Monday, November 26, 2007

သမီးရဲ့ အစားအစာနဲ့ တိုးတက်မှု ( ၅လမှ ၈လ အထိ)

အစားအစာ

သမီးလေးဟာ ၄လလောက်မှာ ကတည်းက မီးဖိုချောင်ထဲ ၀င်သွားရင် စားပွဲပေါ်က အစားအစာ တွေကို စိတ်ဝင်တစား ကြည့်နေတတ်ပါတယ်။ လူကြီးတွေ အစာ စားနေပြီ ဆိုရင် သူလည်း ပါးစပ် တပြင်ပြင်နဲ့ ဖြစ်နေပါတယ်။ သူဒီလို ဖြစ်နေတာကို ကျွန်တော်တို့က သဘောကျလို့ လုပ်ပြပေမယ့် လူကြီးတွေကတော့ ကလေးကို ကျွေးလည်း မကျွေးဘဲ လုပ်ပြနေတယ်၊ ၀ဋ္ဋ်လည်မယ် ဆိုပြီး မလုပ်ကြနဲ့တဲ့။ ၆လ အထိ နို့ပဲ တိုက်ရမယ်ဆိုတာကို ဖတ်ထားရလို့ ဘာမှတော့ မကျွေး ဖြစ်ခဲ့ပါဘူး။ ၆လမတိုင်ခင် ကလေးကို တခြားအစာ ကျွေးလို့ ဘာကောင်းကျိုးမှ မရှိပါဘူး။ ကျွေးမှသာ
* အစာနဲ့ မတည့်တာ ဖြစ်မယ်။
* နို့သောက်နှုန်း ကျသွားမယ်။
* အစာထဲမှာ ရောဂါ ပိုးမွှားတွေ ပါသွားမယ်။
* ၀မ်းချုပ်မယ် ဒါမှမဟုတ် ၀မ်းသွားမယ်။

ဒီလိုနဲ့ ၅လခွဲ ကျော်ကျော် အရွယ်မှာ ဆေးခန်းမှာ ကာကွယ်ဆေး သွားထိုးတုန်း ဆရာဝန်ကို မေးလိုက်တော့ ဆရာဝန်က ကျွေးလို့ ရပြီဆိုပြီး Nestle ကထုတ်တဲ့ ဆန်မှုန့် အထုပ်လေး ပေးလိုက်ပါတယ်။ အဲဒါလေးကို သူသောက်တဲ့ နို့နဲ့ ရောဖျော်ပြီး နည်းနည်းလေး စကျွေးပါတယ်။ ပထမနေ့ကတော့ အစာသစ်ကို မငြင်းဆန်ပေမယ့် ဇွန်းနဲ့ မစားတတ်သေးပါဘူး။ မျိုမချ တတ်တာပေါ့။ ကျွေးရင်း ကျွေးရင်းနဲ့တော့ အဆင်ပြေလာပါတယ်။ သူက ဆန်ကို ကြိုက်ပါတယ်။ ဒါပေမယ့် နည်းနည်း နည်းနည်း ကျင့်ကျွေးရတာပါ။ ဆန်က Allergic ဖြစ်ခဲလို့ ဆန်မှုန့်ကို စကျွေးရတာပါ။ နေ့လည်မှာပဲ ကျွေးပါတယ်။ ညစာတော့ အစာမကျေ ဖြစ်မှာ စိုးလို့ မကျွေးသေးပါဘူး။

ဆန်မှုန့်ချည်းပဲ ၂ ပတ်လောက် ကျွေးပြီးတော့မှ နောက်တစ်ခါ ဆရာဝန်ပေးလိုက်တဲ့ ဆန်မှုန့်ရယ်၊ ငှက်ပျောသီးရယ်၊ ပန်းသီးရယ် ရောထားတဲ့ Nestle က Ready-Made အမှုန့်ကျွေးပါတယ်။ တစ်ခါတစ်ခါကျရင်တော့ အိမ်မှာပဲ ပန်းသီးတို့ ပဲနီလေးတို့ကို ပြုတ်ပြီးတော့ Ready-made ဆန်မှုန့်နဲ့ ရောကျွေးပါတယ်။ ပဲနီလေးကတော့ ကလေး ၀မ်းအရမ်း ချုပ်နေတဲ့ အချိန်မှာ ကျွေးလိုက်ရင် အတော်ပါပဲ။ ပန်းသီးပြုတ် စကျွေးတုန်းက မှတ်မိသေးတယ်။ ပန်းသီအရသာက သူ့အတွက်ဆို တော်တော် ပြင်းတဲ့ အချိုအချဉ် ဆိုတော့ မျက်နှာလေးကို ရှုံ့နေတာပဲ၊ နောက်တော့ ပန်းသီးဆိုရင် အရမ်းကြိုက်သွားပါတယ်။ ဒါပေမယ့် အချိုကြိုက် တတ်သွားမှာ စိုးလို့ လျှော့ကျွေးရပါတယ်။ နောက်တစ်ခု သူကြိုက်တာကတော့ လူကြီးတွေ စားတဲ့ ပေါင်မုန့်ပါပဲ။ ပေါင်မုန့်ကို ခပ်မျှင်မျှင်လေးတွေ လုပ်ကျွေးလို့ကတော့ ငြိမ်နေတာပဲ။ ပေါင်မုန့်မှာ တာရှည်ခံဆေးတွေ ထည့်ထားတတ်လို့ ကျွန်တော်က မကျွေးချင်ပေမယ့် သူ့အဘွားကတော့ နည်းနည်း နည်းနည်း ခိုးကျွေးပါတယ်။ ၆လ ကျော်မှာတော့ ဆရာဝန်က Brown Rice ကျွေးလို့ရပြီ ဆိုပြီး အထုတ်လေးတွေ ပေးလိုက်ပါတယ်။ Nestle ကထုတ်တာပါပဲ။ နောက်နည်းနည်း ကြာတော့ Ready-made ပုလင်းလေးတွေကို ၀ယ်ကျွေးပါတယ်။ ထွေထွေ ထူးထူးမဟုတ်ဘဲ၊ ဆန်နဲ့ ဖရုံသီး၊ ငှက်ပျောသီး၊ မုန်လာဥ၊ ခရမ်းချဉ်သီး၊ ကန်ဇွန်းဥ တစ်ခုခု ရောထားတာလေးတွေ ကျွေးတာပါ။ တစ်ခုတစ်လေ ကျတော့ ကီဝီသီးရယ်၊ ပန်းသီးရယ်၊ သရက်သီးရယ် ရောထားတဲ့ Fruit Jelly ကို ကိုယ့်ဘာကိုယ် ဆန်မှုန့်နဲ့ ရောကျွေးပါတယ်။

၇လ ကျော်တာနဲ့ မြင့်မြတ်နိုးတို့ အစား သောင်းကျန်းတော့တာပဲ။ စုံနေအောင် စားနေပါပြီ။ စားတဲ့ ပမာဏလည်း များလာပြီ ဆိုတော့ အိမ်မှာ လုပ်ကျွေးလို့ ရလာပါပြီ။ အစတုန်းကတော့ ပုလင်းလေးတွေ ၀ယ်ကျွေးလိုက်တာပါပဲ။ ကိုယ့်ဘာသာကိုယ်လည်း မလုပ်တတ်၊ စားတာကလည်း နည်းနည်းလေးဆိုတော့ အိမ်မှာ လုပ်လောက်အောင် မတန်ဘူး ဖြစ်နေတယ်။ ပုလင်းလေးတွေကတော့ တစ်ပုလင်း တစ်ဒေါ်လာ သာသာပဲ ရှိပါတယ်။ နေ့ည နှစ်ခေါက်လောက် ကျွေးလို့ ရတယ်။ နောက်တော့ အိမ်မှာပဲ ကြက်သားနဲ့ ဖရုံသီး၊ ကန်းဇွန်းဥ ဒါမှမဟုတ် မုန်လာဥနီနဲ့ တစ်ခုခုကို ရောပြုတ်ပြီး ဆန်မှုန့်နဲ့ ရောကျွေးပါတယ်။ တစ်ခါတစ်လေကျတော့လည်း ထမင်းလေး နည်းနည်းပါ တခါတည့် ထည့်ြ့ပီး ပြုတ်လိုက်ပါတယ်။ ပြုတ်ထားတာကို စားခါနီးကျမှာ သူ့ပန်းကန်ထဲ ထည့်ပြီး ဇွန်းလေးနဲ့ ချေကျွေးပါတယ်။ Blender ထဲ ထည့်ပြီး မွှေလောက်အောင်လည်း မများသေးပါဘူး။ ကံကောင်းချင်တော့ ကလေးကျွေးတဲ့ ပန်းကန်လေး တွြေ့ပီး ၀ယ်လိုက်ရပါတယ်။ သူက `ထ´ဆင်ထူးလို နှစ်ခွက် ပေါင်းရက်လေးကို တစ်ခွက်မှာ အောက်ခြေကို ကြမ်းအောင် လုပ်ထားတော့ ဇွန်းလေးနဲ့ ဖိချေလို့ ရပါတယ်။ နောက်ပြီး တစ်ပတ်တစ်ခါ ဈေးသွားလို့ ကြက်တစ်ကောင် ၀ယ်လာပြီဆို သူအတွက် တစ်တုံးစီ တစ်တုံးစီ ခွဲပြီး ပလပ်စတစ်အိပ်လေးတွေနဲ့ ထည့်ပြီး Freeze လုပ်ထားပါတယ်။ တစ်နေ့ကို တစ်တုံး လွယ်လွယ်ကူကူ ယူပြီး ပြုတ်ကျွေး ရုံပါပဲ။ တစ်တုံးဆိုတာလည်း လူကြီးစားသလောက်တော့ မဟုတ်ပါဘူး၊ ခပ်သေးသေးပါ။ နောက်ပိုင်းကျတော့ ကြက်သားဖတ်လေးတွေပါ ချေပြီး ရောကျွေးပါတယ်။ နည်းနည်း ကြာလာတော့ အမဲသားချေထားတာလေးတွေပါ အသီးအနှံနဲ့ ရောပြုတ်ပြီး ကျွေးပါတယ်။ အခုဆို ဆန်လုံးညို ၀ယ်ပြီး ရောပြုတ်ကျွေးပါတယ်။

အိမ်မှာ ချက်ကျွေး ပေမယ့် Ready-made ပုလင်းလေးတွေကိုတော့ ဆောင်ထားပါသေးတယ်။ အပြင်တွေ ဘာတွေ သွားရင် အဆင်ပြေတယ်လေ။ ပြီးတော့ အိမ်မှာ ချက်မကျွေး ဖြစ်တာတွေ ပါတတ်ပါတယ်။ ပဲသီးစိမ်းလိုမျိုးတွေ။ ကိုယ့်ဘာသာဆို ထည့် မချက်ဖြစ်ပါဘူး။ ကလေး မျိုးစုံ စားရအောင် တစ်ခါတစ်လေတော့ ကျွေးပါသေးတယ်။ ဒါပေမယ့် ယူပြီး မြည်းကြည့်တော့လည်း အရသာက ဖွယ်ဖွယ် ကြီးတွေပါပဲ။ အိမ်မှာ ချက်တာက ပိုမွှေး ပိုချိုသလိုပါပဲ။ ကြက်သားနဲ့ ဖရုံသီး/ ကန်ဇွန်းဥ/ မုန်လာဥနီ ပြုတ်ထားတာဆို တော်တော် မွှေးပြီး ချိုပါတယ်။ ဒါပေမယ့် အိမ်မှာ ချက်တော့ အထူးတလည် သန့်ရှင်းအောင်တော့ ဂရုစိုက်ရပါတယ်။ ပြီးတော့ နည်းနည်းလေးကို ပြုတ်တာဆိုတော့ အိုးတူးပေါင်းလည်း မနည်းပါဘူး။ သြစတြေးလျမှာ စိုက်ပျိုးရေးက သူ့စီးပွားဆိုတော့ ဒီက ဆိုင်တွေမှာ ဒီမှာ စိုက်ပျိုး ထုတ်လုပ်တာတွေပဲ များပါတယ်။ Import လုပ်ထားတာတွေက ရှားပါတယ်။ စင်္ကာပူက ဘာမှ မစိုက်ပေမယ့် ကမ္ဘာအရပ်ရပ်က ဟာတွေ အကုန် Import လုပ်ယူပါတယ်။ အဲဒီတော့ ၀ယ်ရတာ အမျိုးစုံကို ကြိုက်တာ ရွေးဝယ်လို့ ရပါတယ်။ ဒီမှာတော့ ရွေးချယ်စရာ နည်းပါတယ်။ Nestle က ကလေး အဟာရမှုန့်တွေက ကျွေးချင်ပေမယ့် ဒီမှာ ရှာလို့ မတွေ့ပါဘူး။

ထမင်းအပြင် တစ်ခါတစ်လေကျရင် ထောပတ်သီးကို ဒီအတိုင်း ကျွေးပါတယ်။ ဒီမှာ အသိတစ်ယောက်က ဒီကလူတွေဟာ ကလေးတွေကို အရမ်းကျွေးတယ် ပြောတာနဲ့ ကျွေးရကောင်းမှန်း သိသွားတာပါ။ ဒါပေမယ့် အရသာက ပျယ်ပြီး ပန်းသီးလောက် မချိုတော့ သမီးက အရမ်းတော့ မစားပါဘူး။ ပန်းသီးနဲ့ ရောချေပြီး ကျွေးရင်တော့ ပိုစားပါတယ်။ ထောပတ်သီးက ကျေလွယ်တဲ့ အဆီ (Mono-saturated Fat) ပါတော့ ကောင်းပါတယ်။ အစ်မတစ်ယောက်ကတော့ အစာမကျေဖြစ်တတ်တယ်တဲ့။ ဒီမှာ ထောပတ်သီးကလည်း ဈေးကြီးတာနဲ့ တစ်ခါတစ်လေမှ နည်းနည်း ကျွေးပါတယ်။ နောက်ပြီး ကလေးကျွေးတဲ့ ဒိန်ချဉ်လည်း ကျွေးပါတယ်။ သူကြိုက်ပါတယ်။ ဒိန်ချဉ်ဘူးလေးက သူ့အတွက်များနေတော့ လူကြီးနဲ့ တစ်ယောက်တစ်ဝက် စားလိုက်တာပဲ။ တစ်ခါတစ်ခါဆိုရင်တော့ ငှက်ပျောသီးကို မီးဖုတ်ကျွေးပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ဖီးကြမ်း ငှက်ပျောသီးက `ပျော်´နေရင် အလွန်ချိုပေမယ့်၊ ဒီက ငှက်ပျောသီးကတော့ သိပ်မကောင်းပါဘူး။ ပိုလည်း ဖန်ပါတယ်။ လိမ္မော်သီး၊ ရှောက်ချိုသီး ဆိုလိုကတော့ အသည်းစွဲ ကြိုက်တာ။ ရှောက်ချိုသီး စိတ်ကို ကားထားပြီး လက်နဲ့ ကိုင်ထားပေးရင် ခွေးပေါက်ကလေးလို့ပဲ ကုန်းကုန်းပြီး စုပ်တာဆို အရမ်းချစ်ဖို့ ကောင်းလို့ ကျွေးရတာကိုက ပျော်စရာ ကောင်းနေပါတယ်။ ပြီးရင်တော့ ကြမ်းကို သုတ်၊ သူ့မျက်နှာတွေကို ဆေးပေတော့။ နောက်ပြီး မုန့်လက်ညှိုးပေးထားရင် သူ့ကမ္ဘာလေးကို ဖြစ်နေပြီး စိတ်ဝင်တစား စားနေတော့တာပဲ။ တကယ်တော့ သမီးက အဲဒီလို ကိုယ့်ဘာသာ ကိုင်စားရတာကို ပိုကြိုက်တာပါ။ ကျွန်တော်တို့ ထမင်းစားနေချိန်မှာဆို သူ့ကို မုန့်လက်ညှိုးပေးထားလိုက်ရုံပဲ။ သူဘာသူ ငြိမ်နေရော၊ နို့မို့ဆိုရင် လူကြီးတွေလည်း ကောင်းကောင်း မစားရဘူး။

အစာကျွေးနေပေမယ့် နို့တော့ ပုံမှန် ၀င်အောင် တိုက်ရပါသေးတယ်။ တချို့ကတော့ အစာ စားအောင် ကလေးဆာချိန်မှာ အစာကို အရင်ကျွေးပြီး နို့ကို နောက်မှ တိုက်ပါတယ်။ သမီးကတော့ အစာစားပြီး တော်တော် ကြာတာတောင် နို့ကို မစို့ချင်ပါဘူး။ (သူ့မိဘတွေလိုပဲ) အစားအစာ အဆန်းအပြားကို ပို ခုံမင်ပါတယ်။ အဲဒါကြောင့် ဆာနေချိန်မှာ နို့ကို အရင်တိုက်ပါတယ်။ နည်းနည်းကြာမှ အစာကျွေးပါတယ်။ ထမင်းအစာဆို မငြင်းပါဘူး။ အရေးကြီးတာတော့ အစာ အဟာရ အသစ်တွေနဲ့ တွေ့ထိပေးသလို သောက်နေတဲ့ နို့ပမာဏလည်း သိသိသာသာကြီး မကျသွားဖို့ ပါပဲ။

တိုးတက်မှု

သမီးက ၄လကျော်မှာ မှောက်တတ်နေပေမယ့် ပြန် မလှန်တတ်သေးပါဘူ။ ၅လကျော်မှ မှောက်လိုက် လှန်လိုက် လုပ်တတ်သွားတာပါ။ အဲဒီလိုပဲ မှောက်လိုက် လှန်လိုက်နဲ့ တစ်နေရက တစ်နေရာကို ရွှေ့သွားပါတယ်။ သူ့အတွက် အသစ်အဆန်း ပစ္စည်းတွေဆို လက်ကလေးနဲ့ ကိုင်ကြည့်၊ ကုတ်ခြစ်ကြည့် လုပ်တတ်ပါတယ်။ ပြီးရင်တော့ ပါးစပ်ထဲ ထည့်ပြီး ကိုက်ကြည့်တော့တာပဲ။ အဲဒါကြောင့် လူကြီးက စောင့်ကြည့်နေရပါတယ်။ ၅လကျော်မှာတော့ လူကြီးနဲ့ ဆော့ရတာကို ကြိုက်လာပါတယ်။ သူ့အဒေါ်နဲ့ ဆော့ရတာဆို သိပ်ကြိုက်ပါတယ်။ စင်္ကာပူမှာ တုန်းကတော့ အိမ်မှာ အဖိုး အဖွား၊ အဒေါ်အပြင် လာလာလည်တဲ့ ဦးလေး အဒေါ်တွေကြောင့် လူတွေ အများကြီးနဲ့ နေရတာကို ကြိုက်သွားပါတယ်။ သြော်ဇီကိုလည်း ပြောင်းလာရော အိမ်မှာ အဖေ အမေပဲ ရှိတာ ဆိုတော့ မနေတတ်တော့ဘူး ထင်ပါတယ်။ သူ တစ်ခါတစ်ခါ ဂျီပြီး ငိုနေရင် ကျွန်တော်တို့ နားထဲမှာတော့ `ပျင်းတယ်၊ ပျင်းတယ်´ အော် ငိုနေသလိုပါပဲ။ နည်းနည်း ကြာသွားတော့မှပဲ သူဟာသူ ဆော့တတ်လာပြီး အဆင်ပြေသွားပါတော့တယ်။ သူ့ကစားစရာလေးတွေနဲ့လည်း ဆော့တတ်လာပါတယ်။

သူ့ကို ချီးမွမ်းတာလည်း ကြိုက်တတ် လာပါတယ်။ ရေချိုးတဲ့ အခါ ခြေထောက်လေးတွေကို ကန်ကန်ပြီး ဆော့နေတာကို လူကြီးတွေက ချီးကျူးရင် ပိုလုပ်ပါတယ်။ ပြီးတော့ သူဒီလို လုပ်နေတာကို ဘယ်သူတွေ ကြည့်နေသေးလည်း ဆိုတာကို လှည့်ပြီး ကြည့်ပါတယ်။ ၆လမှာတော့ လူကြီးတစ်ယောက်က ကိုင်ပေးထားရင် ရပ်တတ်ပါပြီ။ `ဟယ်.. သမီးလေးက ရပ်နိုင်တယ်ဟေ့´ လို့ ပြောရင် သဘော ကျနေတတ် ပါသေးတယ်။ အခု ၈လ ပြည့်ခါနီး အထိတော့ သူ့ဘာသာသူ တစ်ခုခုကို ဆွဲကိုင်ပြီး မထတတ်သေးပါဘူး။ လူကြီးက နည်းနည်း ကိုင်ပေးလိုက်ရင်တော့ ဆွဲထူ ရပ်ပါတယ်။ နောက်ပြီး တကယ်ဆိုရင် ဒီအရွယ်မှာ ထိုင်နေတတ်ပါပြီ။ သမီးကတော့ မထိုင်သေးပါဘူး။ သမီးက ၇လလောက် အထိ လေးဘက် မသွားတတ်သေးပါဘူး။ စင်္ကာပူမှာ နေတုန်းက အိမ်က ကျောက်ပြား ခင်းထားပြီး ချီမယ့် လူကြီးတွေကလည်း အများကြီး ရှိတာဆိုတော့ အောက်ကို သိပ်မချထား ဖြစ်ပါဘူး။ အခုတော့ ဒီမှာက ကောဇောခင်းထားပြီး တနေကုန် သူ့ကို ချီမထား နိုင်တော့ အောက်ချထားတာနဲ့ သူ့ဘာသာသူ သွားတတ်သွားပါတယ်။ စစသွားတုန်းကတော့ မိကျောင်းတွားသွား ပါတယ်။ သူ့ခြေထောက်လေးတွေနဲ့ ကန်ကန်ပြီး သွားတာ ခြေဖ၀ါးလေးတွေကို သွေးခြည်ဥပြီး ပေါက်တောင် ပေါက်သွားတယ်။ နောက်တော့မှ လေးဘက်သွားပါတယ်။ လေးဘက်လည်း သွားတတ်ရော တစ်အိမ်လုံး လျှောက်သွားပါရော။ အခုအချိန်မှာတော့ အိမ်ရဲ့ အခန်းတွေမြေပုံကို သူ့စိတ်ထဲမှာ ရှိနေပါပြီ။ မီးဖိုထဲကို လာချောင်းဖို့၊ ရေချိုးခန်းထဲ လိုက်လာဖို့တို့ တတ်လာပါပြီ။ ပြီးတော့ လှေကားတက်သလို အဆင့်တွေကို တက်တတ်နေပါပြီ။ အစတုန်းကတော့ ကွန်ပြူတာ စကန်နာ အထူကြီးပေါ်ကို လေးဘက်ထောက်တက်၊ ပြီးတော့ ကျော်ဆင်း၊ ခွဆင်း လုပ်တတ်ပါတယ်။ အဲဒါနဲ့ ထိုင်ခုံက နည်းနည်းပိုမြင့်တဲ့ Cushion ကို ဖြုတ်ပြီး အောက်ချပေးထားလိုက်တော့ သူ့အတွက် ကစားစရာ ဖြစ်သွားပါတယ်။ အဲဒီပေါ်ကိုတက်တယ်။ ပထမတော့ မဆင်းတတ်လို့ လူကြီးကို အော်ငိုပြီး ခေါ်တယ်။ နောက်တော့ သူ့ဘာသာသူ ဆင်းတော့ ပြုတ်ကျတယ်။ နောက်တော့ ကောင်းကောင်း ဆင်းတတ်သွား ပါပြီ။ အဲဒါနဲ့ နောက်ထပ်မြင့်တဲ့ စက္ကူပုံ တစ်လုံးနဲ့ လှေကားထစ်လို လုပ်ပေးထားတော့ အဲဒီ အပေါ်အထိ တက်ပါတယ်။ ဒါပေမယ့် မြင့်တော့ သိပ်မတက်ပါဘူး။

သမီးဟာ အခုဆို အန္တရာယ်ကို သိတတ်၊ မှတ်တတ်၊ ကာကွယ် တုန့်ပြန်တတ်လာပါတယ်။ ဒီကို ရောက်ခါစက သူ့အမေ တစ်ယောက်တည်းနဲ့ သူကို ရေချိုးပေးဖို့ ရေချိုးတဲ့ ဇလုံကို ထဲထည့်ချိန်မှာ ချော်ပြီး လဲသွားတာ တော်တော် လန့်သွားပါတယ်။ အဲဒါနဲ့ အဲဒီ ဇလုံထဲမှာ ရေရှိရင် သူ့ကို ထည့်ပေးလို့ မရတော့ပါဘူး။ အဲဒီ ဇလုံရယ်၊ ရေချိုးခန်းရယ်ကို တော်တော် လန့်ပြီး အမှတ်ထားပါတယ်။ အဲဒါနဲ့ အဲဒီ ဇလုံကို မကြောက်အောင် သူဆော့နေတဲ့နေရာမှာ ထားပြီး ကစားစရာတွေထည့်ဆော့၊ သူ့ကို ထည့်ဆော့ လုပ်ရပါတယ်။ ပြီးတော့ အမေရော အဖေရော ရှိတဲ့ အချိန်မှ ဧည့်ခန်းထဲမှာပဲ ရေချိုးပေးရပါတယ်။ ဒါတောင် ဇလုံထဲမှာ ရေရှိနေရင် အောက်ချလို့ မရလို့ သူ့ကို အရင်ထည့်ပြီးမှ အပေါ်က ရေလောင်းချိုးပေး လုပ်ရပါတယ်။ သူ့ကို တစ်ခါတစ်လေ Basin မှာ လက်ဆေးပေးရင်တောင် ကြောက်တတ်ပါသေးတယ်။ ဒါပေမယ့် မှန်ထဲမှာ သူ့ပုံတွေ့ရင်တော့ သူ့နဖူးနဲ့ သွားသွားဆောင့်ပါတယ်။

ကျွန်တော့် တူ၊တူမလေးတွေ ငယ်ငယ်တုန်းက တီဗွီ၊ တယ်လီဖုန်းဆိုတာ မွေးကတည်းက သိလာတဲ့ Concept တစ်ခုလိုပါပဲ။ သူတို့ အတွက်က အသံကြားရတဲ့ ဖုန်းထဲမှာ လူရှိနေလားဘာလား စဉ်းစားစရာမလိုပါဘူး။ တဖက်က ပြောနေတဲ့ သူဟာ အဝေးတစ်နေရာမှာ ရှိနေတယ်။ တယ်လီဖုန်းနဲ့ အဝေးက လူကို စကားပြောလို့ရတယ်ဆိုတဲ့ Concept က အလိုလို နားလည်နေသလိုပါပဲ။ အခု သမီးအလှည့်ကျတော့ ကွန်ပြူတာက ကီးဘုတ်ကို နှိပ်နေရင် ကီးဘုတ်ကို မကြည့် မော်နီတာမှာ ဘာဖြစ်သွားသလဲကိုပဲ စောင့်ကြည့်နေပါတယ်။ တီဗွီက Remote ကို လူကြီးက ကိုင်လိုက်ရင် တီဗွီဖွင့်လာမလား ဘာဖြစ်သွားမလဲ ဆိုတာကို တီဗွီကိုပဲ ဖတ်ကနဲ လှမ်းကြည့်ပါတယ်။ အိမ်က Remote မှာကလည်း Power ခလုပ်က အကြီးဆုံးနဲ့ အရောင်ကွဲတော့ အဲဒီ ခလုပ်လေးကို နှိပ်ပြီး တီဗွီပွင့်သွားရင် ကြိုက်ပါတယ်။ DVD Player က ခလုတ်ကို သွားသွားနှိပ်ပြီး မီးလေးတွေ လင်းလာလိုက် မှိတ်သွားလိုက်ဆိုရင်လည်း သဘောကျပြီး လူကြီးကို လှမ်းလှမ်း ကြည့်ပါတယ်။ သူလုပ်လိုက်တယ်ပေါ့။

အခု ၈လ ရောက်ခါနီမှာ သွားငုတ်တိုလေး တစ်ချောင်းပေါ်နေပါပြီ။ မပေါက်ခင်တုန်းက သွားဖုန်းယားတော့ ဂျီကျတတ်ပြီး သူ့အမေက လက်ထည့်ပေးထားလို့ ကိုက်နေရရင်ငြိမ်နေပါတယ်။ သူ့မေးရိုးလေးကလည်း အားတော်တော် ထည့်တတ်နေပါပြီ။ အစားအစာကို နည်းနည်း ၀ါစားရရင် ကျေနပ်ပါတယ်။ ကိုယ်အလေးချိန်ကတော့ ဒီ၃လမှာ သိပ်တက်မလာဘူးတောင် ပြောလို့ရတယ်။ ၁၇ ပေါင်မှာ တော်တော် ကြာနေပါပြီ။ အရပ်ကတော့ ထွက်လာပါတယ်။ သွားလာ လှုပ်ရှား ဆော့တတ်လာတာရယ် နို့အပြင် တခြား အစာကျွေးတာ ရယ်ကြောင့် ဖြစ်မှာပါ။ စိတ်ပိုင်း ဆိုင်ရာကတော့ အတော်ကို တိုးတက်လာပါတယ်။ နည်းနည်း သိတတ်၊ ခံစားတတ်လာပါပြီ။ အပြင်သွားရမယ်ဆိုရင် ပျော်နေတာပါပဲ။ အဖေအမေကိုလည်း ပိုသိ ပိုခင်တွယ်လာပါတယ်။ ကျွန်တော် ရုံးသွားပြီဆိုရင် ငိုပြီး ကျန်ခဲ့တတ်ပါတယ်။ ကစားဖော်လည်း ခင်လာပါတယ်။ အိမ်ကိုလာလည်တဲ့ သူငယ်ချင်း သမီးလေးနဲ့ဆိုရင် အတူတူ ဆော့ချင်ပါတယ်။

လေးလကျော်ရွယ် ချစ်စဖွယ်
၃လပြည့်
အမြင်အာရုံ တိုးတက်မှု (၂ လခွဲ အရွယ် အထိ)
တစ်လပြည့်အလှူ
သမီးလေးရဲ့ တိုးတက်မှု

5 comments:

B!tter SwEEt - 11/27/07, 12:41 AM

After reading this post, I can feel the love that you have for your lovely daughter. I can see the love of a father. It is pretty obvious that you love your daughter so much and want to keep on track every single movement of her. I always feel glad by looking at the pictures of your family. And now.. You make me miss my DADDY..

Andy Myint - 11/27/07, 9:39 AM
Sweet. Thanks for your words. In fact, it’s not just me who watch the daughter over. It’s also her mom, primary care taker, who helps me write it down. Anyhow, it’s always good to have sweet children and warm parents.
Anonymous - 12/8/07, 1:30 AM

Your kid is very cute & lovely & fatty. I want to squeeze her. It is one of the attraction to me to come & check ur blog whever free:)

tayzarwin - 12/8/07, 5:59 PM

ဒီ post ကို ဖတ် ရတာ တော်တော် သဘောကျတယ် အစ်ကိုရေ။ နောက် အစ်ကို့  သမီးလေး post တွေ တင် ရင် ထပ်လာဖတ် ဦးမယ်။

ယောနသံစင်ရော် - 12/1/08, 7:45 AM

မရေ... ဒီပို့စ်လေးဖတ်ရတာ သိချင်တာတွေ အတော်သိသွားပါတယ်။ ကျမမှာ ၆လကျော်သမီးလေး တယောက်ရှိပါတယ်။ သူ့ကို အစာစကျွေးလိုက်ထဲက နို့ဘူးကို သိပ်မစို့တော့လို့ စိတ်ပူနေတာ။ ခုလိုမျှဝေပေးတာကျေးဇူးပါပဲ။ မိဘတွေနဲ့ အတူမနေတာက တကြောင်း၊ ပထမဆုံး ကလေးဖြစ်တာက တကြောင်းမို့လို့ ဒီပို့စ်လေးဖတ်ပြီးတော့ သိချင်တာတွေ နားမလည်တာတွေ သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်။

Post a Comment

Many thanks for dropping a comment…

Film