Saturday, December 08, 2007

ကျူးလစ်ပွဲတော်

ကံကောင်းချင်တော့ Sydney ရောက်ပြီး သိပ်မကြာခင်မှာပဲ ပန်းအလှ ပွဲတော် တစ်ခုကို သွားခွင့် ကြုံလာပါတယ်။ Sydney မြို့ကနေ မိုင် ၇၀ ကျော်ကျော်လောက် (မြန်မာပြည်မှာ ဆိုရင်တော့ ရန်ကုန်ကနေ ဥက္ကံလောက် ရှိမလား) ဝေးတဲ့ Bowral ဆိုတဲ့ မြို့ငယ်ကလေးမှာ လုပ်တာပါ။ ကားနဲ့သွားတာ ၂နာရီခွဲ ၃နာရီ နီးပါးလောက် မောင်းသွားရပါတယ်။ Sydney ကနေ ရထား ရှိပေမယ့် ရထားနဲ့ သွားရမယ် ဆိုရင်တော့ သိပ်တန်မယ် မထင်ပါဘူး။ New South Wales ပြည်နယ်ရဲ့ Southern Highland မှာရှိတဲ့ မြို့ကလေးဟာ ပင်လယ် ရေမျက်နှာပြင်ကနေ ပေ ၂၀၀၀ လောက်မှာ ရှိတော့ ရာသီဥတုက သာသာယာယာ ရှိပါတယ်။ ပြင်ဦးလွင်ကတော့ ပေ ၃၅၀၀ အထက်မှာ ရှိပါတယ်။ ကွန်ကရစ်တော စင်္ကာပူကလာတဲ့ ကျွန်တော့် အတွက်တော့ ကွင်းပြင်ကျယ်ကြီးတွေ၊ တောင်ကုန်း ပြေပြေတွေ၊ မြက်ခင်း ကျယ်တွေကတော့ အသစ်အဆန်း ပြန်ဖြစ်စေပါတယ်၊ ကြည်နူးရပါတယ်။



တစ်နှစ်လုံးမှာမှ ကျူးလစ်တွေ ငုံဖူးပွင့်တဲ့ အချိန်ဖြစ်တဲ့ ဆောင်းအကုန် ရာသီအကူး နွေဦးကာလ စက်တင်ဘာလ တတိယပတ်လောက်မှာမှ စပြီး ၂ ပတ်လောက်ပဲ ကျင်းပတဲ့ ပွဲဆိုတော့ သွားခွင့်ကြုံလိုက်တာ ကံကောင်းပါတယ်။ ဒီလို ပန်းပြပွဲ ကျင်းပလာလိုက်တာ ရွှေရတုတောင် တိုင်ပါတော့မယ်။အဲဒီမြို့မှာ ရှိတဲ့ ပန်းခြံရှင်တွေက သူတို့ ကိုယ်ပိုင် ပန်းခြံတွေမှာ ပန်းတွေကို အသေအချာ စိုက်ပြီး ၀င်ကြေး ကောက်ပြီး ပြစားကြတာပါ။ စင်္ကာပူတို့ ကူမင်းတို့မှာ လုပ်တဲ့ ပန်းပြပွဲတွေလို တစ်နေရာမှာ ပန်းတွေ ယူလာပြီး ခင်းကျင်းပြသလို မဟုတ်ပါဘူး။ ဒီလိုပွဲတွေလို သေသေသပ်သပ် မရှိလှပေမယ့် ကျူးလစ် မျိုးစုံကို အများကြီး တစ်နေရာထဲမှာ သဘာဝ အတိုင်း ကြည့်ရတာကတော့ မလဲနိုင်ပါဘူး။ သူတို့က ၀င်ကြေးကောက်တယ်ဆိုပေမယ့် ရတဲ့အကောက်ထဲကမှ ဘယ် ပရဟိတ အဖွဲ့အစည်းတွေကို လှူမယ် ဘာဟယ်ဆိုတော့ လာကြည့်တဲ့ သူတွေမှာ ပေးရတာ တန်သလိုလို ဖြစ်ရပြန်တယ်။ ဒီနှစ်တော့ ရင်သားကင်ဆာအတွက် Foundation တစ်ခုကို လှူတယ်ဆိုပဲ။ တစ်နှစ်တစ်နှစ်လည်း လာတယ်သူက ၅သောင်း ကျော် ၆သောင်းလောက် ရှိတယ်ဆိုတော့ မနည်းပါဘူး။ တိုးရစ်တွေရော၊ အနီးအနားက နယ်ခံတွေရော လာကြတာပါ။ ဒီကလူတွေကတော့ ပျိုးပင်တွေ၊ ပန်းတွေဝယ်ဖို့၊ ကိုယ့် ပန်းခြံကို ဘယ်လို ပြုပြင်ရင် ကောင်းမလဲ ကြည့်ဖို့ လာကြတာပေါ့။

ကျွန်တော်တို့ Bowral ကို ရောက်သွားတော့ နည်းနည်းစောသေးပေမယ့် ကားတွေ တော်တော် ရောက်နေပါပြီ။ ကိုယ်ပိုင်ကားတွေရော Coach Bus တွေရော ရောက်နေပါတယ်။ အဖြူတွေက တစ်စု၊ ကိုရီးယားလား ဂျပန်လား မသိတာက တစ်စု၊ ကုလားတစ်အုပ် ဘက်စ်ကားတွေနဲ့ ရောက်လာပါတယ်။ Sydney မြို့ထဲမှာ ပူလို့ ထူထူထဲထဲ မ၀တ်လာတော့ ကုန်းမြင့် မြို့ကလေးဖြစ်ပြီး လေကလည်း တိုက်တော့ နည်းနည်း အေးပါတယ်။ ကျွန်တော်တို့ ၀င်ကြည့်တဲ့ ပန်းခြံကတော့ Corbett Garden ဆိုတာလေးပါပဲ။ ကိုယ်ပိုင် ပန်းခြံဆိုပေမယ့် တော်တော်လေး ကျယ်ပါတယ်။ စမ်းချောင်းလေးတွေ ဘာတွေတောင် လုပ်ထားပါသေးတယ်။ သူတို့ အဆိုအရတော့ ကျူးလစ် တစ်သိန်းနဲ့ တခြား ရာသီပန်း ၂သောင်းခွဲလောက် ခင်းကျင်းပြထားတယ်ဆိုပဲ။ ရေတွက်မကြည့်လိုက်ပေမယ့် ကျူးလစ်ရောင်စုံ မျိုးစုံ၊ မျိုးစုံဆိုတာ တော်တော်ကို များပါတယ်။ သူ့အရောင်နဲ့သူ၊ သူ့အမျိုးနဲ့သူ စီစီရီရီ စိုက်ထားတာ ဓါတ်ပုံ ရိုက်ရတာ လက်မလည်အောင်ပါပဲ။ ပန်းပုံစံတွေကလည်း တူမလိုလိုနဲ့ အသေအချာကြည့်ရင် မတူပြန်ဘူး။ ရိုးတန်နဲ့ အရွက်တွေက ဆင်ပေမယ့် ပွင့်ဖတ်တွေထပ်ပုံ မတူတာတော့ သတိထားမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပန်း အရောင်စိုစို တောက်တောက်တွေက အပင်ထက်မှာ သူထက်ငါ အပြိုင် မိုးကိုထိုးပြီး နေရောင်ကို အပြိုင်လုနေလိုက်ကြတာ အခင်းလိုက် အခင်းလိုက်ဆိုတော့ အင်မတန် ကြည့်လို့ကောင်းပါတယ်။ ကျူးလစ်ဆိုတာ အရင်တုန်းက နည်းနည်းပဲ ၄-၅ခိုင်လောက်သာ တွေ့ထားဖူးတော့ အခုလို အုပ်လိုက် အုပ်လိုက်တွေ့ရတာ ပိုပြီး ကြည့်လို့ကောင်းပါတယ်။

ပန်းခြံထဲမှာ သူ့အချိန်နဲ့သူ ပန်းအကြောင်း ဟောပြော ဆွေးနွေးပွဲလေးတွေ ရှိပေမယ့် ကျွန်တော်တို့ကတော့ ၀င်မထိုင်တော့ပါဘူး။ မြို့ထဲမှာတော့ Parade တွေဘာတွေလုပ်၊ ရှေးဟောင်း ကားတွေ ဘာတွေနဲ့ စီတန်း လှည့်လည်ပြီး စည်ကားပေမယ့် မသွားဖြစ်လိုက်ပါဘူး။ လမ်းမှာ စပျစ်စိုက်ခင်းတွေရှိပြီး ဆင်းကြည့်ချင်ရ ရပါတယ်။ စပျစ်စိုက်ခင်းတွေ အတန်းလိုက် အတန်းလိုက် တွေ့တော့ ကျောက်ပန်းတောင်းမြို့နားမှာ ကြက်မောက်တောင်က ရေနဲ့ စိုက်ထားတာတွေ သွားသတိရပါသေးတယ်။ အပြန်မှာ လမ်းကြုံတာနဲ့ Royal Botanic Garden ကို ၀င်လိုက်သေးပေမယ့် ပန်းခင်းထဲက လတ်လတ်ဆတ်ဆတ်ပြန်လာတဲ့ ကျွန်တော်တို့ကိုတော့ Picnic ထွက်ရုံလောက်သာ ကောင်းတဲ့ ဒီ(ကြိုးဝိုင်း)တော ပန်းခြံက မဆွဲဆောင်နိုင်ပါဘူး။ မျက်စိထဲမှာတော့ ခုနလေးက ကြည့်လာရတဲ့ ကျူးလစ်ခင်းတွေ မထွက်သေးပါဘူး။

6 comments:

Phyo Wai Kyaw - 12/9/07, 1:20 PM

ခင်ဗျား GTalk Msg မှာ တစ်ခါ တွေ့ ဘူးတယ်... ဒီ ကျူးလစ်ပွဲတော် ဓါတ်ပုံလေးတွေ ကို... ကျုပ်က professional camera နဲ့ ရိုက်ထားတယ် မှတ်နေတာလေ... :)

Andy Myint - 12/9/07, 3:01 PM
ဟုတ်တယ်.. ရေးစရာ မရှိတော့လို့ ဆားချက်လိုက်တာလေ။ မ Pro ပါဘူးဗျာ... Point and Shoot နဲ့ ဆော်ထားတာ။ Pro Series တွေက မကပ်နိုင်တာရယ်၊ မရိုက်တတ် မသုံးတတ်တာရယ်နဲ့. မကိုက်ပါဘူး။
imaginary clouds no 2 - 12/11/07, 2:39 PM

ပန်းတွေလှတယ်ဗျာ။ လိုတဲ့အခါ လာယူမယ်။ နောက်ထပ်ရိုက်ထားတာရှိရင်လဲထပ်တင်ပါဦး။

ဓာတ်ပုံ ချစ်ဦး " Photo Vichan " - 12/15/07, 12:50 AM

ဓာတ်ပုံရိုက်တာ ၀ါသနာပါတဲ့ကျနော် ဓာတ်ပုံလှလှလေးတွေတွေ့တော့ တော်တော်သဘောကျတယ်ဗျာ။ နောင်လည်း ဓာတ်ပုံလှလှလေးတွေ တင်ပေးပါအုံးနော်။ အန်တီ မြင့်နေကောင်းပါစေ။ ခလေးတွေနဲ့ ပျော်ရွှင်နိုင်ပါစေခင်ဗျာ။

Andy Myint - 12/15/07, 10:01 PM
ငါ့တူကြီး ချစ်ဦး ..အန်တီဆီလာလည်တာ အန်တီ သိပ်ပျော်တာပဲ။ နောက်တာပါကိုချစ်ဦး.. အန်ဒီမြင့်တော့ လုပ်လိုက်ဗျာ။ Slide Show ကိုတော့ http://pictobrowser.com/ ကနေ လုပ်ထားတာပါ။ ကိုချစ်ဦးရဲ့ မလေးကပုံတွေလည်း ကြည့်လို့ ကောင်းတယ်။
မေ - 10/6/08, 11:30 PM

ပန်းထဲမှာ ကျူးလစ်ပန်းကို အကြိုက်ဆုံးပဲ။ ဒီပို့စ်ကို ပြန်ညွှန်းပေးထားတာ ကျေးဇူးပါ ကိုအန်ဒီ။ ပုံလေးတွေ အရမ်းလှတယ်။

Post a Comment

Many thanks for dropping a comment…

Film