Tuesday, October 30, 2007

ကလေးနဲ့ လေယာဉ်စီးခြင်း

အစတုန်းကတော့ လေယာဉ်ပေါ်မှာ ကလေးတွေနဲ့ ခရီးသွားတာတွေ့ရင် ကလေးနဲ့များ ဘာကြောင့် သွားပါလိမ့်လို့ တွေးမိတယ်။ မြန်မာတွေကတော့ ကလေးငယ်လေးနဲ့ ဆိုရင် ဘာမှာ ရှုတ်ရှုတ်ရှက်ရှက် မလုပ်ပါဘူး။ ဘိုတွေပဲ ကလေးနဲ့ အပျော် ခရီးသွားတာတို့ ဘာတို့ လုပ်တာကိုး။ ကလေးက ငယ်နေသေးတာပဲ အိမ်မှာ နေတာမဟုတ်ဘူး။ လေယာဉ်ပျံ စီးပြီး သွားလောက်အောင် ဘာများ အရေးကြီးနေလို့လဲလို့ တွေးမိတယ်။ ဒီလို တွေးမိရတဲ့ အဓိက အကြောင်းကလည်း ကလေးနဲ့ လေယာဉ်ပေါ်မှာ စီးရတာ အင်မတန် ဒုက္ခများမယ် ထင်နေလို့ပါ။ ပြီးတော့ ကလေးကို သနားတာလည်း ပါတယ်။ လေယာဉ်ပျံ စီးရတာ ကားစီးရတာလောက် သက်တောင့် သက်သာ ရှိတာမဟုတ်ဘူး။ ပြီးတော့ လမ်းမှာ ရပ်ပြီး အောက်လေး ဘာလေး ဆင်းလို့ ဆန့်လို့ ရတာ မဟုတ်ဘူးလေ။ ပြီးတော့ လေယာဉ်ပေါ်မှာ လိုက်နာရတာတွေကလည်း ရှိသေးတယ်။ လေယာဉ်ပေါ်မှာ ကလေးက တောက်လျှောက် ငိုလာရင် ဒုက္ခဆိုပြီး တွေးမိတာလည်း ပါတယ်။

ကိုယ့်အလှည့်ကျမှပဲ သူများတွေ ဘာလို့ ကလေးနဲ့ လေယာဉ်ပျံ စီးရတယ် ဆိုတာ နားလည်တော့တယ်။ မတတ်သာလို့၊ ရှောင်လွဲ မရလို့ပေါ့။ ကျွန်တော်တို့လည်း ကလေးနဲ့ အစောဆုံး လေယာဉ် စီးလို့ရမယ် ထင်တဲ့ ၆ လကျော်မှပဲ စတင် စီစဉ်တော့တယ်။ စီစဉ်တယ် ဆိုပေမယ့် ကျကျနန မဟုတ်ပါဘူး။ တကယ်ဆို ကလေးငယ်နဲ့ လေယာဉ်စီးမယ် ဆိုရင် စောစောစီးစီ လက်မှတ်တွေ ဘာတွေ ၀ယ်ထားသင့်ပေမယ့် ကျွန်တော်တို့ကတော့ အခြေအနေ ကြည့် လုပ်ရတာ ဆိုတော့ ၃ ပတ်လောက် အလိုကျတော့မှ ၀ယ်ဖြစ်ပါတယ်။ ပြီးတော့ လူကိုယ်တိုင် သွားဝယ်နိုင်တာ မဟုတ်တော့ Zuji ကပဲ ၀ယ်လိုက်ပါတယ်။ အပြင်ထက် (ကိုယ်နဲ့ သိတဲ့ Travel Agent ထက်) နည်းနည်းလေးပဲ ဈေးပိုပေးရပေမယ့် ဈေးမှန်ပါတယ်။ အရမ်းများမှာ ရိတ်မှာ မပူရဘူး။ Travel Agent ထက် သာတဲ့ အချက်ကတော့ သူက လက်ကြီးသမားဆိုတော့ ခုံတွေ ဦးထားတာ ရှိလို့ ၃ ပတ်လောက်ပဲ ကြိုဝယ်တာတောင် သူဆီမှာ ခုံတွေ ရှိနေပါသေးတယ်။ ဒီအချိန်လောက်ဆို Travel Agent သေးသေးလေးတွေမှာ ၀ယ်လို့ မရနိုင်တော့ပါဘူး။ အခုတောင် တော်သေးတာပေါ့ Non-Stop Flight မို့လို့။ သူဆီမှာ ၀ယ်ရင် Online ၀ယ်တယ် ဆိုပေမယ့် Infant ပါရင် တိုက်ရိုက် ၀ယ်လို့ မရဘဲ ဘယ်ဖုန်းနံပါတ်ကို ဆက်ပါဆိုလို့ ဆက်လိုက်တော့လည်း မထူးပါဘူး။ လူကြီးဝယ်တဲ့ အတိုင်း Online ၀ယ်ပြီး ငွေချေခါနီးကျမှ Credit Care တိုက်ရိုက် မထည့်ဘဲ ဖုန်းနဲ့ ပေးတဲ့ Option ကို ရွေးပြီး ကိုယ့်ရဲ့ Trip No ပြောပြီး တခါတည်း ကလေးအတွက်ပါ လိုချင်တယ် ပြောလိုက်ရပါတယ်။ အဲဒီကျမှ ကလေးအတွက် ထိုင်ခုံမပါ လက်မှတ် တစ်စောင်ကို ၂၈၀ ကျော်ကျော်နဲ့ ထုတ်ပေးပါတယ်။ ဒါပေမယ့် Seat Number ကိုတော့ သူ့ဆီမှာ Reserve လုပ်လို့ မရပါဘူး။ သက်ဆိုင်ရာ လေကြောင်းလိုင်းမှာပဲ လုပ်ပါတဲ့။

ကလေးနဲ့ဆိုတော့ လေကြောင်းလိုင်းကို Service ပေးတာမှာ ကောင်းတယ်လို့ နာမည်ကြီးတဲ့ Singapore Airline (SQ) ကိုပဲ ရွေးလိုက်ပါတယ်။ ရုံးကိစ္စတွေနဲ့ စီးတုန်းကလည်း ရုံးက SQ ပဲ ၀ယ်တာဆိုတော့ SQ က ကောင်းတယ် ဆိုတာ သိနေပါပြီ။ တစ်ယောက်တည်း Sydney ကို လာတုန်းကတော့ ဈေးနည်းနည်း ပိုသက်သာတဲ့ Qantas ကို စီးလာတာပါ။ တကယ်တမ်း ယှဉ်စီးကြည့်တော့ Qantas က တောက်လျှောက် အစားအစာ တစ်မျိုးပြီး တစ်မျိုး ကျွေးလာပြီး SQ ကတော့ ၇နာ၇ီကျော် ၈နာရီလောက် ခရီး တစ်လျှောက်လုံးမှာမှ အကြီးတစ်ခါ အသေးတစ်ခါပဲ ကျွေးပါတယ်။ Qantas ကတော့ ၂ နာရီ တစ်ခေါက်လောက်ကို တစ်မျိုးပြီး တစ်မျိုး ကျွေးနေပြီး သူ့ဆီက အစားအစာတွေကို ကျွန်တော် ပိုကြိုက်ပါတယ်။ လေယာဉ်ပေါ်က Service ကလည်း ဘာမှ ပိုကောင်းတယ် မဟုတ်ပြန်ဘူး။ ကလေးပါတယ် ဆိုလို့ အနှီးထုပ်လေး ၂ခုရယ်၊ Wet Tissue ပါတဲ့ Kit လေးတော့ လာပေးပါတယ်။ ပြီးတော့ ဘာမှ အပို ဂရုစိုက်တယ် မရှိလှပါဘူး။ မလိုလို့လည်း နေမှာပေါ့။ လိုရင်တော့ ဂရုစိုက်မှာပါ။ Qantas ရဲ့ In-flight On-Demand TV ကလည်း ပိုကောင်းပါတယ်။ ကလေးနဲ့တော့ In-Flight Cinema ကြီး ပါရင်တောင် မထူးပါဘူး။ Ground မှာတော့ SQ က ပိုသာတယ် ထင်ပါတယ်။ Early Check-in တို့၊ Gate ထဲ ၀င်တာတို့ ဘာတို့ဆို ကလေးနဲ့ဆို ဦးစားပေးပါတယ်။

ကလေးနဲ့ လေယာဉ်စီးရင် ပုခက် (Bassinet) ပါတဲ့ ခုံရနိုင်ပါတယ်။ ပုခက်က ရှေ့မှာ အခန်းအကန့် နံရံ ရှိတဲ့ ထိုင်ခုံတွေမှာပဲ ရှိပြီး တချို့ဟာတွေက နံရံကိုကပ်ပြီး ခေါက်ထားတတ်ပြီး တချို့ဟာတွေကတော့ အရှင် ဖြုတ်နိုင် တပ်နိုင်ပါတယ်။ များသောအားဖြင့် ပုခက်ပါတဲ့ ခုံကတော့ Economy Class အတွက် ၄-၅ ခုံလောက်ပဲ ရှိတတ်ပါတယ်။ အဲဒါကြောင့် နှစ်ပါတ်လောက် အလိုမှာ သူမက Paragon က SIA မှာ သွားပြီး Seat ကို Reserve သွားလုပ်တော့ အကုန်လုံး ဦးသွားပြီတဲ့ မရနိုင်တော့ပါဘူးတဲ့။ Zuji ကလည်း လက်မှတ် ၀ယ်တုန်းက ထိုင်ခုံ ဦးပေးဖို့ ကြိုးစားပါသေးတယ်တဲ့။ မဆိုးပါဘူး၊ ထူးလည်းမထူးပါဘူး။ ကလေးခြင်း (Carrycot) ထဲ ထည့်ထားလို့တော့ ရတယ်ဆိုတာနဲ့ ခြင်းဝယ်ဖို့ စဉ်းစားသေးတယ်။ ဒါပေမယ့် တစ်ခေါက်လောက်ပဲ သုံးလို့ရမှာမို့ ဒီအတိုင်းပဲ သယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ SQ က မပျံခင် ၄၈ နာရီအလိုမှာ Online Check-In လုပ်လို ရတယ်ဆိုတာနဲ့ လုပ်ကြည့်ပေမယ့် ကျွန်တော့် Passport က သက်တမ်း ၆လ မရှိတော့တာမို့ လုပ်လို့ မရလိုက်ပါဘူး။ အဲဒါနဲ့ သွားမယ့်နေ့ မနက်ကျမှ Paragon ကို ပြေးပြီး Check-In လုပ်ပါတယ်။

ကိုယ့်ဘာသာကိုယ် လေယာဉ်စီးမယ်ဆို အသွားမှာ ကိုယ့်သွားမယ့် မြို့ကို လေယာဉ်ဆင်းခါနီး အပေါ်က ကြည့်လို့ ရအောင်ရယ် မှီဖို့ နံရံပါရှိတဲ့ Window Seat ယူပြီး အပြန်မှာတော့ Isle Seat ကို ယူတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လေယာဉ်နောက်ပိုင်း (ထိုင်ခုံ နံပါတ်ကြီးတာ) ကိုတော့ တတ်နိုင်ရင် မယူပါဘူး။ လေယာဉ်က နောက်ပိုင်းကျရင် ပိုတုန်ခါပြီး စီးရတာ အဆင်မပြေလှပါဘူး။ အခု ကလေးနဲ့ ဆိုတော့ ဘေးတန်းတွေ မယူဘဲ အလယ်တန်း/ကျွန်း (Isle) က ခုံကို ယူလိုက်ပါတယ်။ အလယ်တန်းက ၄ ခုံ ရှိတာ ဆိုတော့ ကိုယ်က ၂ ခုံ ယူလိုက်ရင် ဟိုဘက်က ၂ ခုံက သူဘာသူ ထွက်တာ ထတာ ကိစ္စ ရှင်းပါစေ၊ ကိုယ့်ဘက်က ကိုယ့်အပိုင်ပဲ။ ဘေးတန်းဆိုရင် ၃ခုံတွဲ ဆိုတော့ တခြား တစ်ယောက်က ရှိနေသေးတယ်။

Early Check-In လုပ်ထားတယ် ဆိုပေမယ့် လေဆိပ်ရောက်တော့ Baggage Check-In လုပ်ရပါသေးတယ်။ ကလေးအတွက် ၁၀ ကီလို ရတော့ အားလုံးပေါင်း ကီလို ၅၀ ရပါတယ်။ အဲဒါကို (အိမ်မှာ ချိန်တုန်းကတော့ ၆၅ ကျော်ကျော်ပါ သူ့ဆီမှာ ချိန်မှ) ၆၈ ကီလိုလောက် ဖြစ်နေတော့ Ground Crew က လက်ဆွဲ အိတ်တွေကို လှမ်းကြည့်လိုက်ပါတယ်။ လက်ဆွဲအိတ်က သေးသေးလေး ၂ အိတ်ဆိုတော့ ပေါင်ပိုကြေးတွေ ဘာတွေ ရစ်မနေဘဲ ပေးသယ်လိုက်ပါတယ်။ လက်ဆွဲ အိတ်က သေးသေးလေး ၂ အိတ်ပဲပေါ့၊ ကျန်တဲ့ အိတ်အကြီးကြီး ၄ အိတ်က တခြား တစ်ယောက်နဲ့ တစ်နေရာမှာ ချန်ခဲ့တာကိုး။ လက်ဆွဲအိတ်တွေ အားလုံး ပေါင်းလိုက်ရင်တောင် ၃၅ ကီလိုလောက်တော့ အသာလေး ရှိမယ်။ တကယ်ဆို ကလေးနဲ့ လေယာဉ်စီးမယ်ဆို တတ်နိုင်သလောက် အထုတ် လျှော့ယူရမှာကို အခုဟာက အိမ်ပြောင်းတာဆိုတော့ အများကြီး သယ်နေရတယ်။ ကလေးလှည်းလေး (Stroller) ကိုရော တစ်ခါတည်း ချိန်မလား မေးပေမယ့် လေယာဉ်ပေါ် မတက်ခင်ထိ သယ်သွားလို့ရတော့ သယ်သွားမယ် ပြောလိုက်တယ်။ လေယာဉ်ပေါ် မတက်ခင်လေးတင်မှာ ကလေးလှည်းတို့ လူကြီးလှည်းတို့ကို စောင့်ယူနေတဲ့ သူတွေကို ပေးလိုက်ရပြီး လှည်းတွေ အတွက် ပေါင်မချန်ပါဘူး။

ကလေးအတွက် ပစ္စည်းတွေကို အထုတ်တစ်ထုတ်နဲ့ သက်သက်ထည့်လာပြီး အဲဒီအထုတ်ကိုတော့ ခေါင်းပေါ်က Cabin ထဲ မထည့်ထားဘဲ ထိုင်ခုံအောက်မှာပဲ ထားလိုက်ပါတယ်။ လေယာဉ်ပေါ်ရောက်တာနဲ့ မြင့်မြတ်နိုးတို့ ဇာတ်လမ်းစတော့တာပဲ။ ကိုယ့်နေရာလည်းမဟုတ်၊ ကျဉ်းကျဉ်း ကျပ်ကျပ်ဆိုတော့ အီပြီး ငိုနေတော့တယ်။ တော်သေးတယ် လေယာဉ်က စောစော ထွက်လို့။ စောစောဆိုပေမယ့် သတ်မှတ် အချိန်ထက် နောက်ကျပါသေးတယ်။ Gate Open လုပ်တာ နောက်ကျနေလို့။ ဘာပဲ ဖြစ်ဖြစ် လေယာဉ်ထဲမှာ ကြာကြာတော့ မနေလိုက်ရဘူးပေါ့။ လေယာဉ်မယ်က Infant Seat-Belt လာပေးသွားတော့ အမေနဲ့ တွဲပြီး ချီပေးထားတယ်။ ကလေး စိတ်ပြောင်းအောင်ဆိုပြီး ရှေ့က ခုံမှာတပ်ထားတဲ့ TV လေးကို လက်နဲ့ တောက်တောက်တောက် ခေါက်ပြတော့ ရှေ့က ဘွားတော်က တင်းပြီး နောက်ကို လှည့်ကြည့်တာ ကလေးလေးကို တွေ့သွားပြီး ပြုံးပြတယ်။ ကလေးပါတော့ လူတိုင်းက နားလည်ပေးပြီး ဦးစားလည်း ပေးပါတယ်။ လေယာဉ်ပျံ Take-Off လုပ်တော့လည်း ငိုနေပေမယ့် ဒီအတိုင်းပဲ အမေနဲ့ တွဲချီထားရတယ်။ ခါးပတ်ချွတ်လို့ ရမှ ကျွန်တော်တို့ နှစ်ယောက်ကြားက လက်တန်းကို မ ဖယ်ပြီး သူကို သက်တောင့်သက်သာ ဖြစ်အောင်လုပ်ပေး ချီထားရတယ်။

Over-Night Flight ဆိုတော့ SQ ကလည်း သစ္စာရှိတယ်။ အိမ်မှာ ညစာ စားခဲ့ပြီးပြီ ဆိုပြီး Supper အတွက် Sandwich နဲ့ Croissant ကို ဒီအတိုင်း လိုက်ဝေတယ်။ သမီးအတွက်ကတော့ နို့ဘူးတစ်ဘူးကို ဖျော်ပြီးယူလာတယ်။ နောက်ပြီး နို့မှုန့်ချိန်ထည့်လို့ရတဲ့ ဟာလေးထဲ နို့မှုန့်တွေ ထည့်လာလိုက်တယ်။ အဲဒါရယ် သူစွဲလမ်းတဲ့ စောင်ကလွဲရင် တခြား ထွေထွေ ထူးထူး ဘာမှာတော့ ပါမလာပါဘူး။ ညကျတော့ သူ့အမေထိုင်နေတဲ့ အပေါ်မှာ ခေါင်းအုံးတွေ စီပြီး သိပ်ထားပါတယ်။ ခြေထောက်ကတော့ ကျွန်တော့်ပေါ်မှာပါ။ အရမ်းအေးတော့ နွေးအောင်ဆိုပြီး အနွေးထည် အထူကြီး ၀တ်ပေးထားတာလည်း သူ့အတွက် နေရ ထိုင်ရတာ အဆင်မပြေလှပါဘူး။ ပါးပါးနဲ့ နွေးနွေးဆို ပိုပြီးတော့ အဆင်ပြေမှာပါ။ Seat-Belt က ခလုတ်ကြီးက ကျောမှာ ခုနေတတ်ပါသေးတယ်။ ကံကောင်းချင်တော့ တစ်ညလုံး တစ်ခါတစ်လေ နိုးပြီး ထထ အော်တာကလွဲရင် မနက်မိုးလင်းတဲ့ အထိ အိပ်လာပါတယ်။ သူ့အမေကပဲ ကောင်းကောင်းချီတတ်လို့ သူ့ပေါ်မှာ အိပ်နေတော့ သူမလည်း လမ်းတစ်လျှောက် အဆင်ပြေသလိုပဲ လိုက်လာရပါတယ်။

လေယာဉ်အင်ဂျင်သံ ဆူတာကတော့ ပြဿနာ မဟုတ်ပါဘူး။ အင်ဂျင်သံကြောင့် ကလေးက ပိုပြီး အိပ်ငိုက်သလို ကလေးငိုသံကိုလည်း ရှေ့ ၃တန်း နောက် ၃ တန်း လောက်ကပဲ ကြားရလောက်ပါတယ်။ ဟိုးနောက် ၄-၅တန်းက ကလေးငိုသံကို ကျွန်တော်တို့ဆီကနေ သဲ့သဲ့ပဲကြားရပါတယ်။ ဒါပေမယ့် အဲ့ဒီနေ့က ကလေးငယ်လေးတွေ ၁၀ ယောက်ကျော် ပါလာတာဆိုတော့ လေယာဉ်တစ်စင်းလုံးကို သူ့အတန်းနဲ့သူ ကလေးတွေက တာဝန်ယူထားပါတယ်။ Over-Night Flight ဆိုတော့ ကလေးအတွက်ကတော့ အိပ်ချိန်ဆိုပြီး အိပ်လာပေမယ့် လူကြီးတွေကတော့ ကောင်းကောင်း မအိပ်ရရင် မနက် လေယာဉ်ဆိုက်ရင် ပင်ပန်းနေတတ်ပါတယ်။ ကျွန်တော်တို့လည်း တစ်လမ်းလုံး နာရီပဲ တကြည့်ကြည့်နဲ့ ပါလာပါတယ်။ သမီးက တစ်ချက် တစ်ချက် နိုးနိုးလာပြီး နို့စို့ တတ်ပါတယ်။ နို့အေးသွားလို့ လေယာဉ်မယ်တွေဆီမှာ သွားနွှေးခိုင်းတာ အရမ်းပူသွားလို့ ရေသန့်ဘူးတောင်းပြီး နည်းနည်းရောပြီး တိုက်ရပါသေးတယ်။ နောက်တစ်ခေါက်ကျတော့ ဖျော်ပြီးသား နို့ကုန်သွားလို့ ရေနွေး သွားတောင်းပြီး ဖျော်လိုက်ရပါတယ်။

တစ်လမ်းလုံး လေယာဉ်က မီးမှိတ်ပြီး ပျံလာပါတယ်။ တော်တော်များများကလည်း အိပ်ပြီး လိုက်လာကြပါတယ်။ မနက် နေထွက်ချိန်ကျတော့ မနက်စာ ကျွေးဖို့ မီးတွေ ဘာတွေ ထွန်းတော့ သမီးလည်း နိုးလာပါတယ်။ ကျွန်တော့်ပေါ်မှာ ခဏအိပ်ပြီးတော့ ငိုလာတာနဲ့ လမ်းထလျှောက်ပါတယ်။ လေယာဉ်မယ်တွေ မနက်စာ ကျွေးဖို့ ပြင်ဆင်နေချိန်မှာပဲ သမီးက စိတ်ပြန်ကြည်လာတာနဲ့ အနှီးထုပ် လဲပေးဖို့ စိတ်ကူးပြီး လေယာဉ်အိမ်သာတွေထဲက လဲလို့ရတယ်ဆိုတဲ့ Sign တတ်ထားတဲ့ အခန်းထဲ ၀င်လဲပါတယ်။ အထဲမှာ ကျဉ်းပေမယ့် တစ်မိသားစုလုံး ၀င်ပြီး ကလေးကို အနှီး လဲပေးလိုက်ပါတယ်။ အလွယ်ပဲ လေယာဉ်ပေါ်ကပေးတဲ့ Diaper နဲ့ လဲလိုက်ပေမယ့် သူ့တို့ပေးတဲ့ Diaper က အတော်ကြမ်းပါတယ်။ မနက်စာစားတော့ လေယာဉ်မယ်ကတော့ မေးပါတယ်။ နှစ်ယောက်စလုံး အတူတူ စားမလား၊ တစ်ယောက်စာ နောက်မှ ယူလာပေးရမလားတဲ့။ ကျွန်တော်တို့လည်း နှစ်ယောက်စာ အတူတူ ယူထားလိုက်ပါတယ်။ အရင်တုန်းက တွေ့ဖူးတာတော့ ကလေးပါတဲ့ ခရီးသည်တွေကို အရင်လာပေးတတ်ပါတယ်။ အခုတော့ အတူတူပဲ လာပေးသွားပါတယ်။ တစ်ခုခုများ ကြိုတင် Request လုပ်ရသလား မသိ။ အစားနည်းတဲ့ သူမအရင် စားနေချိန်မှာ ကျွန်တော်က ကလေးချီထားပြီး သူက အမြန်စားပြီး ကလေး ပြန်ခေါ်ထားပါတယ်။ ကလေးက ငယ်သေးတော့ ပုခုံးပေါ်မှာ ချီထားလို့ ရတော့ ကိစ္စမရှိပါဘူး။ စားနေတုန်း လူကြီးစားတဲ့ ဒိန်ချဉ်တွေကို ဇွန်းထိပ်လေးနဲ့ တို့ပြီး နည်းနည်း နည်းနည်း ကျွေးနေတော့ မြင့်မြတ်နိုးတို့လည်း ငြိမ်နေပါတယ်။ (တကယ်ဆိုရင်တော့ မကျွေးရပါဘူး။)

ခဏနေတော့ ပြန်အိပ်သွားပြီး လေယာဉ် Landing လုပ်ချိန်မှာလည်း အိပ်နေလို့ တော်သေးတယ်။ ကလေးနဲဆိုတော့ အတက်တုန်းကတော့ ဦးစားပေး တက်လို့ရပေမယ့် အထွက်မှာတော့ ဦးစားပေးတာ မရှိတော့ဘူး။ လက်ဆွဲအိတ်တွေကလည်း များတော့ အားလုံးထွက်ပြီးတဲ့ အထိ စောင့်ပြီးမှ ထွက်ရပါတယ်။ လေယာဉ်က ဆင်းတာနဲ့ သူ့ Stroller လေး ပြန်ရတော့ လက်ဆွဲအိပ်တွေ ကို တင် တွန်းလာပြီး ကလေးကိုတော့ ရင်ခွင်ပိုက်တဲ့ ဟာလေးထဲ ထည့်ပြီး သူမက ချီလာရတယ်။ Immigration/Custom မှာ အဆင်ပြေပါတယ်။ Baggage တွေ ရွေးပြီးတဲ့ အချိန်မှာတော့ အထုတ်တွေ အထုတ်တွေဆိုတော့ တွန်းလှည်းနဲ့ နှစ်းစင်းအပြည့်ဖြစ်သွားပြီး အမေက ကလေးလှည်းထဲကို လက်ဆွဲအိတ် တချို့ထည့် တွန်းပြီး ကလေးချီရတော့ ကျွန်တော့်မှာလည်း လှည်းနှစ်စင်းနဲ့ ရွာလည်နေပါတယ်။ တစ်စင်းစီ တွန်းနေတာကို Custom က မကြည့်ရက်တော့ တစ်စင်းကိုတွန်း တစ်စင်းကို ဆွဲဆိုပြီး လာပြပါတယ်။ အဲဒါနဲ့ Custom ရောက်တော့ ဘာစားစရာတွေ ပါလဲဆိုတော့ ကလေးအစာတွေနဲ့ ပုဇွန်ခြောက်ဆိုပြီး ကလေးကို လက်ညှိုးထိုးပြလိုက်တော့ မစစ်တော့ဘဲ လွှတ်ပေးလိုက်ပါတော့တယ်။

ကလေးတစ်ယောက်နဲ့ လေယာဉ်စီးရတာ မလွယ်လှပေမယ့် ထင်ထားသလောက်တော့ ခက်ခက်ခဲခဲ မစီးလိုက်ရဘဲ လေယာဉ်က အ၀င်အထွက် အရမ်းနောက်ကျတာတွေ ပစ္စည်းမှားတာ ပျောက်တာတွေ မရှိလို့တော်သေးတယ်။ ဒါပေမယ့် တညလုံး ကလေးကို ပေါင်ပေါ်တင် သိပ်ထားရတဲ့ သူမကတော့ တော်တော် ပင်ပန်းနေပါပြီ။ ကျွန်တော်လည်း ညက အိပ်တချက် နိုးတချက်နဲ့ ဆိုတော့ နည်းနည်းတော့ ပင်ပန်းနေပါပြီ။ လေဆိပ်က ထွက်ပြီး လေရှုလိုက်ရမှပဲ နည်းနည်း အသက်ရှုချောင်သွားပြီး ဒီ ခရီကြီးကို အောင်မြင်စွာ ဖြတ်သန်းလာနိုင်ပြီ ဆိုပြီး ၀မ်းသာတော့တယ်။ ။

2 comments:

nu-san - 10/30/07, 2:40 PM

Andy တို့ မိသားစုလေး အခုလို အဆင်ပြေပြေနဲ့ အိမ်ပြောင်းရွှေ့လို့ရသွားတာ ပျော်စရာကြီးပဲ.. ဟုတ်တယ်နော်. ခလေးပါရင် တော်တော် ဂရုစိုက်ရမယ်။ လူကြီးချည်းပဲ လေယာဉ်နဲ့ ခရီးသွားရင်တောင် အတော်ပင်ပန်းတာ ခလေးနဲ့ဆိုတော့ ပိုဆိုးပေါ့.. စာဖတ်ရင်းနဲ့ လေယာဉ်ပေါ်မှာ အမေရာ သမီးရော အနေခက်မှာပဲလို့ တွေးမိသေးတယ်။ နောက်ဆိုရင် အော်ဇီက သမီးတုန်အကြောင်းကို စောင့်ဖတ်ရတော့မှာပဲ.. :)

Phyo Wai Kyaw - 10/31/07, 11:59 AM

Wow and your family follow to you so early. dude, I am very glad to read this. ;)

Post a Comment

Many thanks for dropping a comment…

Film