Wednesday, September 05, 2007

လက်ဆောင်သည် အမေ

ကျွန်တော်တို့ အမေလည်း စင်္ကာပူမှာ ၆ လကျော်လောက် နေပြီးတော့ အဖေ့ကို လွမ်းတာနဲ့ အဲလေ... အချိန်တန်တာနဲ့ တနင်္လာနေ့ကပဲ ပြန်သွားပါတယ်။ အဲဒီနေ့မနက် လေဆိပ်လိုက်ပို့တော့ Luggage က ချိန်လိုက်တော့ ၃၀ ကီလိုလောက်ဆိုတော့ အဆင်ပြေပါတယ်။ လက်ဆွဲအိတ်က အိမ်မှာ ချိန်လာတာ ၁၈ ကီလိုရယ်၊ မုန့်ထုပ်တွေက ၆ ကီလိုလောက်ရယ် လက်ထဲမှာ တခြား အိတ်ကျန်နေသေးတော့ လေယာဉ်ထဲ မ၀င်ခင် ချိန်လိုက်ရင် ပိုက်ဆံ ပေးရမယ်ဆိုတော့ စိုးရိမ်နေတယ်။ အဲဒါနဲ့ တချက်လောက် စောင့်ကြည့်လိုက်တော့ ကျောင်းသူလေး တစ်ယောက်က အိတ်သေးသေးလေး ချိန်နေတာနဲ့ ၀င်ချိန်လိုက်တော့ နှစ်ယောက်ပေါင်း ၃၁ ကီလို ဆိုတော့ အဆင်ပြေသွားတယ်။ ပိုင်ရှင်ဆီကမှ ၁၃ ကီလိုရယ် ကပ်ချိန်တဲ့သူဟာက ၁၈ ကီလို ရှိနေတယ်။ ဒီကောင်မလေးကိုတော့ ကျေးဇူးတင်စရာ။ ဒီလောက် ကီလို ၅၀ လေးတာ တစ်ခုမှ အမေ့ အ၀တ်အစားတွေ မပါဘူး။ ဒီမှာ ၀တ်တဲ့ဟာတွေက ဟိုမှာ ၀တ်လို့ မရလို့ ဆိုပြီး ထားခဲ့တယ်။ အိမ်နေရင်း ၀တ်တာတွေကလည်း ဟိုမှာ ရှိသေးတယ် ဆိုပြီး ထားခဲ့တယ်။ နောက် လူကြုံက အမြဲ ရှိနေတာ ဆိုတော့ နောက်မှ တစ်ယောက်ယောက်နဲ့ ထည့်ပေးလိုက် ဆိုပြီး ထားခဲ့တယ်။ အဲဒီ ကီလို ၅၀ လုံးဟာ မြန်မာပြည် ပြန်ရောက်ရင် လက်ဆောင် ပေးဖို့ဆိုပြီး ၀ယ်သွားတာတွေချည်းပါပဲ။

ဒီမှာ ရှိတဲ့ သားနှစ်ယောက်က ပြန်ခါနီး အမေ ၀ယ်ချင်ရာ ၀ယ်ဖို့ဆိုပြီး တစ်ယောက် ၅၀၀ ဆီ မုန့်ဖို့းပေးတယ်.. အဲလေ.. ကန်တော့ကြတယ်။ ဒါတောင် သက်သက် လမ်းကြုံလို့ ကိုယ့်ဟာကိုယ် ၀ယ်လာပေးတာ မပါသေးဘူး။ပြန်ခါနီး ၂ ပတ်လောက် ကတည်းက ၀ယ်လိုက်တာ ဆိုတာ နေ့တိုင်း အပြင်ထွက် ပြီးတော့ ပြန်လာပါပြီ အထုတ်ကြီး အထုတ်ငယ်နဲ့။ Tangs မှာ ဈေးချတယ် ဆိုလို့ Tangs ကို ပြေးရတယ်။ Tampines မှာ Metro က ဖျက်လို့ Renovation Sales ဆိုလို့ Tampines ကို ပြေးရတယ်။ OG ဆိုလို့ OG ပြေးမယ်ဆိုရင်တောင် Orchard က OG မှတဲ့၊ အဲဒီမှာ မိန်းမကိုင်အိတ်တွေ များတယ်တဲ့။ စင်္ကာပူမှာ Shopping ထွက်လာတယ်ဆိုတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေတောင် အမေ ၀ယ်တာကို မီမှာ မဟုတ်ဘူး။ သူတို့ကတော့ ကိုယ့်ထက် ၀ယ်နိုင်ပါတယ်။ အချိန်မရတာနဲ့ နေရာမသိတာကို ပြောတာ။ ဒီလောက် ၀ယ်နေတာလည်း သူ့အတွက်မဟုတ်ပြန်ဘူး။ လက်ဆောင်ပေးဖို့ ဟိုလူ ကျန်သေးလို့ ဒီလူကတော့ မပေးလို့ မကောင်းဘူး ဆိုတော့လည်း ကျွန်တော်တို့ မပြောသာတော့ပါဘူး။ ကဲ.. လူစုံအောင်သာ ၀ယ်။ စိတ်ချမ်းသာရင် ပြီးရောဆိုပြီး သူသွားချင်တဲ့နေရာ လိုက်ပို့ပေးရတယ်။

အမေတို့က အစ်ကိုကြီး နှစ်ယောက် အပါအ၀င် မောင်နှမ ကိုးယောက် ရှိတော့ သူတို့ကို သီတင်းကျွတ် ကန်တော့ဖို့ လက်ဆောင်ပေးဖို့ ဆိုပြီး ၀ယ်တယ်။ တခြား အရမ်းနီးတဲ့ တစ်ဝမ်းကွဲ ဘကြီးတွေ၊ ကြီးတော်တွေကလည်း ရှိသေး။ အဘွားက နှစ်ယောက်။ နေတာကလည်း ကန်ထရိုက် တိုက်ခန်းမှာဆိုတော့ လှေကားတစ်ခုလုံးမှာ ရှိသမျှလူတွေက အိမ်နီးချင်းတွေချည်းပဲ။ ဒါတောင် အကုန်လုံးနဲ့ မလုံးလို့ တော်သေးတယ်။ အဲဒါနဲ့ စင်္ကာပူက အပြန်လက်ဆောင်ပေးတာ ဆိုတော့ ပါတိတ်ပေးမယ်ဆိုတော့ ချစ်အဒေါ်များက ပါတိတ်က ဒီမှာ (မြန်မာပြည်မှာ) ၀ယ်လို့ရတယ်။ ငါတို့မှာလည်း ထမီတွေ အများကြီးပဲ၊ မ၀တ်ရသေးတာတွေတောင် အများကြီးပဲတဲ့။ လက်ဆောင်ပေးရင်လည်း လက်ကိုင်အိတ်လေး ဘာလေး ပေးပေါ့ဟယ်တဲ့။ ချစ်ဖို့ ကောင်းလိုက်တာ။ အဲဒါနဲ့ပဲ လက်ကိုင်အိတ်တွေ လိုက်ရှာရတယ်။ ပါတိတ်ဆို လွန်ရော ကျွန်ရော ဆိုတောင် တစ်ထည် ၂၅$ ပေါ့။ လက်ကိုင်အိတ်ကတော့ ၂၅$ ဆို သိပ် မကောင်းချင်သေးဘူး။ ၃၀$ ကျော်လောက် ပေးမှ ကောင်းကောင်းရတယ်ဆိုတာတောင် လက်ကိုင်အိတ်တွေ ၀ယ်ထားတယ်ဆိုတာ ပြန်ရောင်းစားဖို့လား ထင်ရတယ်။ မှာတဲ့ အဒေါ်များကလည်း အဖြူရောင် မ၀ယ်နဲ့တို့၊ လွယ်လို့ ရအောင် ကြိုးရှည်ရှည်တို့ အမာမဟုတ်ဘူးတို့ စုံနေတာပဲ။ အမေ ဒီလာ ခါနီး ဒီကို သယ်လာဖို့ ဟင်းတွေဘာတွေ ချက်တော့လည်း သူတို့တွေက ၀ိုင်းကူ ချက်ထားတယ်ဆိုတော့ ကဲ.. ၀ယ်သာဝယ်ပဲပေါ့။ ပြီးတော့လည်း မထူးပါဘူး ဟိုး Arab Street ထိသွားပြီး ပါတိတ်တွေ ၀ယ်လာသေးတာပဲ။ လိုလိုမယ်မယ် ပေးရအောင် ဆိုပြီး။

နိုင်ငံခြားက ပြန်လာတာ ဆိုတော့ ထုံးစံအတိုင်း ချောကလက်ကလည်း မပါမဖြစ်။ ချောကလက် ဆိုတာမျိုးကလည်း တစ်ဒါဇင်လောက် ၀ယ်လိုက်ရင် ၂ကီလိုလောက်က အသာလေး။ လူကြုံထည့်ပေးတဲ့ သူတွေကလည်း မညှာမတာ ချောကလက်တွေ ထည့်ပေး။ ငြင်းလို့လည်း မကောင်းတော့ ဒီလိုပဲ လက်ခံထားလိုက်ရတယ်။ ကိုယ်ကလည်း သူတို့ ပြန်ရင် ၁ ကီလို ၂ ကီလိုလောက် လမ်းကြုံ ပေးနေတာကိုး ငြင်းလို့ ဘယ်ရမလဲ။ အခုလည်း လမုန့်ရာသီ စပြီဆိုတော့ လမုန့်။ လမုန့်ဆိုတာမျိုးကလည်း တစ်တုံးတစ်တုံး လူကို ပစ်ပေါက်လို့ ရအောင် အလေးချိန် စီးတာမျိုး။ စင်္ကာပူမှာက ဘာမှသာ မစိုက်တာ အော်ဇီက စပျစ်တွေ၊ New Zealand က ကီဝီသီးတွေ၊ ဟိုး တောင်အာဖရိကက Cape Town က Plum သစ်သီးတွေက အင်မတန် ပေါဆိုတော့ အဲဒါလေးတွေလည်း ဟိုက လူတွေကို ကျွေးချင်တယ်ဆိုတော့ ကဲ.. ၀ယ်ပေါ့။ မ၀ယ်နဲ့ ပြောလည်း ကိုယ်ပဲ ပြိတ္တာဖြစ်မယ်လေ။ ပြီးတော့ ပိုက်ဆံ ပြန်ပေးမယ် ၀ယ်လာလို့ အသေအချာ မှာတဲ့ ဟာတွေကလည်း ရှိသေးတယ်။ ဆံပင်ဆိုးဆေးနဲ့၊ ထီးကနေ ကြမ်းတိုက်တဲ့ တုတ်တံတို့ အ၀တ်တို့။ အကြီးတွေ မ၀ယ်ခင်က Dasio ဆိုတဲ့ ဘာဝယ်ဝယ် ၂$ ဆိုင်မှာ တိုလီမိုလီတွေ ၀ယ်ထားသေးတယ်။ Mustafa ဆိုတာလည်း အခေါက်ခေါက်။

တစ်နေ့ တစ်နေ့ ၀ယ်လာလိုက် အိတ်ထဲထည့်ပြီး ချိန်လိုက်။ ဟိုအထုတ်ထဲက ဟာကို ဒီအထုတ်ထဲ ထည့်ချိန် ရှုပ်နေတာပဲ။ ပြန်ခါနီး ညအထိ ၀ယ်တဲ့ ဇာတ်လမ်းက မပြီးနိုင်တော့ဘူး။ မနက်လည်းကျရော လေဆိပ်မှာ ပေါင်ချိန်ပိုလို့ ပိုက်ဆံပေးရမှာ စိုးလို့ ဟိုလူရှာ ဒီလူရှာနဲ့ တော်သေးတယ် အဆင်ပြေသွားလို့။ စင်္ကာပူမှာတော့ ဒီလိုပဲ အဆင်ပြေပါတယ်။ မြန်မာစကား ပြောကြသူချင်းပဲ။ သူမ အမေတုန်းကလည်း ပေါင်ချိန်တွေ ပိုနေတော့ ဒီလိုပဲ Check-In ၀င်တဲ့ နေရာမှာ ရစ်သီ ရစ်သီနဲ့ စောင့်နေတာ သင်္ဘောသား တစ်ယောက်က ကျောပိုးအိတ်လေး တစ်လုံးရယ် လက်ဆွဲ အိတ်သေးသေး တစ်လုံးရယ်နဲ့ လာတော့ အကူအညီတောင်းပြီး ရောချိန်လိုက်တယ်။ ထုံးစံအတိုင်း ကိုယ့်ပေါင်ချိန်က ခပ်များများ။ အခုလည်း ကျောင်းသူလေး တစ်ယောက်နဲ့ တွေ့လို့ တော်သေးတယ်။

ဝယ်လာပြီးတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ကဲ.. ဒီလောက်တောင် ၀ယ်ပြီးပြီ အိမ်အတွက်ရော ဘယ်လောက်ပါလဲ တွက်ပါဦးဆိုတော့ အိမ်အတွက်က ၄၀% လောက်တောင် မပါချင်ဘူး။ ကျန်တာက လက်ဆောင်ပေးဖို့နဲ့ ၀ယ်လာဖို့ မှာလိုက်တဲ့ ဟာတွေ။ ပြီးတော့ မြန်မာငွေနဲ့ ပြန်တွက်ပြီး အမေလည်း မျက်နှာငယ်လေး ဖြစ်နေတာနဲ့ ကျွန်တော်တို့တတွေ အစ မဖော်တော့ပါဘူး။ သူကတော့ ဒါ သီတင်းကျွတ် ကန်တော့တာဆိုပြီး လက်ဆောင်ပေး ကန်တော့ လုပ်လိုက်မယ်တဲ့။ ဒီလိုပါပဲ နိုင်ငံခြားက ပြန်လာတာဆိုတော့ အမေလည်း လက်ဆောင်တွေ ဘာတွေ ပေးချင်မှာပေါ့။ ကျွန်တော်လည်း တခြားနိုင်ငံ တစ်ခုက ပြန်လာတော့ လက်ဆောင်ဝယ်တော့ နှုတ်ခမ်းနီတွေ၊ မိတ်ကပ်ဘူးတွေ ၀ယ်လာတယ်။ အဲဒီမှာ ဈေးချိုပေမယ့် မြန်မာပြည်မှာတော့ အမှန်အကန်ဆိုပြီး ရှားတယ်လေ။ အဒေါ်တွေလည်း ပေးလို့ ရတယ်။ ဦးလေးတွေဆိုလည်း သူတို့ မိန်းမတွေကို ပေးလိုက်ရင် သူတို့လည်း တိတ်သွားရော။ တကယ်တမ်းတော့ အမျိုးသမီးတွေ အတွက်က လက်ဆောင်ပစ္စည်း ၀ယ်ရတာ လွယ်တယ်။ ဈေးချိုချိုနဲ့ မျိုးစုံ ရှိတယ်။ ယောက်ျားတွေ အတွက်က ၀ယ်ရတာ မလွယ်ဘူး။ ပိုက်ဆံအိတ်ဆိုလည်း ၅၀-၁၀၀ လောက်မှ ပေးလို့ကောင်းတာ ရတယ်။ ရှပ်အင်္ကျီကလည်း ပေးလို့ မကောင်း။ ငယ်ရင်တော့ တီရှပ်ပေးလို့ ရပေမယ့် Giordano တို့၊ Hang Ten တို့ဆို ကိုယ်ကသာ ဒီမှာ ၀တ်နေတာ ဟိုကလူတွေကို လက်ဆောင် ပေးလို့ကလည်း အသစ်အဆန်းမဟုတ်။ မြန်မာပြည်မှာက ဆိုင်တွေ ရှိနေတာကိုး။ တီရှပ်ဆိုလည်း Espirit လောက်မှ။ အဲ.. ဒိပြင် ဘာပေးရမလဲ စဉ်းစာလို့ကို မရဘူး။ လူကြီးတွေ ၀တ်တဲ့ စပို့ရှပ်တော့ ပေးလို့ရတယ်။ အဲဒီလိုနဲ့ပဲ အဖေလည်း ကျွန်တော်တို့ဆီက လက်ဆောင် သိပ်မရရှာပါဘူး။ သူလိုချင်တာလည်း Pocket PC တို့။ External Harddisk တို့။ Laptop တို့ဆိုတော့ တချို့ဟာတွေကို မ၀ယ်ပေးနိုင်ဘူးလေ။ အိန္ဒိယက ပြန်လာတော့လည်း အဖေ့အတွက် ဘာဝယ်ရမှန်း မသိပေမယ့် အမေကတော့ ပက်ရှမီးနားတွေ၊ ကက်ရှမီးနားတွေ မှာပြီးသွားပြီ။

သူသူငါငါကတော့ နိုင်ငံခြားက တစ်ယောက် ပြန်လာရင် (အပျော်သဘောနဲ့) လက်ဆောင်လိုချင် ပေမယ့် ၀ယ်ရတဲ့ သူများအတွက်တော့ မလွယ်လှပါဘူး။ ကိုယ်လည်း ရခဲ့တုန်းက အင်မတန် ပျော်ပါတယ်။ နိုင်ငံခြားက သင်္ဘောသားတွေ ဘာတွေ ပေးတဲ့ ပစ္စည်းတွေက အသစ်အဆန်းတွေချည်းပဲလေ။ ၀ယ်ရတဲ့သူတွေမှာ မြန်မာငွေနဲ့ ပြန်တွက်နေရမယ့် သူတွေဆို ပိုမလွယ်ပါဘူး။ ဥပမာ ကျွန်တော့် အသိ တစ်ယောက်က တစ်ပတ်လောက် အစိုးရ ကိစ္စနဲ့ လာတာဆို သူခမျာ အထက်လူကြီးတွေ အတွက်က တစ်မျိုး၊ ရုံးက အသိတွေ အတွက်က တစ်မျိုး၊ မိသားစု အတွက်ကလည်း မ၀ယ်မဖြစ်၊ အသိ မိတ်ဆွေတွေကလည်း ၀ယ်ရသေးတယ်ဆိုတော့ ရတဲ့ ငွေလည်းနဲ့တောင် မလောက်လို့ အိပ်စိုက်ရပါသေးတယ်။ ဒါတောင် ဟိုတယ်အခန်းထဲက ခေါင်းလျှော်ရည် ဘူးလေးတွေ ဘာတွေ ပြန်သယ်သွားပြီး လက်ဆောင် အဖြစ်ပေးလို့ တော်သေးတယ်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အမေ လက်ဆောင်သည်ကြီးလည်း မြန်မာပြည် ပြန်ရောက်လို့ ပါတဲ့ လက်ဆောင်လေးတွေ ပေးလို့ အပြုံးတွေ၊ အပျော်တွေ ပြန်ရတယ် ဆိုရင်ဖြစ် အရင်း ကြေပါပြီ။ အမေလည်း ဒီလို ပီတိတွေရလို့ ပျော်ရတယ်ဆိုရင်ဖြစ် ကျွန်တော်တို့မှာလည်း ကုသိုလ်ရတယ်ဆို အမြတ်ထွက်ပြီပေါ့.. လက်ဆောင်သည် အမေရယ်။ ။

3 comments:

nu-san - 9/5/07, 1:06 PM

Andy ရေ.. ရေးတတ်လိုက်တာ.. မျက်လုံးထဲကို တကယ်မြင်အောင်ရေးတတ်တယ်။ ဟုတ်တယ်နော်.. နိုင်ငံခြားက ပြန်ပြီဆိုရင် လက်ဆောင်ပေးဖို့ စဉ်းစားရတာ တော်တော်ခက်တဲ့ အလုပ်။ ကိုယ်ပေးတာ ကြိုက်ပါ့မလား၊ မပါလာရင်လည်း မပါလာလို့ စိတ်ခုမလား၊ ပြီးတော့ ကိုယ့်ပေးနိုင်တဲ့ တန်ဖိုးကိုလည်း ထည့်တွက်ရသေးတာကိုး.. ပြန်ခါနီးရင် တော်တော်ကို ခေါင်းစားတယ်။

အော်.. ဒါကြောင့် ဘဲမိသားစု အခုတလော ငြိမ်နေတာပေါ့လေ.. :D

sisain - 9/9/07, 2:22 PM

သိပ်ငြိမ်းချမ်းတဲ့ မိသားစုဘ၀လေးပါ ကိုအင်န်ဒီ..
ဖတ်ရတာကိုက ကြည်နူးဖို့ ကောင်းနေပါတယ်..
ကျေနပ်ပျော်ရွှင်ဖွယ်အချိန်များ ကြာရှည်တည်တံ့ပါစေဗျာ-

nyimuyar - 12/14/08, 7:35 PM

ကိုအန်ဒီ ရေ ကျနော်တို့  ဇနီးမောင်နှံ လည်း ရန်ကုန် ပြန်ခါနီး လက်ဆောင် တွေ ၀ယ်နေတုန်း ဖတ်မိတယ် စာရေးကောင်းတယ်ဗျ။ ကျနော့် အမျိုးသမီးဆို ဖတ်ပြီး သဘောတွေ ကျလို့ ကွန်မန့် လေးရေးလိုက်ပါဦးဆိုလို့  ရေးလိုက်ပါတယ်။ နောင် အမြဲ လာဖတ်ရမယ့် ဘလော့တခု တိုးပြီပေါ့ခင်ဗျာ။

ညီမူရာ

Post a Comment

Many thanks for dropping a comment…

Film