Wednesday, October 24, 2007

ဘလောက်ဂါ လည်ပြန်

ဘာလိုလိုနဲ့ ဘလောက် မရေးတာ တစ်လခွဲ နှစ်လလောက် ကြာသွားတယ်။ တကယ့်ကို မအားတာကနေ စတာပဲ။ စက်တင်ဘာလ ကတည်းက မအားလို့ အရေးကျဲနေရာကနေ အောက်တိုဘာမှာတော့ တကယ့်ကို မအားတော့တာ။ ရေးဖို့ နေနေသာသာ သူများ ရေးထားတာတောင် မဖတ်နိုင်လောက်အောင်ပါပဲ။ နေရာပြောင်းလို့ ကိုယ့်ဘာကိုယ် အလုပ်ရှုပ်တာရယ်၊ တိုင်းရေး ပြည်ရေးနဲ့ လူတွေ စိတ်ရှုပ်နေတာရယ်ကြောင့် ဘလောက်ရေးတာကို ခပ်တည်တည်ပဲ ရပ်ထားလိုက်တယ်။ အစကတော့ ခဏနေရင် ပြန်ရေးမယ် တစ်ပတ်၊ နှစ်ပတ်လောက် ပါပဲ ဆိုပြီး ခွင့်စာမတင်ဘဲ ရပ်နေလိုက်တယ်။ ခွင့်စာ တင်ရင်လည်း ရုံးက ကုလားတစ်ယောက် မင်္ဂလာဆောင်မှာလို ဖြစ်နေမှာ စိုးလို့။ သူတို့ အန္ဒိယမှာ မင်္ဂလာဆောင်တုန်းက သတို့သမီး အိမ်မှာ သူက သူတော်စင်လို ၀တ်ပြီး တောထွက်ချင်ယောင် ဆောင်ရတယ်။ ဒါကို သတို့သမီးရဲ့ အမျိုးတွေက တောတော့ မထွက်ပါနဲ့ သူတော်ကောင်းကြီးရယ် သူတို့ သမီးနဲ့ အိမ်ထောင်ပြုပြီး လူဘောင်မှာ နေပါဦး ဆိုပြီး တားရတယ်။ အဲဒီကျမှ ကိုယ်တော်ချောက အိမ်ထောင်ကို မကျချင် ကျချင်နဲ့ ကျရတဲ့ ပုံစံနဲ့ လက်ခံလိုက်ရတယ်တဲ့။ ကျွန်တော်လည်း ဘလောက်ရေးတာကနေ ခဏလောက် နားပါရစေ ဘာညာဆိုရင် ဟိုလူဝိုင်းဆွဲ ဒီလူဝိုင်းဆွဲ (ဘက်ဆဲလား ဆိုတော့လေ) ဖြစ်နေရင် ပွဲခံနေမှာ စိုးတာကြောင့် ဘာမှ မပြောဘဲ ဘာမှ မရေးဘဲ နေလိုက်တယ်။ တကယ်တော့ ဘယ်လောက် ကြာမှ ပြန်ရေးနိုင်မယ် မသေချာတာရယ်၊ နှုတ်ဆက်ဖို့ ခွင့်တင်ဖို့ကို မအားတာကြောင့်ရယ်ပဲ။

ဒါပေမယ့် ဒီလိုပဲ လာလည်တဲ့ သူတွေ လာအော်တဲ့ သူတွေကို ဘာမှ ပြန်မပြောဘဲ နေနေပြန်တော့လည်း ဧည့်ဝတ်မကျေရာ ကျပြန်ရော ဆိုတော့ နည်းနည်းတော့ ရေးမှ ဖြစ်မယ် ဖြစ်လာပြီး ဘလောက်ဖက် လှည့်လာပြန်ရော။ ရေးချင်တာတွေတော့ ရှိနေပေမယ့် အချိန်သိပ် မရလို့ မရေးဖြစ်သေးတာပါ။ အခုပြန်ရေးရင်တောင် စင်္ကာပူမှာတုန်းကလောက် ရေးနိုင်မယ် မထင်ဘူး။ အဲဒီမှာတုန်းကတော့ ခဏ နေတာဆိုပြီး အလုပ်ပြောင်းဖို့တို့၊ အခြေချဖို့တို့ မစဉ်းစားတော့ ဦးနှောက်က အားနေတယ်လေ။ အခုတော့ အလုပ်ပြောင်းဖို့ စာဖတ်ရမယ်။ အခြေချဖို့ စဉ်းစားရမယ်ဆိုတော့ ဒီလောက် ရေးနိုင်မယ် မထင်ဘူး။ သူများတွေလို နှစ်ခု တစ်ပြိုင်တည်း လုပ်နိုင်လည်း ကောင်းသား။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစားရေး ကြည့်ဦးမှာပဲ။ သိပ်တော့လည်း ကြိုးစားရေးတယ် မဟုတ်ပြန်ဘူး။ ဒီဟာက အပျော် လုပ်နေတာ ဆိုတော့။ ဒီလိုပဲ စိတ်ပါရင် ရေးဦးမှလို့ ပြောရင်တော့ ပိုမှန်မယ်။ သြော်ဇီအကြောင်း ရေးပေါ့လို ဆိုရင်လည်း ရေးတော့ ရေးချင်ပါတယ်။ ကိုယ်က အခုမှ ရောက်တဲ့သူဆိုတော့ သောက်တလွဲတွေ ဖြစ်နေရင်လည်း မကောင်းပြန်ဘူး။ စင်္ကာပူမှာတောင် ခဏလောက်ပဲ နေတာဆိုတော့ သိပ်သိတာမဟုတ်ဘူး။ ဘာပဲ ဖြစ်ဖြစ်လေ သူငယ်ချင်းတစ်ယောက် ရေးထားသလို စင်္ကာပူမှာ ဘက်စကား စီးတာ ကဒ်ဘယ်လို ပြရတယ် လိုမျိုးပေါ့။ စင်္ကာပူက လူတွေ အတွက်တော့ သိပြီးသား ဆိုပြီး ထမင်းစား ရေသောက် အလွယ် ထင်ပေမယ့် မြန်မာပြည်က လာတဲ့သူတွေ အတွက်တော့ အသုံးဝင်တာပေါ့။ မြန်မာပြည်ကဆိုတော့ မြန်မာပြည်ကလူတွေ ဖတ်လိုရလည်း ကောင်းသား။ ဖတ်လို့ မရရင် ဘယ်လိုလုပ်ရပ။ ကိုယ်က မြန်မာပြည်က အမျိုးတွေ ဖတ်ဖို့ ရေးပါတယ်ဆိုမှ သူတို့ ဖတ်လို့ မရရင် ဘာထူးမှာတုန်းဆိုပြီး ဘလောက်ရေးရတာ အားမရှိတာလည်း ပါတယ်။ အဲဒီလိုနဲ့ ပြန်မရေး ဖြစ်တာ။ နောက်ပြီးတော့ စာတစ်မျက်နှာ ရိုက်ဖို့က ၁ နာရီလောက်ပဲ ကြာပေမယ့် ကိုယ့်အတွက်တော့ ဒီတစ်မျက်နှာကို တစ်ပတ်လုံး အားတဲ့အချိန်မှာ စိတ်ထဲမှာ စီထားရတာ။ အခုတော့ စိတ်ထဲမှာ တခြားအာရုံတွေများနေတော့ တစ်မျက်နှာ တစ်မျက်နှာ တော်တော် စဉ်းစားမိမှာ မဟုတ်ပြန်ဘူး။

ကိုယ့်အတွက်တော့ ဘလောက်ရေးရတာ အိမ်ထောင်ပြုသလောက် Commitment မဟုတ်ပေမယ့် တာမာဂိုချီ (Tamagotchi) ခွေးကလေး မွေးသလောက်တော့ ရှိမှာဆိုတော့ ကိုယ့်ဘလောက်လေး မသေသွားအောင်ရယ် ကိုယ်လည်း စိတ်ပျော်အောင်ရယ် လာဖတ်တဲ့ သူတွေလည်း ပျော်အောင်ရယ် အပျော်ဆက်ရေးဦးမှာပဲ။

6 comments:

Thyda - 10/24/07, 10:06 PM

Welcome back!!

pandora - 10/25/07, 3:25 AM

ရေးပါ ကိုယ့်ဆရာရဲ့ လာဖတ်ပါမယ် အမျိုးလိုသဘောထားပါ။
ဘဲဥဟင်းမစားလိုက်ရခင် ပြောင်းသွားတာတော့ နာသကွာ။

nu-san - 10/25/07, 1:53 PM

Andy ရေ.. WeSheMe ကိုတော့ တရက်တကြိမ် မှန်မှန်လာချောင်းဖြစ်တယ်။ နေရာသစ်ဆိုတော့ အရင်ဆုံးနေသား ကျအောင် လုပ်ရတာ ဘာမှန်းမသိပဲကို အလုပ်ရှုတ်ပြီးရင်း ရှုတ်နေတာကြောင့် ဘလော့ခ် မရေးဖြစ်တာလည်း နားလည်ပါတယ်။ တုန်တုန်အကြောင်းလည်း မဖတ်ရတာလည်း ကြာပြီ။ မွေးနေ့ နီးပြန်ရောပေါ့။ အဲဒါဆိုတော့ အော်ဇီအကြောင်း၊ စင်ကာပူအကြောင်း မှ မဟုတ်ပါဘူး။ စာဖတ်သူ အဆင်ပြေတာကို သင့်သလို ယူသွားမှာပါ။ အမကတော့ ဘာအကြောင်းပဲတင်တင်.. စောင့်ဖတ်နေပါတယ်။ တုန်တုန်တို့ သားအမိကိုလည်း သတိရတယ် ပြောပေးပါ။

စိုးထက် - Soe Htet ! - 10/26/07, 12:38 PM

လာဖတ်ဖြစ်ပါတယ်ဗျ ... အခုဘက်ပိုင်း စာပိနေလို့ ... အဆင်ပြေပါစေ ... :)

Andy Myint - 10/26/07, 4:08 PM
အားလုံးပဲ.. ကျေးဇူးပါ။ လောလောဆယ်တော့ ဒီက System တွေကို နားလည်အောင် ကြိုးစားနေရသေးတယ်။ ဒီလိုပဲ အချိန်ယူပြီး လုပ်ရမှာပဲ။ သမီးတုန်လည်း အဆင်ပြေပါတယ်။
Phyo Wai Kyaw - 10/26/07, 4:35 PM

ဟေ့လူ... ထိန်းသိမ်းထားတာက နေ ပြန်လွတ်လာ တဲ့ သူကို တွေ့ရသလိုဖြစ်နေတယ်။ :)
ဝမ်းသာပါတယ်။ စောင့်ဖတ်ရတော့မှာပဲ။

Post a Comment

Many thanks for dropping a comment…

Film