Friday, June 29, 2007

လူကြီးတွေကလေ… နားမလည်ပါဘူး

သူငယ်ချင်း တစ်ယောက်ရဲ့ GTalk Message မှာ တွေ့တဲ့ Link လေးကို ပြန်ရေးထားတာပါ။ `မင်းသားလေး´ဆိုပြီး ဒေါ်ခင်လေးမြင့် က ပြင်သစ်ဘာသာကနေ ပြန်ထားဖူးတယ်လို့လည်း သူက ရှင်းပြပါသေးတယ်။ ဒီစာအုပ်က သူရဲ့ အကြိုက်ဆုံး စာအုပ်တွေထဲက တစ်အုပ် ဖြစ်မယ်၊ ဒီစာအုပ်ကလေးကို သူနဲ့ မကွာ ဆောင်ထားတာ တွေ့ဖူးတယ်။ အန်ဒီမြင့် ပြန်လို့ကတော့ ပျက်မှာပဲ ပြောပေမယ့် သူမြှေက်ပေးတာရယ် ကြိုက်တာရယ်ကြောင့် သမီးလေးကိုလည်း မျက်စိထဲ မြင်လာပြီး ဒီလိုပဲ ဖတ်ရတယ် ရှိရုံ ပြန်ရေးလိုက်တာပါ။ "A Very Easy Death" ဆိုတဲ့ စကားလုံးကို ဘာသာပြန်ဖို့က Death = သေခြင်းတရား လို့ပဲ ခေါင်းထဲမှာ ရှိနေလေတော့ ကျွန်တော်တော့ (ဆရာ)မြသန်းတင့် လို `ရေပွက်ပမာ´ဆိုပြီး ဘယ်တော့မှ ပြန်မိမယ် မထင်ပါဘူး။ မနှိုင်းကောင်း နှိုင်းကောင်း၊ ဥပမာပြောတာပါ။ ထားပါတော့။

သားတို့ကိုလေ... ကျောင်းမှာ တောနက်ကြီးတွေ အကြောင်းပြောတော့ ဆရာမက ပုံလေးတွေ ပြတယ်။ ပုံတစ်ပုံကလေ.. မြွေကြီးက အကောင်ကို မျိုချထားတာတဲ့။ စပါးကြီးမြွေတဲ့။ ဟောဒီမှာ သားလည်း ကူးဆွဲလာတယ်။


စပါးကြီးမြွေတွေက အစာတွေကို သားတို့လို ၀ါးမစားဘဲ အကောင်လိုက် မျိုချတာတဲ့။ စားပြီးတော့လေ.. သူတို့က မလှုပ်နိုင်တော့ဘူးတဲ့။ အစာကြေအောင်ဆိုပြီး အိပ်လိုက်တာ ၆ လလောက်ကြာတယ်တဲ့။

သားလည်း.. သေသေချာချာ စဉ်းစားတယ်။ တောနက်ကြီးတွေ အကြောင်း၊ စပါးကြီးမြွေ အကြောင်းတွေပေါ့။ ပြီးတော့လေ.. ရောင်စုံခဲတံလေးတွေနဲ့ ပုံတစ်ပုံ ဆွဲလိုက်တယ်။ ဟောဒီမှာလေ.. ကြည့်ပါဦး။


သားလည်း... ဆွဲပြီးတော့ သားရဲ့ ပုံလေးကို လူကြီးတွေကို လိုက်ပြတာပေါ့။ ပြီးတော့လေ.. `ကြောက်သွားပြီ..မှုတ်လား´လို့ မေးတာပေါ့။

ဒါပေမယ့်လေ... သူတိုက `ဘာလို့ကြောက်ရမှာလည်း.. သားရဲ့... ဦးထုပ်ပုံကို´တဲ့။

သားက ဦးထုပ်ပုံ ဆွဲထားတာမှ မဟုတ်တာ။ သားဆွဲထားတာကလေ… စပါးကြီးမြွေက ဆင်ကြီးကို မျိုချထားတဲ့ ပုံပဲဟာကို။

လူကြီးတွေကမှ နားမလည်တော့ သားလည်း နောက်တစ်ပုံ ထပ်ဆွဲရတာပေါ့။

ဒီတစ်ခါတော့လေ… မြွေရဲ့ ဗိုက်ထဲကို မြင်ရအောင် ဆွဲထားတယ်။ ဒါမှလည်း လူကြီးတွေက နားလည်မှာပေါ့။ သူတို့က အဲလိုပဲ ရှင်းပြနေရတာပါပဲ။ ဒီမှာလေ.. သားထပ်ဆွဲထားတဲ့ ပုံ


ဒီတစ်ခါလည်း လူကြီးတွေကို သွားပြတော့ `ဒီကောင်လေး… ပုံတွေ ဟိုခြစ်၊ ဒီခြစ် လျှောက်လုပ်မနေနဲ့´ တဲ့။ `သင်္ချာတွက်၊ စာလုံးပေါင်း သွားကျက်´တဲ့။

အဲဒါနဲ့ သားလည်းပဲ ပန်းချီတွေ မဆွဲတော့ ပါဘူး။ ဒီပုံ နှစ်ပုံနဲ့တင် သားလည်း စိတ်ပျက်သွားတယ်။ ပန်းချီကျော်ကြီးလည်း မဖြစ်တော့ဘူးပေါ့။

လူကြီးတွေကလေ… သူတို့ဘာ သူတို့ နားမလည်ပါဘူး။ သားတို့ကပဲ အမြဲတမ်း ရှင်းပြနေရတာ မောလာပြီ။

Thursday, June 28, 2007

ဆားပုလင်း Wives

Surfing Wife အကြောင်းရဲ့ နောက်ဆက်တွဲလို့လည်း ပြောလို့ရတဲ့ ဆားပုလင်း Wives ပါ။ ဒီတစ်ခါတော့ မိန်းမတင် မကတော့ပါဘူး။ အိမ်ထောင်ရှင်မတွေဆိုတော့ အမေပါ ပါလာပါပြီ။ သူတို့တွေက သတင်းစာတွေ၊ Blog တွေ ဖတ်ပြီး Trace လိုက်တဲ့ အကြောင်းပါ။

အမေက စပြောပါရစေ။ အမေက အပြင်အလုပ် မလုပ်ပါဘူး။ သူ့ဘ၀ တစ်ခုလုံးကို ဒီမိသားစု တစ်ခုလုံးအတွက် Devote လုပ်ထားသူပါ။ ရပ်ကွက်ထဲ ပတ်ပြီးတော့လည်း အတင်းအဖျင်း မပြောတတ်၊ အိမ်ထောင်ရှင်မ အချင်းချင်းတောင် ရွေးပြီးမှ သူငယ်ချင်း ထားတာဆိုတော့ (ရပ်ကွက်ထဲက) တချို့အမေတွေနဲ့ စာရင် အပေါင်းအသင်း နည်းပါတယ်။ အမေနဲ့ ခင်သွားရင် ကျွန်တော်တို့နဲ့ပါ ခင်သွားပါတယ်။ ကျွန်တော်တို့ကလည်း အမေခေါ်သလိုကို `အန်တီ´ တတ်ခေါ်လိုက်တာပဲ။ ဥပမာ `အန်တီ မသီတာ´ လိုမျိုး။ နောက်ပြီး တစ်ပတ်တစ်ခါလိုလို သူ့အမေ (အဘွား) ဆီကို တစ်မိသားစုလုံး သွားကြမယ်။ အမေတို့က မောင်နှမ ၉ ယောက်ရှိပြီး အကုန်လုံးက ရန်ကုန်မှာဆိုတော့ တစ်ယောက်မဟုတ် တစ်ယောက်ကပါ အဘွားဆီလာတော့ အမျိုးတွေနဲ့ တွေ့ရတာပေါ့။ ဒါ့အပြင် အိမ်မှာ နေမယ်ဆိုရင်တော့ သူ့အတွက် Entertainment က သတင်းစာနဲ့ မဂ္ဂဇင်းတွေပဲ ရှိပါတယ်။ အဲဒီတုန်းကတော့ ဂျာနယ်တွေ၊ ကိုရီးယားကားတွေက မပေါ်သေးဘူးလေ။ အမေ့အတွက် မဂ္ဂဇင်းကို စာအုပ်အငှားဆိုင်မှာ ကျွန်တော်တို့က သွားငှား သွားအပ် လုပ်ပေးရပါတယ်။ ကျွန်တော်လည်း အမေဖတ်တာတွေ လိုက်ဖတ်ရင်း အမျိုးသမီး မဂ္ဂဇင်းတွေဖြစ်တဲ့ မဟေသီတို့၊ ကလျာတို့၊ စပယ်ဖြူတို့ကိုတောင် ကြိုက်မှန်းမသိ ကြိုက်မိသွား ပါသေးတယ်။ မဂ္ဂဇင်းဆိုတာကလည်း နေ့တိုင်း ဖတ်ရတာ မဟုတ်တော့ အမေက သတင်းစာကိုတော့ စွဲစွဲ မြဲမြဲ ဖတ်ပါတယ်။

အမေက တရုတ် မဟုတ်ပေမယ့် အများနည်းတူ သတင်းစာကို နောက်ဆုံးကနေ စလှန်ပါတယ်။ နာရေးကြော်ငြာကနေ စဖတ်ပါတယ်။ `ဟယ်...ဘယ်သူတော့ ဆုံးသွားပြန်ပြီ။ ဘယ်ဝှာတော့ ဆုံးသွားပြန်ပြီ။´တို့၊ `ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားပြန်ပြီ´၊ ကလေးက ၂ ယောက်တောင် ရှိတာတို့၊ ဘာတို့က အမြဲကြားနေရပါတယ်။ ဒီလောက်က အသေးအဖွဲပဲ ရှိပါသေးတယ်။ အမေက ဆက်စပ်တွေးခေါ်ပြီး ဖတ်တာပါ။ `ဟင်...ရန်ကုန်မှာနေပြီး သေတော့ ဖြူးမြို့မှာပါလာ.. ရုတ်တရက် သေသွားတာဆိုတော့ ခရီးတွေ ဘာတွေ သွားရင်း သေသွားတာများလား...´တို့။ `လင်မယား နှစ်ယောက်စလုံး အတူတူ ကွယ်လွန်သွားတာပါလား... ကားမှောက်လို့များလား....´တို့။ ဒီမှာကြည့်ပါဦး... GTI က ကျောင်းသားလေးတွေ နာရေးဆိုပြီး ကျောင်းကားပေါ် ကွန်တိန်နာ ပိလို့ သေသွားတဲ့ ကျောင်းသားလေးတွေ အကြောင်းတို့။ အထက်တန်း ကျောင်းသားလေး ၂ ယောက် တပြိုင်တည်း သေသွားတာ... ကျောင်းတွေ ဘာတွေ ပြေးပြီး ရေသွားကူးလို့ ဖြစ်ရမယ်တို့။`အင်း... လူတွေ.. လူတွေ သေသွားမှပဲ မယားနှစ်ယောက် ယူထားတာ ပေါ်တော့တယ်´ဆိုပြီး ကွယ်လွန်သူတစ်ယောက်ထဲ အတွက် မယား ၂ ယောက်လုံးက ကြော်ငြာထည့်ထားတာကို လာပြပါတယ်။ ပြီးတော့ ပြောသေးတယ် `စောင့်ကြည့်နေ.. တစ်လလောက်ကြာရင် ကျွန်မသာ မယားကြီးဖြစ်ကြောင်းတို့ အမွေဆက်ခံခွင့် ကြော်ငြာတွေ လာတော့မယ်´တဲ့။ နောက်တစ်လလောက်နေတော့ လာပြပါတယ်။ ဒီမှာတွေ့လား အမွေ စ လုပြီဆိုပြီး သတင်းစာကြီးကို ထိုးပေးပါတယ်။

အမေ့ မှတ်ဉာဏ်ကောင်းပုံက ထူးဆန်းပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ဖတ်ထားတဲ့ သတင်းတွေ၊ လူတွေကို မှတ်မိတာပါ။ သူက နာရေးတို့၊ အမှုအခင်းကြော်ငြာတို့၊ စေ့စပ် လက်ထပ်တာတို့ကို ခံစား Visualize လုပ်ပြီး ဖတ်တာဆိုတော့ စိတ်ထဲ စွဲနေတာလည်း ဖြစ်မှာပေါ့။ ဟင်... လွန်ခဲ့တဲ့ ၂ လလောက်ကမှာ လက်ထပ်တာ အခု ကွဲသွားပြီဆိုပြီး ကွာရှင်းပြတ်စဲကြောင်းကို ဖတ်ပြီး ပြောပါတယ်။ ပြီး သတင်းစာပုံကို မွှေပြီး မင်္ဂလာ လက်ထပ်ကြော်ငြာကို ပြန်ရှာ ပြန်ဖတ်ပါသေးတယ်။ အမှုအခင်းများဆိုလို့ကတော့ လာထား။ ကိုရီးယားကား အတွဲလိုက် ကြည့်သလိုကို စောင့်ဖတ်တာ။ ဟိုဖက်က ရှေ့နေကတော့ ဘယ်လိုပြောလိုက်တာ.. အဲဒါကို ဒီဖက်က ရှေ့နေက ဘယ်လိုပြန် ချေပလိုက်တာ ဆိုတာကို တစ်နေ့တစ်နေ့ သတင်းစာ စောင့်ဖတ်ပြီး ပြောတာများ တရားရုံးထဲမှာ တရားပြိုင်တာကို ထိုင်စောင့်ကြည့်နေသလိုမျိုး။ အစပိုင်းမှာတော့ ဟင်ဒီလူက ပိုက်ဆံတွေ အများကြီးချေးထားပြီး ပြန်မပေးလို့ ဟိုဘက်က Notice ပေးထားထာ... အဲဒါကို ဒီဘက်က အသရေဖျက်မှုနဲ့ ပြန် တရားစွဲထားတာ.... နောက်တော့ ဘယ်လို ကျေအေးသွားတာဆိုပြီး ကျွန်တော်တို့ကို အမြဲ Update လုပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဖတ်လို့ရအောင်ဆိုပြီး အမှုတွဲတွေကို သတ်သတ် Filing လုပ်ထားပါသေးတယ်။ နှစ်ဘက် အပြန်အလှန် တရားစွဲကြပုံတို့.. -င်--ုံထိပ်ထားက တိုက်ခန်းတွေကို ညာရောင်းထားလို့ တရားဘယ်သူတွေ ၀ိုင်းစွဲထားတာတို့၊ ငွေကြေးအကျိုးဆောင် Company တွေကြောင့် ဘယ်သူတွေ ဘယ်လောက် နစ်နာသွားလို့ တရားဝိုင်းစွဲထားတာကို အဲဒီ Company ကို ချိတ်ပိတ်ပြီး Company ပိုင် ပစ္စည်းတွေကို ဘယ်နေ့က လေလံပစ်ထားတို့ဆိုတာ အတွဲလိုက် ရှိပါတယ်။ တစ်ချို့ဟာတွေတော့ ကျွန်တော့်အတွက် အသုံးဝင်ပါတယ်။ တိုက်ခန်းတွေ ဘာတွေ အ၀ယ်အရောင်းလုပ်ဖို့ သွားကြည့်ပြီဆို လိပ်စာသာ အမေ့ကို ပြောလိုက် ဟဲ့ ဒီတိုက်ခန်းက အရှုပ်အရှင်းမကင်းဘူး...ဟိုတလောကမှာ မယားပါသားက သူ့အပိုင်ပါဆိုပြီး သော့လာခတ်ထားတာကို သမီးအရင်းက တခါးကို ချိုးပြီးဝင်လို့ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲထားတာဆိုရင် .. ကျွန်တော်က OKဆိုပြီး ပွဲစားကို ငြင်းလိုက်ပါတယ်။ အမေ့လောက် နှံစပ်တာ ဘယ်ရှိပါ့မလဲ။ စိတ်ချရတဲ့ သတင်း source ပဲ။

ပြောရင်တော့ ကုန်မှာမဟုတ်ဘူး။ ဒီဟာတွေအပြင် နိုင်ငံရေး ဆောင်းပါးတွေလည်း ဖတ်ပါတယ်။ ဒီဆောင်းပါးရေးတဲ့သူက ဘယ်လို ဘယ်လိုဆိုပြီး ဖောက်သည်ချပါသေးတယ်။ မိုးလေ၀သဆိုရင်လည်း ချောက်မှာ ဒီနှစ်က မနှစ်ကထက် ပိုပူတာတို့။ ဒီနှစ် ရန်ကုန်မှာ မိုးကောင်းမယ်တို့ ဘာတို့ Forecast လုပ်လိုက်ပါသေးတယ်။ အခု စင်္ကာပူကို ခေါ်ထားတော့လည်း Straits Times လေးမ၀ယ်ပေးရင် ၀ယ်ပေးဖို့ ပြောပါတယ်။ ကျွန်တော်တို့က Straits Times ကို စနေနေ့ တစ်နေစာပဲ ၀ယ်ပါတယ်။ Discount တွေဘာတွေ အတွက်ရော၊ အိမ်မှာက အလုပ်လာရှာတဲ့ သူတွေ တည်းလို့ စနေနေ့စာကတော့ ၀ယ်ဖြစ်ပါတယ်။ စနေနေ့စာကလည်း တော်တော်တန်ပါတယ်။ အမျိုးစုံ အထူကြီးပါပဲ။ အဲဒါကို အမေက တစ်ပတ်လုံး ထိုင်ဖတ်ပါတယ်။ အမေက အင်္ဂလိပ်လိုတော့ မပြောတတ်ပေမယ့် အင်္ဂလိပ် သတင်းစာတော့ ဖတ်တတ်ပါတယ်။ ရုပ်ရှင်မှာ Caption ပါရင် နားလည်အောင် ကြည့်တတ်ပါတယ်။ စကားလုံးတိုင်းတော့ ဘယ်သိပါ့မလဲ့။ မလိုရင်တော့ ဒီလိုပဲ ကျော်ဖတ်သွားပါတယ်။ သိမှ ဖြစ်မှာဆိုရင်တော့ ကျွန်တော်တို့ကို မေးပါတယ်။

အမေ့ အမွေကို ဆက်ခံတာကတော့ ကျွန်တော့်ရဲ့ ချစ်ဇနီးပါပဲ။ သူမ ကျတော့ သတင်းစာ မဟုတ်ပါဘူး။ မြန်မာ Blog တွေပါ။ Blog တစ်ခု သိလိုက်ပြီဆို အစကနေ အဆုံးထိ ဖတ်ပါရော။ ပြီးတော့ သူကတော့ ဘယ်နိုင်ငံမှာ ဘယ်လိုကျောင်းမျိုး တက်လာတာတို့ ဘာတို့ကို တောက်လျှောက် လိုက်ပါရော။ ကျွန်တော် ငတုံးလိုမဟုတ်ပါဘူး.. Blog အကုန်လုံးလိုလိုက Identity ကို ဖွက်ပြီး ရေးကြပါတယ်။ Blog ရှင် ကျောင်းသွားတက်တဲ့ နိုင်ငံဆိုတာလည်း ပေါ်တင် ရေးထာတာ ဘယ်ဟုတ်ပါ့မလဲ။ အဲဒီနိုင်ငံရဲ့ အပူချိန်လောက်ပဲ ရေးထာတာတို့ ဘာတို့ ပေါ့။ ဒါပေမယ့် အဲဒီ အပူချိန်နဲ့ သူ့ Blog ကို ဆက်စပ်ပြီး ဘယ်နိုင်ငံဆိုတာကို သူမက ဖေါ်ထုတ်ပါတယ်။ တစ်ခါတစ်ခါကျတော့ သူက အစတုန်းက မြန်မာပြည်က ဘယ်အချိန်မှာ ဘယ်နိုင်ငံကိုရောက်ပြီး ကျောင်းတက်နေတာတို့၊ ဘာလုပ်နေတာတို့ကို ပြောပြပါတယ်။ နောက် ဒီ Blog ရှင်ရဲ့ အသက်က ဘယ်လောက်လောက်၊ အနည်းဆုံးတော့ ကျွန်တော်တို့ထက် ကြီးလား၊ ငယ်လားတို့ကို အထောက်အထား Post တွေပြပြီး ရှင်းပြပါတယ်။

နောက်ပြီး သူကတော့ ဘယ်မှာ အလုပ်လုပ်နေတာတို့ ဘာတို့ကို ရှာဖွေပါသေးတယ်။ Post တွေထဲမှာတော့ တည့်တည့် မပြောထားပါဘူး။ ဓါတ်ပုံကို ကြည့်ပြီး ပြောတာပေါ့။ ဓါတ်ပုံဆိုတာလည်း Blog ရှင်ရဲ့ ရုံးကို ရိုက်ပြထားတာ မဟုတ်ပါဘူး။ ရုံးခန်းထဲက မြင်ရတဲ့ ရှုခင်းပုံလိုမျိုးတွေပါ။ ဓါတ်ပုံရဲ့ Background ကိုကြည့်ပြီး ...ဒီ အဆောက်အဦးတွေကို ဒီအမြင့်ကနေ မြင်နိုင်တာ ဒီပတ်ဝန်းကျင်မှာတော့ ဒီ Building ပဲ ရှိတယ်။ ဒီ Building မှာ လုပ်တယ်ဆိုတော့ နယ်နယ်ရရ မဟုတ်လောက်ဘူး။ ဒီ Building က အထဲဝင်ဖို့တောင် Security က ဘယ်နှဆင့် ဖြတ်ရတာတို့ ဘာတို့။

နောက်ပြီး ဘယ် Blog နဲ့ ဘယ် Blog ကတော့ ဇာတ်လမ်းတွေဖြစ်နေပြီ... သူတို့ ၂ ယောက်တောင် ပေါင်းပြီး Blog ထောင်ထားသေးတယ်။ ဟုတ်လား ... ဘယ်လိုလို့ သိလဲဆိုရင် Trace လိုက်ပုံ လိုက်နည်း ပြပါတယ်။ သူ့တို့ Blog ကနေတော့ တိုက်ရိုက် သွားလို့ မရဘူးလေ... တခြား Blog ကို အရင်သွား... သူတို့ Comment ချထားတဲ့ Post ကို ရှာ.. Comment ကနေ ..Profile ကို Click လုပ်... Profile မှာ သူရေးတဲ့ Blog တွေရှိတယ်.. အဲဒီကနေသွားတဲ့။ သူပြောတဲ့ အတိုင်းလုပ်ကြည့်တော့ တကယ့်ကို Romantic ဖြစ်တဲ့ လှလှပပ လုပ်ထားတဲ့ Blog ချစ်စရာလေးမှာ ကဗျာနုနုလေးတွေ သွားတွေ့ပါတယ်။ ဒီလိုနည်းနဲ့ပဲ ဘယ်သူတွေကတော့ ဘယ် အသိုင်းအ၀ိုင်းထဲမှာ ရေးနေတာတို့ ဘာတို့ လျှောက်ကြည့်ကြပါတယ်။ ဒီ Blog နဲ့ ဒီ Blog က အရင်တုန်းက နော်ဂျိန်ပလေးကြပြီး အခုတော့ စစ်ပြေငြိမ်းသွားကြပြီတို့ ဘာတို့လည်း ရှိပါသေးတယ်။ ဒီလိုနဲ့ Blog တွေကို အနုပညာခံစားဖို့ သတင်းရဖို့ အတွက်တင်မက ကျွန်တော်တို့ ၂ ယောက်အတွက် အပျင်းပြေစရာ ကစားနည်းတစ်ခု (၀ါ) Entertainment တစ်ခု ဖြစ်လို့နေပါတယ်။

အပိုဖတ်ရန်

Tuesday, June 26, 2007

ကြည်နူးမဆုံး တပြုံးပြုံး

ဇူးစ် ရဲ့ မိဖုရားက သူ့လောင်တော်မင်ဟာ သံသာချိုတဲ့ ပဲ့တင်ဆိုတဲ့ ဥစ္စာစောင့်မလေးနဲ့ ပျော်မြူးနေတာ မိသွားတော့ ထုံးစံအတိုင်း ခင်ပွန်းကို မနိုင်တော့ ရခိုင်ကိုမဲ.. အဲ.... ဥစ္စာစောင့်မလေးကို ကျိန်စာတိုက်ပါတယ်။ ကျိန်စာကြောင့် ဥစ္စာစောင့်မလေးခမျာ သူဘာသာ စပြီး စကားမပြောနိုင်တော့ဘဲ သူများပြောတဲ့ စကား အဆုံးသပ်လေးတွေပဲ ပြောနိုင်ရှာတော့တယ်။ မိဖုရားကလည်း လူကြားကောင်းအောင် ဒီဥစ္စာစောင့်မဟာ အတင်းအဖျင်းပြောတတ်လို့ ဒဏ်ခတ်ထားတာလို့ သတင်းလွှင့်ထားတယ်။

အဲဒီ အချိန်မှာပဲ မောင်တင့်တယ် (Narcissus) ဆိုတဲ့ လုလင်တစ်ဦးဟာ သိပ်ချောလွန်းလို့ သူ့ကိုတွေ့လိုက်တာနဲ့ မိန်းမ ယောက်ျားမရွေး ချက်ချင်း သက်ဝင်သွားပါတယ်။ ဒါပေမယ့် အသည်းနှလုံး မရှိတဲ့ မောင်တင့်တယ်ကတော့ ဘယ်သူကိုမှ ပြန်မချစ် ပြန်မကြိုက်ပါဘူး။

တစ်နေ့မှာ ပဲ့တင်က မောင်တင့်တယ်ကို တွေ့သွားတော့ ချက်ချင်း မေတ္တာ သက်ဝင်သွားပါတယ်။ ပဲ့တင်ခမျာ ဘာမျှလည်း မပြောနိုင်ရှာတော့ မောင်တင့်တယ် နောက်ကနေ သူကို မြင်ရုံလောက်သာ ပုန်းရှိုး ကွယ်ရှိုးနဲ့ တကောက်ကောက်လိုက်နေရှာပါတော့တယ်။

တင့်တယ်က ရိပ်မိသွားတော့ ``ဘယ်သူလဲ… ဒီနားမှာ´´ ဆိုပြီးမေးတာကို ပဲ့တင်က ``ဒီနားမှာ … ဒီနားမှာ´´ ဆိုပြီးပဲ သံယောင်လိုက်နိုင်ပါတယ်။ တင့်တယ်က ကိုယ်ထင်ပြပါဆိုတော့ ထွက်လာနိုင်ပေမယ့် ဘာမှ မပြောနိုင်ရှာတော့ သူမချစ်တဲ့ အကြောင်းကို လက်ဟန်၊ ခြေဟန်နဲ့ ပြသော်ငြား မောင်မင်းကြီးသား တင့်တယ်က သူမရဲ့ အချစ်ကို ခါးခါးသီးသီး ငြင်းပယ်လိုက်ပါတယ်။

ပဲ့တင်ခမျာ နှလုံးကြေကွဲပြီး အချစ်နတ်ဘုရားမဆီမှ ဒီလိုဆိုလည်း သေပါစေတော့ ဆုပန်တာကို နတ်ဘုရားမက ပဲ့တင်ရဲ့ အသံကို မနောကျတော့ ၀ိညာဉ်ကိုသာ နှုတ်ပြီး အသံကိုတော့ ဆက်ရှင်ပါစေ ထားလိုက်တယ်။ မောင်တင့်တယ်ကိုတော့ ဒီလို လုပ်ရကောင်းလားဆိုပြီး ကျိန်စာတိုက်လို့ မောင်တင့်တယ်ဟာ သူကိုယ်သူပဲ ပြန်ချစ် ပြန်ကြိုက်မိပါတယ်။

တင့်တယ်လည်း ကိုယ်ရူပါကို ကိုယ်ချစ်လွန်းတော့ အိုင်လေးတစ်ခုရဲ့ ကမ်းနား ကမ်းပါးမှာပဲ နေပြီး ကိုယ်အရိပ်ကို ကိုယ်ပဲ ပြန်ရှုပါတော့တယ်။ ရေထဲက သူ့ရဲ့ အရိပ်ကို သူမခွာနိုင်အောင် ဖြစ်သွားတော့ အဲဒီမှာပဲ သူ့ခြေတွေက အမြစ်ဖြစ် အမြစ်တွယ်ပြီး ကြာတော့ ပန်းပင်၊ ပန်းပွင့် ဖြစ်သွားရှာပါတယ်။ အဲဒီပန်းပွင့်လေးကို ရုက္ခဗေဒ နာမည်က Narcissus လို့ခေါ်ပြီး၊ အရပ်စကားနဲ့ဆိုရင်တော့ Daffodil ဆိုပြီး ခေါ်ကြပါတယ်။

မြီးကောင်ပေါက်လေးတွေ၊ အထူးသဖြင့် အပျိုပေါက်လေးတွေနဲ့ အမျိုးသမီးတွေက ကိုယ်ရုပ်ကို ကိုယ်ကြည့်ပြီး ကြည်နူးသဘောကျနေပြီး ဒီလိုမျိုး ပြင်းပြင်းထန်ထန် ခံစားနေရရင်လည်း Narcissism ခံစားရတယ်လို့ ပြောပါတယ်။ လူတိုင်းမှာ ဒီလို Narcissistic Personality Disorder (NPD) စိတ္တဇ ရှိပြီး အနည်းနဲ့ အများပဲ ကွာသွားပါတယ်တဲ့။ ရှင်းအောင် မိန်းမတွေနဲ့ ဥပမာ ပေးရပေမယ့် တကယ်တမ်းကျတော့ ဒီလိုမျိုး Narcissistic တွေဟာ ယောက်ျားတွေမှာ များပါတယ်လို့ ဆိုထားပြန်ရော။

မှန်လိုက်တာ။ ကျွန်တော်လည်း ကိုယ့် Blog လေးကို `သ´လိုက် ကြည့်လိုက်နဲ့ ကြည်နူးနေတာများ ဒီဝေဒနာသည် အတိုင်းပါပဲ။ တစ်နေ့ တစ်နေ့ ကိုယ့် Blog ကို ကိုယ်ဘာသာကို ပြန်ကြည့်တဲ့ အကြိမ်ပေါင်းဟာ လာလည်ကြတဲ့ သူအပေါင်းကြည့်တဲ့ အကြိမ် ထက်များနေပါတယ်။

Reference :
Narcissism (psychology)
Echo (mythology)
Narcissistic Personality Disorder (NPD)

နို့ပူ နို့အေး


ကျွန်တော်တို့ မူလတန်းတုန်းက ရပ်ကွက်ထဲမှာ စက်ဘီးနဲ့ လာရောင်းတဲ့ ကုလားဆီက နို့အစိမ်းကို အမေက ၀ယ်ပြီး ကျိုတိုက်ပါတယ်။ ``ကလင်… ကလင်´´နဲ့ ကုလားလာရင် နွားနို့ ၅၀ ကျပ်သား ၀ယ်၊ ကျိုထားပြီး ညဖြစ်ဖြစ် မနက်မိုးလင်းရင်ဖြစ်ဖြစ် သောက်ရပါတယ်။ ပူပူနွေးနွေးနဲ့ မလိုင်တက်နေတဲ့ နို့ဟာ သောက်လို့ ကောင်းပေမယ့် ကလေးဘာသာဘာဝ မသောက်ချင်ပြန်တော့ အမေကပဲ နို့တိုက်ဖို့ကို စောင့်ကြည့်နေရပါတယ်။ အလယ်တန်း ရောက်ပြန်တော့ နို့စိမ်းပုလင်းတွေ ခေတ်ထလာပါတယ်။ အဲဒီတော့ နို့စိမ်းပုလင်းတွေကို စတိုင်လုပ်ပြီး သောက်ပါတယ်။ ``အားရှိတယ်ကွ..´´ဆိုပြီး ၀ယ်သောက်ကြပါတယ်။ အထက်တန်း ရောက်တော့ လက်ဘက်ရည်ဆိုင် ထိုင်ရင် တစ်ခါတစ်ခါကျရင် (အထူးသဖြင့် ညနက်နေရင် ဒါမှမဟုတ် ထိုင်တဲ့ဆိုင်က နို့ကောင်းရင်) လက်ဘက်ရည် မသောက်တော့ဘဲ နွားနို့ပူပူကို ဆားနဲ့ဖြစ်ဖြစ် သကြားနဲ့ဖြစ်ဖြစ် သောက်ပါတယ်။ အရွယ်ရောက်လာတော့ နိုင်ငံရပ်ခြားမှာနေတော့ နို့က Pasteurized နို့အေး ဖြစ်သွားပြန်ရော။ များသောအားဖြင့်တော့ ဒီအတိုင်းပဲသောက်တယ်။ တစ်ခါတစ်လေ စိတ်လိုလက်ရရှိရင်၊ ဒါမှမဟုတ် သူမနဲ့ နှစ်ယောက်သား ထိုင်သောက်ကြရင် သူက အအေးကြီး မသောက်တတ်တော့ Microwave ထဲ ထည့်နွှေးပြီးမှ သောက်ပါတယ်။ Microwave နဲ့ နွှေးထားတာ ကျိုထားတာလောက်တော့ မကောင်းပေမယ့် ပူပူလေးသောက်ရတာပေါ့။ ပြီးတော့ ဘာဖြစ်လို့လဲမသိ Microwave နဲ့ နွှေးပြီးရင် သကြားနည်းနည်းထည့်မှ သောက်လို့ကောင်းတယ်။ ကျွန်တော့်အတွက် နို့သောက်တာတောင် အသက်အရွယ်နဲ့လိုက်ပြီး အပူ၊ အအေး ပြောင်းတတ်ပါလား..

သမီးလေးကျတော့လည်း နို့ဆို နွေးမှကြိုက်ပါတယ်။ အမေနို့ဆိုရင် နွေးနွေးလေးဆိုတော့ သူကြိုက်ပါတယ်။ ဒါပေမဲ့ အမေပေါ်မှာ နို့သောက်ရတာ အမေ့ကိုယ်ငွေ့ကြောင့်ရော၊ သူကအားထုတ်ပြီး စုပ်ရတာကြောင့်ရော မောပြီး ပူလို့ ချွေးတွေ ထွက်လာရင် စိတ်တိုတတ်တော့ ကြာကြာ မစို့နိုင်ပါဘူး။ အစက သူနို့စို့နေရင် ကျွန်တော်က ယပ်ခတ်ပေးပါတယ်။ ဒါပေမယ့် ချွေးတွေနဲ့ကို ယပ်ခတ်ပေးတော့ နှာစေးသလို ဖြစ်ရော။ နှာတော့ မစေးပါဘူး၊ နှာခေါင်းပိတ်တာပါ။ အဲဒါနဲ့ မခတ်ပေးတော့ပါဘူး။ နို့ဘူးကျတော့ အေးအေးဆေးဆေး စို့ပါတယ်။ အစတုန်းကတော့ လူကြီးပေါ်မှာ ချီထားပြီး တိုက်တာပါ။ အခုတော့ သူက အောက်မှာ အိပ်ပြီးစို့တတ်လာတော့ အောက်မှာလည်း သောက်ပါတယ်။ နို့ဘူးကျတော့ ကြိုမဖျော်ထားဖြစ်တာနဲ့ ကလေးကလည်း အရမ်းသောက်ချင်နေပြီး လက်ကျန်ကလည်း နည်းနည်းပဲ ကျန်တော့ရင် အမြန် ပြေးဖျော်ရပါတယ်။ ရေနွေးကတော 24x7 အဆင်သင့်ရှိပါတယ်။ ခက်တာက ဖျော်ဖျော်ပြီးချင်းမှာ အရမ်းပူနေတာပါ။ အစကတော့ ရေသန့်နဲ့ ရောဖျော်ပါတယ်။ ဒါပေမဲ့ အိမ်မှာက Tap Water ကိုပဲ စစ်သောက်တာဆိုတော့ ရေသန့်ဘူးက ကလေးအတွက်ပဲဖြစ်ပြီး တစ်ဘူးဆို တော်တော်နဲ့ မကုန်ပါဘူး။ ၂ ရက်လောက်နေတော့ ရေသန့်ဆိုပေမယ့် မသုံးချင်တော့ပြန်ဘူး။ အဲဒီတော့ ရေနွေးပူပူနဲ့ပဲ ဖျော်ပြီး ရေအေး ပြန်စိမ်ပါတယ်။ ရိုးရိုးရေဆို မြန်မြန်နဲ့ မအေးနိုင်တာကြောင့် ရေခဲသေတ္တာထဲမှာ အအေးခံထားတဲ့ ရေခဲရေနဲ့ စိမ်မှ ခပ်မြန်မြန် ရပါတော့တယ်။ တစ်ခါတစ်လေကျတော့ ကျွန်တော်ဖျော်ရင် ရေခဲရေထဲ စိမ်ထားပြီး အိမ်ရှေ့မှာ Blog ဖတ်ရင်ဖတ်၊ ဒါမှမဟုတ် ရေးရင်ရေးနေလိုက်တာ နောက်ဖေးက နို့ဘူးကို မေ့သွားပြီး နို့တွေက အေးသွားလို့ ရေနွေး ပြန်စိမ်ရပါသေးတယ်။

ကျွန်တော့်ကြောင့်မှ မဟုတ်ပါဘူး။ သူဟာသာသူလည်း အခန်းထဲမှာ ထားတာကြာရင် Air Conditioner ကြောင့် အေးသွားသေးတာပဲ။ ကလေးသောက်ခါနီးဆို ရေနွေးပြန်စိမ်ရပြန်ရော။ အဲဒီတော့လည်း တစ်ခါတစ်ခါ ကြာကြာစိမ်မိသွားပြန်ရော။ အဲတော့ ရေအေးနဲ့ ပြန်စိမ်ရပြန်ရော။ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် နို့ဘူးကို ရေနွေးစိမ်ထားပြီး ကလေးကို Diaper လည်းပေးနေရင် ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ညလည်စာ ဖျော်ထားပြီး ကလေးက အရမ်းအိပ်နေရင် နို့ဘူးကို ရေခဲသေတ္တာထဲမှာ အအေးခံထားရပါတယ်။ နို့ဘူးက ဖျော်ပြီးရင် ၄ နာရီ၊ ၅ နာရီလောက်ပဲ အပြင်မှာထားလို့ရပါတယ်။ ရေခဲသေတ္တာထဲ ထည့်ထားတော့ ၆နာရီ ကျော်ကျော်လောက်တော့ ထားလို့ ရတာပေါ့။ အဲဒါကို တိုက်ခါနီးမှ ပြန်နွှေးတိုက်ပါတယ်။ ပြန်နွှေးတယ်ဆိုတာလည်း လူကြီးတွေလို Microwave နဲ့ မနွှေးရပါဘူး။ ရေနွေးစိမ်ရတာပါ။ Automatic Milk Warmer တွေဘာတွေတော့ ရှိတာပေါ့။ ဒီလောက်လည်း မလိုတော့ မ၀ယ်ထားပါဘူး။ အရေးကြီးတာတော့ ကလေးသောက်တဲ့ အချိန်မှာ အပူချိန်က အမြဲတမ်း တသမတ်တည်း ဖြစ်နေရပါမယ်။ နို့ကအေးနေရင် လေနာ၊ ဗိုက်နာ ဖြစ်တတ်ပြန်ရော။ ကလေးကလည်း သိပါတယ်။ အေးနေရင် မသောက်ချင်ပါဘူး။ အဲဒီလိုနဲ့ပဲ ကလေးနို့ဘူးခမျာလည်း ပူလိုက်၊ အေးလိုက်နဲ့ ပါပဲ။

Sunday, June 24, 2007

Why Pay High in Financial Domain

kingkaung said...

ဘာကြောင့် Financial domain ဟာပေးအများဆုံးလို့ programmer တွေ အတွက် တစ်ထစ်ချ ပြောနိုင်ရပါသလဲ... bank တွေမှာ အလုပ်လုပ်တဲ့ programmer တွေ လခများများ ရလို့ပါလား...
ကိုကင်းကောင်

Anonymous Comment ကို Entertain မလုပ်ပါဘူးလို့ အောက်ဆုံးမှာ ပြောထားပါတယ်။ အဓိက အကြောင်းကတော့ ကိုယ်ပြောနေတဲ့သူရဲ့ Background နဲ့၊ နားလည်နိုင်စွမ်းကို မသိရင် ပြောရတာ ခက်လို့ပါ။ ဒါပေမယ့် ဒီမေးခွန်းက ကောင်းလို့ ပြန်ဖြေတာပါ။ IT လောကမှာ ၇နှစ် ၈နှစ်လုပ်လာတဲ့ အတွေ့အကြုံနဲ့ ပြောတာပါ။ ကြားနေ၊ မြင်နေတာနဲ့ ပြောတာပါ။ ကိုယ်ကိုတိုင်တော့ မလုပ်ခဲ့ဖူးပါဘူး။ တစ်ထစ်ချ ဆိုတာထက် ယေဘုယျဆို ပိုမှန်ပါလိမ့်မယ်။

Financial Domain မှာ Transaction တွေများပြီး တစ်ခုမှ အမှားမခံ၊ အပျောက်မခံတဲ့ အတွက် တော်ပြီး အတွေ့အကြုံများတဲ့လူတွေကိုပဲ ခန့်ချင်ပါတယ်။ အဲဒီအတွက် လစာကို ကောင်းကောင်းပေးပြီး ခန့်ပါတယ်။ ပြီးတော့ သူတို့ဟာ IT Infrastructure မှာ ပိုက်ဆံ သုံးရတာ မနှမြောပါဘူး။ ဥပမာ Server ဆို အကောင်းစားမှ သုံးတာပါ။ IT (Server) Administration ဆိုလည်း သူသူငါငါလို Administrator တွေ ခန့်ထားတာမဟုတ်ပါဘူး။ IBM ဖြစ်ဖြစ်၊ HP ဖြစ်ဖြစ်ကို Contract ပေးလိုက်တာပါ။ Healthcare Domain ကတော့ အဲဒီလို မဟုတ်ပါဘူး။ ဆေးခန်းမပြောနဲ့ ဆေးရုံတွေမှာတောင် IT အတွက် ကောင်းကောင်း မသုံးနိုင်ပါဘူး။ စင်္ကာပူလိုနိုင်ငံမှာတောင် Healthcare Domain မှာ IT အတွက် Marketing လုပ်ရတာ ကျားမြီးဆွဲရတာထက် ခက်ပါတယ်။

Bank တွေဆိုတာထက် တခြားဟာတွေ ဒီ Domain မှာ ရှိပါသေးတယ်။ ဥပမာ Insurance တွေလိုမျိုး၊ Online Trading နဲ့ Investment တွေလိုမျိုးတွေ Exchange တွေလိုမျိုးတွေ ရှိပါသေးတယ်။ (စကားမစပ် SGX မှာ VB Macro လိုမျိုးနဲ့ လုပ်နေတဲ့သူက လစာမပြောနဲ့ Bonus ကြီးပဲ ၁ နှစ်စာရတယ် ကြားဖူးပါတယ်။) ပြီးတော့ Bank တွေမှာက စုငွေတွေလောက် အတွက်ပဲ အလုပ်လုပ်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ အသက်က Loan ပါ။ IT ကိုလည်း Loan တွေ ဘယ်လောက် ချထားသလဲ ဆိုတာလောက်ပဲ မှတ်ဖို့ သုံးတာ မဟုတ်ပါဘူး။ Market Trend တွေ ကြည့်ဖို့ Demographic Level တွေကြည့်ဖို့ပါသုံးပါတယ်။ Report မျိုးစုံ ထုတ်ပါတယ်။ Online Banking ဆိုရင်လည်း Security က အင်မတန် အရေးကြီးပါတယ်။ ကျွန်တော့်ကို လာခိုင်းရင် လုပ်မှာ မဟုတ်ပါဘူး။ ခေါင်းကြီးလို့။ ကျွန်တော့် အမျိုးသမီးက ဒီမှာ အကြီးဆုံး Bank တွေဖြစ်တဲ့ DBS အတွက်ရော၊ UOB အတွက်ပါ လုပ်ခဲ့ဖူးပါတယ်။ လစာ အတော်အတန် ကောင်းပါတယ်။

ရာထူးချင်းတူပေမယ့် ဌာနချင်းမတူရင် လစာ ကွာနိုင်ပါတယ်။ မြန်မာပြည်က Programmer နဲ့၊ စင်္ကာပူက Programmer နဲ့၊ US က Programmer နဲ့ လစာကွာပါတယ်။ Singapore က လူက US ထက်သာသွားတာလည်း ရှိရင်ရှိမှာပေါ့။ ရှားပါတယ်။ Singapore အထဲမှာလည်း Domain ချင်း မတူရင် Pay လည်းကွာသွားပါတယ်။ ဒါပေမယ့် တချို့ Domain တွေက နာမည် မကြီးပေမယ့် လုပ်တဲ့ ကုမ္ပဏီက ချမ်းသာရင် ပေးနိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်တော့ Individual နဲ့လည်း ဆိုင်ပါသေးတယ်။ ကိုယ်တော်ရင်၊ ကံကောင်းရင်၊ အခြေအနေပေးရင် ဘယ် Domain ပဲဖြစ်ဖြစ် လစာကောင်းမှာပါ။ လူမမာတွေဆီက ပိုက်ဆံ ခွာယူရတဲ့ Healthcare Domain မှာလုပ်တဲ့ ကျွန်တော့်လစာက သူဌေးတွေ ပိုက်ဆံလာပေးတဲ့ Financial Domain မှာ လုပ်တဲ့ ကျွန်တော့် အမျိုးသမီးလစာထက် ပိုရပါတယ်။ ဒါပေမယ့် ကျွန်တော့် ညီလေး အလုပ် စ လုပ်လို့ Domain ရွေးရတော့မယ်ဆိုရင်ဖြင့် Financial ကိုပဲ သေချာပေါက် ရွေးခိုင်းမှာပါ။

Friday, June 22, 2007

World Youngest Googler


ဒီကာတွန်းက ကလေး ပေါက်စကလေးတွေ အကြောင်းမသိရင် Google ရဲ့ Popularity ကို ကာတွန်း လုပ်ထားတယ် ထင်ချင်စရာပါ။ တကယ်တော့ အမှန်ပါပဲ။ ဒီကာတွန်းထဲကလိုပဲ ကျွန်တော့် သမီးလေးလည်း Google စပြောနေပါပြီ။ ဒီအရွယ်က ဒီလို အသံတွေ ဂူးဂူး.. ဂဲဂဲ...တွေ အသံထွက်နေပါပြီ။ တကယ်တော့ သူတို့က အသံ ထွက်ချင်တာပါ။ ပါးစပ်နဲ့ လျှာနဲ့ မထွက်တတ်သေးတော့ လည်ချောင်းသံ၊ ရင်ခေါင်းထဲက အသံတွေ ထွက်လာတာပါ။ ကလေးတွေကိုလည်း လူကြီးတွေလို စကား မပြောဘဲနဲ့ သူတို့ ထွက်သလို လိုက်ပြောရင် သူတို့က ပိုကြိုက်ပါတယ်။ ပြန်ပြောပါတယ်။ သမီကတော့ သူ့ကို စကားပြောတဲ့လူကို ကြိုက်ပါတယ်။ သူ့အန်တီလေးက တောင်ကြီးကလို၊ အင်းထဲကလို၊ တရုတ်လို ပြောတာကိုတော့ အကြိုက်ဆုံးပါ။ ဒီ Clip မှာ သမီးပြောတာကတော့

အား.....ကူး..ကူး....ရေ

တဲ့။ ကျွန်တော်တို့အားလုံးက သမီးကို အဲဒီလိုပဲ နှုတ်ဆက်တော့ပါတယ်။ သမီးကလည်း ကြိုက်ပါတယ်။

Thursday, June 21, 2007

Generic and Brand

ဒီ Post ဟာ ကြားဖူးတာကို ရေးထားတာပါ။ Reference လုပ်ဖို့ မဟုတ်ပါဘူး။ ဒီ Post မှာ အမှား ပါခဲ့သည်ရှိသော် တာဝန်မယူပါဘူး။ ပြင်ပေးရင် ကျေးဇူးတင်ပါတယ်။

တလောက Vaseline အကြောင်း ရေးတုန်းက ``Vaseline ဆိုတာ Brand ပါ။´´လို့ဆိုပြီး ကွေကာအုတ် Brand နဲ့ ဥပမာပေး ပြောဖူးပါတယ်။ အဲဒီတုန်းက လမ်းကြောင်းချော် သွားမှာ စိုးလို့ အကျယ်တ၀င့် မရေးလိုက်ရပါဘူး။ Generic နဲ့ Brand ဆိုပြီး ၂ မျိုး ရှိပါတယ်။ ဥပမာ Cola အရည်။ Cola လို့ ဆိုလိုက်တာနဲ့ လူတိုင်းက Gas ထည့်ထားတဲ့ (Carbonated) အမည်းရောင် အချိုရည်ကို ပြေးမြင်ကြတယ်။ Cola ဆိုတာ Generic ပါ။ Coca Cola ရှိတယ်၊ Pepsi Cola ရှိတယ်၊ မြန်မာပြည်မှာ Star Cola ဆိုတာ ရှိတယ်၊ Andy Cola ဆိုပြီး မရှိဘူး မပြောနိုင်ဘူး ရှိလာနိုင်တယ်။ အဲဒါကြောင့် Coca-Cola ကို Coke ဆိုပြီး Brand တပ်ထားတယ်။

Generic နဲ့ Brand ကို လူတွေ သိတာ၊ ခေါ်ရတာ (Refer လုပ်ရတာ) သန်တာ မတူကြပါဘူး။ ယေဘုယျအားဖြင့်တော့ Generic ကို အသုံး (အခေါ်) များပါတယ်။ Brand က သိပ်ပေါက်သွားရင်၊ အရမ်း အောင်မြင်သွားရင်တော့ Brand ကို Generic အမှတ်နဲ့ ခေါ်ကြပါတယ်။ ဥပမာ Vaseline(Brand) လိုမျိုး။ မြန်မာပြည်မှာဆို ကွေကာအုတ်(Brand) လိုမျိုး။ နေရာ ဒေသပေါ် မူတည်ပြီးတော့လည်း Brand နဲ့ Generic အသုံး ကွာပါတယ်။

မြန်မာပြည်က လူတွေက Paracetamol လို့ဆိုလိုက်တာနဲ့ ဖျားရင် သောက်တဲ့ ဆေးလို့ တန်းသိပါတယ်။ Paracetamol ဆိုတာ Generic Name ပါ။ အဲဒီ ဆေးထဲမှာ ပါတဲ့ ဓာတ်ပေါင်း (Molecule) နာမည်ပါ။ ဒီ Molecule ကို Acetaminophen လို့လည်းခေါ်ပါတယ်။ အမေရိကားက လူတွေကတော့ Paracetamol လို့ဆိုရင် လူတိုင်း မသိနိုင်ပါဘူး။ Tylenol လို့ဆိုလိုက်ရင်တော့ ဖျားရင်၊ ခေါင်းကိုက်ရင် သောက်တဲ့ ဆေးလို့ သိနိုင်ပါတယ်။ စင်္ကာပူမှာ၊ Aussie မှာတော့ Panadol ပေါ့။

ထပ်ပြီး ရှုပ်လိုက်ဦးမယ်။ ဆေးလောက (Pharmaceutical / Drug) မှာ Generic ကို ခုနက ပြောတဲ့ Molecule ဆိုတာနဲ့ အဓိပ္ပါယ်တူယူ သုံးပါတယ်။ Panadol ရဲ့ Generic က Paracetamol ပါ။ ဆေးပြားတစ်ပြား ကိုင်ပြီး Generic ဘာလဲလို့ မေးရင် ဘာ Molecule နဲ့ လုပ်ထားတာလဲလို့ မေးတာပါ။ ဒါကလည်း Chemist တွေ Scientist တွေက ဆေးတစ်ခု စမ်းသပ်ပြီး အောင်မြင်ရင် အလွယ်ပဲ Molecule နာမည်ကို ပေးလိုက်လို့ပါ။ နောက်မှ ထုတ်လုပ်တဲ့ သူတွေက နာမည် လှလှ ဒါမှမဟုတ် ခေါ်ရလွယ်တဲ့ နာမည် ပေးလိုက်တာပါ။ Viagra လိုမျိုးပါ။

Vaseline ကတော်သေးတယ်။ Brand ကနေ အစွဲကြီးစွဲပြီး Generic ဖြစ်သွားတာ။ ဒီလိုမျိုး ဆေးလောကမှာ Brand ကနေ Generic လုံးလုံးဖြစ်ပြီး Molecule ပါထပ်ဖြစ်သွားတာ ရှိပါသေးတယ်။ Aspirin ပါ။ အကိုက်အခဲ၊ အဖုအယောင်၊ ခေါင်းကိုက် ပျောက်ဆေးပါ။ သွေးကျဲဆေးပါ။ Aspirin က Brand ပါ။ သူမှာပါတဲ့ Molecule က Acetylsalicylic Acid။ Aspirin က နာမည်ကြီးလွန်း၊ သုံးလွန်းလို့ ဒီလို ဆေးတွေကို Aspirin လို့ပဲ ခေါ်ပြီး သူ့မှာပါတဲ့ Acetylsalicylic Acid ကိုလည်း Aspirin လို့လည်းခေါ်ကြတယ်။ မြန်မာဆေး တစ်ချို့မှာ Aspirin တွေကို အမှုန့်ကျိတ်ထည့်တယ်တော့ ကြားဖူးတယ်။

တစ်ခါ ထပ်ပြီး Generic Drug ဆိုတာ ရှိသေးတယ်။ Paracetamol ကို ဆေးပြားလုပ်ပြီး ဘာတံဆိပ်မှ မတပ်ဘဲ ရောင်းရင် Generic Drug ပါ။ အဲဒါကို Panadol လို့ တံဆိပ်တပ်ရောင်းရင် Brand ပါ။ Generic Drug က Brand ထပ် ဈေး အမြဲတမ်း သက်သာပါတယ်။ အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ ရှင်းပါတယ်။ နာမည် လှလှတပ် Packing ကောင်းကောင်းထုပ်ထားလို့ ဈေးကြီးတာပေါ့။ များသောအားဖြင့်တော့ Generic ပဲဖြစ်ဖြစ် Brand ပဲဖြစ်ဖြစ် အာနိသင် အတူတူပါပဲ။ ဆရာဝန်တွေကလည်း မတတ်နိုင်တဲ့ သူတွေကို Generic ပဲ သောက်ဖို့ ညွန်းပါတယ်။ မြန်မာပြည်မှာ အသည်းရောင်(B) အတွက်ဆေး Zeffix ဆို GSK (GlaxoSmithKline) က ထုတ်တဲ့ဆေးက တစ်လစာ တစ်ကဒ်ကို ၁ သိန်းကျော်လို့ India က Generic Drug တွေကို ဆရာဝန် တချို့က ညွန်းပါတယ်။ တစ်ကဒ်လုံးမှ ၅၀၀၀ လောက်ပဲ ပေးရတာကိုး။ ဒါပေမယ့် ဒီလို ဆေးအပြင်းစားတွေက Brand ကနေ Generic ကို ပြောင်းမသုံးသင့်ပါဘူး။ ဆေးချိန်နည်းနည်း ကွာတာနဲ့ အာနိသင်နဲ့ ဘေးဆိုးက ကွာသွားလို့ပါ။ အသည်းရောင်ဘီဆေးမှာ ပါတဲ့ Generic ဖြစ်တဲ့ Lamivudine က ဆေးချိန်များသွားရင် AIDS အတွက် သောက်တဲ့ ဆေးဖြစ်သွားပါတယ်။

အာနိသင်လည်း အတူတူ။ ကြီးကြီးကျယ်ကျယ် Branded ဆို Branded မှလည်း မဟုတ်ဘူးဆို လူတိုင်းက Generic ပဲ ၀ယ်သောက်ကြတော့မှာပေါ။ ဒါပေမယ့် တချို့ဆေးတွေက Brand ပဲ ရှိပါတယ်။ Generic Drug ထုတ်ခွင့် မရှိသေးပါဘူး။ Patent ကြောင့်ပါ။ ဆေးကုမ္ပဏီတွေက ဆေးတစ်မျိုး (ထားပါတော့ Cancer ဆေး) ထုတ်ဖို့ Research တွေ အများကြီး လုပ်ရပါတယ်။ ငွေသန်းပေါင်းများစွာ၊ အချိန်များစွာ ရင်းရပါတယ်။ သူတို့က ရှာဖွေတွေ့ရှိသွားတော့ တိတ်တိတ်လေး နေပြီး ဆေးကို ထုတ်လုပ် ရောင်းချလို့ မရပါဘူး။ ဒီဆေးဟာတော့ဖြင့် ပျင်းလို့ မဆေးဘဲ ပစ်ထားတဲ့ ပန်းကန်ပေါ်မှာ ပေါက်တဲ့ မှိုကထုတ်တဲ့ဆေးတို့၊ လမ်းဘေးမှာပေါက်ပြီး အလွယ်ရနိုင်တဲ့ မြက်ကို ကြိတ်ပြီးလုပ်ထားတာတို့ ပြောရပါတယ်။ ဘာ Molecule နဲ့ လုပ်ထားတာလည်း ပြောရပါတယ်။ အဲဒီလိုလည်း ပြောလိုက်ရော အားလုံးက အလွယ် အညွန့်ခူးစားပြီး လိုက်ထုတ်တော့မှာပေါ့။ အဲဒါဆို ဘယ်သူကမှလည်း Hero ကြီးလုပ်ပြီး Research လုပ်တော့မှာ မဟုတ်ပါဘူး။ ဒါဆို ဘယ်ဆေးမှလည်း ရှာဖွေတွေ့ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဆေးဝါးအသစ်ဆိုရင် Research လုပ်ပြီး ရှာဖွေတွေ့ရှိထားတဲ့သူ (ဒါမှမဟုတ် သူက မူပိုင်ခွင့်ရောင်း၊ ခွင့်ပြုထားတဲ့သူ) ကပဲ နှစ်အပိုင်းအခြား တစ်ခုအထိ တစ်ဦးတည်း မူပိုင် ရောင်းချခွင့် ပြုထားရပါတယ်။ သူကြိုက်တဲ့ဈေးနဲ့ ဈေးနှုန်း အတော်အတန်ကြီးကြီး ရောင်းချခွင့်ရှိပါတယ်။ သက်ဆိုင်ရာကတော့ စောင့်ကြည်တာပေါ့။ အဲဒီလို ဈေးကြီးကြီးနဲ့ ရောင်းချလို့ တလောက ထိုင်းနိုင်ငံမှာ ပြဿနာ ဖြစ်တာပေါ။ ဘာဆေးလဲတော့ မမှတ်မိတော့ပါဘူး။ AIDS ဆေးလား မသိဘူး။ ဆေးကုမ္ပဏီတွေက Branded ဆေးတွေကို ဈေးလျှော့ မရောင်းရင် Generic ဆေးတွေ ထုတ်လုပ် ရောင်းချခွင့် ပြုမယ်လို့ ကိုယ်ကျိုးစီးပွား ကာကွယ်ပိုင်ခွင့်နဲ့ဆိုလာပါတယ်။ ထိုင်းအစိုးရနဲ့ ဆေးကုမ္ပဏီတွေ အကြား အခုထက်ထိ ညှိနေကြတုန်းပါပဲ။

တစ်နိုင်ကနေ တစ်နိုင်ငံသွားလာရင် ဆေးဝယ်ချင်တဲ့ အခါ Generic ကို သိထားရင် ပို အဆင်ပြေပါတယ်။ အမေရိကားရောက်ရောက်၊ အော်ဇီရောက်ရောက် ဆေးဆိုင်မှာ Paracetamol လို့ပြောလိုက်ရင် သင့်တော်တဲ့ ဆေး ပေးပါလိမ့်မယ်။ ဆေး Packing တိုင်းမှာလည်း Generic ကို ဖော်ပြရတော့ သိရဖို့ မခဲယဉ်းပါဘူး။

တကယ်တော့ ကျွန်တော်က IT သမားပါ။ IT သမားတို့ ထုံးစံအတိုင်း IT တစ်ခုတည်းသိရုံနဲ့ မရပ်တည်နိုင်ပါဘူး။ Domain Knowledge လို့ခေါ်တဲ့ ကိုယ် IT Support ပေးမယ့် (Software ရေးမယ့်) လောက အကြောင်းသိမှ ရပ်တည်နိုင်ပါတယ်။ ကျွန်တော်က ဒီ Domain (Pharmaceutical Domain) ထဲမှာ ကြာပြီဆိုတော့ ဒီအကြောင်းတွေကို သိထားရပါတယ်။ Pharmacist တွေလိုတော့ ဘယ် Brand က ဘယ် Generic ပါတယ်ဆိုတာ အလွတ်သိစရာမလိုပေမယ့် Brand နဲ့ Generic Concept လောက်ကိုတော့ သိထားရပါတယ်။ IT သမားများ ဒီစာကို ဖတ်မိခဲ့သော် .. စင်္ကာပူမှာ Hot အဖြစ်ဆုံး Pay အများဆုံး Domain ကတော့ Financial Domain ပါ။ စ၀င်ဝင်ချင်း Financial Domain ကိုရောက်အောင် လုပ်ပါ။ Domain တစ်ခုထဲမှာ နေတာ အကောင်းဆုံးပါ။ တစ်သက်လုံး Programming လုပ်နိုင်မှာမှ မဟုတ်တာ။

ဒီ Post ဟာ ကြားဖူးတာကို ရေးထားတာပါ။ Reference လုပ်ဖို့ မဟုတ်ပါဘူး။ ဒီ Post မှာ အမှား ပါခဲ့သည်ရှိသော် တာဝန်မယူပါဘူး။ ပြင်ပေးရင် ကျေးဇူးတင်ပါတယ်။

Monday, June 18, 2007

ကျွဲအုပ်လို မိသားစု

Google Pages တွေ `ထောင်´ တုန်းကတော့ ဒါလေးကို ရေးဖူးတယ်။ တကယ်တော့ ဒီ Joke က Internet ပေါ်မှာ အလွယ် ရှာလို့ ရပါတယ်။ အခုတစ်ခါ Blog မှာ ပြန်စုမိအောင်ရယ်၊ ကိုယ်နဲ့ကိုက်တာမို့ ကြိုက်လို့ မြန်မာလိုပါ ပြန်ပြီး ရေးလိုက်တယ်။

ခင်ဗျား.....ကျွဲအုပ် တစ်အုပ်ကို စိတ်ထဲမှာ မြင်လိုက်။ မြန်မာပြည်က ကျွဲအုပ်ကိုတော့ မမြင်နဲ့ပေါ့။ မြန်မာပြည်က ကျွဲအုပ်က ငြိမ်းချမ်းတယ်၊ လုံခြုံတယ်လေ။ ကျွဲကျောင်းသားရဲ့ ပုလွေသံလေးတောင် ကြားရဦးမယ်။ Discovery Channel ထဲက Wild Life Program ထဲက ကျွဲအုပ်ကို မြင်လိုက်ပါ။ အဲဒီ ကျွဲတစ်အုပ်ဟာ သူတို့ထဲက အနှေးဆုံးသွားတဲ့ အကောင်လောက်ပဲ သွားလာနိုင်ကြတယ်ဗျ။ အဲဒီတော့ .... ဒီကျွဲအုပ်ကို ကျားလိုက်ခံရတဲ့ အခါ နောက်ဆုံးမှာ ကျန်ခဲ့တဲ့ အနှေးဆုံးအကောင်၊ အားအနည်းဆုံးကောင်ဟာ ကျားဆွဲခံရပါရော။ သဘာဝတရားအရ ဒီလိုဖြစ်ရတာ တကယ်တမ်းကျတော့ ကျွဲအုပ်အတွက် ကောင်းပါတယ်။ ဒီလို အနှေးဆုံး အညံ့ဆုံး အကောင်တွေ အစားခံလိုက်ရတော့ ကျွဲအုပ်ဟာ ခါတိုင်းထက် မြန်မြန် ပိုပြီး သွားလာနိုင်လာတာပေါ့။ ဒီလိုနည်းနဲ့ ကျွဲအုပ်ဟာ မြန်ဆန် တိုးတက် လာတာပေါ့ကွ။´´
ဘီယာသောက်ရင်းနဲ့ မူးမူးနဲ့ ကိုစောဖုန်းလူက ဒီလို အာလုပ်သံကြီးနဲ့ ဆိုလာပါတယ်။ အဲဒီတော့ ကိုမိုးတိမ်ကလည်း သူ့စတိုင် အတိုင်း မျက်မှန်ကို လက်ညှိုးနဲ့ဆရင်း တွေးတွေး လေးလေးပြောလာပါတယ်။
ဟုတ်တယ်ဗျ။ လူ့ဦးနှောက်ကလည်း အဲဒီလိုပဲ။ လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ သူ့ရဲ့ အနှေးဆုံး ဦးနှောက်ဆဲလ် အလုပ် လုပ်နိုင်သလောက်ပဲ တွေးနိုင်တယ်ဗျ။ နောက်ပြီး ခင်ဗျားတို့ သိတဲ့ အတိုင်း အရက်တွေ ဘီယာတွေသောက်လို့ ရှိရင် ဦးနှောက်ဆဲလ်တွေ ပျက်စီးနိုင်တယ်လေ။ ထုံးစံအတိုင်း အားအနည်းဆုံး ဦးနှောက်ဆဲလ်တွေက အရင် ဖျက်စီးခံရတာပေါ့။ အဟမ်း... ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဒီလို ဘီယာကို ပုံမှန် သောက်ပေးရင် အသုံးမကျတဲ့ ဦးနှောက်ဆဲလ်တွေကို ခေါင်းထဲက ဖယ်ပြီးသား ဖြစ်သွားတော့ ကျွန်တော်တို့ ဦးနှောက်တွေ ပိုကောင်းလာတာဖြစ်ရမယ်။ အခုတောင် ကျွန်တော့် အတွေးတွေ၊ ကဗျာတွေ ကွန့်မြူးနေတယ်ဗျာ´´
ကိုမိုးတိမ်က ဒီလိုဆိုလာတော့လည်း ကျွန်တော်က ဒီလိုပဲ Blog တွေမှာ အချင်းချင်း ပတ်ပြီး ထောက်ခံနေကျဆိုတော့ အမြန်အဆန် အပြည့်အ၀ ထောက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ သောက်သောက် စားစား မူးပြီး တစ်ယောက်ကလည်း မိန်းမက SMS(Text) တိတ်တိတ် ပို့လာတာနဲ့၊ တစ်ယောက်ကလည်း မိန်းမနဲ့ GTalk ချိန်းထားလို့ ဆိုပြီး သူတို့တွေ ပြန်သွားတော့ ကျွန်တော် တစ်ယောက်ထဲ ရီရီဝေေ၀နဲ့ အတွေးတွေထဲ ကျန်ခဲ့ပါတယ်။
ကျွန်တော်တို့ နှစ်ဖက် မိသားစုဟာလည်း ကျွဲအုပ်လိုပါပဲ။ အထူးသဖြင့် နှစ်ဖက် ညီအစ်ကို မောင်နှမတွေပါ။ သူတို့တွေ တော်သလောက်၊ ကောင်းသလောက်ပဲ ကျွန်တော်တို့ လင်မယားလည်း ဖြစ်ထွန်းပါတယ်။ တကယ်ဆို ကျွန်တော်တို့ နှစ်ယောက် အခုဆို ဒီထက်ပို ပေါက်ရောက်နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ လူခံမရှိဘဲ သူတို့တွေ အတွက်က (နိုင်ငံခြားကို လာပြီး) ရုန်းကန်ဖို့ ခက်ပါတယ်။ ကျွန်တော်တို လင်မယားက ဒီမှာ အခြေချပြီး တစ်ယောက်ပြီး တစ်ယောက်ခေါ်မှ သူတို့ အတွက် အဆင်ပြေမှာပါ။ ကျွဲအုပ်လို ကျားအဆွဲခံပြီး မြန်အောင်လုပ်လို့ကလည်း မိသားစုဆိုတော့ မဖြစ်ပြန်။ အဲဒီတော့ သူတို့ကိုပဲ Speed Up လုပ်ပေးရပါတယ်။ လမ်းကြောင်း ချပေးရပါတယ်။ Knowledge Upgrade လုပ်ပေးရပါတယ်။ မ-တစ်ရာသား မဟုတ်ဘဲ တစ်မိသားစုထဲက ပေါက်ဖွားလာတာတောင် တစ်ယောက်နဲ့ တစ်ယောက်က လုပ်နိုင်အား၊ လိုက်နိုင်အား၊ ကံ၊ ဥာဏ် မတူကြပါဘူး။ ကံ၊ ဥာဏ် နဲ့ အခြေခံ သာတဲ့သူက အရင်လာနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီညီအစ်ကို မောင်နှမတွေ မဖြစ်ထွန်းရင် ဒီမိဘတွေပဲ စိတ်မချနိုင်မှာဆိုတော့ ကုသိုလ်ရပါတယ်။ လက်ငင်းလည်း အကျိုးပေးပါတယ်။ ရောက်လာတဲ့သူတွေက နောက်လူတွေကို ဆက်ကြည့်တော့ ကျွန်တော်တို့ နှစ်ယောက်လည်း ၀န် ပေါ့သွားတာပေါ့။ ခလေးတွေဘာတွေ ယူနိုင်တော့တယ်။ တကယ်ပါပဲ ကျွန်တော်တို့ နှစ်ယောက်ရဲ့ မိသားစုတွေဟာ ကျွဲအုပ်လိုပါပဲ။´´
တကယ်တော့ လုပ်ဇာတ်ပါ။ ဆွဲသွင်းစရာ မရှိလို့ Blog သူငယ်ချင်းတွေကို ဆွဲသွင်းထားတာ။ သက်ဆိုင်ရာ အိမ်ထောင် ရှင်မများ တကယ်လို့ ဒီ Blog ကို ဖတ်မိရင်၊ ကိုယ့် ယောက်ျားတွေ Blog အကြောင်းပြပြီး Beer ၀ိုင်းဖွဲ့ နေတယ်မထင်ကြပါနဲ့။ အခုမှ ၀ိုင်း ဖို့ကြံနေတုန်း...

Saturday, June 16, 2007

အမြင်အာရုံ တိုးတက်မှု (၂ လခွဲ အရွယ် အထိ)

အမြင်အာရုံဟာ အကြားအာရုံထက် ပိုပြီး Sophisticated ဖြစ်ပါတယ်။ ကလေးတွေဟာ မွေးပြီး တစ်လဆို အကြားအာရုံက ပြည့်ပြည့်စုံစုံ Develop ဖြစ်နေပါပြီ။ ဘယ်ဘက်အရပ်က လာတဲ့ အသံလဲ၊ နီးလား ဝေးလားတွေကို သိနေပါပြီ။ အမြင်အာရုံ အတွက် တိုးတက်မှုကတော့ ၁ နှစ်လောက်ထိကို အချိန်ယူပြီး တဆင့်စီ တိုးတက်ရတာပါ။ မွေးကင်းစ ကလေးတွေဟာ မှုန်မှုန် ၀ါးဝါးပဲ မြင်ရပါတယ်။ တစ်လသားအထိ ၁ ပေ မရှိတရှိ အကွာလောက်ပဲ ကောင်းကောင်းမြင်ရပါတယ်။ ဒီအကွာအဝေးဟာ နို့တိုက်တဲ့ အမေကို ကောင်းကောင်းမြင်နိုင်တာမို့ အတော်ပါပဲ။ စူးစူးရှရှ အလင်းရောင်တွေနဲ့ဆိုရင် မျက်မှောင်ကြုံ့နေတတ်ပါတယ်။

တစ်လသားလောက်မှာတော့ မျက်လုံး ၂ လုံးလုံးနဲ့ လိုက်ကြည့်တတ်ပါပြီ။ မကြည့်တတ်သေးရင် မျက်လုံး ၁ လုံးက အရာဝတ္ထုပေါ်ကို အရင်ကြည့်ပြီး ခဏနေမှ နောက်တစ်လုံးက ရောက်လာတာပါ။ မျက်စိစွေသလိုပေါ့။ မျက်လုံး ၂ ဘက်လုံးရဲ့ ကြွက်သားတွေဟာ အချင်းချင်း Coordinate မလုပ်တတ်သေးလို့ပါ။ ကလေးကို ချီထားပြီး မျက်လုံးချင်းဆိုင်ကြည့်ပြီး ခေါင်းကို ဘယ်ညာ ဖြည်းဖြည်း လှည့်ပေးရပါတယ်။ ကလေးတွေဟာ (မိဘရဲ့) မျက်လုံးကို ကြည့်ရတာ သဘောကျပါတယ်။ Chessboard Pattern တွေလိုကို ပို စိတ်ဝင်စားတတ်လို့ အဖြူ၊ အမည်း မျက်လုံးဟာလည်း သူတို့ အတွက် စိတ်ဝင်စားစရာပါ။ ဒီလို ကျင့်ပေးရင် ရွေ့လျားနေတဲ့ အရာဝတ္ထုကို လိုက်ကြည့်တတ်တဲ့ Object Tracking လည်း ပိုတတ်လာပါတယ်။ သမီးလေးဟာ ၂ ပတ် ၃ ပတ်လောက် ကြာမှ မျက်လုံး ၂ ဘက်လုံးကို အတူတူ ရွေ့တတ်ကြည့်တတ်တာပါ။ အခုတော့ ခေါင်းကို ချာချာလည်နေအောင် လှည့်ပြီး သွားနေတဲ့ သူတွေကို ကောင်းကောင်းကြီး လိုက်ကြည့်နိုင်နေပါပြီ။

တကယ်တော့ မွေးစကတည်းက အရောင်တွေကို မြင်ရပါတယ်။ သေသေချာချာ မခွဲခြားတတ်သေးတာပဲ ရှိတာပါ။ ဒါကြောင့်မို့ အဖြူအမည်း ၂ ရောင်စပ်လိုမျိုး အရောင်တွေကို ပိုနှစ်သက်တာပါ။ ၂ လကျော်လာတာနဲ့ အရောင်တွေကို ပို ခွဲခြားတတ်လာပါပြီ။ ကွဲပြားတဲ့ ပုံသဏ္ဌာန်ကို တွေကို ခွဲခြားတတ်လာပါပြီ။ ကလေးတွေဟာ အရောင်စိုစို တောက်တောက်တွေကို ပိုကြိုက်ပါတယ်။ ဒါပေမယ့် ဘယ်အရောင်ကို ပိုကြိုက်တယ်ဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ သမီးလေးကတော့ အစိမ်းရောင် ရှုတ်ရှုတ် တွေကို ကြိုက်ပါတယ်။ သစ်ပင်တွေကိုပါ။ ပြတင်းပေါက်နား ရောက်ပြီဆို သူသိပ်ကြိုက်ပါတယ်။ သစ်ပင်တွေကို ကြည့်ရလို့လေ။ `ဥပေါ´သံလည်း နားထောင်ရလို့။ ကျွန်တော်တို့ တိုက်နောက်က သစ်ပင်တွေမှာ နေတဲ့ ဥသြ တစ်ကောင်ဟာ မြန်မာပြည်က ဥသြတွေလို `ဥ........သြ´........`ဥ........သြ´ဆိုပြီး ချွဲချွဲ ငင်ငင် မတွန်တတ်ပါဘူး။ ပထမတော့ ကောင်းကောင်း အော်သေးတယ်။ ခဏနေရင် `ဥသြ ´၊`ဥသြ ´ဆိုပြီး အမြန် အာခေါင်ခြစ်ပြီး အော်တော့တာပဲ။ ဒါကြောင့် သူ့ကို ကျွန်တော်တို့က ဥသြ ငပေါမို့ `ဥပေါ´လို့ ခေါ်ပါတယ်။ သမီးလေးက ငှက်သံတွေကို ကြိုက်တတ်တော့ အတော်ပါပဲ။ နောက်ပြီး ဘုရားစင်နား ခေါ်သွားပြီး `ရှစ်ရှစ်ပါ´ဆိုပြီး ရှိခိုးခိုင်းလည်း ဘုရားစင်မှာ တင်ထားတဲ့ သပြေဆုံ စိမ်းစိမ်တွေကိုပဲ စိတ်ဝင်တစား ကြည့်တတ်ပါတယ်။

အခု ၂ လခွဲမှာ သမီးလေးဟာ အိမ်ကလူတွေကို မှတ်မိနေတဲ့ ပုံပါပဲ။ အမေကို တွေ့ပြီ ဆိုရင် နို့စို့ဖို့ ပူဆာတတ်ပါတယ်။ အဖေကိုတော့ ပြုံးပြ စကားပြော နှုတ်ဆက်ပါတယ်။ အဖေနဲ့ ဆော့ရတာ ကြိုက်ပါတယ်။ အဖွားပေါ်မှာ နေရတာ ဇိမ်ရှိတော့ အဖွားကို ဆိုရင် တွေ့တာနဲ့ ချီခိုင်းတော့တာပါပဲ။ သူ့အန်တီလေးနဲ့လည်း စကားပြောရတာ ကြိုက်ပါတယ်။ သူ့ အန်တီလေးက တောင်ကြီးလေသံနဲ့၊ အင်းထဲက လေသံနဲ့ ပြောရင်တော့ သူကလည်း ရွှန်းရွှန်းဝေနေအောင် ပြန်ပြောတော့တာပါပဲ။ သမီးလေးဟာ လူကြီး လက်ထဲက အရာဝတ္ထုတွေကို တစ်ခါတစ်ခါ လိုက်ကြည့်တတ်ပါပြီ။ များသောအားဖြင့်တော့ နို့ဘူး အမှတ်နဲ့ပါ။ သူ့တိုက်တဲ့ လေဆေးအရည် ပုလင်းကို ကိုင်ထားရင်လည်း နို့ဘူး အမှတ်နဲ့ ပါးစပ် တပြင်ပြင် ဖြစ်နေပြီး ဆေးတိုက်တော့မှပဲ သိသွားပြီး စိတ်ဆိုးပါတော့တယ်။ အဲဒီဆေးကလည်း ချိုပါတယ်။ ဒါပေမယ့် ပြစ်ပြစ်ကြီးဆိုတော့ နို့မဟုတ်မှန်း သူသိပါတယ်။

၂ လသားလောက်မှာ သမီးလေးရဲ့ Visual Development ကို ပိုပြီး တိုးတက်အောင်လို့ သူ့အမေက ဆော့စရာလေးတွေ လုပ်ပေးထားပါတယ်။ ကလေးသိပ်ဖို့ဆိုပြီး ကုတင်လိုမျိုး အကာနဲ့ Playpen လေး ၀ယ်တော့ တွဲလောင်းချိတ်လို့ရတဲ့ အရုပ်ကလေးတွေနဲ့ ချိတ်စရာ အတံလေးတွေ ပါလာပါတယ်။ ဒါပေမဲ့ သမီးကို လူကြီးတွေ ကုတင်ပေါ်မှာ သိပ်ထားတာ အကျင့်ပါသွားလို့ အဲဒီထဲမှာ သိပ်လို့ မရတော့ပါဘူး။ ကုတင်ပေါ်မှာပဲ အိပ်ပါတယ်။ အမေ့ကိုယ်ငွေ့ ရမှပဲ အိပ်တတ်ပါတယ်။ ကုတင်ပေါ်မှာ သိပ်ရင် အမေဘက်ကို တိုးတိုး တိုးတိုးသွားပါတယ်။ ပြီးတော့ လက်တစ်ဘက်နဲ့ အမေကို ထိထားရမှ ကျေနပ်ပါတယ်။ ကျွန်တော်တို့ကတော့ `ဓါတ်လိုက်တာလား´ `ဓါတ်စီးထားတာလား´ ဆိုပြီး နောက်တတ်ပါတယ်။ ကုတင်ပေါ်မှာဆိုတော့ ခုနက အရုပ်လေးတွေက ချိတ်လို့ မရတော့ပါဘူး။ အဲတော့ သူ့အမေက နိုင်လွန် အပ်ချည်ကြိုးတန်းပြီး အရုပ်ကလေးတွေကို တွဲလောင်းလေးတွေ ချိတ်ပေးထားပါတယ်။ သမီးလေက အရမ်းကြိုက်ပါတယ်။ သူက အရုပ်ကလေးတွေ အောက်မှာ အိပ်နေပြီး ကြည့်ပါတယ်။ ကျွန်တော်တို့က အရုပ်လေးတွေကို အပေါ်အောက် ဆွဲလှုပ်ပေးလည်း ကြိုက်ပါတယ်။ ဘေးတိုက်ဆွဲ တွဲလွဲခိုလည်း ကြိုက်ပါတယ်။ ကလေးတွေက Vertically လှုပ်တာကို Horizontally လှုပ်တာထက် ပို ကြည့်တတ်တော့ တွဲလွဲ ချိတ်ပေးထားတာလည်း ပို အဆင်ပြေပါတယ်။ တစ်ခါတစ်ခါ အသည်းယားရင် ပျော်ရင် အော်ဆော့ပါတယ်။ အရုပ်ကလေးတွေကလည်း မျိုးစုံ။ အဖွားကလည်း နာမည် မျိုးစုံ ပေးထားတယ်။ ခွေးကလေးကို ပလူတို၊ ဆိတ်ကလေးကို ပဲပဲ...ဆိုပြီး။



အခုတစ်ပတ် တတ်နေတာကတော့ မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်တတ်တာပါ။ သူမျက်နာနားကို လက်က အရှိန်နဲ့ ရောက်သွားရင်ပဲ ဖြစ်ဖြစ်၊ ရေချိုးပေးတဲ့အခါ ရေစင်ရင်ပဲ ဖြစ်ဖြစ် မျက်တောင်လေးတွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ပါတယ်။ သူလုပ်ပုံလေးက အင်မတန် ချစ်စရာ ကောင်းပါတယ်။ ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ ၄ ၅ ခါ လောက်လှုပ်တာပါ။ ကျွန်တော်က နောက်ချင်လို့ Tissue Paper လေးနဲ့ မျက်နာသုပ်ပေးရင် မျက်စိပေါ်မှာပါ ၀ဲသွား ထိသွားရင် မျက်တောင်လေးတွေကို ခတ်ပါတယ်။ အဖွားက `ဟဲ့ ကလေးကို မလုပ်ပါနဲ့´ ဆိုမှပဲ ရပ်တော့တယ်။

အပို ဖတ်ရန်

ဒီ Video ကတော့ Google Video ကနေ Upload လုပ်ပြီးသားကို ပြန် Embed လုပ်ထားတာပါ။

သမီးလေးနဲ့ စကားပြော

သမီးလေးနဲ့ Conversation ပါ။ သမီးလေးကို ထိုင်ပြီး ချီထားတုန်း သူက အောက်ကနေပြန်ပြောတာပါ။ သမီးလေးဟာ သူနဲ့ စကားပြောတာကို ကြိုက်ပြီး ပြန်ပြောတတ်ပါတယ်။ စကားပြောတာတော့ ဘယ်ဟုတ်ပါ့မလဲ ဒီလိုပဲ အသံထွက်တာပေါ့၊ မျက်ခုံးလေးကို ပင့်၊ နှုတ်ခမ်းလေးစူပြီး ပြောပါတယ်။ တစ်ခါတစ်လေ ပြောချင်လွန်းလို့ အား အရမ်းထုတ်တော့ ဗိုက်ထဲကို လေ၀င်ပြီး ဂျွတ် ထိုးပါတယ်။ အခု ရိုက်ထားတဲ့ အချိန်မှာ သမီးလေးဟာ ၂ လခွဲ ရှိနေပါပြီ။
video
မြန်မာပြည်က လူတွေလည်း ကောင်းကောင်း ကြည့်လို့ရအောင် ချုံ့ထားတာ 4 MB လောက်ပဲ ရှိပါတယ်။ Windows Vista မှာပါလာတဲ့ Windows Movie Maker နဲ့လုပ်ထားတာပါ။ Post ကိုတော့ http://draft.blogger.com ကနေ အစမ်းတင်ထားတာပါ။

Thursday, June 14, 2007

အုပ်ထိန်းသူ


India မှာ မိဘမဲ့ ကလေးတွေ များလွန်းလို့ မွေးစားဖို့ ကြော်ငြာထားတာပါ။ ဒီကြော်ငြာလေး မြင်လိုက်တာနဲ့ သွားသတိရတာကတော့ သမီးလေးပါ။ တကယ်တော့ သမီးလေးဟာ ကျွန်တော်တို့ သွားမည့် လမ်းကြောင်းကို လမ်းညွှန် ပဲ့ကိုင်ပေးသူပါ။ ကျွန်တော်တို့ အနာဂတ်ကို ပုံလောင်းပေးသူပါ။ ဒါဟာ မိဘမေတ္တာကို ဖော်ကျူးချင်လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အတွက်တော့ တစ်ချို့ကိစ္စတွေဟာ သမီးလေးအတွက် စဉ်းစားပြီး ဆုံးဖြတ်လိုက်ရတာပါ။ နောက်ကိစ္စ တော်တော်များများကိုလည်း သမီးလေးကို ထည့်စဉ်းစားပြီးမှ ဆုံးဖြတ်မှာပါ။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့ကို ထိန်းကျောင်းပေးသူဟာ သမီးလေးပဲ ဖြစ်လာပါတယ်။

"A child is a father of man" လို့ ကဗျာထဲမှာ ရေးထားတာ အမှန်ပါပဲ။

Wednesday, June 13, 2007

T.G.I Taunggyi

ကျွန်မ တောင်ကြီးကပါ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်၊ အတိအကျဆို ၂၀၀၀ ခုနှစ် လောက်က မမျှော်လင့်ထားဘဲ ကံအားထောက်မစွာ အမေရိကားကို သွားရပါတယ်။ အလုပ်သင်အနေနဲ့ပဲ ဆိုပါတော့။ အမေရိကားမှာ လည်စရာတွေ ပေါပါတယ်။ စားသောက်ဆိုင်တွေ ပေါပါတယ်။ ဘိုစာတွေပေါ့။ ကျွန်မတို့နေတာက မြို့ကြီးပြကြီး မဟုတ်ပါဘူး။ မြို့အလတ်စားပါ။ ဒီလိုမြို့တွေမှာ စားသောက်ဆိုင်တွေက သူ့ဝင်းနဲ့ သူ့အိမ်နဲ့ပါ။ ကားရပ်စရာလည်း အလုံအလောက်ရှိပါတယ်။

အပြည့်အစုံကိုတော့… တောင်ကြီး (သို့မဟုတ်) ချယ်ရီမြေ မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

Monday, June 11, 2007

Andymedes' Principle

(ဒီ Post ကို သူမပြောတဲ့ အတိုင်းကို ကျွန်တော်က နည်းနည်း ဖြည့်ပြီး ရေးထားပါတယ်။)

Archimedes' Principle တွင် ဤကဲ့သို့ ဆို၏။
``ရေထဲရှိ အရာဝတ္ထု၏ အလေးချိန်သည် ယင်းက နေရာယူလိုက်သော ရေ၏ အလေးချိန်
လျော့နည်းနေပေမည်
´´

Andymedes' Principle ကတော့ ဤသို့ ဆို၏။
``ပေါင်ချိန်စက်ပေါ်ရှိ ကလေး၏ အလေးချိန်သည် ယင်းကို ချီထားသော သူ၏ အလေးချိန်
ပိုနေပေမည်။
´´

ဒီလိုပါ။ ကလေး ငယ်သေးရင် ကလေးရဲ့ ကိုယ်အလေးချိန်ကို စောင့်ကြည့်နေရတယ်လေ။ မွေးကင်းစ ကလေးတွေအတွက် ပေါင်ချိန်စက်က ကလေးကို လှဲထည့်ထားဖို့ ဗန်းကလေးပါတယ်။ ဒါပေမယ့် အိမ်တွေမှာ ကလေးချိန်တဲ့ ပေါင်ချိန်စက်တော့ ဘယ်ရှိနိုင်ပါ့မလဲ။ ကျွန်တော်တို့ အိမ်မှာလည်း မရှိပါဘူး။ ဒါပေမယ့် အိမ်မှာတော့ လူကြီးတွေ ချိန်တဲ့ဟာတော့ ရှိပါတယ်။ အပျင်းပြေချိန်ဖို့ရော၊ ကျန်းမာရေးအတွက် ချိန်ဖို့ရောပါ။ ဒါပေမဲ့ သမီးလေးကို ချိန်ဖို့ကျတော မလွယ်ပါဘူး။ အဲဒါနဲ့ ချိန်ချင်ရင် ပေါင်ချိန်စက်ပေါ်ကို စာအုပ်ထူထူ တစ်အုပ် အရင်တင်။ ပြီးမှ ကလေးရေချိုးတဲ့ ဇလုံကြီးတင်တယ်။ ဇလုံက ပေါင်ချိန် (ဒိုင်ခွက်)ကို ကွယ်လို့ စာအုပ် အရင်တင်ရတာ။ ၂ခုပေါင်း အလေးချိန်ကို မှတ်။ ကလေးကိုတင်ပြီး မှတ်ထားတဲ့ အလေးချိန်ပြန်နှုတ်။ ရှုတ်နေတာပဲ။ လေကြောင်းခရီး သွားရင် Luggage တွေကို ဒီလိုပဲ ချိန်နေကျဆိုတော့ အကျင့်ပါသွားတာ။

အဲလိုနဲ့ တစ်နေ့ ကလေးကို ဆေးသွားစစ်ရတယ်။ တခြားကိစ္စ တစ်ခုအတွက်ဆိုတော့ သူတို့ပြောတဲ့ ဆေးခန်းမှာပဲ စစ်ရတယ်။ အဲဒီ ဆေးခန်းကလည်း များသော အားဖြင့် လူကြီးတွေ စစ်တာဆိုတော့ ကလေးပေါင်ချိန်စက် မရှိပါဘူး။ ဒါပေမယ့် နာစ်မလေးက အကြံကောင်းတော့ ကျွန်တော့်ကို ကလေးချီခိုင်းပြီး ပေါင်ချိန်စက်ပေါ် အရင်တက်ချိန်ခိုင်းပါတယ်။ ပြီးမှ လူကြီးချည်းပဲ တက်ပြီး ချိန်။ ပြီးတော့ ပြန်နှုတ်ပြီး ကလေးရဲ့ ပေါင်ချိန်ကို တွက်တာပါ။ ဟင်း... အဲဒီကျမှပဲ ကျွန်တော်တို့ ငတုံးလင်မယားလည်း နှစ်ယောက်သား ကြည့်ပြီး ရယ်နိုင်တော့တယ်။ ဒီလိုလုပ်လဲ ရတဲ့ဟာကို ကျွန်တော်တို့မှာ ရွှေဥာဏ်တော် စူးရောက်ပုံများ။

ဒါကြောင့် ဒီအဖြစ်လေးကို ဝေမျှလိုက်ရတာပါ။ သူများတွေကတော့ ကိုယ်လို အတွေးခေါင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အဖြစ်ကို သိရအောင်ပါ။ ဒါပေမဲ့ ကလေးရဲ့ ကိုယ်အလေးချိန်က ရွှေချိန်လိုပဲလေ။ Point ဂဏန်းလောက်ကလည်း အရေးကြီးတော့ Digital Scale ဆိုရင်တော့ ပိုကောင်းပါတယ်။

အဲဒါကို ကျွန်တော်က လူတတ်ကြီးလုပ်ပြီး Andymedes' Principle ဆိုပြီး တင်လိုက်တာပါ။

Sunday, June 10, 2007

Surfing Wife


ကိုယ့် မိန်းမအကြောင်း အတင်းပြောတဲ့ ယောက်ျားလောက် ဆိုးတာ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် ကျုပ် မနေနိုင်လို့ ပြောချလိုက်တော့မယ်။ ကျုပ်မိန်းမဗျာ Surf လုပ်တယ်။ Surf လုပ်တယ်ဆိုတာ ဟာဝါရီမှာ၊ Beach မှာ Surf လုပ်တာကို ပြောတာမဟုတ်ဘူးဗျ။ အိမ်မှာ Surf လုပ်တာ။ Internet မှာ Surf လုပ်တာကိုပြောတာဗျ။ နည်းနည်းပါးပါး Surf ရင် တော်သေးတယ်။ သူက ထစ်ခနဲဆို Surf ပြီ။ ဖျစ်ကနဲ ဆိုလည်း Surf ပြီ။ ဒီလိုဗျ ဘာလေးဖြစ်ဖြစ် သူက Internet မှာ အရင်ရှာလိုက်ရမှ။ ကျုပ် ၀မ်းသွားပြီဆိုလည်း ဘာကြောင့်လည်းဆို Surf ပြီ။ ဒါကြောင့် ဖျစ်ကနဲလည်း Surf တယ်ပြောတာ။ ဗေဒင်ယုံတဲ့ မိန်းမဆို ကျုပ်လက်ခံနိုင်သေးတယ်။ ဘာပဲလုပ်လုပ် မလုပ်ခင် ဗေဒင် မေးတယ်ဆိုတာ မိန်းမသဘာဝပဲ။ အခုတော့ဗျာ ဘာလုပ်လုပ် မလုပ်ခင် Surf လိုက်ရမှ။ အိမ်မှာ အ၀တ်လျှော်စက် ပျက်တော့လည်း Surf တယ်။ သူက ဧည့်ခန်းက ကွန်ပြူတာရှေ့ထိုင်ပြီး နောက်ဖေးက ကျုပ်ကို လှမ်းပြီး ဟိုဟာကြည့်၊ ဒီဟာကြည့် လှမ်းပြောနေတာပဲ။ တော်ရေ.. Filter ပိတ်နေလား စစ်ဆိုလို့ စစ်ရတယ်။ Solenoid (သံလိုက်ဘား)ကြောင့် ဖြစ်နိုင်တယ်၊ Solenoid ကိုကြည့် ဆိုလို့ ကြည့်ရတယ်။ သူ့အင်တာနက်ပြောသမျှကို နောက်ကကောင်က လိုက်လုပ်ရတယ်။

ဆေးမသောက်ခင်ဆိုလည်း Surf ပြီ။ ဆရာဝန်က သောက်လို့ရလို့ ပေးလိုက်တာကို သူက မယုံချင်သေးဘူး။ အရင် Surf လိုက်ရမှ။ ဒီဆေးက ဘာကြောင့် သောက်ရသလဲ။ ဘယ် Treatment လဲ။ ဒီဆေးက ဘယ်အချိန်မှာ မသောက်ရလဲ။ တွဲပေးလိုက်တဲ့ ဆေးတွေကော တည့်ရဲ့လား။ အစုံအစုံ။ ကလေးနှာခေါင်းပိတ်လည်း Surf တယ်။ သူ့ အင်တာနက် အဆိုအရ Air-Conditioner ကြောင့် နှာခေါင်းခြောက်တယ်ဆိုလို့ ကျုပ်မှာ Humidifier ပြေးဝယ်ရတယ်။ Humidifier ၀ယ်လာပြီးတော့လည်း ချက်ခြင်း မသုံးသေးဘူး။ အရင် Surf လိုက်သေးတယ်။ Humidifier ကြောင့် ဘာဖြစ်နိုင်တယ်၊ ညာဖြစ်နိုင်တယ်ဆိုတာကို Surf တယ်။ နောက်ဆုံး သူ့အင်တာနက်က Recommend လုပ်မှ သုံးတယ်။ ကလေးဘာဖြစ်ဖြစ် Surf ပြီ။ ပြီးတော့ Web Site တွေက အဆုံးမှာ သူတို့ တာဝန်မယူနိုင်တော့ "You should consult with your doctor" ဆို ဆရာဝန်နဲ့ ပြချင်ပြီ။ ကလေး နို့မှုန့်ဆိုလည်း Surf လုပ်ပြီး ယှဉ်ကြည့်လိုက်သေးတယ်။ နို့မှုန့်မှ မဟုတ်ပါဘူးဗျာ။ နို့သီးခေါင်းဆိုလည်း Surf ပြီးကြည့်လိုက်သေးတယ်။ စာကြည့်လိုက် ပုံကြည့်လိုက်နဲ့ ရှုပ်နေတာပဲ။ ကလေးပစ္စည်းဆို မ၀ယ်ခင် သူ့ အင်တာနက်မှာ အရင် တိုင်ပင်လိုက်ရမှ။

ကိုယ်ဝန်ရှိနေတုန်းကလည်း ကိုယ်ဝန်နဲ့မို့ ငြိမ်နေမယ် မထင်နဲ့ဗျို့။ ပို Surf တယ်။ ရှိရှိသမျှ Pregnancy related Site တွေ အကုန် ဖတ်တယ်။ တစ်ချို့ဟာတွေကိုဆို အပတ်စဉ် Surf တယ်။ ဟဲ့ ဟို Site လေးကောင်းတယ်ဆိုလို့ ကျုပ်မှာ Surf ရသေးတယ်။ ဒီ Site လေးကောင်းတယ်ဆိုတော့လည် ကျုပ်မှာ စိတ်ချမ်းသာအောင် လိုက် Surf ပေးရသေးတယ်။ လွန်ခဲ့တဲ့ တစ်နှစ် တစ်နှစ်ခွဲ လောက်ကပေါ့။ ဒီကောင်လေး Site ကောင်းတယ် ညည်းတို့နှစ်ကလား ဆိုပြီးပြလို့ ကြည့်လိုက်တယ်။ ညီလင်းဆက်ရဲ့ Blog ကို။ အဲဒီကတည်းက ကျုပ်မှာ Blog စွဲပြီး နောက်ဆုံး မနေနိုင်တော့ ကိုယ်ကိုတိုင် ဘလော့ဂ်ရတယ်။ အဲဒီလိုဗျာ သူ့ဘာသာသူ Surf တာမဟုတ်ဘူး။ ယုတ်စွအဆုံးဗျာ ဘလော့ဂ်တာတောင် သူ့က အရင် Surf လိုက်ရမှ။ ဟိုစာကြောင်းကတော့ နားမလည်လွယ်ဘူး။ ဒီစာလုံးကတော့ ဟိုလူ့ ထိခိုက်နိုင်တယ်နဲ့။ ကျုပ်က သူ့မစောင့်ဘဲ ရုံးကနေ ဘလော့ဂ်လိုက်ရင်တောင် သူက Surf လုပ်ပြီး ဟိုဟာလေးပြင်လိုက်ပါဦး။ ဒီဟာလေးပြင်လိုက်ပါဦးနဲ့။ အဲဒီလို မိန်းမဗျာ။

(Surfing = အင်တာနက်တွင် (ဦးတည်ရာ မရှိ) ဟိုဟိုဒီဒီ ကြည့်ခြင်း။ Surfing Internet နဲ့ Searching from Internet ကို အဓိပ္ပါယ်တူယူ ရောသုံးထားသည်။)

Monday, June 04, 2007

ဆိုင်ဂုံသို့ တစ်ခေါက်

ှ ဒီတစ်ခေါက် ကုမ္ပဏီက Incentive Trip အနေနဲ့ Vietnam နိုင်ငံ Ho Chi Min City ကို သွားကြပါတယ်။ ၂၀၀၄ ကုန်ခါနီးတုန်းကလည်း ကိုရီးယားသွားပေမယ့် ညားခါစ ဇနီးလေးကို စင်္ကာပူ ခေါ်လာပြီးမှ တစ်ယောက်တည်း မထားခဲ့ရက်တာနဲ့ မလိုက်ဖြစ်လို့ ဒီတစ်ခေါက်တော့ ကလေးရှိပေမယ့် လိုက်သွားဖို့ သူမကိုယ်တိုင်က တိုက်တွန်းတာနဲ့ လိုက်သွားဖြစ်ပါတယ်။ ဟုတ်တယ်လေ.. Pleasure နဲ့မသွားရင်လည်း Business နဲ့ သွားရသေးတာပဲ။ တကယ်တော့ Team Building Trip ပါ။ ဒါပေမယ့် အားလုံးက၀ိုင်း Vote ပြီး Director ကို (အချိန်မလောက်ဘူးတို့၊ ပင်ပန်းနေကြပြီတို့) လှမ်းပြောလိုက်တော့ Director က Team Building Exercise တို့ Presentation တို့ကို မလုပ်လည်းရတယ်လို့ ခွင့်ပြုလိုက်တော့ Trip ကြီးပဲ သီးသန့်ဖြစ်သွားတယ်။

ဒီတစ်ခေါက်တော့ အထုပ်လည်းသေး၊ ပြန်ပြီးတော့လည်း Claim လုပ်လို့မရတာနဲ့ လေဆိပ်ကို အသွားမှာ MRT (ရထား) နဲ့ပဲ သွားတယ်။ စင်္ကာပူ ရောက်စကတော့ MRT က လေဆိပ်ထိ ရောက်တာကို တော်တော် ကောင်းတယ်ဆိုပြီး ထင်မိတယ်။ Paris တို့ Hong Kong တို့၊ KL တို့မှာပါ ရထားက လေဆိပ်ထိ ရောက်တာကို သိရတော့ ဒါ (ရထား လေဆိပ်ထိ ရောက်တာ) ဟာ International လေဆိပ်တစ်ခု ရဲ့ အင်္ဂါရပ် တစ်ခုပါလားလို့ပဲ ထင်တော့တယ်။ လေဆိပ်မှာလည်း အစတုန်းက စစ်ဝတ်စုံ အပြည့်နဲ့ စစ်သားတွေ တွေ့ရင် မလုံမခြုံ ခံစားရပေမယ့် အခုတော့လည်း ပိုပြီးတောင် လုံခြုံသလို ခံစားရပါတယ်။ လူတွေ (အဲ... ကျွန်တော်) ရဲ့ Perception ဟာ အချိန်ကြာတာနဲ့ အမျှ ပြောင်းလဲတတ်ပါလားလို့ တွေးမိတယ်။

Ho Chi Minh နဲ့ Singapore က သိပ်မဝေးပါဘူး။ လေယာဉ်ပေါ်မှာ ရုပ်ရှင်တစ်ကားတောင် ပြီးအောင်မကြည့်ရပါဘူး။ ၁ နာရီခွဲလောက်ပဲ ကြာပါတယ်။ Ho Chi Minh လေဆိပ်က အပျံစား မဟုတ်ပေမယ့် ကျယ်ကျယ်ဝန်းဝန်း သပ်သပ်ရပ်ရပ် ရှိလှပါတယ်။ ကောင်းပါတယ်။ လေကြောင်းလိုင်း တော်တော်များများက လေယာဉ်တွေ ဆိုက်နေတာလည်း တွေ့ရပါတယ်။ Europe ကဆိုက်တဲ့ လေကြောင်းလိုင်းကတော့ Air France ပေါ့၊ Saigon က France လက်အောက်မှာ နေဖူးတော့ အခုထိလည်း အဆက်အဆံ ရှိနေပါသေးတယ်။Immigration ကလည်း Counter တွေတော်တော် များပြီး လမ်းညွှန်တွေက အဆင်ပြေပါတယ်။ Immigration Officer တွေရဲ့ Uniform ကတော့ ရဲဝတ်စုံလိုလိုပါ။ ပုခုံးပေါ်မှာလည်း အနီရောင်ဘားတွေနဲ့ ကြယ်တွေနဲ့ ဆိုတော့ မြင်တာနဲ့ ကွန်မြူနစ်နိုင်ငံ ရောက်နေတယ်ဆိုတာ မေးစရာမလိုပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ဦးထုပ်(အမာစား)တွေကို Counter တွေပေါ်မှာ သပ်သပ်ရပ်ရပ် တင်ထားတော့ ဘာရယ် ညာရယ် မဟုတ်ဘူး လူရှိန်တာပေါ့။ ကြည့်လို့လည်း ကောင်းပါတယ်။

လေဆိပ် အဆောက်အဦးထဲ က ထွက်လိုက်တာနဲ့ လူတွေ၊ လူတွေ ဆိုတာ နည်းတာမဟုတ်ဘူး။ သိပ်မကောင်းသေးတဲ့ လေဆိပ်ဆိုရင် ဒီလိုပဲ။ လာကြိုတဲ့သူတွေနဲ့ ကားတွေအတွက် ထည့်မစဉ်းစားထားဘူး။ လမ်းမပေါ် ရောက်တော့လည်း ဆိုင်ကယ်တွေဆိုတာ တစ်လမ်းလုံး အပြည့်ပဲ။ ကြိုမျှော်လင့်ထားပေမယ့် တကယ်တမ်းကျတော့ ထင်ထားတာထက် ပိုများပါတယ်။ ဘာနဲ့တူလည်းဆိုတော့ အရေးအခင်းတုန်းက လမ်းမပေါ်မှာ လူတွေနဲ့ ပြည့်နေသလိုပါပဲ။ ဖြည်းဖြည်း ဖြည်းဖြည်းပဲ မောင်းနိုင်ကြပါတယ်။ ယောက်ျား၊ မိန်းမ မရွေး ဆိုက်ကယ်မောင်းကြပါတယ်။ ဘယ်သူမှ Helmet မဆောင်းကြပါဘူး။ Tour Guide က ရှင်းပြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက လူတိုင်း Helmet ဆောင်းကြဖို့ အမိန့်ထုတ်ဖူးပါတယ်။ အမိန့်ထုတ်ပြီးတော့မှ ယာဉ်တိုက်မှုနှုန်းက ပိုများလာပါတယ်။ သဘာဝကျပါတယ်။ Helmet ဆောင်းထားတော့ မြင်ကွင်းကလည်း အပြည့်မမြင်ရ၊ အသံလည်း ကောင်းကောင်းမကြားရပါဘူး။Helmet မဆောင်းထားရင် မျက်စိ တစ်ချက်လှုပ်လိုက်တာနဲ့ ဘေးဘီကို ကောင်းကောင်းလည်း မြင်ရပါတယ်။မြို့တွင်းလမ်းတွေမှာ စက်ဘီး မောင်းတာထက် မပိုချင်တဲ့ နှုန်းနဲ့ ဖြည်းဖြည်းပဲ မောင်းလို့ရတာ ဆိုတော့ လဲကျလည်း ကိစ္စမရှိပါဘူး။ အဲဒါနဲ့ ဘယ်သူမှ Helmet မဆောင်းကြတော့ပါဘူး။ နေပူရင်တော့ ရိုးရိုး ဦးထုပ် ဆောင်းကြပါတယ်။ မိန်းကလေးတွေကတော့ လက်ရှည်တွေ၊ Mask တွေ ၀တ်ထားကြပါတယ်။ ကလေးတွေကလည်း ဆိုင်ကယ်နဲ့ ဖက်မွေးထားတဲ့ အတိုင်းပါပဲ။ အရှေ့မှာ ကောင်းကောင်း ထိုင်တတ်ကြပါတယ်။ တစ်ချို့ဆို အိပ်တောင် အိပ်နေပါတယ်။ ဆိုင်ကယ်တွေက များလွန်းတော့ အရမ်း Pollute ဖြစ်ပါတယ်။ လမ်းမပေါ်ရောက်ရင် အသက်ကောင်းကောင်းရှူလို့ မရပါဘူး။ လမ်းဘေးမှာ တစ်နေကုန် နေရတဲ့ ဆိုင်ထိုင်တဲ့ သူတွေပါ Mask တွေ ၀တ်ထားရပါတယ်။ လမ်းကူးရတာလည်း မလွယ်ပါဘူး။ Guide ပြောသလိုပဲ မျက်စိမှိတ်ပြီး တည့်တည့်သာကူးသွား ဆိုင်ကယ်တွေက ရပ်ရင်ရပ် မရပ်ရင် ရှောင်သွားကြပါတယ်။ မျက်စိတော့ မမှိတ်ပါဘူး၊ ဒီအတိုင်းပဲ ဖြည်းဖြည်း ကူးသွားရင် ရပါတယ်။ မင်းတို့ မြန်မာပြည်မှာရော ဆိုင်ကယ်တွေ ဒီလိုပဲလားလို့မေးတာကို ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးခွင့် မရှိဘူး ပြောပြတော့ အရမ်း အံ့သြကြပါတယ်။

ရောက်တဲ့နေ့မှာပဲ ညကျတော့ ဆိုင်ဂုံမြစ်ထဲက ရေပေါ်စားသောက်ဆိုင်မှာ ညစာစားကြပါတယ်။ ရန်ကုန်မှာဆိုရင် သခင်မြ ပန်းခြံလိုမျိုးနေရာမှာ ကပ်ထားပါတယ်။ Strand Hotel နားမှာမျိုးဆို ပိုမှန်မယ်ထင်တယ်။ Downtown နဲ့လည်းနီးတယ်၊ အနားမှာလည်း 5 stars hotel တစ်ခု(Renaissance Riverside Hotel) ရှိတယ်။ ဒီလိုပါပဲ သင်္ဘောပေါ်က စားသောက်ဆိုင်ပါ။ အထွေအထူးမဟုတ်ပါဘူး။ စားနေတုန်း မြစ်ကြောင်းတစ်လျှောက် စုန်ဆန်ကူးပါတယ်။ သင်္ဘောပေါ်မှာ အဆို၊ အကနဲ့ ဖျော်ဖြေပါတယ်။ သဘောင်္နှစ်စင်းတွေ့တာ နှစ်စင်းလုံး လူအပြည့်ပါပဲ။ ကျွန်တော်တို့ သင်္ဘောပေါ်မှာ ဂျပန်တွေရော ကိုရီးယားတွေရော ပါပါတယ်။ ကိုရီးယား ဘုန်ကြီးတွေက ညစာစား(ဘုန်းပေး)တယ်ဗျာ။ ဒီလောက်တောင် ပိုက်ဆံ သုံးနိုင်တဲ့ သူတွေ လာတာတွေ့တော့ အံ့သြတယ်။ ငမွဲတွေ၊ ဒါမှမဟုတ် သွားစရာ ကုန်သွားလို့ဖြစ်ရမယ်လို့တွေးနေသေးတယ်။ နောက်မှ သေသေချာချာ ပြန်ကြည့်တော့ ဟုတ်တာပဲ။ Barcelona မှာ ဘောလုံးပွဲ သွားကြည့်တဲ့သူတွေ၊ Paris သွားပြီး Eiffel Tower နဲ့ ဓါတ်ပုံ သွားရိုက်တဲ့ သူတွေက အသက်ငယ်ငယ် စုံတွဲတွေပဲ။ အခုဟာက အဘိုးကြီး၊ အဘွားကြီးတွေနဲ့ ဘုန်းကြီးတွေပဲ။ တတ်နိုင်သလောက်ကို နီးနီးနားနား သွားကြတာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မိဘတွေကိုလည်း ဒါမျိုးလေး လုပ်ပေးနိုင်ရင် ကောင်းမယ် တွေးမိသေး။ အဘွားကိုလည်း သွားသတိရသေးတယ်။ အိုး..သူတို့က ပုဂံက ဘုရားလောက်ဖူးရရင် ပျော်နေမယ် ထင်ထားရင်တော့ မှားသွားမယ်။ အသက် ၇၅ နှစ်ကျော်နေတဲ့ ကျွန်တော့် အဘွားကလည်း စင်္ကာပူ လာလည်းချင်သေးတယ်။ ဒါတောင် မလေးရှားနဲ့ ဘန်ကောက် ရောက်ဖူးပြီးသား။ သူ့ သား၊သမီးတွေ ခေါ်သွားတာ။ထားပါတော့။နောက်ပြီး ဘာမှာ မဟုတ်တာကို Tour Program တစ်ခု လုပ်ထားတာကိုလည်း တွေးမိသေးတယ်။ ရန်ကုန်မှာလည်း ဒါမျိုးလုပ်ပါသေးတယ်။ မအောင်မြင်လိုက်ပါဘူး။

ဟိုတယ်က Amara Hotel (Saigon) ပါ။ 4 Stars ပါ။ Downtown နဲ့ နည်းနည်းလှမ်းပါတယ်။ ရန်ကုန်မှာဆိုရင်တော့ စံပြလိုမျိုးမှာပေါ့။ စင်္ကာပူက အခွဲဆိုတော့ Singapore Style နဲ့ Singaporean တွေ အကြိုက်ပါပဲ။ Singaporean တွေလည်း တော်တော် လာတည်းကြပါတယ်။ Breakfast က ကောင်းပါတယ်။ ကျွန်တော့်အတွက်တော့ ဟိုတယ်တွေရဲ့ အဆင့်အတန်းကို Breakfast နဲ့ ဆုံးဖြတ်ပါတယ်။ အိပ်ခန်းကတော့ တစ်ခုနဲ့ တစ်ခု သိပ်မကွာကြပါဘူး။ ယုတ်စွအဆုံး Bath tub မပါတဲ့ အိပ်ခန်းပဲ ရှိပါမယ်။ ဒါလည်း ကိုယ့်အတွက် အရေးမကြီးပါဘူး။ Bath tub ထဲမှာ ရေစိမ်နေလောက်အောင် စိတ်မရှည်ပါဘူး။ အလွန် စုတ်ချာတဲ့ ဟိုတယ်ဆိုရင်တော့ အခန်းထဲမှာ အနံ့ တစ်မျိုးရှိမယ်။ ဒီလောက်ပါပဲ။ Breakfast ကတော့ နည်းနည်းဆို နည်းနည်း သိသာပါတယ်။ များများ ခွက်(ကပ်စေနည်း)လား၊ နည်းနည်းခွက်လားက Breakfast မှာ ပေါ်လွင်နေပါတယ်။ Amara Hotel က Breakfast ကောင်းပါတယ်။

Breakfast စားပြီးတော့ Ben Thanh Market ကို သွားပါတယ်။ Ben Thanh ဈေးက ရန်ကုန်မှာဆိုရင်တော့ ဗိုလ်ချုပ်ဈေးလို့ပေါ့။ Tourist တွေလာတဲ့ နေရာ။ ဥပစာ (Façade) ကတော့ ဗိုလ်ချုပ်ဈေးက ပိုသာပါတယ်။ အတွင်းကျတော့လည်း သူက ဗိုလ်ချုပ်ဈေးနဲ့ လှည်းတန်းဈေး ပေါင်းထားသလိုပဲ။ အရှေ့ဖက်တန်းတွေမှာတော့ Tourist တွေ ၀ယ်ဖို့တွေ ရှိပြီး၊ အနောက်ဖက်ကို ၀င်သွားတာနဲ့ အသုပ်ဆိုင်တွေရော၊ ချဉ်ဖက်ဆိုင်တွေရော ရောက်သွားပါတယ်။ အနောက်ဆုံးမှာတော့ ကုန်စိမ်းတန်းလိုပါပဲ။ တစ်ခု ထူးခြားတာက အပြင်ဖက် ပတ်လမ်း တစ်လျှောက်လုံးက အစိုးရဆိုင်တွေပါ။ ၀င်းသူဇာ လိုမျိုးပေါ့။ ဆိုင်ထိုင်တွေက Uniform ၀တ်ပါတယ်။ Fixed Price ပါ။ အတွင်းဖက်က ဆိုင်တွေမှာတော့ Bargain လုပ်နိုင်မှပါ။ ထုံးစံအတိုင်းပဲ ပုဂ္ဂလိက (Private) ဆိုင်တွေက ပစ္စည်းတွေက အရောင်အသွေး ပိုစုံပါတယ်။ Souvenir တွေကတော့ အတူတူပါပဲ။ အဲဒါနဲ့ စကားအပိုပြောစရာ မလိုတဲ့ အပြင်တန်းကပဲ ၀ယ်လာတယ်။ Polo Sport Shirt အတုတွေလည်း ၀ယ်လာသေးတယ်။ Vietnam Dong ၅ သောင်းခွဲပါ။ ၅ S$ ကျော်ကျော်ပေါ့။ မြန်မာငွေနဲ့ဆို ၄-၅ ထောင်လောက်ပေါ့။ Singaporean တစ်ချို့ကတော့ Fake မ၀တ်ဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ် လုပ်နေသေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ကို ၀ယ်တာပဲ၊ ဘာဖြစ်လဲ။ စင်္ကာပူက ဈေးအပေါဆုံး Hang Ten ထက်တော့ အများကြီး ကောင်းပါသေးတယ်။

ဆိုင်ဂုံမှာ ဒဂုံ(ရန်ကုန်ကို ပြောတာ၊ ဒဂုံမြို့သစ်ကို ပြောတာမဟုတ်)နဲ့ တူတာ တော်တော်များပါတယ်။ တိုက် အဟောင်းတွေက နည်းနည်းဆင်ပါတယ်။ သူတို့ကတော့ မျက်နာစာခွင် နည်းနည်း ကျဉ်းပါတယ်။ ၁၅ပေ၊ ပေ၂၀ ပဲ ရှိမှာပါ။ ရန်ကုန်မှာတော့ ၂၅ ပေ ရှိကြပါတယ်။ ဒီဓါတ်ပုံထဲက ရွှေဆိုင်တွေဆို လသာက ရွှေဆိုင်တွေနဲ့ တော်တော်တူပါတယ်။ မိတ္တူကူးဆိုင်တွေလည်း တော်တော်ရှိပါတယ်။ လဘက်ရည်ဆိုင်လိုမျိုးတွေလည်း ရှိပါတယ်။ သူတို့ကတော့ Cafe လို့ခေါ်တာပေါ့၊ ပြင်သစ်တွေလို။ အဆင်အတန်းကလည်း မျိုးစုံ ရှိပါတယ်။ လမ်းဘေး အိမ်ဆိုင်လေးကနေ Bar လိုလို Cafe တွေအထိပါ။ ဗီယက်နမ်လူမျိုး (လူငယ်)တွေက နေ့ခင်းဖက်မှာ အလုပ်လုပ်ပြီး ညဖက်ကျရင်တော့ Cafe သွားကြပါတယ်။ လမ်းဘေးက Cafe တွေက မြန်မာပြည်ကနဲ့ တော်တော်တူပါတယ်။ မတူတာတစ်ခုက သူတို့ထိုင်တဲ့ ခုံတွေက Plastic နဲ့ လုပ်ထားတဲ့ ပက်လက် ကုလားထိုင်လိုမျိုးပါပဲ။ ဗျက်ကျယ်ကျယ်၊ နည်းနည်း ပက်ပက်ပါ။ ခုံတွေ အကုန်လုံးကလည်း လမ်းမဘက် လှည့်ထားပါတယ်။ အင်း.. ကော်ဖီသောက်ရုံ သက်သက်လာတာတော့ မဖြစ်နိုင်ဘူး။

နေ့လည်စာ စားပြီးတော့ Cu Chi Tunnel ကို သွားကြပါတယ်။ Cu Chi Tunnel ဆိုတာ နာမည်ကျော်ပါပဲ။ အမေရိကန်တပ်တွကို ပြောက်ကျားနည်းနဲ့ မြေအောက်မှာ တွင်းတွေ တူးပြီးတိုက်တဲ့နေရာပါ။ ဆိုင်ဂုံသွားရင် မလည်မဖြစ်သွားရမယ့် နေရာပါ။ မြို့ထဲကနေ ၁ နာရီလောက် ကားနဲ့ သွားရပါတယ်။ ကျွန်တော်တို့ ရောက်သွားတော့ Bus ကားတွေက ၅ စင်းလောက်ရှိနေပါပြီ။ ကျွန်တော်တို့က ၂ စင်းဆိုတော့ တော်တော် လူစည်သွားပါတယ်။ အမြဲတမ်းပဲ အဲဒီလိုများလား မသိဘူး။ ရောက်တာနဲ့ အခန်းလေးတစ်ခန်းထဲမှာ လူစုပြီး Tour Guide က မြေပုံတွေ၊ ပုံစံငယ်လေးနဲ့ ရှင်းပြပါတယ်။ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပြီးတော့ Documentary တစ်ခွေပြပါတယ်။ ပြီးမှ တကယ့် စစ်စခန်းတွေ နေရာကို သွားကြပါတယ်။ Tunnel တွေရှိတဲ့ နေရာက အခုတော့ လူသွားတာ များလို့ တော အနက်ကြီး မဟုတ်တော့ပါဘူး။ လွယ်လွယ်ကူကူ သွားလို့ရသွားပါပြီ။ မြေအောက် လှိုဏ်ခေါင်းလေးတွေ ၀င်ပေါက်တွေက အင်မတန် သေးပါတယ်။ လူသေးသေး တစ်ကိုယ်စာ ၀င်လို့ရယုံပါပဲ။ လေ၀င်ပေါက်တွေက ဟိုးအတွင်းကနေ ၀ါးလုံးတွေနဲ့ သွယ်ထားတာပါ။ အပေါ်မှာ မြေကြီးတွေက ခြတောင်ပို့လိုမျိုး လုပ်ထားပါတယ်။ ကတုတ်ကျင်းတွေနဲ့လည်း ဆက်ထားပါတယ်။ ပြီးတော့ အနားမှာလည်း ထောင်ချောက်တွေ အများကြီးပါပဲ။ ထောက်ချောက်တွေက လူကိုချက်ချင်း သေစေနိုင်တဲ့ဟာမျိုးတွေရော၊ ဆူးတွေစူးပြီး ပြန်ထုတ်ရ ခက်တဲ့ ဟာမျိုးတွေရောပါ။ ချက်ချင်း မသေဘဲ ဒဏ်ရရတဲ့ အမေရိကန် စစ်သားတွေကို နောက်တန်းပြန်ခေါ်သွားတော့ နောက်တန်းက စစ်သားတွေလည်းကို ခြောက်လန့်နိုင်စေပါတယ်။ စိတ်ဓါတ် စစ်ဆင်ရေးပေါ့။ ပြီးတော့ ဆက်လျှောက်သွားကြတော့ သေနတ်ပစ်ကွင်း ရောက်သွားပါတယ်။ အဲဒီမှာ AK47 ပစ်မလား၊ M16 ပစ်မလား ပစ်လို့ရပါတယ်။ ကျည်တစ်တောင့်ကို ၁.၅ ဒေါ်လာလောက်ပေးရပါတယ်။ တစ်ခါပစ် ၁၀ တောင့်ပါ။ တစ်ချို့တွေ ပစ်ကြပါတယ်။ တစ်ချို့တော့ မပစ်ကြပါဘူး။ ခဏနားပြီးတော့ ဆက်သွားတော့ တကယ်ဝင်လို့ ရတဲ့ မြေအောက်လှိုဏ်ခေါင်းကို ရောက်သွားပါတယ်။ Tourist တွေ အတွက် ချဲ့ပေးထားတဲ့ နည်းနည်းလည်း တိုတဲ့ လှိုဏ်ခေါင်းပါ။ ကျွန်တော်လည်း ၀င်ကြည့်ပါတယ်။ Castrophobic ဖြစ်တဲ့ သူတွေတော့ လိုက်မ၀င်ကြပါဘူး။ချဲ့ပေးထားတယ် ဆိုတာတောင် တော်တော် ကျဉ်းပါတယ်။ လေးဘက်ထောက် သွားရတာပေါ့။ တကယ်ဟာဆို မိကျောင်းသွား သွားရတာဆိုပဲ။ ၁၅ မိနစ်လောက်ပဲ ကြာပေမယ့် နည်းနည်းတော့ ချောက်ချားစရာ ကောင်းပါတယ်။ မှောင်မှောင် ကျဉ်းကျဉ်းလေး ဘာမှလည်း မမြင်ရ၊ ဘယ်တော့များ အပြင် ပြန်ရောက်ပါ့မလဲ လို့ပဲတွေးပြီး သွားရပါတယ်။ ရှေ့ကလူကို ဖုန်းက အလင်းရောင်နဲ့ပဲ မြင်ရပါတယ်။ အမလေး ပြန်ထွက်လာတော့မှပဲ အသက်၀၀ ရှူလို့ ရပါတော့တယ်။ အထဲမှာလည်း အသက်တေှာူ့လို့ရပါတယ်။ မြေကြီး နံရံတွေကလည်း မာပါတယ်။ ခြောက်သွေ့ပါတယ်။ တကယ့် အတွေ့အကြုံ တစ်ခုပါပဲ။ တစ်နေကုန် တောထဲ လျှောက်သွားတာရယ်၊ လှိုဏ်ခေါင်းထဲ ၀င်လိုက်တာရယ်ကြောင့် လူလည်းပဲ တော်တော် စုတ်ပြတ်သွားပါတယ်။ ပလောပီနံဥပြုတ်နဲ့ ရေနွေးကြမ်း ကျွေးပါတယ်။ ဗီယက်ကောင်းတွေ စားတဲ့ အတိုင်းတဲ့။ မီးဖိုကလည်း မြေကြီးထဲမှာပါပဲ။ မီးခိုးကို ရေပိုက်သွယ်သလို သွယ်ပြီး အဝေးမှာ ထုတ်ပါတယ်။ ဒါမှ လေကြောင်းကကြည့်ပြီး ဗုံးကျဲရင် နေရာ လွဲအောင်ပါ။ ဗုံးတစ်လုံး တစ်လုံးကလည်း ကျဲလိုက်ရင် အကျယ် အ၀န်းက ပေ ၁၅၀ လောက်ရှိပြီး အနက်က ပေ၂၀-၃၀ လောက် ရှိတာဆိုတော့ မလွယ်ပါဘူး။ ဆေးရုံကလည်း မြေအောက်မှာပါပဲ။ တစ်ခုမှာ ကုတင် ၁ လုံး၊ ၂ လုံးလောက်ပဲ ရှိပါတယ်။ ဗုံးကျဲလို့ သေလည်း ၁ ယောက်၊ ၂ ယောက်ပဲတဲ့။ အဲဒီမှာပဲ ညနေခင်းသွားပါတယ်။

အပြန်ကျတော့ ဗီယက်နမ် ညစာနဲ့ ကျွေးပါတယ်။ ဟင်းတော်တော် များများကတော့ တရုတ်ဟင်းလိုလိုပါ။ ယိုးဒယား ကြာဆံသုပ်လိုလည်း ပါပါတယ်။ ဟင်းတစ်ခွက်ကတော့ အရင်က မစားဖူးပါဘူး။ ငါးရံ့ အကွင်းလိုက်ကို နာနတ်သီးနဲ့ ပြုတ်ထားတာပါ။ နည်းနည်း ချိုချို ချဉ်ချဉ်လေးပေါ့။ ကန်စွန်းရွက်လည်းပါတယ်။ တခြား အရွက်တွေလည်းပါတယ်။ တရုတ်တွေကတော့ မကြိုက်ပါဘူး။ သေချာပြီ
ဗီယက်နမ်ဟင်း စစ်စစ် ဖြစ်ရမယ်။ ငါးရံ့ကလည်း အနေတော်လေး၊ လတ်လည်းလတ်တော့ မွှေးနေတာပဲ။ ကိုယ်က ငါးရံ့နဲ့ ဒန့်သလွန်ချက်ရင် အရမ်းကြိုက်တော့ ငါးရံ့အလွမ်းပြေ စားခဲ့ရပါတယ်။ စင်္ကာပူမှာလည်း ငါးရံ့လိုမျိုး ရှိပါတယ်။ သူကတော့ အကောင်ကြီးပါတယ်။ မမွှေးပါဘူး။ Toman Fillet ပါ။ နောက် ဟင်းတစ်ခွက်က ငါးရှဥ့်ကို မြေအိုးထဲမှာ ပဲငါးပြာရည်နဲ့ ပေါင်းထားတာပါ။ ဒါလည်း စားလို့ကောင်းပါတယ်။ ဆိုင်ဂုံက မြစ်ဝကျွန်းပေါ်ဒေသ ချောင်းတွေ မြောင်းတွေ ပေါတော့ ငါး၊ပုဇွန်တွေ လတ်ပါတယ်။ မွန်ပြည်နယ်ဖက်နဲ့ ရာသီဥတုက တူတော့ သစ်သီးဝလံတွေလည်း ပေါပါတယ်။ ရာဘာပင်တွေတောင် တွေခဲ့သေးတယ်။ ဟင်းသီးဟင်းရွက်တွေလည်း ပေါပါတယ်။ ပြောရမယ်ဆိုရင်တော့ သဘာဝ အားဖြင့် စည်ပင်ဝပြောတဲ့ နေရာပါ။

နောက်တနေ့ မနက်ကျတော့ မဲခေါင်မြစ်ဝှမ်းကို သွားပါတယ်။ မဲခေါင်မြစ်က ငယ်ငယ်လေးတည်းက ကြားဖူးပြီး ဘာရယ်မဟုတ် ရောက်ဖူးချင်နေတာ အတော်ပဲ ဖြစ်သွားတယ်။ သွားချင်တာ နိုင်းမြစ်တော့ ကျန်သေးတယ်။ NGO တွေဘာတွေ လုပ်ရင်တော့ ရောက်ကောင်းရောက်သွားနိုင်တယ်။ မဲခေါင်မြစ်ဝှမ်းက ဆိုင်ဂုံကနေ တော်တော်ဝေးပါတယ်။ ၂နာရီခွဲလောက် ကားစီးရပါတယ်။ ရန်ကုန်ကနေ ညောင်တုန်းသွားသလိုပေါ့။ ညောင်တုန်းကလည်း ဧရာဝတီ မြစ်ကမ်းပါးမှာလေ။ မဲခေါင်မြစ်ကတော့ မြစ်ပီပီသသ ကျယ်ပါတယ်။ မြစ်ဝဆိုတော့ ပိုပြီးတော့ ကျယ်ပါတယ်။ ချောင်းသာသာ မြောင်းသာသာလောက်ကို Singapore River ပြောနေရတဲ့ Singaporean တွေအတွက်သာမက ဧရာဝတီမြင်ဖူးတဲ့ ကျွန်တော်တောင် တော်တော် ပျော်သွားပါတယ်။ သင်္ဘော(စက်တပ်လှေ) လေးတွေနဲ့ ကျွန်းတွေကို သွားကြပါတယ်။ တန့်ကြည့်တောင် သွားတုန်းက လှေစီးတာတို့၊ ဟင်္သာတသွားတုန်းက သင်္ဘောစီးတာတို့ ကိုတောင် ပြန်သတိရတယ်။ ဧရာဝတီ အလယ်ပိုင်းကတော့ သောင်ထွန်းတာနဲ့ တော်တော်ကျဉ်းသွားပါပြီ။ အခုဟာကတော့ တော်တော်ကြီးကို ကျယ်ပါတယ်။ မြစ်ထဲမှာ သဲတူးတဲ့သူတွေ၊ ပုဇွန်ထောင်တဲ့သူတွေ၊ ငါးဖမ်းတဲ့သူတွေ အများကြီးပဲ။ မြစ်တစ်စင်းဟာ ပါးစပ်ပေါင်း များစွာကို ကျွေးထားနိုင်တာပဲ။ တန်ဖိုးထားတတ်မယ်ဆိုရင်တော့ မြစ်တစ်စင်းဟာ လူ့အသက်ပေါင်းများစွာပါပဲ။ နားမလည်လို့ပဲ ဖျက်ဖျက်၊ သိရက်နဲ့ပဲ ဖျက်ဖျက် မြစ်ကို တိမ်ကောအောင်၊ ကျဉ်းအောင်လုပ်တာဟာ (သူ့ကိုမှီခိုနေတဲ့)လူတွေကို ငတ်အောင်လုပ်သလိုပါပဲ။ ထားပါတော့။ အဲဒါနဲ့ ကျွန်တော်တို့ကို ကျွန်းလေးတစ်ကျွန်းကို ခေါ်သွားပါတယ်။ အဲဒီမှာ အုန်းသီးနဲ့ သကြားလုံးလုပ်တာ ရှိပါတယ်။ အုန်းသားနဲ့ လုပ်တဲ့ ဇွန်းတို့၊ ယောက်မတို့လည်း ရောင်းပါတယ်။ Coconut Candy တော့ မ၀ယ်တော့ပါဘူး။ အိမ်မှာ ဘယ်သူမှလည်း စားမှာ မဟုတ်တာနဲ့။ နောက်တစ်ခါ တစ်ခြား ကျွန်းကို သွားကြပါတယ်။ အဲဒီမှာ ဒေသထွက် အသီးတွေနဲ့ ဧည့်ခံပါတယ်။ ဗီယက်နမ် မိသားတစ်စုက သီချင်းတွေ ဘာတွေ ဆိုပြီး ဧည့်ခံပါသေးတယ်။ Tip တော့ နည်းနည်း ပေးရတာပေါ့။ Singaporean တွေက သူတို့ကို သူတို့ ပြောနေကြတယ်။ ``Singaporean တွေနဲ့တွေ့ရင်တော့ သူတို့တွေ (သီချင်နဲ့ ဖျော်ဖြေတဲ့သူတွေ) တွက်ခြေကိုက်မှာ မဟုတ်ဘူး´´တဲ့။ Tip ပေးဖို့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး နောက်ဆုံးမှာ စည်းလုံ ညီညွတ်စွာပဲ အနည်းဆုံး ပေးဖို့ သဘောတူလိုက်ကြတယ်လေ။ မဲခေါင်မြစ်ဝှမ်းကို သွားတာ အပျော်ဆုံးကတော့ လမုတောတွေထဲမှာ လှေစီးရတာပါပဲ။ မြစ်ဝကျွန်းပေါ်ဆိုတော့ ချောင်းလက်တက်လေးတွေ၊ မြစ်လက်တက်လေးတွေ၊ ဒီရေတော၊ လမုတောတွေ ရှိပါတယ်။ အဲဒီ မြောင်းလက်တက်လေးတွေကနေ လှေစီးပြီး မြစ်မကြီးထဲကို သွားရတာပါ။ ဘေးမှာ အုန်းတောတွေ၊ လမုတောတွေနဲ့ ကြားထဲ ကျဉ်းကျဉ်းလေမှာ လှေစီးရတာ ပျော်စရာ ကောင်းပါတယ်။ မိကျောင်းတွေ ဘာတွေတော့ မရှိတော့ဘူးတဲ့။ မြစ်မထဲရောက်သွားတော့ လှေက တော်တော်လူးပါတယ်။ မြစ်ထဲမှာ ခဏလောက်နေတော့ သင်္ဘောပေါ် ပြန်တက်ရပါတယ်။ ကိုယ်နိုင်ငံမှာ ရှိပေမယ် မစီးခဲ့ရဖူးပါဘူး။ ဒီလို မြင်ကွင်းမျိုးကိုတော့ `နှလုံးလှ လူမိုက်´ မြန်မာ ကားထဲမှာ တွေ့ဖူးပါတယ်။

နေ့လည်စာကို အဲဒီမြို့မှာပဲ စားပြီးတော့ ပြန်လာကြပါတယ်။ ကားပေါ်မှာ ခဏအိပ်လိုက်၊ နိုးလိုက် ပါပဲ။ ဗီယက်နမ်က လမ်းတွေက ကျယ်ပါတယ်။ အလယ်မှာ ကားသွားဖို့ (Lane) ၂ လမ်း၊ ၃ လမ်း ရှိပြီး ဘေးမှာ ဆိုင်ကယ်တွေ အတွက်လမ်း ရှိပါတယ်။
လမ်းတွေကလည်း ညက်ပါတယ်။ မြို့တွင်းလမ်းတွေကလည်း ကောင်းပါတယ်။ Express က လည်းကောင်းပါတယ်။ Express ကတော့ Express နဲ့ သိပ်အတူကြီး မဟုတ်သေးပါဘူး။ နည်းနည်းကျဉ်ပြီး ကားတွေ၊ လူတွေ မပြတ်ပါဘူး။ မလေးရှားက Express တွေက ပိုကောင်းပါတယ်။ US က Express တွေကတော့ ပျင်းဖို့ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗီယက်နမ်က (မြန်မာပြည်နဲ့စာရင်) တော်တော် တိုးတက်နေပါပြီ။ Oliver Stone ရဲ့ Heaven and Earth ထဲက ဗီယက်နမ် မဟုတ်တော့ပါဘူး။ အဲဒီ ရုပ်ရှင်ထဲက ဗီယက်နမ်သူတွေလို မဟုတ်တော့ပါဘူး။ စစ်ကြောင့် လူ ၃ သန်းလောက်သေသွားတာ ဗီယက်နမ်မှာ ယောက်ျားနဲ မိန်းမ အချိုး မမျှခဲ့ပါဘူး။ စစ်ပြီးတော့ ဗီယက်နမ်မှာ ယောက်ျား ရှားသွားပါတယ်။ အဲတော့ ဗီယက်နမ်သူတွေက အိမ်ထောင်ပြုဖို့ ခက်သွားသလို အိမ်ထောင်ကိုလည်း အပြိုအကွဲ မခံနိုင်တော့ ယောက်ျားကို ပြုစုပါတယ်။ လုပ်ကျွေးပါတယ်။ အိမ်ထောင်မပြုတဲ့ သူတွေကလည်း ကိုယ့်ဘာသာ ရုန်းကန်ရတော့ ဗီယက်နမ်သူတွေဟာ တော်တော် Active ဖြစ်ပါတယ်။ Dependent ရုပ် မပေါက်ပါဘူး။ အခုဆိုရင် အဲဒီ မညီမျှတဲ့(လူဦးရေ)အချိုးဟာ အသက် ၆၅ နှစ်အထက် မှာပါ။ အသက် ၁၅ ကနေ ၆၄ ကတော့ အချိုးမျှပေမယ့် ဗီယက်နမ်သူတွေရဲ့ စိတ်ကတော့ မပြောင်းသွားပါဘူး။ ကိုယ့်ဘာသာကိုယ့် ရပ်တည်နိုင်ပါတယ်။ လူဦးရေ အချိုးပြောင်းသွားပေမယ့် ဗီယက်နမ်က ယောက်ျားတွေရဲ့ အချိုး (စိတ်ဓါတ်) ကတော့ မပြောင်းသွားပါဘူး။ ယောက်ျားရှားတယ် ရိုရိုသေသေ ဆက်ဆံလို့ပဲ ဆိုနေပါသေးတယ်။ ဗီယက်နမ်သူတွေကလည်း နိုင်ငံခြားသားတွေနဲ့ လက်ထပ်ကြပါတယ်။ ၁ နှစ်ကို အယောက် ၂ သောင်းလောက်က လက်ထပ်ကြတယ်ဆိုပဲ။ များသောအားဖြင့် ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့ကတဲ့။ စင်္ကာပူကလည်း ပါတယ်တဲ့။ မြန်မာ ၁ ယောက် ၂ ယောက်တောင် လက်ထပ်ထားတယ် ကြားဖူးတယ်။

ညနေကျတော့ ယွန်းထည်ဆိုင် တစ်ဆိုင်ကို သွားပါတယ်။ အလုပ်ရုံနဲ့ ဆိုင်နဲ့ တွဲထားတာပါ။ ယွန်းထည် ဘယ်လိုလုပ်လဲကိုပါ ရှင်းပြပါတယ်။ သူ့ယွန်းက အပြင်ပန်းကတော့ မြန်မာယွန်းထက် ညက်ပါတယ်။ ပိုချောတယ်၊ ပိုပြောင်လက်ပါတယ်။ အထဲကတော့ မြန်မာယွန်းကို ပိုကြိုက်တယ်။ မြန်မာယွန်းကတော့ ၀ါးဖျား၊ ၀ါးမျှင်လေးတွေကို ပုံဖော်ယက်ထားတာ။ သူတို့က သစ်သားကြီးနဲ့။ အဲဒီတော့ မြန်မာယွန်းထည်က ပိုလက်ရာဝင်ပြီး၊ သုံးရတာလည်း ပေါ့ပါးပါတယ်။ တစ်ခါတစ်လေလည်း ပုဂံက ယွန်းခွက်နဲ့ ရေသောက်ရတာ ကြိုက်ပါတယ်။ မွှေးလို့။ သူတို့ ယွန်းကတော့ အပြင်ကနေ ကမာခွံတွေကပ်၊ ကြက်ဥခွံတွေ ကပ်ပြီး ပုံဖော်တာလည်း ရှိပါတယ်။ တော်တော်ကြာကြာ လုပ်ယူရမှာပါ။ လက်မှုထည်ပါ။ အနုပညာထည်တော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ Mass Production ဆိုတော့။ ယွန်းဗန်းတစ်ခု ၀ယ်လာတယ်။ ဒါက မြန်မာယွန်း၊ ဒါက ဗီယက်နမ်ယွန်း ယှဉ်လို့ ရအောင်လို့။ ပြီးတော့ Saigon Square သွားကြတယ်။ Saigon Square က လဟာပြင်ဈေးလိုမျိုးပေါ့။ နှစ်ထပ်။ အထဲမှာ ဆိုင်ကျဉ်းကျဉ်းလေးတွေ။ တစ်ခြမ်းကို Mall ဆောက်နေတော့ တော်တော်ကျဉ်းသွားတယ်တဲ့။ မြန်မာပြည်က ရွှေ့သွားတဲ့ အထည်ချုပ်စက်တွေက လုပ်တဲ့ Tee Shirt၊ Sport Shirt တစ်ထည် နှစ်ထည်ကို ရင်နာနာနဲ့ပဲ (တစ်ဘက်ကလည်း ဈေးပေါလို့ ပျော်ပျော်နဲ့ပဲ) ၀ယ်လာတယ်။

နောက်တနေ့ကျတော့ ကိုယ့် အစီအစဉ်နဲ့ကိုယ် လည်ရတာပါ။ အဲတော့ War Museum ကို သွားပါတယ်။ ပြတိုက်က အခုမှ တိုးချဲ့နေတာပါ။ အပြင်မှာ လေယာဉ်တွေ၊ တင့်ကားတွေ၊ အမြောက်တွေ ပြထားပါတယ်။ အထဲမှာတော့ ဓါတ်ပုံတွေ ပြထားပါတယ်။ စစ်ရဲ့ အနိဌာရုံတွေကို တွေ့မြင်ရပါတယ်။ Pulitzer ဆုရ ဓါတ်ပုံကိုတော့ အခုမှပဲ ကြီးကြီး မြင်ဖူးပါတော့တယ်။ တချို့ပုံတွေကတော့ ကြက်သီးထစရာ ကောင်းလောက်အောင် ဆိုးရွားပါတယ်။ စစ်ထဲမှာပဲ ဒီလောက်တော့ သေကြေပျက်စီးမှာပေါ့လို့ ကိုယ်ချင်းမစာ မတွေးမိအောင် ချုပ်တီးလိုက်ရသေးတယ်။ လည်သင့်တဲ့နေရာပေမယ့် Presentation ညံ့ပါတယ်။ တစ်ဘက်သက်ဆန်တယ်လို့လည်း ခံစားရပါတယ်။ ရဲရဲကြီးတော့မဟုတ်ဘူး။ ကိုယ် အသေအချာ မသိတဲ့ဟာကို။ ပြီးတော့ မြို့လယ်ကောင်ကို သွားပါတယ်။ မြို့လယ်က Mall တွေကတော့ အပျံစားပါပဲ။ Europe Style ပါ။ အဆင့်အတန်းမီပါတယ်။ ကိုယ်လည်း မတတ်နိုင်တဲ့ Brand တွေဆိုတော့ ၀င်မကြည့်တော့ပါဘူး။ French ကိုလိုနီ လက်ကျန် Opera House ကိုလည်း ရောက်ပါတယ်။ Sydney က Opera House လို့ Iconic မဟုတ်ပေမယ့် သူက အသက် ၂ ဆ လောက်ကြီးပါတယ်။ သူက ၁၈၉၇ က ဆောက်တာပါ။ ရာစုနှစ် တစ်ခုတောင်ကျော်သွားပါပြီ။ Sydney က ဟာက Modern Architecture ပါ။ ၁၉၅၉ က ဆောက်တာပါ။ အဲဒီနောက် Notre Dame Cathedral ကို သွားပါတယ်။ အဓိကအားဖြင့် ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံရဲ့ မြို့လယ်ကောင် တည့်တည့်မှာပါ။ ဒါလည်း ပြင်သစ် လက်ကျန်ပါပဲ။ ၁၈၇၀ က ဆောက်တာဆိုတော့ တော်တော်ကြာပေမယ့် သူ့မူရင်း Paris က Notre Dame ကတော့ တော်တော်ကြီးကို ကြာသွားပါပြီ။ Paris ကဟာက နှစ်ပေါင်း ၈၅၀ ကျော်ကြာသွားပါပြီ။ အလောင်းစည်သူမင်း လက်ထက်လောက်က စဆောက်တာဆိုတော့ တစ်ချို့ ပုဂံ ဘုရားတွေထက်တောင် အသက်ကြီးဦးမယ်။ ခေါင်းလောင်းထိုးတဲ့ ခါးကုန်းကြီးတို့၊ Walt Disney က The Hunchback of Notre Dame တို့ကြည့်ဖူးထားတဲ့အတွက် Notre Dame ဆိုတာ အစိမ်းကြီးတော့ မဟုတ်ပါဘူး။ Paris က ဟာကိုတော့ အထဲထိ ရောက်ဖူးပေမယ့် ဒီဟာမှာတော့ အချိန်မရှိလို့ မ၀င်လိုက်ရပါဘူး။ ပြီးတော့ မြို့ထဲနည်းနည်းပတ်ပြီး ဆိုင်ဂုံမှာကောင်းတဲ့ ကော်ပြန့်ကြော်နဲ့ နေ့လည်စာ စားပြီး ပြန်လာပါတယ်။ ဒီနေ့က နေ့တ၀က်ပဲ အချိန်ရတာဆိုတော့ ပြီးတာနဲ့ ဟိုတယ်ပြန် ရေမိုးချိုးပြီး Check Out လုပ်ပြီး လေဆိပ်သွားဖို့ စောင့်နေပါတော့တယ်။ သဘောကောင်းတဲ့ မိုးက ဆိုင်ဂုံမှာ ၄ ရက်လုံး မရွာဘဲနဲ့ လေဆိပ်ထဲ ၀င်ပြီးမှာ ရွာချလို့ တော်သေးတယ်။

ပြန်လာထဲက သူမနဲ့ မိသားစုကို ဒီခရီးအကြောင်း ဖောက်သည်မချရသေးတော့ သူတို့က အရမ်းသိချင်နေပါပြီ။ ကျွန်တော်ကလည်း Blog မှာ ရေးမှ အသေအချာဖတ်ပါဆိုတော့ ကျွန်တော့်ရဲ့ အမာခံ ပရိသတ်ဖြစ်တဲ့ သူမက မပြီးသေးဘူးလား ဆရာကြီးရဲ့ဆိုတော့ တတ်နိုင်သလောက် မြန်မြန်ရိုက်ပြီး တင်လိုက်ပါတယ်။ လူကလည်း ဒီရက်ပိုင်း ဘယ်လိုမှ မအားတော့ နည်းနည်း အစပျိုးပြီး အဆုံးမသတ်နိုင်ဖြစ်နေတယ်။ အခုလည်း စာမစစ်၊ မတည်းဖြတ်ဘဲ တင်လိုက်ပါတော့တယ်။

ဓါတ်ပုံလည်း နည်းနည်း ရိုက်လာတယ်။

Film