Tuesday, July 31, 2007

ဌာနေ ပြောင်းချိန်

တောသူတောင်သားများအတွက် ရာသီဥတု အပြောင်းအလဲက အသက်တမျှ အရေးကြီးလေသည်။ သူတို့သည် ရာသီပြောင်းချိန်ဆို မပြောင်းမီ ကြိုတင် ပြင်ရ ဆင်ရ၏။ ရိတ်စရာ ရှိတာ ရိတ်၊ သိမ်းစရာရှိတာ သိမ်းရသည်။ နောင်လာမည့် ရာသီအတွက် အခုရာသီထဲက အချိန်မီ လုပ်စရာ ရှိတာ လုပ်ရသည်။ သူတို့မှာ မ၀င်လိုက်ရတဲ့ စာသင်ခန်းထဲက ရာသီတွေ အပြင် သူတို့ လုပ်ရမည့် အလုပ်နဲ့ သော်လည်းကောင်း ပေါ်မည့် ပေါမည့် သီးနှံတွေ အတွက် သော်လည်းကောင်း သူတို့ သတ်မှတ်ထားသည့် ရာသီတွေလည်း ရှိသေးသည်။ ဘာသာပြန်ဝတ္တု တစ်ခု ဖြစ်တဲ့ ချစ်စရာ အင်မတန်ကောင်းတဲ့ လိမ္မော်ရာသီ ၀တ္ထုတိုလေးကို သတိရသေးတော့သည်။ (ကွယ်လွန်သွားပြီဖြစ်တဲ့ ဒီစာရေးသူကိုတော့ အပြင်မှာ လဘက်ရည်ဆိုင် တစ်ခေါက် အတူ ထိုင်ဖူးပေမယ့် ကလောင်နာမည်ကတော့ ရေးတေးတေးပါပဲ။)

ကဗျာဆရာ၊ ပန်းချီဆရာနဲ့ ဓါတ်ပုံဆရာလို လူမျိုးတွေကတော့ ရာသီပြောင်းချိန်က သူတို့ အတွက် (အသက်တမျှ မဟုတ်ပေမယ့်) Masterpiece တွေ ထွက်လာနိုင်တာမို့ ဘ၀နဲ့ ချီပြီးတော့ အရေးကြီးတယ်လို့ ပြောနိုင်သည်။ ကုန်သည်၊ ပွဲစားတွေ အတွက်လည်း ရာသီ ပြောင်းချိန်က သူတို့ စည်းစိမ်နဲ့ ချီပြီးတော့ အရေးကြီးပြန်ရော။ ရာသီအပြောင်းအလဲမှာ မရင်းမိလိုက်လို့ ဒါမှမဟုတ် ရင်းမိလိုက်လို့ သူဌေးဖြစ်သွားတဲ့သူတွေရော မွဲပြာကျသွားတဲ့သူတွေရော တပုံတပင်။ မြို့က သူတွေမှာလည်း ဇလဗေဒ ရာသီဥတုတွေ အပြင် တခြားရာသီတွေရှိသေးသည်။ ဥပမာ Euro ရာသီ၊ World Cup ရာသီလိုမျိုးတွေပဲ ဖြစ်သည်။ ကျန်တဲ့ မြို့နေလူတန်းစား အတွက်တော့ ရာသီဥတု အပြောင်းအလဲက ထီးဆောင်(ဆောင်)ဖို့လောက်၊ အနွေးထည် လှလှ ၀တ်ဖို့လောက်ထက် ပို အရေးမကြီးပါဘူး။ နှာစေး ချောင်းဆိုး ဖြစ်ရင်တော့ `စပ်ကူး မတ်ကူး ကာလမို့´ဆိုပြီး အပြစ်ပုံချဖို့ သတိရလာလေသည်။ အလွမ်းဓါတ်ခံ ရှိရင်တော့ ရာသီပြောင်းချိန်မှာ အဖော်ကွာလို့ အပြင်ရော အတွင်းရော ဥပါဒ်ဝင် ဆိုပြီး လှလှ ပပ ပြောလို့ရသေးသည်။

ဒီလိုမြို့က ရုန်းရုန်း ကန်ကန် လူတွေ (အထူးသဖြင့် လခစား ၀န်ထမ်းတွေ) ရာသီပြောင်းချိန်ကို ဘာကြောင့်များ စိတ်မ၀င်စားနိုင်ရပါသလဲ။ သူတို့ (ကျွန်တော်တို့) အတွက်တော့ ရာသီထက် ဌာန ပြောင်းဖို့က အရေးကြီးနေလို့ပါပဲ။ အစိုးရ၀န်ထမ်းတွေကတော့ ဒီရုံးထဲမှာပဲ ဒီဌာနကနေ ဟိုဌာန ပြောင်းဖို့ ရာထူးတိုးဖို့ကို စိတ်ဝင်စားသည်။ ကုမ္ပဏီ ၀န်ထမ်းတွေကတော့ လစာ ပိုပေးတဲ့ နေရာကို ပြောင်းဖို့ အရေးကြီးသည်။ များသောအားဖြင့်တော့ ဌာန အပြောင်းအလဲက သူတို့ အတွက် ပိုမို ချောင်လည်စေသည်။ (ချောင်ပို့ ခံရသူတွေက လွဲရင်ပေါ့။)။ ဒီလို တစ်မြို့ထဲမှာပဲ မဟုတ်ပြန် တချို့တော့လည်း တိုးတက်အောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွှေမြို့တော်ကို ပြောင်းရွှေကြသည်။ တချို့တော့လည်း နိုင်ငံရပ်ခြားကို ထွက်ဖို့ ကြိုးစားကြသည်။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၆၀၀၀-၇၀၀၀ လောက်ထဲက ဒီလို ရေကြည်ရာ မြက်နုရာကို သွားလာနေကြတဲ့ Nomads တွေဟာ အခုခေတ်မှာလည်း တိဘက်တို့ ဘာတို့မှာ ရှိနေပါသေးတယ်။ Industralise ဖြစ်တာ မဖြစ်တာ အဓိက မဟုတ် လူတွေက ဒီလိုပဲ တစ်နေရာက တစ်နေရာကို အသက်ရှင်ဖို့ ပိုတိုးတက်ဖို့ ပြောင်းရွှေ့နေကြပြန်တယ်။

တောသူတောင်သားများ ရာသီပြောင်းချိန်မှာ အလုပ်များသလို မြို့က ရုန်းရုန်းကန်ကန် လူတွေလည်း ဌာနေပြောင်းဖို့၊ နေရာပြောင်းဖို့၊ မြို့ပြောင်းဖို့၊ နိုင်ငံပြောင်းဖို့ အလုပ်ပိုရပါတယ်။ စစ်တုရင်အရုပ်တွေလို ရွှေ့သူအကြိုက် ကိုယ့်မှာ ရှိနေမှပါ။ တစ်ကွက်ရွှေ့နိုင်တဲ့သူက တစ်ကွက်၊ တစ်တန်းလုံး ခုန်ပျံနိုင်တဲ့ သူက တစ်တန်းလုံး ကိုယ်သန်သလောက်၊ ကိုယ် အန္တရာယ် ကင်းသလောက်ပေါ့။ ကိုယ်ပြောင်းမယ့် ဌာနအကြိုက် ကိုယ့်မှာ ရှိနေဖို့ကတော့ အလိုအပ်ဆုံးပါပဲ။ အဲဒီနေရာမှာ လိုအပ်တာတွေ အကုန်လုံးကို ရင်ဘက်ထဲ၊ ခေါင်းထဲမှာ ထည့်သွားရမယ်။ ကိုယ်ပြောင်းမယ့် ဌာနအလိုက် ကိုယ်ရှင်သန်ဖို့ ယူဆောင်သွားရမယ်။ အဲဒီမှာ စားဖို့ သောက်ဖို့၊ ၀တ်ဖို့ ခင်းဖို့ အကုန်ယူသွားရမယ်။ အဲဒီမှာ ၀ယ်ဖို့ ချမ်းဖို့ ကျစ်ကျစ်ပါအောင် စုသွားရမယ်။ ရာသီပြောင်းသလို တစ်နှစ်မှာ ၃-၄ ခါမဟုတ် (တချို့အတွက်) တစ်ဘ၀လုံးမှာမှ တစ်ခေါက်လောက်ပဲ ဖြစ်ချင်ဖြစ်မယ်ဆိုတော့ ရာသီပြောင်းချိန်ထက် ဌာနေပြောင်းချိန်က ပိုအရေးကြီး၊ ပိုအလုပ်များနေပြန်တော့တယ်။

Friday, July 27, 2007

မောင်းပြန် တံခါး ယဉ်ကျေးမှု

အမေရိကားမှာ အလုပ်လုပ်ခဲ့တုန်းက ရုံးစားပွဲကနေ Restroom သွားချင်ရင် တံခါးက ၄-၅ ချပ်လောက် ဖြတ်ရတယ်။ တံခါးဖွင့်ဖို့ RFID Card ကို တတီတီနဲ့ ပြရတယ်။ တံခါးတွေက Mechanically အလိုလို ပြန်ပိတ်အောင် မောင်းပြန်တွေတပ်ထားပြီး တံခါးရဲ့ အလယ်လောက်မှာ ဖိဖို့ ဘားက ကန့်လန့်ဖြတ် အလျားလိုက် ရှိတယ်။ ရောက်စက ဖလံလေး ဆိုတော့ သူတို့ တံခါးကို ကိုယ့်အားနဲ့ မဖွင့်နိုင်ဘူး။ ကိုယ်လုံးတစ်ခုလုံးနဲ့ တွန်းပြီး မနည်း တွန်းဖွင့်ရတယ်။ ရုံးမှာတင် မဟုတ် ဘယ်သွားသွား မှန်တံခါးချပ်ကြီးတွေက ဒီလိုပဲ မောင်းပြန်တွေ တပ်ထားတယ်။ စင်္ကာပူ၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်လို အာရှနိုင်ငံတွေမှာ Sensor တွေနဲ့ လူလာရင် တံခါးနှစ်ဘက်စလုံး ဝေါကနဲ ပွင့်သွားပေမယ့် အေးတဲ့ အမေရိကားနဲ့ ဥရောပနိုင်ငံတွေမှာ လူတွန်းဖွင့်ရတဲ့ တံခါး၊ ဆုံလည် တံခါးတွေပဲ များတာ သတိထားမိတယ်။ အပူချိန်လည်း ထိန်းပြီးဖြစ်တယ်၊ Energy လျော့သုံးတော့ Environmental လည်း Friendly ဖြစ်တယ်။ ရုံးမှာတင် မဟုတ် ဘယ်သွားသွား ဒီလို မောင်းပြန် တံခါးတွေပဲ တွေ့ရတယ်။

အဲဒီမှာ သတိထားမိတာကတော့ ရှေ့မှလူက တွန်းဖွင်ပြီးရင် နောက်မှာ လူပါရင် နောက်ကို ငဲ့ကြည့်ပြီး တံခါးရွက်ကို ကိုင်ထားပေးတာပဲ။ နောက်မှာ အုပ်လိုက်ကြီး ပါလာရင် တံခါးကလည်း ဆွဲတံခါးဖြစ်ရင် ရှေ့ကလူက အထဲကို မ၀င်သေးဘဲ တံခါးမှူးလို စောင့်ပြီး တံခါးကို ဖွင့်ထားပေးတယ်။ အားလုံးကုန်မှ သူက ၀င်တယ်။ ဒီလို လုပ်တာ နောက်ကလူတွေကို သူ သိသိ မသိသိပါ။ ကိုယ်လည်း သူတို့နဲ့နေတော့ သူတို့ရဲ့ ကောင်းတဲ့ ယဉ်ကျေးမှုကို အတုယူပြီး လိုက်လုပ်တော့ ဒီလိုပဲ လွယ်လွယ် အကျင့်ဖြစ်သွားတယ်။

စင်္ကာပူမှာ အလိုလို ပွင့်တဲ့ တံခါးတွေ ပိုများပေမယ့် တချို့နေရာတွေမှာ ဒီလိုပဲ တွန်းဖွင့်ရသေးပါတယ်။ ဒါပေမယ့် သူတို့က ရှေ့က တွန်းဖွင့်ပြီး ၀င်သွားရင် နောက်မှာ ဘယ်သူပါလဲ အရေးမထားပါဘူး။ ခပ်တည်တည်ပဲ။ ကိုယ့်မျက်နှာကိုတော့ တံခါးက ဘန်းခနဲ မရိုက်တာ ကံကောင်း။ ကိုယ်က အကျင့်ပါနေလို့ တံခါးကို ရှေ့ကနေ ဖွင့်ပေးထား၊ ကိုင်ပေးထားရင်လည်း ခပ်တည်တည်ပါပဲ။ SMS အရိုက်မပျက်ဘူး။ Thanks တစ်လုံး ပြောဖို့ နေနေသာသာ ကိုယ်ကိုအရေးမစိုက်တဲ့ အပြင် ကိုယ့်ကို သောက်ပေါ မထင်သွားရင် ကံကောင်း။ ဘာဖြစ်လို့ ဒီလိုနေရာမှာ ကွာသွားရတာလဲ။ အရှေ့တိုင်းက ပိုယဉ်ကျေးရမှာ မဟုတ်ဘူးလား။ သူတို့ ဘိုးဘွားတွေ လက်ထက်က ဒီလိုမျိုး မဖြစ်ခဲ့ဘဲနဲ့ အခုမှ ကောက်ကာငင်ကာဆိုတော့ ဆိုဆုံးမမယ့်သူ မရှိလို့လား။ ဒါမှမဟုတ် အပြိုင်အဆိုင်များလို့ ကိုယ့်ဘက်ချည်းပဲ ကြည့်တာ အကျင့်ပါသွားလို့လား။ ဒါမှမဟုတ် သူ့တိုရဲ့ အချိန်တွေက ရွှေလို အဖိုးတန်နေလို့လား။ ဒါမှမဟုတ် ရှေ့ကလုပ်ပြမယ့်သူ မရှိလို့လား။

ဒီလို နေတာ ထိုင်တာ ယဉ်ကျေးမှုလို့ မသိသေးသရွေ့ ဒီအသိုင်းအ၀ိုင်းထဲမှာ နေရင်တော့ အပြည့်အ၀ ၀င်ဆန့်မှာ မဟုတ်ဘူး။ သိတာတောင် လိုက်မလုပ်ရင်လည်း အရိုင်းအစိုင်း ဖြစ်နေဦးမှာပဲ။ ကိုယ်တင်လည်း ဒီလိုပဲ ဖြစ်ဖူးတယ်။ ကိုယ့်ကို Thanks ပြောလိုက်ရင် You are welcome ပြောဖို့ မသိခဲ့ဘူး။ သိတာတောင် နှုတ်က ဆွံ့အနေသေးတယ်။ လွယ်လွယ်နဲ့ မပြောဖြစ်ဘူး။ အင်္ဂလိပ်စကား ပြောတာကို သောက်ရူးလို့ သတ်မှတ်ထားတဲ့ နိုင်ငံက လာတဲ့သူလည်းဖြစ်၊ ကိုယ့်ဟာကိုယ်လည်း သိအောင် တတ်အောင် မလုပ်တော့ ဒီလိုပဲ ဖြစ်ရတာပေါ့။ သူငယ်ချင်းတွေလည်း ဒီလိုပဲ Welcome တစ်လုံး ပြန်ပြောဖို့ကို နှုတ်လေးနေတယ်ဆိုတာကို အရက်သောက်ရင်းနဲ့တော့ ၀န်ခံဖူးကြပါတယ်။ တချို့ကျတော့လည်း သိမယ့်သိ Thanks ပြောလိုက်ရင် Sure ဖို့က စသိတယ်။ ဘယ်လိုနေရာမှ Sure ပြောရမယ် ဘယ်လိုနေရာမှာ Welcome ပြောရမယ်ဆိုတာကို မချိန်တော့ဘူး အားအားရှိ Sure တော့တာပဲ။

Thursday, July 26, 2007

ရဲယိုရွက် ငါးပေါင်းထုပ်

စင်္ကာပူမှာ ငါးပေါင်းထုပ် လုပ်စားတယ်ဆိုတော့ ဟုတ်ပါ့မလား တွေးကောင်း တွေးမယ်။ ဒါမှမဟုတ် မလေးရှားက Otah ကိုများပြောတာလား။ သူက ငါးကို ချေပြီး အုန်းနို့တို့ (ဆန်မှုန့်တွေဘာတွေ ပါသေးလားတော့ မသိဘူး) ငရုတ်သီးတို့ ဘာတို့နဲ့ နယ်ပြီးတော့ အုန်းရွက်ထဲ ထည့်ပြီးတော့ ကင်စားရတာလေ။ Otah က လတ်လတ်ဆတ်ဆတ် ဆိုရင် ကျွန်တော် ကြိုက်ပါတယ်။ လမ်းဘေးမှာ ကင်ရောင်းတဲ့ ဟာတွေကတော ဆိုးဆေးတွေများ ပါမလားလို့ ဆိုပြီး မစားပါဘူး။ မလေးက ပြန်လာတဲ့ သူတွေက ၀ယ်လာပေးတဲ့ ဟာကတော့ အင်မတန် ကောင်းပါတယ်။ သူက ပိုများတယ်။ ကော်ဗူးထဲမှာ ထည့်ထားတာဆိုတော့ အုန်းရွက်တွေ ဘာတွေနဲ့တော့ ကင်လို့ မရဘူးပေါ့။ Oven ထဲ ထည့်ပြီး ကင်စား ဖုတ်စားလိုက်တယ်။

ကျွန်တော်တို့ လုပ်စားတာကတော့ မြန်မာ ငါးပေါင်းထုပ်ပါ။ အဓိက လိုအပ်တာ ဖြစ်တဲ့ ရဲယိုရွက်ကို ကျွန်တော်တို့ နေတဲ့ နေရာနားမှာ ခူးလို့ရတော့ လုပ်စားဖြစ်ပါတယ်။ သွားခူးကြတော့ သူမက Environmental Act နဲ့ ငြိပြီး ဒါဏ်ငွေ တပ်ခံရမှာ စိုးလို့ ခပ်လန့်လန့် ဖြစ်နေပါသေးတယ်။ စင်္ကာပူက Fine City ဆိုပြီး နာမည်ကျော် (Notorious) ဖြစ်တာကိုး။ အရွက်ရတော့ ငါးဝယ်ပါတယ်။ ဒီမှာ Toman Fillet ဆိုပြီး ငါးရံ့လိုမျိုး ရှိတော့ အဆင်ပြေပါတယ်။ အရသာကတော့ နည်းနည်းပေါ့ပါတယ်။ ပြီးတော့ စပါးလင်လည်း ဒီမှာ ရနိုင်ပါတယ်။ ဆန်မှုန့်ကတော့ မြန်မာပြည်ကပါ။

ရဲယိုရွက်ကို ရေဆေးပြီး စစ်ထားပါတယ်။ ငါးကို လက်သည်းခွံလောက်ဗျက်၊ လက်တစ်ဆစ်လောက် အရှည်နဲ့ မထူမပါး အတုံးလေးတွေ လှီးထားပါတယ်။ ဆား၊ ဆနွင်း နယ်ထားပါတယ်။ ကြက်သွန်နီကိုလည်း အဲဒီလောက် တုံးထားပါတယ်။ စပါးလင်ကိုတော့ ရင့်တာတွေ ဖယ်လိုက်ပြီး ကြိတ်စက်ထဲ ထည့် ကြိတ်လိုက်ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ နည်းနည်းလည်း ထည့်ရပါတယ်။

ဇလုံကြီးကြီး တစ်ခုထဲမှာ ငါးတုံးတွေကို ထည့်၊ ကြိတ်ထားတာတွေ၊ လှီးထားတဲ့ ကြက်သွန်နီထည့်ပါတယ်။ ဆန်လှော်မှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းစာလောက် ထည့်ပါတယ်။ ငရုတ်သီး အရောင်တင်မှုန်း ၁ ဇွန်း၊ ဆီ ၅ ဇွန်း (နယ်လိုက်တဲ့ အခါမှာ ဆီရွှဲနေရပါမယ်) ငါးပိ လက်တစ်ဆစ်၊ ငံပြာရည် နည်းနည်း၊ ဆားနည်းနည်း သင့်တော်သလို ချိန်ထည့်ပြီး နှံနေအောင် နယ်ပါတယ်။

ရေဆေးထားတဲ့ ရဲယိုရွက်ထဲကို ထည့်ပြီး ထုပ်ပါတယ်။ ကျွန်တော်တို့ကတော့ Sandwich Bag ပလတ်စတစ်အိတ် သေးသေးလေးတွေထဲကို ထည့်ပြီး ထုပ်ပါတယ်။ အယူသည်းရင်တော့ Plastic က ကင်ဆာဖြစ်မှာ စိုးရင် ဖက်နှစ်ရွက်ကို သွားကြားထိုးတံနဲ့ လုံအောင် ထုပ်လည်း ရပါတယ်။ ဆီတော့ နည်းနည်း ယိုပါမယ်။ ဒီလို ပလတ်စတစ်နဲ့ လုပ်လို့ အန္တရာယ်ရှိလည်း ဆေးလိပ်တစ်ဘူး သောက်သလောက်တော့ ဖြစ်မယ် မထင်ပါဘူး။ ထားပါတော့။ ပြီးတော့ Rice Cooker မှာ ပါတဲ့ ပေါင်းချောင်နဲ့ ထည့်ပြီး နာရီဝက်ကျော်ကျော်လောက် ပေါင်းပါတယ်။ ပြီးရင်တော့ ဆန်မှုန့်တွေက ကျက်သွားလို့ လုံးနေပြီး အရသာ လေးလေး ငါးဖတ်တွေရယ်၊ ကြက်သွန်နီဖတ် ချိုချိုရယ်ကို ဆီနဲ့ အိနေတဲ့ ရဲယိုရွက်နဲ့ စားလို့ရပါပြီ။ ချောင်းဆိုးနေရင်တော့ ရဲယိုရွက်က ကောင်းတယ်တဲ့။ မကြိုက်ရင်လည်း ဖယ်စားလို့ ရပါတယ်။

၃၈ဖြာ မင်္ဂလာ

သူငယ်ချင်းလိုလည်း ခင်တဲ့၊ ဆရာတစ်ဆူလိုလည်း မင်တဲ့ တေးအေးရိပ်က Tag လာလို့ ဒီ Post ကို တင်လိုက်ပါတယ်။ အစကတည်းက ရေးဖို့ အစီအစဉ်ရှိပေမယ့် ဒီခေါင်းစဉ်အောက်မှာတော့ မဟုတ်ပါဘူး။ ကလေးအကြောင်းတွေ ရေးနေတာဆိုတော့ ကလေးနဲ့တော့ ပက်သက်ပါမယ်။ ကျွန်တော်က ဘာသာရေးမှာ အားနည်းတော့ အမှားပါသွားရင် တောင်းပန်အပ်ပါတယ်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ယုံကြည်ထားတာတော့ ဒါန၊ သီလနဲ့ ဘာဝနာ ပွားများရင် ကောင်းရာလားပါတယ်။ ကျွန်တော့်အတွက် ဘာဝနာပွားများဖို့လောက်ထိ မတတ်နိုင်သေးပေမယ့် ဒါနကတော့ ကြုံရင်ကြုံသလို လုပ်ဖြစ်ပါတယ်။ သီလကတော့ တစ်ပါးမဟုတ် တစ်ပါး၊ တစ်ပါးပြီး တစ်ပါး နေ့တိုင်း ကျိုးနေပေမယ့် ၅ပါးသီလထဲက တစ်ပါးပါး လုံမယ်ဆိုရင်ကောင်းတယ် ဆိုပြီး တတ်နိုင်သလောက်တော့ ထိန်းသိမ်းပါတယ်။ ခေတ်ကြီးကိုက ရော့ပတ္တမြား ရော့နဂါးဖြစ်နေတော့ ဒီလို သီလလုံလို ဘာအကျိုးများ ထူးမှာလဲလို့ မေးရင်တော့ ဒီလို ဈေးတွက် တွက်တဲ့လူကိုတော့ လောကီကိစ္စတွေနဲ့ ကျွန်တော် ပြောပြလို့တော့ ရပါတယ်။ သေချာတာကတော့ အရက်သောက်ပြီး ကားမောင်းရင် မတော်တဆဖြစ်ဖို့ ပိုများတယ်။ လမ်းလျှောက်ရင်တောင် တည့်တည့်မတ်မတ် လျှောက်နိုင်မှာ မဟုတ်ဘူး။ ကာမေသု မိစ္ဆာစာရာကံ မလုံရင် သာယာတဲ့ အိမ်ထောင်ရေးရနိုင်မှာ မဟုတ်ဘူး။ ဒီလို ဒီလို ခေတ်ကြီးနဲ့ ဆီလျော်အောင်တော့ ပြောလို့ရပါတယ်။

နောက်တစ်ခါ ငါးပါးသီလလိုပဲ လောကီအကျိုးရော၊ လောကုတ္တရာအကျိုးရောပါ များစေမှာကတော့ မင်္ဂလာတရားတော်နဲ့ အညီ နေထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီ ၃၈ ဖြစ် မင်္ဂလာတရားတွေဟာ ဘုရားဟောထားတာလည်းဖြစ်တယ်။ Universal Truth လိုမျိုး ဘယ်လိုတွေးတွေး၊ ဘယ်လို အသုံးချချ ကိုယ့်အတွက် ကောင်းဖို့ ချည်းပါပဲ။ အဲဒီအတွက် ဗုဒ္ဓဘာသာဝင်ရယ်လို့ ဖြစ်လာရင် - ဖြစ်လာရင်ဆိုတာ ဒီလိုပါ။ လူမမယ် ကလေးအရွယ်ကနေ အရွယ်ရောက်ပြီး မှတ်တတ် ကျိုးကြောင်း ဆင်ခြင် တွေးတတ်တတ်တဲ့ အရွယ်ရောက်လာတာနဲ့ ဘုရားရှိခိုးတွေ ဘာတွေ သင်ပြီးတာနဲ့ ၃၈ဖြာ မင်္ဂလာတွေကို ကျက်မှတ်ရပါတယ်။ ကံကောင်းချင်တော့ (လား ဘုရားစာတွေ သီချင်းလို အရပ်ထဲမှာ ရွတ်တာ ဆုတ်ကပ် ဆိုက်လာတာလားတော့ ဉာဏ်မမီပါဘူး) ၃၈ ဖြာ မင်္ဂလာတွေက ကဗျာလေးလို ရွတ်နေလို့ ရတော့ ကလေးတွေ အတွက် မှတ်ဖို့ လွယ်သွားပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဒီလိုပဲ ကျက်လာတာ ဆိုတော့ တချို့ အပိုဒ်တွေ ရင်ထဲမှာ ရှိနေပါသေးတယ်။

ကျွန်တော့်မှာ အင်မတန် ချစ်စရာကောင်းတဲ့ တူမလေးနဲ့ တူလေးတစ်ယောက် ရှိပါတယ်။ တူမလေးက အကြီးပါ။ ပြောရင်တော့ ယုံမှာ မဟုတ်ဘူး။ သူက စကားစပြောတတ်တဲ့ အရွယ်ကတည်းက မေဆွိရဲ့ `မောင်´ VCD ကို ကြည့်ပြီး `မောင်..........´ ဆိုပြီး ဆွဲဆွဲ ငင်ငင် ဆိုတတ်နေပါပြီ။ သူကို ထိန်းတဲ့ ကလေးထိန်း ကောင်မလေးက VCD တွေပြ သီချင်းတွေ နားထောင်၊ လိုက်ဆို လုပ်နေကြတာပါ။ အဲဒီတော့ သူ့အမေ (ကျွန်တော့် အစ်မ တစ်ဝမ်းကွဲ) က ၃၈ဖြာ မင်္ဂလာ ကဗျာရွတ် ပါတဲ့ VCD လေးတစ်ခွေ ၀ယ်ပေးထားပါတယ်။ ပြီးတော့ ည အိပ်ယာဝင်ခါနီးတိုင်း ဖွင့်ပြတော့ ကလေးလေးတွေက လိုက်ဆိုရင်းနဲ့ အကုန် ရသွားပါတယ်။ ကျွန်တော်တို့တောင် ကျောင်းနေပြီး အလယ်တန်းလောက်မှာ ရတာကို သူက မူကြိုတောင် မတတ်သေးပဲနဲ့ ၃၈ ဖြာ မင်္ဂလာကို အလွတ်ရနေပါပြီ။ သားချော့တေးလိုမျိုး ဖြစ်နေတော့ ညအိပ်ခါနီး နားမထောင်ရရင်တောင် ကလေးတွေက ဖွင့်ပေးဖို့ ပြောကြပါတယ်။ ဒါလေးတွေ နားထောင်ပြီး အိပ်ကြတာပါ။ အနောက်တိုင်းက ယုံကြည်ထားတာတော့ ကလေးလေးတွေကို တီးလုံးလေးတွေ သီချင်းငြိမ့်ငြိမ့်လေးတွေ ဖွင့်ပေးထားရင် ကလေးက ပိုတိုးတက်တယ်လို့ပါ။ အဲဒီတော့ ကျွန်တော်တို့ကလည်း FM Radio လေးတစ်လုံကို အိပ်ခန်းထဲ ထည့်ထားပြီး တခါတလေကျရင် တီးလုံးချည်းပဲ လာတဲ့ လိုင်းကို တိုးတိုးလေး ဖွင့်ပေးထားပါတယ်။ သမီးလေး နည်းနည်း ကြီးလာရင်တော့ ရန်ကုန်ကနေ တကူးတကန့် မှာထားတဲ့ ၃၈ဖြာ မင်္ဂလာ VCD လေးကို ဖွင့်ပြရပါဦးမယ်။

၃၈ဖြာ မင်္ဂလာတရားတော် အကြောင်းနဲ့ အနက်ကို မျက်လုံးက ဒီမှာ ရေးထားပါတယ်။

၃၈ဖြာ မင်္ဂလာကဗျာကိုတော့ တေးအေးရိပ်က ဒီမှာ ရေးထားပါတယ်။

ကျွန်တော်က Introvert ဖြစ်တော့ အပေါင်းအသင်းမဆန့်လို့ ကျွန်တော့်ကို Tag Game လာဆော့ရင် မှားမှာပဲ။ Tag Game ပီသအောင်ရယ်၊ သူများ အမြင်ပါ သိရအောင်ရယ်၊ ၃၈ဖြာ မင်္ဂလာ အကြောင်း ပိုသိရအောင်ရယ်တော့ တစ်ယောက်ကို Tag လိုက်မယ်။ သူကတော့ အကြောင်းအရာ အစုံအလင်ကို နိုင်နိုင်နင်းနင်း ရေးနိုင်တဲ့ မဂျစ်တူး ပါပဲ။

Post တင်နေတုန်း ကိုဖြိုးဝေကျော်က ပေါ်လာလို့ သူ့ကိုပါ Tag လိုက်တယ်။ ။

ဂျစ်တူးက ၃၈ဖြာ မင်္ဂလာကို (ငယ်ငယ်ထဲက ဒီရောက်နေလို့) မသိဘူးဆိုတော့လည်း မပန်ဒိုရာကို Tag လိုက်တယ်။

Wednesday, July 25, 2007

သမီးလေး ဖွားစဉ်က (၇)

၃၁ ရက်နေ့

ထုံဆေးရဲ့ Side Effect တွေကြောင့် သူမ ညသန်းခေါင် ကျော်တဲ့ အထိ ကောင်းကောင်း အိပ်လို့ မရပါဘူး။ ခြေထောက်တွေက ညောင်းသလို ဖြစ်နေပြီး ဘယ်လို နေနေ အထာမကျသလို ဖြစ်နေပါတယ်။ သွေးကျသလို ဖြစ်လို့ ကုတင်ပေါင်ပေါ် တင်ပေးထားလို့လည်း မရဖြစ်နေပါတယ်။ နာစ်မကို ခေါ်ပြောတော့ နာစ်မက အကိုက်အခဲ ပျောက်ဆေးနဲ့ အိပ်ဆေးလိုမျိုး ပေးသွားပါတယ်။ ဆေးသောက်ပြီး ခဏနေတော့မှ အိပ်ပျော်သွားပါတယ်။ ကျွန်တော်လည်း ဘေးက ကုတင်မှာ တက်အိပ်လိုက်တယ်။ တစ်နေကုန် ပင်ပန်းထားတာ ဆိုတော့ အိပ်မောကျသွားပါတယ်။ မနက် ၅ နာရီလောက်ကျတော့ မွေးမဲ့သူတစ်ယောက် လာမယ်ဆိုတော့ ကျွန်တော်ထလိုက်ပါတယ်။ သူမကို ရေတွေဘာတွေ တိုက်ပြီး သူမ ပြန်အိပ်ပျော်သွားတော့ ကျွန်တော် အိမ်ပြန်လိုက်ပါတယ်။ အိမ်ရောက်တော့ အမေတို့ကို ၇-၈ နာရီလောက်ကျရင် သွားဖို့ ပြောထားပြီး ကျွန်တော် ဆက်အိပ်လိုက်ပါတယ်။

အဲဒါနဲ့ အဖိုးနဲ့ အဖွားက ဆေးရုံ လိုက်သွားပါတယ်။ ဆေးရုံမှာ သူမကို Meal အတွက် ဘိုစာ စားမလား၊ တရုတ်စာ စားမလားဆိုတော့ သူမက တရုတ်စာ ရွေးလိုက်ပါတယ်။ တရုတ်စာ တစ်ခုက ငါးနဲ့ သင်္ဘောသီးအမှည့်ကို ပြုတ်ထားတာပါ။ အမေ နို့ထွက်ကောင်းတယ်၊ အနာကျက်လွယ်တယ်ဆိုပဲ။ နေ့လည် ကျွန်တော်ပြန်ရောက်ပြီးတော့ နာစ်မတစ်ယောက်က ကလေးကို ခေါ်လာပေးပါတယ်။ အနှီးထဲမှာ အသေအချာ ကျပ်နေအောင် ထုပ်ထားပါတယ်။ နို့အစမ်းတိုက်ကြတဲ့အခါ ကလေးက တစ်ရက်သားပဲ ရှိနေပေမယ့် ကောင်းကောင်းစို့တတ်နေပါပြီ။ အမေဗိုက်ထဲမှာကတည်းက သူ့လက်ကို သူစုပ်လာတာဆိုတော့။ အမေကတော့ နို့မထွက်သေးပါဘူး။ မမြင်မစမ်းနဲ့ နို့ကို ပြတ်ပြတ်..ပြတ်နဲ့ လိုက်စို့နေတာ အင်မတန် ချစ်စရာ ကောင်းပါတယ်။
ကံကောင်းချင်တော့ အိမ်သာချက်က ပျက်သွားလို့ ကျွန်တော်တို့ကို နောက်တစ်ခန်း ရွှေ့ပေးလိုက်တော့ ကျွန်တော်တို့ချည်းပဲ တစ်ခန်း ပြန်ဖြစ်သွားပြန်ရော။ နာစ်မတွေကလည်း များသောအားဖြင့် ဖီလစ်ပိုင်ကပါ။ အတွေ့အကြုံများပြီး သဘောကောင်းပါတယ်။ ကလေးကိုလည်း ကျင်ကျင်လည်လည် ကြင်ကြင်နာနာ ကိုင်တွယ် ပြုစုတတ်ပါတယ်။

သူမလည်း သိသိသာသာ နေကောင်းသွားပါပြီ။ နာစ်မက ကလေးကို လှည်းလေးထဲမှာ ခေါ်လာပြီး ကျွန်တော့်ကို နို့ဘူးတိုက်နည်း၊ လေထုတ်နည်း သင်ပေးပါတယ်။ နို့ဘူးက ဆေးရုံသုံး အသင့်ဖျော်ပြီးသာ ၁၀၀ မီလီလီတာ ပုလင်းပုလေးပါ။ Sealed လုပ်ထားတဲ့ နို့ပုလင်းကို သောက်ခါနီးမှ ရေနွေးစိမ် နွှေးထားပြီး တစ်ခါသုံး နို့သီးခေါင်းကို စွတ်ပြီး တိုက်ရတာပါ။ ခရီးတွေဘာတွေ သွားရင်တော့ ဒီလို ပုလင်းမျိုးလေးတွေက တော်တော် အသုံးဝင်မှာမို့ သေချာ ကြည့်လိုက်တော့ Hospital Use Only ဆိုပြီးတွေ့လိုက်ပါတယ်။ အပြင်မှာတော့ ၀ယ်လို့ မရလောက်ဘူး။ တစ်တောင်သာသာ ရှိတဲ့ အနှီးထုပ်လေးထဲက ကလေးကို ရဲရဲပဲ လက်ပေါ်တင်ပြီး နို့တိုက်၊ ပြီးတော့ မှောက်ပြီး ကျောကုန်းလေးကို ပုတ်ပေးပြီး လေထုတ်ပေးပါတယ်။ အသည်းယားစရာ ကောင်းပေမယ့် ကောင်းကောင်းပဲ ကိုင်တွယ်လိုက်နိုင်ပါတယ်။ ဒီလိုပဲ ကလေးကို လာခေါ်သွားလိုက်၊ ပြန်လာပေးလိုက်နဲ့ပါ။ တနေကုန် အမျိုးနည်းနည်းရယ်၊ အသိဧည့်သည် တချို့နဲ့ ရုံးက ဧည့်သည်တချို့လာလည်ပြီး လက်ဆောင်တွေဘာတွေ ပေးသွားပါသေးတယ်။ အိမ်ကလူတွေလည်း မိုးချုပ်မှ ပြန်သွားကြပါတယ်။ ဒီနေ့လည်း ကျွန်တော် ဆေးရုံမှာပဲ အိပ်လိုက်ပါတယ်။


ဧပြီလ ၁ ရက်နေ့

ဒီနေ့တော့ ဆေးရုံက ဆင်းလို့ ရပါပြီ။ ကလေးက အသားဝါနည်းနည်း ရှိနေတော့ သွေးဖောက်စစ်ထားပါတယ်။ အခြေအနေကောင်းရင် ဆေးရုံက ဆင်းရမယ်လို့ အစောကြီးက လာပြောထားပါတယ်။ နောက်တော့ ကလေးရော အမေရော ကျန်းမာတာနဲ့ ဆေးရုံက ပေးဆင်းပါတယ်။ ကလေးမှာ အသားဝါရှိနေသေးတော့ နေရောင်ပြရမယ်လို့ ပြောပါတယ်။ ပြီးတော့ ကျွန်တော်က Reception သွားပြီး ပိုက်ဆံ သွားရှင်းပါတယ်။ အားလုံးပေါင်း စင်္ကာပူဒေါ်လာ ၄၀၀၀ ကျော်ကျော်ကျပါတယ်။ ဒီမှာ အံဆုံးနှုတ်တာရယ်၊ ကပ်လျှက်သွားကို အမြစ်ထုပ်ပြီး ပြန်စွပ်တာရယ်လုပ်တာ ၂ထောင်ကျော် ကျတယ်ဆိုတော့ ကလေးတစ်ယောက်မွေး ၄၀၀၀ က မများဘူး ပြောလို့ရတာပေါ့။ သားဖွားဆရာဝန်ကြေး၊ ကလေးအထူးကုကြေး၊ မေ့ဆေးဆရာဝန်ကြီးကြေး၊ Midwife နာစ်မကြီး နှစ်ယောက်ကြေး၊ ကလေး ဗာဟီရအတွက်ရယ်၊ ဆေးဖိုးရယ်ကနေ ဆီးအိတ်အထိ ကိုယ့်အတွက် သုံးသမျှကို အကုန် စာရင်းတို့ထားပြီး အကုန်တွက်တာပါ။ အစက ကျွန်တော်က ၁ သောင်းလောက် ကျမယ်ထင်ထားတာ ဆိုတော့ မဆိုးလှပါဘူး။ မြန်မာပြည် ပြန်မွေးလည်း လေယာဉ်ခနဲ့ဆို အဲလောက်တော့ ကျသွားမှာပဲလေ။ မပြန်ခင် ဆေးရုံက ပေးတဲ့ ကလေးပြုစုနည်း၊ ရေချိုးနည်း၊ နို့တိုက်နည်း သရုပ်ပြနေတာ သွားကြည့်လိုက်ပါသေးတယ်။ ရေချိုးတာကလည်း အခု စာရေးနေတဲ့ အချိန်အထိ အဘွားကပဲ ချိုးပေးတာ ဆိုတော့ ကျွန်တော်တို့ တခါမှ မချိုးပေးဘူးသေးပါဘူး။ အဲဒါနဲ့ မွန်းမတည့်ခင်လောက်မှာ ကျွန်တော်တို့ မိသားစုကလေး အိမ်ပြန်ကြပါတော့တယ်။ ဆေးရုံစသွားတုန်းကတော့ လင်မယားနှစ်ယောက်.. ပြန်လာတော့ ကလေးလေးတစ်ယောက် တိုးလာပြီဆိုတဲ့ အသိက အင်မတန် ဆန်းကြယ် နွေးထွေး ကြည်နူးဖို့ကောင်းနေပါတော့တယ်။

Tuesday, July 24, 2007

သမီးလေး ဖွားစဉ်က (၆)

ည ၈ နာရီခွဲ

ကလေးကို နာစ်မကြီးက သန့်ရှင်းပေး၊ နွေးနွေးထွေးထွေးဖြစ်အောင် ထုပ်ပိုးပေး၊ ပေါင်တွေ ဘာတွေ ချိန်ပေးနေချိန်မှာပဲ ဆရာဝန်ကြီးက သူ့ကိစ္စကို အပြီးသတ်နေပါတယ်။ ကလေးအမေ အသစ်စက်စက်ကလေးကတော့ သူ့ကို ချုပ်ချက်နေပေမယ့် နာကျင်မှုလည်း မရှိတော့၊ စောစောကလို ညှစ်စရာလည်း မလိုတော့ မူးမူးနဲ့ ဒီလိုပဲ လှဲနေပါတယ်။ ဆရာဝန်ကြီး လုပ်နေတာကို သွားစပ်စုလို့တောင် နာစ်မက `ဟဲ့ နင်ကြည့်ရမှာ အဲဒီမှာ မဟုတ်ဘူး... ဟိုမှာ ကလေး´ ဆိုပြီး ကလေးထားတဲ့ နေရာကို ခေါ်သွားပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ ကလေးကို ကြည့်လိုက် အမေချမ်းနေတာကို သွားဖိပေးလိုက်နဲ့ ဗျာများနေပါသေးတယ်။

အားလုံးပြီးသွားတော့ နာစ်မတွေက ရှင်းလင်းစရာ ရှိတာတွေ ရှင်းလင်းနေတုန်း ဆရာဝန်ကြီးက အရှင် (ဒီစကားလုံးကြီးက ရေးရတာ တစ်မျိုးကြီးပဲ။ ဒါပေမယ့် ဒါဟာလုပ်ထုံးကိုး။) တစ်ယောက် မွေးဖွားကြောင်း ထောက်ခံချက် Form/Certificate ကို ဖြည့်နေပါတယ်။ မမွေးခင်ကတည်းက နာစ်မကြီးက အမေနာမည်ပါတဲ့ ကော်ခြေပတ်လေး (Wristband ခေါ်မလား) ကို သေသေချာချာလာပြပြီး စစ်ခိုင်းပါတယ်။ မွေးလာပြီးတော့ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ ချက်ချင်း ခြေထောက် နှစ်ဖက်စလုံးမှာ အသေအချာ ပတ်ပေးလိုက်ပါတယ်။ ဆေးရုံမသွားခင်ကတည်းက ကျွန်တော်ကို ကလေးမွေးပြီးတာနဲ့ ကလေးမျက်နှာကို သေသေချာချာ မှတ်ဖို့၊ ဓါတ်ပုံရအောင် ရိုက်ဖို့ သူမက အထပ်ထပ် မှာထားပါတယ်။ သူမ တစ်ခုခုကြောင့် မေ့နေတဲ့ အချိန်မှာ ကလေးမှားသွားမှာ စိုးလိုတဲ့။ ကျွန်တော့်ကလေး ညိုညိုလေးနဲ့ ဒီက တရုတ်ကလေးတွေ မမှားလောက်ပါဘူး ပြောပေမယ့် သူမကတော့ စိတ်ပူပြီး မှာပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်က ဓါတ်ပုံလည်း ရိုက်ပြီးပြီ။ အသေအချာလည်း မှတ်ထားပါတယ်။

၉နာရီ ကျော်ကျော်လောက်ကျတော့ ဆရာဝန်ကြီးက သူကိစ္စတွေ အားလုံးအဆုံးသပ်ပြီး Congratulation ထပ်လုပ်၊ ကျွန်တော်ကလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောပြီးတော့ သူက ခဏနေ ကလေးဆရာဝန် လာလိမ့်မယ်ဆိုပြီး ကလေးကို နည်းနည်းပါးပါး စစ်ဆေးပေးပြီး ထွက်သွားပါတယ်။ တအောင့်နေတော့ နာစ်မတွေလည်း ထွက်သွားပါတယ်။ ကျွန်တော်လည်း အခန်းအပြင် ခဏထွက်ပြီး အဲဒီနားက Vending Machine မှာ ကျွန်တော့်အတွက် Coffee တစ်ခွက်ရယ်၊ သူမအတွက် Milo တစ်ခွက်ရယ် သွားယူပါတယ်။ သူမကတော့ သိပ်မသောက်နိုင်ပါဘူး။ ထုံဆေး အရှိန်နဲ့ကြောင့် မူးနေပြီး အန်ပါတယ်။ နာစ်မကတော့ ဆေးတစ်လုံး တိုက်သွားပါတယ်။ ဒါပေမယ့် နေလို့တော့ မကောင်းသေးပါဘူး။ ဒီလိုနဲ့ အခန်းထဲမှာ ကျွန်တော်တို့ မိသားစု ၃ ယောက်ပဲ (အခုတော့ မိသားစုလို့ ခေါ်လို့ ရပြီပေါ့) ရှိနေပြီး ခုနက အလုပ်ရှုပ်နေတဲ့ အခန်းဟာ တချက်တချက် ကလေးငိုသံကလွဲရင် တိတ်ဆိတ်နေပါတယ်။ ၁ နာရီလောက် စောင့်တာတောင် ကလေးဆရာဝန်က ပေါ်မလာတော့ ကျွန်တော်လည်း စိတ်ပူတာကနေ စိတ်မရှည်တော့ပါဘူး။

ည ၁၀ နာရီ

ဒီလောက် စောင့်နေတာတောင် ဘယ်သူမှ ပေါ်မလာတော့ ကျွန်တော်လည်း စိတ်တိုပြီး မွေးခန်းအပြင် ထွက်သွားပြီး ဒါက ဘယ်လိုလဲ.. ဘယ်လိုလုပ်မှာလဲ သွားပြောပါတယ်။ နာစ်မတစ်ယောက်ကတော့ ခဏလောက် သည်းခံပါ။ ဆရာဝန်ကို ဖုန်းဆက်ထားပါတယ် ပြန်ပြောပါတယ်။ ၁၀ မိနစ်လောက်နေတော့ ကိုယ်ရွှေ Pediatrician က ပေါ်တော်မူလာပါတယ်။ သူကြည့်လိုက်တော့လည်း စုတ်စုတ်ပြတ်ပြတ် နုန်းနုန်းဖတ်ဖတ်နဲ့ ကတိုက်ကရိုက် ရောက်လာပါတယ်။ ဆေးရုံကတော့ ကြုံရာ ဈေးသက်သာတဲ့ ဆရာဝန်နဲ့ ထိုးထည့်ပေးလိုက်ပြီထင်တယ်။ လူကို ကြည့်ပြီး မကြည်ညို ပါဘူးဆိုမှ စကားလည်း ပြောရော ကျွန်တော် သေချင်စိတ် ပေါက်သွားပါတယ်။ (အခြောက်သံနဲ့ ဖတ်ပါ)။ `ဟဲ.. ဒက်ဒီ.. ကွန်ဂရက်... မာမီရော.. ကျန်းမာရဲ့လား.... ဟင်.. ကလေးလေးက.. ချစ်စရာလေးပါလား... ဘေဘီ.. ဘေဘီ... ဒေါက်တာ.. ချက်ချက် (Check) လုပ်မယ်...အင်း.. အားလုံး ကောင်းတယ်။ ဒေါက်တာ... ဂျက်ဂျက် (Injection) ... လုပ်မယ်.... ´ ပြောပြောဆိုဆိုနဲ့ ကလေးကို ကာကွယ်ဆေး တစ်လုံး ထိုးလိုက်ပါတယ်။ ကလေးကိုလည်း နားတွေ မျက်လုံးတွေစစ်၊ တစ်ကိုယ်လုံးစစ် လုပ်ပါတယ်။ ချက်ကြိုးကို ဆေးတွေ ဘာတွေထည့် လုပ်ပါသေးတယ်။ ကျွန်တော်လည်း သူကို တစ်ချက်တော့ ပြုံးပြပြီး လူက ပင်လည်း ပင်ပန်း၊ စိတ်လည်း ရှုပ်နေတော့ ဒီအတိုင်းပဲ ကြည့်နေလိုက်ပါတယ်။ (တကယ်တော့ အဲဒီ ဆရာဝန်က ကလေး အထူးကု သမားတော်ကြီးပါ။ တစ်နေကုန် ဆေးခန်းမှာ ပင်ပန်းခဲ့ရပြီး ကြည့်ရတာ တခြားဆေးရုံလည်း ပြေးထားရတယ်နဲ့ တူတယ်။ ပြီးတော့ ကလေးတွေကလည်း အဲဒီလို ပြောတာ ပိုကြိုက်မှန်း နောက် သူ့ဆေးခန်းကို ပုံမှန် သွားမှပဲ သိရပါတော့တယ်။) သူဟာသူ ပြောချင်တာ ပြော၊ လုပ်စရာ ရှိတာလုပ်ပြီးတော့ ကျွန်တော့်ကို Congrats ထပ်လုပ်ပြီး၊ ကျွန်တော်ကလည်း ထုံးစံအတိုင်း Thanks ပြန်လုပ်ပြီးတော့ ဆရာဝန်က ပြန်သွားပါတယ်။ ဒီလို အပြေးအလွှား လာကြည့်ပေးတဲ့ အတွက်တော့ Professional Fees ၂၅၀ ပေးရပါတယ်။ ဆေးရုံက ဆင်းတော့ ပိုက်ဆံတွေ အကုန်တွက်မှ သိရတာပါ။

ခဏနေတော့ နာစ်မ တစ်ယောက်က တွန်းလှည်း ကုတင်တစ်ခု ယူလာပြီး ကျွန်တော့် အကူအညီနဲ့ နှစ်ယောက်သား သူမကို ဒီဘက် မွေးကုတင်ကနေ အဲဒီဘက်ကို ရွှေ့၊ နာစ်မက ကလေးကို သေသေချာချာ ပြန်ထုပ်ပေးပြီး ကလေးကို အမေဘေးမှာ တင်ပြီး မွေးခန်းထဲကနေ ထွက်ပါတယ်။ Nursing Ward ကို အခုမှပဲ သွားနိုင်ပါတော့တယ်။ ကလေး အဘိုးနဲ့ အဘွားလည်း ကုတင်ကို ၀ိုင်းတွန်းပေးပြီး ကလေးနဲ့ အမေကို အခုမှ ကြည့်ရပါတော့တယ်။ ကိုယ့်ကိုယ်ကို အဖြစ်ဆိုးလှပြီ၊ ကြာလှပြီ ထင်နေတာ အပြင်ရောက်တော့မှ သိရတာက သူမနဲ့ အတူတူ ဆေးသွင်းထားတဲ့ ကလေးအမေ နှစ်ယောက် သုံးယောက်က အခုထိတောင် မွေးခန်းထဲ မ၀င်ရသေးဘူး။ မနက်တုန်းက အတူတူ အပြင်ဘက်မှာ စိတ်ပူပြီး ယောက်ျားအချင်းချင်း တစ်ဦးကို တစ်ဦး အားပေးစကားပြော အလာပ သလာပ ပြောနေကြတဲ့ အခုတော့ ကိုယ်က ကလေးရော အမေရော ကျန်းကျန်းမာမာ ဆိုတော့ သူတို့ကို ကြွားသလိုလို၊ အားပေးသလိုလို နှုတ်ဆက် ပြုံးပြလိုက်ပါတယ်။ ဘာလေးလဲလို့ မေးလာတော့ မိန်းကလေးပါ.. အခုရော (သားအိမ်က) ဘယ်လောက်ပွင့်ပြီလဲ ပြန်မေးတော့ တစ်ယောက်က ၈၊ ကျန်တဲ့ တစ်ယောက်က ၇ နဲ့ ပြန်ဖြေပါတယ်။ သြော်.. အဲလောက် မလွယ်ပါလား... တော်သေးတယ်။ ကံကောင်းလို့။ သူတို့က အင်္ဂုလိမာလသုတ် မရွတ်လို့ပဲ ဖြစ်ရမယ်ဆိုပြီး သင်ပေးချင်စိတ်တောင် ပေါက်သွားသေးတယ်။

ည ၁၁ နာရီ

Nursing Ward မှာ ကလေးတွေ ချည်းပဲ ထားတဲ့ အခန်းက သတ်သတ် ရှိပါတယ်။ ခန်းမကျယ်ကြီးပါ။ မှန်ပတ်ပတ်လည် ကာထားတော့ အကုန် မြင်နေရပါတယ်။ (မိဘတွေ အပါအ၀င်) အပြင်လူတော့ ၀င်ခွင့် မရှိပါဘူး။ အထဲမှာ ကလေးလှည်းလေးတွေ ကလေး ကုတင်လေးတွေ တန်းစီထားပြီ။ ရေချိုးတဲ့ အခန်း၊ အသားဝါရင် ပြရတဲ့ Ultra-Violet မီးချောင်းတွေ ရှိတဲ့ အခန်း၊ တစ်ခြား အခန်းသေးသေးလေးတွေ ရှိပြီး နာစ်မလေးတွေ ၄-၅ ယောက် ကလေးပေါက်စလေးတွေနဲ့ အလုပ် ရှုပ်နေတာကို အပြင်ကနေ မြင်နေရပါတယ်။ ကလေးကို Register လုပ်၊ ခြေထောက်က အမေနာမည် ရေးထာတဲ့ အပတ်လေး (Wristband) ကို ခိုင်မခိုင် စစ်ပြီး အမေနာမည် မှန်မမှန် ထပ်ကြည့်ခိုင်းပါတယ်။ အမေနို့တိုက်မှာလား နို့ဘူးတိုက်မှာလားပါ မေးတော့ အမေနို့တိုက်မယ်လို့ ပြန်ဖြေလိုက်ပါတယ်။ ပြီးတော့ ကလေးကို အထဲခေါ်သွားပါတယ်။ အခုလေးတင်မွေးပြီး အခုမှ တွေ့ရပေမယ့် ကိုယ့်သမီးလေနဲ့ အခုလို ချက်ချင်း ခွဲရမယ်ဆိုတော့လည်း စိတ်တော့ မကောင်းပါဘူး။ ပြီးတော့ ကိုယ့်ကလေးကို သူတို့တွေ ဂရုစိုက်ပါ့မလား။ (အတူတူချင်းတောင်) တခြားကလေးကနေများ ရောဂါတွေ အဖျားတွေ ဘာတွေများ ကူးမလားဆိုပြီး တွေးပူလိုက်ပါသေးတယ်။ ကလေးမျက်နှာကိုလည်း သေချာအောင် ထပ်မှတ်လိုက်ပါသေးတယ်။ တကယ်တော့ ထူးခြားတဲ့ အမှတ်အသား ရှာပေမယ့် Vacuum ဆွဲထားလို့ ခေါင်းပေါ်က အဖု အကွင်းကြီးကလွဲရင် တခြားဟာ မရှာတတ်တော့ မမှတ်လိုက်ရပါဘူး။ ကလေးကို ထားခဲ့ပြီးတော့ အမေအခန်းကို လိုက်ပို့ပါတယ်။

ကံကောင်းချင်တော့ မနေ့က အတူတူနေတဲ့ ကလေးအမေက ဆေးရုံဆင်းသွားပြီဆိုတော့ 2-Bedded စာ ပေးထားပေမယ့် ကိုယ့်ဘာကိုယ် အေးအေးဆေးဆေး နေလို့ရပါတယ်။ ဒီညတော့ ကျွန်တော် မပြန်ဘူးဆိုပြီး စိတ်ကူးထားတာ အခုတော့ ပို အဆင်ပြေသွားပါတယ်။ နာစ်မကလည်း နေခွင့်ပေးပါတယ်။ ကျွန်တော်လည်း ညစာ ဆာလို ဆာမှန်းတောင် မသိတော့ပါဘူး။ ကျွန်တော်က တော်သေးတယ်။ မနက်စာနဲ့ နေ့လည်စာပေါင်းပြီး Brunch စားလိုက်ရသေးတယ်။ သူမက တစ်နေကုန် ဘာဆိုဘာမှမစားရသေးပါဘူး။ ခုနကသောက်ထားတဲ့ မိုင်လိုကလည်း ပြန်အန်ထွက်သွားတာဆိုတော့ မထူးပါဘူး။ မနေက ညက ဆေးရုံလာတက်တုန်းက ဆာရင်စားဖို့ ဆိုပြီး ထည့်လာတဲ့ BreadTalk ပေါင်မုန့်တွေတော့ ကျန်ပါသေးတယ်။ သူမက အခုထိ မူးနေပြီး အန်ချင်သလို ဖြစ်နေသေးတော့ မဆာနိုင်ပါဘူး။ ကျွန်တော်ပဲ ပေါင်မုန့်တစ်လုံးကို ပါးစပ်ထဲ့ သွတ်လိုက်ပြီး ရေနဲ့ မျောချလိုက်ပါတယ်။

ခဏနေတော့ နာစ်မတစ်ယောက်လာပြီး အမေနို့တိုက်မှာလား ပြန်လာပြီး Confirm လုပ်ပါတယ်။ Breast feed အတွက်လုပ်ထားတဲ့ Teat နဲ့ တိုက်မှာလား ဇွန်းနဲ့တိုက်မှာလားပါ မေးလာတော့ အဲဒီ နို့ဘူး (နို့သီးခေါင်း)နဲ့ပဲ တိုက်မယ် ဖြေလိုက်ပါတယ်။ အဲဒီတော့ နို့မှုန့်ကို ဘယ် Brand တိုက်မှာလည်း မေးပြန်ရော။ အစကတည်းက Similac တိုက်ဖို့ စိတ်ကူးထားတော့ အဲဒါရှိလားဆိုတော့ နာစ်မက အတော်ပဲတဲ့ ဒီတစ်ပတ် Similac က Promotion တဲ့ Similac အလှည့်တဲ့။ ဒါနဲ့ သူထွက်သွားပြီး ခဏနေတော့ နောက်ထပ် နာစ်မတစ်ယောက်လာပြီး ဆေးတွေ ယူလာပါတယ်။ ဒီဟာက အခုသောက်ရမယ်။ ဒီဟာတွေက ညလယ်ကျရင် သောက်ရမယ်ဆိုပြီးပေးသွားပါတယ်။

ဆက်ရန်...

Friday, July 20, 2007

သမီးလေး ဖွားစဉ်က (၅)

ည ၈နာရီ မထိုးမီ

၁၅ မိနစ်လောက် ကြိုးစားညှစ်ပေမယ့် ကလေးက ဒီထက်ပိုပြီး ထွက်လာမတော့ပါဘူး။ စက်ကနေ ဒုတ်ဒုတ်...ဒုတ်နဲ့ ကလေးနှလုံးခုန်သံကိုသာ မကြားနေရရင် ကလေးများ မွန်းပြီး တစ်ခုခု ဖြစ်သွားမလားလို့ ကျွန်တော် တော်တော် စိတ်ပူမိမှာပါ။ ဆရာဝန်ကြီးက သေသေချာချာ စမ်းကြည့်ပြီး Vacuum လုပ်ရမယ် ပြောပါတယ်။ အစတုန်းကတည်းကတော့ Vacuum လုပ်ပြီး မွေးတာတွေ ကြားဖူးပေမယ့် Vacuum လို့ပြောလိုက်ရင် လူက Vacuum Cleaner လိုမျိုး ၀ူးဝူး..၀ူးဝူး..နဲ့ စုပ်ထုတ်တယ်လို့ ထင်နေတော့ တော်တော်လန့်သွားတယ်။ ဆရာဝန်ကြီးက Vacuum လုပ်တဲ့ဟာ တောင်းတော့ နာစ်မက ဘယ်လို စက်ကြီးများ ယူလာမလဲလို့ စောင့်ကြည့်နေရပါတယ်။ နာစ်မယူလာတော့ ပလတ်စတစ်အထုပ်လေးထဲမှာ ရေချိုးခန်းထဲက မှန်စုပ်ခွက်လိုမျိုးလေးရယ် T ပုံစံ လက်ကိုင် လေးရယ် သေးသေးလေးပဲ။ လက်ကိုင်မှာ ဆေးထိုးအပ်လိုမျိုး (ဒါမှမဟုတ် စက်ဘီးလေ ထိုးတံ) လိုမျိုးရှိပါတယ်။

တစ်လက်မသာသာ အ၀န်းရှိတဲ့ မှန်စုပ်ခွက်လေးမှာ လက်ကိုင်ကို တပ်၊ ဂျယ်များများ သုတ်လိုက်ပြီး သေသေချာချာ ထည့်ပြီး ခလေးခေါင်းမှာ မှန်စုပ်ခွက်လေး စွတ်လိုက်ပြီး ဆေးထိုးအပ် ဖိသလိုမျိုး လုပ်လုပ်ပေးပြီး လေတွေကို စုပ်ထုတ်လိုက်ပါတယ်။ ခေါင်းမှာ စုပ်ခွက်က သေသေချာချာ ကပ်သွားပြီဆိုမှ T ခေါင်းကို လက်ခလယ်နဲ့ လက်သန်းကြွယ်ကြား ထည့်ပြီး ဆရာဝန်ကြီးက ဆွဲပါတယ်။ သားအိမ် ကြွက်သားတွေ လှုပ်တဲ့ အချိန်ကို စောင့်ပြီး သူမက အညှစ် နာစ်မကြီးတွေက ဖိပေးတဲ့ အချိန်မှာ ဆရာဝန်ကြီးက ဆွဲရတာပါ။ ဆွဲတယ်ဆိုတာ ရိုးရိုးအားနဲ့ ဆွဲတာမဟုတ်ပါဘူး။ မတ်တပ်ရပ် ကျားကန်သလို လုပ်ပြီး အားနဲ့ ဖြည်းဖြည်း ဖြည်းဖြည်း ကြိတ်ဆွဲတာပါ။ သူ့အားကြီးနဲ့တောင် ဒီလောက်ဆွဲရတာတွေ့တော့ တော်တော် အံ့သြသွားပါတယ်။ သိပ်ကြာကြာ မဆွဲလိုက်ရပါဘူး။ ဆရာဝန်ကြီး ၃ ခါလောက်တော့ အံကြိတ် မျက်မှောင်ကုတ်လိုက်ရပါတယ်။ ကလေးခေါင်းတစ်ခုလုံး အပြင် ထွက်လာပါတော့တယ်။ ကလေးခေါင်းက အောက်စိုက်နေရမှာကို ပက်လက်ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကလေးခေါင်းက တစ်နေတာပါ။ ညှစ်ပေမယ့် အလွယ် ထွက်မလာတာပေါ့။ ဆရာဝန်ကြီးက `No Wonder´ လုပ်ပြန်ရော။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်ကတော့ Wonderful တွေ ပါပဲ။ တော်သေးတာပေါ့ Vacuum နဲ့တင် ပြီးသွားလို့။ ညှပ်တွေ ဘာတွေနဲ့ ဆွဲရမယ်ဆို ကလေးအတွက် မကောင်းပါဘူး။ (ညှပ်ဆွဲမွေးရတာဘာမှတော့ ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး။ ကိုယ်ကတော့ ဒီလိုပဲ ကြောက်တာပေါ့။)

၈နာရီ ၂ မိနစ်

ချက်ချင်းပဲဆိုသလို ဆရာဝန်ကြီးက ထိုင်လိုက်ပြီး သူလက်ကို ဟိုလှည့် ဒီလှည့် လုပ်လိုက်တာ ကလေးတစ်ကိုယ်လုံး လျောကနဲ ထွက်ကျလာပါတယ်။ နာစ်မကို ကလေး ကမ်းပေးလိုက်ပြီး ချက်ကြိုး အလယ်လောက်မှာ ဟိုဘက် ဒီဘက် ကလစ်နဲ့ ညှပ်လိုက်ပြီး ဆရာဝန်ကြီးက “Congratulation Daddy...” ဆိုပြီး ကျွန်တော်ကို ကပ်ကျေးလှမ်းပေးလိုက်ပါတယ်။ လူက သွေးပျက်နေပေမယ့် ချက်ချင်းဆိုသလိုပဲ ယူပြီး တုန်တုန် တုန်တုန်နဲ့ ညှပ်ပေးလိုက်ပါတယ်။ ပြီးတော့ အမေကို ကလေး လှမ်းပြလိုက်ပါတယ်။ သူမက သတိလက်လွတ်လိုမျိုး ဖြစ်နေပြီး `သမီး... သမီး.. ငါ့သမီးလေး´ဆိုပြီး ယောင်ယောင် ယမ်းယမ်း မြန်မာလိုရော အင်္ဂလိပ်လိုရော ရွတ်ပါတယ်။ ၀မ်းလည်း သာသွားပါတယ်။ တင်းထားတဲ့ စိတ်ကိုလည်း လျှော့ချလိုက်ပါတယ်။

အဲဒီကျမှာ ကျွန်တော်လည်း ကလေးကို သေသေချာချာ ကြည့်နိုင်ပါတော့တယ်။ YouTube မှာ ကြည့်ထားသလိုတော့ ကလေးက သွေးသံရဲရဲ အချွဲတွေနဲ့ မဟုတ်ပါဘူး။ တစ်ကိုယ်လုံး တော်တော် သန့်ရှင်းပါတယ်။ အရေးကြီးဆုံး အချက်ကတော့ မျက်နှာပါ။ မျက်နှာက ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန်ပါ။ မမွေးခင်ကတည်းက လက်ချောင်းလေးတွေ ခြေချောင်းလေးတွေပါ ရေထားပြီးသားဆိုတော့ ပူစရာတော့ မလိုပါဘူး။ ဒါပေမဲ့ သေချာကြည့်လိုက်ပါသေးတယ်။ လက်ဖ၀ါး၊ ခြေဖ၀ါးသေးသေးလေးတွေက ရေနူးနေပြီး နည်းနည်း ပြာနှမ်းနေပါတယ်။ ခန္ဓာကိုယ် အရေပြား ကတော့ ပုံမှန်ပါပဲ။ နှုတ်ခမ်းကွဲမကွဲပါ စစ်ပေးပေမယ့် ကိုယ်က အဲဒီတုန်းက ကောင်းကောင်း မမြင်ရတော့ အဲဒါကိုပဲ အသေအချာ ကြည့်ရပါတယ်။ ဒီလောက် စိတ်လှုပ်ရှားနေတဲ့ကြားက သမီးလေး ချောရဲလား။ ကျွန်တော်လို့ မဲမဲတူးတူးလေးများ ထွက်လာမလား လို့လည်း ကြည့်ဖို့ မမေ့ပါဘူး။ ခေါင်းထိပ်မှာတော့ Vacuum နဲ့ ဆွဲထားလို့ သွေးခြည်ဥသလို အနီရောင် အကွင်းလိုက်ကြီး ရှိနေပြီး ခေါင်းဆောင့်ထားသလို ဘုကြီး ဖြစ်နေပါတယ်။ ကျွန်တော် ကြည့်ပြီး စိုးရိမ်သွားတာကို ရိပ်မိတဲ့ ဆရာဝန်ကြီးက `ဘာမှ မပူနဲ့ တစ်ပတ် ဆယ်ရက်ဆို ပျောက်သွားမှာပါတဲ့။ ဒီလိုပါပဲတဲ့။´။ ပြီးတော့ နာစ်မကြီးက သမီးလေးနော် ဆိုပြီး ပြောပါသေးတယ်။ ကြိုသိထားပေမယ့် ပိုသေချာအောင် သိလိုက်ရတော့လည်း ၀မ်းသာရပါတယ်။

ကလေးက ထွက်လာပြီး ခဏလေးမှာပဲ သူဟာသူ ငိုတော့ မြင်ဖူးထားသလို ဆရာဝန်က ခြေထောက်ကနေ ဇောက်ထိုးကိုင်ပြီး ဖင်ကို ရိုက်စရာလည်း မလိုတော့ပါဘူး။ (အဲလို ရိုက်လို့ ဆရာဝန်ကို ဆွဲထိုးတဲ့သူလည်း ရှိသေးတယ်ဆိုပဲ။) နာစ်မကြီးက ကလေးအတွက် ပြင်ထားတဲ့ စင်ကလေး (ဆိုပါတော့) ကို ခေါ်သွားပါတယ်။ ကလေးကုတင်လေးပေါ့။ စောင်ထူထူတွေပေါ်မှာ စက္ကူစကြီးကြီးတွေ ခင်းထားပါတယ်။ အပေါ်တည့်တည့်မှာ ခရမ်းလွန်ရောင်ခြည် မီးချောင်းတွေရယ်၊ အပူဓါတ်ပေးဖို့ ကွိုင်ချောင်နှစ်ချောင်းရယ် ပါတဲ့ အမိုးလေးရှိပါတယ်။ သိသိသာသာ ပူပါတယ်။ ခေါင်းရင်းမှာ အောက်ဆီဂျင်ပေးတဲ့ စက်တွေရယ်၊ တခြား ကိရိယာတွေရှိပါတယ်။ ကုတင်လိုမျိုး အောက်မှာတော့ အံဆွဲတွေ ရှိပါတယ်။ ကလေးကို ကုတင်ပေါ်ချလိုက်ပြီး လေစုပ်စက် (အားပျော့ပျော့ပေါ့) တပ်ထားတဲ့ ပိုက်ပျော့ပျော့ တစ်ချောင်းကို ပါးစပ်ထဲ ထိုးသွင်းလိုက်ပြီး ပါးစပ်ထဲ လည်ပင်းထဲမှာ ရှိနေမယ့် ချွဲတွေကို စုပ်ထုပ်လိုက်ပါတယ်။ Hair Dryer လိုမျိုးလေးနဲ့ ခေါင်းကို မှုတ်ပေးလိုက်ပါတယ်။ နည်းနည်းပါးပါး သုတ်သပ်ပေးလိုက် ပြီးတော့ ကလေးကို စောင်ထူထူတစ်ခုနဲ့ ပတ်ပြီး အမေ့ဗိုက်ပေါ်ကို ဘုတ်ခနဲ တင်ပေးလိုက်ပါတယ်။ ထင်ထားတာထက် လေးတာကို သူမ ခံစားလိုက်ရတာကို တွေ့လိုက်ရပါတယ်။ မမွေးခင် တစ်ပတ်က ခန့်မှန်းထားတဲ့ ပေါင်ချိန်ရယ်၊ အဲဒီတုန်းက သူမဗိုက်ကိုကြည့်ပြီးတော့ရယ် ကလေးက သေးမယ်လို့ ထင်ထားခဲ့ပါတယ်။ တကယ်တမ်း အပြင်ထွက်လာတော့ ထင်ထားတာထက် ကလေးက ပိုထွားတာ တွေ့ရတော့ ၀မ်းသာသွားပါတယ်။ ခဏနေတော့ နာစ်မကြီးက ကလေးကို ချီသွားပြီး ခွဲခန်းအပြင်မှာ ခေါင်းအ၀န်း၊ အရပ်နဲ့ ကိုယ်အလေးချိန် သွားချိန်ပါတယ်။ မွေးစမှာ ၂.၉ ကီလိုဂရမ် ကျော်ကျော်ရှိပါတယ်။ ၆ပေါင်ခွဲလောက်ပေါ့။ မြန်မာကလေးအတွက်ဆို ကလေးက မညှပ်ဘူး ပြောလို့ရတာပေါ့။

ဆက်ရန်...

Wednesday, July 18, 2007

သမီးလေး ဖွားစဉ်က (၄)

ညနေ ၅ နာရီ

၅နာရီ ကျော်ကျော်မှာ သားအိမ်က ၈စင်တီကျော် ပွင့်နေပြီဆိုတော့ သားဖွားခန်းကို ခေါ်သွားပါပြီ။ ကျွန်တော်လည်း မွေးတော့မှာမို့ ပျော်ရမလို ပိုပြီးစိုးရိမ်ရမလို စိတ်လှုပ်ရှားစွာနဲ့ပဲ လိုက်သွားပါတယ်။ သားဖွားခန်းက ခွဲစိတ်ခန်းလောက်နီးနီး သန့်ရှင်းကောင်းမွန်ပြီး စက်ပစ္စည်း ကိရိယာတွေလည်း များပါတယ်။ နာစ်မက TV ကြည့်မလား သီချင်းနားထောင်မလားမေးပြီး TV ဖွင့်ပေးသွားပါတယ်။ စိတ်လှုပ်ရှားနေတော့ အသံက အာရုံနောက်တာနဲ့ တိုးလိုက်ပေမယ့် အရုပ်ကိုတော့ အာရုံလွှဲလို့ ရအောင် ဖွင့်ထားပါသေးတယ်။

Epidural ကလည်း စတင်အစွမ်းပြလာပါပြီ။ အဆိုးပါပြတာပါ။ Side Effect လေ။ သူမက အရမ်းချမ်းတယ်ဆိုလို့ ကျွန်တော်က အခန်း အအေးဓါတ်ကို လျှော့ချလိုက်တာကို နာစ်မက ပြန်လာပြီး မအေးပါလားဆိုပြီး တင်သွားပြန်တယ်။ သူမက အရမ်းချမ်းလာတော့ စောင်တွေခြုံ၊ ရေနွေးတွေသောက်တာတောင် မရပါဘူး။ တကယ်ချမ်းတာမှ မဟုတ်တာ။ Epidural ကြောင့် Shivering ဖြစ်တာဆိုတော့ ဘယ်လိုမှ လုပ်လို့မရပါဘူး။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပြီး နှုတ်ခမ်းတွေကလည်း ခြောက်ပြီး ဖြူဖျော့နေပါတယ်။ တနေကုန် ဘာမှ မစားထားရလို့ သူမကြည့်ရတာ အားလည်း မရှိတော့ပါဘူး။ ဗိုက်နာတာကိုလည်း ခံစားလို့ မရပြန်တော့ တစ်မျိုး စိုးရိမ်ရပါရော။ အထဲမှာ ဘာဖြစ်နေမှန်း၊ ကလေးရော ဘယ်လိုနေလဲ ဆိုပြီး ပူပန်လာပါတယ်။

ညနေ ၆ နာရီ

ဒီအချိန်မှာ သားအိမ်က ၉စင်တီ ပွင့်လာပါပြီ။ One more to go ဆိုတော့ မဆိုးလှပါဘူး။ ခဏနေ ကလေးထွက်လာမယ်လို့ပဲ ထင်လိုက်ပါတယ်။ ဆရာဝန်ကြီးကတော့ အခုထက်ထိ ပေါ်မလာသေးပါဘူး။ Midwife ကတော့ အိုးဆားဗစ် နာစ်မကြီး နှစ်ယောက်ပါ။ ဘယ်လို ညှစ်ရမယ်ဆိုတာတွေ သင်ပေး၊ မွေးဖို့အတွက် ပစ္စည်းတွေ ပြင်ဆင် ကလေးအတွက် ပြင်ဆင်ဆိုတော့ အတော် အားရှိလာပါပြီ။ သူမကလည်း အရမ်း အချမ်းတက်လာပြီး ဘယ်လိုမှ မထိန်းနိုင်၊ ဟန်မဆောင်နိုင်လောက်အောင်ပါပဲ။ စောင်တွေနှစ်ထပ်၊ သုံးထပ်ခြုံပေးထားတာကို နာစ်မက မကြိုက်။ Fever တက်လိမ့်မယ်ဆိုပြီး ပေးမခြုံပါဘူး။ နောက်ထပ် ပြဿနာကတော့ ၇ နာရီ ကျော်တဲ့ အထိ ၉ စင်တီမှာ တန့်နေတာပါပဲ။ နာစ်မကြီးက ညှစ်လေ ခွဲမွေးချင်လိုလား ခြိမ်းခြောက်ပေမယ့် ထုံဆေးအရှိန်နဲ့ သူမဟာ ခါးအောက်ပိုင်းမှာ ခံစားချက် လုံးဝမရှိတော့ပါဘူး။ ဘာမှလည်း ထိန်းချုပ်လို့ မရတော့ပါဘူး။ ဆရာဝန်မလာခင် နာစ်မကြီးက ဘယ်လို ညှစ်ရမယ်ဆိုတာ ပြောပြပြီး အစမ်း ညှစ်ကြပါတယ်။ နာစ်မကြီးက ညှစ်ဆိုရင် သူကျေနပ်အောင် လုပ်ပြရပေမယ့် တကယ်ညှစ်သလို မဟုတ်ပါဘူး။ အောက်ပိုင်း တစ်ပိုင်းလုံးကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပါဘူး။ ဒါဆိုလည်း `Imagine လုပ်ပြီး ညှစ်´တဲ့။ ဘယ်နေရာကို Imagine လုပ်ရမယ်မှန်းမှ မသိပါဘူးဆိုနေမှ။ ခက်တော့ နေပြီ။

ည ရ နာရီ

ဆရာဝန်ကြီးက လာကြည့်ပါတယ်။ အခုထက်ထိ ၉စင်တီက မတက်လာသေးတော့ ကျွန်တော်တို့က သွေးပျက်နေပေမယ့် သူကတော့ အေးအေးဆေးဆေးပါပဲ။ အရမ်းချမ်းပြီး တုန်နေတယ်ပြောတော့ Epidural သွင်းပေးနေတဲ့ Regulator ကို “No Wonder” ဆိုပြီး ဆေးချိန်ကို လျှော့သွားတာ တွေ့လိုက်ပါတယ်။ ကြည့်ရတာ အစောကြီးကတည်းက ဒါမျိုး လုပ်ရမယ်နဲ့ တူတယ်။ အခုမှ “No Wonder” လာလုပ်တော့ ခမျာမှာ အရမ်းကို တုန်ပြီး အောက်ပိုင်းလည်း ဘာမှ ထိန်းချုပ်လို့ မရတော့ပါဘူး။

ဒီလိုနဲ့ မွေးဖို့ စပြင်ပါတယ်။ ဆရာဝန်ကြီးက ခွဲစိတ်ခန်း အ၀တ်အစား အပြည့်အစုံ ၀တ်ပြီး သီချင်းလေး တညည်းညည်းနဲ့ မွေးဖို့ လုပ်ပါတယ်။ နာစ်မကြီးနှစ်ယောက်က ဘေးကနေ နေပြီး ကျွန်တော်ကဘေးဘက် ခေါင်းရင်းကနေ နေပါတယ်။ ဆရာဝန်ကြီးကတော့ နေရာမှန်မှာပေါ့။ ဒီအတိုင်း ညှစ်ရတာ မဟုတ်ပါဘူး။ အလေးမသမားတွေ မ`မ´ခင် အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူသလို Breath-In Breath-Out လုပ်ပြီး ညှစ်ရမယ် အချိန်ကိုလည်း စောင့်ရပါသေးတယ်။ Dragon Boat လှော်သလို စီးချက်နဲ့ ညှစ်ရတာပါ။ သားအိမ်ကြွက်သားတွေ တုန်လာတဲ့အချိန် (Contraction ဖြစ်တဲ့ အချိန်)ကို စက်တစ်ခုနဲ့ စောင့်ကြည့်နေပြီး အဲဒီ အချိန်မှာ `Push....´ `Push.....´လို့ နာစ်မတွေကအော်ပြီး ကျွန်တော်က သူကို နောက်ကနေ ဖေးမပေးပြီး သူဘာသူ ပေါင်နှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ဆွဲယူပြီး ညှစ်ရတာပါ။

၉စင်တီကနေ ပိုပြီး မပွင့်ဘဲ အကွင်းတစ်ခု ခံနေတယ်လို့ ပြောပါတယ်။ ဒုက္ခပါပဲ။ ဒီအထိ ရောက်လာပြီးတော့မှ ခွဲမွေးရမယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။ နာစ်မကြီးတွေက ညှစ်ညှစ်နဲ့ အားမလို အားမရ ပြောနေပေမယ့် ဆရာဝန်ကြီး ကြည့်တော့လည်း အေးအေးဆေးဆေးပဲဆိုတော့ ကျွန်တော်လည်း ဘာမှ မတွေးတတ်တော့ပါဘူး။ ဆရာဝန်ကြီးက စမ်းကြည့်ပြီး ခေါင်း စမ်းမိတယ်ဆိုပြီး ပြောတော့ ၀မ်းသာရမှာလား ကြောက်ရမှာလား ဖြစ်ရပြန်ရော။ ခေါင်းအထဲမှာ တစ်နေပြီး ကလေး အသက်ရှူမရလို့ ပြာနှမ်းသွားတာတို့ ဘာတို့ ညာတို့ဆိုတာတွေ တွေးမိပြီး လန့်သွားပြန်ရော။ ကျွန်တော်တို့ ထင်တာက ရေအိတ်ဖောက်ထားရင် ကလေးက နေရခက်နေပြီး အသက်ရှူရခက်နေမယ်လို့။ တကယ်ဆိုရင် ကလေးက အောက်ဆီဂျင်ကို အချင်းကနေ တဆင့် ချက်ကြိုးကို ဖြတ်ပြီး ရောက်တာပဲကို။

အရေးထဲ သူမက ချမ်းတုန်နေတော့ လူတစ်ကိုယ်လုံးကို ဖိထားပေးရသေးတယ်။ ပြီးတော့ ညှစ်ရတာလည်း အားမပါတော့ဘူး။ ဆရာဝန်ကတော့ အေးအေးဆေးဆေး ပြောနေပေမယ့် နာစ်မတွေကတော့ လှေလှော်ဖို့ ရီလေးရိုလုပ်သလို အော်နေပါတော့တယ်။ သူမလည်း အမြန်ထွက်ပြီးရော မရ ရအောက် အသားကုန် ကြိုးစားညှစ်ပါတော့တယ်။ နာစ်မတွေကလည်း ဗိုက်နေ ဖြည်းဖြည်းဖိပေး၊ ဆရာဝန်ကြီးကလည်း ကတ်ကျေးထက်ထက်တစ်လက်နဲ့ နည်းနည်းညှပ်လိုက်ပါတယ်။ ကျွန်တော်မှာလည်း အမေမျက်နှာကို ကြည့်လိုက် ကလေးများထွက်လာပြီးလား ကြည့်လိုက်နဲ့ ပြီးတော့ သူတို့လိုပဲ Monitor ကိုကြည့်ပြီး Contraction ဖြစ်ရင် ညှစ်ဖို့ ပြောလိုက်နဲ့ ရှုပ်နေပါတယ်။ ၅နာရီလောက်တည်းက မွေးခန်းဝင်ထားတော့ ၆ နာရီလောက်မှာ မွေးမယ်မျှော်လင့်ထားပေမယ့် အချိန်ကလည်း ၈ နာရီ ရောက်တော့မှာဆိုတော့ တော်တော် ချွေးပြန်နေပါပြီ။ ကလေးက တော်တော်ထွက်လာပြီဆိုတော့ သူမလည်း စောစောကလို နာစ်မကြီး ကျေနပ်အောင် ညှစ်တာမျိုးမဟုတ်ဘဲ ညှစ်ဆိုတာနဲ့ အမှန်အကန် ညှစ်ပါတော့တယ်။ မနက်ကတည်းကလည်း ဘာမှ မစားရသေး၊ နိုက်ထရိုက်ဂျင်တွေ ရှူထားလို့ မူးနေ၊ ထုံးဆေးကြောင့် အောက်ပိုင်းတစ်ပိုင်းလုံ ခံစားချက်မရှိ ထိန်းချုပ်လို့ မရတော့ပေမယ့် ငါညှစ်မှ ဖြစ်မယ်ဆိုပြီး ညှစ်လိုက်တာ ၇နာရီ ၄၅ လောက်မှာ ဆရာဝန်ကြီး ကလေးခေါင်းက ဆံပင်တွေကိုတောင် စမ်းမိလောက်အောင် ကလေးက ထွက်လာပါပြီ။

Tuesday, July 17, 2007

သမီးလေး ဖွားစဉ်က (၃)

မွန်းလွဲ ၂ နာရီ

သူမလည်း စတင်ပြီး `ဗိုက်´နာလာပါပြီ။ သားအိမ် စပွင့်လာတာပါ။ စီနီယာ နာစ်မတွေက လာပြီး တိုင်းတိုင်းသွားပါတယ်။ ၁၀ စင်တီမီတာ ပွင့်ရမှာ အခုမှ ၂ စင်တီလောက်ပဲ ပွင့်ပါသေးတယ်။ တဖြည်းဖြည်း ပိုပွင့်လာလေ နာကျင်မှု ပိုပြင်းလာလေပါပဲ။ သွားဆေးခန်းတွေမှာလို နာကျင်တာပျောက်စေဖို့ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင် ရောထားတာကို ရှူဖို့ ဂက်စ်ပိုက်က ခေါင်းရင်းမှာ အသင့်ရှိပါတယ်။ အရမ်းနာလာတဲ့ အခါကျရင် လှမ်းယူပေးပြီး ရှူလိုက်တာပေါ့။ တစ်ခါရှူလိုက်ရင် တစ်ခါ သိသာပါတယ်။ သူမ ချက်ချင်းကို မိန်းမူးသွားပြီး သတိလက်လွတ် ဖြစ်ဖြစ်သွားပါတယ်။ အနာတော့ သက်သာသွားပါတယ်။ တဖြည်းဖြည်းနဲ့ သားအိမ်က ပိုပွင့်လာလေ ပိုနာလာလေပါပဲ။ ၄ စင်တီလောက် ပွင့်ပြီးတော့ တော်တော်ကို နာလာပါတယ်။ ဂက်စ်ပိုက်တွေ ဘာတွေ လှမ်းမယူနိုင်တော့ပါဘူး။ ကျွန်တော်က ယူပေးရပါတယ်။ နာရင်လည်း လက်သီးတွေဆုပ်၊ အံတွေကြိတ်၊ မျက်ရည်တွေ ထွက်ပြီးတော့ နာလာတာပါ။ ကျွန်တော်လည်း သွေးပျက်စ ပြုလာပါတယ်။ အင်္ဂုလိမာလသုတ်တွေကို အခေါက်ခေါက် ရွတ်နေပါတော့တယ်။ နာစ်မတစ်ယောက်က ရေဓါတ်ခန်းနေလို့ဆိုပြီး ဂလူးကိုစ်ပုလင်းပါ လာချိတ်ပေးသွားပါတယ်။ သားအိမ်ကျယ်ဆေး (ဟော်မုန်း) နဲ့ဆို နှစ်ပိုက် ဖြစ်သွားပါပြီ။

နောက်နည်းနည်းနေတော့ သားအိမ်က ၄ စင်တီကနေ ၆ စင်တီအထိ ပွင့်လာတဲ့ အချိန်ကျတော့ ဘယ်လိုမှ မခံစားနိုင်တော့လို့ Epidural ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Epidural က Anesthesia (ထုံဆေး) တစ်မျိုးပါ။ ကျောရိုးအာရုံကြောမကြီးရဲ့ Epidural လို့ ခေါ်တဲ့ နေရာကို အပ်မျှင်မျှင် ရှည်ရှည်လေးနဲ့ ထိုးသွင်းရတာပါ။ အာရုံကြောမကြီးထဲကို အပ်နဲ့ တိုက်ရိုက်ထိုးထားပြီး Regulator နဲ့ ဆေးချိန်ကို မှန်မှန် ပေးနေတာပါ။ မေ့ဆေးဆရာဝန်နဲ့ လုပ်ရပါတယ်။ နာစ်မတွေနဲ့တင် မရပါဘူး။ ပိုက်ဆံလည်း ၄၀၀-၅၀၀ လောက် ပိုပေးရပါတယ်။ အရေးကြီးဆုံး အချက်ကတော့ Side Effect ရှိပြီး မိသားစုဝင် တစ်ဦးဦးက လက်မှတ် ထိုးရပါတယ်။ ခါးနာတတ်တယ်၊ သွေးလေခြောက်ခြားပြီး အချမ်းဝင်သလို တုန်တတ်တယ် (Shivering ဖြစ်တတ်တယ်) နဲ့ တခြား ဖြစ်နိုင်တဲ့ အချက်တွေ အများကြီး ပါတဲ့ စာရွက်ပေါ်မှာ ဖြစ်လာခဲ့ရင် ကိုယ့်တာဝန်ပါဆိုပြီး လက်မှတ်ထိုးရပါတယ်။ မေ့ဆေး ဆရာဝန်ကြီးလာပြီး ခါးကို အိုင်အိုဒင်းတွေ ဘာတွေနဲ့ ပိုးသတ်ရှင်းပြီး ထုံဆေး ထိုးဖို့ ပိုက်တပ်ထားတဲ့ အပ်လာတပ်ပေးပါတယ်။ စောစောက အမေနဲ့ ကလေးရဲ့ နှလုံးခုံသံကို စောင်ကြည့်နေတဲ့ စက်အပြင် နောက်ထပ်စက်တစ်လုံး တိုးလာပါတယ်။ ထုံဆေးကို ပုံမှန်ပေးနေဖို့ စက်ပါ။ ဆီးအိမ်ကလည်း အရမ်းတင်းနေပြီး ဆီးမသွားရတော့ နာစ်မက အိတ်နဲ့ ဆီးပိုက်ပါ လာတပ်ပေးသွားပါတယ်။ အခြေအနေက ပိုပြီး ရှုပ်ထွေးလာပြီဆိုတာ တွဲလောင်း ပိုက်တွေ တတီတီ.. တဘုတ်ဘုတ်နဲ့ စက်တွေ ကြည့်ရုံနဲ့ သိသာနေပါပြီ။ ဒါပေမယ့် သူမကတော့ ခုနက နာကျင်တာတွေကို ယူပစ်လိုက်သလိုကို ပျောက်သွားပြီး ဓါတ်ငွေ့ရှူထားတဲ့ အရှိန်နဲ့တော့ မိန်းမိန်း မူးမူးရှိနေပါသေးတယ်။

ညနေ ၄ နာရီ

ဒီအချိန်မှာ သားအိမ်က ၇ စင်တီလောက်ကို အိနြေ္ဒရရနဲ့ ပွင့်လာပြီး ဖော်မြူလာနဲ့ အခြေအနေကို သိနေတဲ့ သားဖွားဆရာဝန်ကြီးကလည်း ဆေးရုံကို ရောက်လာပါပြီ။ မနက်က တစ်ခေါက်လာကြည့် ရေအိတ်ဖောက်ပေးပြီး သူက ဆေးခန်းကို ပြေးရသေးတယ်လေ။ သူများ သားသမီးတွေကတော့ ဓားတင်မွေးတာ (ဗိုက်ခွဲမွေးတာ) ဆိုတော့ တိုးတိုးတိတ်တိတ်ပါပဲ။ ဆရာဝန်ကြီးတွေ ရောက်လာပြီး ခဏနေရင် ကလေးရော အမေရော တွန်းလှည်း ကုတင်နဲ့ ထွက်လာပါတယ်။ အမေကတော့ ထုံဆေးတွေ ဘာတွေ ပေးထား မေ့တေ့တေ့ မူးတူးတူး ဖြစ်နေပေမယ့် ကလေးကတော့ ငိုပြီး အဖေကတော့ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး စည်ကားနေပါတယ်။ ဗိုက်ခွဲမွေးရတာ ဆရာဝန်ရော အမေရော သက်သာတယ် ထင်ပါတယ်။ ဆရာဝန်နဲ့ ဆေးရုံကိုတော့ ပိုက်ဆံ ပိုပေး ရပါတယ်။ အမေအတွက်လည်း အနည်းနဲ့ အများတော့ အန္တရာယ်များပါတယ်။ မြန်မာပြည်မှာတော့ ငွေမက်တဲ့ ဆရာဝန်တစ်ချို့နဲ့ နာကျင်တာ မခံစားလိုတဲ့ (ဒါမှမဟုတ် အချိန်၊ရက် အတိအကျ လိုချင်တဲ့) ကလေးအမေတစ်ချို့ကတော့ မလိုအပ်ဘဲ အလွယ် ခွဲမွေးလိုက်ကြတာပါပဲ။ ဆရာဝန်ကြီးက လူမမာမျက်နှာကို တစ်ချက်ကြည့်ပြီး နာစ်မက ၇-၈ စင်တီပွင့်နေပြီ ပြောတာကို နားထောင်ပြီး အိုကေ... အခြေအနေကောင်းတယ် ဆိုပြီး အေးအေးဆေးဆေးပဲ ပြန်ထွက်သွားပါတယ်။ ကျွန်တော်လည်း မွေးဖို့နီးလာပြီ ထင်ပြီး အိမ်ကလူတွေကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။

ဆက်ရန်...

Monday, July 16, 2007

သမီးလေး ဖွားစဉ်က (၂)

၃၀ရက်နေ့ - မနက် ၆နာရီခွဲ

ညကတည်းက မနက် ၇ နာရီ နှိုးစက်ပေးထားပေမယ့် သူမက နည်းနည်းစောပြီး ဖုန်းခေါ်လာပါတယ်။ သူ့ကို လာခေါ်သွားပြီဆိုပြီး ဆေးရုံ လိုက်ခဲ့ဖို့ပါ။ ကျွန်တော်လည်း ကမန်းကတန်း ထပြီး ဆေးရုံကို အမြန်ပြေးပါတယ်။ ဆေးရုံရောက်တော့ သူမကို အခန်းထဲမှာ မတွေ့တော့ပါဘူး။ ဆေးရုံမှာက Delivery Ward နဲ့ Nursing Ward က ခွဲထားတာပါ။ အဲဒါနဲ့ Delivery Ward ကို လိုက်သွားပါတယ်။ အဆောက်အအုံကတော့ တစ်ခုတည်းမှာပါပဲ။ သူက အထွေထွေ မဟုတ်ဘဲ မီးယပ်သားဖွားနဲ့ ကလေးအထူး တစ်ခုတည်းဆိုတော့ ရန်ကုန်က SSC လောက်တော့ မကြီးပါဘူး။

သူမကို အစောကြီးကတည်းက လာနှိုးပြီး ရေမိုးချိုးခိုင်းပါတယ်။ ပြီးတော့ Delivery Ward ကို ခေါ်သွားပြီး ၀မ်းချူပါတယ်။ ပြီးမှ ဆရာဝန်ကြီး ကိုယ်တိုင်လာစစ်ပြီး ရေမြွှာအိတ် ဖောက်ပေးသွားပါတယ်။ သူများတွေ မမွေးခင် ရေမြွှာအိတ်ပေါက်တာ ရေတွေ ဝေါကနဲ ဝေါကနဲ ကျတယ်ဆိုတာကို ကြားပြီး သူမက လန့်နေပေမယ့် တကယ်တမ်း သူမအလှည့်မှာတော့ ရေနည်းနည်းပဲ ကျလာပါတယ်။ ပြီးတော့ Induce လုပ်တဲ့`ဆေး´ (ဟော်မုန်းလား ဘာလားတော့ မသိပါဘူး ဆေးပဲဆိုပါတော့) ပါတဲ့ IV (အကြောဆေး) သွင်းပါတယ်။ ပြီးတော့ ဆရာဝန်ကြီးက `အေးအေးဆေးဆေးပဲ ညနေကျမှ မွေးမှာ´ ဆိုပြီး ပြောကာ နာစ်မတွေနဲ့ ထားသွားပါတယ်။ သားဖွား ဆရာဝန်တွေနဲ့ ဆေးရုံနဲ့က ချိတ်ထားတာလေ။ ကျွန်တော်တို့က ဆရာဝန်တွေဆီက Professional Service ကိုယူပြီး ဆေးရုံက Nursing Service နဲ့ Facilities အတွက် သက်သက် ပေးရတာပါ။

အဲဒီအချိန်မှာ သူမမျက်နှာမှာ စိုးရိမ်မှုတွေကို အထင်းသား မြင်နေရပေမယ့် တခြား စိုးရိမ်စရာတော့ မရှိပါဘူး။ ညကလည်း ကောင်းကောင်း အိပ်ပျော်ထားတော့ လန်းလန်းဆန်းဆန်း ရှိပါတယ်။ ဒါပေမယ့် ဆရာဝန်က ဘာမှ စားခွင့် မပေးထားပါဘူး။ ဒီလိုပဲ ကုတင်ပေါ်မှာ ပိုက်တန်းလန်းနဲ့ လှဲနေရုံပါပဲ။

မနက် ၁၁ နာရီ

ဒီအတိုင်းပဲ တည်တည်ငြိမ်ငြိမ်ဆိုတော့ ကျွန်တော်လည်း အပြင်ထွက်ပြီး မနက်စာနဲ့ နေ့လည်စာကို ပေါင်းစားလိုက်ပါတယ်။ ပြီးတော့ သူမဆီ ပြန်လာပါတယ်။ သူမကတော့ နိုးတ၀က်၊ အိပ်တ၀က်ပါပဲ။ Delivery Ward မှာမှ ဒီလို ကလေး`ချူ´ထားတဲ့သူတွေကို ထားတဲ့နေရာရယ်၊ အမှန်အကန် မွေးခန်းတွေရယ် ရှိပါတယ်။ Labour Room နဲ့ Birth Room ဆိုပြီးခွဲထားတာပါ။ စစ် စကားနဲ့ ပြောရမယ် ဆိုရင်တော့ Staging Area မှာ ပြင်ထားပြီးမှ ကလေး အမေတွေ တစ်ယောက်ပြီး တစ်ယောက် သူ့ဆရာဝန် ကိုယ့်ဆရာဝန်တွေနဲ့ ရှေ့တန်းကို ထွက်ကြသလိုမျိုး မွေးခန်းထဲကို သွားကြတာပေါ့။ မွေးပြီးသွားရင် ယောက်ျားတွေက တောင်ကုန်းတစ်ကုန်း သိမ်းလို့ရသွားတဲ့ တပ်ရင်းမှူးတွေလို နောက်တန်းကို စကားပြောစက်တွေနဲ့ လှမ်း အကြောင်းကြားကြပေါ့။

Labour Room က မနက်က ကလေးနှလုံးခုန်သံ ထုတ်ထားတဲ့ စက်တွေဆီက ဘုတ်ဘုတ်..ဘုတ်ဘုတ်... အသံတွေကလွဲရင် တိတ်နေသလောက် မွန်းလွဲပိုင်းမှာ အသက်ဝင်လာပါတယ်။ ဘေးနားက အမျိုးသမီးက အသားကုန် အော်ပါတော့တယ်။ အမေရေကယ်ပါ... အဖေရေကယ်ပါ ဆိုပြီး မျိုးစုံ အော်ပါတော့တယ်။ သူမလည်း အသံတွေကြားတော့ မှိန်းနေရင်း နားစွင့်နေပါတယ်။ သူမကတော့ ဘာမှ မဖြစ်သေးဘူးဆိုပေမယ့် သူများတွေ အဲဒီလောက် နာနေတာ အော်နေတာကို ကြားပြီး နည်းနည်းတော့ ကြောက်လာပါတယ်။ နောက်ဆုံး အဲဒီ မိန်းမက Epidural (ထုံဆေး) ယူလိုက်တော့မှပဲ အသံတိတ်သွားပါတော့တယ်။ တကယ်တော့ Epidural နဲ့ မွေးမလားဆိုတာ ဆေးရုံတင်ကတည်းက ကြိုပြောထားလို့ရပါတယ်။ Painless Labour လို့လည်း ခေါ်ပါတယ်။ အေးဆေး ကလေးမွေးပေါ့။ ယူမယ်ဆို အစကတည်းက ယူတာ ပိုတန်တာပေါ့။ နာကျင်တာကို စိုးစဉ်းမျှ မခံစားရတော့ဘူးပေါ့။ ကျွန်တော်တို့ကတော့ ထုံဆေးယူရင် ခါးနာတာတို့ ဘာတို့ ဖြစ်တတ်တယ် ဆိုတာကြောင့် မယူဘူး၊ ဒီအတိုင်းပဲ မွေးကြည့်လိုက်ဦး မယ်ဆိုပြီး ကြိုမပြောထားတော့ပါဘူး။

Sunday, July 15, 2007

သမီးလေး ဖွားစဉ်က (၁)

မတ်လ - ၂၄ရက် - နံနက် ၁၁ နာရီကျော်ကျော်

ကိုယ်ဝန် ၃၇ပတ်နဲ့ ၃၈ပတ်ထဲမှာ ရက်ချိန်းထားတဲ့ အတိုင်း ဆေးခန်းသွားပြတော့ ဆရာဝန်က စမ်းကြည့်ပြီး ရေမြွှာအိတ်ထဲမှာ ရေနည်းနေတယ်တဲ့။ ဒါဆို ကလေးအတွက် မကောင်းဘူး။ ကလေးကို တစ်ပတ်အတွင်းမှာ မွေးရမယ်ဆိုပြီး နောက်တစ်နေ့ကနေ တစ်ပတ်အတွင်း ရက်တစ်ရက် ရွေးခိုင်းပါတယ်။ ရုတ်တရက်ဆိုတော့ နှစ်ယောက်စလုံး နည်းနည်း လန့်သွားပေမယ့် အိမ်ကို ဖုန်းဆက်လိုက်တော့ အမေ့က မြန်မာပြက္ခဒိန် ကြည့်ပြီး နောက်တစ်ပတ် သောကြာနေ့ (၃၀ ရက်နေ့) ကို ရွေးလိုက်ပါတယ်။

ဆေးခန်းကပဲ ဆေးရုံကို အကြောင်းကြားပြီး ရက်ယူထားပါတယ်။ တစ်ယောက်တည်း အခန်းထက် ပိုက်ဆံအကုန်အကျ ပိုသက်သာတဲ့ 2-Bedded Room ကိုယူမယ်ဆိုတော့ ဆရာဝန်က ဒါဆို ဈေးအသက်သာဆုံး 4-Bedded ယူတဲ့... အဲဒီ ဆေးရုံမှာ ပုံမှန်အရ ဈေးနှုန်းတွေ သတ်မှတ်ထားရပေမယ့် 4-Bedded အခန်း မရှိတော့ 2-Bedded ကိုပဲ 4-Bedded ဈေးနှုန်းနဲ့ ရတယ်ဆိုတော့ ယူလိုက်ပါတယ်။ ဆေးရုံကလည်း ဆရာဝန် ထိုင်တဲ့ထဲက ကိုယ်ကြိုက်တာ ရွေးလို့ရပါတယ်။ ဈေးနည်းနည်း သက်သာပြီး ကောင်းတဲ့ Thomson ဆေးရုံကိုပဲ ရွေးလိုက်ပါတယ်။ ဆရာဝန်ကလည်း အကြံပေးလိုက်ပါသေးတယ်။ ဆေးရုံကို ၂၉ရက်နေ့ ညသန်းခေါင်မှ သွားပြီး ၃၀ရက်နေ့ကျမှ Admission လုပ်ပါတဲ့။ တစ်ရက်စာ သက်သာပါတယ်တဲ့။

၂၉ရက်နေ့ - ည ၁၁နာရီခွဲ

တစ်ပတ်လုံး အင်တာနက်မှာ ရှာပြီး ဆေးရုံသွားရင် ဘာတွေ ယူသွားရမယ်ဆိုတာ ကြည့်ထားတော့ လိုအပ်တာတွေ အကုန် ထုတ်ပိုးပြီးသွားပါပြီ။ ထွေထွေထူးထူးတော့ မလိုပါဘူး။ ကလေးအတွက်လည်း ဆေးရုံက အကုန်ပေးတာဆိုတော့ ပြန်ဆင်းမယ့်နေ့ ၀တ်ဖို့လောက်ပဲ ယူသွားစရာလိုပါတယ်။ သူမကလည်း နေ့လည်ထဲက ခေါင်းတွေ ဘာတွေလျှော်၊ ခြေသည်း လက်သည်းညှပ်ပြီး ထားပါတယ်။ နောက်ရက်တွေဆို လုပ်ဖို့ မလွယ်တော့ဘူးလေ။ ကျွန်တော်လည်း အင်္ဂုလိမာလသုတ်ကို အပြီးသတ် ကျက်ပြီးပါပြီ။

အဲဒီနေ့က စင်္ကာပူကို မိသားစုဝင်တော်တော်များများ ရောက်နေပေမယ့် ဆေးရုံကို ကျွန်တော်တို့ နှစ်ယောက်ပဲ ကားငှားပြီး သွားလိုက်ပါတယ်။ ဆေးရုံရောက်တော့ ၁၂နာရီ မကျော်သေးလို့ ထိုင်စောင့်နေတုန်း Register လုပ်မယ်ဆို လုပ်လို့ရပါပြီတဲ့။ ကျွန်တော်တို့လိုပဲ လာကြတာဆိုတော့ ဆေးရုံက တစ်နာရီစောပြီး ၁၁နာရီထဲက Register ပေးလုပ်ပါတယ်တဲ့.. နောက်နေ့ကျမှ စပြီး ပိုက်ဆံကောက်ပါတယ်ဆိုတော့ Register သွားလုပ်ပါတယ်။ CPF (ပင်စင်စုငွေလိုမျိုး) Account တွေဘာတွေကို ကြည့်ပါတယ်။ စရံ ၁၅၀၀ ကို တစ်ခါတည်း Charge လုပ်ပါတယ်။ ဖောင်တွေကို တော်တော်ကြာကြာ ဖြည့်လိုက်ရပါတယ်။

ပြီးတော့ သူမကို တစ်နေရာ ခေါ်သွားပြီး နာစ်မတွေက သွေးပေါင်ချိန်ပြီး ပင်ကိုယ် ကျန်းမာရေးကို အပေါ်ယံ စစ်ပါတယ်။ သွေးအမျိုးအစားတို့၊ Drug Allergy တို့ ကောက်ယူထားပါတယ်။ Bactrim နဲ့ မတည့်ဘူးဆိုတော့ Bactrim က အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ရင် သောက်ရတာဆိုတော့ ဆီးလမ်းကြောင်း ဘာဖြစ်ဖူးလဲပါ မေးပါတယ်။ ပြီးတော့ သဘာဝအတိုင်း ဗိုက်နာလို့ မွေးတာမဟုတ်ပဲ သားအိမ်ကြွက်သားတွေကို ပျော့အောင် သားအိမ်ဝ ပွင့်အောင် Induce Labour နဲ့ မွေးမှာဆိုတော့ ညကတည်းက ဂျယ်တစ်မျိုးကို မွေးလမ်းကြောင်းထဲ ထည့်လိုက်ပါတယ်။ ပြီးတော့မှ နေရမယ့် အခန်းကို လိုက်ပို့ပါတယ်။

2-Bedded ဆိုတော့ အခန်းထဲမှာ မွေးပြီးသား ကလေးအမေ တစ်ယောက်ရှိနေပြီးသားပါ။ ည ၁ နာရီ ကျော်ကျော်ဆိုတော့ သူလည်း ကောင်းကောင်း အိပ်နေပေမယ့် ကျွန်တော်တို့ လာတော့ နိုးသွားပါတယ်။ အခန်းက အနေတော် ကျယ်ပါတယ်။ ကျွန်တော်တို့က အတွင်းဘက်မှာပါ။ ကုတင်ဘေးက ထိုင်ခုံမှာ အိပ်မလို့ စိတ်ကူးပြီးမှ နာစ်မက စောင့်ချင်ရင် လူနာစောင့် အခန်းမှာ သွားစောင့် ဆိုလာပါတယ်။ ၁ယောက်ခန်းနဲ့ ဈေးတော်တော်ကွာတာ ဒီအချက်ကြောင့်ရောပါ။ တစ်ယောက်ခန်းဆို လာစောင့်တဲ့သူ အိပ်ဖို့ ကုတင် သေးသေးလေး တစ်လုံးပါ ပါပါတယ်။ လူနာစောင့်ခန်းထဲ သွားကြည့်တော့ တော်တော်ကောင်းပါတယ်။ ဆက်တီတွေ၊ တီဘီတွေ၊ ကော်ဖီစက်တွေ ဘာတွေနဲ့။ အဲဒီမှာ နေကြည့်လိုက်ပါသေးတယ်။ အဲကွန်းက အရမ်းအေးတာရယ် ဆက်တီပေါ်မှာ အိပ်ကြည့်တော့ အဆင်မပြေတာရယ်ကြောင့် အိမ်ပဲပြန်လာပါတယ်။ ဆေးရုံမှာ အိပ်တာ အဆင်မပြေရင် အိမ်ပြန်မယ် သူမကို ပြောခဲ့တော့ ထပ်မပြောတော့ပါဘူး။ ဒီအချိန်လောက်ဆိုလည်း အိပ်ပျော်နေလောက်ပါပြီ။ ကားငှားနေချိန်မှာ နာရီ ကြည့်လိုက်တော့ ည ၂ နာရီ ကျော်နေပါပြီ။

ဆက်ရန်...

Friday, July 13, 2007

ဝမ်းနွေးစရာ ဟင်းချိုတစ်ခွက်

အမေက ကော်ကြော် ကြော်ကျွေးတော့ အမေ့ကိုလည်း ဖရုံသီးစု(ပ်) - Pumpkin Soup တစ်နေ့ထဲမှာပဲ ပြန်လုပ်ကျွေးလိုက်တယ်။ အမေက ညစာမစားဘူးလေ။ အဲဒီတော့ ညနေဆိုရင် တစ်ခါတစ်လေ ကွေကာအုတ် သောက်ရင်သောက် မသောက်ရင် မိုင်လိုနဲ့ မုန့်တစ်ခုခုနဲ့ စား.. တစ်ခါတစ်လေလည်း ဘာမှ မစားဘူး။ အဲဒါနဲ့ အဲဒီနေ့က ညစာ ဖရုံသီးစု(ပ်) လုပ်ပေးလိုက်တယ်။

Pumpkin Soup စစားခဲ့ဖူးတာတော့ ညစာစားပွဲ တစ်ခုမှာ။ အနောက်တိုင်းစာ ဆိုတော့ Starter Soup ကို Pumpkin Soup နဲ့ ဖွင့်ပါတယ်။ စသောက်တုန်းက ကောင်းလှချည်လားဆိုပြီး ကြိုက်သွားပေမယ့် ဘာမှန်းတောင် မသိပါဘူး။ Menu ကို ယူကြည့်လိုက်မှ Pumpkin Soup မှန်းသိသွားတာပါ။ ဖရုံသီးအရသာကို ချက်ချင်းမရဘူး ဖြစ်နေတယ်။ စိမ့်လို့။ ခန်းမထဲမှာ အေးအေးနဲ့ ဗိုက်ဆာနေတုန်း ပူပူစိမ့်စိမ့်လေး သောက်လိုက်ရတော့ ဗိုက်ထဲမှာ နွေးနွေးလေးနဲ့ တော်တော် နေလို့ ကောင်းသွားပါတယ်။ ကိုယ်စားခဲ့ရပြီး ကြိုက်သွားတော့ အိမ်မှာ သူမကို လုပ်ကျွေးဖို့ Internet မှာ Pumpkin Soup ဆိုပြီး ရှာလိုက်တာ Recipe တွေ အများကြီး တွေ့တော့ ကိုယ်နဲ့ ကိုက်မယ့်ဟာ တစ်ခု အတိုင်း လိုက်လုပ်ပါတယ်။ Vinegar တွေ၊ ထောပတ်တွေ၊ ဘာတွေ ညာတွေနဲ့ ပေါ့။ ပထမဆုံးတစ်ခေါက်ဆိုတော့ Failure ပေါ့။ အဆင်တော့ ပြေပါတယ်။ သောက်လို့တော့ ရပါတယ်။ ဒါပေမယ့် ပြစ်ပြစ် ချဉ်ချဉ်နဲ့ သောက်ရတာတော့ သိပ်မကောင်းလှဘူး။ အများကြီး လုပ်မိသွားလို့ ပစ်လိုက်ရသေးတယ်။

အဲဒါနဲ့ ဒီတစ်ခေါက်လုပ်တော့ ရိုးရိုး လွယ်လွယ်နဲ့မို့ လုပ်လို့လည်းလွယ် သောက်လို့လည်းကောင်းတာမို့ `ရှဲ´လိုက်ပါတယ်။ ဒီတစ်ခေါက်လုပ်ဖြစ်တာ Butternut Pumpkin ဆိုပြီး ဖရုံသီးတွေ့တော့ တစ်ခြမ်းဝယ်လာလို့ပါ။ ပုံမှန် ဖရုံသီးကတော့ ၀ိုင်းဝိုင်း ပျက်ပျက်လေ။ သူက လုံးလုံး ရှည်ရှည်လေး။ အရောင် နည်းနည်း ဖျော့တယ်။ အသားများတယ်။ အရသာပိုကောင်းတယ်။ ၃ယောက်စာဆိုတော့ ၀ယ်လာတဲ့ တစ်ခြမ်းကို တစ်ဝက် ထပ်ဝက်ပါတယ်။ တစ်စိတ်ပေါ့။ အခွံခွာပြီးတော့ လက်တစ်ဆစ်လောက်လေးတွေ တုံးပြီး ရေစင်အောင် ဆေးလိုက်ပါတယ်။ ပြီးတော့ ရေကော်ဖီခွက် နှစ်ခွက်စာမှာ ထည့်ပြုတ်ထားပါတယ်။ ဖရုံသီးတွေ နူးလာတော့ ယောက်ချိုဇွန်းနဲ့ပဲ ချေလိုက်ပါတယ်။ အမျှင်လေးတွေ ကျန်နေသေးလည်းရတယ်၊ နောက်ကျရင် အကုန်ကျေသွားလိမ့်မယ်။ ပြီးတော့ နွားနို့ (ကော်ဖီခွက်) တစ်ခွက်စာ ထည့်ပါတယ်။ ပွက်လာတော့ အသင့်ဝယ်ထားတဲ့ Campbell's Soup - Cream of Chicken တစ်ထုပ်ထည့်လိုက်ပါတယ်။ နည်းနည်းမွှေပြီး မီးအေးအေးနဲ့ ထားလိုက်ရင် ဖရုံသီးတွေ အကုန်ကျေသွားပြီး သောက်ဖို့ အသင့်ပါပဲ။

Campbell's Soup က တစ်ယောက်သောက်စာ Ready Mix အခြောက်မှုန့် ထုပ်လေးတွေပါ။ ၃ထုပ်ပေါင်း စက္ကူဗူးတစ်ဗူးပါ။ ရုံးတွေ ဘာတွေမှာ ညနေဆိုရင် သောက်ဖို့ သူမကို ၀ယ်ဝယ်ပေးနေကျပါ။ ဒီမှာတော့ ၀ယ်လို့ရတယ်။ သူ့ Web Site မှာတော့ သံဗူးတွေပဲ တွေ့တယ်။ သံဗူးဆိုရင်တော့ ၁ ယောက်စာ လုပ်စားမယ်ဆိုရင် များပါတယ်။ Pumpkin Soup အတွက် အရသာကလည်း လိုသလိုပြောင်းလို့ ရပါတယ်။ ဥပမာ Cream of Chicken မသုံးဘဲ Cream of Mushroom သုံးမယ်ဆိုရင် Mushroom အရသာလေးနဲ့ပေါ့။ ဖရုံသီးနဲ့ မှိုနဲ့ပေါင်းလိုက်ရင်တော့ နတ်ပြည်ရောက်သွားမယ်။ ဒီ အထုပ်လေးတွေက မြန်မာပြည်မှာလည်း City Mart မှာဝယ်လို့ရတော့ ဒီ Recipe က မြန်မာပြည်မှာရော၊ စင်္ကာပူမှာရော၊ အနောက်တိုင်းမှာပါ လွယ်လွယ်နဲ့ လုပ်စားလို့ ရတဲ့ ၀မ်းနွေးစရာ ဟင်းချိုလေး တစ်ခွက်ပါပဲ။

Thursday, July 12, 2007

ဒီ Blog ကို စိတ်ဝင်စားရဲ့လား

လာနေကျ ဧည့်သည်တွေထဲက တစ်ယောက်က ဒီလို အကြံပေးသွားပါတယ်။

စကားမစပ်.. တန်းပလိတ်ပြင်ထားလား.. ဘလော့ဂ်ထဲ ၀င်ဝင်ချင်းမှာ နောက်ဆုံးပို့စ်တွေရဲ့ text ကိုတန်းမမြင်ရဘဲ ကလစ်တစ်ချက်နှိပ်ဖို့လိုရင် စိတ်ဝင်စားမှု လျော့စေသလိုပဲ..
ကိုယ့်ကိုကိုယ်လည်း သတိတော့ ထားမိတယ်။ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ။ Technically အရဆိုရင်.. အဟမ်း... Bounce Rate မှန်အောင်လို့ပါ။ Bounce Rate ဆိုတာ Home Page ကို ရောက်ပြီးရင် နောက်ထပ် Page တစ်ခုကို ထပ်သွားလား မသွားလား တိုင်းတာပါ။ အတိအကျ ပြောရမယ်ဆိုရင်တော့ Landing Page (စလာတဲ့ Page) ကနေ နောက်ထပ် ထပ်သွားလား တိုင်းတာပါ။ ဒီအတိုင်းပဲ http://wesheme.blogspot.com လို့ ရိုက်ပြီး လာရင်တော့ Landing Page က Home Page ပါ။ တခြား Link ထားတဲ့ Post/Page ကို တန်းလာရင်တော့ Landing Page က Home Page ဖြစ်ချင်မှ ဖြစ်မှာပါ။ သဘောက အမှန်အကန် စိတ်ဝင်စားတဲ့ သူဆို နောက်ထပ် Page တွေကို ထပ်သွားရမယ်။ ပုံမှန်ပဲဆိုရင်တော့ Landing Page ကနေ တစ်ခါတည်း လစ်သွားရော။ နိုင်ငံခြားသားတစ်ယောက်က Google ကနေ Keyword တစ်လုံးနဲ့ ရှာလိုက်လို့ ရောက်လာတာ လေးထောင့် စာလုံးတွေပဲ မြင်ရင် ချက်ချင်း ပြန်ထွက်သွားမှာပါ။ လာနေကျသူဆိုရင်တောင် Post အသစ်မတင်ထားရင် Home Page ကနေ တစ်ခါတည်း လစ်သွားပါမယ်။ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ထပ်ပြီး ဆွဲဆောင်နိုင်မယ်ဆိုရင် (ဥပမာ Post ဖတ်ပြီးသားတောင် Comment ဖတ်ချင်လို့) Page တစ်ခုကို ထပ်သွားပါမယ်။ ဒါဆို Bounce Rate ကျသွားပါမယ်။ Bounce Rate က နည်းလေ ကောင်းလေပါ။

နောက် အရေးကြီးတာက ဘယ် Post ကို လူဖတ်များလည်း တိုင်းတာဖို့က Home Page ကနေ တစ်ခါတည်း ဖတ်လို့ မရမှ ဒါမှမဟုတ် ဖတ်ချင်တဲ့ Page ကို Click လုပ်မှ ဖတ်လို့ရမယ် ဆိုမှသာ Count အမှန် ရပါမယ်။ ဘယ် Post ကို လူပိုကြိုက်လည်း သိရင် လာဖတ်တဲ့ သူတွေ အကြိုက်ကို သိနိုင်ပါတယ်။ Home Page မှာ Post တွေကို `ဖွင့်´ပေးထားရင် တင်တင်ချင်း လာဖတ်တဲ့သူက Home Page ကနေပဲ ဖတ်သွားရင် ဒီ Post အတွက် Count မရတော့ပါဘူး။ ကြာမှ လာဖတ်တဲ့သူကတော့ Page ကို Click လုပ် ဖတ်မှာဆိုတော့ Count လုပ်ပြန်ရော။ အဲဒီအခါ Consistency မရှိတော့ပြန်ဘူး။ ဒါပေမဲ့ Label/ Tag/ Category (ကျွန်တော်ကတော့ Flag လို့ခေါ်ထားတယ်) ကို Click လုပ်လိုက်ရင်တော့ Page ရဲ့ Count ကို မရနိုင်တော့ ပါဘူး။ ဒါပေမဲ့ Recipe - Label ကို Click လုပ်လား... IT - Label ကို Click လုပ်လား ကြည့်ပြီးတော့ လာဖတ်တဲ့ သူရဲ့ စိတ်ဝင်စားမှုကို သိနိုင်ပါတယ်။ အခုမှ ရောက်လာပြီး အဟောင်းတွေ ပြန်ဖတ်ချင်တဲ့သူကတော့ Archive (ကျွန်တော်က Files ခေါ်ထားတယ်) ကို Click လုပ်ရင်တော့ ဘယ်လိုဟာကို စိတ်ဝင်စားလည်း မသိနိုင်တော့ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ Archive ကို ပြန်လှန်တဲ့သူ ရှိသေးလား သိနိုင်ပါတယ်။

နောက်တစ်ခါ RSS Reader တွေနဲ့ (ဥပမာ Google Reader) နဲ့ ဖတ်မယ်ဆိုရင်လည်း Count မရတော့ မသိနိုင်ပါဘူး။ FeedBurner လိုမျိုးနဲ့ Feeds ထုတ်ထားတာ ဆိုရင်တော့ သိနိုင်ပါတယ်။ တစ်ချို့က အဲဒါကြောင့် Feeds မှာ အကုန်လုံး မထုတ်ထားဘဲ Partial ပဲ ထုတ်ထားပါတယ်။ စိတ်ဝင်စားရင် လာဖတ်ပေါ့။ ဒီလောက် Partial ထုတ်ပေးထားရင်တောင် ကျေးဇူးတင်လောက်ပါပြီ။ သူ့ဆီမှာ အသစ်တင်တာနဲ့ ချက်ချင်း သိနိုင်တယ်လေ။ သွားရတာလည်း အပန်းမကြီးပါဘူး။ Reader မှာ တစ်ချက် Click လုပ်လိုက်ရုံပဲ။ တစ်ယောက်စ နှစ်ယောက်စကတော့ Feeds ကို ထုတ်ကို မထုတ်ပေးထားပါဘူး။ အဲဒီ Blog တွေကတော့ မေ့မေ့ ပျောက်ပျောက်ပါပဲ။ ကိုယ်ကိုတိုင်လည်း Blog တိုင်းကို မလည်နိုင်လို့ Reader နဲ့ Post တော်တော်များများကို ဖတ်နေရတာဆိုတော့ ကိုယ်ချင်းစာပါတယ်။ Feeds ကို Full ထုတ်ထားပါတယ်။ တစ်ချို့ Blog တွေကျတော့လည်း CBox ကို ဖတ်ချင်လို့သွားတာ ဆိုတော့ Reader ထဲမှာ မြင်ရသည့်တိုင်အောင် သွားလည်ဖြစ်ပါတယ်။ (CBox ကို Blog လာမလည်ဘဲ ဖတ်လို့ရတဲ့ နည်းတော့ အလွယ်ရှိပါတယ်။) ဒါပေမယ့် Browser မှာ တစ်ခေါက်တော့ သွားရမှာပဲဆိုတော့ အတူတူပါပဲ။ မထူးပါဘူး။

နောက်တစ်ခါ Counter မှာ Page Load နဲ့ Visit နဲ့ မတူပြန်ဘူး။ လူတစ်ယောက်က သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ (ထားပါတော့ ၃ နာရီ) Page တွေ အများကြီး ကြည့်ရင် Page Load က တက်လာပေမယ့် Visit ကတော့ တစ်ခုထဲပါ။ နောက် ၅နာရီ ကြာမှ ပြန်ကြည့်ရင်တော့ Visit ကတစ်ခု ထပ်တက်သွားပါမယ်။ ဒါပေမယ့် Absolute Unique Visitor ကတော့ တစ်ယောက်တည်းပါ။ အဲ.. ရုံးကရော အိမ်ကရော ကြည့်ရင်တော့ မတတ်နိုင်ဘူးပေါ့။ နှစ်ယောက်လို့ပဲ မှတ်ထားပါတယ်။ ကျွန်တော်ကတော့ Visit ထက်စာရင် Page Load ကို ပိုကြိုက်ပါတယ်။ အများကြီးတက်လို့ မဟုတ်ပါဘူး။ Counter တစ်ခေါက်တက် တစ်ပြားရတာမှ မဟုတ်တာ။ ဒီလိုပါ။ ထားပါတော့ လူ ၅ ယောက်လာကြည့်တယ်။ ဒါဆို Visit က ၅ ရပါတယ်။ ဒီလောက်ပဲ။ Page Load ကတော့ သူတို့ ဒီ Blog ကို စိတ်ဝင်စားလား မစားလား မှန်းလို့ရပါတယ်။ ၅ယောက်လာတာမှ Page Load က ၅ ပဲ ဆိုရင်တော့ မဟုတ်သေးပါဘူး။ တစ်ခုခု လွဲချော်နေပါပြီ။ Page Load က ၅၀ တော့ မဖြစ်နိုင်ဘူးပေါ့။ တစ်ယောက်က Page ၅ ခုကြည့်မယ်၊ နောက်တစ်ယောက်က ၃ ခု ကြည့်မယ်၊ နောက်တစ်ယောက်က ၂ ခုကြည့်မယ်။ ကျန်တဲ့ နှစ်ယောက်က Home Page မှာတင် လန်ထွက်သွားပြီ။ ဒါဆို နည်းနည်း ခန့်မှန်းလို့ ရပါတယ်။ ပထမနှစ်ယောက်က တော်တော် စိတ်ဝင်စားတယ်။ နောက်ဆုံး နှစ်ယောက်က စိတ်မ၀င်စားဘူးဆိုတာ သိနိုင်ပါတယ်။ အဲဒီလို Page Load နဲ့ Visit နဲ့ နှစ်ခုကို ကြည့်ပြီး Site တစ်ခုဟာ စိတ်ဝင်စားဖို့ ကောင်းလား သိနိုင်ပါတယ်။

တကယ်တော့ Web Site Visit Tracking မှာ တခြား Features တွေ ရှိပါသေးတယ်။ ကျွန်တော်ကတော့ Counter အတွက်တော့ StatCounter သုံးပါတယ်။ အဓိကထားသုံးတာတော့ Google Analytics ပါ။ သူက Free လေ။ ပြီးတော့ Overview Report တွေ ကောင်းကောင်းကြည့်လို့ရတယ်။ Google Analytics က တစ်ရက်နောက်ကျ ပြီးမှ ကြည့်လို့ ရပါတယ်။ IP တစ်ခုချင်းစီ ကြည့်လို့ မရတော့ လာဖတ်တဲ့သူတွေကို ဘယ်သူက ဘယ်အချိန်လာလဲ ဘယ်ကလာလဲ စောင့်ကြည့်တာမျိုး မဟုတ်ဘဲ ကိုယ့် Site ရဲ့ Quality ကို ကြည့်ရုံသပ်သပ်ပါပဲ။

အခုလို Template ကို ပြင်ထားရတာလည်း သိပ်တော့ သဘောမတွေ့လှပါဘူး။ ကြည့်လို့လည်း မကောင်းလှဘူး။ လာလည်တဲ့သူက Post တစ်ခုဖတ်ဖို့ အနည်းဆုံး Click နှစ်ခေါက် နှိပ်ရတယ်။ မြန်မာပြည်က လူတွေဆို Page ကို နှစ်ခါ Load လုပ်ရတယ်။ အဲဒီ အတွက်တော့ Home Page ရဲ့ Size ကို 300KB ထက် မကျော်အောင် Post တစ်ခုပါရင် 400-500 KB ထက် မကျော်အောင် ထားပါတယ်။ ဒါတောင် ၂ခေါက်ပေါင်း ၁ မိနစ်ကျော်ကျော် Load လုပ်ရပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အတွက်က Blog ရေးတာနဲ့တင် အပျင်းပြေ လုပ်တာမဟုတ်ဘဲ Blog ကို ပြင်တာတို့ Tracking Site တွေ အကြောင်းပါ သိချင်တာတို့ ဘာတို့ ဆိုတော့ ဒီလို Google Analytics သုံးရတာလည်း ကိုယ့်အတွက်တော့ အပျင်းလည်းပြေ ပညာလည်းရတယ်လေ။ ဒီ Google Analytics ကိုပဲ ရုံးက Web Sites တွေမှာ Implement လုပ်ထားလိုက်တယ်။ Graph တွေဘာတွေ Chart တွေဘာတွေနဲ့ လှတပတဆိုတော့ Manager မမ လည်း အကြိုက်ပါပဲ။

ဒီလိုနဲ့ပဲ လာဖတ်တဲ့သူတွေကို အားနာနာနဲ့ Click လုပ်ဖို့ Force လုပ်ရပါတော့တယ်။

Wednesday, July 11, 2007

တတိယလူ

အိုးစားဖက်.. မဟုတ်သေးပါဘူး.. တစ်ပုလင်းထဲ သောက်ဖက်... အဲလောက်လည်း မဟုတ်သေးပါဘူး.... ထားပါတော့ Blog သူငယ်ချင်း မောင်တိန်... မနိပ်သေးပါဘူး.. ကိုယ့်ဆရာကို `မောင်´တပ်ခေါ်ရတာ။ သူ့ Blog ဖြစ်တဲ့ Imaginary Clouds No.2 ကနေ မိုးတိမ်ဖြစ်.. အဲဒီကမှ... လူတူ.. မဟုတ်သေးပါဘူး... ကလောင်နာမည်တူ.... မဟုတ်သေးပြန်ဘူး.. ကွန်ပြူတာနဲ့ ဘလော့ဂ်တာဆိုတော့... ကီးဘုတ်နာမည်တူ... ရှိနေတော့ မိုးတိမ်ကနေ မိုးတိန်ဖြစ်၊ မိုးတိန်က တဖန် မောင်တိန်ဖြစ်.. ဆန်းကျမ်းနဲ့လည်း ညီတာပေါ့... အဲဒီကနေ Mountain ဖြစ်... ဒါဆို.. ကိုတောင်.. ခေါ်ရမလား .. `ကိုတာ´လိုလို ဘာလိုလိုနဲ့... ဒီနာမည်လည်း မနိပ်သေးပါဘူး... ထားပါလေ... ဒီပုဂ္ဂိုလ်ရဲ့ Blog မှာ `စန်းဦး´ ရေးတဲ့ ဒီ ကဗျာလေးတင်ထားတယ်။

တတိယ ကဗျာ

တစ်လတစ်ကြိမ် ဆုံနေကျ
ငါတို့ ကဗျာ ဝပ်ရှော့က
ကဗျာ တစ်ပုဒ်စီ ရေးယူခဲ့ရမယ်ပြောတယ် ။
ငါက နှစ်ပုဒ်ရေးသွားမိတယ်
သူတို့ကို နှစ်ပုဒ်လုံးသွားပြရင်
ဖတ်နေကြရမှာ အားနာစရာ
ခက်တာက
ကဗျာနှစ်ပုဒ်ကို ခွဲဖတ်လို့လည်းမကောင်းဘူး
ခေါင်းချင်းဆက်ထားသလိုမျိုး အမြွာကဗျာ
ပြီးတော့ လူကြားထဲ
ပေါ်တင်ကြီးဖတ်လို့ မသင့်ဘူးထင်တယ်
ဒါနဲ့ပဲ ဒီတတိယ ကဗျာကို ရေးလိုက်ရတယ် ။

သူကိုတော့ ဘယ်လိုဖတ်ဖတ်
ကျယ်ကျယ်အော်အော်
တိုးတိုးညည်းညည်း
စိတ် နဲ့ ရွတ်ရွတ်
တစ်ခုပဲ
ငါမယူသွားတဲ့ ကဗျာနှစ်ပုဒ်တော့
ဟောဒီ တတိယ ကဗျာထဲ
ဝှက်ထားမိတယ်
Three in One ပေါ့။
ဒါကိုမှ
အခုဖတ်ရင်းတွေ့သွားကြရင်လည်း
ခံစားကြပစေတော့ပေါ့
နင့်နဲကြေကွဲကြဦးပေါ့
ရင်ဘတ်တွေ တုန်သွားအောင် ထိခိုက်ကြစမ်းပေါ့
ငါကတော့
မသိချင်ယောင်ဆောင်ပြီး ဟိုသည်ငေးနေလိုက်ရုံ ။။
ကဗျာတစ်ပုဒ် ဖတ်ရတာ...Program တစ်ပုဒ် Trace လိုက်ရတာထက် အများကြီးပိုခက်တဲ့ ကျွန်တော်က... ဖတ်ကြည့်ပြီး ဘာရယ်မဟုတ် ကိုယ်နားလည်သလို ယူပြီး ကြိုက်သွားတော့ ... Blog ပိုင်ရှင်ကို မဟုတ်ဘူး.. မူရင်း ကဗျာ ဆရာ `စန်းဦး´ ကိုလည်း မဟုတ်ဘူး.. ကဗျာထဲက ကဗျာဆရာကို.. ကြိုက်သွားတော့ ဒီလိုပဲ ညည်းမိပါတယ်။

``ကောင်းတယ်ဗျာ... ကိုယ်တင်လည်း အဲလို (ကဗျာ မဟုတ်တောင် Blog) ရေးတတ်ရင် ကောင်းမယ်။´´

အဲဒီမှာ မပန်ဒိုရာက
ကိုအန်ဒီမြင့်ရယ် ဘာလို့မရေးတတ်ရမလဲ.. ပထမလူ ဒုတိယလူသာမက တတိယနောက်ပေါက်ကလေး အတွက်ပါ ခင်ဗျား ရေးနေတာပဲ.. အဲဒီတတိယ ပုဂ္ဂိုလ်လေး အကြောင်းဖတ်လိုက်ရင် ရှေ့က နှစ်ယောက် အကြောင်း ပါပြီးသား.. ကိုအန်ဒီ အသာလေးသာ ဟိုဘက်လှည့် ငေးရင်း ပြုံးနေလိုက်..ဟဲဟဲ
``ဒီလိုဆိုတော့လည်း ဟုတ်သားပဲ…. မတွေးမိပါဘူး….. ပိုင်တယ်ဗျာ….အဟဲ…´´

အနုလုံပဋိလုံ ပြန်တွေးလိုက်တော့လည်း... မဟုတ်သေးပြန်ဘူး။ မဟုတ်ဘူးဆိုတာ .. မပန်ဒိုရာ ပြောတာမဟုတ်တာ မဟုတ်ဘူး... ကျွန်တော် ပြန်ပြောတာ မဟုတ်တာ.. ကျွန်တော် ပြောတာ မဟုတ်တာလည်း မဟုတ်ပြန်ဘူး.. တ၀က်တော့ မှန်ပါတယ်။ တကယ်လည်း အဲလို မတွေးမိပါဘူး... ဒါပေမယ့် အဲဂလိုတော့ လုပ်ပြီးသွားပြီ။ မပန်ဒိုရာ ပြောသလို အရင်ထဲက Unconsciously လုပ်နေမိတာပဲ။ တကယ်တော့ ဒီ Blog စလုပ်တော့ သမီးလေးအတွက် လုပ်မယ်ဆိုပြီး လုပ်တာ... နောက်တော့ .. ကိုယ့်အကြောင်းရော.. သူ့အကြောင်းရောပါလာတယ်။ ဒီ ဂျလည် ကဗျာဆရာလိုတော့ သိသိကြီးနဲ့ ညှပ်ထည့်တာ မဟုတ်ဘူးပေါ့။ ကလေးအကြောင်းကြီးပဲဆိုရင်လည်း ကျွန်တော့်ကို ကလေးအဖေဆိုပြီး စိတ်ဝင်စားမှာ မဟုတ်... အဲ.. မဟုတ်သေးပါဘူး... ဒီ Blog ကို လူငယ်တွေ၊ လူပျိုတွေ၊ အပျိုတွေက အများစုက စိတ်ဝင်စားမှာ မဟုတ်ပြန်ဘူး.. Blog ဖတ်တဲ့ Demographic ကလည်း (မြန်မာတွေဆို) အိမ်ထောင်သည်က နည်းတယ်မဟုတ်လား.. အိမ်ထောင်သည်ဆိုရင်တောင် ကလေးရှိပြီးသားဆို.. ``ဟင်းဟင်း..ပျင်းတယ် ´´ ဖြစ်နိုင်တယ်.. ကိုယ့်ထက် စီနီယာတွေ ကြီးပဲလေ။ ပြီးတော့ ကိုယ်ပြောလိုက်ချင်တာတွေ ဖွင့်ပြောလိုက်ဖို့ကလည်း စင်္ကာပူမှာ စဥ့်အိုးကြီးကြီးကလည်း ၀ယ်လို့ မရ၊ ရေတွင်းဆိုတာမျိုးလည်း မရှိတော့ ဒီ Blog မှာပဲ ပထမလူနဲ့ ဒုတိယလူ အကြောင်းတွေကို တတိယ မျိုးဆက်လေး အကြောင်းပြုပြီး ရေးလိုက်မယ်.. ပြီး .. ဟိုဘက်လှည့်ပြီး ငေးနေ ပြုံးနေလိုက်မယ်.. အုပ်စ် …ဘိုလိုယောင်တာ.. အဟဲ….အဲ... ဒီ Blog ရဲ့ ထိပ်တန်း ဆေးလိပ်တွေကို သိသွားပြီ။

Tuesday, July 10, 2007

ကုက္ကိုင်းက ကော်ကြော်

ကျွန်တော်ငယ်ငယ်တုန်းက အမျိုး/အသိ တရုတ်တော်တော်များများ မင်္ဂလာဆောင်ရင် ကုက္ကိုင်းက ဘုံကျောင်းမှာ လုပ်ကြပါတယ်။ အခု သခင်မြပန်းခြံက Western Park မှာ လုပ်ကြသလိုပေါ့။ အဲဒီမှာ အမေက ကော်ကြော်ဆိုတာ စားခဲ့ရပြီး အမျိုးမင်္ဂလာဆောင်ဆိုတော့ ပိုတာတွေကို ထည့်လာပါတယ်။ ကျွန်တော်တို့က စားကြည့်ပြီး ကြိုက်တာနဲ့ အမေက အိမ်မှာ လုပ်ကျွေးပါတယ်။ အခု အမေ ကျွန်တော်တို့နဲ့ လာနေတုန်းလေး ပူဆာတာနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လုပ်ပေးပါတယ်။

အမေက မုန်လာဥနီနဲ့ ဂေါ်ရခါးသီးကို တုံးတုံးလေးတွေ လှီးထားပါတယ်။ အသည်းအမြစ်ကိုလည်း သေးသေး သေးသေး လှီးထားပါတယ်။ ရန်ကုန်မှတော့ ကြက်သည်း၊ ကြက်မြစ်ဆို ဈေးကြီးပေး ၀ယ်ရပေမယ့် ဒီမှာတော့ စားတဲ့လူဆို နှာခေါင်းတောင် ရှုံ့ချင်ပါသေးတယ်။ ဒါတောင် ၀ယ်လို့ရလို့ တော်သေးတာပေါ့။ အမေရိကားတို့ ဘာတို့မှာဆို အမှန်အကန် တရုတ်တန်းထိ သွားဝယ်ရမှာ။ ဂဏန်း အသားအစစ်ထည့်ရင်တော့ ကောင်းပါတယ်။ ဂဏန်းကလည်း အရှင်မှ လတ်တာဆိုတော့ အတုပဲ ထည့်လိုက်ပါတယ်။ ကြက်ဥ ၄-၅လုံး ခေါက်ထားပါတယ်။ ဘဲဥနဲ့ဆိုရင် အရောင်ပိုလှပါတယ်။ ပိုကောင်းပါတယ်။ ဒီမှတော့ ဘဲဥက ရှာရခက်ပါတယ်။ ကော်ရည်ကို ဖျော်ထားပါတယ်။ Tapioca Starch ဒါမှမဟုတ် Corn Starch ဆိုရင် ရပါတယ်။ မပြစ်မကျဲ ဖြစ်ရပါတယ်။ ကြက်သွန်မိတ်ကို လက်တစ်ဆစ်လောက် လှီးထားပါတယ်။ ကျူးဆိုင်ဆိုရင်လည်း ကောင်းပါတယ်။

ဒယ်အိုးထဲကို ဆီများများထည့်ထားပါတယ်။ ကြက်သွန်ဖြုနည်းနည်း ဂျင်းနည်းနည်းကို အရင်ဆီသတ်ပါတယ်။ အသည်းအမြစ်တွေကို ထည့်လိုက်ပါတယ်။ ပဲငံပြာရည်ကောင်းကောင်း ထည့်လိုက်တာနဲ့ အသည်းအမြစ်ကြော်က စားချင်စဖွယ် မွှေးလာပါပြီ။ ဒီလိုမျိုး အသည်းအမြစ်ကို ကြော်ထားတာကိုလည်း ကြိုက်တယ်။ အမြစ်တွေနူးသွားအောင် အိုးအဖုံးကို ဖုံးထားပါတယ်။ ပြီးတော့ မုန်လာဥနီနဲ့ ဂေါ်ရခါးသီး လှီးထားတာကို ထည့်ကြော်ပါတယ်။ ဂဏန်းမျှင်လေးတွေပါ ထည့်လိုက်ပါတယ်။ ကျက်ခါနီးတော့ ကြက်သွန်မိတ်တွေကို ထည့်ပါတယ်။ ဒီနေရာမှာ ရပ်ချင်လည်း ရပ်လို့ရတယ်။ အစိမ်းကြော် (ဒါမှမဟုတ် တရုတ်နှစ်ကူးမှာ လုပ်တဲ့ သေးသေးလေးကြော်) အဖြစ် စားလို့ရပါသေးတယ်။ သေးသေးလေးကြော်ကတော့ မြေပဲဆံပါ ထည့်ကြော်ရတယ်လေ။ ပြီးတော့ ဆလပ်ရွက်နဲ့ ထုပ်စားရင် အရမ်းကောင်းပါတယ်။ နှစ်မျိုးစားချင်ရင် များများလုပ်ပြီး တစ်ပန်းကန်စာ ခတ်ထားလည်းရပါတယ်။ ခဏနေတော့ ဖျော်ထားတဲ့ ကော်ရည်တွေကို သမအောင်ပြန်မွှေပြီးတော့ လောင်းထည့်ပါတယ်။ ကော်ရည်က ဖျော်ထားတာ ရေချိန်မှန်ရင် ကြည်ကြည်တွဲတွဲလေးတွေ ဖြစ်သွားပါမယ်။ ဒီတစ်ခေါက်လုပ်စားတာ အမေက သုံးနေကျ ကော်မဟုတ်တော့ ရေချိန်မမှန်လို့ အမြင်မလှပေမယ့် အရသာကတော့ ရှယ်ပါပဲ။ ကော်တွေဖြစ်သွားပြီး အရည်မရှိတော့တဲ့ အခါကျရင် ကြက်ဥမွှေထားတာတွေ ထည့်ပြီး ဆက်မွှေပါတယ်။ ငရုတ်ကောင်း(အမဲ)မှုန့် ဖြူးပါတယ်။ ကြက်ဥတွေ ကျက်သွားပြီးလည်း ဂျိုးကြိုက်ရင် ဆက်ထားလိုက်ပါ။ Tefalon အုပ်ထားတဲ့ ဒယ်အိုးနဲ့ ကြော်မယ်ဆိုရင်တော့ ဂျိုးကောင်းကောင်း လုပ်လို့ရပါတယ်။ ပြီးရင်တော့ ပူပူနွေးနွေးစားလို့ရပါပြီ။

ထမင်းနဲ့ တွဲစားရင်တော့ သိပ်မလိုက်ပါဘူး။ သူ့ချည်းပဲ စားရင် ကောင်းပါတယ်။ ကယ်လိုရီများတာ မကြောက်ဘူးဟေ့ ဆိုရင်တော့ စားလို့ကောင်းတဲ့ တရုတ်စာပါ။ ရန်ကုန်မှာတုန်းကလည်း လခထုတ်ရက်ဆို ကျွန်တော်တို့ နှစ်ယောက် တရုတ်တန်း သွားသွားပြီး စားကြပါတယ်။ များသောအားဖြင့်က တို့ဟူးနွေး စားကြပေမယ့် တစ်ခါတစ်လေလည်း ကော်ကြော် စားကြပါတယ်။ အမေနဲ့တော့ ကြော်နည်းမတူပါဘူး။ သူတို့က ကော်ရယ်၊ ဂဏန်းစစ်စစ် များများရယ်၊ ဘဲဥရယ်၊ ကျူးဆိုင်ရယ်နဲ့ပဲ ကြော်တာပါ။ အပျော့ကြော်နဲ့ အကျွတ်ကြော်ဆိုပြီး မှာလို့ရပါတယ်။ ဆီကတော့ အလျှံပယ်နဲ့ ကြော်တာပါ။ တစ်ခါတစ်လေ စားမယ်ဆိုရင်တော့ စားကောင်းပါတယ်။

Monday, July 09, 2007

ဧည့်သည်တော် မှတ်တမ်း

ကိုယ့်ဘာသာကိုယ် Blog ပြီး Blog ရေးရတာ ဘယ်လို ဘယ်ဝှာဆိုတာကို စာတစ်ပုဒ်လုပ်ပြီး ပြောရရင်တော့ လူရယ်စရာ ဖြစ်တော့မှာပဲ။ ဖျော်ဖြေစရာ တစ်ခုအနေနဲ့၊ မှတ်တမ်း တစ်ခုအနေနဲ့၊ ဒိုင်ယာရီ တစ်အုပ်အနေနဲ့ ရေးတယ်ဆိုဦး လုံ့လတော့ စိုက်ထုတ်ရပါတယ်။ Public ကို Publish လုပ်ထားတာဆိုတော့ ကိုယ်ရေးချင်တာရေးမယ် ဖတ်ချင်မှ ဖတ်လို့တော့ မဆိုသာပေမယ့် ကိုယ်ခေါင်းထဲမှာ၊ ရင်ထဲမှာ ရှိတာတွေကိုပဲ ရေးနိုင်ပါသေးတယ်။ ``အနုပညာဆိုတာ ပရိတ်သတ်အကြိုက် လိုက်လုပ်တာမဟုတ်ဘူး´´ လို့လည်း မကြွေးကြော်ရဲသလို ပရိတ်သတ်အားလုံး ကြိုက်အောင် လုပ်ဖို့ကလည်း မစွမ်းသာပါဘူး။ ဥပမာ ကဗျာကောင်းကောင်းပဲ ကြိုက်တဲ့သူကိုတော့ ဒီ Blog က မဆွဲဆောင်နိုင်ခဲ့ပါဘူး။ အများပေါင်းရေးတဲ့ Blog လည်းမဟုတ်ဘဲ မိသားစုသေးသေးလေး တစ်ခုတည်းက ရေးတာဆိုတော့ သုတနဲ့ ရသကလည်း အကန့်အသတ် ရှိပါတယ်။ ပရိတ်သတ်ကလည်း အကန့်အသတ်ရှိပါတယ်။

ဒီလို မများလှတဲ့ ပရိတ်သတ်ကို ဘယ်သူဘယ်ဝှာမှန်း မသိပေမယ့် နေ့တိုင်း(လိုလို) အလည်လာတဲ့ သူတွေကို မမြင်ရတဲ့ သံယောစဉ်တော့ ရှိလာပါတယ်။ Blog ဖတ်ရတာလည်း လွယ်လှတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဖတ်ချင်စရာ Blog တွေက အများကြီး ဖြစ်နေလေတော့ တစ်နေ့တစ်နေ့ အနည်းဆုံး ဂျာနယ်တစ်စောင် ဖတ်သလောက်တော့ အချိန်ယူရပါတယ်။ ဒီလို အချိန်ပေး လာဖတ်တဲ့ သူတွေကို အနည်းနဲ့ အများတော့ သိချင်လာပါတယ်။ တချို့က Blog နေကြလည်း မဟုတ် Comment ရေးနေကြလည်း မဟုတ် တချို့ကျတော့လည်း မြန်မာစာ ရိုက်ရတာ အခက်အခဲ ရှိလေတော့ များသောအားဖြင့်က တစိုက်မက်မက် ဖတ်နေကြပြီး စိတ်ထဲမှ ကြိုက်နေပေမယ့် (ကိုယ့်ကိုကိုယ်တော့ ဒီလိုပဲ အားပေးရတာပေါ့လေ) (ဘာ)ဖာသာပဲ ဖတ်သွားကြပါတယ်။

အဲဒါကြောင့် Post တစ်ခုစီကို Comment မပေးနိုင်တောင် Blog တစ်ခုလုံးအတွက် တစ်ခုခု ပြောခဲ့နိုင်မယ်ဆိုရင် လာလာဖတ်တဲ့ သူတွေရဲ့ အမြင်လေးတွေကို သိရတော့ ချီးမွမ်းတာဆိုလည်း ပီတိဖြစ်ရ၊ ထောက်ပြတာဆိုလည်း ပြင်သင့်တာပြင်လို့ ရတာမို့ Guest-Book လေး ထည့်ဖို့ စိတ်ကူးပြီး လိုက်ရှာပါတယ်။ ကောင်းကောင်းကန်းကန်းလေးတွေ တွေ့ပေမယ့် မြန်မာပြည်ကလူတွေ (အမျိုးတွေရော) Page ကို အမြန် Download လုပ်နိုင်အောင်ရယ်၊ ဒီ Blog က Depend လုပ်ရတဲ့ Site လည်း နည်းချင်တာကြောင့် Guest-Book ကို Post တစ်ခုအနေနဲ့ပဲ တင်လိုက်ပါတယ်။ Comment မှာ ဧည့်သည်တော် မှတ်တမ်းလေး တစ်ကြောင်း နှစ်ကြောင်း (မြန်မာလို မဟုတ်တောင် အင်္ဂလိပ်လိုလေး) ရေးပေးသွားမယ်ဆိုရင်ဖြင့် ကျေးဇူးတင်လှပါပြီ။ အမည်မဖော်ချင်သူများကလည်း (chat စကားနဲ့ ပြောရမယ်ဆို) ASL (Age, Sex, Location) လေးလောက် ပြောသွားရင် ကောင်းမှာပဲ။

ဒီမှာ မှတ်တမ်း ရေးပေးသွားတဲ့ သူတွေကို ပိုပြီး ကျေးဇူးတင် အလေးထားပါတယ်။ ရွှေဧည့်သည်တွေရဲ့ Comment တွေပဲ သပ်သပ်စုထားချင်တာမို့ ကျွန်တော် Reply မလုပ်တော့ပါဘူး။


Comment ရေးနေကျ မဟုတ်သော သူများအတွက်ပါ။
(၁) Post a comment ကို Click လုပ်ပါ။
(၂) Leave Your Comment မှာ တစ်ခုခု ရေးပါ။
(၃) Blogger ID မရှိရင် Other ကိုနှိပ်ပြီး Name နေရာမှာ အမည်ရင်းဖြစ်ဖြစ်၊ တစ်ခုခု ဖြစ်ဖြစ်ရေးပါ။
(၄) [Preview] ကို နှိပ်ပြီး အစမ်းကြည့်ပါ။
(၅) ကြိုက်ပြီဆိုရင် [Publish Your Comment] ကိုနှိပ်ပါ။

Sunday, July 08, 2007

ကာကွယ်ဆေး

ဒီနေ့ ရာပြည့်ပါ။ သမီးလေးမွေးတာ ရက်တစ်ရာပြည့်တာပါ။ မနက်က သမီးလေးအတွက် ကာကွယ်ဆေး သွားထိုးရပါတယ်။ မြန်မာပြည်မှာလိုတော့ ကာကွယ်ဆေး လာထိုးဖို့ ဒေသန္တရဆေးခန်းကနေ အော်လံတွေနဲ့အော်၊ သီချင်းတွေဖွင့် မဟုတ်ပါဘူး။ ကရင်မ နာစ်မ ၀၀ကြီးတွေက အိမ်တိုင်ရာရောက် အခမဲ့ လိုက်ထိုးပေးတာ မဟုတ်ပါဘူး။ ဆရာဝန်က ၃လပြည့်ပြီးရင် ပြန်လာဖို့ ရက်ချိန်းထားလို့ ဆေးခန်းမှာ ပိုက်ဆံပေးပြီး သွားထိုးရတာပါ။

သမီးလေး မွေးပြီး နောက်တစ်နေ့မှာပဲ ဆေးရုံက BCG ထိုးပေးပါတယ်။ BCG က တီဘီ (Tuberculosis) အတွက် ကာကွယ်ဆေးပါ။ နောက်တစ်ရက်မှာ အသည်းရောင်ဘီ (Hepatitis B) အတွက် ကာကွယ်ဆေး 1st Dose ထိုးပေးပါတယ်။ စင်္ကာပူလို နိုင်ငံမှာတောင် အသည်းရောင် ဘီ ရှိတဲ့သူက လူဦးရေရဲ့ ၈% လောက်ရှိတာကနေ အခုနောက်ပိုင်းမှ ၄% ကို လျှော့ချလာနိုင်တာပါ။ မြန်မာပြည်မှာကတော့ ပြောမနေနဲ့ နောက်ဆုံးပေါ် (ဒါပေမယ့်) တိတ်တိတ်ပုန်း ရောဂါပြန့်ပွားမှုလို့တောင် ပြောချင်တယ်။ စစ်လိုက်တာနဲ့ ရှိနေပြီ။ မိသားစုထဲမှာ၊ အမျိုးတွေထဲမှာ၊ သူငယ်ချင်းတွေထဲမှာ ကူးစက်/သယ်ဆောင် နေတဲ့သူတွေက အများသား။ ကိုယ်တောင် အမြန်ကာကွယ်ဆေး ထိုးလိုက်နိုင်လို့ အသားလွတ် အကူးစက် မခံရတယ်။ ဆေးထိုးဖို့ အသိစိတ်ဓါတ်ရော ပိုက်ဆံရော ရှိလို့ သွားထိုးတာတောင် ပိုးရှိပြီးသားဖြစ်နေလို့ မထိုးလိုက်ရတဲ့ သူတွေကလည်း တပုံတပင်။ ပိုက်ဆံမရှိလို့ ကမ္မသကာ လုပ်လိုက်ရတဲ့သူတွေကလည်း ၀မ်းနည်းစရာ။ ကျန်းမာရေးဝန်ကြီးဌာနက အခုနောက်ပိုင်းတော့ ကလေးတွေကို စီမံချက် တစ်ရပ်အနေနဲ့ လိုက်လုပ်ပေးနေပေမယ့် လူကြီးတွေကို ပညာပေးတို့ ဆေးဖိုး (နည်းနည်းဖြစ်ဖြစ်)စိုက်ပေးတာတို့ ဘာတို့ မလုပ်ပေးသေးတာ မနိုင်မှ လှည့်ကြည်ရင်တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ပိုကုန်ကျမယ်။ ထားပါလေ။ ကလေးတစ်လမှာ (Hepatitis B) အတွက် 2nd Dose ထပ်ထိုးရသေးတယ်။

အခု ၃လပြည့်ပြီးတော့ ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်အတွက် DPT (Diptheria, Pertussis & Tetanus) (DTap လို့လည်းခေါ်ပါတယ်၊ DTP လို့လည်းခေါ်ပါတယ်) ၃မျိုးနဲ့ ပိုလီရို (Polio) အခြေခံ (မဖြစ်မနေ) ၄မျိုး ရယ် တုပ်ကွေး Hib (Haemophilus Influenza)ရယ် ၅မျိုး ကို ထိုးရပါတယ်။ မြန်မာပြည်မှာတော့ ပိုလီရိုက သောက်ဆေးတဲ့။ ကံကောင်းချင်တော့ Combined Vaccine ဆိုပြီး ၅မျိုးပေါင်း (5-in-1 – DTPa-IPV-Hib) ရှိနေတော့ One Shot တည်းနဲ့ ပြီးသွားတယ်။ Hepatitis B အပါအ၀င် 6 in 1 ဆိုပြီးတောင် ရှိပေမယ့် သမီးလေးက ထိုးပြီးသားဆိုတော့ မလိုတော့ပါဘူး။ ကြက်ညှာ ချောင်းဆိုးက Whooping Cough ဆိုပြီး ခေါ်တာပါ။ သူ့ကိုဖြစ်စေတာက နှာစေးတာကနေဖြစ်စေ ချောင်းဆိုးတာကနေဖြစ်စေ ကူးစက်နိုင်တဲ့ Bordetella မျိုးဝင် pertussis ဘက်တီးရီးယားပါ။

နောက်တစ်မျိုး Optional ပါ ထပ်သောက်ရတယ်။ အထက်လှန် အောက်လျှော ၀မ်းသွားတာ ကာကွယ်ဖို့ Rota Virus ကာကွယ်ဖို့ GSK က ထုတ်တဲ့ Rotarix သောက်ဆေးပါ။ ပါးစပ်ထဲကို အစက်ချတာပါ။ ဒီဆေးက States မှာတောင် မနှစ်ကမှ စရောင်းတာဆိုတော့ သမီးလေးက ကံကောင်းတယ် ပြောလို့ရတာပေါ့။ ဈေးကတော့ နည်းနည်း ကြီးပါသေးတယ်။ မဖြစ်မနေမဟုတ် စိတ်ကြိုက် ရွေးခွင့်ရှိပေမယ့် ဒါဟာ အလောင်းအစားတစ်ခုမှ မဟုတ်လေတော့ ၂ ယောက်သား တိုင်ပင်စရာမလိုဘဲ ခေါင်းငြိမ့်လိုက်ပါတယ်။ သောက်ဆေးနဲ့ ထိုးဆေးနဲ့ ကွာတာ တစ်ခုရှိပါတယ်။ ထိုးဆေးတွေက ဗိုင်းရပ်စ်အသေ(အခွံ)ပါ။ သောက်ဆေးတွေကတော့ Attenuated Virus ပါ။ အာနိသင်မရှိတဲ့ ဗိုင်းရပ်စ် အရှင်ပါ။ အခန့်မသင့်ရင် Attenuate Virus တွေက အန္တရာယ် ပေးနိုင်ပါတယ်။ အထူးသဖြင့် ပိုလီရိုသောက်ဆေးပါ။

ကာကွယ်ဆေးတွေထိုးပြီး ညနေကစပြီး ကလေးက နည်းနည်း အီချင်လာလို့ ဆရာဝန် ပေးလိုက်တဲ့ Paracetamol အရည်နည်းနည်း တိုက်ထားရပါသေးတယ်။ ဒီလိုပဲ ဖြစ်တတ်တယ်လို့ ဆရာဝန်ကလည်း ကြိုပြောလိုက်လို့ တော်သေးတယ်။

Saturday, July 07, 2007

ကျွန်တော်ပိုသိလာတဲ့ ကျွန်တော့် Hero

(ကိုသီဟကျော်ဇောက ကျွန်တော်မသိတဲ့ ကျွန်တော့် Hero ကို ပိုသိလာအောင် စေတနာအပြည့်နဲ့ Comment ပြည့်ပြည့်စုံစုံ ရေးပေးသွားတာကို Commentဆို စာဖတ်သူတချို့ကျော်သွားမှာ စိုးလို့ Post တစ်ခုအနေနဲ့ တင်ပေးလိုက်ရတာပါ။ ကျေးဇူးတင်ပါတယ် ကိုသီဟကျော်ဇော။)

ချေဂွေဗားရား ဟာ အင်မတန်မှ စိတ်ထား မွန်မြတ်တဲ့ သူတစ်ယောက်ဖြစ်တယ်။ သူ့ ကိုတစ်ခါက သတင်းထောက်တစ်ယောက်က ဆရာဝန်မလုပ်ဘဲ ဘာဖြစ်လို့ တော်လှန်ရေးလုပ်နေရသလဲလို့ မေးတော့ သူက

ဆရာဝန်လုပ်ရင် လူတစ်ယောက်ချင်းစီရဲ့ ရောဂါဝေဒနာတွေကိုပဲ ကုပေးနိုင်မယ်၊ သူက လူပေါင်းမြောက်များစွာရဲ့ ဒုက္ခတွေကို ကုစားပေးချင်လို့  တော်လှန်ရေးလုပ်နေရတာပါ
လို့  ပြန်ဖြေခဲ့ဖူးတယ်။

သူ့ အထုပ္ပတ္တိဖတ်ခဲ့တုန်းက စာအုပ်ရဲ့ အစပိုင်းမှာပဲ ကျွန်တော်အရမ်းသဘောကျခဲ့ရတဲ့၊ ဒီနေ့ အထိခေါင်းထဲမှာ မှတ်မှတ်ရရ ရှိနေတဲ့ အချက်တစ်ခုကို သွားတွေ့ တယ်။ အဲ့ဒါဘာလဲဆိုတော့ ချေဂွေဗားရားဟာ ငယ်ငယ်တုန်းက ကျန်းမာရေး အလွန် ချူချာတယ်။ ကျောင်းနေရမယ့် အရွယ်အထိ ကျောင်းမနေနိုင်ခဲ့ဘူး။ သူ့ အမေကပဲ အိမ်မှာစာသင်ပေးခဲ့ရတယ်။ သူ ကျောင်းနေရမယ့် အရွယ်အထိ ကျောင်းမနေဖြစ်တော့ သူတို့ နေတဲ့မြို့ က ပညာရေးမှူးက အိမ်တိုင်ရာရောက်လာပြီး ဘာဖြစ်လို့ ဒီကလေးကို ကျောင်းမထားရတာလဲ ဆိုပြီး လာ စုံစမ်းတယ်။ ဒါနဲ့  သူ့ အမေက အကျိုးအကြောင်းပြောပြီး သူ ကိုယ်တိုင်အိမ်မှာ စာသင်ပေးနေတယ်ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော် အရမ်းအံ့သြသွားတာက အာဂျင်တီးနားနိုင်ငံဆိုတာ အကြီးကြီးပါ။ ဘယ်လိုဖြစ်လို့  သူတို့ နိုင်ငံက အာဏာပိုင်တွေဟာ ကျောင်းနေသင့်တဲ့ အရွယ်ရောက်တဲ့ ကလေးတစ်ယောက် ကျောင်းမနေဖြစ်ဘူးဆိုတာ ဘယ်လို လုပ်သိနေရတာလဲ။ ဒီခေတ်မှာလို့  Computer System တွေလည်း မရှိဘူး၊ ဘယ်လိုလုပ်ပြီး ကလေးတစ်ဦးချင်းစီကို ခုလို စောင့်ကြည့် နေနိုင်တာလဲ၊ အဲ့ဒီ အချိန်က သူတို့ တိုင်းပြည်ရဲ့ စနစ်ကို တော်တော်အံသြသွားတယ်။ တပြိုင်နက်တည်း စဉ်းစားမိတာက
တချိန်ကျွန်တော်တို့  ဗမာနိုင်ငံမှာလည်း ဒီလို စနစ်မျိုးလုပ်ရမယ်။ Computer System အကြီးကြီးဆောက်၊ ကလေးတွေ မွေးကတည်းက ကလေးတွေရဲ့ မွေးစာရင်းကို Database ထဲထည့်ပြီး နှစ်တိုင်း နှစ်တိုင်း ၅ နှစ်ပြည့်ပြီးတဲ့ ကလေးတွေဟာ ကျောင်းမှ အပ်ရဲ့လားဆိုပြီး ကျောင်းအပ်တဲ့ စာရင်းနဲ့ တိုက်စစ်ရမယ်။
အဲ့ဒီ စာအုပ်ကို ဖတ်ပြီး လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်လောက်ထဲက ကျွန်တော် အလိုစဉ်းစားမိတယ်။ ကွန်ပြူတာကလည်း စလေ့လာခါစဆိုတော့ Oracle Database ကြီးသုံးပြီး တိုင်းပြည်စီမံခန့် ခွဲဖို့ အတွက် အရေးကြီးတဲ့ Computer System ကြီးတစ်ခု ရှိရမယ်လို့  စိတ်ကူးခဲ့ဖူးတယ်။

Thursday, July 05, 2007

ပျော်ပျော်ပါးပါး ဆော့ကစား

ကလေးတွေဟာ ဆော့ကစားရတာကို ကြိုက်တာ ပုံမှန်ပါ။ ကလေးတွေဟာ သိတတ်တဲ့ အရွယ်ကစလို့ ဆော့ကစားချင်ပါတယ်။ တကယ်တော့ ကလေးတွေ ကစားစရာ တစ်ခုခုနဲ့ဆော့တယ်၊ တစ်ခုခုလုပ်တမ်းဆော့တယ်ဆိုတာ (ကျွန်တော့် အထင်တော့) လူကြီးတွေ စာရေးသလိုပါပဲ။ စိတ်ကူးယဉ် ရပါတယ်။ တစ်ခုခုကို သူ့အတွေးထဲမှာ မြင်ယောင်ပြီးတော့မှ အပြင်မှာ လှုပ်ရှား အသံထွက် ဆော့တာပါ။ `ညောင်ပင်တစ္ဆေ ဝေလေလေ´လို့ဆော့နေချိန်မှာ ကလေးတွေဟာ အတွေးထဲမှာ ညောင်ပင်ရော၊ တစ္ဆေရောပါ မြင်ယောင်နေကြမှာပါ။ သူတို့ မြင်တာကို ကိုယ်မသိနိုင်တာရယ်၊ သူတို့ ပုံဖော်ချင်သလို ပုံဖော်နေကြတာရယ်ပဲ ရှိမှာပါ။ ဒါပေမယ့် ၂နှစ်အောက် ကလေးတွေကတော့ သူတို့ဘာသာ (ကိုယ်ပိုင်) ဇာတ်လမ်းလုပ် မဆော့နိုင်ကြပါဘူး။ (ကိုယ်ထင်/မြင်တာ ပြောတာ စာအုပ်ထဲမှာတော့ မတွေ့ဖူးပါဘူး။) ကိုယ်က ဖန်တီးပေးရင်တော့ သူတို့ဘာသာ သူတို့ ပုံဖော်ဆော့နိုင်ကြပါတယ်။

တလောက သူငယ်ချင်းတစ်ယောက်အိမ် သွားတော့ သူ့ရဲ့ ၂နှစ်အရွယ် ကလေးနဲ့ ဆော့ပါတယ်။ `လာဟော့.. လာဟေ့.. ကျောင်းသွားကြမယ်´ဆိုပြီး.. သူ့ကျောပိုးအိတ်လေးကို ယူပြီး အိမ်ထဲမှာပဲ ဒီနားက ဟိုနားသွားပြီး ထိုင်ကြပြီး စာသင်သလို လုပ်နေကြပါတယ်။ ကျောင်းဆိုတဲ့ အရာတောင် တစ်ခေါက်မှ မရောက်ဖူးပေမယ့် သူ့စိတ်ထဲမှာ သူဟာ ကျောင်းရောက်နေသလိုမျိုး ခံစားရတယ်ဆိုတာ သူ့မျက်လုံးမှာ တွေ့လိုက်ရပါတယ်။ ဒီလို ဆော့ပေးခြင်းဖြင့် သူတို့ဟာ ပိုပြီး Visualize လုပ်နိုင်လာမယ် ထင်ပါတယ်။ ခုနက ကလေးလိုမျိုး ကျောင်းဆိုတာ မမြင်ဖူးသေးခင် သူပုံဖော်ချင်သလို ပုံဖော်ထားတာ တစ်မျိုးကောင်းပါတယ်။ ကျောင်းဆိုတာကြီးကို သူနဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရတော့ သူထင်ထားတဲ့အတိုင်း ဆိုရင်လည်း မစိမ်းတော့ပါဘူး။ မတူရင်လည်း သြော်.. ကျောင်းဆိုတာ ဒီလိုမျိုးပါလား ဆိုပြီး ပိုမှတ်မိပါတယ်။ (လူဦးနှောက်ကလည်း တစ်ခေါက် မှားဖူးလို့ ပြန်ပြင်ထားရတာဆိုရင် ရိုးရိုးတန်းတန်း မှတ်တာထက် ပိုမှတ်မိတာ ကျွန်တော့်အတွက်တော့ မှန်ပါတယ်။ Correction လုပ်ရတဲ့ အချိန်မှာ Emotion အနည်းငယ် ပါလို့လားမသိဘူး။)

ကလေးတွေနဲ့ ဆော့ရတာ နည်းမျိုးစုံ ရှိပါတယ်။ အလွယ်ဆုံးနည်းကတော့ ကလေးကို အမြင့်ကြီး မြှေုာက်ချီပြီး အောက်ကို ချတာပါပဲ။ ဒီနည်းက သေချာပေါက် ကလေးတိုင်း ကြိုက်ပေမယ့် မိဘတိုင်းတော့ ကြိုက်မှာ မဟုတ်ပါဘူး။ သူ့အရွယ်နဲ့ သူ ဘာကြိုက်တတ်တယ်၊ ကလေးက ဘယ်လောက်လုပ်နိုင်တယ် ဆိုတာ ရှိထားပြီး ကလေးပျော်တဲ့ အတိုင်းသာ လိုက်လုပ်ပေးရုံပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ခေါက်နဲ့ တစ်ခေါက်တော့ တူမှာ မဟုတ်ပေမယ့် အခြေခံအားဖြင့်ကတော့ အတူတူပါပဲ။

သမီးလေးဟာ ၃ ပတ်၊ ၄ ပတ်လောက်မှာကတည်းက သူ့အပေါ် စောင်ခြုံပေးထားရင် ခြေထောက်နှစ်ဘက်လုံးကို မပြီး စောင်ကွာအောင် လုပ်တတ်တော့ သူ့ခြေထောက်လေးတွေကို အနည်းနဲ့ အများတော့ ထိန်းတတ်သွားပါတယ်။ အဲဒီတော့ ကျွန်တော်က သူခြေထောက်ပေါ်ကို ဖက်ခေါင်းအုံးလေး တင်ပေးရင်လည်း ကျအောင် လုပ်တတ်ပါတယ်။ ကျသွားရင် သူကျေနပ်ပါတယ်။ သူနဲ့ ဆော့နေရင်း သူဘေးဖက်မှာ ကျွန်တော်က ၀င်အိပ်ပြီး `အိပ်ချင်တယ်ကွာ´ဆိုပြီး မျက်လုံးမှိတ်နေရင် အမေကိုကြည့်တတ်ပါတယ်။ အိပ်သွားပြီ ဆိုပြီး။ အမေက `သမီး..အဖေ့ကို နှိုးလိုက်..နှိုးလိုက်´ ဆိုရင် `အဲ..အဲ´ဆိုပြီး အသံတစ်မျိုးနဲ့ နှိုးပါရော။ ကျွန်တော့် မျက်လုံး ပြန်ပွင့်လာရင် သူပျော်ပါတယ်။ ဒါလည်း ကျွန်တော်တို့ အတွက်တော့ ဆော့နည်းတစ်မျိုးပါပဲ။ သူအကြိုက်ဆုံးကတော့ သူ့တွဲလောင်း အရုပ်လေးတွေပါပဲ။ ပဲပဲ၊ ပလူတို၊ မီးညောင်၊ မြီးတုန် နာမည် မျိုးစုံ ပေးထားတဲ့ အထဲမှာ သူက ပလူတိုကို အကြိုက်ဆုံးပါ။ ပလူတိုက ခုန်ပေါက်နေရင် သူက အသည်းတွေယားပြီး အောက်ကနေ အော်ပါလေရော။ (ခလေးတွေကို တစ်ခုခု ပြတဲ့အခါ ဒါကဘာ ဟိုဟာကဘာ ဆိုပြီး နာမည်ပေး ပြောရင် သူတို နားလည်လည် မလည်လည် ပိုကောင်းပါတယ်။ ကျွန်တော်တို့ အခန်းထဲမှာ မင်္ဂလာဆောင်တုန်းကပုံ ကပ်ထားတော့ သူက စိတ်ဝင်စားပြီး ကြည့်တတ်ပါတယ်။ သူကိုပြတဲ့ အခါ `ပါးပါး´၊ `မားမား´ ဆိုပြီး လက်ညှိုးထိုး ပြပါတယ်။ ဘုရားစင်နား သွားရင်လည်း `ရှိရှိပါ´ဆိုပြီး ပြောပြီးမှ ပြပါတယ်။ ကလေးပုံ Wall-sheetလေး ကပ်ထားတာကိုလည်း သမီးကောင်လေးဆိုပြီး သွားပြလို့ သူ့အမေက လှမ်းအော်ပါသေးတယ်။) အခုလည်း အရုပ်အသစ် ထပ်ရထားပြီး သူက ကြိုက်ပါတယ်။ Mickey Mouse လေးပါ။ သူ့ခေါင်းရင်းမှာ ထားထားတော့ ဘယ်နားမှာ ရှိလဲ သူသိပါတယ်။ သတိရရင် လှမ်းကြည့်တတ်ပါတယ်။ ဒီဟာက သမီးလေး Micky Mouse နဲ့ဆော့တာကို ရိုက်ထားတာပါ။

Wednesday, July 04, 2007

ကျွန်တော်မသိတဲ့ ကျွန်တော့် Hero

လူ(ငယ်)တိုင်းလိုလိုမှာ သူတို့ရဲ့ Hero ဆိုတာ ရှိတတ်ပါတယ်။ တစ်ယောက်ထဲလည်း ဖြစ်ရင်ဖြစ်မယ်။ အများလည်းဖြစ်ရင် ဖြစ်မယ်။ Greek Mythology ထဲက Prometheus လိုမျိုး လည်းဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံရေးသမားလည်း ဖြစ်ချင်ဖြစ်မယ်။ Comic ထဲက Spider-man လည်းဖြစ်ချင်ဖြစ်မယ်၊ Bill Gates လည်းဖြစ်ချင်ဖြစ်မယ်။အငတ်ခံပြီး ကဗျာရေးတဲ့ သူလည်း ဖြစ်ချင် ဖြစ်မယ်။ သဌေးဖြစ်အောင် လုပ်နည်း ရေးတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။ သူများကြိုက်လို့ ရောယောင်ပြီး စတိုင်လုပ်တာလည်း ဖြစ်မယ်။ ကိုယ့်ဟာကိုယ် တိတ်တိတ်လေး Hero လို့ သတ်မှတ်ထားတာလည်း ရှိကြပါမယ်။ ကိုယ့်အဖေ၊ ကိုယ့်ယောက်ျားကို Hero အဖြစ်သတ်မှတ်ထားတာလည်း ဖြစ်မယ်။



ကျွန်တော့်အတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းကို သူ့အကြောင်း မဖတ်ရခင်၊ သူ့မိန့်ခွန်း နားမထောင်ရခင်၊ သူ့စိတ်ဓါတ်ကို မသိရခင်ကတည်းက အကျွမ်းဝင်ခဲ့တာ မဆန်းလှပါဘူး။ ပိုက်ဆံပေါ်မှာလည်း သူ့ပုံ၊ အများနဲ့ဆိုင်တဲ့ ရုံးတို့၊ ကျောင်းတို့၊ သွားတော့လည်း သူ့ပုံကို ချိတ်ဆွဲထားတယ်၊ အိမ်တချို့မှာလည်း ဓါတ်ပုံ ချိတ်ထားတော့ ငယ်ငယ် ကျောင်းမတက်ခင်ကတည်းက ရင်းနှီးခဲ့ပါတယ်။ စာသင်ရတော့၊ စာဖတ်ရတော့ သူ့အကြောင်းတွေ ပိုသိလာလေ သူက ကိုယ့်ရဲ့ Hero ဖြစ်သွားတာ မြန်မာပြည်က လူတိုင်း နားလည်နိုင်တဲ့ အချက်ပါ။ ကိုယ့်ကိုကိုယ် နားလည်နိုင်တဲ့ အချက်ပါ။



ငယ်ငယ်က Bruce Lee ရုပ်ရှင်တွေ၊ Videoတွေ ကြည့်ပြီး သူဟာ Hero ဖြစ်လာတာ မဆန်းပါဘူး။ ခန္ဓာကိုယ်သေးသေးလေးပေမယ့် သံမဏိလိုမျိုးမို့ လိုချင်ခဲ့ပါတယ်။ လူ ၁၀ ယောက်လောက်ကို ၁ ယောက်ထဲ အသာလေး ချသွားတာ အားကျစရာပါ။ သွေးအလိမ်းလိမ်းနဲ့ သေကောင်ပေါင်းလဲ ဖြစ်နေတာတောင် ပြန်ထပြီး ချလို့ကတော့ ကြက်သီးထမတတ် ကြိုက်ပါတယ်။ သူဟာ လူငယ်တစ်ယောက်ရဲ့ Hero ဖြစ်ရတာ မဆန်းလှပါဘူး။



ကျွန်တော် ကိုယ့်ကိုကိုယ် နားမလည်နိုင်တဲ့ အချက်ကတော့ ကျွန်တော့် စိတ်ထဲမှာ အဲဒီလိုမျိုး နောက်တစ်ယောက် ရှိနေတာပါ။ တချို့လူတွေမှာလည်း ရှိနေတာပါ။ ဒီထက်ပို ထူးဆန်းတာကတော့ လူပျိုပေါက်ဖြစ်တဲ့ အထိ သူဘယ်သူလဲဆိုတာ မသိဘဲ သူ့ပုံကို နှစ်သက်ခဲ့တာပါ။ သူ့ပုံဆိုတာလည်း ပီပီသသပုံ မဟုတ်ပါဘူး။ အရောင် ၁ ရောင်ထဲကို (အနီ သို့မဟုတ် အနက်) အရိပ်တွေဘာတွေ မပါဘဲ ဆွဲထားတဲ့ ပုံရိုးရိုးပါ။ သူနာမည်လည်း မသိ၊ သူဘာကြောင့် နာမည်ကြီးမှန်းလည်း မသိဘဲ ကြိုက်နေခဲ့တာပါ။



သူပုံဟာ ရမ်ဘိုနဲ့ဆင်ပေမယ့် ရမ်ဘို မဟုတ်မှန်းတော့ သိခဲ့ပါတယ်။ ရမ်ဘိုထက် ပိုကြိုက်ခဲ့ပါတယ်။ တိုက်ခိုက်ရေးသမား၊ ပြောက်ကျားတစ်ယောက်ပုံမှန်း သိခဲ့ပေမယ့် ဆရာဝန်တစ်ယောက်ဆိုတာ ဘယ်လိုနည်းနဲ့မှ မထင်ခဲ့ပါဘူး။ သူပုံ Sticker အနီရောင်လေးကို ဆေးကျောင်းသား သူငယ်ချင်းတစ်ယောက်က သူ့ ဆလွန်းကား အဖြူရောင်လေးမှာ ကပ်ထားတာ ကြည့်ကောင်းပေမယ့် ဒီပုံထဲကလူဟာ ဆရာဝန် တစ်ယောက်ဖြစ်ခဲ့ဘူးတယ်ဆိုတာ သူသိလား မသိလား အဲဒီတုန်းက မမေးလိုက်ရပါဘူး။ ငယ်ငယ်က စက်ဘီး (ရေကာ)မှာ သူ့ပုံ ကပ်ထားပေမယ့် သူဟာ ဆိုင်ကယ်တစ်စီးနဲ့ နိုင်ငံစုံ သွားပြီး အနူတွေကို ကုပေးတဲ့ သူမှန်း မသိခဲ့ပါဘူး။



သူဟာ ရော့ခ် အဆိုတော်တစ်ယောက် မဟုတ်မှန်းတော့ သေချာပေါက် သိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ပုံပါတဲ့ တီရှပ်ကို လိုချင်ခဲ့ပါတယ်။ Hippy တွေ၊ Pop သမားတွေ၊ အမေရိကန် ရုပ်ရှင်ကားတွေထဲမှာ လူငယ်တွေ ၀တ်တာတွေ့လို့ ဒါဟာ အမေရိကားကလူငယ်တွေရဲ့ Icon / Idol ထင်ထားပေမဲ့ သူဟာ CIA ကို ကလန်ကဆန်လုပ်ခဲ့ပြီး အမေရိကန်ရဲ့ ရန်ဘက် ကျူးဘားက ကတ်စထရိုကို နန်းတင်ပေးခဲ့တဲ့ ကတ်စထရိုရဲ့ ဦးနှောက်လို့ တင်စားခေါ်ရတဲ့ သူမှန်း လုံးဝ မသိခဲ့ပါဘူး။



ငါးတန်းလောက်က သူ့ပုံ ဇာပန်းထိုးထားတာကို လွယ်အိတ်မှာ ကပ်မလို့ ၀ယ်ပြီးမှ အမေဆူမှာစိုးလို့ ထမင်းဘူးထဲက ထမင်းလုံးလေးတွေနဲ့ပဲ ကပ်ထားပါတယ်။ သူဟာ Times မဂ္ဂဇင်းရဲ့ ၂၀ရာစုမှာ သြဇာအသက်ရောက်ဆုံး ပုဂ္ဂိုလ်တွေထဲမှာ တစ်ယောက်အဖြစ် အရွေးခံရမယ်ဆိုတာ သိလို့ကတော့ ထမင်းလုံးတွေ ခြောက်ပြီး ကျမပျောက်သွားအောင် အမေကိုပဲ ချုပ်ခိုင်းလိုက်မှာပါ။



အခုအချိန်ထိ သူ့ပုံပါတဲ့ တီရှပ်တွေ ရောင်းကောင်းဆဲပါ။ ကားတွေမှာ Sticker လေးတွေ ကပ်ထားတုန်းပါ။ ကွန်ပြူတာ Desktop မှာ Wallpaper အဖြစ် ထားကြတုန်းပါ။ ဆေးမင်ကြောင် ထိုးထားတာတောင် တွေ့ဖူးသေးတယ်။ ကျွန်တော့်လိုပဲ တော်တော်များများက သူဘာလည်းဆိုတာ မသိကြဘူးတဲ့။ အဆိုးဆုံးကတော့ သူမုန်းတဲ့ လူတန်းစားက သူပုံမှ မပါရင် ခေတ်မမီသလို ဖြစ်နေတာပါ။



အခု အချိန်မှာ သူဟာ ကျွန်တော့်ရဲ့ Hero ဖြစ်နေသေးလား မဖြစ်တော့ဘူးလားကိုတော့ ကျွန်တော် မပြောလိုပေမယ့် ဒီလို ရိုးရိုးရှင်းရှင်း တစ်ရောင်ထဲနဲ့ သူ့ရဲ့ပုံဟာ အင်မတန်မှ ခက်ခဲနက်နဲတယ်ဆိုတဲ့ မိုနာလီဆာပုံတူပန်းချီနဲ့ တန်းတူ ကျွန်တော့်ရင်ထဲမှာ မြဲမြဲ စွဲစွဲ ထင်နေတုန်းပါ။



တခြားဖတ်ရန် - ကျွန်တော်ပိုသိလာတဲ့ ကျွန်တော့် Hero

Sunday, July 01, 2007

၃လပြည့်

မနေ့က (၃၀ရက်နေ့က) သမီးလေး မြင့်မြတ်နိုး ဖွားတာ ၃ လပြည့်သွားပါပြီ။ တစ်လပြည့်တုန်းကတော့ ဘုန်းကြီးကျောင်းမှာ အလှူ လုပ်ဖြစ်ခဲ့ပါတယ်။ ၂လ သမီးတုန်းကတော့ ကျွန်တော်က ဗီယက်နမ်ကို ခရီး လွန်နေလို့ ဘာမှ မလုပ်ပေးလိုက်ရပါဘူး။ ၃လပြည့်မှာ ကံကောင်းချင်တော့ သူငယ်ချင်း မိသားစု က သူတို့ သမီးလေး ၂ နှစ်ပြည့် အလှူလုပ်တာနဲ့ကြုံလို့ သူတို့ဆီမှာ ခွင့်တောင်းပြီး ဘုန်းကြီးပွဲထဲမှာ ဟင်းပွဲလေးတွေ ထည့်လှူလိုက်ရပါတယ်။

အလှူရှင်တို့ ထုံးစံအတိုင်း ကြက်သား၊ ၀က်သားစတာတွေ လှူတာဆိုတော့ ကျွန်တော်တို့က ငါးကြော်နှပ်နဲ့၊ ငါးဆုပ်ဟင်း လှူပါတယ်။ ငါးဆုပ်က ငါးဖယ်တော့မဟုတ်ပါဘူး။ စင်္ကာပူဈေးထဲက ရတဲ့ ငါးကွန်းရှပ်ကို အမေက ဇွန်းနဲ့ ခြစ်ပြီး ငါးဆုပ်လုပ်ထားတာပါ။ ကျွန်တော်တို့ကလည်း ငါးဆို ကကတစ်နဲ့ ငါးခူလောက်ပဲ ပုံပန်းသဏ္ဍာန်ကြည့်ပြီး ၀ယ်တတ်တာဆိုတာ့ အမေလာမှပဲ ဒီလိုငါးတွေ ၀ယ်ဖြစ်တော့တယ်။ ငါးကွန်းရှပ်ကလည်း စားလို့တော့ ကောင်းပါတယ်။ မဆိုးပါဘူး။ မြန်မာပြည်မှာလည်း ငါးဖယ်အစစ် ငါးဆုပ်က ရှားနေပြီဆိုတော့ မထူးပါဘူး။ နောက် ဟင်းရွက်ကြော်လေး တစ်ခွက်ပါ ထည့်လှူလိုက်သေးတယ်။ သမီးလေးက အဲဒီကျောင်းနဲ့ ရေစက်ဆုံတယ်ထင် တစ်လပြည့်တုန်းက လှူတဲ့ ဘုန်းကြီးကျောင်းမှာပဲ။ တကယ်တော့ ဒီကျောင်းက စင်္ကာပူမှာ အချမ်းသာဆုံး မြန်မာကျောင်းပါ။ ရေများရာ မိုးရွာပြီး ဘာရယ်ကြောင့် မသိ လှူပြီဆို ဒီကျောင်းမှာပဲ လှူဖြစ်နေတယ်။ တကယ်ဆို အဲဒီနေ့မှာ တခြားကျောင်းက ဘုန်းဘုန်းတွေကို ဆွမ်းချိုင့် ပို့မလို့ပါပဲ။ သူငယ်ချင်းက အဲဒီမှာ အလှူဖိတ်ထားတော့ ဟိုကျောင်းပြေး ဒီကျောင်းပြေး ဖြစ်နေမှာ စိုးလို့ အဲဒီမှာပဲ လှူလိုက်တော့တယ်။ ဘုန်းကြီးတွေကတော့ မတူတော့ဘူး။ ဒီတစ်ခါတော့ ကျောင်းထိုင်ဆရာတော် ဘုန်းကြီးကလည်း ခေတ်မီတယ်။ ဆွမ်းကပ်တော့ ဆလပ်ရွက်တွေကြီး ထိုင်ဘုန်းပေးနေတော့ ဆွမ်းတွေ၊ ဟင်းတွေတော့ မစားတော့ပါဘူးဆိုပြီး စိုးရိမ်ရသေးတယ်။ ဆလပ်ရွက် တစ်ပန်းကန် ကုန်မှ ဘုန်းပေးတယ်၊ တော်သေးတာပေါ့။ နောက်ပြီး တခြား ဘုန်းကြီးတွေက အာဂန္တုတွေဆိုတော့ အရင်တစ်ခါက ဘုန်းကြီးတွေ မဟုတ်တော့ဘူးပေါ့။ အလှူကလည်း ချောချောမွေ့မွေ့နဲ့ ပြီးသွားပါတယ်။ သူတို့ မိသားစုကို ဓါတ်ပုံတွေ ရိုက်ပေးနေတာနဲ့ မေ့သွားပြီး ကိုယ့်မိသားစုပုံလေးတောင် မရိုက်ဖြစ်လိုက်ဘူး။

ညနေကျတော့လည်း တူမလေးအတွက်ဆိုပြီး သူ့တီတီက မွေးနေ့လက်ဆောင် Anklet (မြန်မာလို ဆိုရင်တော့ Foot Chain ပေါ့လေ) လေးဝယ်ပေးမယ်ဆိုတော့ Mustafa မှာလည်း ပစ္စည်းတွေ ၀ယ်စရာလည်းရှိတော့ Seragoon Road က ရွှေဆိုင်တွေမှာ သွားရှာပါတယ်။ နောက်တနေ့ကျရင် GST (VAT) က ၅% ကနေ ၇% တက်တော့မှာဆိုတော့ တရုတ်ရွှေဆိုင်တွေမှာ ကုလားတွေ ကြိတ်ကြိတ်တိုးနေတာပဲ။ ကုလားတွေက ရွှေတော်တော်ကြိုက်ပါတယ်။ စင်္ကာပူက အပြန်ဆိုလည်း လက်ဆောင်ပေးဖို့ဆိုပြီး ၀ယ်ဝယ်သွားကြပါတယ်။ မြန်မာပြည်ကတော့ ဒီကရွှေကို ကြိုက်လား၊ ယိုးဒယားရွှေကို ပိုကြိုက်လားတော့ သေချာ မသိပါဘူး။ များသောအားဖြင့်တော့ မြန်မာပြည်က ဆိုင်တွေမှာ ၀ယ်တာ ပြန်ရောင်းရင် မရှုံးဘူးဆိုပြီးတော့ ပြောကြတာပဲ။ စုတာမျိုးဆိုရင်တော့ တစ်မျိုးပေါ့။ တကယ်တော့ ကျွန်တော်တို့လိုချင်တာ တရုတ်စတိုင်၊ ဘာခေါ်လဲတော့ မသိပါဘူး အဌဂံလေးထဲမှာ တရုတ်စာလုံးလေးတွေနဲ့ ခြူလေးတွေနဲ့ ဟာကို ရှာတာပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ အဖေဖက်က အဖွားတွေက တရုတ်မကြီးတွေဆိုတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ငွေနဲ့ လုပ်တဲ့ဟာလေးတွေ ပေးထားပါတယ်။ အခုလည်း အဲဒါမျိုးလိုက်ရှာတာပါ။ တွေ့တော့ တွေ့ပါတယ်။ ဒါပေမဲ့ နည်းနည်းကျဲနေတာနဲ့ မ၀ယ်ဖြစ်ပါဘူး။ နောက်တော့ ခြူလေးတွေရော၊ ကြယ်လေးတွေရော ပါတဲ့ အလေးချိန်လည်း နည်းပေမယ့် ခပ်စိတ်စိတ်ဟာလေး ၀ယ်လိုက်ပါတယ်။ ဘကြီးကပေးလိုက်၊ တီတီကပေးလိုက်နဲ့ သမီးလေးက ကံကောင်းပါတယ်။ ကျွန်တော်တို့က ရွှေမကြိုက်ပါဘူး။ ကလေးကိုလည်း ဆင်ချင်လှတယ် မဟုတ်ပါဘူး။ ဒါပေမဲ့ ပြောလို့ပြောတာမဟုတ်ဘူး ကလေးငယ်လေးတွေက ရွှေလေးနည်းနည်း ၀တ်ပေးလိုက်ရင် ကလေးက ပိုပြီး ကျက်သရေရှိသွားသလိုပါပဲ။ ဖြူဖြူဝင်းဝင်း နုနုနယ်နယ်လေးမှာ ရွှေလေး ရေးရေးတင်ထားတာ အင်မတန်မှ ချစ်စရာကောင်းမှန်း ကိုယ့်ကလေးမှတင်မဟုတ်ပါဘူး တခြားကလေးတွေကို မြင်ဖူးထားကတည်းက မှတ်ချက်ချမိတာပါ။ အနောက်တိုင်းမှာတော့ ၀တ်တာမတွေ့မိပါဘူး။တကယ်ဆို ငွေနဲ့လုပ်ထားတဲ့ ခြူလေးတွေက အသံပိုသာတယ် ထင်ပါတယ်။ ငွေကတော့ ကြာရင်ဖြစ်ဖြစ် မတည့်ရင်ဖြစ်ဖြစ် မည်းသွားတတ်တော့ အခုခေတ်မှာတော့ ရွှေနဲ့ဟာကို ပိုဆင်ကြပါတယ်။

နောက်ပြီး ဒီအရွယ် ၃လမှာ နိုးနေတာနဲ့ သူ့ခြေထောက်လေးတွေကို အလွန်လှုပ်တတ်တော့ ခြူသံလေးတွေကြားရတာ ကြည်နူးဖို့ကောင်းပါတယ်။ သမီးလေးက သူ့ခြေထောက်တွေကို တော်တော် လှုပ်တတ်လာပါပြီ။ အိပ်နေတဲ့ အချိန်မှာတောင် မွေ့ရာကို တဘုန်းဘုန်းနဲ့ ကန်တတ်ပါတယ်။ အခု ၃လလောက်မှ သူ့ခြေထောက်နှစ်ချောင်းကို ထိတတ်၊ ချိတ်တတ်နေပါပြီ။ ဂျီကျ စိတ်ကောက်ရင် စိတ်တိုရင်လည်း ခြေနှစ်ချောင်းကို ပွတ်ပြီး ငိုတတ်နေပါပြီ။ မိန်းကလေး ပီသတာပေါ့။ လက် ၂ ဘက်ကိုလည်း တစ်ဘက်နဲ့ တစ်ဘက် ထိတတ်နေပါပြီ။ တစ်ဘက်က ပါးစပ်ထဲ ထည့်ထားပြီး အဲဒီလက်ကို ကျန်တဲ့ တစ်ဘက်က ကိုင်ထားတာပါ။ နောက်ပြီး လက်သီးဆုပ်ကလေးကို ပါးစပ်ထဲ ထည့်တတ်လာပါပြီ။ အစတုန်းက မထည့်တတ်တော့ လက်ချောင်းလေးတွေက နှာခေါင်းထဲ ရောက်လိုရောက်နဲ့ သူ့လက်သည်း စူးစူးလေးတွေနဲ့ ထိုးမိပါတယ်။ လက်အိပ်ဝတ်ပေးထားမှ ကောင်းကောင်း စုပ်လို့ရပါတယ်။ တကယ်တော့ ကလေးလေးတွေက အမေ့ ၀မ်းထဲမှာကတည်းက လက်စုပ်တတ်တယ်တဲ့။ အဲ့ဒါကြောင့် တချို့ ကလေတွေဆို မွေးလာရင် လက်မလေးတွေမှာ အပူဖုလေးတွေတောင် တွေ့ရတတ်ပါတယ်။ တော်သေးတာပေါ့ သူက လက်သီးဆုပ်ကို စုပ်လို့၊ နို့မို့ဆို လက်မကလေးတွေ စုပ်ရင် အဲဒီလက်မကလေးတွေဟာ နူးပြီး လက်သည်းလေးတွေတောင် ပျက်စီးတတ်တယ်တဲ့။

ကိုယ်အလေးချိန်ကတော့ မျှော်လင့်ထားသလောက် မတက်လာပါဘူး။ အခုမှ ၅.၅ ကီလို (၁၂ ပေါင်သာသာ) ပဲရှိပါတယ်။ မျှော်လင့်ထားသလောက်ဆိုတာ ၂ လမပြည့်ခင်က ၅ ကီလိုဆိုတော့ အခု ၅.၇၅ လောက် ခန့်မှန်းထား လို့ပါ။ ၃လကလေးဟာ ၁၂.၅ ပေါင်ရှိရမယ်ဆိုတော့ နည်းနည်းတော့နည်းနေတာပေါ။ ဒါပေမဲ့ ဒါဟာ ဘိုကလေးတွေအတွက်၊ ပြီးတော့ မိန်းကလေးတွေက နည်းနည်း လျော့တတ်တယ်ဆိုပြီး သူ့အမေကို မစိုးရိမ်ရအောင် ကြည့်ပြောထားရပါတယ်။ နောက်ပြီး ၆လမှာ မွေးစက အလေးချိန်ရဲ့ ၂ ဆ ရှိရမယ်ဆိုထားတော့ အခုအတိုင်းသွားရင် ၄ လရောက်တဲ့အခါကျရင် ၂ ဆ ရှိတော့မယ်ဆိုတော့ စိုးရိမ်စရာ မရှိလှပါဘူး။

ထူးခြားတဲ့ တိုးတက်မှုကတော့ စိတ်ပိုင်းဆိုင်ရာပါ။ သမီးဟာ ၂ လလောက်မှာတုန်းက Diaper လဲပေးရင်ဖြစ်ဖြစ် ရေချိုးပေးရင်ဖြစ်ဖြစ် ကျေနပ်တဲ့ ခံစားမှုကို ပြတတ်ပြီး အခု ၃လမှာတော့ တစ်ခုခုကို အလိုမကျရင် Express လုပ်တတ်လာပါပြီ။ တကယ်တော့ လှအောင်ရေးရတာပါ။ ပြောရမယ်ဆိုရင်တော့ စိတ်တိုတတ်လာပါပြီ။ သူနို့စို့နေတုန်း နို့ကုန်သွားလို့ နို့ဘူးကို ချွတ်လိုက်ရင်၊ ဒါမှမဟုတ် သူ့အရုပ်လေးတွေနဲ့ ဆော့နေတာကို ကောက်ချီလိုက်ရင် အလိုမကျဟန် ပြတတ်ပါတယ်။ အသည်းအသန် ငိုပါတယ်။ ဗိုက်နာလို့ ငိုတာနဲ့ မတူပါဘူး။ အသံအကျယ်ကြီး လုပ်ငိုတာပါ။ ပြီးတော့ ရပ်ချင်ရင်လည်း ဘရိတ်အုပ်လိုက်တဲ့ အတိုင်းပဲ ချက်ချင်းရပ်သွားပါတယ်။ ကျွန်တော်က တစ်ခုခုလုပ်လိုက်လို့ ငိုရင် အဖွားကလာချီရပါတယ်။ ကျွန်တော့်ကို ကြည့်ကြည့်ပြီး ငိုနေလို့ `ကြောက်ပါတယ်..ကြောက်ပါတယ်´ဆိုပြီး စောင်နဲ့ ခေါင်းမြီးချုံပြီး ပုန်းနေရတယ်။ အဲဒါကျတော့ သဘောကျပြန်ရော.....

Film


Files