Sunday, September 16, 2007

Quarantine ခံရတဲ့ လ

အင်တာဗျူးသူ - ဘယ်က လာတာပါလဲ။
ကျွန်တော် - စင်္ကာပူကပါ။
အင်တာဗျူးသူ -ဘာအတွက် လာတာပါလဲ။
ကျွန်တော် - ကျွန်တော် နယ်ပြောင်းလာတာပါ။
အင်တာဗျူးသူ -ဘယ်မှာ နေမှာလဲ။
ကျွန်တော် - Sydney မှာ နေမှာပါ။
အင်တာဗျူးသူ -ဘာတွေကြောင့် ဒီလို အဖမ်းခံရတာပါလဲ။
ကျွန်တော် - လမုန့်တွေ သယ်လာ လို့ပါ။
အင်တာဗျူးသူ - ဘာကြောင့် လမုန့်တွေ သယ်လာရတာပါလဲ။
ကျွန်တော် - သူငယ်ချင်းကို ပေးဖို့ပါ။

ကံဆိုးရင် ကျွန်တော့ကို ဒီလို အင်တာဗျူးနေတာကို ဒီမှာ တနင်္လာနေ့တိုင်း လွှင့်နေကျ Border Security အစီအစဉ်မှာ ပြူးပြူးပြဲပြဲ တွေ့ရနိုင်ပါတယ်။ ဒီအစီအစဉ်က ဒီလိုပဲ Immigration တို့ Custom တို့မှာ မှားတာတွေ၊ ပြဿနာ တက်တာတွေကို ပြတဲ့ အစီအစဉ်တဲ့။ ဖြစ်ပုံက ဒီလိုပါ။ Sydney ကိုလာတော့ အဲဒီမှာ တည်းမည့် အိမ်က သူငယ်ချင်းအတွက် စင်္ကာပူက စပယ်ရှယ် လမုန့်ကို ၀ယ်လာပါတယ်။ လေယာဉ်ပေါ်မှာ Entry Card ဖြည့်တော့ Custom Section မှာ Declare လုပ်စရာတွေ ရှိသလား ဆိုတာကို ဖြည့်ရပါတယ်။ လမုန့်ဝယ်လာတော့ Food ပါတယ် ဆိုပြီး Declare လုပ်လိုက်ပါတယ်။ အိမ်သုံး ဆေးဝါးတွေလည်း ပါတော့ Medicine ရယ်၊ ပုတီးတို့ ဘာတို့ ပါတော့ သစ်သားထွက်ကုန်တို့ ဘာတို့ကိုပါ ဖြည့်လိုက်ပါတယ်။ မလာခင်ကတည်းက သူငယ်ချင်းက Declare လုပ်စရာ ရှိတာတွေကို Declare လုပ်ဖို့ ကြိုမှာထားပါတယ်။

Sydney လေဆိပ်ရောက်တော့ Immigration က စင်္ကာပူလောက် မကျပ်ပေမယ့် Custom ကတော့ စင်္ကာပူထက် အများကြီး ပိုကျပ်ပါတယ်။ စင်္ကာပူမှာတော့ Custom က တော်ရုံ တန်ရုံ မစစ်ပါဘူး။ တစ်ခါတစ်လေမှပဲ X-Ray Scan တွေ ဘာတွေ လုပ်ပါတယ်။ လုပ်ခဲပါတယ်။ ဒီမှာတော့ တွေ့တွေ့ချင်းမှာပဲ ဆေးတွေ ပါတယ် ဆိုတော့ ဘာဆေးတွေလည်း မေးပါတယ်။ အိမ်သုံးဆေးတွေ ပြောတော့ တစ်ယောက်တည်းလား ဘာညာတွေ မေးပြီး ကဒ်မှာ တစ်ခုခု ရေးခြစ်လိုက်ပါတယ်။ ကြည့်ရတာ OK တယ်နဲ့ တူပါတယ်။ နောက် ထွက်ခါနီးကျတော့ တန်းစီပြီး မလိုတဲ့ သူတွေက တန်းထွက် စစ်စရာ လိုတဲ့သူတွေ Declare လုပ်ထားသူတွေက စစ်မယ့်နေရာမှာ တစ်ခေါက် ထပ်တန်းရပါတယ်။ သြစတြေးလျက စိုက်ပျိုးရေး၊ မွေးမြူရေးနိုင်ငံ ဆိုတော့ Custom က အရမ်းကျပ်ပါတယ်။ သယ်လာတဲ့ အစားအစာတွေနဲ့ ပိုးတွေဘာတွေ ပါလာမှာ စိုးတာတို့၊ မျိုးညံ့တွေ ဘာတွေ ပါလာမှာတို့ကို အရမ်း ကြောက်ပါတယ်။ အဖြူကောင် တစ်ကောင်ကိုတောင် စင်္ကာပူက ပြန်လာတာလား၊ ဒါဆို မလေးရှား သွားသေးလား မေးနေပါသေးတယ်။

အဲဒါနဲ့ စစ်ဆေးတဲ့ နေရာ ရောက်တော့ အထုပ်တွေကို Scanner နဲ့ စစ်နေတုန်း ကဒ်ကို ကြည့်လိုက်ပြီး Food ပါတယ် ဆိုတော့ ဘာ Food လည်းမေးပါတယ်။ Moon Cake ဆိုတော့ ဘယ်မှာလဲ မေးပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်က စက်ဘေးကနေ ဖြတ်သွားတုန်း ယောင်ပြီး ကိုင်သွားပါတယ်။ သူတို့က ပြန်ယူပြီး X-Ray နဲ့ ကြည့်တော့ အလယ်မှာ အစက်ကလေးတွေ တွေ့တယ်ဆိုပြီး အချင်းချင်း တီးတိုး ပြောနေပါတယ်။ ပြီးတော့ ကျွန်တော်ကို မေးပါတယ်။ တစ်ခုကို လှီးကြည့်မယ်ဆိုပြီး Custom Officer က သူ့ဆီက မောင်းချဓါး (Swiss Army Knife) နဲ့ လှီးကြည့်ပါတယ်။ ကျွန်တော်ကတော့ သွားပါပြီး သူ့ဓါး ညစ်ညစ်ပတ်ပတ်ကြီးနဲ့ ငါ့ လမုန့်ကို လှီးနေလိုက်တာ။ ဘယ်လိုလုပ် ပြန်စားလို့ ရမှာလည်း တွေးနေပါတယ်။ လှီးပြီးတော့ အလယ်က ဘဲဥအငန် အနှစ်ကို ဒါဘာလည်း မေးတော့ Egg Yolk လို့လည်း ပြောလိုက်ရော ဒါဆို ယူလို့ မရဘူးဆိုပြီး အနားက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါတယ်။ ပြီးတော့ လုပ်သေးတယ်။ ဘူးခွံ ပြန်ယူမလားတဲ့။ ကျွန်တော်လည်း အနည်းဆုံးတော့ သူငယ်ချင်းကို ပြောပြလို့ ရသေးတယ် ဆိုပြီး ပြန်ယူလာလိုက်ပါတယ်။ လက်ဆောင်ပေးဖို့ ဆိုပြီး Double Yolk နဲ့ဟာတောင် ၀ယ်လာတာ။ ကျွန်တော်လည်း နှမြောပေမယ့် ဘာပြောလို့ ရမှာလဲ။ ကံကောင်းချင်တော့ တခြားအထုပ်တွေကို ဘာမှာ ဖွင့်မပြလိုက်ရပါဘူး။ ရုပ်မပျက်ဘဲ ပြီးသွားလို့ တော်သေးတာပေါ့။ နို့မို့ဆိုရင် ကျွန်တော်လည်း TV မှာ အလကား ပါနေဦးမယ်။ နောက်တစ်ခု ကံကောင်းတာက ကျွန်တော်က Declare လုပ်ထားလို့ပါ။ မလုပ်ထားရင် Fine တွေ ဘာတွေ ပေးရင် ပေးနေရဦးမယ်။ ဒီလိုနဲ့ပဲ သြစတြေးလျ အ၀င်က လမုန့်လေး လွှတ်ပစ်ခံလိုက်ရတာကလွဲရင် အစစ အရာရာ အဆင်ပြေပါတယ်။ ။

5 comments:

Phyo Wai Kyaw - 9/17/07, 8:31 PM

ဟုတ်လားဗျ.... ဒါဆို ငပိကျော် ငခြောက်ကျော် လဘက် ပဲခြမ်း..ပဲပုတ်ပြား တို့ဘာတိုသယ်ရင် ပိုမလွယ်ဘူး ထင်တယ်နော်။ ကျုပ် SA သွားတုံးကတော့ အ၀င်မှာ Immigration က တအား ရစ်တယ်...Burma ဆိုတာလဲ Computer ထဲမှာ မရှိဘူး... Myanmar ဆိုတာလဲ Computer ထဲမှာ မရှိဘူး... Visa မပေးနိုင်ဘူးဆိုပြီးတော့။ သူ (Immigration officer) က လူမဲ ။ ငါ့အိတ်ကပ်ကို မျက်စိကစားနေတယ်။ အိတ်ထဲမှာက ဘောပင်ကလေးက ပြောင်ပြောင်လက်လက် နဲ့ဆိုတော့။ နဲနဲ မျက်စိကျပုံရတယ်။ မင်းဘောပင်ကလေးက လှလိုက်တာ။ သူ့ ဘောပင်က မင် သိပ်မထင်လို့ ခဏငှားပါတဲ့။ အဲဒါနဲ့ ငါက နဲနဲ ဓါတ်သွားပြီ။ "ကဲ အဲဒါ မင်းအတွက် ခရစ်စမတ်လက်ဆောင် ပေးလိုက်တာ ပြန်မပေးနဲ့" လို့လဲ ပြောလိုက်ရော... ဒုံး..ဒုံး ဆိုပြီး အားရပါးရ ထုပေးလိုက်တာ.. ဗီဇာတုံးကို.. အထဲရောက်တော့ ခင်ဗျားလိုပဲ Declaration အတွက် Quarantine လုပ်ခံရပြန်ရော။ ဒါပေမယ့် အဲဒီလိုပဲ ဟိုဟာဒီဟာလေး နဲနဲပေးလိုက်တော့ လွှတ်ပေးလိုက်ပါတယ်။

Andy Myint - 9/17/07, 9:47 PM
တကယ်တော့ လမုန့်က လွှတ်ပစ် ခံလိုက်ရတာပါ... Quarantine လုပ်လိုက်ရင် ပြန်ရနိုင်သေးတယ်...
ခေါင်းစဉ်ကတော့ ဒီလိုပဲ ဖတ်ကောင်းအောင် ရေးထားတာ .. အဟဲ။
ဂျစ်တူး - gyit_tu - 9/18/07, 3:02 AM

အဟီးး ကိုအန်ဒီ ရေးထားတာ ဖတ်ပြီး ၊ ရုံးမှာ တခွီးခွီးရီနေတာ ။ ဖြစ်မှဖြစ်ရလေ ကိုအန်ဒီရယ် ။ ကိုအန်ဒီ့သူငယ်ချင်းတော့ စားရကံမကြုံလို့ ၊ လမုန့် ရင်ဘက်ကို မောင်းချဓါးနဲ့ ရက်၂စက်၂ ခွဲခံခဲ့ရတာပေါ့လေ

အဲဒီကို ချောမောစွာ ရောက်သွားပြီဆိုတော့ ၀မ်းသာပါတယ် ။ ဘလောဂ့်ဆက်ရေးနေတာ ဆိုတော့ ပိုတောင် ၀မ်းသာသေး ။

အဲဒီက အတွေ့ အကြုံ မတူညီတာလေးတွေ ရေးပါဦး ။

အမနဲ့ တုန်၂လေးကို သတိရနေပါတယ်လို့ ပြောလိုက်ပါ ။

Andy Myint - 9/19/07, 10:33 AM
ဟုတ်တယ် ဂျစ်ရေ.. . ကျွန်တော့်မှာလည်း ရယ်ရခက် ငိုရခက်ပါပဲ.. ကျေးဇူးပဲ...အစ်မတို့က စင်္ကာပူမှာ ကျန်နေပါသေးတယ်။ အခုလောလော ဆယ်တော့ ဘလောက်က အရေးကျဲဦးမှာပဲ။
Layma - 9/19/07, 6:54 PM

လမုန့် လေးနှမြောစရာ.. သူတို့ က လမုန့် ကိုမသိဘူးပေါ့နော် ... ဒါဆို ငပိတို့ ...ဦးချိန်တီတို့ ဆိုရင် ဒွတ်ခ....။

Post a Comment

Many thanks for dropping a comment…

Film