Sunday, September 16, 2007

Quarantine ခံရတဲ့ လ

အင်တာဗျူးသူ - ဘယ်က လာတာပါလဲ။
ကျွန်တော် - စင်္ကာပူကပါ။
အင်တာဗျူးသူ -ဘာအတွက် လာတာပါလဲ။
ကျွန်တော် - ကျွန်တော် နယ်ပြောင်းလာတာပါ။
အင်တာဗျူးသူ -ဘယ်မှာ နေမှာလဲ။
ကျွန်တော် - Sydney မှာ နေမှာပါ။
အင်တာဗျူးသူ -ဘာတွေကြောင့် ဒီလို အဖမ်းခံရတာပါလဲ။
ကျွန်တော် - လမုန့်တွေ သယ်လာ လို့ပါ။
အင်တာဗျူးသူ - ဘာကြောင့် လမုန့်တွေ သယ်လာရတာပါလဲ။
ကျွန်တော် - သူငယ်ချင်းကို ပေးဖို့ပါ။

ကံဆိုးရင် ကျွန်တော့ကို ဒီလို အင်တာဗျူးနေတာကို ဒီမှာ တနင်္လာနေ့တိုင်း လွှင့်နေကျ Border Security အစီအစဉ်မှာ ပြူးပြူးပြဲပြဲ တွေ့ရနိုင်ပါတယ်။ ဒီအစီအစဉ်က ဒီလိုပဲ Immigration တို့ Custom တို့မှာ မှားတာတွေ၊ ပြဿနာ တက်တာတွေကို ပြတဲ့ အစီအစဉ်တဲ့။ ဖြစ်ပုံက ဒီလိုပါ။ Sydney ကိုလာတော့ အဲဒီမှာ တည်းမည့် အိမ်က သူငယ်ချင်းအတွက် စင်္ကာပူက စပယ်ရှယ် လမုန့်ကို ၀ယ်လာပါတယ်။ လေယာဉ်ပေါ်မှာ Entry Card ဖြည့်တော့ Custom Section မှာ Declare လုပ်စရာတွေ ရှိသလား ဆိုတာကို ဖြည့်ရပါတယ်။ လမုန့်ဝယ်လာတော့ Food ပါတယ် ဆိုပြီး Declare လုပ်လိုက်ပါတယ်။ အိမ်သုံး ဆေးဝါးတွေလည်း ပါတော့ Medicine ရယ်၊ ပုတီးတို့ ဘာတို့ ပါတော့ သစ်သားထွက်ကုန်တို့ ဘာတို့ကိုပါ ဖြည့်လိုက်ပါတယ်။ မလာခင်ကတည်းက သူငယ်ချင်းက Declare လုပ်စရာ ရှိတာတွေကို Declare လုပ်ဖို့ ကြိုမှာထားပါတယ်။

Sydney လေဆိပ်ရောက်တော့ Immigration က စင်္ကာပူလောက် မကျပ်ပေမယ့် Custom ကတော့ စင်္ကာပူထက် အများကြီး ပိုကျပ်ပါတယ်။ စင်္ကာပူမှာတော့ Custom က တော်ရုံ တန်ရုံ မစစ်ပါဘူး။ တစ်ခါတစ်လေမှပဲ X-Ray Scan တွေ ဘာတွေ လုပ်ပါတယ်။ လုပ်ခဲပါတယ်။ ဒီမှာတော့ တွေ့တွေ့ချင်းမှာပဲ ဆေးတွေ ပါတယ် ဆိုတော့ ဘာဆေးတွေလည်း မေးပါတယ်။ အိမ်သုံးဆေးတွေ ပြောတော့ တစ်ယောက်တည်းလား ဘာညာတွေ မေးပြီး ကဒ်မှာ တစ်ခုခု ရေးခြစ်လိုက်ပါတယ်။ ကြည့်ရတာ OK တယ်နဲ့ တူပါတယ်။ နောက် ထွက်ခါနီးကျတော့ တန်းစီပြီး မလိုတဲ့ သူတွေက တန်းထွက် စစ်စရာ လိုတဲ့သူတွေ Declare လုပ်ထားသူတွေက စစ်မယ့်နေရာမှာ တစ်ခေါက် ထပ်တန်းရပါတယ်။ သြစတြေးလျက စိုက်ပျိုးရေး၊ မွေးမြူရေးနိုင်ငံ ဆိုတော့ Custom က အရမ်းကျပ်ပါတယ်။ သယ်လာတဲ့ အစားအစာတွေနဲ့ ပိုးတွေဘာတွေ ပါလာမှာ စိုးတာတို့၊ မျိုးညံ့တွေ ဘာတွေ ပါလာမှာတို့ကို အရမ်း ကြောက်ပါတယ်။ အဖြူကောင် တစ်ကောင်ကိုတောင် စင်္ကာပူက ပြန်လာတာလား၊ ဒါဆို မလေးရှား သွားသေးလား မေးနေပါသေးတယ်။

အဲဒါနဲ့ စစ်ဆေးတဲ့ နေရာ ရောက်တော့ အထုပ်တွေကို Scanner နဲ့ စစ်နေတုန်း ကဒ်ကို ကြည့်လိုက်ပြီး Food ပါတယ် ဆိုတော့ ဘာ Food လည်းမေးပါတယ်။ Moon Cake ဆိုတော့ ဘယ်မှာလဲ မေးပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်က စက်ဘေးကနေ ဖြတ်သွားတုန်း ယောင်ပြီး ကိုင်သွားပါတယ်။ သူတို့က ပြန်ယူပြီး X-Ray နဲ့ ကြည့်တော့ အလယ်မှာ အစက်ကလေးတွေ တွေ့တယ်ဆိုပြီး အချင်းချင်း တီးတိုး ပြောနေပါတယ်။ ပြီးတော့ ကျွန်တော်ကို မေးပါတယ်။ တစ်ခုကို လှီးကြည့်မယ်ဆိုပြီး Custom Officer က သူ့ဆီက မောင်းချဓါး (Swiss Army Knife) နဲ့ လှီးကြည့်ပါတယ်။ ကျွန်တော်ကတော့ သွားပါပြီး သူ့ဓါး ညစ်ညစ်ပတ်ပတ်ကြီးနဲ့ ငါ့ လမုန့်ကို လှီးနေလိုက်တာ။ ဘယ်လိုလုပ် ပြန်စားလို့ ရမှာလည်း တွေးနေပါတယ်။ လှီးပြီးတော့ အလယ်က ဘဲဥအငန် အနှစ်ကို ဒါဘာလည်း မေးတော့ Egg Yolk လို့လည်း ပြောလိုက်ရော ဒါဆို ယူလို့ မရဘူးဆိုပြီး အနားက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါတယ်။ ပြီးတော့ လုပ်သေးတယ်။ ဘူးခွံ ပြန်ယူမလားတဲ့။ ကျွန်တော်လည်း အနည်းဆုံးတော့ သူငယ်ချင်းကို ပြောပြလို့ ရသေးတယ် ဆိုပြီး ပြန်ယူလာလိုက်ပါတယ်။ လက်ဆောင်ပေးဖို့ ဆိုပြီး Double Yolk နဲ့ဟာတောင် ၀ယ်လာတာ။ ကျွန်တော်လည်း နှမြောပေမယ့် ဘာပြောလို့ ရမှာလဲ။ ကံကောင်းချင်တော့ တခြားအထုပ်တွေကို ဘာမှာ ဖွင့်မပြလိုက်ရပါဘူး။ ရုပ်မပျက်ဘဲ ပြီးသွားလို့ တော်သေးတာပေါ့။ နို့မို့ဆိုရင် ကျွန်တော်လည်း TV မှာ အလကား ပါနေဦးမယ်။ နောက်တစ်ခု ကံကောင်းတာက ကျွန်တော်က Declare လုပ်ထားလို့ပါ။ မလုပ်ထားရင် Fine တွေ ဘာတွေ ပေးရင် ပေးနေရဦးမယ်။ ဒီလိုနဲ့ပဲ သြစတြေးလျ အ၀င်က လမုန့်လေး လွှတ်ပစ်ခံလိုက်ရတာကလွဲရင် အစစ အရာရာ အဆင်ပြေပါတယ်။ ။

Saturday, September 08, 2007

ပူတီ

ပူတီက အကြောင်းမသိရင် အိမ်မှာ လုပ်စားဖြစ်မှာ မဟုတ်ပါဘူး။ တကယ်တော့ လွယ်ပါတယ်။ လွယ်ပါတယ် ဆိုပြီး လုပ်စားကြခါမှ မာသွားလို့ ဆတ်သွားလို့ ဆို့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဂျုံနယ်တာ အရေးကြီးပါတယ်။ ဂျူုံ... ဂျုံကောင်းမှ.. ဆိုသလိုမျိုးပါ။ အလွယ်ဆုံးကတော့ All Purpose (Plain) Flour တစ်မျိုးတည်းနဲ့ လုပ်စားလို့ ရပါတယ်။ အဲဒီဂျုံကို ချာပါတီလုပ်တဲ့ ဂျုံနဲ့ ရောလုပ်လည်း ရပါတယ်။ အလွယ် ပြောရမယ် ဆိုရင်တော့ ဂျုံချောနဲ့ ဂျုံကြမ်းနဲ့ ရောလုပ်တာပါ။ ကျွန်တော်တို့က လူကြီးလေးယောက်စာ အတွက် ဂျုံ ကော်ဖီခွက် ၃ ခွက်၊ ရေနွေး ၁ ခွက်နီးနီးနဲ့ နယ်ပါတယ်။ ရေနွေးက ပူပူ မဟုတ်ပါဘူး နွေးနွေးလေးပါ။ ပွက်ပွက် ဆူနေတာ ဆိုရင်လည်း လက် အပူလောင် နိုင်သေးတယ်။ အစတုန်းက လုပ်စားတုန်းက ရေအေးနဲ့ နယ်တာ ဂျုံက အလွယ် စီးမလာပါဘူး။ ကြော်တော့လည်း မာဆတ်ဆတ်နဲ့ စားရတာ သိပ်မနူးညံ့ပါဘူး။ ဆားနည်းနည်းရယ် ဆီ ၂ ဇွန်းလောက်ရယ် ထည့်နယ်ပါတယ်။ တကယ်တော့ ဂီးထောပတ်ထည့်ရင် မွှေးလည်းမွှေးတယ်၊ ပိုလည်း နူးညံ့ပါတယ်။ ကျွန်တော်တို့ကတော့ ဟင်းချက်တဲ့ ဆီပဲ ထည့်လိုက်ပါတယ်။ ပထမတော့ ဒီလိုပဲ နယ်ပါတယ်။ နောက်တော့ လက်သီးဆုပ်တွေနဲ့ ဖိဖိပြီး နယ်ပါတယ်။ မိသားစု တစ်စုစာဆိုတော့ ပင်ပင် ပန်းပန်းတော့ မဟုတ်ပါဘူး။ ဂျုံတွေ စီးလားပြီး လက်မှာ မကပ်တော့တဲ့ အထိ နယ်ပြီးတော့ အ၀တ်စ တစ်စကို ရေဆွတ်ပြီး အုပ်ထားလိုက်တယ်။ ဒါမှ အပေါ်ယံတွေ မခြောက်သွားမှာ။ မနက်စာ အတွက် ညကတည်းက နယ်ထားပါတယ်။ မကြော်ခင် ၁ နာရီလောက် ကြိုနယ်လည်း ရပါတယ်။

မနက်ကျတော့ ဂျုံတွေက အတော်ပါပဲ။ တစ်ယောက်က ဂျုံပြားရိုက်ပြီး တစ်ယောက်က ကြော်ပါတယ်။ ဂျုံတွေကို ပင်ပေါင် ဘော်လုံးလောက် မရှိတရှိစာလေးတွေ ခွဲယူပါတယ်။ အဲဒီ ဂျုံလုံးလေးတွေကို သစ်သား စဉ်းနှီးတုံးပေါ်မှာ (လှိမ့်တုံးမရှိတော့) ပုလင်တစ်လုံးနဲ့ ဖြည်းဖြည်း လှိမ့်ပါတယ်။ ဆီနည်းနည်းကို ပန်းကန်လုံးထဲ ထည့်ပြီး ဆောင်ထားပါတယ်။ အောက်ခံပြားကိုလည်း သုတ်ဖို့ရယ် ဂျုံတွေ လက်မှာ မကပ်အောင်ရယ်ပါ။ ဂျုံမှုန့်နဲ့ ကိုင်လည်း မကပ်ပေမယ့် အဲဒီ ဂျုံမှုန့် အခြောက်တွေက ကြော်လိုက်ရင် တူးသွားတတ်ပါတယ်။ ဂီးထောပတ်လေးနဲ့ဆိုရင် ကြော်လိုက်တဲ့ အခါ အရောင် ပိုလှပါတယ်။ မထူမပါး အ၀ိုင်းလေးတွေ လုပ်ပါတယ်။ အရမ်း ထူသွားရင်လည်း မပွတော့ဘဲ ဂျပ်ခဲကြီး ဖြစ်နေပါတယ်။ ပါးလွန်းအားကြီးရင်လည်း ဆီထဲ ထည့်လိုက်တာနဲ့ ကြွပ်ကြွပ်ကြီး ဖြစ်သွားတတ်ပါတယ်။ ဒယ်အိုးက စောက်စောက်ထဲမှာ ဆီများများ ထည့်ပြီး မီရှိန်ကောင်းကောင်းနဲ့ ဆီအမြုတ် (Deep Fried) ကြော်ပါတယ်။ ဂျုံပြားလေးက ထည့်လိုက်ပြီး ခဏနေတာနဲ့ ပွတက်လာရပါမယ်။ ပွလာပြီ ဆိုရင်ဖြင် တစ်ဖက်ကို လှန်လို့ရပါတယ်။ နီအောင် စောင့်စရာ မလိုပါဘူး။ အရမ်းကြွပ်သွားရင် စားလို့လည်း မကောင်းပါဘူး၊ ဆီတွေလည်း စိမ့်ဝင်ပြီး လျှာပေါ်မှာ ဆီအရသာပဲ ရပါလိမ့်မယ်။

ဒီလို ဂျုံပြားလှိမ့်ဖို့ရယ် ကြော်ဖို့ရယ် အတွက် နှစ်ယောက်လောက်တော့ လိုပါတယ်။ တစ်ယောက်က လှိမ့်နေချိန်မှာ တစ်ယောက်က ကြော်ပါတယ်။ ဒါတောင် လေးယောက်စာကို မိနစ် ၄၀ လောက် ကြော်လိုက်ရပါတယ်။ နှစ်ယောက်က ပူတီကြော်နေတုန်း နောက်ထပ်တစ်ယောက်က တွဲစားဖို့ ဟင်းချက်ပါတယ်။ ဒီတစ်ခေါက်တော့ ဟင်းအနှစ်ကို ကုလားဆိုင်မှာ စပ်ခိုင်းလိုက်ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ ထောင်းထားတာကို နနွင်းများများ၊ ငရုတ်သီးမှုန့်ရယ်၊ မဆလာမျိုးစုံရယ် ရောထားတဲ့ ဟင်းအနှစ် တစ်ခါချက်စာကို ပြား၅၀ပဲ ပေးရပြီး ဆီသတ်ရွက် နည်းနည်းတောင် အဆစ်ရလိုက်ပါသေးတယ်။ ကိုယ့်ဟာကိုယ် လုပ်မယ်ဆို အဲဒီလောက် စုံမှာ မဟုတ်ပါဘူး။ ကုလားစာ စစ်စစ်လည်း ဖြစ်မှာ မဟုတ်ပါဘူး။ အခုလိုဆိုတော့ တန်သွားပါတယ်။ ခရမ်းသီး၊ အာလူး၊ မုန်လာဥနီ၊ ရုံးပတီသီးတွေကို ရေဆေးပြီး အရွယ်တော် အတုံးလေးတွေ တုံးထားပါတယ်။ ပဲနီလေးကိုလည်း သန့်စင်ပြီး ရေစိမ်ထားပါတယ်။ ဆီကို ပျဉ်းတော်သိမ်ရွက်နဲ့ မွှေးနေအောင်လုပ်ပြီး အဲဒီ ၀ယ်လာတဲ့ အနှစ်တွေ ထည့်ပြီး ဆီသတ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေရယ် ပဲနီလေးရယ်ကို ရောထည့်လိုက်ပါတယ်။ ပဲနီလေးက အနူးလွယ်တော့ ရောထည့်လို့ ရပါတယ်။ တခြားပဲတွေဆိုရင်တော့ ပဲကို အရင် ထည့်ရမှာပါ။ ခဏနေတော့ ရေနည်းနည်း ဆားနည်းနည်း ထည့်ပါတယ်။ အရည်သောက်မဟုတ်ပါဘူး။ ဟင်းပြစ်ပြစ် ဖြစ်အောင် ချက်ပါတယ်။ အပူရှိန်ကြောင့် ဗိုက်တာမင်တွေ ဘာတွေ ဆုံးရှုံးမှာလည်း တွေးနေလို့ မရပါဘူး။ ဟင်းသီးဟင်းရွက်တွေ ပျော်သွားပြီး ပဲတွေလည်း နူးလောက်တဲ့ အချိန်ဆိုရင်တော့ စားဖို့ အဆင်သင့် ဖြစ်ပါပြီး။ ပူတီကိုလည်း ကြော်ပြီးခါစ စားမှ ကောင်းပါတယ်။ တကယ်စားတဲ့ အချိန်ကျရင် ဒီအရွယ် ကြော်ထားတဲ့ ပူတီ ၁၀ ချပ်လောက်တော့ အသာလေး စားနိုင်ပါတယ်။ အာလူးကို အရည်ကျဲကျဲ ချက်ပြီး စားလည်း ရပါတယ်။

ကုလားဆိုင် သွားစားရင် ပူတီ၊ နံပြား၊ တိုရှည်၊ ချာပါတီ၊ ပလာတာတွေ ရှိတဲ့ အနက် တိုရှည်ကို အများအားဖြင့် စားဖြစ်ပါတယ်။ သူတို့ တိုရှည်က အချပ်ကလည်း အကြီးကြီးနဲ့ အင်မတန် မွှေးပါတယ်။ ပူတီကတော့ ဆီကြော်ဆိုပြီး သိပ်မစားဖြစ်ပါဘူး။ အိမ်မှာ လုပ်စားတာတော့ ဆီပါတာ နည်းပါတယ်။ ကြော်ပြီးရင် ထည့်ဖို့ ပန်းကန်ပေါ်မှာ မီးဖိုချောင်သုံး တစ်ရှူးပေပါ ခင်းပြီး ဆီစစ်လို့ ရပါတယ်။ ချာပါတီကတော့ ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ခြောက်လွန်းလို့ မစားတတ်ပါဘူး။ နံပြားကတော့ Butter Nun ကောင်းကောင်းဆိုရင် စားပါတယ်။ သွားစားတဲ့ ဆိုင်ပေါ်မူတည်ပါတယ်။ Northern India လား Southern India လားပေါ့။ မြန်မာပြည်မှာတော့ မြေနီကုန်းက `ဒို့မိတ်ဆွေ´ ဆိုင်က လမ်းသင့်တော့ စားဖြစ်ပါတယ်။ တာမွေက ကုလားဆိုင်တွေမှာလည်း စားဖြစ်ပါတယ်။ ကုလားဆိုင်တွေက လုပ်တာ ကိုင်တာ စနစ်ကျပါတယ်။ စတီးပန်းကန်တွေ သုံးပြီး လက်ဆေးကန်တွေ ဘာတွေ ရှိပါတယ်။ စားပွဲထိုးတွေကို အုပ်ချုပ်တာလည်း မြန်မာဆိုင်တွေထက် ပိုကောင်းတယ် ထင်ပါတယ်။ ကောင်တာထိုင်တဲ့သူကလည်း သူဌေးဆိုပေမယ့် စားသောက်သူတွေကို ကောင်းကောင်း ဆက်ဆံပါတယ်။ ဖရောဇာက ဆိုင်တွေကလွဲရင် ကုလားဆိုင် (ကြီးကြီး) တော်တော်များများက စားရတာ အဆင်ပြေတယ်ပြောလို့ရပါတယ်။ စင်္ကာပူမှာတော့ Little India သွားရင် Mustafa ရှေ့က ဆိုင်မှာ သွားစား ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ကိုယ့်ဘာကိုယ့် လုပ်စားဖို့ Recipe လေးရေးလိုက်ပါတယ်။ ။

Wednesday, September 05, 2007

လက်ဆောင်သည် အမေ

ကျွန်တော်တို့ အမေလည်း စင်္ကာပူမှာ ၆ လကျော်လောက် နေပြီးတော့ အဖေ့ကို လွမ်းတာနဲ့ အဲလေ... အချိန်တန်တာနဲ့ တနင်္လာနေ့ကပဲ ပြန်သွားပါတယ်။ အဲဒီနေ့မနက် လေဆိပ်လိုက်ပို့တော့ Luggage က ချိန်လိုက်တော့ ၃၀ ကီလိုလောက်ဆိုတော့ အဆင်ပြေပါတယ်။ လက်ဆွဲအိတ်က အိမ်မှာ ချိန်လာတာ ၁၈ ကီလိုရယ်၊ မုန့်ထုပ်တွေက ၆ ကီလိုလောက်ရယ် လက်ထဲမှာ တခြား အိတ်ကျန်နေသေးတော့ လေယာဉ်ထဲ မ၀င်ခင် ချိန်လိုက်ရင် ပိုက်ဆံ ပေးရမယ်ဆိုတော့ စိုးရိမ်နေတယ်။ အဲဒါနဲ့ တချက်လောက် စောင့်ကြည့်လိုက်တော့ ကျောင်းသူလေး တစ်ယောက်က အိတ်သေးသေးလေး ချိန်နေတာနဲ့ ၀င်ချိန်လိုက်တော့ နှစ်ယောက်ပေါင်း ၃၁ ကီလို ဆိုတော့ အဆင်ပြေသွားတယ်။ ပိုင်ရှင်ဆီကမှ ၁၃ ကီလိုရယ် ကပ်ချိန်တဲ့သူဟာက ၁၈ ကီလို ရှိနေတယ်။ ဒီကောင်မလေးကိုတော့ ကျေးဇူးတင်စရာ။ ဒီလောက် ကီလို ၅၀ လေးတာ တစ်ခုမှ အမေ့ အ၀တ်အစားတွေ မပါဘူး။ ဒီမှာ ၀တ်တဲ့ဟာတွေက ဟိုမှာ ၀တ်လို့ မရလို့ ဆိုပြီး ထားခဲ့တယ်။ အိမ်နေရင်း ၀တ်တာတွေကလည်း ဟိုမှာ ရှိသေးတယ် ဆိုပြီး ထားခဲ့တယ်။ နောက် လူကြုံက အမြဲ ရှိနေတာ ဆိုတော့ နောက်မှ တစ်ယောက်ယောက်နဲ့ ထည့်ပေးလိုက် ဆိုပြီး ထားခဲ့တယ်။ အဲဒီ ကီလို ၅၀ လုံးဟာ မြန်မာပြည် ပြန်ရောက်ရင် လက်ဆောင် ပေးဖို့ဆိုပြီး ၀ယ်သွားတာတွေချည်းပါပဲ။

ဒီမှာ ရှိတဲ့ သားနှစ်ယောက်က ပြန်ခါနီး အမေ ၀ယ်ချင်ရာ ၀ယ်ဖို့ဆိုပြီး တစ်ယောက် ၅၀၀ ဆီ မုန့်ဖို့းပေးတယ်.. အဲလေ.. ကန်တော့ကြတယ်။ ဒါတောင် သက်သက် လမ်းကြုံလို့ ကိုယ့်ဟာကိုယ် ၀ယ်လာပေးတာ မပါသေးဘူး။ပြန်ခါနီး ၂ ပတ်လောက် ကတည်းက ၀ယ်လိုက်တာ ဆိုတာ နေ့တိုင်း အပြင်ထွက် ပြီးတော့ ပြန်လာပါပြီ အထုတ်ကြီး အထုတ်ငယ်နဲ့။ Tangs မှာ ဈေးချတယ် ဆိုလို့ Tangs ကို ပြေးရတယ်။ Tampines မှာ Metro က ဖျက်လို့ Renovation Sales ဆိုလို့ Tampines ကို ပြေးရတယ်။ OG ဆိုလို့ OG ပြေးမယ်ဆိုရင်တောင် Orchard က OG မှတဲ့၊ အဲဒီမှာ မိန်းမကိုင်အိတ်တွေ များတယ်တဲ့။ စင်္ကာပူမှာ Shopping ထွက်လာတယ်ဆိုတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေတောင် အမေ ၀ယ်တာကို မီမှာ မဟုတ်ဘူး။ သူတို့ကတော့ ကိုယ့်ထက် ၀ယ်နိုင်ပါတယ်။ အချိန်မရတာနဲ့ နေရာမသိတာကို ပြောတာ။ ဒီလောက် ၀ယ်နေတာလည်း သူ့အတွက်မဟုတ်ပြန်ဘူး။ လက်ဆောင်ပေးဖို့ ဟိုလူ ကျန်သေးလို့ ဒီလူကတော့ မပေးလို့ မကောင်းဘူး ဆိုတော့လည်း ကျွန်တော်တို့ မပြောသာတော့ပါဘူး။ ကဲ.. လူစုံအောင်သာ ၀ယ်။ စိတ်ချမ်းသာရင် ပြီးရောဆိုပြီး သူသွားချင်တဲ့နေရာ လိုက်ပို့ပေးရတယ်။

အမေတို့က အစ်ကိုကြီး နှစ်ယောက် အပါအ၀င် မောင်နှမ ကိုးယောက် ရှိတော့ သူတို့ကို သီတင်းကျွတ် ကန်တော့ဖို့ လက်ဆောင်ပေးဖို့ ဆိုပြီး ၀ယ်တယ်။ တခြား အရမ်းနီးတဲ့ တစ်ဝမ်းကွဲ ဘကြီးတွေ၊ ကြီးတော်တွေကလည်း ရှိသေး။ အဘွားက နှစ်ယောက်။ နေတာကလည်း ကန်ထရိုက် တိုက်ခန်းမှာဆိုတော့ လှေကားတစ်ခုလုံးမှာ ရှိသမျှလူတွေက အိမ်နီးချင်းတွေချည်းပဲ။ ဒါတောင် အကုန်လုံးနဲ့ မလုံးလို့ တော်သေးတယ်။ အဲဒါနဲ့ စင်္ကာပူက အပြန်လက်ဆောင်ပေးတာ ဆိုတော့ ပါတိတ်ပေးမယ်ဆိုတော့ ချစ်အဒေါ်များက ပါတိတ်က ဒီမှာ (မြန်မာပြည်မှာ) ၀ယ်လို့ရတယ်။ ငါတို့မှာလည်း ထမီတွေ အများကြီးပဲ၊ မ၀တ်ရသေးတာတွေတောင် အများကြီးပဲတဲ့။ လက်ဆောင်ပေးရင်လည်း လက်ကိုင်အိတ်လေး ဘာလေး ပေးပေါ့ဟယ်တဲ့။ ချစ်ဖို့ ကောင်းလိုက်တာ။ အဲဒါနဲ့ပဲ လက်ကိုင်အိတ်တွေ လိုက်ရှာရတယ်။ ပါတိတ်ဆို လွန်ရော ကျွန်ရော ဆိုတောင် တစ်ထည် ၂၅$ ပေါ့။ လက်ကိုင်အိတ်ကတော့ ၂၅$ ဆို သိပ် မကောင်းချင်သေးဘူး။ ၃၀$ ကျော်လောက် ပေးမှ ကောင်းကောင်းရတယ်ဆိုတာတောင် လက်ကိုင်အိတ်တွေ ၀ယ်ထားတယ်ဆိုတာ ပြန်ရောင်းစားဖို့လား ထင်ရတယ်။ မှာတဲ့ အဒေါ်များကလည်း အဖြူရောင် မ၀ယ်နဲ့တို့၊ လွယ်လို့ ရအောင် ကြိုးရှည်ရှည်တို့ အမာမဟုတ်ဘူးတို့ စုံနေတာပဲ။ အမေ ဒီလာ ခါနီး ဒီကို သယ်လာဖို့ ဟင်းတွေဘာတွေ ချက်တော့လည်း သူတို့တွေက ၀ိုင်းကူ ချက်ထားတယ်ဆိုတော့ ကဲ.. ၀ယ်သာဝယ်ပဲပေါ့။ ပြီးတော့လည်း မထူးပါဘူး ဟိုး Arab Street ထိသွားပြီး ပါတိတ်တွေ ၀ယ်လာသေးတာပဲ။ လိုလိုမယ်မယ် ပေးရအောင် ဆိုပြီး။

နိုင်ငံခြားက ပြန်လာတာ ဆိုတော့ ထုံးစံအတိုင်း ချောကလက်ကလည်း မပါမဖြစ်။ ချောကလက် ဆိုတာမျိုးကလည်း တစ်ဒါဇင်လောက် ၀ယ်လိုက်ရင် ၂ကီလိုလောက်က အသာလေး။ လူကြုံထည့်ပေးတဲ့ သူတွေကလည်း မညှာမတာ ချောကလက်တွေ ထည့်ပေး။ ငြင်းလို့လည်း မကောင်းတော့ ဒီလိုပဲ လက်ခံထားလိုက်ရတယ်။ ကိုယ်ကလည်း သူတို့ ပြန်ရင် ၁ ကီလို ၂ ကီလိုလောက် လမ်းကြုံ ပေးနေတာကိုး ငြင်းလို့ ဘယ်ရမလဲ။ အခုလည်း လမုန့်ရာသီ စပြီဆိုတော့ လမုန့်။ လမုန့်ဆိုတာမျိုးကလည်း တစ်တုံးတစ်တုံး လူကို ပစ်ပေါက်လို့ ရအောင် အလေးချိန် စီးတာမျိုး။ စင်္ကာပူမှာက ဘာမှသာ မစိုက်တာ အော်ဇီက စပျစ်တွေ၊ New Zealand က ကီဝီသီးတွေ၊ ဟိုး တောင်အာဖရိကက Cape Town က Plum သစ်သီးတွေက အင်မတန် ပေါဆိုတော့ အဲဒါလေးတွေလည်း ဟိုက လူတွေကို ကျွေးချင်တယ်ဆိုတော့ ကဲ.. ၀ယ်ပေါ့။ မ၀ယ်နဲ့ ပြောလည်း ကိုယ်ပဲ ပြိတ္တာဖြစ်မယ်လေ။ ပြီးတော့ ပိုက်ဆံ ပြန်ပေးမယ် ၀ယ်လာလို့ အသေအချာ မှာတဲ့ ဟာတွေကလည်း ရှိသေးတယ်။ ဆံပင်ဆိုးဆေးနဲ့၊ ထီးကနေ ကြမ်းတိုက်တဲ့ တုတ်တံတို့ အ၀တ်တို့။ အကြီးတွေ မ၀ယ်ခင်က Dasio ဆိုတဲ့ ဘာဝယ်ဝယ် ၂$ ဆိုင်မှာ တိုလီမိုလီတွေ ၀ယ်ထားသေးတယ်။ Mustafa ဆိုတာလည်း အခေါက်ခေါက်။

တစ်နေ့ တစ်နေ့ ၀ယ်လာလိုက် အိတ်ထဲထည့်ပြီး ချိန်လိုက်။ ဟိုအထုတ်ထဲက ဟာကို ဒီအထုတ်ထဲ ထည့်ချိန် ရှုပ်နေတာပဲ။ ပြန်ခါနီး ညအထိ ၀ယ်တဲ့ ဇာတ်လမ်းက မပြီးနိုင်တော့ဘူး။ မနက်လည်းကျရော လေဆိပ်မှာ ပေါင်ချိန်ပိုလို့ ပိုက်ဆံပေးရမှာ စိုးလို့ ဟိုလူရှာ ဒီလူရှာနဲ့ တော်သေးတယ် အဆင်ပြေသွားလို့။ စင်္ကာပူမှာတော့ ဒီလိုပဲ အဆင်ပြေပါတယ်။ မြန်မာစကား ပြောကြသူချင်းပဲ။ သူမ အမေတုန်းကလည်း ပေါင်ချိန်တွေ ပိုနေတော့ ဒီလိုပဲ Check-In ၀င်တဲ့ နေရာမှာ ရစ်သီ ရစ်သီနဲ့ စောင့်နေတာ သင်္ဘောသား တစ်ယောက်က ကျောပိုးအိတ်လေး တစ်လုံးရယ် လက်ဆွဲ အိတ်သေးသေး တစ်လုံးရယ်နဲ့ လာတော့ အကူအညီတောင်းပြီး ရောချိန်လိုက်တယ်။ ထုံးစံအတိုင်း ကိုယ့်ပေါင်ချိန်က ခပ်များများ။ အခုလည်း ကျောင်းသူလေး တစ်ယောက်နဲ့ တွေ့လို့ တော်သေးတယ်။

ဝယ်လာပြီးတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ကဲ.. ဒီလောက်တောင် ၀ယ်ပြီးပြီ အိမ်အတွက်ရော ဘယ်လောက်ပါလဲ တွက်ပါဦးဆိုတော့ အိမ်အတွက်က ၄၀% လောက်တောင် မပါချင်ဘူး။ ကျန်တာက လက်ဆောင်ပေးဖို့နဲ့ ၀ယ်လာဖို့ မှာလိုက်တဲ့ ဟာတွေ။ ပြီးတော့ မြန်မာငွေနဲ့ ပြန်တွက်ပြီး အမေလည်း မျက်နှာငယ်လေး ဖြစ်နေတာနဲ့ ကျွန်တော်တို့တတွေ အစ မဖော်တော့ပါဘူး။ သူကတော့ ဒါ သီတင်းကျွတ် ကန်တော့တာဆိုပြီး လက်ဆောင်ပေး ကန်တော့ လုပ်လိုက်မယ်တဲ့။ ဒီလိုပါပဲ နိုင်ငံခြားက ပြန်လာတာဆိုတော့ အမေလည်း လက်ဆောင်တွေ ဘာတွေ ပေးချင်မှာပေါ့။ ကျွန်တော်လည်း တခြားနိုင်ငံ တစ်ခုက ပြန်လာတော့ လက်ဆောင်ဝယ်တော့ နှုတ်ခမ်းနီတွေ၊ မိတ်ကပ်ဘူးတွေ ၀ယ်လာတယ်။ အဲဒီမှာ ဈေးချိုပေမယ့် မြန်မာပြည်မှာတော့ အမှန်အကန်ဆိုပြီး ရှားတယ်လေ။ အဒေါ်တွေလည်း ပေးလို့ ရတယ်။ ဦးလေးတွေဆိုလည်း သူတို့ မိန်းမတွေကို ပေးလိုက်ရင် သူတို့လည်း တိတ်သွားရော။ တကယ်တမ်းတော့ အမျိုးသမီးတွေ အတွက်က လက်ဆောင်ပစ္စည်း ၀ယ်ရတာ လွယ်တယ်။ ဈေးချိုချိုနဲ့ မျိုးစုံ ရှိတယ်။ ယောက်ျားတွေ အတွက်က ၀ယ်ရတာ မလွယ်ဘူး။ ပိုက်ဆံအိတ်ဆိုလည်း ၅၀-၁၀၀ လောက်မှ ပေးလို့ကောင်းတာ ရတယ်။ ရှပ်အင်္ကျီကလည်း ပေးလို့ မကောင်း။ ငယ်ရင်တော့ တီရှပ်ပေးလို့ ရပေမယ့် Giordano တို့၊ Hang Ten တို့ဆို ကိုယ်ကသာ ဒီမှာ ၀တ်နေတာ ဟိုကလူတွေကို လက်ဆောင် ပေးလို့ကလည်း အသစ်အဆန်းမဟုတ်။ မြန်မာပြည်မှာက ဆိုင်တွေ ရှိနေတာကိုး။ တီရှပ်ဆိုလည်း Espirit လောက်မှ။ အဲ.. ဒိပြင် ဘာပေးရမလဲ စဉ်းစာလို့ကို မရဘူး။ လူကြီးတွေ ၀တ်တဲ့ စပို့ရှပ်တော့ ပေးလို့ရတယ်။ အဲဒီလိုနဲ့ပဲ အဖေလည်း ကျွန်တော်တို့ဆီက လက်ဆောင် သိပ်မရရှာပါဘူး။ သူလိုချင်တာလည်း Pocket PC တို့။ External Harddisk တို့။ Laptop တို့ဆိုတော့ တချို့ဟာတွေကို မ၀ယ်ပေးနိုင်ဘူးလေ။ အိန္ဒိယက ပြန်လာတော့လည်း အဖေ့အတွက် ဘာဝယ်ရမှန်း မသိပေမယ့် အမေကတော့ ပက်ရှမီးနားတွေ၊ ကက်ရှမီးနားတွေ မှာပြီးသွားပြီ။

သူသူငါငါကတော့ နိုင်ငံခြားက တစ်ယောက် ပြန်လာရင် (အပျော်သဘောနဲ့) လက်ဆောင်လိုချင် ပေမယ့် ၀ယ်ရတဲ့ သူများအတွက်တော့ မလွယ်လှပါဘူး။ ကိုယ်လည်း ရခဲ့တုန်းက အင်မတန် ပျော်ပါတယ်။ နိုင်ငံခြားက သင်္ဘောသားတွေ ဘာတွေ ပေးတဲ့ ပစ္စည်းတွေက အသစ်အဆန်းတွေချည်းပဲလေ။ ၀ယ်ရတဲ့သူတွေမှာ မြန်မာငွေနဲ့ ပြန်တွက်နေရမယ့် သူတွေဆို ပိုမလွယ်ပါဘူး။ ဥပမာ ကျွန်တော့် အသိ တစ်ယောက်က တစ်ပတ်လောက် အစိုးရ ကိစ္စနဲ့ လာတာဆို သူခမျာ အထက်လူကြီးတွေ အတွက်က တစ်မျိုး၊ ရုံးက အသိတွေ အတွက်က တစ်မျိုး၊ မိသားစု အတွက်ကလည်း မ၀ယ်မဖြစ်၊ အသိ မိတ်ဆွေတွေကလည်း ၀ယ်ရသေးတယ်ဆိုတော့ ရတဲ့ ငွေလည်းနဲ့တောင် မလောက်လို့ အိပ်စိုက်ရပါသေးတယ်။ ဒါတောင် ဟိုတယ်အခန်းထဲက ခေါင်းလျှော်ရည် ဘူးလေးတွေ ဘာတွေ ပြန်သယ်သွားပြီး လက်ဆောင် အဖြစ်ပေးလို့ တော်သေးတယ်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အမေ လက်ဆောင်သည်ကြီးလည်း မြန်မာပြည် ပြန်ရောက်လို့ ပါတဲ့ လက်ဆောင်လေးတွေ ပေးလို့ အပြုံးတွေ၊ အပျော်တွေ ပြန်ရတယ် ဆိုရင်ဖြစ် အရင်း ကြေပါပြီ။ အမေလည်း ဒီလို ပီတိတွေရလို့ ပျော်ရတယ်ဆိုရင်ဖြစ် ကျွန်တော်တို့မှာလည်း ကုသိုလ်ရတယ်ဆို အမြတ်ထွက်ပြီပေါ့.. လက်ဆောင်သည် အမေရယ်။ ။

Saturday, September 01, 2007

စပယ်ရှယ်နေ့

မိန်းမရေ ဒီနေ့ ထမင်း မချက်နဲ့တော့ .. အပြင်မှာ သွားစားကြမယ်။


လစာ ထုတ်လာလို့လား......

မဟုတ်ဘူး...

ဒါဆို ဘာ အန်နီဗာဆရီလဲ.. ဟင်းဟင်း...

မဟုတ်ပါဘူး... ဒီနေ့ ဘလော့ဂ်မှာ Hit ၅၀၀ ကျော်ရလို့

တိန်....

Film