Saturday, April 21, 2007

Who Moved My Shut Down Button

Windows Vista စသုံးသုံးချင်း ပြဿနာ တက်တာကတော့ Shut Down button ပျောက်နေတာပါပဲ။ Start Menu မှာ Default Button က Sleep ပါ။ Shut Down လုပ်ချင်ရင် Sub Menu (မြားကလေး) ကနေ Options ရွေးရပါတယ်။ သုံးခေါက် လေးခေါက်လောက်တော့ စိတ်ရှည်သေးတယ်။ ကြာတော့

သည်းမခံနိုင်တော့ပါဘူး။ One click နဲ့ Shut down ဖြစ်ရမှာကို အဆင့်ဆင့် လုပ်နေရပါတယ်။

တကယ်ကတော့ စေတနာနဲ့ လုပ်ပေးထားတာပါ။ ကွန်ပြူတာ မသုံးတော့ရင် Sleep လုပ်သွား၊ စိတ်ပြန်ပါလာရင် ချက်ချင်း ကောက်သုံးလို့ ရအောင်ပါ။ ကိုယ်နဲ့တော့ သိပ်အဆင်မပြေပါဘူး။ အိမ်က စက်က ရုံးမှာလိုမျိုး 24 x 7 ဖွင့်ထားတာလည်း မဟုတ်ဘူးလေ။

Shut Down button ပြန်ရဖို့ Internet မှာ ရှာလိုက်တော့ တွေ့သွားပါတယ်။ ဒီလိုလုပ်ပါတယ်။

  • Start Menu က Start Search မှာ "Power Options" ဆိုပြီး ရှာပါ။
  • Programs မှာ "Power Options" ဆိုတာတွေရပါမယ်။ Click လုပ်ပါတယ်။

  • Preferred Plan ရဲ့ Change Plan Settings ကို Click လုပ်ပါတယ်။

  • Change advanced power setting ကို ထပ်နှိပ်ပါတယ်။
  • Power buttons and lids \ Start menu power button မှာ Shut down ကိုရွေးလိုက်ပါတယ်။

ဒီလိုနဲ့ မှ shut down button ကို ပြန်ရပါတော့တယ်။

Friday, April 20, 2007

ကျွန်တော် ဘယ်သန်

ကျွန်တော်က ဘယ်သန်ပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုအားလုံး ဘယ်သန်ပါတယ်။ အစ်ကို အကြီးဆုံးကတော့ ငယ်ငယ်က ဘယ်သန်ပါ။ ကျောင်းတက်တော့ ညာသန်အောင် ကျင့်ပေးလိုက်ပါတယ်။ ဒါပေမယ့် ကျောင်းစာသိပ်မလိုက်နိုင်တော့ ကလေးဆရာဝန်တစ်ယောက် (အခုတော့ ဆေးရုံအုပ်ကြီး ဖြစ်နေပါပြီ) `ကလေးက စာလည်းမှတ်ရတယ် ဘယ်ကနေ ညာကိုလည်း ပြောင်းပြီးစဉ်းစားယူရတယ်´လို့ပြောတာနဲ့ မိဘတွေက ကျွန်တော်က စပြီးတော့ ညာဘက်ကို မကျင့်ပေးတော့ပါဘူး။

သူကလည်း ကျွန်တော့်ကို `ဘယ်သန်´လို့ပဲ ပြောပါတယ်။ `ဘယ်ကျော်(ဂျော်)´လို့ (စနောက်တဲ့အခါက လွဲလို့) ဘယ်တော့မှ မပြောပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က `ဘယ်ဂျော်´လို့ ခေါ်တာ မကြိုက်ကြောင်း သူသိလို့ပါ။ တကယ်တော့ ဒါဟာ ကျွန်တော်ရဲ့ ဇီဇာကြောင်မှု ဒါမှမဟုတ် (ကြီကြီးကျယ်ကျယ် ပြောရမယ်ဆို) ပြောလိုက်တဲ့ စကားလုံးရဲ့ စေတနာကို ခွဲခြမ်းစိတ်ဖြာမှုပါပဲ။

ကျွန်တော့် စိတ်ထဲမှာတော့ `ဘယ်သန်´နဲ့ `ဘယ်ဂျော်´ မတူပါဘူး။ `ဘယ်သန်´လို့ ဆိုလိုက်ရင် ဒီလူဟာ ဘယ်ဘက်လက်သုံးပြီး လုပ်တဲ့လူလို့ ဆိုတာပါ။ ဘာစေတနာမှ မပါပါဘူး။ `ဘယ်ဂျော်´လို့ ဆိုလိုက်ရင် ဒီလူဟာ ဘယ်ဘက်လက်ကြီး သုံးတဲ့သူလို့ ဆိုတာပါ။ နှိမ့်ချတာပါတယ်လို့ (ကိုယ့်ဘာသာကိုယ်) ခံစားရပါတယ်။ သူ့ကို ရှင်းပြတဲ့ အခါ သူမက `ဟုတ်ပါပြီ ဆရာကြီးရယ်´ ဆိုပြီး ရယ်ပါတယ်။ ဒါပေမယ့် မှတ်ထားပါတယ်။

ဒီလို ဇီဇာကြောင်တာကလွဲရင် တခြား ဟိုဟိုဒီဒီတော့ အစွဲအလမ်း မရှိပါဘူး။ ဥပမာ ဘယ်သန်တွေက ဘယ်ဟာမှာ ပိုထူးချွန်တယ်တို့ ဘယ်ဟာ မှာတော့ ညံ့တယ်တို့ပေါ့။ သိပ္ပံနည်းကျတော့ ရှင်းပြထားတာတွေ ရှိပါတယ်။ ခန္ဓာကိုယ် ဘယ်ဘက်ကို ညာဘက် ဦးနှောက်က ထိန်းချုပ်တယ်တို့၊ သင်္ချာတွက်တာ ညာဘက် (ဘယ်ဘက်လား)တို့ပေါ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဒါပေမယ့် မမှတ်ထားပါဘူး။ `ဘယ်ဂျော်´ မို့လို သိပ် အဆင်မပြေတာတွေတော့ ရှိပါတယ်။ ဥပမာ ဂီတာတီးတာမျိုး။ ဂီတာတီးတော်တဲ့ ဘယ်သန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တော့ ဒီတစ်သက် သူမကို ဂီတာတီးပြီး သီချင်းဆိုပြနိုင်မယ်လို့ မထင်တော့ပါဘူး။ ကွန်ပြူတာသုံးတဲ့ အခါမှာလည်း Mouse ကို ဘယ်ဘက်မှာ ထား သုံးပါတယ်။ Key Setting ကိုတော့ မပြောင်းတော့ပါဘူး။

English လိုကျတော့ ပြောင်းပြန်ပါ။ Left-handed လို့ဆိုရင် `ဘယ်သန်´လို့ formally ပြန်တာ ပိုမှန်ပြီး Lefty လို့ဆိုရင်တော့ `ဘယ်ဂျော်´လို့ informally ပြန်တာ ပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် lefty လို့ဆိုတာ ပိုပြီး နားဝင်ချိုပါတယ်။

ဒီလိုမျိုး စေတနာ သက်ရောက်တဲ့ စကားလုံးတွေ ရှိပါတယ်။ န၀တခေတ်မှာ `မသန်မစွမ်း´ကို `မသန်စွမ်း´လို့ ပြောင်းပစ်တာမျိုး။ US မှာ `မသန်စွမ်း´ကို Disabled လို့မသုံးဘဲ Handicapped People လို့ သုံးတာမျိုးပေါ့။

ဒါပေမယ့်လည်း ကိုယ့်ကို `ဘယ်ဂျော်´ခေါ်တိုင်း ခေါ်တဲ့လူကိုတော့ အပြစ်မပြောလိုပါဘူး။ သူလည်း သူစိတ်ထဲမှာ မရှိပါဘူး ဒီလိုပဲခေါ်လိုက်တာပါ။ ဘယ်လိုပဲ ခေါ်ခေါ် ညာလက်နဲ့ စားစရာ၊ ဘယ်လက်နဲ့ အ၀တ်အထည် ကမ်းလှမ်းဦးမှာပါ။

အမည်သညာ ခေါ်တွင်စရာ

Due Date မနီးခင်ကတည်းက သမီးလေးအတွက် အမည်ပေးဖို့က ခေါင်းထဲမှာ ရှိပေမယ့် အကြောင်းကြောင်းနဲ့ အခြေအနေမပေးခဲ့ပါဘူး။ ဇန်န၀ါရီတုန်းက ရန်ကုန်ပြန်ခဲ့ပေမယ့် ဗေဒင်ဆရာတွေဆီ မသွားဖြစ်ပါဘူး။ ဖေဖော်ဝါရီလမှာ အမေ့ကို သွားမေးခိုင်းပေမယ့် ဆရာက ကလေးမမွေးခင်မို့လို မဟောပါဘူးတဲ့။ ဒီလိုနဲ့ မတ်လထဲမှာ မြန်မာ blog တွေကို Google Reader နဲ့ subscribe လုပ်ထားတဲ့ထဲက `ကလေးအမည်နဲ့ ပညတ်တစ်ကျော့ပြန်´ဆိုတဲ့ Feed တစ်ခု တွေ့တာနဲ့ တွေ့တွေ့ခြင်း သွားဖတ်ကြည့်လိုက်တယ်။ အရေးအသားကလည်းကောင်း နာမည်ပေးပုံကလည်း (ကိုယ်က ဗေဒင် အကြောင်းမသိပေမယ့်)ခိုင်ခိုင်လုံလုံ ရှိတာနဲ့ ကလေးမွေးရင် အဲ့ဒီစာရေးဆရာ `တေးအေးရိပ်´ ဆီမှာ မေးမယ်လို့ စိတ်ထဲမှာ တေးထားလိုက်ပါတယ်။

အမေ ရန်ကုန်မှာတုန်းက ဘုန်းကြီးတစ်ပါးဆီမှာ မေးခဲ့တဲ့အခါ ဘုန်းဘုန်းက မတ်လ ၂၃ ရက် ဒါမှမဟုတ် ၃၀ ရက် မှာ မွေးရင်ကောင်းတယ်တဲ့။ အမေ ရောက်လာတော့ ပြန်ပြောပြပေမယ့် due date က ဧပြီ ၁၀ ရက်ဆိုတော့ မဖြစ်နိုင်ပါဘူးလို့ ဆိုကြရော။ ဒါနဲ့ ကိုယ်ဝန် ၃၇ပတ်ကျော်ကျော် မတ်လ ၂၄ ရက်မှာ ဆရာဝန်နဲ့သွားပြတော့ ရေအိတ်ထဲမှာ ရေက အနိမ့်ဆုံး ရှိသင့်တဲ့အနေ border line ရောက်နေပြီမို့ နောက်တစ်ပတ်ထဲမှာ ကြိုက်တဲ့ရက်ရွေးပါတဲ့။ ကြားကြားခြင်း ရုတ်တရက်ဆိုတော့ လန့်သွားပေမယ့် အမေ့ကို ဖုန်းဆက်ပြီး မြန်မာပြက္ခဒိန်ကြည့်ခိုင်းပြီး နေ့ရွေးလိုက်တော့ သောကြာနေ့က ရက်ရာဇာလည်းဖြစ် ဘုန်းဘုန်းပြောတဲ့ နေ့လည်း ဖြစ်တာကြောင့် မရဏဖွား ဖြစ်ပေမယ့် ရွေးလိုက်ပါတယ်။ ကိုယ်ဝန်သက် ရင့်အောင်လည်း နောက်အကျဆုံး ရက်ကို ရွေးလိုက်တာပါ။ ၃၀ရက် ၃လကို ကြိုက်တာလည်း ပါပါတယ်။

အဲဒီနေ့မှာပဲ blog က စာရေးဆရာ `တေးအေးရိပ်´ဆီ email ပို့ပြီး ဘယ်နေ့ ဘယ်နေ့ မွေးမယ်ပေါ့ ဆိုပြီး မေးလိုက်ပါတယ်။ ဆရာကလည်း ရန်ကုန်က ဆရာလိုပဲ ကလေးမွေးပြီးမှ မေးပါတဲ့။ အင်း...အဲဒါနဲ့ ဒီဆရာအပေါ် ပိုပြီးတော့ အယုံအကြည် ရှိသွားပါတယ်။ ကလေးမွေးပြီးပြီးချင်း အလုပ်တွေ ရှုပ်နေတာနဲ့ ဧပြီလ ၂ ရက်နေ့မှ မေးဖြစ်ပါတယ်။ နောက်ရက်မှာပဲ ဆရာက စာပြန်လာပါတယ်။ ကိုယ်က အမည်လောက်ပဲ မေးပေမယ့် ဆရာက သေသေချာချာ ကျကျနန ဆောင်ရန် ရှောင်ရန်များနဲ့ တွက်ပုံတွက်နည်းနဲ့ တကွ MS Word Document နဲ့ သုံးမျက်နှာလောက် အချိန်ယူပြီး ရွေးစရာ နာမည်များများနဲ့ စာပြန်လာပါတယ်။

တစ်ချိန်တည်းမှာပဲ ဘုန်းဘုန်းပြောထားတဲ့ အမည် combination ၆၃၀ ဒါမှမဟုတ် ၆၀၃ကို ၀ိုင်းပြီး စဉ်းစားကြပါတယ်။ `သံစဉ်တေး´ ဆိုတဲ့ အမည်ကို သဲနုက ရွေးပေးပေမယ့် ဘုန်းဘုန်းဆီကို ရန်ကုန်က အဒေါ်ကို သွားမေးခိုင်းတော့ မရဏဖွားမို့ `မြတ်သံစဉ်´ လို့ ပေးပါလို့ ဆိုလာတယ်။ `သံစဉ်´ (Melody) ဆိုတာကို တော်တော်ကြိုက်သွားပြီး ပေးဖို့ စဉ်းစားပြီးခါမှ သေချာအောင်တော့ ဆရာကို လှမ်း chat လိုက်ပါတယ်။ ဆရာက ရှင်းပြပါတယ်။ သံစဉ်ဆိုတာ အတက်အကျ ရှိလို့ ဒီနာမည်ရှင်ဟာ လောကဒဏ် ရှစ်ပါးကို ခံရနိုင်တာမို့ စဉ်းစားပါတဲ့။

အဲဒါနဲ့ပဲ ဆရာပေးတဲ့ အမည်တွေကို သေသေချာချာ ပြန်ကြည့်ပြီး ရွေးကြပါတယ်။ နာမည်တွေ တော်တော်များများက ကောင်းနေတာနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံး ကြိုက်တဲ့ အမည်တွေကို ရွေးလိုက်ပါတယ်။ ဆန်ကာတင် ရွေးထားတဲ့ အမည်တွေ ထဲမှာ `ဘုန်းမြင့်မြတ်နိုး´ ဆိုတာပါပြီး၊ `ဘုန်း´က မိန်းကလေးအတွက် တစ်မျိုးဖြစ်နေတာရယ်၊ English လိုပေါင်းတဲ့ အခါ `Phone´ ဆိုတာကို အဓိပ္ပါယ်ကောက် လွဲမှာစိုးတာရယ်၊ ကိုယ့်နာမည် `မြင့်´နဲ့ စချင်တာရယ်ကြောင့်လည်း `မြင့်မြတ်နိုး´လို့ ပြောင်းလိုက်ပါတယ်။ အမည်ဆိုတာ သူများခေါ်မှာလည်း ပါတာမို့ အိမ်ကလူတွေ၊ ရန်ကုန် (တောင်ကြီးရော)က အမျိုးတွေ၊ သူငယ်ချင်းတွေကို vote လုပ်ခိုင်းတော့ပါတယ်။ အမျိုးတွေ၊ သူငယ်ချင်းတွေ ၀ိုင်းပြီး vote လိုက်တော့ `မြတ်သီရိနွယ်´ရယ် `မြင့်မြတ်နိုး´ရယ်က ထိပ်ဆုံး ရောက်သွားပါတယ်။ လူကြီးတွေက `မြတ်သီရိနွယ်´ကိုကြိုက်ကြပြီး လူငယ်တွေ (ကျွန်တော်တို့ အပါအ၀င်)က `မြင့်မြတ်နိုး´ကို ကြိုက်ကြပါတယ်။

ဒါနဲ့ `မြင့်မြတ်နိုး´ကိုရွေးလိုက်ပြီး ဆရာဆီကို တစ်ခေါက် မေးပြန်တယ်။ ဆရာကလည်း သေသေချာချာ စဉ်းစားပြီး ကောင်းပါတယ်တဲ့။ `မြင့်မြတ်နိုး´ဆိုတာ မြင့်မြတ်သော အရာ (ဗုဒ္ဓ)ကို မြတ်နိုးသောသူ၊ ကိုအောင်ကျော်မြင့် မြတ်နိုးရသောသူလို့လည်း အဓိပ္ပါယ်ဖွင့်ပေးပါတယ်။ `မြတ်သီရိနွယ်´ကိုလည်း ကြိုက်ပေမယ့် အဖျားဆွတ် ခေါ်ရင် `သီရိ´ဖြစ်သွားပြီး ၅-၀ အတွဲ ပျက်သွားမှာစိုးတာနဲ့ မရွေးဖြစ်တာပါ။ ဒီလိုနဲ့ပဲ ကလေးနာမည်ကို `မြင့်မြတ်နိုး´လို့ ပေးဖြစ်သွားပါတယ်။

တကယ်တော့ ဆရာက ကျွန်တော်နဲ့ ရွယ်တူပါပဲ။ သူက UK မှာ နေပါတယ်။ သူနဲ့ လှမ်း chat တော့လည်း ခင်ဖို့ ကောင်းပါတယ်။ ပြီးတော့ အမည်ပေးပေးတဲ့ အတွက် တစ်နေရာရာမှာ သူ့အတွက် ရည်စူးပြီး လှူပေးပါတဲ့၊ အဆင်ပြေ ပါတယ်။ တကယ်လို့ အမည်ပေးချင်တဲ့အခါ အတိုင်အပင်လိုရင် သူ့ကို လှမ်းမေးသင့်တဲ့ကြောင်း........

We She Me

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကျော်လောက် MyPhotoAlbum မှာ Account ဖွင့်တုန်းက Account Name ပေးဖို့ စဉ်းစားရပါတယ်။ Myint (Blah Blah) လို့ ပေးရင် ကောင်းမလား၊ ဒါဆိုရင်လည်း သူမအတွက် မပါဘူး ဖြစ်နေဦးမယ်၊ Myint & Soe လို့ ပေးတော့လည်း Company နာမည်လိုမျိုး ဖြစ်နေဦးမယ်။ She & Me လို့ပေးရင် ကောင်းမလား စဉ်းစားတယ်။ တကယ်တော့ ဒါဟာ ကျွန်တော်တို့ နှစ်ယောက်ထဲ အတွက်မှ မဟုတ်တာ။ ဒီလိုနဲ့ စဉ်းစားရင်း နောက်ဆုံးရလာတာတော့ We She Me ပါတဲ့။ ကျွန်တော်တို့ အကြောင်း၊ သူမ အကြောင်း၊ ကျွန်တော့် အကြောင်း ပေါ့။ သမီးလေး မွေးလာတော့ We She Me မှာ She က နှစ်ယောက်စလုံး အတွက်ဖြစ်သွားတယ်။ SHE နဲ့ she ရယ်လို့ အမေနဲ့ သမီးကို ခွဲထားပါတယ်။ Flickr မှာ ပြောင်းပြီး တင်တော့လည်း WeSheMe ပဲသုံးပါတယ်။ အခုတစ်တခါ Blog တွေဘက်ကို စိတ်လည်လာတော့ Blog ကိုလည်း ဒီနာမည်ပဲပေးဖို့ စဉ်းစားလိုက်ပါတယ်။ Blog မှာ Account ဖွင့်ထားတာတော့ ကြာပါပြီ၊ ၂၀၀၄ ထဲကပါ။ မသုံးဖြစ်တာနဲ့ ဒီအတိုင်းပဲ ထားလိုက်တယ်။ အခုတော့ နည်းနည်းစိတ်လည်လာလို့ ရေးလိုက်ဦးမယ်။ များသောအားဖြစ်တော့ ခရီးသွားစာတွေနဲ့၊ ဟိုအကြောင်း၊ ဒီအကြောင်းတွေလောက်ပါပဲ။ ကိုယ်ကိုတိုင်ကလည်း ခရီးသွားဆောင်းပါးတွေ ကြိုက်တယ်လေ။ ITလည်း ပါချင်ပါမယ်။ သူများ blog တွေလိုတော့ ပုံမှန် ရေးနိုင်မှာ မဟုတ်ပါဘူး။ စိတ်ပါသလောက်ပဲ။

Film