Friday, August 31, 2007

အဖြူအမည်း သီအိုရီ

တက္ကသိုလ် တက်နေရင်း ကျောင်းတွေ ပိတ်လိုက်တော့ KMD မှာ ဖွင့်တဲ့ NCC ကွန်ပြူတာ သင်တန်းသွားတက်တယ်။ အဲဒီမှာ BM (Business Management) ဘာသာ တစ်ဘာသာ ပါပြီး သင်တဲ့သူက နောင်တော့ Myanmar Universal Bank ဘဏ်မှာ အမှုဆောင်လူကြီး ဖြစ်သွားတဲ့ ဆရာ ဦးဝင့်ကျော်ဆိုတော့ ဒီလို အိပ်ဆေး ဘာသာကို ကျောင်းပြေးဖို့ နေနေသာသာ မမီ မီအောင် သွားတက်တယ်။ အဲဒီ အရွယ်တော် BM စာအုပ်ဟာ အိပ်ဆောင် ဖတ်ရတဲ့ စာအုပ်လို ဖြစ်လာတယ်။ အခုထိ တော်တော်များများကို မှတ်မိနေသေးပြီး စွဲစွဲ ထင်ထင် ဖြစ်နေတာတစ်ခုကတော့ Douglas McGregor ရဲ့ XY Theory ပဲ။ ကျွန်တော်က အဖြူအမည်း သီအိုရီလို့ ခေါ်မယ်။ တိုတို ပြောရရင်

အမည်း သီအိုရီက ပြောတယ် လူတွေက အလုပ် မလုပ်ချင်ဘူးတဲ့။
အဖြူ သီအိုရီကတော့ လူတွေက အလုပ် လုပ်ချင်တယ်တဲ့။
လူတွေက ငပျင်းတွေ၊ အလုပ်မလုပ်ချင်ဘူး။ ဒါကြောင်မို့ သူတို့ကို စောင့်ကြည့်နေပြီး ခိုင်းနေရမယ်။ လူတွေက ဘာလုပ်ရမယ်ဆိုတာကို မသိဘူး ယောင်ယောင် ကန်းကန်းနဲ့။ သူ့တို့ကို လမ်းကျောင်းပေးရမယ်။ လူတွေက တာဝန် မယူချင်ဘူး။ လူတွေက ပိုက်ဆံလိုချင်လို့ (ဒါမှမဟုတ်) ထမင်း မငတ်ရုံ တမယ် အလုပ်လုပ်နေကြတာ။ လူတွေကို အဆင့်ဆင့် အနီးကပ် စောင့်ကြည့်နေရမယ်။ အဲဒီ အတွက် အမည်း သီအိုရီနဲ့ အုပ်ချုပ်တဲ့ သူတွေက အမိန့်ပေးဖို့တွေ လိုလာတယ်။ အလုပ် ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတယ်။ တစ်ခုခု မှားယွင်းခဲ့ရင်လည်း တစ်ယောက်ယောက်ကို အပြစ်ပုံချမယ်။ ယနေ့ ထက်ထိ အခုလို အုပ်ချုပ်တာတွေ ရှိနေသေးပြီး အထူးသဖြင့် စစ်တပ်လိုမျိုးမှာ၊ စက်ရုံတွေလိုမျိုးမှာ ဒီလိုပဲ အုပ်ချုပ်ကြတယ်။

အဖြူ သီအိုရီအရဆိုရင်တော့ လူတွေက စိတ်ရော ကိုယ်ပါ အလုပ်လုပ်ချင်တယ်။ ထိန်းချုပ်ထားရုံ အပြစ်ပေးရုံနဲ့ လူတွေဆီက စွမ်းဆောင်ရည်တွေ ညှစ်ထုတ်နိုင်မှာ မဟုတ်ဘူး။ လူတွေက သူဘာသူ လမ်းကြောင်းချပြီး သူ့ရည်မှန်းချက်နဲ့ သူလုပ်တတ်တယ်။ လူတိုင်းမှာ အလားအလာကောင်းတွေ ရှိပြီး အပြည့်အ၀ မသုံးရသေးဘူး။ ဒီသီအိုရီကိုတော့ မန်နေဂျာတွေလိုမျိုးကို ဆက်ဆံတဲ့အခါ အုပ်ချုပ်တဲ့ အခါသုံးတယ်။ ဒါမှမဟုတ် ရာထူးမကြီးပေမဲ့ စိတ်ထား ရင့်ကျက်တဲ့ သူတွေကို အုပ်ချုပ်ရတဲ့ နေရာမှာ သုံးတယ်။

လက်တွေ့မှာရော ........ ။ ကျွန်တော်က အလုပ်ရှိတယ်။ အလုပ် မလုပ်ချင်ဘူး။ အိမ်မှာပဲ နေချင်တယ်။ ဒါမှမဟုတ် တစ်နေရာရာ (ဒေသတစ်ခုခု) သွားလည်ချင်တယ်။ မြန်မာပြည်က ကျွန်တော့် အစ်ကိုက (ဒီမှာ) အလုပ်လုပ်ချင်တယ်။ အလုပ်မလုပ်ရရင် မနေတတ်ဘူး။ မြန်မာပြည်က လူတွေက အလုပ် လုပ်ချင်ကြတယ်။ ပိုက်ဆံလိုချင်လို့ ပြောရင် ကျွန်တော့်ကို အမည်း သီအိုရီ သမားလို့ ပြောမယ်။ ဒါဆို အဖြူ သီအိုရီနဲ့ရော အလုပ်ဖြစ်မလား။ ဒီသီအိုရီတွေကို Motivation အတွက် အဓိကထားပြီး သုံးတယ်။ အကျယ်ကိုတော့ XY Theory ဆိုပြီး Google မှာရှာလို့ရတယ်။

အခု မြန်မာပြည်မှာ ဆန္ဒပြကြတယ်။ အရင်တုန်းက ကျောင်းထုတ်ခံရလောက်အောင် ဆန္ဒပြခဲ့ဖူးတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က အခု မပါတော့ဘူး။ သူ့မှာ တခြားရည်မှန်းချက်တွေ ရှိလို့တဲ့။ လူတွေ အကုန်လုံး မပါလာကြဘူး။ ဒါဟာ Motivation နည်းလို့ပဲ။ တစ်ထောင်တန်တွေ သိမ်းလိုက်ကြည့်ပါလား။ တစ်နိုင်ငံလုံး ဆူပွက်သွားမယ်။ ဒါကတော့ Motivation မကတော့ဘူး။ Ignition ပဲ Detonating ပဲ။ အလွယ်ဆုံး Motivation ကဘာလဲ မေးလာရင်တော့ မက်လုံးပေးတာပဲလို့ ဖြေမိမယ်။ ဒါပြီးမြောက်လို့ ဒါအောင်မြင်လို့ ဆုပေးတာ၊ ချီမွမ်းတာတွေက မက်လုံးပေးတာပဲ။ Blog မှာ Comment ရေးသွားကြတာ ရေးတဲ့သူကို Motivate လုပ်တာပဲ။ ကူညီအားဖြည့် ပေးတာလည်း Motivate လုပ်တာပဲ။ တစ်ယောက်တည်း လက်သီးလက်မောင်းတန်းနေရင် ဘယ်လောက် ကြာကြာလုပ်နိုင်မှာလဲ။ ဘေးကလူတွေ ပါလာရင် ပိုလုပ်နိုင်မှာပေါ့။ ငွေအား ဒါမှမဟုတ် အလုပ်ကို မြန်မြန်ပြီးမြောက်စေမှာ တစ်ခုခုကူညီပေးရင် ပိုအားတက် လုပ်ချင်လာတာပဲ။

ရည်မှန်းချက်တွေဟာလည်း Motivation ပဲ။ အမှတ် ၅၀၀ ကျော်မှ ၄၅၀ ကျော်မှ ဆေးကျောင်းရမယ်ဆိုလို့ ၁၀ တန်းကျောင်းသားတွေ အကုန်းအရုန်း ကြိုးစားကြတယ်။ Projectတွေ အချိန်မီ ပြီးမှ Bonus ရမယ်ဆိုလို့ အလုပ် ကြိုးစားကြတယ်။ ငါ့သားသမီးအတွက်ဆိုပြီး အလုပ်ပိုလုပ်တယ်။ ဒါတွေဟာ Driving Force တွေပဲ။ Standard တွေ Norm တွေ သတ်မှတ်ပေးတာလည်း Motivate လုပ်တာပဲ။ အမှိုက်ချတာ မယဉ်ကျေးတဲ့သူဆိုတာ စိတ်ထဲမှာ ရှိနေရင် ဘယ်သူမှ အမှိုက်မချတော့ဘူး။ ဒီအရွယ်မှာ ဒီလောက်ဖြစ်ရမယ်ဆိုတာလည်း Motivation ပဲ။ ချော့တာလည်း Motivation ခြောက်တာလည်း Motivation။ ချီးမွမ်းတာလည်း Motivation၊ ကဲ့ရဲ့တာလည်း Motivation။ ဖိနှိပ်တာလည်း Motivation မြှောက်ထိုးပင့်ကော် လုပ်တာလည်း Motivation။

Motivate လုပ်တာ အလုပ်မှာပဲ မဟုတ်၊ လင်မယားချင်းလည်း Motivate လုပ်တယ်။ မိသားစုဝင် အချင်းချင်းလည်း Motivate လုပ်တယ်။ သူငယ်ချင်းကိုလည်း Motivate လုပ်တယ်။ ပရိသတ်က ဖျော်ဖြေသူကို Motivate လုပ်တယ်။ ဖျော်ဖြေသူက ပရိသတ်ကို Motivate လုပ်တယ်။ ဆရာက တပည့်ကို Motivate လုပ်တယ်။ တပည့်က ဆရာကို Motivate လုပ်တယ်။ ပြည်သူ အချင်းချင်း Motivate လုပ်တယ်။ အစိုးရက ပြည်သူကို Motivate လုပ်တယ်။ ပြည်သူက အစိုးရကို Motivate လုပ်တယ်။ သူဆင်းရဲက သူဌေးကို မြင်ပြီး Motivated ဖြစ်တယ်။ သူဌေးက ဆင်းရဲမှာစိုးလို့ Motivated ဖြစ်တယ်။

Motivate လုပ်တာရဲ့ အန္တိမ ရည်မှန်းချက်ကတော့ တစ်ခုခု ပြီးမြောက် အောင်မြင်ဖို့ပဲ။ Motivate လုပ်တာ ထိရောက်ဖို့ Motivate လုပ်ခံရသူရဲ့ စိတ်နေစိတ်ထားနဲ့ပဲ ဆိုင်တယ်။ ဘယ်လောက် Motivate လုပ်လုပ် ဖြစ်ပါ့မလားကတော့ လူတိုင်းတွေးမှာပဲ။ ဒါဆိုလျှော့ပြီး Motivate လုပ်။ လျှော့ပြီး Motivate လုပ်တယ်ဆိုတာ ၁၀ မိုင်ပြေးရမယ့်သူကို ၇ မိုင်ပဲ ပြေးဖို့ Motivate လုပ်တယ်ဆိုတာ။ ဖြစ်နိုင်တယ်လို့ အောင်ရမယ်လို့ အာမခံတာ အကောင်းဆုံး Motivate လုပ်တာပဲ။ ရှုံးနိမ့်မှာပဲဆိုတဲ့ အတွေးကို ကူဖျောက်ပေးတာ အကောင်းဆုံး Motivation ပဲ။ လူပဲလေ နိုင်မယ့် မြင်းပဲ လောင်းချင်တာပေါ့။

မြန်မာပြည်မှာ ကြိုးစာချင်စိတ်တွေ စိတ်ဓါတ်တွေ ရေခဲမှတ်အောက် ကျနေတဲ့ ကျွန်တော့် အမျိုးတွေ ရှိတယ်။ ကဲ.. သူတို့ကို ဘယ်လို Motivate လုပ်မလဲ။

9 comments:

pandora - 8/31/07, 2:55 AM

ပထမဆုံးအနေနဲ့ကတော့ ဘလော့ဂ်ရေးတာကို motivate လုပ်ချင်လို့ comment လာရေးလိုက်ပါတယ်။ အဟဲ။

အောက်ကရေရင် တတိယပိုဒ်ရဲ့ ဒုတိယ အကြောင်းအရာကို motivate လုပ်ပုံလေး နည်းနည်း အသေးစိတ်ပြောနိုင်မလား။ ဟီးး။

အဲ.. ဒါတွေက အနောက်ပါ.. အတည်က အောက်မှာ....

မြန်မာပြည်က အမျိုးတွေ အတွက်တော့ .. အင်း.. ဒါကတော့ ပြဿနာမသေးဘူးဗျ. ပညာရှင်တွေတောင် ခေါင်းချင်းရိုက်နေကြတာ..။
auschwitz ကြီးပဲ သွားသွားမြင်တယ်။ အဲဒီအကြောင်း ကိုပု ဘလော့မှာလည်း ကွန်မန့်တစ်ခါ သွားရေးဖူးတယ်။ လက်နက်မဲ့လူများစုကြီးက လက်နက်ကိုင်လူနည်းစု ကိုခံချ ထွက်ပြေးဖို့ စိတ်မရှိတာ။ သိပ်မဆိုးလောက်ပါဘူး မျှော်လင့်ချက်နဲ့ ရိုရိုကျိုးကျိုး လိုက်လာတာ။ လူတွေဟာ အကြောက်တရားနဲ့ အချိုးခံလိုက်ရရင် တော်တော် အညွန့်တုံးတာပဲ။ စိတ်တွေကို စနစ်တကျ ချေမှုန်းခံရတော့ တော်တော်နဲ့ နာလန်မထူနိုင်ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမသိတော့ဘူး။ ကိုယ့်အနာဂတ်ကိုယ် မမြင်နိုင်တော့ဘူး။ စစ်မရောက်ခင် မြားကုန်ပြီ။ ဒီလိုအခြေအနေမှာ ဘယ်လို incentive တွေ ပေးပြီး motivate လုပ်ကြမလဲ ဆိုတာ လွယ်တဲ့ ပုစ္ဆာတော့မဟုတ်ဘူး။ incentive ကို အယုံအကြည် မရှိတာတောင် ဖြစ်နိုင်တယ်။ အဲဒါကတော့ ဂွပဲ။ ပိုဆိုးတယ်။
နောက်တစ်နည်း လုပ်လို့ရနိုင်တာကတော့ ဒီအတိုင်းနေရင် ငရဲအိုးထဲ ကျဖို့ပဲ ရှိတော့တယ် ဆိုတဲ့ အသိမျိုးဝင်လာရင်တော့ ကြောက်ပြီး လှုပ်လာနိုင်တယ်။ အင်း... ဒါကြောင့်လည်း smart ဖြစ်တဲ့ အုပ်ချုပ်သူမျိုးကတော့ ပြည်သူပြည်သားတွေကို မရှိမရှားလေး ဖြစ်အောင် စီမံပေးထားတတ်တယ်။ သူများ အမြင်လည်း ကြည့်ကောင်းတာပေါ့။

အင်း ပြောမယ့်ပြောတာ ကိုယ်တိုင်လည်း ကြောက်တတ်လို့ ကိုယ့်ဘလောဂ့် မှာတော့ ဒါမျိုးတွေမရေး သူများဘလော့ဂ်မှာပဲ ဒါမျိုးလေး ကြုံရင် ကွန်မန့်တွေ လေကြီးမိုးကြီး လိုက်လိုက်ချတာ.. ဟဲ။....... အဲ..ဒီလို မထင်ပါနဲ့..လို့။

ဂျစ်တူး - gyit_tu - 9/1/07, 12:05 AM

ခြောက်ပြီး motivate လုပ်နည်းက backfire ဖြစ်တတ်တယ် ။ လူတယောက်ဟာ.. အခြောက်ခံရတာ များလွန်းရင် ၊ မခံနိုင်တော့ပဲ ထုံသွားတတ်တယ်လို့ မြင်ပါတယ် ။

Anonymous - 9/1/07, 11:33 AM

talk about NCC in KMD. which batch were u in? class of 95? evening? i was in that class too :)

Andy Myint - 9/2/07, 8:23 PM
တားတား နိုင်နံရေး အတိဝူး.. တားတား ရေးတာ မိုတီဘေးချင်း...
လင်ယားချင်း ဘယ်လို မိုတီဘိတ်လုပ်ရဲ တိချင် ၀ယ်ဖတ်...
မျက်ချိကန်းလည်း တစ္စေ မကြောာာက်ပါဝူးးးး
Nuh... I'm from Class of 98
Layma - 9/5/07, 12:49 AM

motivate လုပ်ချင်လွန်းလို့  ၀င်ရေးသွားပါတယ်…ကိုယ့်ကိုယ်ကို ဘယ်လို motivate လုပ်ရမလဲ…။

Andy Myint - 9/5/07, 12:09 PM
မပန်ဒိုရာတို့၊ မဂျစ်တူးတို့ ဆီမှာ စစ်ကူ တောင်းထားတယ်။ ကျွန်တော်လည်း စဉ်းစားလို့ ရရင် ရေးလိုက်မယ်။
ဂျစ်တူး - gyit_tu - 9/6/07, 3:29 AM

ဂျစ်တူး၏ ကိုယ့်ဘာသာ မိုတီဗိတ် လုပ်နည်းများ ..

(၁) ကိုယ့်ဘာသာ ရက်အနည်းငယ် ပေတေပစ်လိုက်တယ် (လုပ်သင့်တာမလုပ် လုပ်ချင်တာပဲ လုပ်တာမျိုး) ။ အများဆုံး ၁ပတ် ။ အဲဒီအတွင်း ကိုယ့်ဘာသာ စိတ်တွေကို အေး၂ဆေး၂ စမ်းစစ်တယ် ။ ပေတေခွင့်ပေးလိုက်တဲ့တွက် ပြန် အလုပ်လုပ်ရမယ်လို့ ဆုံးမတယ် ။

(၂) ကိုယ့်ထက် ဘ၀ကံမကောင်းသူတွေကို စဉ်းစားတယ် ။ သူတို့တောင် ဘ၀မှာ နေနိုင်သေးရင် ၊ ငါက ဘာလို့ အဲလောက် ဖြစ်နေရလဲလို့ ကိုယ့်ဘာသာ အပြစ်တင်တယ် ။

(၃) ဘ၀မှာ နင်ဘာလုပ်ချင်တာဘာလဲ ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာ အခါပေါင်းများစွာ မေးတယ် ။

(၄) ၀ိုင်သောက်တယ် ဟဲဟဲ..

(၅) ရှော့ပင်းသွားတယ် .. အဟီး..

All written in order of importance :)

လေးမအတွက်း)

Andy Myint - 9/9/07, 1:12 PM
ကျွန်တော့်ကိုယ် ကျွန်တော်တော့ Motivate လုပ်ခဲပါတယ်။ Ambitious လည်းမဖြစ် Serious လည်းမဖြစ်လို့ပါ။ များသောအားဖြင့်တော့ သူများတွေ ဘယ်လိုဖြစ်နေလဲ.. ကိုယ်ကတော့ ဘယ်လောက် ဖြစ်ရမယ်ဆိုပြီးတော့ပဲ Motivate လုပ်ပါတယ်။ နောက်ပြီးတော့ မိသားစုအတွက် လုပ်နေတာပဲ ဆိုပြီး Motivate လုပ်ပါတယ်။ အလုပ်မှာ လုပ်ရတာ ပင်ပန်းတဲ့ နေတွေဆိုရင် အိမ်ပြန်ရောက်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ် တွေးပြီး Motivate လုပ်ပါတယ်။ ဂျစ်တူးပြောသလို ဆိုရင်တော့ ... အဟဲ ... ကျွန်တော်လည်း တစ်ခါတစ်လေ Whisky ကို On the Rocks သောက်ပြီး အားဖြည့်ပါတယ်။
Layma - 9/11/07, 11:13 PM

မဂျစ်နဲ့တုန်၂တို့ အဖေကိုကျေးဇူးတင်ပါတယ်...ဖတ်ပြီးလို့  ၀ိုင်သောက်လိုက်တာတော့ကြာပါပြီ...ဒီနေ့ မှကျေးဇူးစကားဆိုမိတာပါ...

Post a Comment

Many thanks for dropping a comment…

Film