Thursday, November 15, 2007

ဝင်ကစွပ်

အယ်လ်ဂိုး ပြောတာ ကြားဖူးတယ် “မြန်မြန် သွားချင်ရင် တစ်ယောက်တည်း သွား၊ ဝေးဝေး သွားချင်ရင် အများနဲ့ သွား” တဲ့။ ဒီလိုနည်းနဲ့ပဲ ကျွန်တော် စင်္ကာပူကို သွားခဲ့တယ်။ အခြေ နည်းနည်း ကျအောင် လုပ်ဖို့ တစ်ယောက်တည်း အရင် သွားတယ်။ တစ်ယောက်တည်း ဆိုတော့ (ရေတိုမှာ) အလုပ် တွင်ကျယ်တယ်။ နောက်မှ အမျိုးတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတယ်။ အခုလည်း သြော်ဇီကို ပြောင်းလာတော့ တစ်မိသားစုလုံး ခေါ်မလာဘဲ ကျွန်တော် တစ်ယောက်ထဲ အရင်လာပြီး သူငယ်ချင်း မိသားစု အိမ်မှာ တည်းပါတယ်။ ရောက်လာပြီးတာနဲ့ ပထမဆုံးနဲ့ အဓိက လုပ်ရမှာကတော့ နေဖို့ အိမ်ရှာရတာပါပဲ။ စက်တင်ဘာလ အလယ်လောက်မှာ ဒီကို ရောက်ပြီး အလုပ်က အောက်တိုဘာလ ဆန်းတာနဲ့ စလုပ်ရမှာ ဆိုတော့ နှစ်ပတ်ကျော်ကျော်ပဲ အချိန်ရပါတယ်။ အဲဒါကြောင့် ရောက်လာပြီးတာနဲ့ အိမ်ကို အသည်းအသန် ရှာရပါတယ်။

စင်္ကာပူမှာ အိမ်ငှားဖို့ ရှာတုန်းကတော့ စနေနေ့ သတင်းစာက Classified မှာ ရှာပါတယ်။ ကြိုက်တာ တွေ့ရင် ချက်ချင်းပဲ ဖုန်းဆက်ပြီး ပွဲစားကို ကောက်ချိန်းပြီး အဆင်ပြေရင် သွားကြည့် လုပ်ခဲ့ပါတယ်။ ဒီမှာတော့ အိမ်က အင်တာနက်မှာ ရှာလို့ ရပါတယ်။ Web Site တွေကလည်း ကောင်းပါတယ်။ ဒါပေမယ့် ခက်တာက အိမ်တော်တော် များများက ကိုယ်ကြည့်ချင်တဲ့ အချိန် ကြည့်လို့ မရဘဲ စနေနေ့ မနက်လိုမျိုးမှာ “Open House” လုပ်တယ်ဆိုပြီး ၁၅ မိနစ်လောက် အိမ်ကို ဖွင့်ထားပေးပါတယ်။ အဲဒီကျမှ အိမ်ငှားမယ့် လူတွေက ကြည့်လို့ (Inspection လုပ်လို့) ရပါတယ်။ တချို့ဟာတွေက ကြည့်ဖို့ ဆိုပြီး ကြိုတင်ပြီးတောင် Appointment ယူထားရပါသေးတယ်။ ကျွန်တော်တို့ကတော့ ဖွင့်ထားရင် အတင်းပဲ ၀င်ကြည့်လိုက်တာပဲ။ Open House လုပ်တဲ့ အချိန်ကိုတော့ တစ်ခါတစ်လေ Web Site မှာ ဖော်ပြထားပြီး များသောအားဖြင့်ကိုတော့ Local Newspaper လို တစ်ပတ်တစ်စောင် ထုတ်တဲ့ အခမဲ့ သတင်းစာစောင်မှာ ကြည့်ရပြန်တော့ အဲဒီ သတင်းစာကို သွားယူပြီး မှတ်ထားရပါတယ်။ Web Site နဲ့ သတင်းစာစောင် နှစ်ခု ပေါင်းမှ တော်တော် များများ ရပါတယ်။ ဒါတောင် ဘယ်ကဘယ်လို လွတ်သွားမှန်း မသိတာတွေ ရှိပါသေးတယ်။ နောက်တစ်ခါ ခက်တာပြန်က Open House တွေက တစ်ခုနဲ့ တစ်ခု အချိန် ကပ်နေပြီး အိမ်တွေကတော့ လှမ်းပါတယ်။ အဲဒီတော့ တစ်ပါတ်လုံး အိမ်တွေရှာ၊ ကြည့်ရမယ့် ဟာတွေ စားရင်းလုပ်ထားပြီး စနေနေ့ကျရင် သွားရမယ့် Route ကို သောကြာနေ့ ညကတည်းက ဆွဲထားပါတယ်။ ဒီအိမ်အရင်ကြည့်မယ်၊ ပြီးတော့ ဟိုအိမ်ကြည့်မယ်ဆိုပြီး။ ကြားရက်မှာ ကတည်းက အိမ်ရဲ့ အပြင်ပန်းနဲ့ ပတ်ဝန်းကျင်ကို စနည်းနာထားရပါတယ်။

စနေနေ့ရောက်တော့ သူငယ်ချင်းက သူ့ကားနဲ့ လိုက်ပို့ပါတယ်။ ဒါတောင် တောင်ပြေး မြောက်ပြေး လုပ်ရတာပါ။ အိမ်တစ်အိမ် ရောက်ပြီဆိုတာနဲ့ ကျွန်တော်က ဆင်းကြည့်ပြီး သူက နောက်တစ်လုံးကို ဘယ်လို မောင်းရမယ် ဆိုတာကို ကြိုကြည့်ထားပါတယ်။ နောက်အိမ်က နီးနီးနားနားဆိုရင်တော့ နှစ်ယောက်လုံး ဆင်းကြည့်ကြပါတယ်။ ကြည့်တာလည်း ၁၅ မိနစ်ထဲကို လာတဲ့သူတွေက အုပ်လိုက်ပါပဲ။ ကျွန်တော် ရှိနေတဲ့ ၅မိနစ် ၁၀ မိနစ်အတွင်းမှာ လူအုပ်က ၇စု ၈စုလောက် လူက ၁၀ ယောက် ၁၅ ယောက်လောက် ရှိတယ်။ တချို့တွေက အစောကြီး ကတည်းကတောင် လာစောင့်နေသေးတယ်။ အချိန်တန်ပြီဆို ပွဲစားက ကော့ကော့ ကော့ကော့နဲ့ ရောက်လာပြီး လူအုပ်ကြီးက နောက်ကနေ တစ်ဝုန်းဝုန်း တက်ပြီး အိမ်ငှားမယ့် လူတွေက ကော်မန်ဒိုတွေ Urban Operation မှာ ၀င်စီးသလို တစ်ခန်းဝင် တစ်ခန်းထွက် အမြန်ဝင်ကြည့် ဘီဒို တံခါးတွေ ဖွင့်ကြည့် လုပ်ကြပါတယ်။ ဒါတောင် အိမ်တွေက Unfurnished ငှားတာဆိုတော့ ထွေထွေထူးထူး ကြည့်နေစရာ မလိုပါဘူး။ ရေချိုးခန်းနဲ့ မီးဖိုချောင်ကိုပဲ ဦးစားပေးကြည့်ပါတယ်။ ပထမဆုံးကြည့်တဲ့ အိမ်ဆို ငှားသာ ငှားတာ မီးဖိုတို့ ရေချိုးခန်းတို့က စုတ်ပြတ်နေတာပဲ။ နောက်ပြီး ခင်းထားတဲ့ ကော်ဇောက အဆင်ပြေလား သန့်လားကြည့် အလင်းရောင် ရလားကြည့် အခန်းဖွဲ့ပုံကြည့်၊ ဒီလောက်ပါပဲ။

ကြိုက်ပြီဟေ့ ဆိုရင် ယူမယ် မယူဘူးကို ပါးစပ်နဲ့ ပြောရုံနဲ့ မရပြန်ဘူး။ အိမ်ငှားဖို့ကို Form တွေ ဘာတွေ တင်ရပြန်တယ်။ ပွဲစားဆီက Tenancy Application From ကို တစ်ခါတည်း တောင်းရပါတယ်။ တချို့ ပွဲစားတွေဆိုရင် နှစ်ယောက်နေမယ်ဆို နှစ်စောင် တောင်းရပြီး နှစ်ယောက်စာ ဖောင်ဖြည့်ရပါတယ်။ ပြီးတော့ သူတို့ဆီ Fax နဲ့ ဖြစ်ဖြစ် လူကိုယ်တိုင် ဖြစ်ဖြစ် ပို့ခိုင်းပါတယ်။ အဲဒါကိုမှ ပွဲစားက ရွေးပြီး အိမ်ရှင်က ဘယ်သူကို ငှားမယ် ဘာဟယ် ဆုံးဖြတ်ပါတယ်။ များသောအားဖြင့်တော့ လူနည်းနည်း တစ်ယောက်တည်းသမား နှစ်ယောက်သမားနဲ့ တစ်နေကုန် အလုပ်သွားနေမယ့် သူကိုပဲ ငှားတာပေါ့။ ပြီးတော့ ဒီမှာက အိမ်ငှားရင် Rental History ဆိုပြီး အရင် ငှားခဲ့တဲ့ အိမ်မှာ ကောင်းကောင်း နေခဲ့လား၊ အိမ်လခ မှန်မှန် ပေးရဲ့လားကို စစ်ပါတယ်။ ငှားမယ့်သူက အရင်တုန်းက ဘယ်အိမ်မှာ ဘယ်ပွဲစားနဲ့ ငှားထားတယ် ဆိုတာကို Form ထဲမှာ ဖြည့်လိုက်ရပါတယ်။ အဲဒါကို သူတို့ ပွဲစား အချင်းချင်း Fax တွေ ဘာတွေ ပို့ပြီး မေး နောက်ပြီး Tenant Central Database ဆိုလား ဘာလားနဲ့ စစ်တယ် ဆိုပဲ။ ပြဿနာက အခုမှ ဒီကို ရောက်ပါတယ် ဆိုမှ ဘယ်လိုလုပ် History ရှိပါ့မလဲ။ အဲဒါနဲ့ ဒီမှာ ရောက်နေတဲ့ သူငယ်ချင်းက Main Applicant လုပ်ပြီး ကျွန်တော်က Secondary Applicant လိုမျိုး လုပ်ရပါတယ်။ ကျွန်တော်ကလည်း နာမည် ပေါက်မှ ဖြစ်မယ်လေ။ နောက်တစ်နေရာမှာ ထပ်ငှားရင် History ရှိအောင်လို့။

ဒီမှာကတော့ အထပ်အမြင့်တွေက Condo လိုမျိုးပဲ ရှိပြီး ပုံမှန်ကတော့ ၃ထပ် အိမ်လေးတွေပါ။ Public Housing လိုမျိုး (အခုထိ) မတွေ့မိပါဘူး။ စရှာတာကတော့ သူငယ်ချင်းနေတဲ့ နေရာမှာပါ။ ဖြစ်နိုင်ရင် သူတို့ လမ်းထဲမှာ နီးနီးနားနား နေချင်တာပါ။ အဲဒီနားမှာ Mall တို့၊ Child Care တို့လည်းနီပြီး ရထားလမ်းဆုံ ဆိုတော့ သွားရလာရတာ အဆင်ပြေတယ်လေ။ ဈေးနီးနီး ကျောင်းနီးနီးဆိုတော့ ဒီနေရာမှာ ရှာတဲ့သူတွေ ငှားချင်တဲ့ သူတွေက များနေတော့ အိမ်ရှင်တွေ ပွဲစားတွေကလည်း ခပ်တင်းတင်းပါပဲ။ အဲဒါနဲ့ အခန်းတစ်ခန်းကို ကြိုက်တာနဲ့ ငှားမယ်လုပ်ပါတယ်။ Form ဖြည့်ရတာလည်း PR လျှောက်ရတာ ကျနေတာပဲ မျိုးစုံအောင် ဖြည့်ရတယ်။ ကျွန်တော့် အခြေအနေကလည်း ကိုးလိုးကန့်လန့်။ ရောက်တာကလည်း အခုမှ ရောက်တယ်၊ အလုပ်ကလည်း နောက်လမှ လုပ်မှာ။ Rental History ကလည်း မရှိဆိုတော့ Form ဖြည့်ရတာနဲ့ကို အဆင်မပြေလှမှန်း ကိုယ့်ဘာကိုယ်တောင် ခံစားမိပါတယ်။ အိမ်ရှင်တွေ ပွဲစားတွေသာ ကြည့်မယ်ဆိုရင် First Thrown-out ထဲမှာ ပါသွားမယ် ဆိုတာ သိနေပါတယ်။

အဲဒါကြောင့် Form ဖြည့်ပြီးတော့ ပွဲစားကိုလည်း လိုအပ်ရင် ရှင်းပြလို့ရအောင် လူကိုယ်တိုင် သွားပို့ ပါတယ်။ စနေနေ့ ကြည့်ပြီး တနင်္လာနေ့ သွားပို့ရပါတယ်။ နောက်ပြီး တစ်ရက် နှစ်ရက်နေတာနဲ့ အကြောင်းပြန်မယ်တဲ့။ ဖြစ်ချင်တော့ ပွဲစား နေတာက တစ်နေရာမှာဆိုတော့ သူငယ်ချင်းက ခွင့်ယူပြီး လိုက်ပို့ပါတယ်။ ကျွန်တော်ကလည်း သိပ်မသွားတတ် သေးတာရယ်၊ ဒီအခန်းလေးကို အလုပ်ဖြစ်သွားစေချင်တော့ အထာလည်းသိတဲ့ သူက လိုက်ပို့ပေးတာပါ။ Form တစ်ခုထဲ မဟုတ်ပါဘူး။ Passport ကော်ပီတို့၊ အလုပ်က Pay Slip ဒါမှမဟုတ် Employment Contract တို့၊ အရင်ငှားထားတဲ့ အိမ်မှာ လခ ပေးထားတဲ့ Rental Receipt တို့ကို တထပ်ကြီး တင်ရပြန်တယ်။ အဲဒါကို 100 Points System နဲ့ စစ်ပြန်တယ်။ ထားပါတော့ Passport တို့၊ Driver Licence တို့က ၄၀ ပွိုင့်၊ Employment Letter တို့ Pay Slip တို့က ၃၀၊ Electricity Bill တို့၊ Phone Bill တို့၊ Bank Statement တို့၊ စာရွက်တွေက ၂၀ စသည် စသည်နဲ့ ပွိုင့်တွေ ပေါင်းသွားပြီး အနည်းဆုံး ၁၀၀ ရှိရပါတယ်။ ကျွန်တော့် အတွက်တော့ မရှိပါဘူး။ တကယ်တော့ ပွဲစားတွေ အိမ်ရှင်တွေက ဘယ်လိုကောင် သူတို့ အိမ်ပေါ် တက်နေမှာလည်းကို စစ်တာနေမှာပေါ့။ ဒီနေရာမှာတော့ သူတို့တွေ အော်အော်နေတဲ့ Discrimination တို့ Privacy တို့က မရှိပါဘူး။ သေချာတယ် ကျွန်တော့်ကို ကူညီမယ့်သူ တစ်ယောက်မှ မရှိဘဲ ဒီမှာ အိမ်ငှားလို့ ရမှာမဟုတ်ဘူး။

ဒီက လူတွေက ဘာစနစ် ညာစနစ်တွေ ထွင်၊ ပြီးတော့ ရှေးရိုးစွဲကလည်းရှိ၊ ဟိုစာရွက်ကြည့် ဒီစာရွက်ကြည့်နဲ့ ကြိုးနီ စနစ်ကလည်း ရှိသေးတယ်။ အထူးသဖြင့် History ဆိုတာကို ပြန်ပြန် ကြည့်တာပဲ။ Immigrant တွေ ၀င်တဲ့ နိုင်ငံမှာ ဒီလိုမျိုး ရှိတော့ အခုမှ ၀င်လာတဲ့ သူတွေအတွက် ဘယ်လိုလုပ်မလဲဆိုတော့ တရုတ်၊ ကုလား၊ အဖြူတွေက သူတို Society နဲ့ သူ ရှိတယ်လေတဲ့ သူငယ်ချင်းက ပြောပါတယ်။ မြန်မာတွေကတော့ နည်းသေးတော့ သိပ်မရှိလှပါဘူး။ စင်္ကာပူမှာတော့ ရှိတယ် ပြောလို့ရတယ်။ ရောက်လာရင် ကူညီမယ့် အမျိုးတွေ သူငယ်ချင်းတွေက ရှိနေပြီလေ။

ပထမ အပတ်မှာ လေး၊ငါးခန်းလောက်ကြည့်ပြီး တစ်ခန်းပဲ လျှောက်လိုက်မိပါတယ်။ ပြီးတော့ အဲဒီ အခန်းလေးအပေါ် မျှော်လင့်ချက် ထားမိတယ်။ အကြောင်းမသိသေးတော့လည်း ဒီလိုပဲလေ။ တနင်္လာနေ့က လျှောက်လိုက်တာကို ပွဲစားက ဗုဒ္ဓဟူးနေ့ အကြောင်းပြန်မယ်ဆိုတာကို ဗုဒ္ဓဟူးနေ့ နေ့လည် ရောက်တဲ့ အထိ ပွဲစားက ဖုန်းမခေါ်လာတာနဲ့ သူဆီကို လှမ်းဆက်လိုက်တော့ အသံနားထောင်ရတာ အဆင်မပြေပါဘူး။ အဲဒါနဲ့ နောက်တစ်ခေါက် ထပ်ခေါ်ပြီး လခ (တကယ်တော့ တစ်ပတ်ကို ဘယ်လောက်နဲ့ တွက်တာပါ) ကို နည်းနည်း တိုးပေးလိုက်တော့ “လခက အဓိက မဟုတ်ပါဘူး။ Rental History က အဓိက” ဘာညာ လျှောက်ပြောပြီး ကြာသပတေးနေ့ကျရင် ပြန်ခေါ်မယ်ဆိုပြီး နာမည်တွေ ဘာတွေ အသေအချာ မေးပြီး နည်းနည်းတော့ စိတ်ဝင်စားဟန် ပြလာပါတယ်။ တကယ်တော့ ကိုရွှေပွဲစားက လူရပြီးသားပါ။ အဲဒီလူနဲ့ အဆင်မပြေရင် တိုးပေးထားတဲ့ ကျွန်တော့်ကို ငှားမယ်လို့ ယူဆရတာပဲ။ ဒါပေမယ့် ကြာသပတေးနေကျတော့ ဖုန်းပြန်လာပါတယ်။ အဆင်မပြေပါဘူးတဲ့။ ကျွန်တော်လည်း စိတ်ပျက်သွားပါတယ်။ သူငယ်ချင်းက ဒါဆို ဘာကြောင့်လည်း ဆိုတာ ပြန်မေးလိုက်ကွာ ဆိုလို့ မေးကြည့်လိုက်တော့ လူများလို့တဲ့။ ဒီမှာက အိမ်ငှားရင် ကလေးရှိလား ခွေးရှိလားက အစ ဖြည့်ရပါတယ်။ ဘယ်နှယောက်နေမှာလည်း ဆိုတော့ နာမည်ခံ သူငယ်ချင်းရယ်၊ ကျွန်တော်တို့ လင်မယားရယ် ၃ ယောက် ဖြည့်လိုက်ပါတယ်။ အဲဒါကြောင့် လူများလို့ ဆိုပြီး အပယ်ခံလိုက်ရတာပါ။ နောက်ပိုင်းကျတော့ သူငယ်ချင်းရယ်၊ ကျွန်တော်ရယ်ပဲ 2 Adults ဆိုပြီး ဖြည့်ပါတော့တယ်။ နေပြီး ၂လ ၃လလောက် နေမှ သူငယ်ချင်းနဲ့ သူမနဲ့ကို နေရာ လဲလိုက်တော့မယ်။

ကျွန်တော့်မှာ အချိန်က နှစ်ပတ်ပဲ ရှိတာမှ တစ်ပတ်က ကုန်သွားပါတယ်။ နောက်တစ်ပတ်မှာ လူက သွေးပျက်လာပါတယ်။ အဲ့ဒါနဲ့ သူငယ်ချင်းနေတဲ့ ရပ်ကွက်နဲ့ နီးတဲ့ တခြား ရပ်ကွက်တွေရယ်၊ အလုပ်နဲ့ နီးတဲ့ ရပ်ကွက်တွေရယ်မှာပါ ရှာပါတယ်။ အဲဒီတော့ ခက်တာက စနေနှေ့ နေ့တပိုင်းလောက်မှာမှ ၁၅မိနစ်သာသာ ဖွင့်တဲ့ အိမ်တွေကို တစ်ရပ်ကွက်ထဲ မဟုတ် ဟိုးဖက် တွေမှာပါ လိုက်ကြည့်ရတော့တာပဲ။ အချိန်တွေက ကပ်နေတော့ မနက်ကတည်းက အိမ်ကထွက်ပြီး သူငယ်ချင်းကပဲ Ready-Made ဆီချက်ခေါက်ဆွဲ လုပ်လာပြီး ကားပေါ်တင်လာ၊ လမ်းမှာ စားရပါတယ်။ ပြီးတော့ ရိုးရိုးလမ်းက သွားရင် မမီမှာ စိုးလို့၊ ပိုက်ဆံ ပေးရတဲ့ Freeway (Express) ကနေ မောင်းပြီး ဟိုရပ်ကွက် ဒီရပ်ကွက် ပြေးရပါတယ်။ ရပ်ကွက် ၃-၄ ခုလောက်ပြေးလိုက်ပြီး အိမ် ၇ခန်း ၈ခန်းလောက်တော့ ကြည့်လိုက်ရပါတယ်။ တနင်္ဂနွေနေ့ကျတော့ ကြည့်ခဲ့တဲ့ အထဲက ၄-၅ ခန်းကို ငှားဖို့ ဖောင်တွေကို တထောကြီးဖြည့် ကော်ပီ ကူးထားတာတွေ ထည့်နဲ့ ရှုပ်နေတာပဲ။

တနင်္လာနေ့ကျတော့ ထုံးစံ အတိုင်းပဲ သူငယ်ချင်းက ရုံးလစ်ပြီး လိုက်ပို့ရပြန်တယ်။ တကယ်တော့ ပွဲစားတွေက ရပ်ကွက် တစ်ခုမှာဆို ဘူတာရုံနားလေးတွေမှာ ရှိတတ်ပေမယ့် ကျွန်တော်က နေရာစုံ လျှောက်ထားတော့ နေရာစုံ သွားရတာပါ။ ပထမဆုံး သွားတင်တဲ့ ပွဲစားက တခြားစာရွက်တွေ လိုသေးတယ်ဆိုလို့ အိမ်ပြန်ရှာ တင်ရတယ်။ နောက်တစ်ယောက်ဆီ ရောက်တော့လည်း အိမ်က ငှားပြီးသွားပြီတဲ့။ ဘယ်လိုဖြစ်ရတာလဲ၊ စနေနေ့ကမှ Open House လုပ်တာလေဆိုတော့ အဲဒီနေ့ကပဲ ဖောင်တင်တဲ့ သူနဲ့ အဆင်ပြေသွားပြီတဲ့။ အဲဒီ အိမ်လေးက သူငယ်ချင်းအိမ်နဲ့ နီးလို့ လိုချင်လို့ ဖောင်ဖြည့်ကတည်းက အိမ်ငှားခက တစ်ပတ် ၃၀၀ကို ၃၂၀ တိုးပေးထားတာ။ ကျွန်တော့်မှာ စိတ်ကလည်းတို၊ စိတ်လည်း မကောင်း ဖြစ်သွားတယ်။ နောက်တစ်ယောက်ကျတော့လည်း ကျွန်တော် Rental History ကိုတောင်းနေတယ်။ မဟုတ်ဘူး.. စင်္ကာပူက အခုမှ လာတာလို ရှင်းပြရတယ်။ နောက်တစ်နေရာကျတော့လည်း ပွဲစားက အလုပ်များနေလို့ Form ကိုတောင် မစစ်နိုင်ဘဲ ယူထားလိုက်တော့ ငါဖောင်လေးကိုမှ စိတ်ဝင်တစား ကြည့်ပါ့မလား၊ ကြည့်ရင်ရော ငါ့အခြေအနေကို နားလည်ပါ့မလားလို့ စိတ်ပူစွာနဲ့ပဲ ထားခဲ့ရတယ်။

အင်္ဂါနေ့ရောက်တော့ ပြုတ်သွားတဲ့ Application တွေရယ်၊ တင်လို့မရတာရယ်နဲ့၊ မျှော်လင့်စရာက ၂ ခုပဲကျန်တော့တယ်။ ဒီအပတ်ပြီးရင် နောက်ထပ် စနေ၊တနင်္ဂနွေ တစ်ခေါက်ကျန်သေးပေမယ့် ပြီးတာနဲ့ ရုံးတက်ရမှာဆိုတော့ အဲဒီ ၂ခုကိုပဲ အားကိုးနေရပါတယ်။ တစ်ခုကတော့ ပွဲစားက ခေါ်လာပါတယ်။ မင်းတို့ အခြေအနေကို ကြိုက်တယ်တဲ့ Professional တွေတဲ့၊ တခြားငှားမယ့် သူတွေက ကျောင်းသားတွေမို့ မကြိုက်ဘူးတဲ့။ အင်း..မဆိုးဘူးဆိုကာမှ အိမ်ရှင်က ခရီးထွက်နေလို့ နောက်တစ်ပတ် နှစ်ပတ်နေမှ အကြောင်းပြန်မယ်တဲ့။ အဲဒါနဲ့ ကျန်တဲ့ တစ်ခုကို အတင်းဖုန်းဆက်တော့ သူက ကြည့်လိုက်မယ်တဲ့။ အဲဒါနဲ့ နောက်နှစ်ရက်လောက် နေမှ မင်းတို့ ငှားလို့ရတယ် ဆိုပြီး ဖုန်းဆက်လာတယ်။ တကယ်တော့ အဲ့ဒီ အိမ်က သူငယ်ချင်းနေတဲ့ ရပ်ကွက်မှာ မဟုတ်ဘဲ ကပ်ရပ်နေရာမှာပါ။ ရထားနဲ့ တတန်သွားမှ ရောက်တာပါ။ ပြီးတော့ Mall တွေ ဘာတွေ မရှိပါဘူး။ ဈေးကလည်း နည်းနည်း ပိုပေးရပါတယ်။ အဲဒါကြောင့် ငှားမယ့်သူမရှိလို့ ပြိုင်ဘက်မရှိ ကျွန်တော်တို့က ရသွားတာနဲ့ တူပါတယ်။ ပြီးတော့ ပွဲစားက အဖြူတွေ မဟုတ်ဘူး၊ ကုလားတွေ ဆိုတော့ သိပ်ထွေထွေ ထူးထူး ရစ်မနေဘဲ ရှိတဲ့ သူကို ငှားလိုက်တယ်။

တိုက်ကတော့ တော်တော် သစ်ပြီး၊ ကျယ်လည်းကျယ်ပါတယ်။ ရေချိုးခန်းကလည်း အပြင်မှာရယ် အိပ်ခန်းထဲမှာပါ ပါပါတယ်။ အဲဒါကြောင့် ပိုပေးရတာပါ။ Location ကတော့ ကောင်းတယ် မဟုတ်ပါဘူး။ အနားက ဘူတာမှာကလည်း ရထားတိုင်း မရပ်ပါဘူး။ နာရီဝက်လောက်နေမှ တစ်စင်းလာပါတယ်။ ဘူတာကလည်း မညှာမတာ ပြောရမယ်ဆို ရန်ကုန်က မြို့ပတ် ရထား ဘူတာတွေနဲ့ သူမသာ ကိုယ်မသာပါပဲ။ စာချုပ် ချုပ်မယ့် နေ့က မချုပ်ခင် အဲဒီနား တ၀ိုက် လျှောက် ကြည့်လိုက်တော့ Mall တွေ ဘာတွေနဲ့ မနီးပေမယ့် Grocery ဆိုင်တွေနဲ့ သိပ်မဝေးတော့ မဆိုးလှပါဘူး။ နည်းနည်း ကြာကြာ နေကြည့်လိုက်တော့ နေရတာ မဆိုးပါဘူး။ ပေးထားတဲ့ အချိန် အတွင်းမှာ အိမ်ရတာရယ်၊ နေရတဲ့ အိမ်က အဆင်ပြေတာရယ်ကြောင့် ပျော်ပါတယ်။ နောက်ကျရင်တော့ စည်ကားတဲ့ နေရာကို ပြောင်းချင် ပြောင်းမယ်ပေါ့။

တကယ်တော့ အိမ်ရှာတာ အိမ်ငှားတာ အခုမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို အိမ်ပိုင် မရှိတော့ အိမ်ပြောင်းရသလား မမေးနဲ့။ ဒီရပ်ကွက်ထဲမှာပဲ ဟိုလမ်းကနေ ဒီလမ်းပြောင်းလုပ်တယ်။ နောက်ပြီး ဟိုရပ်ကွက်ပြောင်း ဒီရပ်ကွက်ပြောင်းလုပ်တယ်။ နောက်ဆုံး အခန်းဝယ်လိုက်တော့ မှပဲ မပြောင်းရတော့ဘူး။ အဲဒီကျမှ အခြေတကျ ရှိတော့တယ်။ အဲဒီအခန်း ၀ယ်ပြီးမှပဲ ကျွန်တော့်မှာလည်း ဟိုသွားလိုက် ဒီသွားလိုက်နဲ့ ကြာကြာ မနေဖြစ်ပြန်ဘူး။ တစ်နေရာ တစ်နေရာမှာလည်း ၂နှစ် ၃နှစ်လောက်ပဲ နေဖြစ်ပြီး အခြေမကျပြန်ဘူး။ အခုတော့ ဘ၀က အိမ်ငှားနေရတဲ့ အပြင် နိုင်ငံပါ ငှားနေရတယ်။ ၃-၄ နှစ်ကြာရင်တော့ အိမ်တစ်လုံး ၀ယ်နိုင်ဖို့ မျှော်မှန်းနိုင်ပေမယ့် အပိုင် နိုင်ငံမှာနေဖို့ကတော့…….. ရွှေပြည်တော်ရယ်.. မျှော်လေတိုင်း.. …..

7 comments:

nu-san - 11/15/07, 2:04 PM

Andy ရေ.. အိမ်ရှာရတဲ့သူတော့ မပြောတော့ဘူး.. အမဖတ်ရတဲ့သူတောင် စိတ်မောတယ်.. တော်ပါသေးတယ် အဆင်ပြေသွားလို့ ..

တုန်တုန်တို့ သားအမိလည်း အခုမှပဲ ဓာတ်ပုံထဲ မြင်ရတော့တယ်.. :)

Phyo Wai Kyaw - 11/15/07, 5:38 PM

ဟေ့လူ... ကျေးဇူးပဲဗျို့... ဒီပိုစ့်လေးအတွက်... မှတ်မှတ်ဖွယ်ရာ ထိုထိုစာကို ရှာ၍ မပြတ် အိမ်တွင်ဖတ် ဆိုသကဲ့သို့ မှတ်သားဖွယ် ကောင်းလှပါတယ်ဗျို့... :)

PeTi - 11/17/07, 12:58 AM

ကိုအန်ဒီရေ.. အစစ အရာရာ အဆင်ပြေပါစေ။
ဟုတ်တယ် မနုစံ ပြောသလို ရေးထားတာ အသက်ဝင်တော့ ဖတ်ရတောင် မောလာတယ်။ နိုင်ငံတခုကို ထပ်ပြောင်းရတာ မလွယ်ဘူးနော်။
အခုလိုလေးရေးထားတော့ ဗဟုသုတရတယ်။ ကျေးဇူးပါ။

tayzarwin - 11/17/07, 4:50 PM

မလွယ်ပါလား အစ် ကိုရဲ့ ။ အဆင်ပြေသွား တယ် ဆို တော့ ၀မ်း သာ မိပါတယ်။ အမြဲ တမ်း အဆင်ပြေပါစေ။

Andy Myint - 11/19/07, 9:39 AM
ဟုတ်တယ် ခင်ဗျာ… နိုင်ငံ ပြောင်းရတာ.. အိမ်ပြောင်းရတာ မလွယ်လှပါဘူး။ အာလုံးပဲ.. အားပေးတာ ကျေးဇူးပါ။
Anonymous - 1/10/08, 11:06 PM

Ko Andy,
Eventhough i d't know u ,U d't know me , now u r really familier 2 me.B'coz i like ur writing style and my son also born on 20 Apr 2007,more or less same as ur daughter.I'm working in Brunei Since 1997.My wife also working too.
I wenna write burmese but i d't know how 2 write.
If u 1 2 contact 2 me,this is my e mail "noksulay@gmail.Com" and My HP No was 673-8744868.
C U
Rgds
Naing OO Khine.

Andy Myint - 1/12/08, 1:42 PM
Nice to know you, Ko Naing Oo Khine. Cool. You also have a child in same age as mine. If you want to write down about your family, just do it. It will be improved more and more. I’ll also drop you an email.....

Post a Comment

Many thanks for dropping a comment…

Film