Friday, August 31, 2007

အဖြူအမည်း သီအိုရီ

တက္ကသိုလ် တက်နေရင်း ကျောင်းတွေ ပိတ်လိုက်တော့ KMD မှာ ဖွင့်တဲ့ NCC ကွန်ပြူတာ သင်တန်းသွားတက်တယ်။ အဲဒီမှာ BM (Business Management) ဘာသာ တစ်ဘာသာ ပါပြီး သင်တဲ့သူက နောင်တော့ Myanmar Universal Bank ဘဏ်မှာ အမှုဆောင်လူကြီး ဖြစ်သွားတဲ့ ဆရာ ဦးဝင့်ကျော်ဆိုတော့ ဒီလို အိပ်ဆေး ဘာသာကို ကျောင်းပြေးဖို့ နေနေသာသာ မမီ မီအောင် သွားတက်တယ်။ အဲဒီ အရွယ်တော် BM စာအုပ်ဟာ အိပ်ဆောင် ဖတ်ရတဲ့ စာအုပ်လို ဖြစ်လာတယ်။ အခုထိ တော်တော်များများကို မှတ်မိနေသေးပြီး စွဲစွဲ ထင်ထင် ဖြစ်နေတာတစ်ခုကတော့ Douglas McGregor ရဲ့ XY Theory ပဲ။ ကျွန်တော်က အဖြူအမည်း သီအိုရီလို့ ခေါ်မယ်။ တိုတို ပြောရရင်

အမည်း သီအိုရီက ပြောတယ် လူတွေက အလုပ် မလုပ်ချင်ဘူးတဲ့။
အဖြူ သီအိုရီကတော့ လူတွေက အလုပ် လုပ်ချင်တယ်တဲ့။
လူတွေက ငပျင်းတွေ၊ အလုပ်မလုပ်ချင်ဘူး။ ဒါကြောင်မို့ သူတို့ကို စောင့်ကြည့်နေပြီး ခိုင်းနေရမယ်။ လူတွေက ဘာလုပ်ရမယ်ဆိုတာကို မသိဘူး ယောင်ယောင် ကန်းကန်းနဲ့။ သူ့တို့ကို လမ်းကျောင်းပေးရမယ်။ လူတွေက တာဝန် မယူချင်ဘူး။ လူတွေက ပိုက်ဆံလိုချင်လို့ (ဒါမှမဟုတ်) ထမင်း မငတ်ရုံ တမယ် အလုပ်လုပ်နေကြတာ။ လူတွေကို အဆင့်ဆင့် အနီးကပ် စောင့်ကြည့်နေရမယ်။ အဲဒီ အတွက် အမည်း သီအိုရီနဲ့ အုပ်ချုပ်တဲ့ သူတွေက အမိန့်ပေးဖို့တွေ လိုလာတယ်။ အလုပ် ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတယ်။ တစ်ခုခု မှားယွင်းခဲ့ရင်လည်း တစ်ယောက်ယောက်ကို အပြစ်ပုံချမယ်။ ယနေ့ ထက်ထိ အခုလို အုပ်ချုပ်တာတွေ ရှိနေသေးပြီး အထူးသဖြင့် စစ်တပ်လိုမျိုးမှာ၊ စက်ရုံတွေလိုမျိုးမှာ ဒီလိုပဲ အုပ်ချုပ်ကြတယ်။

အဖြူ သီအိုရီအရဆိုရင်တော့ လူတွေက စိတ်ရော ကိုယ်ပါ အလုပ်လုပ်ချင်တယ်။ ထိန်းချုပ်ထားရုံ အပြစ်ပေးရုံနဲ့ လူတွေဆီက စွမ်းဆောင်ရည်တွေ ညှစ်ထုတ်နိုင်မှာ မဟုတ်ဘူး။ လူတွေက သူဘာသူ လမ်းကြောင်းချပြီး သူ့ရည်မှန်းချက်နဲ့ သူလုပ်တတ်တယ်။ လူတိုင်းမှာ အလားအလာကောင်းတွေ ရှိပြီး အပြည့်အ၀ မသုံးရသေးဘူး။ ဒီသီအိုရီကိုတော့ မန်နေဂျာတွေလိုမျိုးကို ဆက်ဆံတဲ့အခါ အုပ်ချုပ်တဲ့ အခါသုံးတယ်။ ဒါမှမဟုတ် ရာထူးမကြီးပေမဲ့ စိတ်ထား ရင့်ကျက်တဲ့ သူတွေကို အုပ်ချုပ်ရတဲ့ နေရာမှာ သုံးတယ်။

လက်တွေ့မှာရော ........ ။ ကျွန်တော်က အလုပ်ရှိတယ်။ အလုပ် မလုပ်ချင်ဘူး။ အိမ်မှာပဲ နေချင်တယ်။ ဒါမှမဟုတ် တစ်နေရာရာ (ဒေသတစ်ခုခု) သွားလည်ချင်တယ်။ မြန်မာပြည်က ကျွန်တော့် အစ်ကိုက (ဒီမှာ) အလုပ်လုပ်ချင်တယ်။ အလုပ်မလုပ်ရရင် မနေတတ်ဘူး။ မြန်မာပြည်က လူတွေက အလုပ် လုပ်ချင်ကြတယ်။ ပိုက်ဆံလိုချင်လို့ ပြောရင် ကျွန်တော့်ကို အမည်း သီအိုရီ သမားလို့ ပြောမယ်။ ဒါဆို အဖြူ သီအိုရီနဲ့ရော အလုပ်ဖြစ်မလား။ ဒီသီအိုရီတွေကို Motivation အတွက် အဓိကထားပြီး သုံးတယ်။ အကျယ်ကိုတော့ XY Theory ဆိုပြီး Google မှာရှာလို့ရတယ်။

အခု မြန်မာပြည်မှာ ဆန္ဒပြကြတယ်။ အရင်တုန်းက ကျောင်းထုတ်ခံရလောက်အောင် ဆန္ဒပြခဲ့ဖူးတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က အခု မပါတော့ဘူး။ သူ့မှာ တခြားရည်မှန်းချက်တွေ ရှိလို့တဲ့။ လူတွေ အကုန်လုံး မပါလာကြဘူး။ ဒါဟာ Motivation နည်းလို့ပဲ။ တစ်ထောင်တန်တွေ သိမ်းလိုက်ကြည့်ပါလား။ တစ်နိုင်ငံလုံး ဆူပွက်သွားမယ်။ ဒါကတော့ Motivation မကတော့ဘူး။ Ignition ပဲ Detonating ပဲ။ အလွယ်ဆုံး Motivation ကဘာလဲ မေးလာရင်တော့ မက်လုံးပေးတာပဲလို့ ဖြေမိမယ်။ ဒါပြီးမြောက်လို့ ဒါအောင်မြင်လို့ ဆုပေးတာ၊ ချီမွမ်းတာတွေက မက်လုံးပေးတာပဲ။ Blog မှာ Comment ရေးသွားကြတာ ရေးတဲ့သူကို Motivate လုပ်တာပဲ။ ကူညီအားဖြည့် ပေးတာလည်း Motivate လုပ်တာပဲ။ တစ်ယောက်တည်း လက်သီးလက်မောင်းတန်းနေရင် ဘယ်လောက် ကြာကြာလုပ်နိုင်မှာလဲ။ ဘေးကလူတွေ ပါလာရင် ပိုလုပ်နိုင်မှာပေါ့။ ငွေအား ဒါမှမဟုတ် အလုပ်ကို မြန်မြန်ပြီးမြောက်စေမှာ တစ်ခုခုကူညီပေးရင် ပိုအားတက် လုပ်ချင်လာတာပဲ။

ရည်မှန်းချက်တွေဟာလည်း Motivation ပဲ။ အမှတ် ၅၀၀ ကျော်မှ ၄၅၀ ကျော်မှ ဆေးကျောင်းရမယ်ဆိုလို့ ၁၀ တန်းကျောင်းသားတွေ အကုန်းအရုန်း ကြိုးစားကြတယ်။ Projectတွေ အချိန်မီ ပြီးမှ Bonus ရမယ်ဆိုလို့ အလုပ် ကြိုးစားကြတယ်။ ငါ့သားသမီးအတွက်ဆိုပြီး အလုပ်ပိုလုပ်တယ်။ ဒါတွေဟာ Driving Force တွေပဲ။ Standard တွေ Norm တွေ သတ်မှတ်ပေးတာလည်း Motivate လုပ်တာပဲ။ အမှိုက်ချတာ မယဉ်ကျေးတဲ့သူဆိုတာ စိတ်ထဲမှာ ရှိနေရင် ဘယ်သူမှ အမှိုက်မချတော့ဘူး။ ဒီအရွယ်မှာ ဒီလောက်ဖြစ်ရမယ်ဆိုတာလည်း Motivation ပဲ။ ချော့တာလည်း Motivation ခြောက်တာလည်း Motivation။ ချီးမွမ်းတာလည်း Motivation၊ ကဲ့ရဲ့တာလည်း Motivation။ ဖိနှိပ်တာလည်း Motivation မြှောက်ထိုးပင့်ကော် လုပ်တာလည်း Motivation။

Motivate လုပ်တာ အလုပ်မှာပဲ မဟုတ်၊ လင်မယားချင်းလည်း Motivate လုပ်တယ်။ မိသားစုဝင် အချင်းချင်းလည်း Motivate လုပ်တယ်။ သူငယ်ချင်းကိုလည်း Motivate လုပ်တယ်။ ပရိသတ်က ဖျော်ဖြေသူကို Motivate လုပ်တယ်။ ဖျော်ဖြေသူက ပရိသတ်ကို Motivate လုပ်တယ်။ ဆရာက တပည့်ကို Motivate လုပ်တယ်။ တပည့်က ဆရာကို Motivate လုပ်တယ်။ ပြည်သူ အချင်းချင်း Motivate လုပ်တယ်။ အစိုးရက ပြည်သူကို Motivate လုပ်တယ်။ ပြည်သူက အစိုးရကို Motivate လုပ်တယ်။ သူဆင်းရဲက သူဌေးကို မြင်ပြီး Motivated ဖြစ်တယ်။ သူဌေးက ဆင်းရဲမှာစိုးလို့ Motivated ဖြစ်တယ်။

Motivate လုပ်တာရဲ့ အန္တိမ ရည်မှန်းချက်ကတော့ တစ်ခုခု ပြီးမြောက် အောင်မြင်ဖို့ပဲ။ Motivate လုပ်တာ ထိရောက်ဖို့ Motivate လုပ်ခံရသူရဲ့ စိတ်နေစိတ်ထားနဲ့ပဲ ဆိုင်တယ်။ ဘယ်လောက် Motivate လုပ်လုပ် ဖြစ်ပါ့မလားကတော့ လူတိုင်းတွေးမှာပဲ။ ဒါဆိုလျှော့ပြီး Motivate လုပ်။ လျှော့ပြီး Motivate လုပ်တယ်ဆိုတာ ၁၀ မိုင်ပြေးရမယ့်သူကို ၇ မိုင်ပဲ ပြေးဖို့ Motivate လုပ်တယ်ဆိုတာ။ ဖြစ်နိုင်တယ်လို့ အောင်ရမယ်လို့ အာမခံတာ အကောင်းဆုံး Motivate လုပ်တာပဲ။ ရှုံးနိမ့်မှာပဲဆိုတဲ့ အတွေးကို ကူဖျောက်ပေးတာ အကောင်းဆုံး Motivation ပဲ။ လူပဲလေ နိုင်မယ့် မြင်းပဲ လောင်းချင်တာပေါ့။

မြန်မာပြည်မှာ ကြိုးစာချင်စိတ်တွေ စိတ်ဓါတ်တွေ ရေခဲမှတ်အောက် ကျနေတဲ့ ကျွန်တော့် အမျိုးတွေ ရှိတယ်။ ကဲ.. သူတို့ကို ဘယ်လို Motivate လုပ်မလဲ။

Wednesday, August 29, 2007

ကြက်သား ပလာတာ

`စိတ်တိုင်းကျ´လိုဆိုင်မျိုးက ကျွန်တော်တို့ အတွက်တော့ လက်ဘက်ရည်ဆိုင် `လုပ်´ထိုင်လို့ မကောင်းပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့ လက်ဘက်ရည်ဆိုင် ထိုင်တယ်ဆိုတာက ကောင်မလေးတွေ ဖြတ်သွား ဖြတ်လာများတဲ့ လမ်းမကြီးပေါ်မှာ ခုံပုလေးတွေနဲ့ လေး၊ငါး၊ ခြောက်ယောက် ၀ိုင်းထိုင်ပြီး မကောင်းတတ်လို့ လက်ဘက်ရည် ၂ ခွက်လောက်မှာ၊ အလကားရတဲ့ ရေနွေးကြမ်းကို တစ်အိုးပြီး တစ်အိုးမှာ သောက်ပြီး ကသိုဏ်း ရှုကြတာပါ။ `စိတ်တိုင်းကျ´မှာဆိုရင် ထိုင်ခုံတွေ စားပွဲက အပုလေးတွေလည်း မဟုတ်ဘူး၊ ပြီးတော့ စားပွဲတွေက အထဲမှာ ဆိုတော့ အပေအတေ ဖြစ်ကတတ်ဆန်းနဲ့ နေနေကျ ကျွန်တော်တို့ကတော့ ဒီလိုဆိုင်မျိုးဆို လက်ဘက်ရည်ဆိုင်လို့တောင် စိတ်ထဲမှာ သိပ်မသတ်မှတ်ချင်လှဘူး။ ဒါပေမယ့် နေ့လည်နေ့ခင်း မုန့်ကောင်းကောင်း စားချင်လို့ ဆိုရင်တော့ နီးနီးနားနား လမ်းကြုံရင် သွားစားပါတယ်။ အဲဒီမှာ စားဖြစ်ပြီး ကြိုက်တာကတော့ ကြက်သား ပလာတာပါ။

စင်္ကာပူမှာက ကြက်သားက ဈေးလည်းပေါ၊ အသားကလည်း နူးနူးညံ့ညံ့၊ Ready-Made ပလာတာလည်း ၀ယ်လို့ရတော့ ကြက်သား ပလာတာ လုပ်စားဖြစ်ပါတယ်။ Wet Market သွားပြီး ကြက်တစ်ကောင်ဝယ်၊ ဆိုင်မှာပဲ မကြီး မသေး တုံးခိုင်းလိုက်တယ်။ ဈေးမသွားခင်တော့ (မြန်မာပြည်က သယ်လာတဲ့) ကုလားပဲကို ရေစိမ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ ကြက်ကို အသေအချာ ရေဆေးပြီး၊ ဆား၊ဆနွင်းနဲ့ အသားမဆလာ နည်းနည်းလူး၊ ဒိန်ချဉ်နည်းနည်းပါ ထည့်နယ်ပြီး Marinateလုပ် (နှပ်)ထားလိုက်တယ်။ အာလူးကို ကြီးကြီး တုံးပြီး ကြော်ထားလိုက်ပါတယ်။ ဟင်းထဲ ထည့်ချက်ဖို့ပါ။ အာလူးက ဒီအတိုင်း ထည့်ချက်ရင် ကြေသွားပြီး ဆီတွေပါ စုပ်သွားတတ်တော့ ကြော်ပြီးမှပဲ ထည့်တော့တယ်။ ကြက်သွန်နီများများကို လှီးထားပြီး ကြော်ထားတယ်။ ကုလားပဲကို ပြုတ်ထားတယ်။

ဟင်းချက်ဖို့ ကြက်သွန်ဖြူ၊ ဂျင်းကို ငရုပ်သီးမှုန့်နဲ့ နာနာ ဆီသတ်တယ်။ ဆီမသတ်ခင် ဆီပူကို ဆီသတ်ရွက် (ပျဉ်းတော်သိမ်) အရွက်နည်းနည်းရယ်၊ သစ်ကြမ်းပိုးခေါက် (Cinnamon) တစ်ချောင်း နှစ်ချောင်းလောက်ရယ်နဲ့ မွှေးအောင် အရင်လုပ်လည်းရတယ်။ မလုပ်လည်းရတယ်။ ပြီးမှ နှပ်ထားတဲ့ ကြက်သားတွေ ထည့်လိုက်တယ်။ သူ့မှာရှိတဲ့ ရေနဲ့ပဲ လုံးထားလိုက်တယ်။ ပြီး နူးလောက်တဲ့ အထိ ရေနည်းနည်း ချိန်ထည့်ပါတယ်။ ကြက်သားတွေ အနေတော် ဖြစ်မှ အာလူးထည့်လိုက်တယ်။ ဆီပြန် ရေကျန် ဖြစ်ခါနီးကျတော့မှ ကြော်ထားတဲ့ ကြက်သွန်ကြော်တွေ ထည့်လိုက်တယ်။ ဟင်းမွှေး မဆလာထည့်တယ်။ ကြက်သွန်ကြော်နဲ့ မဆလာ ထည့်လိုက်ပြီးတဲ့ အချိန်မှာတော့ ဟင်းအိုးဟာ အရောင်တက်လာပြီး အနှစ်များများ ရနံ့မွှေးမွှေးနဲ့ စားချင်စဖွယ် ဖြစ်လာလိမ့်မယ်။ အလှူဂရိတ် (Grade) ချက်ချင်ရင်တော့ ဘိန်းစေ့နဲ့ နို့စိမ်းထည့်လည်း ရပါတယ်။ စိမ့်စိမ့်လေးပေါ့။

ပြုတ်ထားတဲ့ ပဲတွေကို ချေတယ်။ Blender နဲ့ ထည့်မွှေလည်း ရတယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းကို နီကြွတ်နေအောင် ဆီနည်းနည်းနဲ့ သတ်ပြီး ပဲတွေထည့်မွှေ၊ ခဏနေရင် ရေနွေးထည့်ပြီး အရည်သောက် ပဲဟင်း အချို ချက်ထားတယ်။ ပျဉ်းတော်သိမ်ရွက်လေး အုပ်ရင်လည်း ကောင်းတယ်။ ကြက်သွန်နီရယ်၊ သခွားသီးရယ်၊ ပူစီနန်ရယ်၊ ငရုပ်သီးစိမ်းရယ်ကို အချဉ်လုပ်ဖို့ ခွာနွှင်လှီးချွတ် ရေဆေးတယ်။ စားခါနီးကျမှ ဆားနည်းနည်းထည့်၊ သံပုရာသီး ညှစ်ပြီး အချဉ်လုပ်တယ်။ ပလာတာတွေကို ကြော်ပြီး နည်းနည်း အေးရင် ရိုက်ထား၊ ဖွထားလိုက်တယ်။ ဒီလိုဆိုရင်တော့ ကြက်သား ပလာတာ ကောင်းကောင်း စားလို့ ရပါပြီ။

အိမ်မှာ ကြက်သား ပလာတာ ချက်စားတာ အလုပ်ရှုပ်မှု Medium အဆင့်မှာ ရှိတော့ ဧည့်သည်တွေ ဘာတွေ ဖိတ်ကျွေးမှပဲ ချက်စားဖြစ်ပါတယ်။ ရန်ကုန်မှာလည်း အိမ်တက်တာ ဘာတို့မှာ ကြက်သား ပလာတာ ကျွေးကြပါတယ်။ မှတ်မှတ်ရရ အဘိုး ရက်လည်းတုန်းက မုန့်ဟင်းခါး မကျွေးဘဲ ကြက်သား ပလာတာ ကျွေးပါတယ်။ ဂျုံပေါပြီး ကောင်းတဲ့ မန္တလေးက လူတွေကို ဖိတ်ကျွေးတော့ သူတို့ဆီမှာ ကြက်သား ပလာတာမျိုးဟာ အပြင်မှာပဲ စားတာ ဖြစ်ပြီး ဒီလို အိမ်မှာ ချက်စား၊ အလှူပေးလေ့ မရှိပါဘူးတဲ့။ အင်းထဲက လူတွေက ကောက်ညှင်းပေါင်းနဲ့ အကြော်ကို အလှူမှာ ကျွေးတယ်ဆိုတော့ ဒီလိုဆိုတာ မဆန်းပါဘူး။

Sunday, August 26, 2007

သားဆု ပန်လေသောအခါ

သမီးလေးကို တုန်နေအောင် ချစ်လို့ သမီးတုန်လို့ ခေါ်ပါတယ်။ တကယ်တမ်း ကျွန်တော်တို့ လိုချင်ခဲ့တာ သားလေးပါ၊ ယောက်ျားလေးပါ။ နှစ်ယောက်စလုံးက တရုတ်သွေးပါတော့လည်း သားယောက်ျားလေး လိုချင်တာ မဆန်းပါဘူး။ ဒါပေမယ့် အခုခေတ်မှာက ယောက်ျား မိန်မ ရင်ပေါင်တန်းနေပြီဆိုတော့ ဒီအတွက် သိပ်မပူပေမယ့် နိုင်ငံခြားမှာ (အထူးသဖြင့် ဘို နိုင်ငံမှာ) သမီး မိန်းကလေးကို ကြီးပြင်းရမှာ ဆိုတော့ နည်းနည်းတော့ ရင်ပူပါသေးတယ်။

တကယ်ဆို ကိုယ်ဝန်မရခင်ကတည်းက ယောက်ျားလေး ဖြစ်အောင် ပြင်ဆင်ခဲ့ပါသေးတယ်။ လိုချင်တဲ့ အချိန်မှာ ကလေး အလွယ်ရအောင်လည်း ပါပါတယ်။ အရင်တုန်းက ကျွန်တော်က ဆေးလိပ်သောက်တယ်လေ။ တစ်ပတ်ကို တစ်ဘူးလောက်တော့ သောက်တယ်။ ၂၀၀၆ နှစ်ဆန်းကတည်းက မသောက်တော့ပါဘူး။ သူမကလည်း ပဋ္ဋိသန္ဓေ တားဆေး မသောက်တော့ပါဘူး။ တချို့တားဆေးတွေက အစွမ်းကြောင့် ကိုယ်ဝန်ယူချင်ချိန်မှာ ယူလို့ မရဘူးဆိုတာ ကြားဖူးလို့ပါ။ ထိုးဆေးတွေက ပိုပြင်းတယ် ဆိုလား။ နှစ်လယ်လောက်မှာ ကလေးစယူမယ်ဆိုပြီး စဉ်စားထားခဲ့ပါတယ်။ တစ်လ နှစ်လလောက် အလိုမှာ အသိ အစ်မကြီး အကြံပေးတဲ့ အတိုင်း သူမက Folic Acid တစ်နေ့ တစ်လုံးသောက်တယ်။ နွားနို့တွေ ဘာတွေလည်း သောက်တယ်။ နွားနို့ကြောင့်တော့ ကလေးရနိုင်တယ် မရဘူး သိပ်မဆိုင်လှပေမယ့် အဲဒီတုန်းက သူမက ပေါင် ၁၀၀ အောက်ဆိုတော့ ကိုယ်ဝန်ရှိရင် အားရှိအောင် ကြိုတင်ပြီး အားဖြည့်ထားတဲ့ သဘောပါ။

အဲဒီလိုနဲ့ ဇူလိုင်လမှာ စ Try တာ Try တဲ့ လမှပဲ ကိုယ်ဝန်ရ သွားပါတယ်။ ကိုယ်ဝန်ရှိတော့ သားလေးလိုချင်တယ် ဆိုလို့ ရန်ကုန်က အစ်မ(၀မ်းကွဲ)က သူ့တုန်းက လုပ်သလို လုပ်ဖို့ အကြံပေးတယ်။ သူ့တုန်းက ဂန္ဓမာပန်း အဖြူ ခုနှစ်ပွင့်ကို တရုတ် ဘုရားကျောင်း ယူသွားတယ်။ ဟိုရောက်တော့ သက်ဆိုင်ရာ နတ်ရုပ်တွေမှာ ကပ်လှူပြီး ကလေးဆုတောင်းရပါတယ်။ ဆုတောင်းပြီးရင် ခဏကြာရင် ပန်းတစ်ပွင့်ကို ပြန်စွန့်ပြီး ယူလာရပါမယ်။ ကလေးက ကိုယ်မှာ တစ်ပါတည်း လိုက်လာတယ် ကို မှတ်ပြီး ပြန်လာရပါမယ်။ အဲဒီလို မှတ်လာတဲ့ အတွက် လမ်းမှာ စကားပြောလို့ မရပါဘူး။ အိမ်ရောက်ရင် ကိုယ်အိပ်တဲ့ ခေါင်းအုံးအောက်မှာ ထားပြီး အိပ်ရပါမယ်။ ကလေးမွေးတဲ့ အထိ သိမ်းထားရပါမယ်တဲ့။ သူကတော့ သမီးလေးရပြီးလို့ နောက် တစ်ယောက်အတွက် အဲဒီလို သွားဆုတောင်းတာ နောက်တစ်ယောက်ကျတော့ ယောက်ျားလေး ဖြစ်သွားတယ်။ သမီးတစ်ယောက်၊ သားတစ်ယောက်ပေါ့။ ဟန်ကျလိုက်တာ။

ကျွန်တော်တို့လည်း လိုက်လုပ်မယ်ဆိုပြီး ဂန္ဓမာပန်းရှာတယ်။ အနားက ဈေးမှာ သွားဝယ်တဲ့ ပန်းက ဂန္ဓမာပန်းနဲ့ ဆင်ပေမယ့် သိပ်တော့ မတူပါဘူး။ ပထမတော့ ကွမ်ရင်မယ်တော် ဘုရားကျောင်းသွားမလို့ပဲ နောက်တော့ တစ်လမ်းလုံး ပါးစပ်ပိတ်ပြီး နေရမှာစိုးလို့ အိမ်နားက ဘုရားကျောင်းလေးကို သွားလိုက်တယ်။ ကျောင်းရောက်ရင် မိုးနတ်မင်း၊ လေနတ်မင်းနဲ့ နတ်ရုပ်တွေက များပြီး ဘယ်အရုပ်က ဘာအတွက်လည်း မသိမှာစိုးလို့ တရုတ်စာဖတ်တတ်တဲ့ သူမရဲ့ ညီမကိုပါ ခေါ်သွားလို့ တော်သေးတယ်။ ပန်းတွေ မုန့်တွေ (သက်သက်လွပ် ပေါက်ဆီ) ကပ်ပြီး ခဏနေတော့ (ကလေးလေးချီထားတဲ့) နတ်ရုပ် ဆီကနေ ပြန်စွန့်ယူလာပါတယ်။ အဲဒီမှာ လုပ်ရတာ တစ်ခုရှိပါသေးတယ်။ ပြန်စွန့်လာတဲ့ ပန်းကို ခေါင်းမှာ ပန်လာရတာပါ။ ဒီလိုနိုင်ငံမှာ ပန်းအဖြူကြီး ခေါင်းမှာ ပန်ပြီး ပြန်လာတာ လမ်းတလျှောက် သူများတွေက ကွက်ကြည့် ကွက်ကြည့် လုပ်နေကြတာကို စကားပြန် မပြောနိုင်တဲ့ သူမကို ကျွန်တော်လည်း ရယ်ချင်ပေမယ့် ခပ်တည်တည်နဲ့ပဲ လိုက်လာပါတယ်။ အိမ်ရောက်တော့ ခေါင်းအုံးအောက်မှာ ထားအိပ်တာ နေ့တိုင်း ပန်း(ခြောက်) ပျောက်လို့ လိုက်ရှာရတာလည်း အမောပါ။

တော်သေးတာပေါ့၊ ဒီလို ရိုးရိုးဘုရားကျောင်းမှာ သွားဆုတောင်းရတာမို့။ ယိုးဒယားတို့၊ ဂျပန်တို့မှာလို စပယ်ရှယ် ရုပ်ထုတွေနဲ့ ကျောင်းတွေမှာ သွားဆုတောင်းရရင် ကျွန်တော်လည်း အဲဒီလို အရုပ်တွေကို ကန်တော့မိပါ့မလား။ တကယ့်တကယ် သားသမီး မထွန်းကားလို့ သားသမီး လိုချင်လာရင်လည်း သွားဆုတောင်းချင်လည်း သွားကန်တော့ပြီး ဆုတောင်းမိမှာပေါ့။ ဒီလိုနဲ့ ၄လကျော် ၅လ လောက်မှာ Ultra-Sound ရိုက်တော့ အသေအချာ မမြင်ရသေးပေမယ့် မိန်းကလေးဖြစ်ဖို့ များတယ်လို့ ဆရာဝန်ကြီးက စောစော ပြောလာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၀မ်းသာပါတယ်။ ဒုတိယ ကလေးမှ ဆိုရင်တော့ ဘာလိုချင်တယ်ဆိုတာ နည်းနည်း ရွေးချယ်မိမှာပဲ။

သိပ္ပံနည်းကျဆိုရင်တော့ ကလေးဟာ ယောက်ျားလေးလား မိန်းမလေးလား ဆိုတာကို ဖခင်ဆီက ရမယ့် ခရိုမိုဆုမ်း က ဆုံးဖြတ်ပါတယ်။ ခရိုမိုဆုမ်း Y ကို ဖခင်ဆီကနေ ရမယ်ဆိုရင် မွေးမယ့် ကလေးဟာ ယောက်ျားလေး ဖြစ်ပြီး X ဆိုရင်တော့ မိန်းကလေးပါ။ ဖခင်ဆီက Swimmer လေးတွေဟာ X Team နဲ့ Y Team ရှိပြီး Y Team က မြန်မြန်သွားနိုင်ပေမယ့် ကြာကြာမခံနိုင်ပါဘူး။ X Team ကတော့ ခပ်ဖြည်းဖြည်းသွားပေမယ့် ကြာကြာနေနိုင်ပါတယ်။ ၇ရက်လောက် အထိပေါ့။ မိခင်ဆီက သားဥကြွေ (Ovulation) ချိန်မှာ တွေ့သွားတဲ့ သူကတော့ Winner ပေါ့။ ဒါပေမယ့် ဘယ်အချိန်မှာ ဖြစ်မှာလဲဆိုတာ ကိုယ့်ကိုယ်ကို အင်မတန် သတိထားတဲ့ အမျိုးသမီးတွေတောင် အတိအကျ မသိနိုင်ပါဘူး။ ရက်မှန်းနဲ့ တွက်သလို အခုခေတ်မှတော့ အပူချိန်တွေ၊ pH တွေတိုင်းတာနဲ့ ဘာနဲ့ နည်းနည်း ခန့်မှန်းလာနိုင်ပါတယ်။ တန်တော့ ကျွန်တော်တို့လည်း Try တာ ရက်နည်းနည် စောသွားတယ် တူတယ်။ Y Team က မရှိချိန်မှ Ovulation ဖြစ်တော့ X Team က ကော်သွားတယ်။ ဒီလိုနဲ့ သမီးတုန်လေး ဖြစ်လာတယ်။

Wednesday, August 22, 2007

စိတ္တနှင့် မြားနတ်မောင်

ချစ်စွာသော သားတော်မောင်... ဤ မကျိုးနွံသူကို အပြစ်ပေးလော။ ထိုသူမရဲ့ နာကျင်မှုကို လက်ဆောင်အဖြစ် ဆက်သလော။ ဤ မာနထောင်လွှားသည့် မိန်းမကို အရုပ် အတန်း အနိမ့်ကျဆုံးသော သူနှင့် ပေါင်းဖက်ရအောင် ဖန်ဆင်းလော။ ထိုမှသာ မျက်မှောက်မှာ ပီတိဂုဏ်လျှံ အောင်ပွဲခံနေသည်နှင့် အမျှ နောင်ဘ၀စဉ် အရှက်တကွဲ အကျိုးနည်းပါစေ.. သားတော်
ဟု အလှနတ်ဘုရားမက သားတော် မြားနတ်မောင်ကို မိန့်မှာလေသည်။ မိမိထံပါး ရောက်လာနေကျ လက်ဆောင်ပဏာတွေ တပါးသူဆီ ရောက်သွားတော့လည်း အလှနတ်ဘုရားမ ဗီးနပ်စ်လည်း အမျက်တော်ရှပြီ။ ခုနှစ်ပြည်ထောင် မင်းတို့ကလည်း အဆိုပါ တိုင်းပြည်မှ မင်းသမီးလေးက ဆန်းဆန်းကြယ်ကြယ် ရူပကာနဲ့ ပြည့်စုံတယ်ဆိုတော့လည်း နတ်ဘုရားမဆီ ဆက်သနေကျ လက်ဆောင်ပဏာတွေကို ယူပြီး မင်းသမီးကို ဆက်သကာ မော်ဖူးခွင့် ဖန်ကြလေသည်။

မယ်တော်ရဲ့ အမိန့်ကို ရင်ဝယ်ပိုက် မြားကျည်တောက်ကို ကျောမှာလွယ်လို့ သွားတဲ့ မြားနတ်မောင်လည်း စိတ္တရဲ့ ဖန်နန်းဆောင်ထဲကို ချဉ်နင်း ၀င်ရောက်ပြီး သလွန်ပေါ်ဝယ် နှစ်ခြိုက်စွာ စက်တော်ခေါ်နေတဲ့ စိတ္တ ထံပါးလည်းရောက်ရော သူ့မျက်နှာ တစိမ့်စိမ့် ကြည့်မိတဲ့ အခိုက်မှာ အသနားပို သဒ္ဓါယိုပြီး သူကလေးကို မပစ်ရက်လို့ မိမိကိုယ်ကိုသာ မြားနှင့် ပစ်ခွင်း လိုက်၏။ ဒါကို အချစ်နတ်ဘုရားမလည်း ဖြစ်လေတဲ့ ဗီးနပ်စ်က ပြန်ကြားသိရပြီး သားတော်ကို ခိုင်းစေလို့မရ၍ သူမကိုယ်တိုင်ပဲ ကျိန်စာတိုက်လို့ စိတ္တကို ဘယ်သူမှ မေတ္တာသက်ဝင်ခြင်း မရှိဖြစ်ရလေအောင် လုပ်ပြန်တယ်။ ဘယ်မင်း၊ ဘယ်မင်းသားမှ မင်းသမီးလေးကို မျက်နှာသာခင် မေတ္တာမ၀င်ဖြစ်အောင် နတ်ဘုရားမကို ငြိုငြင်အောင်လုပ်မိတော့ ခမည်းတော်လည်း နန်းတော်ရှိ နတ်ကွန်းစောင့်ကို မေးမြန်းလေရာ အမင်္ဂလာ ဆောင်လေတဲ့ သမီးတော်ကို နန်းတော်ရိပ်မခိုစေဘဲ ဟိုးတောင်စွယ်ကို နှင်၍ ထားပါစေ၊ ထိုနေရာဝယ် သူမနဲ့ ထိုက်တန်တဲ့ ဘီလူး၊ သဘက်လို့သူသာ စောင့်နေမယ်လို့ မြွက်ဟတယ်။
ဖခမည်းတော် မိမိကို ပြည်နှင်လို့ ၀မ်းမနည်းလေနှင့်။ ထိုသိုလျှင် ကျိန်စာတိုက်တတ်သူသည် အကျွန်ဖြစ်လေမှ ၀မ်းနည်းပါ။ ထိုကျိန်စာ၏ ဒဏ်ကို ကျေနပ်စွာ ခံယူပါမည်။ ယခုပင်လျင် ထိုနေရာသို့ ပို့ဆောင်ပါလော
ဟုဆိုလျှင် ခမည်းတော်လည်း နှလုံးအကြေကွဲခံကာ သမီးတော်ကို ခေါ်ဆောင်သွားစေ၏။ တောင်စောင်း တစ်နေရာ အရောက်ဝယ် ငိုကြွေးမြည်တမ်းသံကို ကြားတဲ့ လေနတ်မင်းက မရှုစိမ့်လို့ ထိုနေရာမှ ပွေ့ချီခေါ်ဆောင်သွားတော့သည်။ နူးညံ့လွန်းတဲ့ အထိအတွေ့ရယ်ကြောင့် တစ်နေကုန် ပူဆွေးငိုကြွေးခဲရတဲ့ စိတ္တလည်း အိပ်မောကျလေပြီး ထိုသို့ တပါးကို ခေါ်ဆောင်သွားသည် မသိလိုက် မရိပ်မိလိုက် ဖြစ်သွားလေ၏။ စိတ္တလည်း နိုးတဲ့ အခိုက်တော့ မိမိကို အမိန့်ချ နေစေသည်ဟု အမှတ်ရှိသော နေရာကို စူးစမ်းကြည့်ရာ သာယာဖွယ် တောအုပ် တစ်ခုထဲ ရောက်နေတာ သတိထားမိ၍ အနီးအပါး လျှောက်လှမ်းကြည့်တော့ ကြည့်လင် အေးချမ်းတဲ့ ရေပန်း ရေမွှားတွေသာကို တွေ့ရပြီး လန်းဆန်းကာ ဆက်လှမ်းတော့ ခမ်းနား ကြီးကျယ်တဲ့ နန်းတော်ကြီး တစ်ခုကို ရောက်သွားတယ်။ ဤမျှ ခမ်းနားမှု လူတို့ ဆောက်လုပ်တာမဟုတ် နတ်တို့ ဖန်တီးတာ ဖြစ်ရမယ်တွေးကာ အရဲစွန့်ပြီး အတွင်းကို ၀င်ကြည့်လေသည်။ ရွှေပိန်းချ တိုင်လုံးကြီးများ၊ ကနုတ်ပန်းနွယ်အပြည့် နံရံများ၊ အနုလက်ရာ ပစ္စည်းများနဲ့ မြင်မြင်သမျှ အဆန်းတကြယ် ဖြစ်ကာ ကြည်နူးနေစဉ်
အို အရှင်သခင်မ သင်မြင်သမျှ သင်ပိုင်လေသည်။ အကျွန်တို့ကား အရှင့်ကို စောင့်ရှောက် ပြုစုဖို့လေသာ။ အရှင်၏ ခန်းဆောင်သို့သွားကာ နားစက်ပါလော။ နိုးထလျှင် ရေကစားပါ။ ဆာလောင်လျှင် ကျောက်စားပွဲ၌ ထိုင်တော်မူပါ။ နှစ်ခြိုက်ဖွယ် စားဖွယ်တို့ ပေါ်လာမည်။
ဟုဆိုလာလေသည်။ စိတ္တလည်း ထိုသို့ မမြင်ရလေသော အစေအပါးတို့၏ အပြုအစုကို ခံယူကာ နားနေ စားသောက်နေလေသည်။ ညရောက်သော် အလင်းပျောက်၍ ထိုအစေအပါးတို တစ်ဦးမကျန် မရှိလေမှ သူမ၏ ကြင်ရာ ရောက်လာလေသည်။ အရုဏ်မတက် အလင်းမဆက်ခင် ထိုကြင်ရာလည်း ပြန်သွားတော့သည်။ ထိုသူသည် နတ်ကွန်းစောင့်တို့ ဟောကြားသည့် ဘီလူး သဘက်လိုသူ ဟုအထင်ရှိသော်ငြား ကိုယ်ကို မမြင် အသံသာ ကြားရုံမျှနှင့် ကရုဏာ အပြည့် အသံကိုမှ စိတ္တလည်း မေတ္တာသက်ဝင်တော့သည်။ နံနက်လင်းလျှင် မပြန်ဖို့ တောင်းပန်တိုးလျှိုးသည်ထိ သံယောဇဉ် ဖြစ်မိသောအခါ ကြင်ရာတော်ကလည်း သူ့ကို မြင်ရလျှင် အကျိုးသာနည်းမည် ဖြစ်၍ ဘယ်သောအခါမှ ထိုသို့ မြင်အောင် မပြုပါလင့်ဟု အသေအချာ မှာကြားလေသည်။
အဘယ်ကြောင့် မိမိကို မြင်တွေ့လိုရသနည်း။ ငါထားတဲ့ မေတ္တာအပေါ် စိုးစဉ်းသံသယ ဖြစ်လေသလော။ ငါကို မြင်လျှင် ကြင်မှာလေလား ကြဉ်မှာလား။
ဤသို့ ဖျောင်းဖျ နှစ်သိမ့်လေတောလည်း စိတ္တ ဘာမှ ပြန်မပြောလေပြီ။ အရာရာ အသစ်အဆန်း ဖြစ်နေသရွေ့တော့ သူမ ပျော်နေသေးသော်လည်း ကြာသော် အဘယ်သူကို ကြင်ရာလုပ်နေရသနည်းကို သိချင်စိတ် မထိန်းနိုင်လေသောအခါ ဖန်မီးအိမ်နှင့် ဓားတစ်လက်ကို ထိုကြင်ရာတော် မလာမီ ကွယ်ရာ၌ ၀ှက်၍ ထားလေသည်။ ည၌ ကြင်ရာတော်လည်း အိပ်မောကျနေခိုက် ဖန်မီးအိမ် ထွန်း၍ ကြည့်သောအခါ အစွယ်ပြူးပြူး ဘီလူးကဲ့သို့ မဟုတ်လေပဲ နှစ်လိုနှလုံးမွေ့ဖွယ် နတ်သားတဖန် ချောမွေ့လေတဲ့ မင်းယောက်ျားဟာ ရွှေရောင် ဆံခွေ၊ ကြက်သွေးရောင် ပါးပြင်နှင့် တိမ်ဆုပ် တိမ်စိုင်ကဲ့သို ဖြူလွ နူးမွသော အမွေးအတောင်တို့ အတိပြီးသော အတောင် နှစ်ဖက်နှင့် မြားနတ်မောင်ကိုသာ တွေ့တော့သည်။ စိတ္တလည်း အံ့သြလွန်၍ တုန်လှုပ်မိလျှင် ဖန်မီးအိမ်မှ ဆီပူတို့ ဖိတ်ယို၍ မြားနတ်မောင်၏ ပုခုံးထက်သို့ ကျလေသည်။ နာကျင်မှုကြောင့် မြားနတ်မောင်လည်း လန့်ရာမှ နိုးသည်ဖြစ်ကာ အတောင်စုံကို ဖြန့်၍ ပျံထွက် ပြေးစဉ် စိတ္တလည်း နောက်မှ မှားပါပြီးဟု ငိုကြွေးကာ လိုက်နေလျှင် မြားနတ်မောင်က
အမိုက်မဲမ ငါ့က မိခင်ကို အာခံ၍ နင့်ကိုမှ ပေါင်းသင်းလေသည်။ နင်က ငါကို လုပ်ကြံလေသည်။ မင်းကို စွန့်ပစ်ခြင်း အပြင် ကြီးလေးသော အပြစ် ပေးရန် မရှိ။ သံသယနှင့် မေတ္တာ မယှက်ကောင်း။
ဟုဆိုကာ ထွက်သွားတော့သည်။ စိတ္တလည်း အရုပ်ကြိုးပြတ် ငိုချင်းချ၍ ပူဆွေး သောက ရောက်လေသည်မှာ အချိန်အတော်ကြာမှ အသိစိတ်ပြန်ဝင်လေကာ သူမ၏ ကြင်ရာတော်ကို လှည့်လည် ရှာဖွေတော့သည်။ တောစဉ် တောင်တန်း အသွယ်သွယ်ကို ဖြတ်၍ တွေ့လိုတွေ့ငြား ရှာသော်လည်း အရိပ်အခြည်မှ မတွေ့ အချည်းအနှီးသာ ဖြစ်နေစဉ် ဘုရားကျောင်း တစ်ခုကို တွေ့၍ ပူဆွေးမှုကို ငြိမ်းအေးစေရာ အရိပ်ဝင်ခိုပြီး မိမိ၏ အပြစ်ဟူသမျှကို ခွင့်လွှတ်ပါရန်နှင့် ဖူးစာမှန် တဖန် ပေါင်းနှံရပါစေဟုဆုတောင်းလေသည်။ နတ်မင်းတို့လည်း မနေသာ၍ `အို သူငယ်မ နတ်ဘုရားမကို မျက်မာန်တော်ရှအောင် ပြုမိပြီ။ ငါတို့လည်း မစွမ်းသာပြီ။ သင်ကိုယ်တိုင် နတ်ဘုရားမက အပြစ်မယူ ချစ်ကြည်ဖြူအောင် လုပ်ပါလေလော။ နတ်ဘုရားမကို ၀ပ်တွား ခစားလော။ အချင်းကြီးငယ် ပြုစုလော။ ထိုသို့ဆိုလျှင် ပြန်လည် ဆုံတွေ့နိုင်ကောင်း၏´ ဟုဆိုလာလျှင် စိတ္တလည်း မဆိုင်းမတွ သွားလေတော့သည်။


François Gérard
1770-1837
Cupid and Psyche
1798
Oil on canvas. 1.86x1.32m
ဘယ်သို့သော ဘေးနှင့် တွေ့မည်မသိ စိတ်ကိုတင်း၍ သွားသော စိတ္တလည်း ဗီးနပ်စ်၏ ဆောင်နန်းကို ရောက်လျှင် မလိုမုန်ထား မျက်နှာထားဖြင့် ဆီးကြိုနေသော အရှင်မက `အကြိုက်အလိုက်မသိ မိုက်မဲပါဘိ။ လင်က စွန့်ပစ်တဲ့သူဖြစ်ရတာ သိချေပြီလော။ ဒါမှမဟုတ် ဒီမျှနှင့် မတော် ငါ့သားတော်ကို ဝေဒနာထပ်ပေးလို၍လော။´ ဟု ဒေါမာန်အပြည့်ဖြင့် ဆိုလေတော့သည်။ စိတ္တလည်း မိမိမှားမိပါသည်။ အမိုက်အမဲကို အပြစ်ပေးပါ။ ကျေကျေနပ်နပ် ခံယူပါမည်ဟု ခြေ၀ယ် ၀ပ်တွား အသနားခံလေရာ ဗီးနပ်စ်က ဤသိုဆိုလျှင်လည်း သင်ဟာ အိမ်ထောင်ရှင်မကောင်း တစ်ယောက် ဖြစ်နိုင်ချေကို စမ်းမည်ဆိုကာ ဟောဟို ကျီထဲမှာ ပြောင်း၊ ဆန်၊ စပါး၊ မုယော၊ ပဲဆံ ရောရာကို နေမစောင်းမီ ပြောင်းကပြောင်း ဆန်ကဆန် ခွဲလော့ဟု အမိန့်စေလေသည်။ စိတ္တလည်း ဖြစ်နိုင်ချေမရှိ မည်သို့ဆောင်မည်ကို မသိ မှိုင်တွေကာ နေနေစဉ် ကိုယ်ယောင်ကွယ်ကာ ချောင်းမြောင်းနေသော မြားနတ်မောင်လည်း မနေသာ၍ ထိုနားနေ ပုရွက်ဆိတ်တို့ကို စိတ္တ မသိရလေအောင် အကူအညီတောင်းခံရာ စုစုရွရွသော ပိုးကောင် အပေါင်းလည်း တစ်ကောင် တစ်စေ့ ကူညီရွှေ့ရာ တစ်မုဟုတ်ချင်း ပြီးလေသည်။

ဗီးနပ်စ်အရှင် သခင်မကို ပြန်လျှောက်လျှင် `သင်လုပ်တာ မဟုတ်တန်။ ဟောဟို တောအုပ်မှာ ကျက်စားလေတဲ့ သားသမင်တို့အနက်မှ ရွှေရောင် အမွှေးရှိသော အကောင်တို့၏ သားမွှေးကို ဆက်သလော´ဟု အမိန့်ပေးလေသည်။ စိတ္တလည်း သားသမင်တို့ ကျက်စားရာကို သွားကာ အနားကပ်မည်ပြုစဉ် တောစောင့်နတ်တို့က အို မိန်းကလေး ဤသမင်သား တောကောင်များသည် အရိုင်းဆန်၏။ သင့်ရင်ကို ဦးချိုတို့ဖြင့် ထုတ်ချင်းပေါက်လည်း ခက်တတ်၏။ နေ့လည်နေ့ခင်း အချိန်၌ သားကောင်တို့၏ အရိုင်းသွေးသည် နေနှင့် အပြိုင် ဆူပွက်နေသည်။ နေကျသည်နှင့် ထိုသားကောင်တို့လည် မောပန်းကာ အနားယူ ငြိမ်သက်နေတတ်၏။ ထိုသို့တိုင် အရိုင်းအစိုင်း သားကောင်တို့နား မကပ်ကောင်း။ သင်းတို့ ကျက်စားသော နေရာမှ ဆူးခြုံတို့တွင် သင်းတို့၏ သားမွှေးများ ကပ်ငြိနေတတ်သည်။ အလွယ်ပင် ခူးငင်ပါလေဟု အကြံပေးလေရာ ထိုကိစ္စ ပြီးမြောက်သည်။



Antonio Canova
1757-1822
Eros and Psyche
Rome, 1793
Marble H 1.55m
ဗီးနပ်စ်က `နင့်အစွမ်းအစနဲ့ ရတာ မဟုတ် ငါသိသည်။ ရှိစေတော့။ နင်ကြောင့် ဒဏ်ရာရတဲ့ ငါ့သားက ပြုစုရတာ ငါပင်ပန်း အိုနွမ်း ရပြီ။ မရဏတိုင်းသို့ သွား၍ ၀ိညာဉ်မယ်ထံမှ ရုပ်ပျိုဆေးများ သွားတောင်းချေ´ဟု ဆိုကာ သေတ္တာအလွတ် တစ်လုံး ပေးလိုက်လေသည်။ ဒီတစ်ခါတော့ စိတ္တ ကြံရာမရ ဖြစ်ကာ မရဏတိုင်း သွားဖို့ရာ သေဖို့မှ တစ်ပါး အခြားမရှိဟု ယူ၍ မိမိကိုယ်ကို သတ်သေမည် ကြံစဉ် နတ်ကောင်း နတ်မြတ်တို့လည်း မနေသာ၍ အို သူငယ်မ ဤဒင်္ဂါးပြား နှစ်ပြားကို ယူ၍ ဟိုမှာရှိ အနက်ရောင် ရေတို့ စီးသော မြစ်သို့သွား၍ တွေ့လေမည်ဖြစ်သော ကူးတို့သမားကို အသွားတစ်ပြားပေးပါ။ အပြန်အတွက် တစ်ပြားကို သိမ်းထားပါလေဟု ဆိုကာ အကြံပေးလေသည်။ စိတ္တလည်း ထိုသို့ပြုရာ မရဏတိုင်းသို့ ရောက်လေပြီး ၀ိညာဉ်မယ်ထံမှ ဆေးတို့ကို သေတ္တာဖြင့် ဆောင်ကြဉ်းခဲ့လေသည်။ လူပြည်ဘက်ကမ်း ပြန်ရောက်လေသော် မရဏတိုင်းထိ သွားယူရသည့် ရုပ်ပျိုနုဆေးသည် မည်သို့ ရှိမည် သိလိုလေ၍ သေတ္တာကို ဖွင့်လေသော လူတို့ အတွက်မဟုတ် နတ်တို့ အတွက်သာ ဖြစ်သော ဆေးတို့ကြောင့် ဖွင့်ပြီး အခိုက်၌ပင် သတိလစ်မျော ခွေလျော် လဲလေတော့သည်။

အချိန်တန်၍ စိတ္တ ပြန်မလာသည် ရှိသော် မြားနတ်မောင်လည်း စိတ်ပူလင့်၍ သွားရာလမ်းသို့ လိုက်သောအခါ သတိမေ့မျောနေသော စိတ္တကို လမ်းခုလတ်၌ သေတ္တာကလေး ပွင့်လျက်နှင့် တွေ့လေတော့သည်။
ဒီလို သိချင်စိတ်ကြောင့် အသင်ကိုယ်ကို အသင် ဒုက္ခပင်လယ်ဝေအောင် ပြုဖူးသည်ကို မမှတ်။ ယခုတစ်ဖန် ပြုပြန်လေသည်။ ငါကလည်း အသင့်ကိုမှ မေတ္တာသက်ဝင် ချစ်ကျွမ်းဝင်လေသည်။ သင့်အသက် ငါ့အသက်။။
ဟုဆိုကာ စိတ္တကို ရင်ဝယ်ပိုက်၍ နတ်တို့ ဌာနေရှိ အကြီးအကဲဆုံးသော ဦးသျှောင်ထံသို့ မနှေးအမြန် ပျံကာ သွားလေတော့သည်။ နတ်မင်း ဦးသျှောင်လည်း မြားနတ်မောင်နှင့် စိတ္တတို့ အပြန်အလှန်ထားရှိသော မေတ္တာကို သိရှိ သနားတော်မူ၍ မန်းမှုတ်လေရာ စိတ္တ သတိပြန်ဝင်ယုံမက နတ်တို့၏ အစွမ်းဖြင့် သက်တမ်းရှည်ကြာ နေနိုင်စွာသည်။ ပြီးနောက် အလှနတ်ဘုရားမကိုပါ ခေါ်ယူ ဖျောင်းဖျလေရာ နားကျ၍ စိတ္တကိုပါ ခွင့်လွှတ်လေသည်။

စိတ္တနှင့် မြားနတ်မောင်လည်း ပေါင်းယှက်၍ သမီးတစ်ယောက် ထွန်းကားလေလျှင် `ရွှင်ကြည်နူး´ ဟု အမည်ပေးလေသတည်း။ ။

Reference : Psyche and Eros
Accessed : 21/08/07

Sunday, August 19, 2007

လေးလကျော်ရွယ် ချစ်စဖွယ်

သမီးလေး မြင့်မြတ်နိုးဟာ အခုဆို လေးလခွဲတောင် ကျော်နေပါပြီ။ တော်တော်လေးတတ်နေပြီး သူကိုယ်ကို သူသိလာပါပြီ။ အခုအချိန်မှာ အရင်လို ကိုယ်ပြုသမျှ ငြိမ်နေမယ့် ကလေး ပေါက်စလေး မဟုတ်တော့ပါဘူး။ သူ မကြိုက်ရင် အော်မယ်။ ငိုတာမဟုတ်ဘူးနော်။ အော်တာ။ စိတ်တိုတတ်မယ်။ တောင်းဆိုတတ်တယ်။ စူးစမ်းတတ်လာပါတယ်။

ဒီအရွယ်မှာ မှတ်ကျောက်တင်နိုင်တဲ့ မတတ် မဖြစ် တတ်ရမှာကတော့ မှောက်တတ်ဖို့ပါပဲ။ သမီးဟာ မှောက်နေရင်းကနေ ခေါင်းနဲ့ ရင်ဘတ်ကို မတ်နေအောင် ထောင်နိုင်ပြီး နောက်ကနေ ခေါ်လိုက်ရင် သမင်လည်ပြန် လှည့်ကြည့်ပါတယ်။ ကလေးက မှောက်လည်း မှောက်တတ်ရော အမြဲပဲ မှောက်ချင်နေပါတော့တယ်။ အောက်ချလိုက်တာနဲ့ ဖတ်ကနဲ မှောက်လိုက်ရော။ အောက်မှာနေပြီး မမှောက်ရရင် စိတ်တိုတတ်ပါတယ်။ တစ်ခါတစ်လေ Diaper လဲပေးလို့ပဲ ဖြစ်ဖြစ် ပက်လက်လှန်ထားရင် မမှောက်အောင် မနည်းထိန်းထိန်း ထားရပါတယ်။ မှောက်နေပြီး သူ့ရဲ့ရောင်စုံ ကွင်းလေးတွေကို ဆွဲယူဆော့ပြီး ပါးစပ်ထဲ ထည့်တတ်ပါတယ်။ ကိုက်ဖို့ ရာဘာကွင်း ပျော့ပျော့လေး ၀ယ်ပေးထားပေမယ့် ပလပ်စတစ်လောက် အရောင်မတောက်တော့ မကြိုက်ပါဘူး။ ပလပ်စတစ် ကွင်းလေးတွေလိုလည်း ဂျောက်ဂျောက် ဂျောက်ဂျောက် အသံ မထွက်ဘူးလေ။

သမီးလေးဟာ အခုဆို စူးစမ်းတတ်နေပါပြီ။ ကျွန်တော် မနက် ရုံးမသွားခင် အ၀တ်အစားလဲပြီဆိုရင် မိခင်တစ်ယောက်က သူ့သားသမီး အ၀တ် ၀တ်တာကို ကျေကျေနပ်နပ်ကြီး ကြည့်သလို အကြည့်နဲ့ အစအဆုံး လိုက်ကြည့်ပါတယ်။ (ကျွန်တော်ကတော့ သမီးလေးရဲ့ အကြည့်ကို အဲဒီလိုပဲ ခံစားရတယ်)။ သမီးလေး စိတ်အ၀င်စားဆုံးကတော့ သူ့အမေပါပဲ။ သူ့အမေရဲ့ လှုပ်ရှားမှုတွေကို အကုန် သေသေချာချာ လိုက်ကြည့်ပါတယ်။ စဉ်းစားပါတယ်။ TV ကတော့ ဘာကြိုက်သလဲ မမေးနဲ့။ မကြည့်အောင်တောင် မနည်း တားထားရတယ်။

သမီးလေးဟာ အဖေ အမေ မျက်နှာကို ကြည့်ရုံနဲ့တင် အားမရတော့ လက်ကလည်း လှုပ်တတ်လာပြီဆိုတော့ လက်ကလေးနဲ့ စမ်းပါတယ်။ အမေ့ ဆံပင်တွေကိုလည်း ဆွဲပါတယ်။ မျက်နှာကိုတော့ လက်နဲ့ စမ်းတာတင် မကဘဲ ဆိတ်ဆွဲ ကုတ်ဆွဲတာပါ။ သူ့လက်သည်းလေးတွေက ပါးပါးထက်ထက်လေးတွေဆိုတော့ နာပါတယ်။ ပေးလုပ်ထားပေမယ့် မျက်စိကို မထိအောင်တော့ ဂရုစိုက်ရပါတယ်။ သူ့မျက်နှာကိုလည်း ကုတ်ခြစ်ပါတယ်။ လက်အိပ်စွပ်ပေးထားပေမယ့် ဟူဒင်နီလို လက်အိပ်ကို ၅ စက္ကန့် အတွင်းလောက်မှာကို ချွတ်တတ်နေတော့ မနိုင်ပါဘူး။ ကလေး မျက်လုံးလေးတွေကို သူ့ဘာသူ ကုတ်မိမှာ စိုးတော့ သူ့အမေက စောင့်ကြည့်နေပြီး လက်အိပ် လိုက်ဝတ်ပေးနေရပါတယ်။ ဂျလည်ကလေးက လက်အိပ် စွတ်ပေးချိန်ဆို သူ့လက်ချောင်း၊ လက်မလေးတွေကို ကားထားတယ်။ နည်းနည်း ရအောင် စွတ်လို့ အလယ် ရောက်သွားပြီဆို လက်တွေကို ကုတ်ပြီး ဆုပ်ထားတော့ ထပ်ဝတ်လို့ မရတော့ ပြန်ဘူး။ တခုကောင်းတာကတော့ ကျွန်တော်တို့ နှစ်ယောက် အလယ်မှာ အိပ်တဲ့ သမီးလေးဟာ မနက်ဆိုရင် ကျွန်တော့်ကို မျက်နှာတွေကို လာထိပြီး နှိုးပါတယ်။ (ဖုန်းက) နှိုးစက်တောင် မမြည်သေးဘူး သမီးလေးနှိုးတာနဲ့ နိုးနိုးလာပါတယ်။

ဦးနှောက် ဖွံဖြိုးမှုတစ်ရပ် အနေနဲ့တော့ အသံနဲ့ အရာဝတ္ထုကို တွဲမှတ်တတ်နေပါပြီ။ သမီးရေ.. ပလူတိုကိုကြည့်လိုက်ဆိုရင် ပလူတို အရုပ်ကလေးကို ကြည့်ပါတယ်။ သမီးကောင်းကောင် သိနေတာကတော့ ပလူတိုရယ်၊ Mickey ရယ်၊ စိမ်းစိမ်းရယ်ပါ။ (စိမ်းစိမ်းဆိုတာ ကျွန်တော် ဗီယက်နမ်က ၀ယ်လာတဲ့ ဗီယက်နမ်မ အရုပ် အစိမ်းရောင်လေးပါ။) သူ ငိုနေရင် အဲဒီ အရုပ်ကလေးနား သွားပြီး စိမ်းစိမ်းရေ... အင်္ကျီလေးက လှလိုက်တာ...ဘာညာ ဘာညာ ပြောရင် အငိုရပ်သွားပြီး စိတ်ဝင်စားတတ်ပါတယ်။ သမီးရေ... စိမ်းစိမ်း ဘယ်မှာလဲ ဆိုရင် အဲဒီ အရုပ်ကလေး တင်ထားတဲ့ TV ပေါ်ကို လှမ်းကြည့်ပါတယ်။

ကျွန်တော်တို့ အတွက် သမီးလေးရဲ့အကြည်နူးရဆုံး တိုးတက်မှုကတော့ သီချင်းဆိုတတ်တာပါပဲ။ ဟုတ်ပါတယ် ပြောရင် ယုံနိုင်စရာတောင်မရှိပါဘူး။ ၃ လသားတုန်းကလို ဂူးဂူးဂဲဂဲ ပြေတာကနေ အခုဆို အီးအီးအားအားနဲ့ သရသံရှည်တွေ ပြောတတ်လာပါပြီ။ သူ့ဘာသာသူ အရုပ်ကလေးတွေ (ပလူတိုတို့) နဲ့ ဆော့နေရင်း ပျော်လာရင် သီချင်းဆိုပါတယ်။ စကားပြောတဲ့ အချိန်မှာ အသံတိုလေးတွေနဲ့ ပြောပေမယ့် သီချင်းဆိုတဲ့ အချိန်မှာတော့ အသံကို ဆွဲဆိုပြီးတော့ အတက်အကျ ကြာကြာ ဆိုပါတယ်။ နောက်ထပ် ပို အံ့သြဖွယ်ကောင်းတာကတော့ ရှေ့ကနေ တိုင်ပေးရင် နောက်ကနေလိုက်ဆိုတတ်တာပါပဲ။ ``မီးမီးကလေး သီချင်းဆို.... အီးအား... အီးအား...ယို´´လို့ ရှေ့ကနေ ဆိုလိုက်ရင် ``အီးအာ...အီးအား..´´လောက်ဆို လိုက်ဆိုတတ်နေပါတယ်။ အမေတို့ အဖိုးအဖွားတွေကတော့ ``မီးမီးတုန်လေး သီချင်းဆို...´´လောက်ရယ် ``ကျီးကန်းကလေး..သီချင်းဆို´´လောက်ရယ်ပဲ ပြောပေမယ့် ကျွန်တော်နဲ့ဆို ``ထွေးပေါက်ကလေး..သီချင်းဆို´´တို့.. တခြားပေါက်ကရတွေပါ ပါပါတယ်။ ဘယ်လိုပဲ ပြောပြော သမီးလေးကတော့ နောက်ကနေ လိုက်ဆိုပါတယ်။

သီချင်းဆိုတတ်သလို အသံထွက်ပြီးတော့လည်း ဂျီကျတတ်လာပါပြီ။ သူမကြိုက်တာကို ဘယ်လိုမှ လုပ်လို့ မရပါဘူး။ အိမ်ရှေ့ခန်းမှာ ချီထားပြီး အထဲဝင်လိုက်တာနဲ့ ``ဟာ´´ဆိုပြီး သူ မကြိုက်ကြောင်း ပြောပါတယ်။ ငိုရင်လည်း ဇာတ်တွေထဲမှာ ငိုခန်း ဖွဲသလိုပါပဲ။ ပါးစပ်က ဘာတွေမှန်း မသိ ပြောနေပြီး ငိုနေတာပါ။ တခါတလေ စိတ်အလိုမကျရင်လည်း အော်တတ်ပါတယ်။ သူအော်သံကိုတော့ ကျွန်တော်တို့က ဒီလိုပဲ ကြားပါတယ်။ `မေမေးရာ..ဖေဖေးရာ´ဆိုပြီး အော်သလိုပါပဲ။ အဲဒီလို `မ´သံတွေ `ဖ/ဘ´သံတွေကို နည်းနည်း ထွက်တတ်နေပါပြီ။

သမီးလေးဟာ လူအများနဲ့ နေရတာကို နှစ်ခြိုက်နေပါပြီ။ အိပ်ရာကနေနိုးရင် ခဏတဖြုတ်လောက် ဆော့ပြီးရင် ဧည့်ခန်းကိုပဲ ထွက်ချင်နေတော့တယ်။ ဟိုလူက သူ့ကို စကားပြောလိုက်၊ ဒီလူက စကားပြောလိုက်ဆိုရင် အရမ်းကြိုက်ပါတယ်။ တစ်ခါတစ်လေ အိမ်ကလူတွေက အပြင်ကို သွားလို့ အိမ်မှာ တစ်ယောက်၊ နှစ်ယောက်ပဲရှိနေချိန် သူ့ကို အိပ်ခန်းအပြင် ခေါ်လာရင်၊ ဧည့်ခန်းထဲ မီးဖိုထဲကို လိုက်ကြည့်ပြီး လူရှာတတ်ပါတယ်။ အမေပျောက်နေရင် အသိသာဆုံးပါပဲ။ ခဏခဏ ရှာတတ်ပါတယ်။

သူ့ကိုတော့ ဆေးခန်းသွားတာကလွဲရင် အပြင်ကို တစ်ခေါက်ပဲ ခေါ်ဖူးပါသေးတယ်။ ကလေးလှည်းလေး (Stroller) ထဲ ထည့်ပြီးတော့ ခေါ်သွားတာပါ။ လှည်းက စီးနေကျ မဟုတ်တော့ နည်းနည်းတော့ လန့်တတ်ပါတယ်။ ဒါတောင် အပြင်မခေါ်ခင် လှည်းကျင့်ပေးဖို့ အိမ်နားက ပန်းခြံကို တစ်ခေါက် ခေါ်သွားပါတယ်။ အောက်ချ လှည်းထဲ ထည့်ပြီး တွန်းရုံပဲ ရှိသေးတယ် ကြောက်နေပါတယ်။ သူ့အမေက အခြေအနေသွားကြည့်ဖို့ ရှေ့ကနေ သမီးရေ ဘယ်လိုနေသလဲလည်း မေးလိုက်ရော အသားကုန် ငိုပြီးတော့ ချီခိုင်းတော့တာပါပဲ။ အဲဒါနဲ့ တိုက်တန်းထဲမှာပဲ တစ်ခေါက် နှစ်ခေါက်လောက် ကျင့်ပြီး အပြင် ခေါ်သွားတာပါ။ ကားသံတွေကို ကြောက်ပေမယ့် Mall ထဲမှာ တော့ မျက်နှာကျက်က မီးတွေ၊ Escalator တွေ ရွှေ့နေတာကို လိုက်ကြည့်နေပါတယ်။ တော်တော်ကြာတော့ လှည်းပေါ်မှာ အိပ်ပျော်နေပေမယ့် အသံကြားရင်တော့ နည်းနည်း လန့်တတ်ပါသေးတယ်။

လေးလပြည့်ပြီးတဲ့အချိန်က Pneumococcal အတွက် ကာကွယ်ဆေး သွားထိုးရပါသေးတယ်။ ဒီဆေးကတော့ မထိုးမနေရ ဆေးတွေအထဲမှာ မပါပါဘူး။ ဒါပေမယ့် Pneumonia(အဆုပ် အအေးမိ ဖျားနာ) Septicaemia (သွေးအဆိပ်တက်ခြင်း) နဲ့ Meningitis (ဦးနှောက် အမြှေးယောင်) တာတွေကို ကာကွယ်နိုင်တယ် ဆိုတော့ ထိုးလိုက်ပါတယ်။ ဒီဆေးဟာ Pneumococcus bacteria ရန် ကနေ ကာကွယ်ဖို့ ထိုးတာပါ။ ဒီ ဘက်တီးရီးယားဝင်ရင် ခန္ဓာကိုယ် အနှံပျံ့သွားနိုင်ပါတယ်။ အဆုပ်ကိုသွားရင် အဆုပ်အအေးမိနာ ဖြစ်မယ်။ ဦးနှောက်ကို သွားရင် ဦးနှောက် အမြှေးယောင်မယ်။ နားထဲဝင်ရင် နားအတွင်းပိုင်းယောင်မယ်။ ဒီပိုးကို လူကြီးတွေရော ကလေးတွေမှာပါ တွေ့နိုင်ပေမယ့် ကလေးပေါက်စလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်ရင် ပြင်းပြင်းထန်ထန် ဆိုးရွားတတ်ပါတယ်။ လူလူချင်း ထိတာကနေ ကူးတတ်တာဆိုတော့ ကလေးထိန်းကျောင်းတွေကနေ အဓိက ကူးစက်တတ်ပါတယ်။ ဒီအချိန်မှာ စ ထိုးထားတော့ မူကြိုပို့မယ့် အချိန်ဆိုရင်တော့ အတော်ပဲပေါ့။ ဆရာဝန်က တစ်ခါတည်း Rota Virus (အထက်လှန် အောက်လျှော) အတွက်ပါ ကာကွယ်ဆေး Second Dose တိုက်လိုက်ပါသေးတယ်။ စိတ်ထဲမှာတောင် အခုလို ကာကွယ်ဆေးတွေ များများထိုးလို့ရတာ ကောင်းတယ်.. ကာကွယ်ဆေးများများ ဖော်ထုတ်နိုင်ပါစေ ဆုတောင်းမိသေးတယ်။

ဒီအချိန် လေးလခွဲမှာ သမီးရဲ့ ကိုယ်အလေးချိန်ဟာ ၆.၅ ကီလို (၁၄ ပေါင် ကျော်ကျော်) ဆိုတော့ မွေးစရဲ့ နှစ်ဆကျော်ကို ရောက်နေပါပြီ။ အရပ်ကတော့ မွေးစက ၄၉ စင်တီကနေ အခု ၆၄ စင်တီ ရောက်နေပါပြီ။ ကလေးချီရတာ ကျွန်တော့် အတွက်တော့ မသိသာပေမယ့် တစ်နေကုန် ချီရတဲ့ သူမအတွက်တော့ မထောင်းသာပါဘူး။ သူ့လက်မောင်းလည်း တော်တော်ကြီးလာပါပြီ။ ကလေးအမေရဲ့ လက္ခဏာတွေပေါ့။

ညဖက် အိပ်တာ ပုံမှန်ပေမယ့် နေ့ခင်းဖက်မှာတော့ ကောင်းကောင်း မအိပ်တော့ပါဘူး။ အိပ်ရင်လည်း ငယ်ငယ်တုန်းကလို တမေ့တမော မအိပ်တော့ပါဘူး။ သိပ်ထားတာ ခဏနေရင် နိုးနေပါပြီ။ ဒါပေမယ့် နိုးနေရင် သူဘာသာသူပဲ ဆော့နေတတ်တော့ အပြင်ကနေ အသံမကြားရပါဘူး။ သွားချောင်းတော့မှသာ ကလေးက နိုးနေပြီး သူ့ဘာသူ ဆော့နေတာကို တွေ့ရတာပါ။ ဘယ်လိုပဲ အိပ်အိပ် အိပ်ချိန်ကတော့ ဒီအရွယ်မှာ ၁၄ နာရီ ရှိရပါမယ်။ တခါတလေကျရင် မရှိချင်ပါဘူး။ တနေကုန် သိပ်လို့ကို မရတော့ပါဘူး။

အခုအချိန်မှာ သူဟာ စူးစမ်းတတ်၊ ခံစားတတ်၊ တောင်းဆိုတတ်နေတော့ လှုပ်ရှားမှုတွေတင်သာမက ကလေးရဲ့ သူဘာသူ သင်ယူပုံတွေ၊ စိတ်ခံစားချက်တွေကိုပါ စောင့်ကြည့်နေရတာဆိုတော့ အရင်ကထက် ပိုအသက်ဝင် ပိုကြည်နူးဖို့ ကောင်းနေပါတယ်။


Download better quality and off-line video from here.

၃လပြည့်
အမြင်အာရုံ တိုးတက်မှု (၂ လခွဲ အရွယ် အထိ)
သမီးလေးရဲ့ တိုးတက်မှု

Thursday, August 16, 2007

ထောင်တွင်း ပန်းချီဆရာ

ကိုထိန်လင်း ထောင်က ထွက်လာတော့ လူက ခါးကိုင်းကိုင်းနဲ့ လူမမာရုပ် ပေါက်နေပြီး မျက်နှာတွေကလည်း ချောင်ကျနေပါတယ်။ သူ့လက်ထဲမှာတော့ ထောင်ထဲမှာ ၆ နှစ်လောက်နေပြီးမှ ကျန်ရှိနေသေးတဲ့ သူ့ပိုင်ဆိုင်တာလေးကို ကြွပ်ကြွပ်အိတ် အဖြူလေးထဲမှာ ထည့်ပြီး ကိုင်ထားပါတယ်။ ဒါတောင် သူ့မျက်နှာက မော်မော်ကြွားကြွား ပြုံးဖြီးဖြီး ဖြစ်နေပါသေးတယ်။ ဒီအပြုံးနောက်ကွယ်မှာတော့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။

ကိုထိန်လင်းဟာ နိုင်ငံရေး အကျဉ်းသားတစ်ဦး ဖြစ်ပြီး အတိုက်အခံ လှုပ်ရှားမှုတွေကြောင့် ထောင်ချခံထားရတာပါ။ ဒီအတောအတွင်းမှာ ထောင်ထဲကနေပြီး (သူဆွဲခဲ့တဲ့) ပန်းချီကား ၃၀၀ ကျော်နဲ့ သရုပ်ဖော်ပုံ ၁၀၀၀ ကျော်လောက်ကို ခိုးထုတ်နိုင်ခဲ့ပါတယ်။ ၃ နှစ်အကြာမှာတော့ သူ့ရဲ့ အနုပညာ လက်ရာ တွေဟာ ကမ္ဘာပေါ်မှာ အလှောင်အကျပ်ဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ထောင်တွင်းဘ၀ကို မြင်ရခဲတဲ့ ရှုထောင့်ကနေ ဖော်ထုတ်လိုက်ပါတော့တယ်။

ကိုထိန်လင်းရဲ့ ၀ိဘစ္ဆရသ အပေးနိုင်ဆုံး ပန်ချီးကားကတော့ `လက်ချောင်း ၆ ချောင်း´ လို့ အမည်ပေးထားတဲ့ ပိန်လှီနေတဲ့ လူဖလံတစ်ယောက်မှာ ခြေချောင်းလေးတွေ လက်ချောင်းလေးတွေ ဖြတ်ထားတဲ့ ပုံပါပဲ။ ဒီလိုလူမျိုးတွေဟာ (အပြင်က) သူတို့ မိသားစုက ဆင်းရဲလွန်းလို့ ထောင်ပိုင်တွေကို ငွေ ၅ သောင်း ၁ သိန်း လာဘ် မထိုးနိုင်လို့ ငှက်ဖျားတော ရဲဘက်စခန်းကို ပို့မယ့် ကျောက်ထုသမားဘ၀ကို ရှောင်ရှားချင်လို့ ဒီလိုလုပ်လိုက်ရတာပါ။ ``မတော်တဆဖြစ်ပြီး တစ်ခုခု ဖြစ်သွားတဲ့ သူတွေပဲ ရဲဘက်စခန်း မလိုက်ရတာလေ´´လို့ အခု လန်ဒန်မှာ နေနေတဲ့ အသက် ၄၁ နှစ်ရှိနေပြီ ဖြစ်တဲ့ ကိုထိန်လင်းက ရှင်းပြပါတယ်။ ဒီလို မတော်တဆ ဖြစ်ဖို့ဆိုတာ တခြား ထောင်သားတစ်ယောက်ယောက်ကို ထောင်တွင်း စိုက်ခင်းမှာ သုံးတဲ့ ပေါက်ပြား၊ ငန်းပြား တစ်ခုခုနဲ့ ဖြတ်ခိုင်းပြီး ထောင်ဆရာဝန်တွေကို ဒဏ်ရာတွေသွားပြရပါတယ်။



တခြားပုံတွေ တော်တော်များများကတော့ ထောင်သားဝတ်စုံ အဖြူရောင် လုံချည်တွေ ၀တ်ထားတဲ့ ပုံတွေများပြီး များသောအားဖြင့်ကတော့ ငတ်ပြတ် ဖျားနာနေတဲ့ မြင်မကောင်း ရှုမကောင်း ပုံတွေချည်းပါပဲ။ ဒီပန်းချီကားတွေကို အခု လန်ဒန်မှာ ရှိတဲ့ Asia House ဆိုတဲ့ အနုပညာပြခန်း မှာ ချိတ်ဆွဲထားပါတယ်။

ထောင်တွင်းမှာ နိုင်ငံရေး မိန့်ခွန်းပြောလို့ ကြိုးတိုက်ကို ပို့ခံလိုက်ရတဲ့ ၇ လတာ ကာလတိုလေးဟာ သူ့အတွက်တော့ အပြောင်မြောက်ဆုံး လက်ရာတွေ မွေးထုတ်နိုင်တဲ့ အချိန်ပါပဲ။ ``အဲဒီ အချိန်တွေဟာ ပန်းချီဆွဲလို့ အကောင်းဆုံး အချိန်တွေပဲလေ။ ထောင်ဝါဒါတွေ ဒီဘက်ကို ကြောက်လို့ သိပ်မလာဘူး´´လို့ သူက ပြန်ပြောပြပါတယ်။ ကြိုးတိုက်က တခြားလူတွေက မာရေကြမ်းရေရှိပြီး အနုပညာကို သိပ်မခံစားတတ်ပေမယ့် သူ့ကို ကူညီလိုပါတယ်။ ``ငါတို့လည်း တတ်စွမ်းသလောက်တော့ ပါဝင်ပါရစေ၊ ငါတို့ မသေခင် ဒီအနုပညာရှင်လေးကို ကူညီကြမယ်´´ဆိုပြီး သူတို့မှာ ၀တ်စရာလို့ ဒါပဲ ရှိတဲ့ လုံချည်တွေကို သဒ္ဓါထက်သန်စွာပဲ ချွတ်ပေးကြပြီး သူ့အတွက် အဓိကလိုအပ်တဲ့ ပိတ်ကား လုပ်စေပါတယ်။ ဒီ ၀တ်စုံတွေက ၆ လမှ တစ်ခါပေးတာဆိုတော့ ပေးလိုက်တဲ့ ထောင်သားတွေဟာ ကိုယ်လုံးတီးနဲ့ပဲ နေကြ ထိုင်ကြပါတယ်။ သေမထူး နေမထူးတွေမို့ သူတို့ကို ထပ်ပြီးတော့လည်း အပြစ်ပေးဖို့ မရှိတော့ ထောင်ပိုင်တွေက မနေသာပဲ အ၀တ်အသစ်တွေ ထပ်ပေးရတာဟာ ပုန်းလျှိုးကွယ်လျှိုး ပန်းချီဆရာလေးအတွက်တော့ နောင် ပန်းချီဆွဲဖို့ လိုအပ်တာတွေကို ပံ့ပိုးပေးနေသလိုပါပဲ။

သူ ဒီလို ထောင်ကျရတာဟာ အတိုက်အခံ အဖွဲ့က တစ်ယောက်က တစ်ခြားတစ်ယောက်ကို စာပို့ရာမှာ သူကို သယ်ခိုင်းတာကနေ ထောက်လှမ်းရေးက ဖမ်းမိသွားလို့ပါ။ သူ့အိမ်ကို ၀င်မွှေပြီး သူ့ကို မျက်နှာကို အုပ်ပြီး တစ်ခါတည်း ဖမ်းသွားပြီး စစ်ခုံရုံးတင်ပြီး ထောင် ၇ နှစ်ချလိုက်ပါတယ်။ ၂၀၀၄ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ရက်မစေ့မီ နည်းနည်း စောလွတ်လာပါတယ်။

ထောင်ထဲရောက်တာနဲ့ လိုအပ်တဲ့ ပန်းချီဆွဲ ပစ္စည်းတွေရှာရတာ ဆွဲပြီးတဲ့ ပန်းချီကားတွေကို ခိုးထုတ်ဖို့ ထောင်ပိုင်တွေနဲ့ ပေါင်းရတာဟာ သူ့ရဲ့ နိစ္စဓူဝတွေပါပဲ။ သူဟာ ကဗျာဆရာ (ထောင်တွင်း) ဆေးရုံအကူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ပြီး အဲဒီလူဆီက ရတဲ့ ဆေးထိုးပြွန်တွေကို သူ့ရဲ့ စုတ်တံ အနေနဲ့ သုံးခဲ့ရပါတယ်။ ထောင်ဝင်စာ လာတွေ့တဲ့ သူ့မိသားစု ပေးသွားတဲ့ ပိုက်ဆံလေးနည်းနည်းကို သဘောကောင်းမယ့် ထောင်စောင့်တွေကို လာဘ်ထိုးပြီး ပန်းချီဆေး ၀ယ်ခိုင်းရပါတယ်။ တခါတလေတော့ ပန်းချီဆေးဝယ်ပေပြီး တခါတလေတော့ ရိုးရိုး အိမ်သုတ်ဆေးတွေပဲ ၀ယ်ပေးပါတယ်။

သူ့ရဲ့ အဆန်းသစ်ဆုံး ပန်းချီဆွဲနည်းကတော့ သူ့အခန်းထဲမှာ ထားခွင့်ရတဲ့ ဗုဒ္ဓပုံတော်ကားချပ် ပလပ်စတစ်ပြား နောက်ဘက်မှာ အရင်ဆွဲပြီး အဲဒီအပေါ်မှာ အ၀တ်စအုပ်ပြီး ပြန်ကူးယူတဲ့ နည်းပါပဲ။

ထောင်သားအချင်းချင်းဆီက သတင်းထွက်ပြီး အစောင့်တွေက သူ့အခန်းကို လာပြီး သူ့ပန်းချီတွေ ရှာပါတယ်။ တစ်ခါတစ်လေကျတော့လည်း ပွတ်ကာသီကာလေး လွတ်သွားတာမျိုးပါ။ သူက လှန်းထားတဲ့ ပုဆိုးမှာ ပန်းချီဆွဲထားတော့ ထောင်စောင့်တွေက သူအခန်းလာရှာချိန်မှာ ဒီပုဆိုးလေးကို လှန်ကြည့်မလို အလုပ်မှာ အသက်တောင်မရှူရဲဘဲ နောက်ဆုံး ထောင်စောင့်က မသိဘဲ ပြန်ထားလိုက်မှ စိတ်အေးသွားရပါတယ်။ ဒီလို အ၀တ်စုတ် စိုစိုဟာ သူတို့ လာရှာတဲ့ ပန်းချီကားဆိုတာတော့ ထောင်စောင့်တွေ နည်းနည်းမှ မတွေးမိပါဘူး။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ချောအိသိမ်းဟာ သူ့ပြပွဲကို လာအားပေးတာပါ။ သူမကိုယ်တိုင်ကလည်း ဂျပန်နဲ့ ထိုင်ဝမ်တို့မှာ Performance Art တွေ လုပ်ခဲ့ပြီး ထိုင်းနိုင်ငံမှာလည်း သူ့ပန်းချီတွေ ပြထားပါတယ်။

သူတို့နှစ်ဦးဟာ ၁၉၉၀ ပြည့်လွန်နှစ်များက တွေ့ခဲ့ကြတာဖြစ်ပြီး ရှေ့နေလုပ်စားဖို့ စိတ်ကူးကို စွန့်လွှတ်ကာ ထုတ်ဖော်ပြောဆိုမှုတွေကို ထိန်းချုပ်ထားတဲ့ စစ်အစိုးရကို သရော်ဖို့ Performance Art တွေကို နှစ်ဦး အတူ ဖန်တီးခဲ့ကြပါတယ်။ သူတို့ နှစ်ဦးဟာ ရန်ကုန်က လူများတဲ့ ဈေးတစ်ခုသွားပြီး ဖယောင်းတိုင်လေးတွေ ဖဲကြိုးလေးတွေကို ခြူးပြားဖိုးနဲ့ ရောင်းချခဲ့ပါတယ်။ ဒါဟာ ကုန်ဈေးနှုန်းကြီးတာကို သရော်ထားတာပါပဲ။ ကံဆိုးစွာပဲ နှစ်ဦးစလုံး အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ ဗုံးထောင်ဖို့ဆိုပြီး မသင်္ကာလို့ ဖမ်းထားတဲ့သူတွေကိုပါ အဲဒီ စခန်းမှာ ဖမ်းမိထားပါတယ်။ စခန်းမှူးက ငါတို့အမှုနှစ်ခု တပြိုင်တည်း မကိုင်နိုင်ဘူးဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ မလွှတ်ခင်တော့ ဒီသင်္ကာမကင်းတဲ့သူတွေပုံ ဆွဲပေးရမယ်ဆိုလို့ ဆွဲပေးလိုက်ရပါသေးတယ်။ ။

(ဒီ Post ကို သူမ အကူအညီနဲ့ ဒီသတင်းကို ခွင့်မတောင်းဘဲ သင့်တော်သလို ဘာသာပြန်ထားသည်။)

Sunday, August 12, 2007

The Slaughtered Ox


Rembrandt ရဲ့ Still Life ပန်းချီကားအတွက် မူ လုံးဝ ကွဲတဲ့ ၀တ္ထုကတော့ အမဲဖျက်ခံထားရတဲ့ နွားကို မှုန်ပြပြ အခန်းထဲက ထုတ်တန်းမှာ ဇောက်ထိုး ဆွဲ ချိတ်ထားတာပဲ။ ဒီလို ရက်စက်ကြမ်းကြုတ်မှုကို ပန်းချီရေးထားတာဟာ သက်ငြိမ် ပန်းချီကားတွေရဲ့ စံတွေ သတ်မှတ်ချက်တွေကို ရိုက်ချိုးလိုက်သလိုပဲ။ ကိုမောင်တိန် စစချင်း ဘလော့ဂ်တော့ ``သားသတ်ရုံ ခပ် ပေါပေါ´´တို့၊ ``လိုင်စင်ရ သားသတ်သမား´´တို့ နဲ့ ``သားသတ်သမားတွေ´´ များနေတော့ ဒီကားကိုပဲ ပြေးမြင်တယ်။ ဒီနွားသေကားကို အိနြေ္ဒရှင် မိုနာလီဇာ ရှိတဲ့ လုဗ်မှာ ကျွန်တော် အရှင်လတ်လတ် တွေ့ခဲ့ရပါတယ်။ ဒီလို Rembrandt ရဲ့ ရှားရှားပါးပါး သက်မဲ့ ပန်းချီကားကို မူကွဲ နှစ်မျိုး ရေးဆွဲခဲ့ပြီး လုဗ်က ဟာက ပထမကားပြီး ၂၅ နှစ်အကြာ ၁၆၅၅ မှာ ရေးထားတာပါ။

နှစ်ပုံစလုံးက အထားအသို ဆင်ပြီး ပထမပုံမှာတော့ ဖြတ်ထားတဲ့ ခေါင်းပါ ထည့်ဆွဲထားတယ်။ ခြေနှစ်ဖက်ကို ဖြဲပြီး ကားစင်မှာ ချိတ်ထားတဲ့ နွားကိုတော့ ရင်ခွဲထားပြီး ရင်ဘက် ဟောက်ပက်နဲ့ နံရိုးအိမ်အတိုင်းသား၊ အဆီအရိအတွဲသားကို တုံးတိတိ ရှေ့လက်၊ အရွတ်ဖြတ်ခံထားရတဲ့ ခြေရယ် ပြီးတော့ ခေါင်းဖြတ် အရေခွံဆုတ်ထားပြီး နည်းနည်း ခြောက်သွေ့စပြုနေတဲ့ အသားဆိုင်တွေရယ်ကို ဆွဲထားတာ။ နှစ်ပုံစလုံးမှာ မိန်းမတစ်ယောက်ပါပြီး ပထမပုံမှာတော့ (သွေးတွေပေနေတဲ့) ကြမ်းတိုက်နေပြီး လုဗ်ကပုံမှာတော့ တံခါးဝကနေ သားသတ်ခန်းထဲ (ပန်းချီကားကြည့်နေသူဖက်) ကို ချောင်းကြည့်နေတဲ့ပုံပါ။ သူဆွဲထားတဲ့ Dead Peafowl မှာလည်း ရစ်သေနှစ်ကောင်ကြားကနေ ကြည့်နေတဲ့ မိန်းမတစ်ယောက် ပါပါသေးတယ်။ ဒီကားမှာ ချောင်းကြည့်နေတဲ့ မိန်းမကတော့ နွားသေနဲ့ အရောင်အဆင်းတူတဲ့ အင်္ကျီကိုပါဝတ်ထားသေးတယ်။

သေသေသပ်သပ် သတ်ဖြတ်သွားတဲ့ သားသတ်သမားအတွက်တော့ အောင်မြင်မှုတစ်ခုပါပဲ။ နွားအတွက်ကတော့ ... ။ အစာရေစာ အတွက်ဆိုရင်တော့ ဒီအမဲသားဟာ သူသူငါငါ စားမည့်သူတွေကိုတော့ အသက်နည်းနည်း ဆက်စေဦးမယ်။ Rembrandt ကရော အားလုံးထံ ကျရောက်လာမည့် သေခြင်းတရားကို ပြောချင်တာလား။ သေရင် သတ်ဖြတ်ခံရရင် ဒီလိုလို့ ဆိုချင်တာလား။ ဒီကားဟာ ပန်းချီဆေးနဲ့ လူ့အသားတွေကို ဆက်စပ်ပေးနေသလိုပဲလား။ ခွဲစိတ်ဆရာဝန်တွေ၊ ခန္ဓာဗေဒပညာရှင်တွေ၊ ရင်ခွဲရုံကလူတွေ ခွဲစိတ် ထိုးမွှမဲ့ လူ့ခန္ဓာကိုယ်ကို နွားနဲ့ ကိုယ်စားပြုထားတာပဲလို့ ဆိုလာတယ်။

ဒီကားက စက်ဆုပ်ဖွယ်လည်းကောင်းတယ်။ ကြည့်ရတာ အော်ဂလီဆန်တယ်ပြောနိုင်သလို ဆွဲထားတာ သေသပ်လှပတယ် ပြောနိုင်ပြန်တယ်။ နွားသေ တစ်ကောင်ထက် အမြဲတည်နေပြီး ဘယ်သူမှ မရှောင်လွှဲနိုင်မယ့် အရာကို ရုပ်လွန်ဝါဒနဲ့ ပြောနေတယ်။

Saturday, August 11, 2007

မိမိ နှင့် မောင်တိန်

အသေအချာ သိရဖူးသည်ကတော့ ကိုမောင်တိန်သည် မိမိ၏ ဘလော့ဂ်ကို အရေမရ အဖတ်မရ သို့မဟုတ် ဘယ်ဟာကို ကြိုက်ရမယ်မှန်းတောင် မသိဟု ဆိုပါသည်။ သို့သော် ရက်ပေါင်း ၁၀၀ ကျော်မျှ အတူသောက်၊ အတူ ဘလော့ဂ်ခဲ့ကြသည် ကာလ တလျောက်တွင်ကား သူသည် မိမိ၏ ဘလော့ဂ်တွင် ကော့မန့်ရေးခြင်းသော် လည်းကောင်း၊ ဆီဗုံးတွင် အော်ခြင်း သော်လည်းကောင်းများ ပြုသော်လည်း တစ်ကြိမ်တစ်ခါမျှ ကောင်းကောင်း ဆိုးဆိုး Post များကို ဖတ်ခြင်း မရှိပါ။

ဟား..ဟား ကိုယ့်ဆရာရဲ့ (အောက်က) Post ကို ဖတ်တာ ကြိုက်သွားပြီး ရေးလိုက်တယ်။

တဆင့် စကားကြားရဖူးသည်ကတော့ ကို မြသန်းသည် မိမိ၏ အရေးအသား သို့မဟုတ် ရေးဟန်ကို မနှစ်သက်ဟု ဆိုပါသည် ။ သို့သော် အနှစ်သုံးဆယ်ကျော်မျှ အတူသွား ၊ အတူလာ ပေါင်းသင်းခဲ့ကြ ကာလတစ်လျောက်တွင်ကား သူသည် မိမိ၏ စာ ကို သော်လည်းကောင်း ၊ မိမိ ၏ အရေးအသားကို သော်လည်းကောင်း ၊ မိမိ၏ ဘာသာပြန်များကို သော်လည်းကောင်း၊ တစ်ကြိမ် တစ်ခါမျှ ကောင်းသည် ဆိုးသည် ဝေဖန်ပြောကြားဖူးခြင်း မရှိပါ ။ ( ချယ်ရီ ။ ဇန်နဝါရီ ။ ၁၉၈၆)

မိမိ နှင့် မြသန်းတင့်

နတ်နွယ် ( မိမိ နှင့် စာရေးဆရာ များ)



၁ - ``ကွမ်းစကား စာစုများကဲ့သို့ သော အရသာကို ပေးပါတယ် ။´´.....
၂ - ``ဘယ်ဟာ ကို အကြိုက်ဆုံးလဲဆိုတာ ပြောရခက်တယ် ။´´.....

Thursday, August 09, 2007

ကော်ပြန့်စိမ်း

တရုတ်စာတော်တော်များများဟာ စားမြိန်ပေမယ့် အဆီများပါတယ်။ ၀ိတ်လျှော့ချင်တဲ့ သူတွေအတွက်လည်း အဆင်ပြေမယ့် လုပ်လို့လည်းလွယ်တဲ့ တရုတ်စာ တစ်ခုကတော့ ကော်ပြန့်စိမ်းပါပဲ။ မနက်စာ စားလည်းရတယ်၊ နေ့လည်စာ အ၀ စားလည်းရတယ်၊ ညနေစာ High Tea မှာ စားလည်းရတယ်။ ညဖက်တော့ သိပ်မကောင်းလှပါဘူး။ စင်္ကာပူမှာလည်း ရနိုင်ပါတယ်။ Popiah လို့ခေါ်ပါတယ်။ ဖတ်နဲ့ လိပ်တာအပြင် အကြွပ်ခွက်ကလေးထဲ ထည့်စားတာလည်း ရှိပါသေးတယ်။

အရေးကြီးဆုံး လိုအပ်တာကတော့ ကော်ပြန့်ဖက်ပါ။ မြန်မာပြည်မှာတော့ တရုတ်တန်း သွားဝယ်ပါတယ်။ သူတို့ ကော်ပြန့်ဖက် လုပ်တာ ပင်ပန်းလှပေမယ့် ကြည့်လို့တော့ ကောင်းပါတယ်။ ဂျုံလုံးတွဲတွဲကြီးကို လက်နှစ်ဘက်နဲ့ ပြုတ်မကျအောင် ထိန်းကိုင်ပြီး အောင်က ဒယ်အိုး ပူပူကို ကပ်လိုက်ရင် ကပ်မိတဲ့ နေရာကဟာတွေက ကျက်သွားရင် ဖက်ဖြစ်သွားပါတယ်။ တစ်ယောက်က ဖက်ကို လိုက်ခွာပေးရပါတယ်။ ကိုင်ထားတဲ့သူကတော့ ဂျုံလုံးကြီးကို ပြန်မလိုက် တခြား ဒယ်အိုးမှာ သွားကပ်လိုက် လုပ်နေတာပါ။ ဒီမှာတော့ Ready-Made ၀ယ်လို့ရတော့ အဆင်ပြေပါတယ်။ States တို့ အော်ဇီတို့ မှာလည်း ၀ယ်လို့ရနိုင်ပါတယ်။

နောက်ပြီးတော့ အနည်းဆုံး ပါဝင်ရမှကတော့ ဂေါ်ဖီ၊ မုန်လာဥနီရယ်နဲ့ ပဲပင်ပေါက် ပဲပြားပါ။ (ပဲ)စိမ်းစားဥ ထည့်ရင်လည်း ချိုချိုလေးနဲ့ စားလို့ကောင်းပါတယ်။ မုန်လာဥဖြူထည့်လည်း ချိုပါတယ်။ မျှစ်နည်းနည်းကို အနံ့သိပ်မထွက်အောင် ထည့်လို့လည်း ရပါတယ်။ ပဲပြားကို သေးသေးစိပ်စိပ်လေးတွေ တုံးပြီးရင် ထည့်ကြော်ပါတယ်။ ပြီးရင် လှီးထားတဲ့ အရွက်တွေ ထည့်ကြော်ပါတယ်။ ပျော်လွယ်တဲ့ ဂေါ်ဖီကိုတော့ နောက်ဆုံးမှထည့်ပါတယ်။ ပဲငံပြာရည် ကျဲကျဲကို မွှေးရုံလောက် ထည့်ပါတယ်။ ဆားတွေ ဘာတွေ ထည့်ပြီး ကြော်လိုက်ရုံပါပဲ။ အရည်နည်းနည်းပဲ ကျန်ရင် ထုပ်တဲ့ အချိန်ကျရင် အဆင်ပြေပါတယ်။ နောက်ပြီး ဘဲဥ၊ ကြက်ဥကို ခေါက်ပြီးတော့ ပွနေအောင် ကြော်ထားတာကို နုတ်နုတ် စဉ်းထားပြီး သပ်သပ်ဖယ်ထားပါတယ်။ အချဉ်ကောင်းကောင်းလည်း လိုပါတယ်။ ကြက်သွန်ဖြူပါတဲ့ ငရုတ်ဆီကို ပဲငံပြာရည် အပြစ်ရည်နည်းနည်းနဲ့ မွှေထားပါတယ်။ ပြီးရင်တော့ ဖက်ထဲကို အရွက်ကြော်ရယ်၊ ကြက်ဥကြော်နည်းနည်းရယ် ထည့်လိပ်ပြီးတော့ ကက်ကြေးနဲ့ အကွင်းလေးတွေ လှီးပြီး ဆလတ်ရွက်ရယ်၊ ကြက်သွန်မိတ် လက်တစ်ဆစ်လောက် လှီးထားတာနဲ့ စားလို့ရပါပြီ။

လုပ်စားလို့လည်းလွယ်၊ Ingredient တွေလည်း ၀ယ်လို့ရပြီး၊ အဆီလည်း နည်းတဲ့ အတွက် ဒီနည်းကို လူတိုင်းသိပေမယ့် လုပ်စားဖြစ်အောင် အမေနဲ့ သူမတို့ပြောတာတွေကို ပေါင်းပြီး ရေးလိုက်ပါတယ်။

Tuesday, August 07, 2007

ယောက်ျားလေးတွေ ဘာကြိုက်

ပန်ဒိုရာနဲ့ ဂျစ်တူးက ဧည့်သည်တော်မှတ်တမ်းမှာ မြှောက်ပေးသွားလို့ ရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြန်တူးဆွလိုက်ဦးမယ်။ သူမတော့ မသိစေနဲ့။ တစ်ခါတစ်လေကျရင် သူမကို အူပုတုလို့ ကျွန်တော်က ခေါ်တယ်လေ။

ကျွန်တော်မှာ Old Flame တော်တော်များများ ရှိပါတယ်။ လူအထင်ကြီးအောင် Old Flame သာပြောတာပါ တစ်ခုမှ တစ်ယောက်နဲ့မှ `မတောက်´လိုက်ရပါဘူး။ အင်္ဂလိပ် Vocabulary မှာ ဒီလိုမျိုးကို ဘယ်လိုခေါ်သလဲတော့ မသိပါဘူး။ အဓိကတော့ ကိုယ်ညံ့လို့ပေါ့။ သူတို့ကျလောက်တာလည်း တစ်ခုမှ မရှိလို့နေမှာပေါ့။ ယောက်ျားလိုရင် အနာဂတ်ကို ကြည့်ရတယ်၊ မိန်းမဆို အတိတ်ကို ကြည့်ရတယ်ဆိုရင် အဲဒီတုန်းက ကျွန်တော်မှာ အနာဂတ်က မရှိလိုလည်း ဖြစ်မှာပေါ့။ တကယ်တော့ အပြောအဆို မညက်လို့ကလည်း ပါပါတယ်။ လူချင်းတွေ့ပြီဆို ပြောဖို့ ပါးစပ်က ဘာမှ မထွက်တော့ဘူး။ ပြောလိုက်ရင်လည်း သောက်တလွဲ။

အဲဒါကြောင့် သူမနဲ့ အလှည့်ကျတော့ ဒီစာသူငယ်လည်း လည်သွားပြီ။ စာတွေအရင် ပို့ပြီး နည်းနည်းအဆင်ပြေတော့မှ ဖုန်းနဲ့ဆက်၊ ပြီးတော့မှ လူချင်းတွေ့တာလေ။ အဲဒီတုန်းက သူမက New Jersey မှာ ကျွန်တော်က Pennsylvania မှာ။ ပြည်နယ်ချင်း ကပ်ရက်။ ဗုဒ္ဓဟူးနေ့လောက် ပို့လိုက်ရင် သောကြာနေ့ ညနေဆိုရင် ရောက်ပြီ။ အတော်ပဲ တစ်ပတ်စာ။ Email နဲ့ မဟုတ်ဘူး။ ဒါမျိုးမှာတော့ မတူဘူးလေ။ လူချင်းကတော့ အရင်ကတည်းက ရင်နှီးနေပေမယ့် မရိုးသားတဲ့စိတ်ပြောမလား မေတ္တာစိတ်ပြောမလား အဲဒါဝင်ပြီးကတည်းက ကြောက်စိတ်ပါ တခါတည်း ပူးတွဲဝင်လာတော့ လူချင်းတွေ့ရင် အရင်လို မဟုတ်တော့ဘူး။ အဲဒါနဲ့ အဝေးကနေ လက်နက်ကြီးတွေနဲ့ အရင်ပစ်ပြီးတော့မှ ကျားတက်ထိုးရတာပေါ့။ ကျားတက်ထိုးတယ်ဆိုတာ အနီးကပ် တွေ့တယ်ပြောတာပါ။ တလွဲမတွေးပါနဲ့။

ထားပါတော့။ သူမ မတိုင်မီက တစ်ယောက်ယောက်က ပက်ပက်စက်စက် ငြင်းလိုက်ရင် တစ်လ နှစ်လ ဟတ်တက် ပက်လက် ဖြစ်ပြီး ခဏကြာရင်တော့ အမှတ်မရှိပါဘူး။ ဟုတ်တယ်လေ ဒီတစ်ယောက်နဲ့ပဲ ဘ၀သိမ်းရမယ်ဆိုရင်တော့ မတန်သေးပါဘူး။ ဖူးစာ မဆုံးသေးလို့ပဲကိုး။ ဒါပေမယ့် ကျွန်တော်က တွေ့ရာသူတွေကို ကြိုက်သွားတာတော့ မဟုတ်ပါဘူး။ ကျွန်တော်မှာလည်း စံတွေ Criteria တွေရှိပါသေးတယ်။ စိတ်ဓါတ်တွေ၊ ပညာရေးတွေက ထားပါတော့။ ဒီအသိုင်အ၀ိုင်းမှာတော့ ဒီလိုပဲ သူမသာ ကိုယ်မသာတွေပါပဲ။

များသောအားဖြင် ယောက်ျားလေးတွေမှာ မိန်းကလေးတွေလောက် စံတွေ၊ နှုန်းတွေ မရှိပေမယ့် ဒီလိုပဲ နည်းနည်းပါးပါးတော့ ကြည့်ရွေးတာပဲ။ မျက်နှာပေါက်ကတော့ ယောက်ျားလေးတိုင်းလိုလို ကြည့်တဲ့ဟာ ဖြစ်ပေမယ့် Hollywood က မင်းသမီးတွေလောက် ဘယ်ချောမလဲ။ ပြေပြစ်ရင် ပြီးတာပါပဲ။ အသားအရေကလည်း မြန်မာအမျိုးသမီးတွေဆိုတော့ ညိုတာရယ်၊ တရုတ်စပ်ရင် ဖြူတာရယ်ပဲ ဆိုတော့ အသားအရေနဲ့ ပတ်သတ်ပြီးတော့လည်း ယောက်ျားလေးတွေ ဂျေးမများတတ်ပါဘူး။ သူငယ်ချင်း တစ်ယောက်ကတော့ ဆံပင်ရှည်တာ ကြိုက်တယ်တဲ့။ ကမ္ဘာမြေကို လွှမ်းခြုံဖို့လေ။ ကျန်တဲ့ တစ်ယောက်ကလည်း ဆံပင်တိုတို ဂျစ်တူးစတိုင် (Blog ရေးတဲ့ မဂျစ်တူး မဟုတ်ပါ။ ယောက်ျားလေး ဆန်ဆန်ကို ပြောတာပါ) ကို ကြိုက်တယ်တဲ့။ ကျန်တဲ့သူတွေကတော့ ဒီလိုပါပဲ။ တစ်ယောက်ကျတော့လည်း ငါက ခြေသလုံး ကြည့်ရွေးတာတဲ့။ ဟေ့ကောင် စိတ်ကူးယဉ်မနေနဲ့ မော်ဒယ်ဂဲတွေတောင် ခြေသလုံးက အဲဒီလောက် မစင်းပါဘူးဆိုတော့ မဟုတ်ဘူးတဲ့ ၀ဲခြောက်တွေ ရှိမရှိ ကြည့်တာတဲ့။ မှတ်ကရော။ မင်းဘာသိလိုလဲ ၀ဲခြောက်မဟုတ်ရင်တောင် ငယ်ငယ်တုန်းက အဆော့သန်လို့ပဲ ဖြစ်ဖြစ်၊ ခြင်တွေကိုက်ရာကနေ ရတာပဲ ဖြစ်ဖြစ် တခြား အမာရွတ်တွေ အများကြီး ရှိတတ်တယ်တဲ့။ ပြီးတော့ ခြေသလုံးမွှေးတွေ ရှိတတ်တယ်တဲ့။

လက်သည်းနဲ့ လက်ချောင်းကြည့်ရွေးတဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်တော်က ကွန်ပြူတာ တက္ကသိုလ်ကို ရွေးခဲ့ပေမယ့် YIT က သူငယ်ချင်းတွေ များပါတယ်။ သူတို့က အထက်တန်းကတည်းက ခင်လာတာရော ပြီးတော့ YIT ကကောင်တွေက အပေအတေ တွေဆိုတော့ ဟန်ဆောင်တာလည်း မရှိဘူး။ YIT ကကောင်တွေဆိုတော့ YIT က မိန်ကလေးတွေကို လက်သည်း လက်ချောင်း ကြည့်ရွေးလို့ မရဘူးလေ။ Archi ကဆိုရင်တော့ တစ်မျိုးပေါ့။ အနုပညာလက်လေး ဘာလေးရနိုင်သေးတယ်။ မိန်းကလေးတွေက အခုနောက်ပိုင်းမှသာ လက်သည်းတွေ ဘာတွေကို ဂရုစိုက်တာပါ။ ကျွန်တော်တို့တုန်းက တော့ အလှအပ ကြိုက်တဲ့သူလောက်ပဲ ဂရုစိုက်ကြတယ်။ ခါးကြည့်ရွေးတဲ့သူလည်း ရှိပါတယ်။ မြန်မာ မိန်းကလေးတွေက များသောအားဖြင့် ပိန်တော့ ခါးကြည့်လည်း သိပ်တော့ မထူးလှပါဘူး။ အကုန်လုံး ဒီဆိုက်တွေပါပဲ။ ၀ရင်တော့ တစ်မျိုးပေါ့။ အဲဒီတော့ တစ်ယောက်က မင်းပြောမှလား.. အကုန်လုံးကတော့ ခါး ၂၃-၂၄-၂၅ ပဲပေါ့။ ခါးချည်းပဲ ကြည့်ရတာမဟုတ်ဘူး။ အချိုးကို ကြည့်ရတာတဲ့။

တစ်ယောက်ကတော့ အသံနားထောင် ရွေးတယ်တဲ့။ မင်းစဉ်းစားကြည့်.. တစ်သက်လုံး ငါ့နားမှာ တောက်လျောက် ပြောမယ့် အသံက အသံသေး အသံကြောင် စူးစူး ပြာပြာကြီး ဖြစ်နေရင် ဘယ်လိုလုပ်မလဲတဲ့။ အဲဒါဆိုလည်း အသံသြသြ လည်ဇလုတ်နဲ့ဟာ ရှာယူကွာလို့ ၀ိုင်းအကြံပေးလိုက်ကြပါတယ်။ တစ်ယောက်ကတော့ ငါကလမ်းလျှောက်တာပါ ကြည့်ရွေးတာတဲ့။ ဆိုက်ကတော့ မိုက်နေပြီ။ လမ်းလျောက်လိုက်တော့မှ အတွင်းခွင်၊ အပြင်ခွင် ဖြစ်နေရင် ဘယ်လိုလုပ်မလဲတဲ့။

တစ်ယောက်ကတော့ တံတောင်ဆစ်ကို ကြည့်ရွေးတာပါ။ တံတောင်ဆစ်မှာ အသားမာတွေ ဂျွတ်တွေ မရှိမှ၊ အဓိက ကတော့ လက်ကို ဆန့်ထားရင် တံတောင်ဆစ်နေရာမှာ အမည်းကွက် ရှိမနေမှတဲ့။ အသားဖြူတဲ့ သူတွေတောင် နည်းနည်း ကွက်နေနိုင်တယ်ဆိုပဲ။ ပြီးတော့ အဲဒီနေရာက Joint ဆိုတော့ လက်ကို ကွေးနေတဲ့ အချိန်မှာ အဆင်ပြေပြီး ဆန့်လိုက်ရင် အရေပြား အပိုလေးတွေထွက်လာတတ်တယ်လေ။ တချို့ဆိုရင် သိသာပြီး ကြည့်မကောင်းဘူး အသားပြည့်တဲ့ သူဆိုရင်တော့ မသိသာဘူးတဲ့။ တံတောင်ဆစ်မှာ ကွက်နေတာ ဘယ်လိုဟာနဲ့ တူသလည်းဆိုတော့ အင်မတန် လက်ရာမြောက်တဲ့ ပန်းပုရုပ်တစ်ခု ရွှေ့ရင်းနဲ့ဖြစ်ဖြစ် မတော်တဆ တိုက်မိပြီး ပွန်းရာ ထင်နေတာနဲ့ တူပါတယ်။

တစ်ယောက်ကတော့ လက်က အမွှေးနုနုလေးတွေ ရှိနေမှဆိုတဲ့ စံမျိုးနဲ့။ သူဌေးသမီးမှ လိုချင်ရင် ဒီလိုမျိုးသာ ရှာတဲ့။ ရွှေပေါ်မြတင် နေရင် လက်မှာ အမွှေးနုလေးတွေနဲ့ ယောက်ျားလေးတွေ ရင်ခုန်ဖို့ ကောင်းတယ်လေ။ လက်မှာ အမွှေးနုလေးတွေရှိရင် မီးဖိုချောင် မ၀င်ဘူးတဲ့သူ ဖြစ်နိုင်သေးတယ်။ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ဆိုတာ သိပ်မှန်တာပဲ။ အထူးသဖြင့် ဂက်စ် မီးဖိုနဲ့ ချက်ရင်ပါ။ Hot Plate လို မီးတောက် အပြင် မထွက်တဲ့ဟာနဲ့ ချက်ရင်တော့ ဒီလို အမွှေးနုလေးတွေကို ထိန်းထားနိုင်သေးတယ်။

တကယ်တော့ တစ်ယောက်တစ်မျိုးစီ ဒီလိုပဲ ရွေးကြတာပါ။ လဘက်ရည်ဆိုင် ထိုင်ရင်းနဲ့ မိန်းကလေးတွေကို ကြည့်ရင်း တစ်ယောက်အကြိုက် တစ်ယောက်ပြောကြတာပေါ့။ ဆက်ပြောရင်တော့ ကျွန်တော့်ကို ဖော်ကောင် ဘညွန့်ဆိုပြီး ၀ိုင်းသတ်ကြလိမ့်မယ်။ ကျွန်တော်လည်း ကျွန်တော်အကြိုက်နဲ့ ကျွန်တော်ပေါ့။ ကျွန်တော်ကရော မိန်းကလေးတွေကို ဘယ်နေရာကို ကြည့်ရွေးတယ်မှတ်လဲ။ အပေါ်က Criteria တစ်ခုခုနဲ့ပေါ့။ ဘာလဲဆိုတာတော့ မပြောပြဘူး.. အသေသာသတ်လိုက်။

Monday, August 06, 2007

သွားနှင့်ကြပါ

သွားနှင့်ကြပါ ဆိုတဲ့သူက သွားနှင့်ပြီပဲ။
ကျွန်တော် အကြိုက်ဆုံးတွေထဲမှာ တစ်ယောက် အပါအ၀င်ပါပဲ။
တစ်ခုခု လုပ်တာ ကိုယ်မဖြစ်ဘဲ သူများတွေ ဖြစ်သွားရင်
ဒီလိုပဲ ကိုယ့်ကိုယ်ကို အားပေးပါတယ်။

ငါကတော့ မြက်ဖိနပ်နဲ့
ဒါပေမယ့်
မြင်းမိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်။
သွားနှင့်ကြပါ။

သူတို့ဆီက သိရပါတယ်။
မောင်ရင်
ကေသွယ်
ညီညီ(သံလွင်)
ဇင်ကိုလတ်

မွေးကင်းစ အသားဝါ

သမီးလေးက မွေးပြီးလို့ ဆေးရုံက ဆင်းကတည်းက အသားနည်းနည်း ၀ါနေပါတယ်။ သွေးစစ်ကြည့်တော့ အဆင်ပြေတာနဲ့ ဆေးရုံက ပေးဆင်းလိုက်ပေမယ့် အိမ်ရောက်ရင် မနက် နေရောင်ပြဖို့ နာစ်မတွေက မှာလိုက်ပါတယ်။ အိမ်ပြန်ရောက်တော့ နေရောင်ပြဖို့ ကြိုးစားပေမယ့် ကလေးပေါက်စလေးကို နေရောင်ထဲမှာ ရက်ရက်စက်စက် မပြရက်တာနဲ့ ခဏလောက်ပဲ ပြတော့ အသားဝါက မကျသွားပါဘူး။ အနှီးတွေဘာတွေလည်း မဖြည်တော့ နေရောင်ပြတာလည်း မထိရောက်ပါဘူး။ ဒီလိုပဲ ကျသွားမယ် ထင်တာလည်း မှားသွားပါတယ်။ တချို့က ရေချည်းပဲ တိုက်ဖို့ အကြံပေးပေမယ့် ဒီအရွယ်လေးကို နို့ပဲတိုက်ရမှာမို့ မတိုက်ပါဘူး။ (တကယ်ဆိုလည်း မတိုက်ရပါဘူး။) ၃-၄ ရက်နေတော့ ကလေးဆရာဝန် ပြန်ချိန်းထားလို့ သွားတော့မှ ဆရာဝန်က အရမ်းဝါနေတယ်ဆိုပြီး ခြေဖနောင့်ကနေ သွေးဖောက်စစ်လိုက်တော့ များနေလို့ ဆေးရုံ တင်ခိုင်းပါတယ်။

အဲဒါနဲ့ ဆေးရုံကို ပြေးရပါတယ်။ ဆေးရုံမှာ ကလေးလေးကို ထားခဲ့ရပါတယ်။ ဘာမှတော့ အထွေအထူးမလုပ်ပါဘူး။ ခရမ်းရောင်မီး ပြတာပါပဲ။ ဆေးရုံမှာ ၂ ရက်တင်ထားရပါတယ်။ တင်ထားတဲ့ အချိန်မှာတော့ အမေက ဆေးရုံကို မနက်တစ်ခါ ညနေတစ်ခါသွားပြီး ကလေးကို နို့တိုက်လို့ ရပါတယ်။ ဆေးရုံမှာ အဲဒီလိုပဲ နို့တိုက်ဖို့ အခန်းလေးရှိလို့ တော်သေးတာပေါ့။ ဆေးရုံမှာ ၂ ရက်လောက်ထားလိုက်တော့မှပဲ အသားဝါက သိသိသာသာကျသွားပါတော့တယ်။ ဒီ၂ ရက် အတွက် ပိုက်ဆံလည်း ၁ ထောင် ကျော်ပေးလိုက်ရပါတယ်။ တော်သေးတာပေါ့ ဟိုဟာ ဒီဟာမလုပ်ရဘဲ အလင်းရောင်ပြရုံပဲမို့။ နို့မို့ဆိုရင် သူ့အမေက နေစရာရှိမှာ မဟုတ်ဘူး။ အရမ်းကို စိတ်ပူနေတာ။ ဒီလိုပဲ မွေးစကလေးတွေ အသားဝါလို့ ဆေးရုံပြန်တင်ရတာ ကြားဖူးထားလို့ ဖြေသာပေမယ့် ကျွန်တော်လည်း မချိပါဘူး။ ဒါပေမယ့် ဆေးရုံလောက် စိတ်ချရတာ မရှိဘူးဆိုတော့ ဆေးရုံတင်ရတာကို သိပ်တော့ မပူပင်လှပါဘူး။

ဆေးရုံကပြန်ဆင်းတော့ အသားဝါက နည်းနည်းတော့ ကျန်ပါသေးတယ်။ နေရောင်ဆက်ပြဖို့ မှာလိုက်တာနဲ့ ဒီတစ်ခါတော့ ကြပ်ကြပ်မတ်မတ် လုပ်ပါတယ်။ အိမ်ရှေ့မှာတင် မဟုတ်ဘဲ နေရောင် ကောင်းကောင်းကျတဲ့ နေရာလောက်ထိကို သွားပြီး အနှီးတွေ ဘာတွေ ချွတ်ပြီး ရင်ဘက် ကျောဘက် နှံ့နေအောင် နေရောင်ပြပါတယ်။ ဆေးရုံကပေးလိုက်တဲ့ မျက်စိကာဖို့ အစွပ်လေးရယ်၊ Diaper လေးရယ်ပဲ ၀တ်ထားပြီး နေရောင်ပြပါတယ်။ မနက် ၈နာရီ ကျော်ကျော်လောက်ဆိုရင် နေထွက်နောက်ကျတဲ့ (တကယ်တော့ ဟောင်ကောင်၊ ထိုင်ဝမ်တို့နဲ့ ကိုက်ပြီး နာရီကို နည်းနည်းစောထားတဲ့) ဒီမှာတော့ ကလေးအတွက် အပူချိန်က အတော်ပါပဲ။ အဲဒီလို နေရောင် ဆက်တိုက်ပြလိုက်တာ တစ်ပတ်လောက်ကျော်မှပဲ အသားက မ၀ါတော့ပါဘူး။ ဒါပေမယ့် နေရောင်ကြောင့်တော့ အသားလေးတွေ တော်တော်ညိုကုန်ပါတယ်။ မျက်နှာလေးရယ်၊ ဗိုက်ကလေးတွေက သိသိသာသာ ညိုကုန်ပါတယ်။

ဒီမှာတော့ Jaundice က အဖြစ်များတယ်၊ ဒီလိုပဲ ပူစရာ မလိုဘူးဆိုပြီး အသိတွေကတော့ အားပေးပါတယ်။ အသေအချာ ပြန်တွေးကြည့်တော့ မြန်မာပြည်မှာလည်း ဖြစ်ပေမယ့် (ကိုယ့်အသိတွေနဲ့ အတွေအကြုံအရ) ပိုနည်းပါတယ်။ မြန်မာပြည်မှာတော့ ကလေးက တိုးထွက်တော့မှပဲ ဆေးရုံကို ပြေးပြီးမွေးတာဆိုတော့ နောက်ဆုံးအချိန်ကျမှ တကယ်မွေးရမယ့် အချိန်ကျမှ မွေးတယ်လေ။ ဒီမှာတော့ ကလေးကို နည်းနည်း စောမွေးတော့ ကလေးရဲ့ ကိုယ်တွင်း အင်္ဂါတွေ (အထူးသဖြင့် အသည်း) ကောင်းကောင်းမဖွံ့ဖြိုးသေးတော့ ဒီလိုများ ဖြစ်တာလား။ သားဖွားဆရာဝန်ကြီးက ရေနည်းနေလို့ တစ်ပတ်လောက် စောမွေးရမယ်ပြောတာကို ပုံမှန်မွေးမယ်ဆိုရင် မွေးမယ့်အချိန်ကို မသိနိုင်လို့ သူအတွက် ဆေးရုံ၊ ဆေးခန်းပြေးရတာ ကသိကအောက် ဖြစ်မှာစိုးလို့ Manageable ဖြစ်အောင်များ စောမွေးတာလားတောင် (မိဘမေတ္တာနဲ့) သံသယ ဖြစ်မိပါသေးတယ်။ ရေကတော့ အတော့်ကို နည်းနေတာ Ultra-Sound ရိုက်တုန်းက ကျွန်တော်လည်း သတိတော့ ထားမိပါတယ်။ ဒီလိုပဲ လျှောက်တွေးတာပေါ့။ ဒါတောင် အဲဒီလို စောများစောနေမလား တွေးမိလို့ ဆရာဝန်ပြောတဲ့ အချိန်မှာ နောက်အကျဆုံးကို တမင်တကာ ရွေးလိုက်တာပါ။

အဲဒါနဲ့ Wikipedia မှာ နည်းနည်းဖတ်ကြည့်ပြီးတော့ တချို့ကို ပြန်တင်လိုက်ပါတယ်။
ဆေးပညာကို တကယ်မသိတဲ့သူက ကိုယ်ဖတ်မိရုံလောက် ရေးထားတာဆိုတော့ အမှားပါရင် တာဝန်မယူပါဘူး။ ပြင်ပေးရင် ကျေးဇူးတင်ပါတယ်။

ပြင်သစ်လို အ၀ါရောင်လို့ အဓိပ္ပါယ်ကနေလာတဲ့ Jaundice ဟာ သွေးထဲမှာ ရှိတဲ့ Bilirubin ဓါတ် ပါဝင်နှုန်း မြင့်တက်လာလို့ မျက်မြှေး အဖြူရောင်အသားနဲ့ အရေပြားတွေမှာ ၀ါလာတာပါ။ အသားဝါဖြစ်တာ အမျိုးမျိုး ရှိတဲ့အနက် သမီးလေးကတော့ ကလေးတွေမှာ ဖြစ်တဲ့ (Neonatal Jaundice) မွေးကင်းစ အသားဝါ ဖြစ်တာပါ။ မွေးပြီးနောက်တစ်ရက်ကနေ တစ်ပတ် နှစ်ပတ်ကြာသည်အထိ ဖြစ်တတ်ပါတယ်။ တကယ်တော့ ကလေးက မိခင်ရဲ့အပြင်ကို ရောက်နေပေမယ့် ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေက အမှီမလိုက်နိုင်သေးလို ဖြစ်ရတာပါ။ အမေ၀မ်းတွင်းမှာ နေတုန်းက အမေ့ဆီက အောက်ဆီဂျင်ကို မျှဝေသုံးရတော့ သန္ဓေသားတုန်းက ရှိတဲ့ သွေးနီဥ (Fetal Haemoglobin)က အောက်ဆီဂျင်ကို ပိုစုပ် (တွယ်ကပ်) နိုင်လို့ မွေးပြီးလာရင် ရှိတဲ့ သွေးနီဥ (Adult Haemoglobin) နဲ့ မတူပါဘူး။ မွေးလာတဲ့ အချိန်ကစပြီး လူကြီးသွေးနီဥတွေ အစားဝင်လာတာ ၁၂ ပတ်လောက်ကြာရင် လူကြီး သွေးနီဥတွေချည်းပဲ ဖြစ်သွားပါတယ်။ ဒီလို ပြောင်းလဲတာကို မွေးစအချိန်မှာ အသည်းက မလိုက်နိုင်တော့ Bilirubin တွေထွက်လာပြီး အရေပြားတွေမှာ စုလာပြီး အသားက ၀ါလာတာပါ။

ဒီလို ရိုးရိုး အသားဝါတာဆိုရင်တော့ မီးပြတာ (Phototherapy) နဲ့ ကုသလို့ပျောက်ပါတယ်။ ဒီလိုပြတဲ့ မီးကို Bili Light လို့ ခေါ်ပြီး အလင်းရောင် လှိုင်းအလျား ၄၂၀-၄၇၀ နာနိုမီတာ ရှိတဲ့ အလင်းနဲ့ ပြတာပါ။ လူတွေ မြင်ရတာက ၄၀၀ ကနေ ၇၀၀ ကြားဆိုတော့ အဲဒီ အလင်းကိုလည်း မြင်ရပါတယ်။ ပုံမှန်ကတော့ ခရမ်းရောင်သန်းသန်း အပြာရောင် ပေမယ့် အစိမ်းရောင်က ပိုအစွမ်းထက်တယ် ဆိုပြန်တယ်။ အစိမ်းရောင်က ကြည့်မကောင်းတော့ အပြာရောင်ပဲ သုံးပါတယ်။ အလင်းရောင်ကြောင့် Bilirubin တွေဟာ ပြိုကွဲသွားပြီး ကလေးရဲ့ အော့အော့နဲ့ ရှူးရှူးတွေမှာ ပါသွားပါတယ်။ အဲဒီအချိန်မှာဆိုရင် ကလေးရဲ့ အော့အော့တွေဟာ အစိမ်းရောင် နက်နက်ဖြစ်နေပါတယ်။ မွေးပြီး တစ်ရက် နှစ်ရက်မှာ ပါတဲ့ဟာ မျိုးဖြစ်နေပါတယ်။ ကုလားတွေက အသားဝါရင် ဖယောင်းတိုင်ထွန်းတယ် ကြားဖူးပါတယ်။ နေရောင်ပြလို့လည်း ရပေမယ့် နေရောင်ဟာ မနက်စောစော နေရောင် ဖျော့ဖျော့ ဒါမှမဟုတ် Indirect Sunlight ပဲ ဖြစ်ရပါတယ်။ နေရောင်ပြတာလည်း ကလေး အရေပြားအတွက် မကောင်းဘူးလို့လည်း ပြောကြပါတယ်။ ဆရာဝန်ကတော့ ရတယ် ပြောတာပါပဲ။ အဲဒီတော့ ကျွန်တော်တို့က အလွန်အကြူးမဖြစ်အောင် ကလေးကို မထိခိုက်အောင် ဂရုစိုက်ပြီး ပြပါတယ်။

တော်သေးတယ် ကလေးက ဒီလိုပဲ နေပြန်ကောင်းသွားလို့။ မရဏဖွားလေး ဆေးရုံ တစ်ခေါက် တက်လိုက်လို့ ဒီလို အညံ့ ဒီမျှနဲ့ ပြီးပါစေလို့ပဲ ဆုတောင်းမိပါတယ်။

Saturday, August 04, 2007

မြေးနဲ့အဘွား ဆော့ကစား

အဘွားနဲ့ မြေး ဆော့ကစားတာတွေ ရိုက်ထားတဲ့ Video လေးတွေကို ပေါင်းထားတာပါ။ ၂ မိနစ်ကျော်ကျော်စာလောက်ပါပဲ။

Thursday, August 02, 2007

အမေ ချက်တဲ့ ဘဲဥဟင်း

အမေ တစ်ယောက်ဖြစ်ရတာ မလွယ်လှပါဘူး။ အထူးသဖြင့် သားရှင် အမေဖြစ်ရတာပါ။ အထူးသဖြင့် သား ၄ ယောက် အမေဖြစ်ရတာပါ။ အထူးသဖြင့် ထမင်း၊ဟင်း ချေးများတဲ့ သားတွေရဲ့ အမေ ဖြစ်ရတာပါ။ အထူးသဖြင့် ကျွန်တော်တို့ အမေပါ။

ကျွန်တော်တို့က ဟင်းကို ပါးစပ်နဲ့လည်း စားတယ်။ သူများ ချက်တာ မပြောနဲ့။ အမေ တစ်ယောက်တည်း ချက်တာတောင် ဒီတစ်ခေါက်ချက်တာနဲ့ ဟိုတစ်ခေါက်က ချက်တာ အရသာ နည်းနည်း ကွာရင်သိပါတယ်။ နှာခေါင်းနဲ့လည်း စားတယ်။ ဆီပြန်ဟင်းချက်ရင် ငရုတ်သီးကို ကျက်အောင် ဆီမသတ်ရင် ကျွန်တော်တို့ သိပါတယ်။ သုံးနေတဲ့ ငံပြာရည် ပြောင်းသွားရင်လည်း သိပါတယ်။ လုံးချက်တာကတော့ တစ်မျိုးပေါ့။ မျက်စိနဲ့ လည်းစားတယ်။ ခံစားချက်နဲ့လည်း စားတယ်။ ခံစားချက်နဲ့ စားတယ်ဆိုတာ ဒီလိုပါ။ ဘဲသားလိုမျိုးဆိုရင် မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်နဲ့ ပေါင်းစားတာကို ကြိုက်တယ်။ ငရုတ်သီးနဲ့ အစပ်ချက်လည်း ကြိုက်တယ်။ ဘဲသားနဲ့ ကြံမဆိုင်နဲ့ ဆိုရင်လည်း လိုက်ပေမယ့် မချက်ကြပါဘူး။ ဘဲသား အဆီတ၀င်းဝင်းလေးက ကြံမဆိုင်လို အရောင်မထွက် မလှမပနဲ့ မွှေးလည်း မမွှေးတဲ့ ဟာနဲ့ဆိုရင် မလိုက်ဖက်ပဲ ဘဲသားဂုဏ်ငယ် ဂုဏ်ပျောက်မှာ စိုးလို့ မချက်ခိုင်းတာပါ။ အဲဒီလို သားတွေပါ။

ဘဲဥဟင်းကတော့ မြန်မာပြည်မှာ ဈေးလည်း သက်သာ၊ စားလိုလည်း မြိန်၊ ချက်ရတာလည်းလွယ်၊ ဟင်း Quota ခွဲတာလည်း လွယ်တယ်။ တစ်ယောက်တစ်လုံးဆိုလည်း တစ်လုံး။ တစ်ခြမ်းဆိုလည်း တစ်ခြမ်း။ အဲလိုဆိုတော့ ကျွန်တော်တို့လို အိမ်မှာလည်း အတော်ပဲလေ။ ဘဲဥဟင်းချက်ရင် အမေက တစ်ခေါက်ကို တစ်မျိုးချက်ပါတယ်။ ပထမတစ်ခေါက် ကြက်သွန်နီများများကို ဆီနည်းနည်းနဲ့ သတ်ပြီး မန်ကျည်းရည်လေးနဲ့ မြိတ်မဆလာလေးနဲ့ အရည်သွက်သွက် ဘဲဥချဉ်ရည်ဟင်း ချက်ပါတယ်။ (သောက်စားလို့တော့ မရဘူးပေါ့။ ဒီနည်းနဲ့ ဒီမှာ ဂဏန်းချက်စားဖူးပါသေးတယ်။) ပုန်းရည်ကြီးသုတ်နဲ့ဆို သိပ်ကြိုက်ပါတယ်။ နောက်တစ်ခေါက်ချက်ရင် ဆီများများသတ်ပြီး ခရမ်းချဉ်သီး ပြုတ်ထားတာကို အခွံခွာ ချေထည့်ပြီး မဆလာနည်းနည်း (ဒါမှမဟုတ် မထည့်ဘဲ) ဘဲဥဆီပြန် ချက်ပါတယ်။ ဟင်းရွက်ကြော်နဲ့ လိုက်ပါတယ်။ ပထမနည်းကတော့ ပိုစားမြိန်ပေမယ့် ဗိုက်တော့နည်းနည်း ပွတာပေါ့။ ဒါပေမယ့် တစ်ခေါက်ကို တစ်မျိုး ပြောင်းချက်မှ၊ နို့မို့ဆိုရင် ကျွန်တော်တို့က ကြိုက်ပေမယ့် ဟင်းတစ်မျိုးကို ချက်တာနည်းနည်း စိတ်သွားရင် ဟင်.. လာပြန်ပြီ ဒီဟင်းပဲဆိုပြီး ပြောတော့မှာကို အမေက သိနေတယ်လေ။

ဘယ်လိုချက်ချက် ဘဲဥကို ပြုတ်ပြီး အခွံခွာပြီးရင် ဆီထဲမှာ နည်းနည်း ကြော်လိုက်ပါတယ်။ အပြင်အခွံလေးတွေက ကြော်ထားတော့ တစ်မျိုးလေးပေါ့။ ညီအငယ်ဆုံးက အဲဒီလိုမှ ကြိုက်တာလေ။ ကျွန်တော်က အဲဒီလို ကြော်လိုက်ရင် မကြိုက်တော့ ကျွန်တော့်အတွက်က ဒီအတိုင်း အပြုတ်ပါပဲ။ အပြုတ်ကိုမှ တခြမ်းခြမ်းထားရင် ဘဲဥ အနှစ်တွေ ထွက်ကျမှာစိုးတော့ အလုံးလိုက် ထားပါတယ်။ အလုံးလိုက်ကိုမှ အရသာမ၀င်မှာ စိုးလို့ ဓါးနဲ့ မွှန်းထားပါတယ်။ ဒါမှ ဟင်းအနှစ်တွေ ၀င်ပြီး အရသာ နှံ့မှာလေ။ ဒီထက် အရသာ ခပ်ပြင်းပြင်း ကြိုက်တဲ့ အစ်ကိုအကြီးဆုံးက နှစ်မျိုးစလုံး မကြိုက်ဘူးဆိုတော့ သူ့အတွက် ဘဲဥကို ပွနေအောင် ခေါက်ပြီး ကြော်ထားရပါတယ်။ ဟင်းချက်တော့မှ ဘဲဥခေါက်ကြော်ကို ထည့်ပြီး ချက်ပါတယ်။ သိတဲ့အတိုင်းပဲ ဘဲဥက ခေါက်ကြော်ထားတော့ အထဲမှာ ပွပြီး အခေါင်းပေါက်လေးတွေနဲ့ဆိုတော့ ဟင်းအရည်တွေက အထဲကို စိမ့်ဝင်နေတော့ တစ်ကိုက်ကိုက်လိုက်ရင် တစ်ကိုက် အရသာတွေက ပါလာပါတယ်။ နို့ညှာကတော့ အိမ်မှာ ချေးလည်းမများဘူး၊ ဟိုဟာချက် ဒီဟာချက်လည်း မပြောဘူး။ ဒီလိုပဲ။ သူကြိုက်ရင် အသားကုန်စားတယ်။ သူမကြိုက်ရင် လှည့်မကြည့်ဘူး။ အဲဒီတော့ ဟင်းအိုး တစ်မျိုးထဲမှာ ဘဲဥက သုံးမျိုး ဖြစ်သွားပါတယ်။ အဲဒါကိုမှာ တစ်ခါတစ်လေ ညီအငယ်ဆုံးက ထွင်ပြီး ဘဲဥကို Half-Fried ကြော်ထားတာ ထည့်ချက်ခိုင်းသေးတယ်။ ဒါပေမယ့် သိပ်စားမကောင်းတော့ ဒီလိုတော့ သိပ် မချက်ဖြစ်ပါဘူး။ ဒီလောက်လွယ်တဲ့ ဘဲဥဟင်းလည်း ချေးများတဲ့ သားတွေနဲ့၊ အလိုလိုက်တဲ့ အမေနဲ့တွေ့တော့ ကြာကြာချက်လိုက်ရပါတယ်။

(ဘဲဥဟင်းမှ မဟုတ်ပါဘူး။ ငါးဖယ်ငါးဆုပ်ချက်ရင်လည်း ဒီလိုပါပဲ။ ကျွန်တော်က ငါးဆုပ်လုံးကို မကြော်မှ မွှေးတယ်၊ နူးညံ့တယ်ဆိုပေမယ့် အစ်ကိုကြီးက ဒီအတိုင်းဆိုရင် ညှီလို့ဆိုပြီး ကြော်ပြီး ပြန်ချက်တာကိုမှာ စားတယ်ဆိုတော့ ငါးဆုပ်ဟင်းကလည်း 2 in 1 ပါပဲ။)

Film