောက်ပဲ ရှိပါတယ်။ တချို့တွေလည်း အပိုင် ရကြပါတယ်။ တချို့တွေလည်း ခဏ ရကြပါတယ်။ တချို့တွေလည်း ကံမကောင်းပါဘူး။

တိန်တိန်ရယ်.. တို့မှာ ပိုင်ရှင် ရှိနေပါပြီ.. အဟွန့်.. အဟင့်။ (Blog က ပြန်ပြောတာ)

မျိုးကျော်ထွန်းရဲ့ အကြိုက်ကလေးလည်း သိပါရစေ.. ဟဲဟဲ။

TMH... Really? That was a strategy... ha ha.. :P
ဂျစ်တူး - gyit_tu - 8/9/07, 12:37 AM

ကိုအန်ဒီရေ.. အရေးကောင်းလိုက်တာ ။ ဖတ်ပြီး ရီနေတယ် အဟား.. ။ ကိုအန်ဒီ့သူငယ်ချင်းတွေကလည်း အမျိုးမျိုးပါလား ။ သူတို့ရွေးချက်တွေကတော့ စံပါပဲကွယ်လို့ ပြောရမလို့ ဖြစ်နေပါပြီရှင်း)

ဒီစလုံးမှာ ပြောလေ့ရှိတာတော့.. ယောက်ျားလေးဆိုရင် find someone who will peel prawns for you တဲ့ ။ နောက်.. အလုပ်က လူတချို့ကိုမေးကြည့်တော့လည်း အောင်မလေး.. မခွာပေးနိုင်ပါဘူး ၊ ဒီလောက် အလုပ်ရှုပ်တာတဲ့ (အဲလိုပြောတဲ့သူတွေက romantic မဖြစ်တဲ့သူတွေ သိလား အဟီး)

အဟဲ.. ဒါကြောင့် ခုထိ ဂျစ်တူး ရွေးမယ်ဆိုရင် ၊ ညစာခေါ်စားပြီး ပုဇွန်ဟင်း မှာစားပါတယ် ။

Andy Myint - 8/9/07, 1:12 PM
ဂျစ်တူးတို့က အဲဂလိုလား... ပိုင်ပါပေ့။

ပုဇွန်ကို ဒီအတိုင်း မကျက်တကျက် လှော်ထား ပြုတ်ထားတာကို ပြောတာလား။ Buffet စားရင်တော့ အဲဒါမျိုး များများ စားတယ်။

အကျက်တောင် မခွာပေးချင်ရင် အစိမ်းများ ကိုင်ရမယ်ဆိုရင် ဘယ်လိုနေမလဲ မသိဘူး။ Oh.. Nasty ဆိုပြီးများ ပြောမယ်ထင်တယ်။

အကြံထပ်ပေးလိုက်မယ် ညစာစားလို့ ပုဇွန်ခွာပေးတဲ့ သူနဲ့များတွေ့ခဲ့ရင် အိမ်ကို ထမင်းချက်စားကြမယ်ခေါ်ပြီး ပုဇွန်အစိမ်းပါ ခွာခိုင်းချေ။ ဒါဆိုရင်တော့ Double Confirmed ပဲ... ဟဲဟဲ။
ko tian - 8/9/07, 2:44 PM

သားကတော့ အကောင်လိုက် ၀ါးစား လိုက်တာပဲ (ပုဇွန်) ;D

ဂျစ်တူး - gyit_tu - 8/9/07, 4:51 PM

ဒီလိုလေ ကိုအန်ဒီ.. ဒီမှာ ပုဇွန်ဆိုရင် ခေါင်းခွာထားရင်တောင် ၊ ကိုယ်လုံးနဲ့ အမှီးမှာ မခွာထားဘူး ။ အဲဒီဟာမျိုး.. အများအားဖြင့်တော့ ညီမ စားတာ အကျက်ကြော်ထားတဲ့ဟာတွေ ၊ နောက် steam လိုမျိုး လုပ်ထားတာ (seafood buffet တွေမှာ ရှိတယ်) စားတယ်..

နောက် drunken prawn ရှိတယ်လေ.. အဲဒါဆို ပိုဆိုး.. ဘာမှမခွာထားဘူး ။ အဲလိုဟာ မှာစားတယ် အဟဲ ။

အဟီ အကိုအန်ဒီပြောတဲ့ အိမ်ခေါ်နည်းတော့ မလုပ်ဖူးသေးဘူး ။ thanks for the tip :)

Ko Tian.. ရေးထားတာ ရီရတယ် ။ အကောင်လိုက် ၀ါးစားတယ်တဲ့ ။ အခွံတွေက အခန့်မသင့်ရင် ဆူးတတ်တယ်နော် သတိထားး)

pandora - 8/9/07, 5:25 PM

ဒင်းတို့က ဒီလိုရွေးသကိုး အခုတော့သိပြီ သို့သော်လည်း နောက်ကျခဲ့ပြီ.

(နောက်တာပါ သိသားပဲ..ဟွန်းဟွန်း)

Andy Myint - 8/9/07, 7:23 PM
အင်း.. မိန်းကလေးတွေက ယောက်ျားလေးတွေ အကြောင်းကို ယောက်ျားလေးတွေက သိတာထက် အများကြီး ပိုသိပါတယ်။
SuN - 8/13/07, 7:17 PM

Funny post!!
I've asked some of my guy friends the same question. The answers are funny and vary too.

Andy Myint - 8/13/07, 7:38 PM
Yeah... it’s fortunate that likes vary… there would be war otherwise... :-P
Layma - 8/27/07, 11:10 PM

အာခီကဆိုရင်တော့ အနုပညာလက်ဖြစ်နိုင်တယ်ဆိုလို့  ..လေးမရဲ့ လက်ချောင်းတွေကိုပြန်ကြည့်မိတယ် …

ကိုမင်းကျော် - 8/31/07, 5:53 PM

ဟိုက်..... ဒီမှာက ပုဇွန်က အားလုံးခွာပြီးသား၊ အမြှီးကလွဲရင်ပေါ့၊ အမြှီးက ကိုင်ပြီး စားရုံဘဲလေ .... ဒါဆိုရင် ....?

Anonymous - 2/17/10, 3:09 AM

so funny!!
thanks for your this post..

စုစု - 9/25/12, 8:01 PM

အစ်မ အတွက်က တော့ အစ်ကို.စံနဲ.ကိုက်သွားတယ်နော်။ သမီးလေးကိုလည်း ကောင်းကောင်း ပြုစုပါအုံး။ သူကကြိုက်နေပါရဲ.နဲ. ဟိုဘက်က စံထဲပါသွားမှဖြင့်... အဟင့် အဟင့်။
တို.များလည်း ဘယ်စံထဲများ အထဲ့ခံခဲ့ရလည်းမသိ။

Post a Comment

Many thanks for dropping a comment…

Film