Saturday, September 08, 2007

ပူတီ

ပူတီက အကြောင်းမသိရင် အိမ်မှာ လုပ်စားဖြစ်မှာ မဟုတ်ပါဘူး။ တကယ်တော့ လွယ်ပါတယ်။ လွယ်ပါတယ် ဆိုပြီး လုပ်စားကြခါမှ မာသွားလို့ ဆတ်သွားလို့ ဆို့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဂျုံနယ်တာ အရေးကြီးပါတယ်။ ဂျူုံ... ဂျုံကောင်းမှ.. ဆိုသလိုမျိုးပါ။ အလွယ်ဆုံးကတော့ All Purpose (Plain) Flour တစ်မျိုးတည်းနဲ့ လုပ်စားလို့ ရပါတယ်။ အဲဒီဂျုံကို ချာပါတီလုပ်တဲ့ ဂျုံနဲ့ ရောလုပ်လည်း ရပါတယ်။ အလွယ် ပြောရမယ် ဆိုရင်တော့ ဂျုံချောနဲ့ ဂျုံကြမ်းနဲ့ ရောလုပ်တာပါ။ ကျွန်တော်တို့က လူကြီးလေးယောက်စာ အတွက် ဂျုံ ကော်ဖီခွက် ၃ ခွက်၊ ရေနွေး ၁ ခွက်နီးနီးနဲ့ နယ်ပါတယ်။ ရေနွေးက ပူပူ မဟုတ်ပါဘူး နွေးနွေးလေးပါ။ ပွက်ပွက် ဆူနေတာ ဆိုရင်လည်း လက် အပူလောင် နိုင်သေးတယ်။ အစတုန်းက လုပ်စားတုန်းက ရေအေးနဲ့ နယ်တာ ဂျုံက အလွယ် စီးမလာပါဘူး။ ကြော်တော့လည်း မာဆတ်ဆတ်နဲ့ စားရတာ သိပ်မနူးညံ့ပါဘူး။ ဆားနည်းနည်းရယ် ဆီ ၂ ဇွန်းလောက်ရယ် ထည့်နယ်ပါတယ်။ တကယ်တော့ ဂီးထောပတ်ထည့်ရင် မွှေးလည်းမွှေးတယ်၊ ပိုလည်း နူးညံ့ပါတယ်။ ကျွန်တော်တို့ကတော့ ဟင်းချက်တဲ့ ဆီပဲ ထည့်လိုက်ပါတယ်။ ပထမတော့ ဒီလိုပဲ နယ်ပါတယ်။ နောက်တော့ လက်သီးဆုပ်တွေနဲ့ ဖိဖိပြီး နယ်ပါတယ်။ မိသားစု တစ်စုစာဆိုတော့ ပင်ပင် ပန်းပန်းတော့ မဟုတ်ပါဘူး။ ဂျုံတွေ စီးလားပြီး လက်မှာ မကပ်တော့တဲ့ အထိ နယ်ပြီးတော့ အ၀တ်စ တစ်စကို ရေဆွတ်ပြီး အုပ်ထားလိုက်တယ်။ ဒါမှ အပေါ်ယံတွေ မခြောက်သွားမှာ။ မနက်စာ အတွက် ညကတည်းက နယ်ထားပါတယ်။ မကြော်ခင် ၁ နာရီလောက် ကြိုနယ်လည်း ရပါတယ်။

မနက်ကျတော့ ဂျုံတွေက အတော်ပါပဲ။ တစ်ယောက်က ဂျုံပြားရိုက်ပြီး တစ်ယောက်က ကြော်ပါတယ်။ ဂျုံတွေကို ပင်ပေါင် ဘော်လုံးလောက် မရှိတရှိစာလေးတွေ ခွဲယူပါတယ်။ အဲဒီ ဂျုံလုံးလေးတွေကို သစ်သား စဉ်းနှီးတုံးပေါ်မှာ (လှိမ့်တုံးမရှိတော့) ပုလင်တစ်လုံးနဲ့ ဖြည်းဖြည်း လှိမ့်ပါတယ်။ ဆီနည်းနည်းကို ပန်းကန်လုံးထဲ ထည့်ပြီး ဆောင်ထားပါတယ်။ အောက်ခံပြားကိုလည်း သုတ်ဖို့ရယ် ဂျုံတွေ လက်မှာ မကပ်အောင်ရယ်ပါ။ ဂျုံမှုန့်နဲ့ ကိုင်လည်း မကပ်ပေမယ့် အဲဒီ ဂျုံမှုန့် အခြောက်တွေက ကြော်လိုက်ရင် တူးသွားတတ်ပါတယ်။ ဂီးထောပတ်လေးနဲ့ဆိုရင် ကြော်လိုက်တဲ့ အခါ အရောင် ပိုလှပါတယ်။ မထူမပါး အ၀ိုင်းလေးတွေ လုပ်ပါတယ်။ အရမ်း ထူသွားရင်လည်း မပွတော့ဘဲ ဂျပ်ခဲကြီး ဖြစ်နေပါတယ်။ ပါးလွန်းအားကြီးရင်လည်း ဆီထဲ ထည့်လိုက်တာနဲ့ ကြွပ်ကြွပ်ကြီး ဖြစ်သွားတတ်ပါတယ်။ ဒယ်အိုးက စောက်စောက်ထဲမှာ ဆီများများ ထည့်ပြီး မီရှိန်ကောင်းကောင်းနဲ့ ဆီအမြုတ် (Deep Fried) ကြော်ပါတယ်။ ဂျုံပြားလေးက ထည့်လိုက်ပြီး ခဏနေတာနဲ့ ပွတက်လာရပါမယ်။ ပွလာပြီ ဆိုရင်ဖြင် တစ်ဖက်ကို လှန်လို့ရပါတယ်။ နီအောင် စောင့်စရာ မလိုပါဘူး။ အရမ်းကြွပ်သွားရင် စားလို့လည်း မကောင်းပါဘူး၊ ဆီတွေလည်း စိမ့်ဝင်ပြီး လျှာပေါ်မှာ ဆီအရသာပဲ ရပါလိမ့်မယ်။

ဒီလို ဂျုံပြားလှိမ့်ဖို့ရယ် ကြော်ဖို့ရယ် အတွက် နှစ်ယောက်လောက်တော့ လိုပါတယ်။ တစ်ယောက်က လှိမ့်နေချိန်မှာ တစ်ယောက်က ကြော်ပါတယ်။ ဒါတောင် လေးယောက်စာကို မိနစ် ၄၀ လောက် ကြော်လိုက်ရပါတယ်။ နှစ်ယောက်က ပူတီကြော်နေတုန်း နောက်ထပ်တစ်ယောက်က တွဲစားဖို့ ဟင်းချက်ပါတယ်။ ဒီတစ်ခေါက်တော့ ဟင်းအနှစ်ကို ကုလားဆိုင်မှာ စပ်ခိုင်းလိုက်ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ ထောင်းထားတာကို နနွင်းများများ၊ ငရုတ်သီးမှုန့်ရယ်၊ မဆလာမျိုးစုံရယ် ရောထားတဲ့ ဟင်းအနှစ် တစ်ခါချက်စာကို ပြား၅၀ပဲ ပေးရပြီး ဆီသတ်ရွက် နည်းနည်းတောင် အဆစ်ရလိုက်ပါသေးတယ်။ ကိုယ့်ဟာကိုယ် လုပ်မယ်ဆို အဲဒီလောက် စုံမှာ မဟုတ်ပါဘူး။ ကုလားစာ စစ်စစ်လည်း ဖြစ်မှာ မဟုတ်ပါဘူး။ အခုလိုဆိုတော့ တန်သွားပါတယ်။ ခရမ်းသီး၊ အာလူး၊ မုန်လာဥနီ၊ ရုံးပတီသီးတွေကို ရေဆေးပြီး အရွယ်တော် အတုံးလေးတွေ တုံးထားပါတယ်။ ပဲနီလေးကိုလည်း သန့်စင်ပြီး ရေစိမ်ထားပါတယ်။ ဆီကို ပျဉ်းတော်သိမ်ရွက်နဲ့ မွှေးနေအောင်လုပ်ပြီး အဲဒီ ၀ယ်လာတဲ့ အနှစ်တွေ ထည့်ပြီး ဆီသတ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေရယ် ပဲနီလေးရယ်ကို ရောထည့်လိုက်ပါတယ်။ ပဲနီလေးက အနူးလွယ်တော့ ရောထည့်လို့ ရပါတယ်။ တခြားပဲတွေဆိုရင်တော့ ပဲကို အရင် ထည့်ရမှာပါ။ ခဏနေတော့ ရေနည်းနည်း ဆားနည်းနည်း ထည့်ပါတယ်။ အရည်သောက်မဟုတ်ပါဘူး။ ဟင်းပြစ်ပြစ် ဖြစ်အောင် ချက်ပါတယ်။ အပူရှိန်ကြောင့် ဗိုက်တာမင်တွေ ဘာတွေ ဆုံးရှုံးမှာလည်း တွေးနေလို့ မရပါဘူး။ ဟင်းသီးဟင်းရွက်တွေ ပျော်သွားပြီး ပဲတွေလည်း နူးလောက်တဲ့ အချိန်ဆိုရင်တော့ စားဖို့ အဆင်သင့် ဖြစ်ပါပြီး။ ပူတီကိုလည်း ကြော်ပြီးခါစ စားမှ ကောင်းပါတယ်။ တကယ်စားတဲ့ အချိန်ကျရင် ဒီအရွယ် ကြော်ထားတဲ့ ပူတီ ၁၀ ချပ်လောက်တော့ အသာလေး စားနိုင်ပါတယ်။ အာလူးကို အရည်ကျဲကျဲ ချက်ပြီး စားလည်း ရပါတယ်။

ကုလားဆိုင် သွားစားရင် ပူတီ၊ နံပြား၊ တိုရှည်၊ ချာပါတီ၊ ပလာတာတွေ ရှိတဲ့ အနက် တိုရှည်ကို အများအားဖြင့် စားဖြစ်ပါတယ်။ သူတို့ တိုရှည်က အချပ်ကလည်း အကြီးကြီးနဲ့ အင်မတန် မွှေးပါတယ်။ ပူတီကတော့ ဆီကြော်ဆိုပြီး သိပ်မစားဖြစ်ပါဘူး။ အိမ်မှာ လုပ်စားတာတော့ ဆီပါတာ နည်းပါတယ်။ ကြော်ပြီးရင် ထည့်ဖို့ ပန်းကန်ပေါ်မှာ မီးဖိုချောင်သုံး တစ်ရှူးပေပါ ခင်းပြီး ဆီစစ်လို့ ရပါတယ်။ ချာပါတီကတော့ ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ခြောက်လွန်းလို့ မစားတတ်ပါဘူး။ နံပြားကတော့ Butter Nun ကောင်းကောင်းဆိုရင် စားပါတယ်။ သွားစားတဲ့ ဆိုင်ပေါ်မူတည်ပါတယ်။ Northern India လား Southern India လားပေါ့။ မြန်မာပြည်မှာတော့ မြေနီကုန်းက `ဒို့မိတ်ဆွေ´ ဆိုင်က လမ်းသင့်တော့ စားဖြစ်ပါတယ်။ တာမွေက ကုလားဆိုင်တွေမှာလည်း စားဖြစ်ပါတယ်။ ကုလားဆိုင်တွေက လုပ်တာ ကိုင်တာ စနစ်ကျပါတယ်။ စတီးပန်းကန်တွေ သုံးပြီး လက်ဆေးကန်တွေ ဘာတွေ ရှိပါတယ်။ စားပွဲထိုးတွေကို အုပ်ချုပ်တာလည်း မြန်မာဆိုင်တွေထက် ပိုကောင်းတယ် ထင်ပါတယ်။ ကောင်တာထိုင်တဲ့သူကလည်း သူဌေးဆိုပေမယ့် စားသောက်သူတွေကို ကောင်းကောင်း ဆက်ဆံပါတယ်။ ဖရောဇာက ဆိုင်တွေကလွဲရင် ကုလားဆိုင် (ကြီးကြီး) တော်တော်များများက စားရတာ အဆင်ပြေတယ်ပြောလို့ရပါတယ်။ စင်္ကာပူမှာတော့ Little India သွားရင် Mustafa ရှေ့က ဆိုင်မှာ သွားစား ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ကိုယ့်ဘာကိုယ့် လုပ်စားဖို့ Recipe လေးရေးလိုက်ပါတယ်။ ။

7 comments:

Phyo Wai Kyaw - 9/9/07, 3:56 AM

ပူတီ ကို စားချင်စဖွယ်ဖြစ်အောင် ရေးတတ်ပါပေတယ်... ဟုတ်တယ်...မြေနီကုန်းက ဒို့မိတ်ဆွေဆိုင် က ပူတီက တော်တော်ကောင်းတယ်...ပူတီစားပြီး နွားနို့ သောက်ရရင် ပိုကောင်းတယ်... အဲဒီနားမှာ နေခဲ့တော့ သတိတောင်ရတယ်...ဆန်းဝင်းတို့ အုပ်စုဗိုလ်တို့ ငါတို့ဆို အဲဒီဆိုင်မှာ ကုလားထမင်းဟင်း တစ်ပါတ်တစ်ခါ စားကြတယ်... မြေနီကုန်းက စားသောက်စရာ တကယ်ပေါပါတယ်... ကုလားဆိုင်ဆို ဒို့မိတ်ဆွေ ရယ် တင်အေးဒန်ပေါက်... ရွှေရည် မြန်မာ့ရိုးရာ စားဖွယ်ဆိုင်...ပဒုမ္မာကွင်းဒေါင့်က အခေါက်ကင်ဆိုင်... ဓနုဖြူဒေါ်စောရီ... ဦးပြောင်ထမင်းဆိုင်...စတားမင်း အသုတ်စုံဆိုင်...စိန်ဥ မုန့်ဟင်းခါး...တင်တင်အေး မုန့်ဟင်းခါး... အိမ်မဲ မုန့်ဟင်းခါး...အောင်ကြီးဆိုင်...မငယ်ဆိုင်...ပဒုမ္မာ အကင်နှင့် စည်... စုံလို့ဗျာ... :)

imaginary clouds no 2 - 9/9/07, 3:18 PM

ကျနော် ပူတီတို့ ။ မာစလာတိုရှည်တို့ ကို ကြိုက်တယ် ။ ဒီမှာလဲ များသောအားဖြင့် အဲဒါတွေပဲမှာစားဖြစ်တယ် ။ အန်ဒီရေးထားတဲ့နည်းကို နောက်မှစမ်းကြည့်မယ် ။ ရန်ကုန်က လပ်ကီးဆဲဗန်း မှာ မနက်စာ စားတာကို လွမ်းမိတယ်။
ကိုဖြိုးဝေကျော်ရေးတဲ့ ဦးပြောင်ဆိုင်၊ စတားမန်း ၊ ကျနော် စတားမန်းက ရှောက်သီးသုပ်ကို ကြိုက်လို့ အခု ကိုယ့်ဘာသာကို လုပ်တယ် ။ သူ့တို့ လုပ်တာကို မှန်းပြီးသုပ်တာပေါ့ဗျာ ။ စိန်ဥကတော့ ပူတယ်ဗျ ။

demo - 9/9/07, 3:55 PM

ပူတီ လာစားသွားတယ်.. အပေါ်က ပြောတာတွေ အကုန်လုံးစားချင်တယ်.. =(

kaythi - 9/10/07, 8:12 PM

အလည်လာသွားပါတယ်

Anonymous - 9/13/07, 7:50 PM

'DbavmYcfrSm pm;p&mawGtaMumif;a&;wmukd tMudKufqkH;bJ/ awmfawmfukd apYapYpyfpyfeJY csufekdifa&;edifygw,f; b&m;bdk;

Gerald Su - 9/20/12, 11:35 PM
This comment has been removed by the author.
May - 11/30/12, 10:26 AM

Thanks a lot for sharing how to do a puri and really nice to read about ur creative writing. Nice post and worth to visit ur blog . cheers !

Post a Comment

Many thanks for dropping a comment…

Film