Wednesday, May 30, 2007

Visaphobia

Visaphobia ဆိုတာ Visa လျှောက်ရင် မရမှာ ကြောက်တဲ့ ရောဂါပါ။ ဒီစာလုံးကတော့ Dictionary ထဲမှာ မရှိပါဘူး။ ဘယ်ရှိပါ့မလဲ.... မြန်မာတွေမှာပဲ ဖြစ်တဲ့ phobia ဆိုတော့။ Singaporean တွေကတော့ Visaphobia ဆိုတာ ဂျိုနဲ့လားတောင် မေးရမယ်။ သူတို့ရဲ့ Passport က နိုင်ငံ တော်တော် များများကို On-arrival-visa နဲ့ သွားလို့ရတော့။ Singapore Passport က US Passport တို့ British Passport တို့ထက်တောင် ပို အဆင်ပြေတာ တွေ့ရတယ်။ အမိတိုင်းပြည်က ကောင်း/လည်တော့လည်း နိုင်ငံသားတွေမှာ မျက်နာပန်း လှတာပေါ့။ ကျွန်တော်တို့ကတော့ မိတဆိုးသား မျက်နာ ငယ်လှပါတယ်။ ကျွန်တော် အလုပ်ကိစ္စနဲ့ ၆ နိုင်ငံ ၇ နိုင်ငံ သွားဖူးပါတယ်။ ဘယ်ကို သွားသွား Visa လိုပါတယ်။ Philippines တစ်နိုင်ငံတည်းပဲ On-arrival-visa ပေးပါတယ်။ ဒီနိုင်ငံကိုတော့ ရွှေချထားရမယ်။ တကယ်ဆို ASEAN နိုင်ငံတွေ အကုန်လုံးကို Visa ကြိုလျှောက်စရာ မလိုဘဲ သွားလို့ ရရပါမယ်။ ဒါပေမယ့် Singapore တို့ Malaysia တို့ကျတော့လည်း ရွှေနိုင်ငံသားတွေ သူတို့ဆီမှာ အလုပ်လာလုပ်မှာ စိုးလို့ Agreement မယူထားပါဘူး။ အဲဒီတော့ ကောင်းလှပါတယ်ဆိုတဲ့ Singapore Passport လည်း မြန်မာပြည်သွားဖို့ Visa လိုတာပေါ့။ ဘဲစား ဘဲကြေပဲ။ ကောင်းတယ်တော့ မထင်ပါဘူး။ ကိုယ်က သူများနိုင်ငံကို အလွယ် သွားလို့ရတော့ အဆင်ပြေတာပေါ့။ သူများကလည်း ကိုယ့်နိုင်ငံကို လွယ်လွယ် လာလို့ရရင် ကိုယ့်နိုင်ငံမှာ နိုင်ငံခြားငွေ ပိုရတာပေါ့။ Vietnam လိုမျိုး ကျတော့လည်း Visa Agreement ရှိထားသင့်ပါတယ်။ Visa ကြိုမလျှောက်ဘဲ သွားလို့ ရသင့်ပါတယ်။ အကြောင်း အထွေအထူး မရှိဘဲ မြန်မာနိုင်ငံသားတွေက သူတို့ဆီ သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တော့ ကုမ္ပဏီက Incentive Trip ရှိတာနဲ့ သွားဖို့ Visa လျှောက်ရပါတယ်။ ရုံးကလူ တော်တော်များများက လျှောက်စရာ မလိုပါဘူး။ အဖြူတွေနဲ့ Indian တွေကတော့ လျှောက်ရပါတယ်။ လျှောက်လွှာမှာ Multiple Entry ဆိုပြီး ရမလားလို့ ခြစ်လိုက်ပါတယ်။ နောက်မှ သိရတာက Single Entry ဆို ၁၀၀ SGD၊ Multiple ဆို ၃၀၀ လား ၄၀၀ လား ပေးရမယ်တဲ့ ..အဲဒါဆို Single ပဲယူမယ်ဆိုတော့ လျှောက်ပြီးသွားပြီးတဲ့ Cancellation fees ၉၀ ပေးရမယ်ဆိုတာနဲ့ ၁၉၀ ကျသွားပါတယ်။

Visa တွေ လျှောက်တဲ့အခါ Business ကိစ္စနဲ့ Company က စာရွက်စာတမ်းအစုံဆိုတော့ သိပ်ကြီး မစိုးရိမ်ပေမယ့် Phobia လေးကတော့ ရှိတုန်းပါ။ ကျွန်တော့် အတွက်တော့ ဒီ phobia က ဘယ်အချိန်မှာ အဆိုးရွားဆုံးလည်းဆိုရင် ICA (Singapore - Immigration Checkpoint Authority) ကို သွားတဲ့ အချိန်မှာပါ။ ICA Building ထဲ ၀င်လိုက်တာနဲ့ လူက စိုးရိမ်စိတ်တွေ တက်လာတယ်။ မျက်နာက ငယ်ရမလား၊ သွေးတွေ တိုးလာလို့ ယောင်ရမလား ဖြစ်လာတယ်။ Singapore မှာ မသွားချင်ဆုံး နေရာဖြစ်ပေမယ့် လစဉ်လိုလို သွားနေရတယ်။ သွားတိုင်းလည်း တရားသူကြီးရဲ့ Verdict ကို လက်ခံရမယ့် တရားခံလိုပါပဲ။ များသောအားဖြင့် ကိုယ့်အတွက်တော့ အဆင်ပြေပါတယ်။ လာတုန်းကလည်း EPE နဲ့၊ သူမကျတော့လည်း Dependent နဲ့၊ မိဘတွေကျတော့လည်း လွယ်တယ်လေ။ ဒါပေမယ့် တော်တော် စိုးရိမ်ခဲ့ရပါတယ်။ ဟုတ်တယ်လေ.. ကိုယ့် အနာဂတ်က သူတို့ တံဆိပ်တုံးမှာ ရှိတာကိုး။ PR လျှောက်တုန်းကလည်း တော်တော် စိုးရိမ်ရပါတယ်။ ဒါပေမယ့် Result က ချက်ချင်း သိရမှာလည်း မဟုတ် Desperate လည်း မဟုတ်တော့ ဖြေသာပါတယ်။ ဒါပေမယ့် ညီအစ်ကို၊ ညီအစ်မတွေ အတွက်၊ သူငယ်ချင်းတွေ အတွက် သွားရရင်တော့ phobia က တော်တော် ကြီးပါတယ်။ သူတို့ကျတော့ ကိုယ်က ကူလို့လည်း မရ။ အခြေအနေကလည်း အလေးမသာ။ Visa/Extension လေးသာ ရလိုက်ရင် ဒီလူ တစ်ယောက်တည်း သာမက ဒီလူရဲ့ မိသားစုတွေပါ အဆင်ပြေသွားမှာ ဘ၀တွေ ပြောင်းလဲသွားမှာကို Immigration Officers တွေကို သွားရှင်းပြလို့လည်းမရ။ ပေးသလောက်ပဲ ယူရတာ။ ဟောက်ထုတ် မခံရရင်တောင် ကံကောင်း။

မြန်မာပြည်မှာ Hot တဲ့ Visa က US နဲ့ Singapore ပါ။ US က ခက်လို့ပါ၊ Singapore က အလျှောက်များလို့ပါ။ England ကျတော့လည်း Academic နဲ့ သွားကြတာဆိုတော့ သူ့ဟာနဲ့သူ အဆင်ပြေပါတယ်။ ကျောင်းစားရိတ်၊ နေစားရိတ် တတ်နိုင်မယ်ဆိုရင်ပေါ့။ Malaysia ကတော့ အလျှောက်များပေမယ့် သေသေချာချာ မသိပါဘူး။ Aussie Visa လည်း ကျစ်ပါတယ်၊ ကျပ်ပါတယ်။ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် Visa လျှောက်ရတာ ခက်တာပါပဲ။ တခြား Visa တွေ မတူတဲ့ အချက်ကတော့ Singapore Visa က Yes-No ကွဲကွဲပြားပြား မဟုတ်ပါဘူး။ တခြား Visa တွေက ရပြီဆို တော်တော် အဆင်ပြေပြီ။ (အကြမ်းဖျင်းပြောတာပါ။ US မှာက Extend လုပ်ဖို့ ပိုတောင် ခက်သေး၊ ရှေ့နေရှေ့ရပ်တွေနဲ့ လုပ်ရတာ။) Singapore Visa ကတော့ မြန်မာပြည်က သံရုံးမှာ လွယ်ပါတယ်။ နိုင်ငံထဲ ၀င်လာတော့မှ လေဆိပ် Immigration က ပေးချင်သလောက် ရက် ပေးချလိုက်တာ။ ၁၄ ရက် ဒါမှမဟုတ် ၃၀ ရက် ပေးလေ့ ရှိပါတယ်။ အဲတော့ လေဆိပ်မှာ အသိတွေ၊ အမျိုးတွေကို သွားကြိုရင် လေယာဉ် အဆင်ပြေလား၊ မပြေလား မမေးနိုင်ဘူး။ သူတို့ Passport မှာ ဘယ်နှရက် `ထု´ပေးလိုက်တယ် ဆိုတာ စာလုံး သေးသေး လေးတွေကို အသည်းအသန် လိုက်ကြည့်ရတယ်။ လေဆိပ်မှာ သွားကြိုရင် "How was your flight?" လို့ မေးရမယ့် အစား "How was the immigration?" လို့ပဲ မေးနေရ ပါတော့တယ်။ လေဆိပ်က ထွက်လာပြီးရင်လည်း လီပြီး Visa Extension သွားတိုးရပါတယ်။ အလည် လာတာ ဆိုရင်တော့ ကိစ္စ မရှိပေမယ့် အလုပ်လာရှာတာ ဆိုရင်တော့ အဲ့ဒီရက်တွေမှာ ငိုရမလို၊ ရယ်ရမလို ဖြစ်ရပါတယ်။ တောင်မင်း ကယ်ပါ၊ မြောက်မင်း ကယ်ပါ ဖြစ်ရပါတယ်။ ဒါတွေဟာ Visaphobia ရဲ့ Common Symptom တွေပါ။ ဒီ Visaphobia ရဲ့ အဓိက Causes ကတော့............

Monday, May 28, 2007

ဘို တေဇောဘမ်း

ကလေးမွေးပြီးတော့ ဆေးရုံက မဆင်းခင် ကလေးပြုစုနည်း (ရေ ဘယ်လို ချိုးလဲ၊ နို့ ဘယ်လို တိုက်လဲ) အခြေခံကို ဆေးရုံက သရုပ်ပြပါတယ်။ နာ့စ်မကြီးက သေသေချာချာ ရှင်းပြပါတယ်။ သရုပ်ပြဖို့ အရုပ်ကလေး ရှိပေမယ့် ဘိုစုံတွဲက သူတို့ ကလေးနဲ့ ပြစေပါတယ်။ ရေချိုးပြီး အနှီးမပတ်ခင် Diaper Rush Cream လိမ်းပါတယ်။ Diaper Rush Cream ဆိုတာ ကလေးတွေ အနှီး အကြာကြီး ပတ်ထားရင် လှောင်ပြီး လောင်တတ်လို့ လိမ်းရတာမျိုးပါ။ ကျွန်တော်တို့က ကလေးသုံးဆို ဘာဝယ်ရမှန်း မသိတော့ Johnson ကပဲ ၀ယ်ထားပါတယ်။ Johnson က Diaper Rush Cream က သွားတိုက်ဆေးလို ဖြူဖြူ Paste လေးတွေပါ။ နာစ်မကြီးဆီမှာ ရှိတာလည်း အဲလိုမျိုးပါပဲ။ နာ့စ်မကြီးက သူ့ Cream ကို လိမ်းမယ် အလုပ်မှာ ဘိုမကြီးက သူတို့ဟာ လိမ်းပါဆိုပြီး လှမ်းပေးတယ်။ ကြည့်လိုက်တော့ တွေ့ဖူးနေကျ ဖြူဖြူ Paste လေးတွေ မဟုတ်ပါဘူး။ သွားတိုက်ဆေး ဗူးလိုထဲမှာလည်း မဟုတ်ပါဘူး။ အ၀ကျယ် ပုလင်းထဲက ၀ါဝါ ပြစ်ပြစ်(ခဲခဲ)ပါ၊ ဖယောင်းခဲ လိုမျိုးပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ လင်မယားလည်း ဘာတွေလဲ၊ ဘာတံဆိပ်လည်းဆိုတာ သိချင်သွားပါတယ်။ ထပြီးတော့တော့ မကြည့်လိုက်ပါဘူး၊ လူတွေလည်း အမျာကြီးဆိုတော့။ ဒီလိုနဲ့ နေလာတာ ကလေး တစ်လသားကျတော့ ဗိုက်နာရင် ရေနံဆီလိမ်းရမယ်၊ ရေနံဆီက ဒီမှာ ဘယ်လိုလုပ် ရှိပါ့မလဲ၊ ရန်ကုန်မှာတောင် ရွှေထက်ရှားတယ်ဆိုပဲ။ ဒါနဲ့ ကျွန်တော့် အမေက ဖျတ်ကနဲ အကြံရသွားတယ်။ ရေနံဆီ မရလည်း Vaseline လိမ်းလို့ရတယ်တဲ့။ သူမကလည်း ထောက်ခံတယ် Vaseline ဆိုတာ Petroleum Jelly သက်သက်ပဲတဲ့။ Vaseline လိမ်းတာက ရေနံဆီလိမ်းသလိုပဲပေါ့။ အဲဒါနဲ့ Vaseline သွားဝယ်ပြီး ပုလင်းကိုတွေ့တော့မှပဲ ဘိုတွေက သူတို့ ကလေးကို လိမ်းပေးတာ Vaseline ဆိုတာ သဘောပေါက်သွားတယ်။

တကယ်တော့ Vaseline ဆိုတာ Brand ပါ။ အဲဒီ Brand က နာမည်ကြီးလွန်းလို့ လူတွေက Petroleum Jelly ဆို Vaseline လို့ပဲ ခေါ်တော့တယ်။ ဥပမာပြောရရင် မြန်မာပြည်မှာ Cereal တွေ Oats တွေကို `ကွေကာဥ(အုတ်)´ လို့ ခေါ်သလိုမျိုးပေါ့။ `Quaker´ တံဆိပ် `Oats´ဟာ သုံး(ခဲ့)လွန်းလို့ Cereal ဆိုရင် `ကွေကာဥ´ လို့ပဲခေါ်ကြတော့ပါတယ်။ အဲဒီ Quaker Oats ဗူး/အိပ် မှာပါတဲ့ ပုံဟာ `Quaker´ဂိုဏ်းသားရဲ့ ပုံပါ။ `Quaker´တို့ `Shaker´တို့ အကြောင်းကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ ထားပါတော့။ Vaseline တံဆိပ်ကလည်း သီပေါမင်း ပါတော်မမူခင် (၁၈၇၂) ကတည်းက မှတ်ပုံတင်ထားတာဆိုတော့ လူတွေ အရိုးစွဲနေတာ မမှားပါဘူး။ Vaseline ဆိုတာ ဂျာမန်လိုဆိုရင် `ရေ´ ဆိုတဲ့ စကားလုံး၊ ဂရိလိုဆို `ဆီ´ ဆိုတာက နေ ဆင်းသက် လာတာလို့ ယူကြပါတယ်။

Vaseline ပုလင်းမှာ ဆိုထားတာတော့ မတော်တဆ လှီးရှတာတို့၊ အသားအရေခြောက်တာတို့၊ Diaper Rush တို့ အတွက် သုံးလို့ရတယ်တဲ့။ အင်း...သေချာသွားပါပြီ ဟိုကလေးလေးကို လိမ်းပေးတာ ဒါဆိုတာ။ ကျွန်တော်တို့ကတော့ ခြေဖ၀ါးကို လိမ်းပေးပါတယ်။ ရေနံဆီ လိမ်းသလိုမျိုးပေါ့။ အမေကလည်း သူသုံးဖူးတယ်တဲ့။ အသားတွေ အရမ်းပက်ပြီး အရေပြားတွေ ပက်ကြား အက်နေတုန်းကတဲ့။ အရမ်း ထိရောက်တယ် ဆိုပဲ။ ဟုတ်တာပေါ့ Vaseline က အလှကုန် ပစ္စည်းတွေမှာ လှိုင်လှိုင် သုံးတဲ့ဟာပဲ။ ဒီ Petroleum Jelly နဲ့ Glycerin က အလှကုန် တွေမှာ သုံးတာလေ။ ဒီကောင်က ရေမှာ မပျော်ဝင်ဘူး ရေကိုလည်း မစုပ်ဘူး။ Glycerin ကတော့ ရေကို စုပ်တယ်။ နှစ်ခုလုံးကတော့ လိမ်းထာရင် အရေပြားပေါ်မှာ စေးကပ်ကပ်နဲ့။

နောက်ပြီး Vaseline ကို အနာသေးသေးအတွက်၊ ခြေသည်းမှို တက်တာတို့ ဘာတို့ အတွက် လိမ်းကြပါတယ်။ တကယ်တော့ Vaseline က အနာတွေကို ပျောက်စေတဲ့ အစွမ်း မရှိပါဘူး။ သူက ရေမှာလည်း မပျော်ဝင်၊ အရေပြားထဲလည်း စိမ့်မ၀င်တော့ အနာကို လုံအောင် ဖုံးထားသလိုဖြစ်ပြီး ပိုးတွေဘာတွေ ထပ်မ၀င်တော့ အနာက လွယ်လွယ်ကျက်သွားတာပါ။ ဒါပေမယ့် အပူလောင်နာပေါ်တော့ မလိမ်းရပါဘူး။ အပူတွေလှောင်နေပြီးတော့ ပိုဆိုးသွားပါလိမ့်မယ်။ ကလေး နှာခေါင်းပိတ်တာ အတွက်လည်း မသုံးသင့်ပါဘူး (နှာခေါင်းဝမှာ မလိမ်းရပါဘူး)။ နှာခေါင်းထဲ ၀င်သွားရင် ပိုဆိုးစေပါတယ်။ အဆုပ်ထဲ ၀င်သွားရင်လည်း Petroleum အမှုန်လေးတွေက မကောင်းပါဘူး။ ရင်ဘက် အအေးပက်တာတို့ ဘာတို့ဆိုရင်တော့ ရင်ဘက်ကို လူးပေးလို့ရပါတယ်။

တကယ်တော့ Vaseline က ဘိုတွေအတွက် အိမ်တိုင်းဆောင်ထားရတဲ့ `တေဇောဘမ်း´ပါပဲ။

အာရှကပဲ သာသလား

ရုံးသွားတဲ့ လမ်းမှာ ကြော်ငြာတစ်ခု တွေ့တွေ့နေတယ်။ Aberdeen European Opportunities Fund ကပါ။ European Fund တွေမှာ Invest လုပ်ဖို့ ကြော်ငြာထားတာပါ။ သူက ဆိုတာက "With all this talk about Asia, do you think Europe is shrinking? Think Again." လို့ပါ (တိတိကျကျ ကြီးတော့ ဟုတ်ချင်မှဟုတ်မယ်၊ မှတ်မိသလောက်ပဲ)။ သိတော့ သိပါတယ် Europe ကို Asia က မယှဉ်နိုင်သေးဘူးဆိုတာ။ Singapore မှာကလည်း ၀ါဒ သိပ်ဖြန့်တာဆိုတော့ Singapore ကများ ဘယ်နိုင်ငံတွေထက် သာသလဲ။ တွေ့သမျှ ပစ္စည်းတွေကလည်း China က လုပ်တာဆိုတော့ Europe မှာ ဘာတွေများလုပ်နေသလဲ။ Samsung (Mobile) ဖုန်းတွေက တဖြည်းဖြည်း Nokia ဖုန်းတွေနဲ့ နင်လား ငါလား ဖြစ်လာတော့ တောင်ကိုရီးယားနဲ့ ဖင်လန် ဘယ်ကသာသလဲ။ Shanghai မြို့ကြီးကပဲ Manhattan ထက် မိုးမျှော်တိုက်တွေ ပိုများသလား ။ အဲဒါနဲ့ ရုံးရောက်တော့ Google မှာ "Japan GDP" ၊ "Germany GDP" စသည် စသည်နဲ့ ရှာကြည့်ပါတယ်။ ကိုယ်ကလည်း Economist လည်းမဟုတ်၊ အီကိုဆိုတာလည်း သင်ဖူးတာမဟုတ်၊ Financial ဘက်မှာလည်း ဘာမှ သိတာမဟုတ်တော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည် တစ်ပြည်နဲ့ တစ်ပြည် စီးပွားရေး ကောင်းမကောင်း ယှဉ်ချင်ရင် GDP လောက်ပဲ ယှဉ်တတ်တော့ GDP ပဲယှဉ်ကြည့်ပါတယ်။ ဒီအတိုင်း ရှာကြည့်ရုံနဲ့ Europe နိုင်ငံတွေက ပိုသာတယ် ဆိုတာ သိသာပေမယ့် သေချာအောင် Spreadsheet တစ်ခုထဲ ထည့်ကြည့်ပါတယ်။ တစ်ခါ ကိုယ်ရှာထားတာလေး ဒီအတိုင်းထားမယ့် အတူတူ blog လိုက်မယ်ဆိုပြီး blog လိုက်တယ်။

* In Billion USD

Japan
4,911

Germany
2,890
China
2,512

England
2,341
South Korea
897

France
2,154
India
796

Italy
1,780
Taiwan
353

Spain
1,081
Indonesia
264

Switzerland
386
Thailand
196

Sweden
371
Hong Kong
187

Turkey
358
Malaysia
131

Poland
337
Pakistan
124

Norway
261
Singapore 121

Greece
232
Brunei
9

Finland
196
Myanmar
8

Portugal
176

စကားမစပ် US ရဲ့ GDP က 13 Trillion ရှိပါတယ်။

စိတ်ထဲပေါ်လာတဲ့ နိုင်ငံတွေပဲ ကြည့်ထားပါတယ်။ ရေနံသူဌေး အရှေ့အလယ်ပိုင်း နိုင်ငံတွေ မပါပါဘူး။ ၂၀၀၆ ခုနှစ်စာပဲ ကြည့်ထားတော့ Shrink ဖြစ်သွားလား မဖြစ်သွားလား မသိပါဘူး။ Asia နဲ့ Europe ဘယ်လောက် ကွာလဲဆိုတာလောက်ပဲ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာ ပေါ်လာတာလေး သိချင်တာလေးကို (Internet မှာ) ရှာကြည့်လို့ ရတာကိုက ကျေဇူးတင်လှပါပြီ။

ဒီဟာက အပျော်သဘော တင်တဲ့ Post ဆိုတော့ အမှားအတွက် တာဝန်မယူပါဘူး။ ပြင်ပေးရင်တော့ ကျေးဇူးတင်ပါတယ်။ မောင်စူးစမ်း (ကျွန်တော့် အဘိုးလောက်ရှိတယ်) တို့လိုက ရေးမယ်၊ ရေးထားတယ် ဆိုရင်တော့ အားရင် ဖတ်ချင်ပါတယ်။

Saturday, May 26, 2007

သမီးရှင်များ

``ဟေ့ကောင်...... Andy က သူ့သမီးအကြောင်း ကြွားထားတယ်ကွ၊ မင်းတို့တွေက သမီး အကြောင်းတွေချည်း ရေးနေကြတယ်။ မင်းတို့ဒီလို လုပ်တာနဲ့ ကလေး မမွေးရသေးတဲ့ သူငယ်ချင်း တစ်ယောက်ကတောင် သူ့ကလေးက မွေးမွေးချင်း စကားစပြောတယ်လို့ ကြွားဖို့ ပြင်နေပြီ´´

ကိုဥက္ကာ (ဓါတ်ပုံထဲတွင် ဘယ်ဘက်မှ)

အပြည့်အစုံ ဖတ်ရန်
(Accessed Date - 26/May/2007)

Wednesday, May 23, 2007

သမီးလေးရဲ့ တိုးတက်မှု

သမီးလေး မြင့်မြတ်နိုးဟာ အခုဆို ၂ လ ပြည့်တော့ပါမယ်။ သမီးလေးရဲ့ သိသိသာသာ ပုံမှန် တိုးတက်မှုဟာ မိဘတွေကို ပီတိ ဖြစ်စေပါတယ်၊ စိုးရိမ်မှု လျော့စေ၊ကင်းစေပါတယ်။

သမီးတုန် (ကျွန်တော်က တုန်နေအောင် ချစ်လို့ တစ်ခါတစ်လေကျရင် သမီးတုန်လို့ ခေါ်ပါတယ်။ ခေါ်ရတာလည်း အားရတယ်လေ။) ဟာ ၁၀ ရက်သား ကတည်းက အနှီးပတ်ပေးလို့ မရတော့ပါဘူး။ သူ့ကို အနှီးနဲ့ ထုပ်ထားရင် မကြိုက်ပါဘူး။ အထူးသဖြင့် လက်နှစ်ဖက်ကို အပြင် ထုတ်ထားပေးရပါတယ်။ သူလှုပ်ချင်သလို လှုပ်လို့ ရအောင်ပါ။ အဲဒီတုန်းက လက်တွေကို လိုရာရောက်အောင် မလှုပ်တတ်သေးပါဘူး။ အခုတော့ ခေါင်းယားရင် ခေါင်း၊ နှာခေါင်းယားရင် နှာခေါင်း ရောက်အောင် လှုပ်တတ်နေပါပြီ။ သိပ်ကြီးတော့ တိတိကျကျ မဟုတ်သေးပါဘူး။ နို့စို့တဲ့အခါမှာလည်း မစို့ချင်တော့ရင် နို့ဗူးကို တွန်းထုတ်ပါတယ်။

သမီးဟာ မတူတဲ့ ရည်ရွယ်ချက်အတွက် အသံတွေကို ကွဲကွဲပြားပြား ထွက်တတ်နေပါပြီ။ သူ့ဟာသူ ဆော့နေရင် အသံ တစ်မျိုး ထွက်ပါတယ်။ အသံ တိုတိုလေးတွေကို တိုးတိုး ထွက်တာပါ။ `အဲ့..အဲ့´ နဲ့ပါ။ သူနဲ့ စကား သွားပြောရင် အသံ ရှည်ရှည်ကို တိုးတိုး ထွက်တာပါ။ ``အယ်.....´´နဲ့။ တစ်ခါတစ်လေကျရင် ပြုံးပြီး ပြန်ပြောပါတယ်။ သူ့အမေအသံ ကြားလို့ နို့ စို့ချင်တဲ့အခါ၊ သူအနားကို သွားလို့ သူ့ကို ချီစေချင်တဲ့ အခါ အသံပြတ်ပြတ်ကို နည်းနည်းကျယ်ကျယ် တစ်ခုနဲ့ တစ်ခု ခြားပြီး ထွက်တာပါ။ `အက်..............အက်´(အက်နဲ့ငှက်ကြားက အသံ) နဲ့ပါ။ အဲဒါကို ကောက်မချီဘဲနဲ့ သူလုပ်သလို `ငှက်......ငှက်´ နဲ့ သူ့ကိုစတဲ့အခါ `အက်´၊`အက်´ကိုပဲ ပိုကျယ်ကျယ် ခပ်စိတ်စိတ် ခြေတွေ၊ လက်တွေကိုပါ လှုပ်ပြီး အော်တော့တာပါ။ ပြီးတော့ သမီးက တကယ်မဟုတ်ပဲနဲ့ လုပ်ငိုတတ်ပါတယ်။ အထူးသဖြင့် သူ့နားရောက်နေပြီး သူ့ကို အရေးတယူ မလုပ်တဲ့ အခါ၊ သူ့အမေကို မြင်နေရပြီး နို့မစိုရရတဲ့ အခါမျိုးမှာပါ။ မျက်စိကို အကုန် မပိတ်ဘဲ ပါးစပ်လေးကို မဲ့ပြီး `အဲ......´ဆိုပြီး တစ်ချက်ငိုပါတယ်။ ပြီးရင် လူကို အကဲခက်ပါတယ်။ မရရင်တော့ `အက်...အက်´ဆိုပြီး စိတ်ဆိုးတော့တာပါပဲ။ သမီးက ငိုတဲ့ အခါမှာလည်း မတူပါဘူး။ ရိုးရိုးငိုတဲ့အခါ `အ..ငဲ.......အ..ငဲ´ဆိုပြီး ပီပီသသ ပုံမှန် ငိုပါတယ်။ ဗိုက်တွေ ဘာတွေ နာလို့ငိုရင်တော့ အသည်းအသန် အထိန်းအကွပ်မရှိ ငိုတော့တာပါပဲ။ မျက်နာတွေလည်း နီမြန်းလို့။

သမီးဟာ ငယ်ငယ် (၂ ပတ်-၃ ပတ်လောက်) ကတည်းက အသံတွေကို နားထောင်နေတတ်ပါပြီ။ ကျွန်တော်တို့ တိုက်နောက်မှာ သစ်ပင်တွေ အုပ်အုပ် ရှိပြီး ငှက်ကလေးတွေ နေလို့ ငှက်သံတွေ ကြားရပါတယ်။ သမီးလေးက ငှက်သံကြားရင် အပြင်က သစ်ပင်ကို လှမ်းကြည့်တတ်ပါတယ်။ အိပ်ခန်းထဲက နေပြီး အပြင်က စကားပြောသံကို နားစွင့်ပါတယ်။ နို့စိုနေတုန်းဆိုရင် စို့တာကို ရပ်ပြီး နားစွင့် စဉ်းစားနေတတ်ပါတယ်။ ဘယ်သူလဲလို့ စဉ်းစားနေတာ ဖြစ်မှာပါ။ ကျွန်တော် ချောင်းဆိုးလို့ရှိရင်တော့ လန့်တတ်ပါတယ်။

သမီးလေးဟာ လူမျက်နာတွေကို မှတ်မိနေပါပြီ။ အထူးသဖြင့် သူ့အမေ မျက်နာကိုပါ။ ဒါတောင် သူ့အမေ မျက်မှန် မတတ်ထားရင် တစ်မျိုး တတ်ထားရင် တစ်မျိုးဖြစ်တတ်ပါတယ်။ သူ့အမေ ရင်ခွင်ကိုတော့ ကောင်းကောင်း မှတ်မိပါတယ်။ အနံ့နဲ့ မှတ်ထားပါ။ သူ့အမေ ရင်ခွင်ထဲကျမှ နို့စို့ဖို့ တောင်းပါတယ်။ လူစိမ်းဆိုရင်လည်း သိပါတယ်။ သေသေချာချာကြည့်ပြီး လိုက်မှတ်ပါတော့တယ်။ သူမှတ်မိဖို့ ၂ ရက်၊ ၃ ရက်လောက် ကြာတတ်ပါတယ်။

ကျွန်တော် တစ်ပတ်လောက် ကြာတဲ့ ခရီးက ပြန်လာတော့ သမီးလေးက ၆ ပတ်ပါ။ ပြန်ရောက်တော့ သမီးက ခေါင်းကို ဟိုဘက်၊ ဒီဘက် လှည့်တတ်နေပါပြီ။ အိပ်နေတုန်း ဘယ်ဘက်ကို ခေါင်းချထားရာကနေ ဒီဘက်က အသံကြားရင် ချာကနဲ ညာဘက်ကို လှည့်တတ်တာပါ။ ကုတင်ပေါ်မှာ သူ့ကို အလယ်မှာထား အိပ်ရင် ဟိုဘက်လှည့်ပြီး အမေကို ကြည့်လိုက်၊ ဒီဘက်လှည့်ပြီး အဖေကို ကြည့်လိုက်နဲ့ ဟုတ်နေတာပဲ။ သူ့ကို ကုတင်ပေါ်ချလိုက်ပြီး အခန်းထဲက ထွက်သွားရင်လည်း မျက်စိတစ်ဆုံး ခေါင်းကို လှည့်ပြီး လိုက်ကြည့်ပါတယ်။ ပုခုံးပေါ် တင်ထားပြီး ချီရင်လည်း ခေါင်းကို ထောင်ပြီး ဟိုကြည့် ဒီကြည့် လုပ်တတ်ပါတယ်။ ခေါင်းကတော့ ကောင်းကောင်း မထောင်နိုင်သေးတော့ တုန်တုန် တုန်တုန် နဲ့ ဖြစ်နေတတ်ပါတယ်။

သမီးက နို့တော့ သတ်မှတ်ထား သလောက် မစို့သေးပါဘူး။ သတ်မှတ်ထားသလောက်ဆိုတာ ပေါင်ချိန် ၄.၅ ကီလို(ဂရမ်) မှာ တစ်နေ့ကို ၇၂၀ မီလီလီတာ စို့ရမယ်ဆို သူက ၄၀၀-၄၅၀ ပဲ စို့ပါတယ်။ စိုးရိမ်လို့ ဆရာဝန်နဲ့ တိုင်ပင်တော့ ဆရာဝန်က နည်းတော့နည်းတယ်တဲ့ သူလည်းပဲ ၇၀၀ မီလီလောက် စို့သင့်တယ် ပြောပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် တိုးတက်မှုကို ကြည့်ပြီးတော့ ပေါင်ချိန်ကတော့ ပုံမှန်ပါပဲတဲ့။ သမီးလေးရဲ့ ပေါင်ချိန်ကတော့

  • မွေးစက ၃ ကီလို
  • ၂ ပတ်မှာ ၃.၃၁ ကီလို
  • ၃ ပတ်မှာ ၃.၈ ကီလို
  • ၄ ပတ်ခွဲမှာ ၄.၁ ကီလို
  • ၇ ပတ်မှာ ၄.၅၇ ကီလို ရှိပါတယ်။
ဒီက တရုပ်မတွေရဲ့ ကလေးတွေနဲ့ ယှဉ်ကြည့်ရင်တော့ နည်းနည်းသေးပါတယ်။ သူတို့ကတော့ ပွပွ ကြီးကြီးပေါ့။ သမီးကတော့ ကျစ်ကျစ်ပေါ့။ (ကိုယ့်ကလေး ဆိုတော့လည်း။)

အင်း... ပြောရင် ယုံမှာတောင် မဟုတ်ဘူး။ အခု အရွယ်လေးနဲ့ သမီးလေးက ကျွန်တော်နဲ့ ဆော့တတ်နေပါပြီ။ ဘယ်လို ဆော့လည်းဆိုတော့ သူအိပ်(လှဲ) နေတုန်း သူ့ခြေထောက်နှစ်ချောင်းပေါ် (ခြေဖ၀ါးနဲ့ ခြေသလုံးကြား)မှာ ခွလုံးကို တင်လိုက်ရင် ခြေထောက်နှစ်ချောင်းကို မပြီးတော့ ခွလုံးကို အောက်ကျအောင် ကန်တတ်ပါတယ်။ ချက်ချင်းကြီး ကန်နိုင်တာ မဟုတ်ပါဘူး။ သူ့အတွက် တော်တော် အားထုတ်ပြီး လုပ်ရတာပါ။ မျက်မှောင်ကျုံ့ပြီး ခြေချောင်းလေးတွေကို မ ရတာပါ။ အောက်ကျအောင် ကန်နိုင်ရင် တစ်ခါတစ်လေ ရယ်ပါတယ်။ အမြဲတမ်းတော့ သူလုပ်လိုက်နိုင်လို့ ပျော်တယ်ဆိုတာကို သူ့မျက်လုံးမှာ တွေ့ရပါတယ်။ အဲဒါကိုမှ ကျွန်တော်က ခွလုံးကို ဗိုက်ပေါ်တင်ရင် သူ့အတွက် တော်တော် ခက်သွားပါတယ်။ မရရအောင် လုပ်ပေမယ့် တစ်ခါတစ်ခါကျရင် အပေါ်တက်သွားပြီး မျက်နာပေါ် တင်သွားပါတယ်။ အဲဒီအခါကျရင် လက်နဲ့ ဖယ်ပါတယ်။ ဒါပေမယ့် မျက်နာနဲ့ ခွလုံးကြား လက်မထည့်တတ်တော့ ဖယ်ရခက်ပါတယ်။ မဖယ်နိုင်တာ နည်းနည်း ကြာသွားရင် လန့်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူက ဒီလို ဆော့တာကို သဘောကျပါတယ်။

ဒါတွေဟာ စာရိုက်နေတဲ့ အချိန်မှာ မှတ်မိသလောက်ပဲ ရှိပါသေးတယ်။ ဒီအရွယ်မှာ တိုးတက်မှုက သိပ်ကို မြန်ပြီး သိသာတဲ့ အတွက် ဒါလေးတွေကို စောင့်ကြည့်နေရတာကိုက အင်မတန် ကြည်နူးဖွယ် ဆန်းကြယ်လှပါတယ်။

Physically တိုးတက်မှုကိုတော့ ဓါတ်ပုံတွေနဲ့ မှတ်တမ်းတင်ထားပါတယ်။

Tuesday, May 22, 2007

သေဖို့ပါ စိတ်မချရတော့ဘူး

“နာရေးကူညီမှု အသင်းလို လူမှုရေးနဲ့ ပတ်သက်လို့ အင်မတန်မှ စွမ်းစွမ်းတမန် လုပ်နေတဲ့ ဒီလို အသင်းမျိုးကို ပိတ်ပင်တဲ့ အခါကျတော့ ကျတော်တို့ နိုင်ငံမှာ အသက်ရှင်ဖို့လည်း စိတ်မချရသလို သေဖို့ပါ စိတ်မချရတော့ဘူး။ အတော် စိတ်မကောင်းစရာ ကောင်းပါတယ်”

ဇာဂနာ

Reference: ဧရာဝတီ အင်တာနက် မဂ္ဂဇင်း
Accessed Date: 21-May-2007

Sunday, May 20, 2007

ရွှေညောင်ပင် ကြက်သားသုပ်

ကြက်သားသုပ်ဆို မျိုးစုံ ကြိုက်တယ်။ ဗမာလို သုပ်သုပ် ၊ ယိုးဒယားလို သုပ်သုပ်၊ ကုလားလို သုပ်သုပ်ကြိုက်တယ်။ ဘိုကြက်သားသုပ် (Caesar Chicken Salad) တော့ ခံတွင်း မတွေ့လှပါဘူး။ ကုလားလို သုပ်တာတော့ ရွှေညောင်ပင် ကြက်သားသုပ်ကို အကြိက်ဆုံးပါ။ သမီးရည်းစား ဘ၀တုန်းက သူမတို့ နေတဲ့ ကျောက်မြောင်းကို လိုက်မပို့ခင် တာမွေ လမ်းဆုံက ရွှေညောင်ပင် ကြက်သားသုပ်ကို လမ်းကြုံရင် ၀င်စားကြသေးတယ်။ ဒီရောက်တော့လည်း ရွှေညောင်ပင် ကြက်သားသုပ် အလွမ်းပြေ ကိုယ့်ဘာသာကိုယ် လုပ်စားကြပါတယ်။ အချိန်လည်း သိပ်မကြာဘဲ ကြက်သားဟင်း ချက်တာထက် လွယ်တာလည်းမို့ Recipe လေးကို ဝေမျှလိုက်ပါတယ်။

ဒီမှာ ကြက်သား ၀ယ်ရင် Store (မြန်မာပြည်က Citi Mart လိုမျိုး) မှာ မ၀ယ်ဘဲ Wet Market (ရန်ကုန်က လှည်းတန်းဈေး လိုမျိုး) မှာဝယ်ပါတယ်။ မွေးမြူရေးကြက် မဟုတ်ဘဲ ခြံကြက် ရတာရယ်၊ ဆိုင်မှာ ခုတ်ခိုင်းလို့ ရတာရယ်ကြောင့်ပါ။ (Farm) ခြံကြက်ကို ဒီမှာ Kampong ကြက်လို့လည်း ခေါ်ပါတယ်။ Kampong ကြက်က မွေးမြူရေးကြက်ထက် သေးပေမယ့် စားလို့ ပို နူးညံ့ပါတယ်။ ကြက်သားကို အရိုး အသားမျှအောင် (အရိုးများများ ဆိုလည်း ရပါတယ်) အလယ် အလတ် တုံးပါတယ်။ ပြီးတော့ အိုးထဲကို ထည့်၊ ဆနွင်းမှုန်း နည်းနည်း (ဟင်းချက်တာထက် နှစ်ဆ)၊ ဆားနည်းနည်း၊ အသားမဆလာ နည်းနည်းထည့်ပါတယ်။ ကုလားလို စစ်စစ် သုပ်မယ်ဆိုရင်တော့ ငါးပြာရည် မထည့်ရပါဘူး။ ဒါပေမယ့် ကြက်သားက ငံပြာရည်နဲ့ ပြုတ်ရင် လေးပြီး ချိုတာကြောင် အနံ့လည်း မထွက်အောင် အရသာလည်း ကိုယ်ကြိုက်သလို ဖြစ်အောင် နည်းနည်း ထည့်ပါတယ်။ ရေကို ကြက်သားတုံးတွေ မမြုတ် တမြုတ်ပဲ ထည့်ပြီး ခဏလောက်ပဲ ပြုတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပဲမှုန့် အစိမ်းမှုန့်ကို ကျိုပါတယ်။ ပဲမှုန့်က ရေပူထဲ ထည့်လိုက်ရင် လုံးသွားတတ်လို့ အရင် ရေအေးနဲ့ ဖျော်ပြီးမှ ကျိုတာပါ။ ဂေါ်ဖီထုပ်၊ ငရုပ်သီးစိမ်း ကို ပါးပါးလှီးပါတယ်။ ကြက်သွန်နီ ကြိုက်တတ်ရင်လည်း ထည့်လို့ရပါတယ်။ ကြက်ပြုတ်ကို အိုးထဲက ဆယ်ပြီး အတုံးသေးသေးလေးတွေ တုံးပါတယ်။ ကြီးကြီးတုံးထားတာကို ပြုတ်ပြီး သေးသေးပြန်တုံးတာ ပိုကောင်းပါတယ်။ ကြက်ပြုတ်ရည်တွေကို သိမ်းထားပါတယ်။ အချို၊ အငန်နဲ့ ကြက်ဆီတွေက အဲဒီထဲမှာ။

စားခါနီးကျတော့ စားမဲ့ ပန်းကန်ထဲ ကြက်သားထည့်၊ ဂေါ်ဖီ၊ ငရုပ်သီးစိမ်းထည့်၊ ပဲရည်လောင်း၊ ကြက်ပြုတ်ရည်ဆမ်း၊ ရှောက်သီးညှစ်၊ ငရုပ်သီး အကျက်မှုန့် နည်းနည်း ထည့်၊ မွှေပြီး စားနိုင်ပါတယ်။ ဒီ အတိုင်းစားလည်း ရပါတယ်။ ကျွန်တော်တို့ကတော့ ထမင်းနဲ့ ဟင်းလုပ်စားပါတယ်။ ကြက်သားကို ဒီအတိုင်း ဟင်းချက်စားရင် သိပ်မစားဖြစ်ပါဘူး၊။ ဒီလို လုပ်စားတော့ အသားလည်း တော်တော် စားဖြစ်ပါတယ်။ အဟာရလည်း မျှပါတယ်။ အဆီလည်း အပိုမပါပါဘူး။ ဆီပြန်ဟင်းတွေ ငြီးငွေ့နေချိန်မှာတော့ တော်တော် စားမြိန်ပါတယ်။

Saturday, May 19, 2007

မင်္ဂလာရက်မြတ်

(ဒီ Post ဟာ သူမပြောပြတဲ့ အတိုင်းကို နည်းနည်းပြင်ပြီး ရိုက်ထားတာပါ။)

ကျွန်မ သူငယ်ချင်း Yuli ဆီက ဖိတ်စာရတယ်။ သူတို့ လက်မှတ်ထိုးတဲ့ အခါကျရင် လာဖို့တဲ့။ Singapore ROM (Registry of Marriage) မှာ လုပ်မှာလေ။ ရုံးတက် လက်မှတ် ထိုးတာပေါ့။ ရိုးရိုးပဲ အခန်းထဲမှာ လက်မှတ်ထိုးလည်း ရပါတယ်။ သူတို့ကတော့ Garden Reception နဲ့ အပြင်မှာ လုပ်မယ်တဲ့။. စိတ်ရှည်ရှည်နဲ့ ရွေးယူထားတဲ့ရက်က ၀၇၊၀၇၊၀၇ ရက်တဲ့။. ဇူလိုင်လ ၇ ရက်နေ့ ၂၀၀၇ မှာပါ။ အမှတ်တရပေါ့။ (ကျွန်တော့် မှတ်ချက် - ဒီလို နေ့မျိုးက အမျိုးသားတွေက ပိုကြိုက်ပါတယ်။ မှတ်ရတာ လွယ်လို့လေ။ Anniversary အတွက်လည်း မမေ့တော့ဘူး။ ရုတ်တရက် ကောက်ကာငင်ကာ မေးလိုက်လည်း မဆိုင်းမတွ ပြန်ဖြေလို့ ရတာပေါ့။)

ဒီမှာက ROM မှာ လက်မှတ်ထိုး၊ မှတ်ပုံတင်ဖို့က ရက်ချိန်း ကြိုယူရပါတယ်။ Online ကလည်း ယူလို့ရတယ်။ အထူးသဖြင့် Popular Date တွေ၊ Auspicious Date တွေ အတွက်ပါ။ နေ့ရယ် လရယ် တူတဲ့ Date (မေလ-၅ရက်၊ ဇွန်လ-၆ရက်) တွေကို Double Date လို့ခေါ်ပြီး အဲဒီရက်တွေက Popular Date တွေပါ။ လူကြိုက်များလွန်းလို့ အဲဒီနေ့ဟာ ရုံးပိတ်ရက် ဖြစ်နေတာတောင် အပြင်မှာ ပေးလုပ်တယ်လေ။ ၀၇၊၀၇၊၀၇ ကတော့ Double မကတော့ ပါဘူး၊ Triple တောင် ဖြစ်နေပါသေးတယ်။ နေ့ရယ်၊ လရယ်၊ နှစ်ရယ် တူလို့လေ။ Popular Date မို့ ကြိုတင် Reserve လုပ်ရတယ် ဆိုပေမယ့် အစောကြီးလည်း ကြိုလုပ်လို့ မရပြန်ဘူး။ သူတို့က သုံးလလောက် ကြိုလုပ်ရမယ်ဆိုတော့ Reserve လုပ်ရမယ့်နေ့ (ဧပြီလ - ၇ ရက်) နေ့ဆို ဧပြီလ ၆ ရက်နေ့ (အလွန်) ည ၁၂ နာရီမှာ စောင့်ပြီး Reserve လုပ်ရတယ်လို့ စိတ်လှုပ်ရှားစွာ ပြောပြပါတယ်။ အဲဒီနေ့ကတောင် ကျွန်မတို့ အိမ် အလည်လာသေးတယ်။ ကျွန်မတို့ ကလေးလေး မွေးပြီး ၁၀ ရက် လောက်မှာ လာကြည့်တာပါ။

ကျွန်မတို့ လက်မှတ်ထိုးတဲ့ နေ့ကလည်း 9/11 ပါ။ World Trade – 9/11 လိုမျိုး စက်တင်ဘာလ ၁၁ ရက် တော့ မဟုတ်ပါဘူး။ ၁၁ လပိုင်း (နိုဝင်ဘာ) ၉ ရက်ပါ။ US Date Format မှာ လ က အရင် စ တယ်လေ။ စက်တင်ဘာလ - ၁၁ ရက် - ၂၀၀၁ က 9/11/2001 ပါ။ ကျွန်မတို့ လက်မှတ်ထိုးတာက UK Format ပါ၊ 9/11/2004 (နိုဝင်ဘာလ - ၉ ရက် - ၂၀၀၄)။ လူပေါင်းများစွာ သေကြေရတဲ့ နေ့နဲ့ မင်္ဂလာ လက်မှတ် ထိုးတဲ့ နေ့နဲ့တော့ တိုက်ဆိုင်တယ် မပြောချင်ပေမယ့် 9/11 က မှတ်ရတာ လွယ်တယ်လေ။ အမှတ်ရဆုံး ကတော့ World Trade Towers ကြီး မပြိုခင်လေးတင် ၂ လ လောက်က ကျွန်မတို့ နှစ်ယောက် World Trade Towers အပေါ်ဆုံးထပ် ကို သွားလည်ကြပြီး အဲဒီနေရာဟာ သူက ကျွန်မကို ပါးစပ်နဲ့ (နှုတ်က) ချစ်တယ်လို့ ပထမဆုံးပြောတဲ့ နေရာမို့လို့ပါပဲ။

Thursday, May 17, 2007

နို့ထောက်ကူ ပစ္စည်း

ကလေး နို့တိုက်တဲ့ အခါမှာ သုံးတဲ့ Accessories တွေ အကြောင်းမို့လို့ ဒီလို ခေါင်းစဉ် တပ်လိုက်တာပါ။ ကလေး မိဘ ဖြစ်ဖူး၊ ဖြစ်နေတဲ့ သူတွေ အတွက်တော့ အဆန်း မဟုတ်ပေမဲ့ ဖြစ်မဲ့ သူတွေ အတွက်တော့ နည်းနည်း သိရတာပေါ့။ ပြီးတော့ မြန်မာပြည်က အမျိုးတွေလည်း ဖတ်လို့ ရတာပေါ့။ ကလေးနို့ဘူး၊ နို့မှုန့်တွေက တော့ အထူးအဆန်း မဟုတ်ပါဘူး။ မြီးကောင်ပေါက်လေးပဲ ဖြစ်ဖြစ်၊ အပျိုကြီး၊ လူပျိုကြီးပဲ ဖြစ်ဖြစ် ကလေးမွေးရင် ဒါတွေလိုတယ်ဆိုတာ သိတာပေါ့။ ဒါတောင် ကလေးမမွေးခင်က နို့ဘူး တစ်ဘူးပဲ ကြိုဝယ်ထာတဲ့ အကြောင်းကို ပြောမိလို့ ရုံးက ကလေးမိခင်တစ်ဦးက ဟက်ဟက်ပတ်ပတ် ရယ်ပါသေးတယ်။ `ဘယ်လိုလုပ် တစ်ဘူးနဲ့ လောက်ပါ့မလဲ´တဲ့။ သိတော့ သိပါတယ်။ လက်ဆောင်တွေ ရမယ်ဆိုတာ သိလို့ တစ်ဘူးပဲ ၀ယ်ထားတာ။ မြန်မာ အယူလည်း ရှိပါတယ်။ ကလေး မမွေးခင် ပစ္စည်းတွေ ကြိုမ၀ယ်ရဘူးဆိုတာ။ အဲ့ဒါကြောင့်တော့ မဟုတ်ပါဘူး။ ကြိုမ၀ယ်ထားတာ မှန်ပါတယ်။ ဒီမှာက လိုလည်း ပြေးဝယ်လို့ ရနေတာပဲ။ အလွန်ဆုံးကြာ ၃-၄ နာရီပေါ့။ လိုမှ ၀ယ်တော့ မှားဝယ်ထားတာ မရှိတော့ ပါဘူး။ အကုန် ကွက်တိပါပဲ။

နိုဘူးက ၀ယ်ရတာလွယ်ပေမဲ့ နိုဘူးမှာ တတ်တဲ့ နို့သီးခေါင်း (teat) က ရွေးရတာ ခက်မယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ပါဘူး။ ကိုယ်လည်း မထင်ခဲ့ ပါဘူး။ နို့သီးခေါင်းတွေက ပုံစံမျိုးစုံနဲ့ အသားမျိုးစုံ ရှိပါတယ်။ ဆေးရုံမှာတုန်းက Partial Feeding (အမေနို့ရော နို့ဘူးပါတိုက်တာ) လုပ်မယ်လို့ ကျွန်တော်တို့က ကြိုပြောထားတဲ့အတွက် အထူးစပါယ်ရှယ် နို့သီးခေါင်းနဲ့ တိုက်ပါတယ်။ အဲ့ဒီ နို့သီးခေါင်းမျိုးကတော့ တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ Nuk ပါ။ ခေါင်းထိပ်ကလည်း မြင်ဖူးထားတဲ့ ပုံတွေလိုမျိုး မဟုတ်ပါဘူး။ အပေါက်ကလည်း ထိပ်တည့်တည့်မှာ မဟုတ်ပါဘူး။ လက်ညှိုးကို စိတ်ကူးကြည့်မယ်ဆို အပေါက်က လက်သည်း နေရာမှာပါ။ ထိပ်က အပေါက်လေး အပြင် အလယ်ခေါင်လောက်မှာလည်း အချိုင့်လေးနဲ့ အပေါက်ကလေး ရှိပါတယ်။ လေ၀င်ဖို့ပါ။ သူက Patented (Patent Number – 4505398) ပါ။ နို့သီးခေါင်း အကြောင်းနဲ့ အသေးစိပ်ကို Patent မှာ ဒီလို ဖော်ပြထားပါတယ်။ အဲဒီ နို့သီးခေါင်းက မွေးကင်းစ (အမေနို့တိုက်မယ့်) ကလေးတွေ အတွက် အကောင်းဆုံးပါပဲ။ လေမခိုနေတာကို ကြိုက်တဲ့ အပြင် ကလေး စို့ရတာ လွယ်တာကိုလည်း ကြိုက်ပါတယ်။ ထူးဆန်းတာက ကလေးက စို့တဲ့ အခါ (လူကြီးတွေ ပိုက်နဲ့ အအေးသောက်သလို) စုပ်ရတာ မဟုတ်ပါဘူး။ နို့သီးခေါင်း ထိပ်ကို လျှာဖျားလေးနဲ့ ဖိဖိပြီးသောက်ရတာပါ။ ပါးစပ်လေးကို ဟပြီး လျှာလေးကို ရှေ့ကို ထုတ်လိုက် သွင်းလိုက်လုပ်သလိုမျိုးပေါ့။ (လျှာထုတ် ပြသလောက်တော့ ရှည်စရာ မလိုပါဘူး)။ ဗိုက်ထဲမှာကတည်းက လျှာ ထုတ်လိုက် သွင်းလိုက်လုပ်နေတဲ့ သမီးအတွက်ကတော့ အလွန်အဆင်ပြေပါတယ်။ (Ultra Sound နဲ့ကြည့်တုန်းက သူ အဲလို လုပ်နေတာကို ကောင်းကောင်းကြီး မြင်ဖူးထားပါတယ်။)


နို့ဘူးပြုတ်ဖို့ အိုးလိုတဲ့ အကြောင်း၊ အသစ်ကို သပ်သပ် သုံးသင့်တယ် ဆိုတာကို အတွေအကြုံ ရှိဘူးပြီးသူတွေ ပြောမှ အသေအချာ သိရပါတယ်။ ပိုးသတ်တဲ့ အိုးတွေ (sterilizer) တွေကို လိုက်ကြည့်တော့ ဈေးကကြီးတာနဲ့ ဘာဝယ်ရမှန်း မသိဖြစ်နေပါတယ်။ အသိ တစ်ယောက် ကတော့ အကြံပေးပါတယ်။ Rice Cooker တစ်လုံး အသစ် ၀ယ်သုံးတဲ့။ သူ့အကြံ မဆိုးဘူး လို့တွေးပေမယ့် ဘာလိုလိုနဲ့ မ၀ယ်ဖြစ်ပြန်ဘူး။ ဒီလိုနဲ့ ကလေးမွေးမှပဲ ကလေရဲ့ ဦးလေး (ကျွန်တော့် ညီ) က sterilizer တစ်လုံး လက်ဆောင် ပေးပါတယ်။ Avent Express II Steam Microwave Steam Sterilizer ပါ။ သူက ရိုးရှင်းပေမဲ့ တော်တော် သုံးလို့ကောင်းပါတယ်။ Power Supply တွေ ဘာတွေ မပါပါဘူး။ (ရေဆေးလို့ ကောင်းတာပေါ့)။ ကော်ဇလုံ ပက်ပက်ရယ်၊ အဖုံးတစ်ခု ရယ်ပဲ ဆိုပါတော့။ ရိုးရိုး Plastic တော့ ဘယ်ဟုတ်မလဲ။ Microwave ထဲ ထည့်လို့ရတဲ့ ဟာမျိုးပေါ့။ ဇလုံထဲ ကို ရေနည်းနည်း ထည့် အဲဒီပေါ်မှာ ခင်းထားတဲ့ အပေါက်လေးတွေ ပါတဲ့ ကော်ပြားတစ်ခု ပေါမှာ နို့ဘူးတွေစီပြီး၊ မှောက်ထောင်ပြီးထည့် အပေါ်က အဖုံးကို အလုံဖုံးပြီး Microwave ထဲကို 4-5 မိနစ်လောက် ထည့်ရတာပါ။ အထဲမှာ ရေတွေက ပွက်ပွက်ဆူ အငွေ့ပြန်ပြီးတော့ ပေါင်းသလိုဖြစ်သွားတာပါ။ နို့ဘူးဆေးတာနဲ့ ပေါင်းတာနဲ့မှ အားလုံး ၁၅ မိနစ်လောက်ပဲ ကြာပါတယ်။ ပေါင်းပြီးလို့ ရှိရင် နို့ဘူးတွေကို အဲဒီထဲမှာပဲ ထားတော့ နို့ဘူးတွေ ထားဖို့ နေရာ သန့်သန့်လည်း သပ်သပ်ရတာပေါ့။ Sterilizer နဲ့ အတူတူ နို့ဘူး ၄ ဘူး၊ နို့ဘူးဆေးတဲ့ Brush တစ်ခုပါတော့ တော်တော်တန်တယ် ပြောလို့ ရပါတယ်။

နောက်တစ်ခု ထပ် လိုလာတာကတော့ Breast Pump ပါ။ နို့တွေ အရမ်းစုလာတဲ့ အခါကျရင် ကလေးအမေမှာလည်း မသက်မသာဖြစ်ရပါတယ်။ အဲဒီအခါကျရင် ညှစ်ထုတ်ပစ်ဖို့ပါ။ ကျွန်တော့် အမေ ပြောတာတော့ လက်နဲ့ ညှစ်ရတာ တော်တော် နာတယ် ဆိုပဲ။ တစ်ခါတစ်လေ ညှစ်ပြီးသားတွေကို သိမ်းထာပြီး ပြန်တိုက်ပါတယ်။ Pigeon ကထုတ်တဲ့ Pump ကို ၀ယ်သုံးပါတယ်။ Manual ပဲ ၀ယ်ပါတယ်။ နို့မှာ စွပ်ပြီး ရေတုံကင်လို Lever လေးကို ညှစ်ရတာပါ။ ၁၀ မိနစ်လောက်ညှစ်ရင် ၄၀-၅၀ မီလီလီတာလောက် ရပါတယ်။ Japan Made ဆိုတော့ အသားအနား ကောင်းပေမယ့် သုံးရတာတော့ သိသိသာသာကြီး အကောင်းကြီး မဟုတ်ပါဘူး။ ပုံမှန်ပါပဲ။ နို့တစ်ဘက်မှာတော့ သိပ် အဆင်မပြေပါဘူး။ သူ့အ၀က နို့မှာ ကောင်းကောင်းကြီး ကပ်မနေတော့ လေမလုံတာနဲ့ ကောင်းကောင်း ညှစ်လို့မရပါဘူး။ ဆေးရတာလည်း သိပ်မလွယ်ပါဘူး။ သေသေချာချာ မဆေးရင် နို့ကျန်တွေ ကပ်နေနိုင်ပါတယ်။ တခြားတံဆိပ်တွေ (Avent တို့လိုမျိုး) တော့ ဘယ်လိုနေမယ် မသိပါဘူး။ ဒီဟာကတော့ အကောင်းစားတွေထဲမှာ ဈေးနည်းနည်း သက်သာတဲ့ ဟာပါ။ ဒါတောင် ၉၀ S$ ပေးလိုက်ရပါတယ်။ ဘယ်တံဆိပ်ပဲ ၀ယ်ဝယ် Manual ပဲ ၀ယ်သင့်ပါတယ်။

တခြား သေးသေး မွှားမွှားလေးတွေလည်း လိုပါသေးတယ်။ နို့တိုက်ရင်း သုံးဖို့ Tissue Paper ကောင်းကောင်း (ကောင်းကောင်းဆိုတာ 3 Ply လိုမျိုးကို ပြောတာပါ၊ အရည် သုတ်လို့ ရတာမျိုးပေါ့)၊ အမေနို့နဲ့ ကလေးပါးစပ် အပြင် သုတ်ဖို့ Wet Tissue လိုမျိုး၊ ကလေး ပါးစပ် အထဲက နို့ချိုးတွေ ရှင်းဖို့ Oral Care Tissue လိုမျိုး နို့ဘူးဆေးဖို့ ဆပ်ပြာရည်လိုမျိုး (ဒါတော့ မ၀ယ်ဖြစ်ပါဘူး၊ အိမ်သုံးနဲပဲ ဆေးပြီး ရေစင်အောင် ဆေးလိုက်တာပဲ) တွေပေါ့။ ပြောရမယ် ဆိုရင်တော့ ချဲ့ရင် ချဲ့သလောက်ပေါ့။ ကျွန်တော်တို့ကတော့ ဒီလိုပဲ ကြီးလာတာပါပဲ။ အခုခေတ် ကလေးတွေကိုက ကံကောင်းတာပါ။

Tuesday, May 15, 2007

နို့စာရေးမ

သမီးလေးကို နို့တိုက်တဲ့ အခါတိုင်း ဘယ်လောက် (မီလီ လီတာ) တိုက်ပြီးသွားပြီလဲ ဆိုတာကို ကျွန်တော်တို့က မှတ်ထားပါတယ်။ ပြီး... ဒီနေ့ ဘယ်လောက် ရှိပြီဆိုတာ စားရင်းချုပ်ပါတယ်။ များသောအားဖြင့် သူမက မှတ်ပါတယ်။ ပုလင်းနဲ့ တိုက်ရင် ကိစ္စမရှိပေမယ့် အမေနို့တိုက်တဲ့အခါ ဘယ်လောက်မှတ်ရမယ်ဆိုတာ ခက်ပါတယ်။ မိနစ် ဘယ်လောက်ဆို့တယ်၊ ဘယ်ဘက်ကနို့ကို ဘယ်လောက်စို့တယ် (နှစ်ဘက်က အထွက် မတူပါဘူး) ဆိုတာပေါ်မူတည်ပြီး တွက်ပါတယ်။ အဲဒီလို မှတ်တဲ့ အခါ သူမက ပိုမှတ်ချင်ပါတယ် ဥပမာ ၁၀ မိနစ်ကို ၃၀ မီလီ၊ ကျွန်တော်က လျော့မှတ်ချင်ပါတယ် .. ၂၀ မီလီ စသည်ဖြင့်ပေါ့။ ကျွန်တော်ကတော့ လျော့မှတ်တဲ့ အတွက် ကလေးပိုစို့ရတယ်၊ သူမကလည်း လျော့နေရင် စိတ်ပူတတ်ပါတယ်။ အဲတော့ မှတ်တဲ့ အခါတိုင်း ကျွန်တော်ဆီက Approval ယူပါတယ် (တကယ်တော့ တိုင်ပင်တာပါ.. ကြားကောင်းအောင် ရေးတာ)။ နောက်ပြီးတော့ ကျွန်တော် ရုံးက ပြန်လာတိုင်း မှတ်ထားတဲ့ စာအုပ်ကို ကြည်ပြီး နို့စာရင်းစစ်ပါတယ်။ ဒီနေ ဘယ်လောက်သောက်လဲ၊ အမေနို့က ဘယ်လောက်လဲ စသည်စသည်ပေါ့။ နည်းနေရင် `ဟင်..ဒီနေ နည်းနေပါလား´ ၊ `မနေ့က ဒီအချိန်ဆို ဘယ်လောက် ရှိပြီ´၊ `စံချိန် မမှီသေးဘူး´ ..အဲလို ပြောတတ်ပါတယ်။ အဲဒါကို အမေက ကြည့်ပြီး သူမကို နို့စာရေးမတဲ့....ကျွန်တော့်ကို နို့စာရင်းစစ်တဲ့။ ရုံးက ပြန်လာရင်လည်း `စာရင်းစစ်တော့ ပြန်လာပြီ၊ ငါတို့တွေ စာရင်းလိမ်တင်ရအောင်...´တဲ့။ ကျွန်တော်ကလည်း ဒီအပတ်တော့ ဘယ်လောက်သောက်ရမယ်၊ အမေနို့က တစ်နေ့ကို ဘယ်လောက်ရှိရမယ် ဘယ်လို ဘယ်လို ဆိုပြီး ကိုယ်တိုင်လည်း လုပ်နိုင်တာ မဟုတ်ဘဲနဲ့သမ၀ါယမမှာ စာရင်းစစ်ဝင်တာ ကျနေတာပဲ။

Sunday, May 13, 2007

သူမတို့ နှစ်ယောက်

ကျွန်မဘ၀တွင် သံသယ ရှိစရာမလိုသော အောင်မြင်မှု တစ်ခုကား ရှိခဲ့ပါသည်။ ယင်းမှာ ကျွန်မနှင့် သူတို့၏ ဆက်ဆံရေးပင်ဖြစ်ပါသည်။ သူနှင့် အနှစ်သုံးဆယ်ကျော် ပေါင်းသင်းခဲ့သည့် ကာလ၌ ကျွန်မတို့သည် တစ်ညသာ ခွဲခွာခဲ့ကြဖူးပါသည်။ ထိုမျှ နှစ်ပေါင်းများစွာ အတူတူ နေထိုင်ခဲ့ကြသော်လည်း ကျွန်မတို့ နှစ်ယောက်သည် တစ်ဦး၏ စကားတွင် တစ်ဦး စိတ်ဝင်စားမှု လျော့ပါးခြင်း မရှိခဲ့ကြပါ။ ကျွန်မတို့ နှစ်ယောက်သည် တစ်ယောက်ပြောသည့် စကားကို တစ်ယောက် အလေးအနက် စိတ်ဝင်စားစွာ နားထောင်ကြသည်ဟု အမျိုးသမီး မိတ်ဆွေ တစ်ယောက်က မှတ်ချက်ချဖူးပါသည်။ သို့တိုင်အောင် ကျွန်မတို့ နှစ်ယောက်သည် တစ်ဦး၏ အတွေးများကို တစ်ဦးက ဝေဖန်ထောက်ပြခြင်း၊ ရှင်းလင်းအောင် အတည်ပြုပေးခြင်း စသည်တို့ လုပ်ခဲ့သည့် အခါများလည်း ရှိပါသည်။ ကျွန်မတို့တွင် တူညီသော အမှတ်ရစရာတွေ ရှိပါသည်။ တူညီသော ဉာဏ်ရည် ရှိကြပါသည်။ တူညီသော အတိတ် ရုပ်ပုံလွှာတွေ ရှိကြပါသည်။ ကျွန်မတို့ နှစ်ဦးသည် တူညီသော လက်နက်တန်ဆာ ပလာများဖြင့် ကမ္ဘာလောကကြီးကို နားလည်အောင် ကြိုးစား ဆုပ်ကိုင်ခဲ့ကြပါသည်။ တူညီသော ဘောင် အတွင်းတွင် ရပ်ခဲ့ကြပါသည်။ တူညီသော မှတ်ကျောက်ဖြင့် စစ်ဆေးခဲ့ကြပါသည်။ ကျွန်မတို့ နှစ်ယောက်သည် စကားပြောလျှင် တစ်ယောက်က ၀ါကျ အစကို ပြောပြီး တစ်ယောက်က ၀ါကျကို အဆုံးသတ် ပေးတတ်ပါသည်။ တစ်ယောက်ယောက်က မေးခွန်းတစ်ခုကို မေးလိုက်လျှင် ကျွန်မတို့ အဖြေများသည် တစ်ထပ်တည်း ကျနေတတ်ကြပါသည်။ စကားတစ်ခွန်း၊ အာရုံတစ်ခု၊ အရိပ်အမြွက် တစ်စ ရလိုက်သည်နှင့် ကျွန်မတို့ နှစ်ယောက်သည် တစ်လမ်းတည်း သွားနေသည်ကို တွေ့ရတတ်ပါသည်။ နိဂုံးတစ်ခုတည်းသို့ ရောက်နေတတ်ကြပါသည်။ ထိုအဖြစ်သည် အခြားသူ တစ်ယောက်အနေဖြင့် နားလည် နိုင်ဖွယ်ပင် မရှိပါ။ ´´



ကျွန်တော့် အိပ်ထဲမှာ စောင်ပြီးဖတ်ရတဲ့ ဆရာမြသန်းတင့်ရဲ့ `ရေပွက်ပမာ´ စာအုပ် အမှာစာမှ ပြင်သစ် စာရေးဆရာမ ဆီမွန်ဒီဗူးဗွား (Simon De Beauvoir) နဲ့ သူမရဲ့ (ခင်ပွန်းလို့ မပြောပါ) ရာသက်ပန် မိတ်ဆွေ ယန်းပေါဆာ့တ် (Jean-Paul Sarte) တို့ရဲ့ ဆက်ဆံရေး (Relationship)ပါ။ ဒီစာအုပ် အကြောင်းနဲ့ သူတို့ နှစ်ဦး အကြောင်းကို နောက်မှပဲ ရေးဦးပါမယ်။ အခုတော့ လိုရင်း ပေါ့သွားမှာ စိုးလို့ပါ။

Bangalore သို့ တစ်ခေါက်

အလုပ်ကိစ္စနဲ့ ဒုတိယ အကြိမ် India ကို သွားရပြန်တယ်။ ပထမ တစ်ခေါက်တုန်းက Chennai ကိုပါ။ အခုတော့ Bangalore ပါ။ Bangalore က IT မြို့လည်း ဖြစ်၊ အဲဒီမှာ ရှိတဲ့ Branch က Sales Personnel တွေကလည်း ကောင်းတော့ Client တွေ များပါတယ်။ တွေ့ရမယ့် Client တွေ (၄ခု) များတော့ ရက်များများ ယူရပြန်တယ်။ Schedule က ၇ ရက်နေ့ တနင်္လာနေ့ ကနေ ၁၀ ရက်နေ့ထိ ၄ ရက်ပါ။ ရုံးက ဘိုမ (British) တစ်ယောက်နဲ့ သွားရပါတယ်။ ကိုယ်က Technical (IT) ပိုင်းပါ၊ သူက Scientific (Content) ပိုင်းပါ။ Over-night Flight မို့လို့ စနေနေ့ ညကတည်းက သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လည်ဖို့လည်း တစ်ရက် ရတာပေါ့။

Bangalore ကို ညသန်းခေါင်လောက်မှာ ရောက်သွားပါတယ်။ လေယာဉ် မဆိုက်ခင် ကောင်းကင်မှာ ၀ဲနေတုန်း ကြည့်လိုက်တော့ တစ်မြို့လုံး လင်းထိန်နေပါတယ်။ New York မှာတုန်းကလို ကောင်းကင်ထိ လင်းထိန်နေတာ မဟုတ်ပေမယ့် ဒီဟာကလမ်း၊ ဟိုဟာကအိမ် ကောင်းကောင်းမြင်ရပါတယ်။ မြို့ပြင်ကလည်း တော်တော် ကျယ်ပါတယ်။ သနားစရာ မှောင်အတိကျနေတဲ့ ကိုယ်တို့မြို့က မင်္ဂလာဒုံ လေဆိပ်လေးကိုလည်း သွားသတိရပါသေးတယ်။ Bangalore လေဆိပ်ကတော့ ချာပါတယ်။ သာမန်ပါပဲ။ ဟိုတယ်ကလည်း 3 Star အဆင့်ပါပဲ။ နေရာကတော့ ကောင်းပါတယ်။ အခန်းကလည်း တည်းဖူးတဲ့ 4 Star တွေနဲ့ အတူတူလောက်ပါပဲ။ မနက်စာ တစ်ခုတော့ မကောင်းပါဘူး။

နောက်တစ်နေ့ မနက်ကျတော့ Hotel ကို ကားစီစဉ်ခိုင်းပြီး မြို့ပတ်ကြပါတယ်။ ပထမဆုံး Vidhana Soudha ကို သွားပါတယ်။ Vidhana Soudha က အစိုးရ ရုံးအဆောက်အဦးပါ။ ဥရောပဆန်ဆန် ဆောက်ထားတာပါ။ ပြီးတော့ Bull Temple ကို သွားပါတယ်။ Temple သေးသေးလေးပါ။ အထဲမှာတော့ ကျောက်တုံး တစ်တုံးတည်းကနေ ထုထားတဲ့ နွားရုပ် ရှိပါတယ်။ အဲဒီကနေ International Temple ဆိုတာကို သွားပါတယ်။ တကယ်တော့ IKSCON (International Society for Krishna Consciousness) ပါ။ ကျောင်းကြီးက တော်တော် ကြီးပါတယ်။ သေသေချာချာ စနစ်တကျ ဆောက်ထားတာပါ။ ၀တ်ပြုဖို့၊ တန်းစီဖို့၊ စတုဒီသာလှူဖို့၊ ကားရပ်ဖို့ စသည် စသည် သပ်သပ်ရပ်ရပ်ပါ။ Security လည်း တင်းကျပ်ပါတယ်။ အထဲမှာ သူတို့ ကိုးကွယ်တဲ့ Krishna ဆိုတာ ရှိပါတယ်။ ကျင့်စဉ်တစ်မျိုးနဲ့လည်း ဆိုင်ပါတယ်။ သေသေချာချာတော့ မသိပါဘူး။ အဲဒီမှာ စတုဒီသာ လှူနေပါတယ်။ သုံးလွန်းတင် ထမင်းလိုမျိုးပါပဲ၊ ဆန်ရယ်၊ ပဲတွေရယ်၊ ပြောင်းတွေရယ်ကို ရောပြီး ဆီနည်းနည်း၊ ဆားနည်းနည်း၊ ငရုပ်သီး(လား မဆလာလား မသိဘူး) နည်းနည်း ရောရာပြီးပြုတ်ထားတာပါ။ ချိုသလို၊ စပ်သလိုပါပဲ။ အင်ဖတ်ကို ခွက်ပုံစံ လုပ်ထားတဲ့ထဲ ထည့်ပေးပါတယ်။ အရည်ဆိုတော့ လက်ချောင်းလေးတွေ နှစ်ပြီး စားရတာပေါ့။ ပထမတော့ ဘိုမက မစားချင်ပါသေးဘူး၊ လက်နဲ့ဆိုတော့။ ကိုယ်လည်းပဲ နည်းနည်းတော့ ကသိကအောက်ဖြစ်ရပါတယ်။ ထမင်းလိုမျိုးကို လက်နဲ့ စားတာဆို တော်သေးတယ်။ ဆန်ပြုတ်လိုမျိုးကို လက်နဲ့ စားရတာ ဆိုတော့ တွေးကြည့်ပေါ့။

နောက်တော့ Shopping သွားကြပါတယ်။ Shopping ဆိုပေမယ့်လည်း Driver က သူနဲ့ တိုက်ထားတဲ့ Souvenir ရောင်းတဲ့ဆိုင်တွေချည်းပဲ လိုက်ပို့တာပါ။ ဒီလို ဆိုင်တွေက ရိုက်မှန်းသိတော့ ကိုယ်ကတော့ မ၀ယ်ပါဘူး။ (တစ်ခုတော့ ၀ယ်ဖြစ်လိုက်သေးတယ်)။ ဘိုမက တော့ Pashmina တွေဝယ်ပါတယ်။ Pashmina ဆိုတာ ကက်ရှမီးယား ဒေသက ထွက်တဲ့ သိုးမွှေနဲ့ ရက်ထားတဲ့ ခြုံစောင်ပါ။ အစစ်ဆိုရင် ခြုံစောင်တစ်ထည်လုံးကို လက်ထဲမှာ လုံးထားလို့ရအောင်သေးပြီး ခြုံလိုက်ရင်လည်း ချက်ချင်းနွေးလာပါတယ်။ ရက်ထားတဲ့ သိုးမွှေးတွေက အင်မတန်သေးပြီး နူးညံ့တဲ့ အတွက် လက်စွပ်ထဲကို ဖြတ်ပြီး `ရှလွတ်´ဆို အလွယ်တကူ ဆွဲလို့ ရရပါမယ်။ India သွားရင် မ၀ယ် မဖြစ် ၀ယ်သင့်တဲ့ လက်ဆောင်ပါ။ ပထမ တစ်ခေါက် India လာတုန်းကလည်း အမေတွေ အတွက် ၀ယ်ပြီးသားလည်းဖြစ်၊ ဒီလိုဆိုင်တွေမှာက ဈေးကြီးမှန်းလည်း သိတော့ မ၀ယ်ပါဘူး။ ဘိုမကတော့ ၃ဆလောက် ဈေးပေးပြီး ၀ယ်ပါတယ်။ တကယ်ဆို Market လိုမျိုးမှာဆို ပိုပြီး သက်သာပေမယ့် သွားဖြစ်မယ် မဖြစ်ဘူးဆိုတာ မသေချာတော့ ပြောမနေပါတော့ဘူး။ ပြီးတော့ နေ့လည်စာ စားပါတယ်။ ကိုယ်က အင်ဒီးယန်းစာ ကြိက်တဲ့သူဆိုတော့ အဆင်ပြေပါတယ်။ ဘိုမကလည်း အသားနဲ့ Spice ဆိုရင်စားတတ်တော့ အဆင်ပြေပါတယ်။ ပထမတစ်ခေါက်တုန်းက Singaporean တွေ (တရုပ်တွေ) နဲ့ သွားတုန်းက သူတို့က မဆလာကိုပဲ အဆိပ်ကျနေတာပဲ။ မလွယ်ပါဘူး။ ဘိုမကတော့ ချီးမများပါဘူး။ အထူးအဆန်း၊ အသစ်အဆန်း တစ်ရပ် အနေနဲ့ စားပါတယ်။ Tandoori Chicken၊ Butter Chicken နဲ့ ဒန်ပေါက်နဲ့ စားပါတယ်။ Tandoori က တော်တော် နူးညံ့ပါတယ်။ နေ့လည်စာ စားလို့ကောင်းပါတယ်။ ပြီးတော့ Park တစ်ခု သွားပါတယ်။ တနင်္ဂနွေနေ့ဆိုတော့ မိသားစုတွေနဲ့ ပြည့်နေပါတယ်။ ပြီးတော့ ဟိုဟိုဒီဒီ သွားပြီး ပြန်လာပါတယ်။

Bangalore က သပ်သပ် သွားလည်ရလောက်အောင်တော့ ကောင်းတဲ့ မြို့မဟုတ်ပါဘူး။ တစ်နေ့စာ လျှောက်လည်ရအောင်တော့ အဆင်ပြေပါတယ်။ တစ်နေကုန်လည်တာမှ (Air-conditioned Saloon) ကား ခကလည်း ၅၀ စင်းဒေါ်လာလောက်ပဲ ကျပါတယ်။ Bangalore က Mall တွေကတော့ ရန်ကုန်ကထက် နည်းနည်းပဲ ပိုသာပါတယ်။ နည်းနည်း ပိုကြီးတယ်၊ Brand နည်းနည်း ပိုစုံတယ်။ စင်္ကာပူကလာတဲ့ သူတွေ အတွက်တော့ Mall တွေက သတ်သတ် လည်ပတ်စရာ မကောင်းလှပါဘူး။

တစ်ရက်လောက် လည်ပြီး ကျန်တဲ့ ရက်တွေက တော့ အလုပ်ပါပဲ။ ကုလား (Indian) တွေနဲ့ အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေ တိုးတက်လာပါပြီ။ Client တွေကလည်းကြီး၊ တွေ့တာကလည်း High-level တွေဖြစ်တာလည်း ပါပါတယ်။ ရုံးအဆောက်အဦးတွေကလည်း ကောင်းပါတယ်။ မှန်တွေ၊ အလူမီနမ်ပြားတွေနဲ့ သေသေချာချာ ဆောက်ထားထာပါ။ Client တစ်ခုကတော့ Electronic City မှာပါ။ Electronic City ဆိုတာ လူခြောက်သောင်းကျော်လောက်ကို အလုပ်ပေးထားတဲ့ IT & Electronics Industrial Park ပါ။ မြန်မာပြည်က MICT Park ဆိုတာ အဲဒီက Campus ကြီးကြီး တစ်ခုစာ၊ နှစ်ခုစာလောက်ပေါ့။

Bangalore က Singapore လောက်ကျယ်ပြီး လူဦးရေကတော့ တစ်ဆခွဲကျော်ကျော် ရှိပါတယ်။ ဘယ်သွားသွား လူတွေကိုတော့ ရှောင်လို့ မရပါဘူး။ ကားတွေ၊ ဆိုင်ကယ်တွေကလည်း သိပ်များပါတယ်။ Traffic ကတော့ အဆိုးကြီး မဟုတ်ပါဘူး။ လမ်းစည်းကမ်းလည်း မလိုက်နာကြပါဘူး။ ဟွန်းကတော့ ဘာတီးသလဲ မမေးနဲ့။ ကျွန်တော်တို့ ကားဒရိုင်ဘာဆို အားအားရှိ လိုလို မလိုလို တီးနေတော့တာပါပဲ။ လမ်းကူးရတာလဲ မီးပွိုင့်မှာ မဟုတ်ရင် မလွယ်ပါဘူး။ ကားတွေ က အဲဒီမှာ လုပ်တဲ့ ကားတွေများပါတယ်။ ဘယ်သူရှိမလဲ Ta Ta က လုပ်တဲ့ ကားတွေပဲပေါ့။ ကောင်းတော့ ကောင်းပါတယ်။ ဆိုင်ကယ် စီးတဲ့လူလည်း များပါတယ်။

ဓါတ်ကြိုး ဓါတ်တိုင်တွေ၊ မညီညာတဲ့ ပလက်ဖောင်း (လမ်းဘေးစင်္ကြန်)၊ မြေညီထပ်မှာ ဆိုင်ခန်းတွေ.... ဒါတွေကို စင်္ကာပူကလွဲရင် ကျန်တဲ့ Asia မြို့တွေမှာ တွေ့ရမှာပါ။ Bangalore မှာလည်း ဒီအတိုင်းပါပဲ။ အတူတူ သွားတဲ့ ဘိုမ ကတော့ အားအားရှိ `Dirty´၊ `Nasty´၊` Disgusting ´ ပဲ ပြောနေတော့တာပါပဲ။ ပြောရမယ်ဆိုရင် စင်္ကာပူထက်တော့ အများကြီး ညစ်ပတ်တာပေါ့၊ ရန်ကုန်ထက်လည်း နည်းနည်းပို ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကိုယ် ခံစားနေရတာတော့... အင်း ဒီက (Bangalore က) လူ(ငယ်)တွေက အလုပ်လည်း ရှိတယ်၊ ရတဲ့ လခကလည်း မဆိုးဘူး၊ ကားမောင်းတဲ့ လူမှာတောင် Mobile ရှိတယ်၊ Credit Card သုံးလို့ရတယ်၊ ကိုယ်ရှာတဲ့ ပိုက်ဆံကို နိုင်ငံခြားငွေနဲ့ ကြိုက်တဲ့ နေရာ (ငွေလဲကောင်တာ)မှာ လဲလို့ရတယ်၊ နိုင်ငံတကာ ကုမ္ပဏီတွေမှာ လုပ်လို့ရတယ် စသည် စသည် တွေပဲ မြင်တော့ ပါးစပ်ထဲ ၀င်လာတဲ့ ဖုန်တွေကိုတောင် ယောင်ပြီး မျိုချမိတယ်။

အစားအသောက်ကလည်း ကောင်းပါတယ်။ ကုလားစာတွေက အမျိုးအစား အတူအတူကို စားရင်တောင် တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ ဥပမာ Butter Chicken ကို စင်္ကာပူမှာ စားတုန်းက တစ်မျိုး၊ Bangalore မှာတောင် တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ ဘာလို့ ကွာသွားလဲ ဆိုတော့ ထည့်တဲ့ Ingredient နဲ့ Spice အမျိုးအစားနဲ့ အရေအတွက် မတူလို့ပါ။ အမျိုးအစား ကောင်းကောင်း များများ ကို မျှမျှတတ ထည့်ထားတာကတော့ အကောင်းဆုံပေါ့။ သူတို့ စားတဲ့ အစားအစာက Vegetarian ပဲ ဖြစ်ဖြစ် ၊ မဖြစ်ဖြစ် ဆန်၊ ဂျုံ၊ ပရိုတင်း မျှပါတယ်။ တစ်ခုပဲ မကြိက်တာပါ၊ ဟင်းရွက်စိမ်း မပါလို့ပါ။ ကိုယ်ကတော့ ဟင်းရွက်ကြော် စိမ်းစိမ်းပါမှ ထမင်းစားတတ်တာ ဆိုတော့ ကြာကြာတော့ မစားနိုင်ပါဘူး။

ဒီတစ်ခေါက် သွားတဲ့ ခရီးက အရင်အခါတွေနဲ့ မတူပါဘူး။ ၂ ရက် ၃ ရက်လောက်နေတော့ အိမ်ပြန်ချင်လာပါတယ်။ လသားရွယ် သမီးလေးနဲ့ ခွဲရတာကြောင့်ပါ။ အရင် အခါတွေက လွမ်းရပေမယ့် စိတ်မပူရပါဘူး။ အခုတော့ သမီးလေး ဘာများဖြစ်နေလဲ၊ နို့မှ လုံလုံလောက်လောက် စို့ရဲ့လား၊ လေနာ ဗိုက်နာများ ဖြစ်နေလား စိတ်ပူရပါတယ်။ တော်သေးတာပေါ့ သမီးလေးပုံတွေ ကင်မရာထဲမှာ မဖျက်ရသေးလို့။ ကံကောင်းချင်တော့ Movie File တွေပါ ပါလာလို့၊ ဒါလေးတွေပဲ အလွမ်းပြေ ကြည့်ရပါတယ်။

စင်္ကာပူကို ပြန်ရောက်တော့ မနက် ၆ နာရီကျော်ကျော်ပါ။ လေဆိပ်မှာ ရေမွှေးက (စင်္ကာပူမှာ ဈေးအပေါဆုံးနေရာ ဖြစ်တဲ့) Mustafa ထက်တောင် သက်သာလို့ ၀ယ်လာပါသေးတယ်။ ဘယ်က ပြန်လာ ပြန်လာ လေဆိပ်မှာ ကိုယ့် အတွက် ၀ီစကီ ဒါမှမဟုတ် သူမအတွက် ရေမွှေး ၀ယ်လေ့ ရှိပါတယ်။ Newark ၊ JFK နဲ့ Charles de Gaulle အပါအ၀င် လေဆိပ် ၁၀ ခုကျော် ရောက်ဖူး ပေမယ့်Changi လေဆိပ်က သူများ လေဆိပ်တွေနဲ့ မတူတဲ့ အချက်က လေဆိပ်နဲ့ မတူပဲ Mall ထဲ ရောက်နေသလိုပါပဲ။ Check In ကလည်း တန်းနည်းနည်း စီရပေမယ့် မြန်ပါတယ်။ လေယာဉ်ထဲက ထွက်ပြီး Immigration ဖြတ်ပြီးတာနဲ့ ကိုယ့် Baggage ကရောက်နေပါပြီ။ Taxi ကလည်း အဆင်ပြေပါတယ်။ အခုမှ ရောက်တဲ့ သူအတွက်ဆို ပိုပြီး အဆင်ပြေပါတယ်။

ပြန်ရောက်တာနဲ့ မိုးက ဆီးကြိုနေလို့ တော်သေးတယ်။ ဟိုမှာ ၄၊၅ ရက်လောက် ပူလာတာ။ အမေက မုန့်ဟင်းခါး ချက်ထားလို့ တော်သေးတယ်။ ထမင်းဖြူကလည်း စားရတာ ပိုချို သလိုပါပဲ။ သမီးလေးကလည်း ၅ ရက်လောက် အတွင်းမှာ တော်တော်(နည်းနည်းပေါ့) ကြီးလာပါတယ်။ သောကြာနေ့ ရောက်လို့ တော်သေးတယ်။ ရုံးမသွားဘဲ ၃ ရက်လောက် နားလိုက်ရတယ်။

Tuesday, May 01, 2007

တစ်လပြည့်အလှူ

အစကတည်းက သမီးလေးမွေးနေ့ တစ်လပြည့်ရင် ဘုန်းကြီးကျောင်းမှာ လှူမယ်လို့ စိတ်ကူးထားတယ်။ ကံကောင်းချင်တော့ ကဆုန်လပြည့်နေ့နဲ့ သမီးမွေးနေ့ တစ်လပြည့် တိုက်နေတယ်။ ၂ ပတ်ကျော်ကျော် လောက်တည်းက ဘုန်းကြီးကျောင်း သွားပြီး ရက်ယူပေမဲ့ နေ့ဆွမ်းက ဦးထားပြီးသား ဖြစ်နေတယ်။ ဒါနဲ့ အရုဏ်ဆွမ်းပဲ လှူဖို့ရက် ရလိုက်တယ်။

ဒီမှာကလည်း ကဆုန်လပြည့်နေ့ (Vesak Day) ကတော့ Holiday ပါ။ ဒါပေမဲ့ သူတို့ ပြက္ခဒိန်မှာက နားမလည်နိုင်လောက်အောက်ပဲ မေလ ၃၁ ရက်နေ့ ဖြစ်နေတယ်။ Hindu ပြက္ခဒိန်များလား မသိဘူး။ မေလ ၁ ရက်နေ့ (အင်္ဂါနေ့)က ရုံးပိတ်တာရယ် ကဆုန်လပြည့်နေ့ (ဧပြီ ၃၀ ရက်)က တနင်္လာနေ့ ဆိုတော့ ၄ ရက်နားရအောင် ဟိုးအစောကတည်းက ကိုယ်က ခွင့်ယူထားပေမဲ့ တစ်ခြားသူတွေကတော့ ယူကြမယ်လို့ မထင်ထားပါဘူး။ ဒါပေမဲ့လည်း ရက်က ကောင်းနေတာနဲ့ ရုံးဖွင့်ရက်ကြီးမှာပဲ လုပ်လိုက်တယ်လေ။

စနေနေ့မှာ ဘုန်းကြီးကျောင်း တစ်ခေါက် ထပ်သွားပြီး Confirm လုပ်ပါတယ်။ ဘုန်းကြီးက ၇နာရီမှာ စ ဘုန်းပေးတယ်၊ ကိုယ်တိုင်ချက်မှာလား ဘာလား မေးမြန်းပါတယ်။ ဘုန်းဘုန်းကို ကျောင်းမှာ ကိုယ်တိုင် လာချက်လို့ ရလားမေးတော့ ရတယ်ဆိုတာနဲ့ ခွင့်တောင်း ထားလိုက်တယ်။ အစတုန်းကတော့ Order မှာမလို့ Peninsula Plaza မှာ သွားမေးတော့ မုန့်ဟင်းခါးဆို အနည်းဆုံး လူ ၇၀ စာကနေ စချက်ပေးတယ်တဲ့၊ တစ်ယောက်စာကို ၃ S$ တဲ့၊ သယ်ခက ၃၀ တဲ့၊ ၂၄၀ လောက်ကျမယ်ပေါ့။ နောက်တော့ မေကြီးက ရွှေတောင် ခေါက်ဆွဲ ကျွေးချင်တယ်ဆိုတော့ ကိုယ့်ဘာသာကိုပဲ ချက်ဖို့ လုပ်ပါတော့တယ်။ ဘုန်းကြီးက အာဂန္တုတွေ အပါအ၀င် ၁၅ ပါးလောက်ရှိတယ်၊ ကိုယ့် အိမ်သားကလည်း ၅ ယောက်၊ ဖိတ်ထားတာက ၁၅ ယောက်လောက်ဆိုတော့ အယောက် ၅၀ စာမှန်းပြီး ချက်ဖို့လုပ်တယ်။

ခေါက်ဆွဲက ၅ ပိဿာ (၈ ကီလို)၊ ကြက်ကလည်း ၈ ကီလို (၄ ကောင်နဲ့ ရင်ပုံ ၃ခု) ၀ယ်ရတယ်။ ကြက်သားက ဆိုင်မှာပဲ အရိုးထွင်းခိုင်းလိုက်တယ်။ အိမ်ရောက်တော့ ကိုအောင်နိုင်ဦးနဲ့ နှစ်ယောက်သား လှီးရတယ်။ သိပ်မကြာပါဘူး၊ ၁ နာရီခွဲလောက်ပါပဲ။ ကြက်သွန်ကြော်က ကြော်ထားပြီးသားပဲ ၀ယ်လိုက်တယ်။ သံပုရာသီးက ၁ ကီလို၊ ပဲမှုန့် အကျက်၂ ထုပ်၊ ငရုပ်သီးအကျက် ၂ ထုပ်၊ ကြက်သွန်မိတ်၊ အုန်းနို့ စတာတွေ ၀ယ်တယ်။ အချိုပွဲနဲ့၊ သစ်သီးပွဲ အားလုံး ၀ယ်တာမှ ၂၀၀ လောက်ပဲကုန်တယ်။

တနင်္ဂနွေနေ့ ညနေ ၅နာရီလောက်မှာ ပစ္စည်းတွေ အကုန် သယ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ ဘုန်းကြီးကျောင်းမှာက မီးဖိုချောင်က ကျယ်လည်းကျယ်တယ်။ ကောင်းလည်းကောင်းတယ်။ ကောင်းတယ်ဆိုတာ Gas မီးဖိုတို့ ရေတို့ကောင်းတယ် ပြောတာ။ အိုးအကြီးစားတွေလည်း ရှိတယ်။ အိမ်မှာတော့ ဘယ်လိုလုပ် ရှိပါ့မလဲ။ ကျောင်းရောက်တာနဲ့ အိုးတစ်လုံနဲ့ ဆီသတ်တယ်၊ နောက်အိုးတစ်လုံးနဲ့ ကြက်ရိုးပြုတ်ဖို့ ရေတည်တယ်။ ဆီထဲကို အိမ်ကကြိတ်လာတဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းနဲ့ထည့် မွှေထားတယ်။ မွှေးလာ ကျက်လာမှ ငရုပ်သီးမှုန့် ထည့်၊ ခဏနေတော့ လှီးထားတဲ့ ကြက်သားတွေထည့်ပြီး မွှေတယ်။ ဆားတို့၊ အချိုမှုန်နည်းနည်း၊ ငံပြာရည်တွေထည့်တယ်။ ကြက်သွန်ကြော်တွေကို ချေပြီးထည့်တယ်။ ပြီးတော့ အနှစ်ဖြစ်လာတဲ့အထိ (ကြက်သားတွေလည်း မကျေအောင်) မွှေတယ်။ တစ်ချိန်တည်းမှာပဲ ကြက်ရိုးတွေ ပြုတ်ထားတယ်။ မီးကကောင်းတော့ ကြက်ပြုတ်အိုးက အဆင်ပြေတယ်။ ၁ နာရီခွဲ ကျော်ကျော်လောက်မှာ ချက်တာတွေ ပြီးသွားတယ်။ ကိုယ့် အလှူအတွက် ချက်ပြီးတော့ သူများအလှူက ကျန်တဲ့ ကြာဆံချက်တို့၊ ထမင်းဟင်းတို့ စားပြီးမှ အိမ်ပြန်တယ်။ ဘုန်းကြီးကျောင်းသားလေးတွေက ဟင်းအိုးတွေကို သူတို့ အသေအချာ သိမ်းပေးမယ်ဆိုမှပဲ မေကြီးလည်း စိတ်ချပြီးထားခဲ့တယ်။

အိမ်မ၀င်ခင် ဈေးတစ်ခေါက် ၀ယ်သေးတယ်။ အချိုပွဲ အတွက်ရယ် လိုတာတွေရယ်ပါ။ ညဖက်မှာ ကျောက်ကျော ကြိုတယ်။ အုန်းနို့နဲ့ မဟုတ်ဘူး။ သီးစုံ အချိုရည်နဲ့။ ကျောက်ကျော ကြိုတာလည်း လွယ်ပါတယ်၊ ကျောက်ကျောမှုန့်ထုပ်က ဒီမှာ ၀ယ်လို့ရတယ်လေ။ အိတ်မှာပါတဲ့ အညွှန်းအတိုင်း ရေကျို၊ သကြားထည့်၊ ကျောက်ကျောမှုန့်ထည့်၊ ချခါနီးတော့ အချိုရည်(အပြစ်ရည်) နည်းနည်းထည့်၊ ဗန်းထဲထည့် အအေးခံထာရုံပဲ။ ကျွဲကောသီးက ရွှေတောင်ခေါက်ဆွဲ စားပြီးရင်လိုက်တော့ ရှာဝယ်ထာရတယ်။ ညကတည်းက ကျွဲကောသီးခွာထားတယ်။

မနက်ကျတော့ မေကြီးတို့က ကျောင်းကို စောစော သွားတယ်။ စောစောဆိုပေမဲ့ ကျောင်းတံခါးက ၅း၃၀ မှ ဖွင့်တာဆိုတော့ အဲ့ဒီကျမှ သွားတာ။ ဟင်းတွေဘာတွေ နွှေး၊ သစ်သီးတွေဘာတွေ ခွာ၊ အချိုပွဲ ပြင်ဖို့ပါ။ ဟိုရောက်တော့လည်း ကျောင်းသားလေးတွေကို အပ်လိုက်တော့ သူတို့ကပဲ လုပ်ပေးပါတယ်။ မတောက်တို့ လင်မယားကလည်း အစောကတည်းက ရောက်နေတာဆိုတော့ ကူပါတယ်။ ကိုယ်ကတော့ ၇ နာရီထိုးခါနီးမှ သွားပါတယ်။ ခလေးနဲ့ အပြင်ထွက်တာ ပထမဆုံးဆိုတော့ (ဆေးခန်းသွားတာကလွဲရင်) ပြင်ရဆင်ရတာနဲ့ ဆိုတော့ နည်းနည်းနောက်ကျသွားတယ်။ ဘုန်းကြီးကိုလျှောက်ပြီး ၅ မိနစ်၊ ၁၀မိနစ်လောက် စောင့်နေရသေးတယ်။

ရောက်တာနဲ့ ဘုန်းကြီးတွေကို ကပ်ပါတယ်။ နေ့ဆွမ်းလိုတော့ သီလပေးတာတွေ၊ တရားဟောတာတွေ၊ ရေစက်ချတာတွေ မပါပါဘူး။ ဆရာတော်ကြီးကတော့ ရွှေတောင်ခေါက်ဆွဲ ဘုန်းမပေးပါဘူး၊ ကျန်းမာရေးအတွက်ပါ။ ပဲကြာဆံကို Carrot နဲ့ Broccoli နဲ့ ပြုတ်စားပါတယ်။ ရွှေတောင်ခေါက်ဆွဲကလည်း စားရတာ နည်းနည်းတော့ လက်ဝင်ပါတယ်။ ပြင်ပေးတုန်းက အုန်းနို့ကို ဘုန်းဘုန်းတွေနဲ့ မတည့်မှာ စိုးလို့ မထည့်ပေး၊ ကြက်ပြုတ်ရည်ကိုလည်း မုန့်ဖတ်တွေ ပွမှာစိုးလို့ မထည့်ပေးလိုက်ပါဘူး။ အဲတော့ သိက္ခာကြီးတဲ့ ဘုန်းကြီး ၂ ပါး၊ ၃ပါးလောက်က ပြင်ပေးတဲ့ အတိုင်းပဲ စားသွားပါတယ်။ ကျန်တဲ့ ဘုန်းကြီးတွေကို ဟင်းရည်ဆမ်းဖို့၊ အုန်းနို့ ထည့်ချင်ရင် ထည့်ဖို့ လိုက်ပြောရပါတယ်။ ဘုန်းဘုန်းတွေလည်း ဘုန်းပေးပါတယ်။ အလုပ်ရှုပ်နေတာနဲ့ပဲ တစ်ပါးစီကို ၀တ္ထုလှူဖို့ လုပ်လာတာတောင် မေ့သွားသေးတယ်။ နောက်မှပဲ ကျောင်းက ဘုန်းဘုန်းတစ်ပါးကို အကုန်အပ်လိုက်ရတယ်။ ဘုန်းကြီးတွေက အရုဏ်ဆွမ်းဘုန်းပေပြီးတော့ ကျောင်းပတ်ဝန်းကျင် တံမြက်လှည်းကြပါတယ်။ ဆရာတော်ကြီးကိုယ်တိုင်လည်း လုပ်ပါတယ်။

ပြီးတော့ အိမ်ကလူတွေ စားကြပါတယ်။ ဧည့်သည်ဆိုလို မတောက်တို့ လင်မယားပဲ ရှိပါသေးတယ်။ နောက်မှ တစ်ချို့တွေလာကြပါတယ်။ များသောအားဖြင့်က ရုံးသွားရမှာဆိုတော့ မလာနိုင်ကြပါဘူး။ ၇ယောက်၊ ၈ယောက် လောက်ပဲလာပါတယ်။ လပြည့်နေ့ဆိုတော့ တရား၊ သီလလာယူတဲ့ ပုဂ္ဂိုလ်တွေကို ကျွေးလိုက်ရတာတော့ အမြတ်ပါပဲ။ ၁၀နာရီလောက်ထိ စောင့်ပြီးပြန်လာပါတယ်။ အိမ်မှာ စားဖို့ပြန်ယူလာလိုက်သေးတယ်။ ကျန်တာတွေတော့ ကျောင်းမှာ ထားခဲ့ပါတယ်။ (ကိုယ့်လိုပဲ) အကြောင်းသိတဲ့လူတွေကတော့ ကျောင်းလာတုန်း နောက်ဖေးဝင် Check လို့ရှိရင်တော့ စားရမှာပေါ့။ ဧည့်သည် နည်းတာက လွဲရင် ကျန်တာတွေအားလုံး ချောချောမွေ့မွေ့ပါပဲ။ ကဆုန်လပြည့်နေ့မှာ သံဃာတွေ၊ သီလစောင့်တဲ့သူတွေကို ကျွေးလိုက်ရတော့ ပီတိဖြစ်ရပါတယ်။ ဒီအလှူကိုလည်း အားလုံးကြားကြားသမျှကို အမျှပေးဝေပါတယ်။

အားလုံးကြားကြားသမျှ........အမျှ ... အမျှ....အမျှ....ယူတော်မူကြပါကုန်....

အလှူဓါတ်ပုံများကို ဒီမှာကြည့်နိုင်ပါတယ်။

Film