Sunday, December 30, 2007

ဖန်ပြွန်သန္ဓေသားလောင်း အပို ရှိသည်

ဖန်ပြွန်သန္ဓေ နည်းပညာရဲ့ အံ့ချီးဖွယ်ရာကြောင့် ကလေး ရပြီးတဲ့ နောက်မှာ ကျွန်မတို့ လင်မယား ဆုပ်လည်းဆူး စားလည်းရူး ဖြစ်နေရပါပြီ။ ကျန်နေသေးတဲ့ အေးခဲထားတဲ့ သန္ဓေ သားလောင်းလေးတွေကို ဘာလုပ်ရမယ် ဆိုတာပါ။
ကျွန်မတို့ရဲ့ သုံးနှစ်အရွယ် သားကလေးဟာ သူဘယ်လို မွေးလာတယ် လူဖြစ်လာတယ် ဆိုတဲ့ ပုံပြင် နားထောင်ရတာကို နှစ်ခြိုက် သဘောကျတတ်ပါတယ်။ ``ဟိုး ရှေးရှေးတုန်းကပေါ့ ကလေး အရမ်း လိုချင်တဲ့ မိန်းမကြီး တစ်ယောက် ရှိတယ်တဲ့´´ ဆိုပြီး စပြောတာပေါ့။ ပုံပြင်ထဲမှာတော့ အဲဒီ မိန်းမကြီးဟာ ဆုတောင်း ပြည့်သွားပြီးနောက် ကလေးလေးတွေ ရသွားတယ်တဲ့။ ဒါကတော့ အလွန့်အလွန် ရိုးရှင်းအောင် လုပ်ပြောတာပါ။ လက်တွေ့မှာတော့ ကျွန်မတို့ လင်မယား ၅နှစ်လောက် အချိန်ယူရပါတယ်။ Operation ၄ ခါ လုပ်လိုက်ရပါတယ်။ တစ်ခေါက်လည်း သားလျှောဖူးပါတယ်။ ဖန်ပြွန်သန္ဓေ စပ်တာ နှစ်ခေါက် လုပ်ရပါတယ်။ ဒီလိုအတွက် ငွေ ထောင်ပေါင်းများစွာ အကုန်အကျ ခံပြီးတော့မှ ပထမ ကလေးလေးကို ရတာပါ။ နှစ်နှစ် အကြာမှာတော့ ဒုတိယ ကလေး သမီးလေးကိုလည်း ဖန်ပြွန်နည်းနဲ့ပဲ မွေးထားတာပါ။ ကလေးမြုံသူတွေ ကြားမှာတော့ ကျွန်မတို့ဟာ အင်မတန် ကံထူးသူတွေပါ။

ကျွန်မတို့ ကလေး နှစ်ယောက်စလုံး အေးခဲထားတဲ့ ကလလ ရေကြည် သားလောင်းလေးတွေ ဘ၀ကနေ စလာတာပါ။ ဖန်ပြွန်သန္ဓေ နည်းပညာ လောက စကားနဲ့ဆိုရင်တော့ FETS (Frozen Embryo Transfers) လေးတွေပေါ့။ ကျွန်မ အသက် ၃၇လောက်မှာ FSH (Follicle-stimulating Hormone) ဆေးကျွေးပြီး သားဥတွေ ချွေယူတာပါ။ ဆေးက အမျိုးသမီးတစ်ဦးဆီက ၁၀ဥ ၁၅ဥ လောက် ကြွေအောင်လုပ်တာပါ။ ကျွန်မအတွက်တော့ မျိုးဥ ၃၁ဥ ရလိုက်ပါတယ်။ ဆေးမပါဘဲ ပုံမှန် အမျိုးသမီးတစ်ဦးဆို တစ်ဥစီ တစ်ဥစီ ကြွေတာပါ။ ဆေးနဲ့ဆို အမျိုးသမီး ၂၀ မှာ တစ်ယောက်လောက်တော့ ဥ ၂၀ ကြွေပြီး များသော အားဖြင့် ဥတွေဟာ အရည်အသွေး မကောင်းတတ်ပါဘူး။ ကျွန်မရဲ့ ၂၅ဥမှာ ကျွန်မခင်ပွန်းရဲ့အဖို မျိုးရည်နဲ့ မျိုးအောင်ပြီးနောက် ၁၉ခုဟာ ဖန်ပြွန်သန္ဓေသား လုပ်ဖို့ စံချိန်မှီပါတယ်။ အဲဒီအထဲက လတ်လတ်ဆတ်ဆတ် နှစ်ခုကို ၀မ်းထဲ ထည့်လိုက်ပါတယ်။ ကျန်တာတွေကိုတော့ အေးခဲထားလိုက်ပြီး နောက်မှ လိုအပ်ရင် တစ်စုံစီ ယူပြီး အရည် ဖျော်မှာပါ။ သားလေး ရလိုက်ဖို့ လတ်လတ်ဆတ်ဆတ်ရော အေးခဲထားတာရောဆို ၄ခု သုံးလိုက်ရပြီး၊ သမီးလေးအတွက်တော့ အေးခဲထားတာ ၄ခု သုံးလိုက်ရပါတယ်။ အဲဒီနောက် ကျွန်မဆီမှာ အေးခဲထားတဲ့ သန္ဓေသား ၁၁ ခု ကျန်သေးတာပေါ့။ သူတို့ကို နိုက်ထရိုဂျင်အရည်ထဲ ထည့်ပြီး အနှုတ် ၁၉၆ C မှာ အေးခဲထားတာပါ။ လွယ်မယောင်ယောင်နဲ့ ခက်နေတာကတော့ အဲဒီ ကျန်တဲ့ သန္ဓေသားလေးတွေကို ဘာလုပ်မယ်လို့ ဆုံးဖြတ်ရတာပါပဲ။

ပြန်တွေးကြည့်မယ်ဆို လုံးလုံးလျားလျား ကလေးမြုံနေသူ ဘ၀မှာ မချိတင်တကဲ ဖြစ်နေရတာ အင်မတန် စိတ်ပျက်ဖွယ်ပါ။ တကယ်ဆို ကျွန်မ အဲဒီထက် ခံစားရပါတယ်။ ကလေးမရှိရင်တော့ လူဖြစ်ရကျိုး နပ်မှာ မဟုတ်ဘူးလို့ ကျွန်မ အပြည့်အ၀ ယုံကြည်ခဲ့ပါတယ်။ ဖန်ပြွန်သန္ဓေ ယူရမလား၊ မွေးစားရမလား၊ အငှားဗိုက်နဲ့ ကြီးရမလား။ နည်းလမ်း အသွယ်သွယ် ကျွန်မ တွေးတော ကြည့်တယ်။ မိဘဖြစ်ဖို့ အခွင့်အလမ်း ရလာမှာ မဟုတ်ဘူးလို့လည်း တော်တော်ကြာတဲ့ အထိ ကျွန်မ လက်ခံ ယုံကြည်နေမိတယ်။

ကိုယ်ဝန် မရနိုင်တာကို ကလေး ရနိုင်တဲ့ သူကို သွားရှင်းပြရင်တော့ မောဖို့ပဲ ရှိတယ်။ တလောကလုံးက ဗိုက်တွေ ကြီးလိုက်၊ ကလေးတွေ ယူလိုက်၊ ကလေးလှည်းလေးတွေ တွန်းလိုက်နဲ့ ဖြစ်နေတာကို မီဒီယာတွေ ထဲမှာရော ကိုယ့်နံဘေး ပြင်ပမှာရော ဖြစ်နေတာတွေ တွေ့မြင် နေရတဲ့အတွက် ရင်ထဲမှာ မျက်ရည်တွေ တစ်ပေါက်ပြီး တစ်ပေါက် ကျနေရပါတယ်။ ငြီးငွေ့ ပျင်းရိဖွယ် ကောင်းတဲ့ အတွေ့အကြုံတွေနဲ့ မချိတင်ကဲ ဖြစ်နေရတဲ့ သားမြုံသည်ကိုကျတော့ ကျွန်မ တစ်ခါမှ မတွေ့မိပါဘူး။ `မင်းကလွဲရင် တစ်လောကလုံး ကလေးရှိတယ်ဟေ့´လို့ လောကကြီးက ကျွန်မကို နေ့စဉ်ရက်ဆက် အကြိမ်ပေါင်းများစွာ အသိပေးနေသလိုပါပဲ။

အဲဒီအတွက်ကြောင့် ကျွန်မ အမြဲတမ်း စိတ်ကူးယဉ်တာက ကျွန်မမှာများ သန္ဓေသား ကလေးလေးတွေ အပိုရှိလို့ကတော့ ကလေးမရနိုင်တဲ့ လင်မယားတွေကို လှူပစ်မယ်လို့ရယ်။ မျှော်လင့်ချက်တွေ ပျက်သုဉ်းပြီး လက်မှိုင်ချနေရမယ့် အနေအထားမှ တစ်စုံတစ်ယောက်ကို ဆွဲထုတ်ဖို့ အခွင့်အရေး ပေးလို့ကတော့ လူတိုင်း လူတိုင်း တစ်ခုခု လုပ်မှာ မဟုတ်ပဲလား။ နောက်နှစ်ကျရင်တော့ ကျွန်မတို့ လင်မယား ဘာလုပ်မယ်ဆိုတာကို အဖြေ ပေးရပါတော့မယ်။ ၀ိတိုရီယ ပြည်နယ် အစိုးရက သန္ဓေသားကို အေးခဲထားတာ အထူးတလည် သက်တမ်း ထပ်တိုးမျိုး မဟုတ်ရင် ၅နှစ်အထိပဲ လက်ခံပါတယ်။ ကျွန်မတို့ ဆုံးဖြတ်ချက် ချပြီးရင်တော့ ကျွန်မ ကလေး ထပ်ရမှာ မဟုတ်တော့ဘူး။ ကျွန်မတို့ ဘာလုပ်ရမလဲ။ တခြား လင်မယားကိုပဲ လှူလိုက်ရမလား။ သိပ္ပံ စမ်းသပ်မှုတွေ အတွက်ပဲ လှူလိုက်ရမလား။ ဖျက်စီး ပစ်လိုက်ရမလား။

မဲလ်ဘန်း ဖန်ပြွန်သန္ဓေ နည်းပညာဌာနက အမှုဆောင် ဒေါက်တာ လင်ဒန်ဟေး အဆိုအရဆိုရင်တော့ များသောအားဖြင့်က သုတေသန တစ်ခုခုအတွက် လှူကြတယ်တဲ့။ တချို့ကတော့ ဖျက်စီးပစ်လိုက်ကြတာပဲတဲ့။ ကလေးမရနိုင်တဲ့ တခြား လင်မယားကို ပေးလိုက်တာကတော့ သိပ်မလုပ်ကြပါဘူးတဲ့။ သူ့ဌာနမှာ လွန်ခဲ့တဲ့ နှစ်နှစ် အတွင်းတောင် ဒီလို သူများကို ပေးလိုက်တာ ၈ ခုလောက်ပဲ ရှိတယ် ဆိုပဲ။ ကလေး မရနိုင်တဲ့ လင်မယားတွေမှာ ဒီလို ရနိုင်ဖို့ ၂ နှစ်လောက် စောင့်နေရတာပဲ။

ကျွန်မတို့ရဲ့ သန္ဓေသားလေးတွေကိုတော့ မဖျက်စီးပစ်ရက်ပါဘူး။ ဒါဟာ အလဟဿ ဖြုန်းတီး ပစ်တာပဲ။ ကနဦးကတည်းက ဖြစ်နေတဲ့ လှူလိုက်မယ်ဆိုတဲ့ စိတ်ကလည်း မပြတ်သားသေးဘဲနဲ့ အခုမှ အသေအချာ ဆန်းစစ်နေမိပါတော့တယ်။ ကျွန်မ အသက် ၃ရ တုန်းက စပ်ထားတဲ့ သန္ဓေသားလေးတွေကို သုံးပြီး ကလေးယူမယ်ဆို ကိုယ်ဝန်တွယ်ပြီး ကလေးတစ်ယောက် မွေးဖွားဖို့ ဆိုတာ တစ်ခေါက် တစ်ခေါက်တိုင်းမှာ အောင်မြင်ရန် အခွင့်အလမ်းက ၂၅% ပဲရှိတာပါ။ ဒါတောင် အေးခဲထားတဲ့ သန္ဓေသားကို အရည်ဖျော်တာ အောင်မြင်ဦးမှ။ ဒီလို အောင်မြင်ဖို့ကတော့ ၈၅% အခွင့်အလမ်း ရှိပါတယ်။ ကျွန်မရဲ့ အရင် မှတ်တမ်းအရ ဆိုရင်တော့ ကလေး တစ်ယောက် ရဖို့ သန္ဓေသား လေးခု လိုပါတယ်။ ဒီလိုဆိုရင် ကျွန်မရဲ့ လက်ကျန် သားလောင်းလေးတွေကနေ ကလေး ၃ ယောက် ကောင်းကောင်းကြီး ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုနှုန်းနဲ့ပဲ ဖြစ်ဖြစ် ဆေးခန်းက အစီအစဉ်နဲ့ ဆိုရင်တော့ ဒီသားလောင်း ၁၁ ခုကို မိသားစု တစ်ခုထက် ပိုပြီးတော့ ခွဲတမ်းချ လိုက်မှာပဲ။ ဖြစ်နိုင်တာကတော့ မိသားစု ခပ်များများက ကျွန်မရဲ့ သားလောင်းလေးတွေက ဖြစ်လာမဲ့ ကလေးလေးတွေကို ကြီးပြင်း စောင့်ရှောက်ရမှာပါ။ ၃ယောက်ပဲ ထားဦး၊ ကျွန်မ ကလေးတွေကို ကျွန်မ မသိတဲ့ လောက အသိုင်းအ၀ိုင်းထဲမှာ နေထိုင် နေတာကို ကျွန်မ ခံနိုင်ရည် ရှိပါ့မလား။ ဒီထက်ပိုရင်တော့ ပိုဆိုးမယ်။ ဒါဟာ သားမြုံနေတာလောက်ကို နက်နဲ သိမ်မွေ့တဲ့ နစ်နာမှု တစ်ခုပါပဲ။ ပိုဆိုးတာက တရားဥပဒေကြောင်း အရ သူတို့တွေ အသက် ၁၈ နှစ်မှာ ကျွန်မ ဘယ်သူဆိုတာကို သိသွားရင်၊ ဒီကလေးတွေ ဘယ်သူဆိုတာ ကျွန်မ သိသွားရင် ကျွန်မ ပိုပြီး ပြင်းပြင်း ပြပြ ခံစားရမှာပါ။ အခု ကလေးနှစ်ယောက် စလုံးမှာ ဆင်တူတဲ့ ရုပ်ရည် လက္ခဏာတွေ ရှိနေပါတယ်။ ပါးဖောင်းဖောင်းလေးတွေ၊ မက်မန်းသီးစေ့ပုံ မျက်စေ့လေးတွေနဲ့ အပေါ်နှုတ်ခမ်း ထူထူလေးတွေ ရှိနေကြပါတယ်။ ဘယ်သွားသွား ဒီလို ရုပ်ရည်ရှိတဲ့ ကလေးလေးတွေကို ကျွန်မ နှစ်ပေါင်းများစွာ ရှာနေမိဦးမလား။

တခြား လင်မယားကို ပေးလှူလိုက်ဖို့ရာမှာ ကျွန်မအတွက် နောက်ထပ် ခလုတ်တံသင်း တစ်ခုကတော့ ဒီလိုပါ။ တကယ်လိုများ ကျွန်မတို့က သင့်တော်တဲ့ အလှူလက်ခံမယ့်သူ တွေ့ထားရှိထားရင် အမည်စာရင်း ပေးသွင်းလို့ ရပါတယ်။ အဲဒီလို မလုပ်နိုင်ရင်တော့ စောင့်နေတဲ့ သူတွေထဲက တစ်ယောက်ယောက်ကို ကျွန်မတို့ မသိဘဲ ပေးလိုက်မှာပဲ။ ကျွန်မတို့လည်း ဘယ်သူ ဘယ်ဝှာကို ပေးလှူလိုက်မယ်ဆိုတာ ခွဲခြား နေလို့ မရတော့ ပါဘူး။ ဒါကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ဒေါက်တာဟေး ရှင်းပြတာကတော့ မွေးစားဖို့ ဆိုရင်တော့ တကယ့် မိဘနှစ်ပါးက ဘယ်သူ့ဆီမှာတော့ သူတို့ ကလေး ကြီးပြင်းပါစေတော့ ဆိုပြီး ရွေးချယ်ခွင့် အတိုင်းအတာ တစ်ခုအထိ ရှိပါတယ်။ ဒါပေမယ့် ဖန်ပြွန် သန္ဓေသားလေးတွေကိုတော့ (ဆိုပါတော့) လူမည်း မိဘနှစ်ပါးက သားလောင်းလေးဟာ အမည်း လင်မယားဆီမှာပဲ ကြီးပြင်းရမယ်လို့ သတ်မှတ်ပေးလို့ မရပြန်ဘူး။ ဒီလို လုပ်ခွင့်ပြုထားမယ်ဆို ပေးသူနဲ့ အလှူခံသူ ကြားမှာ ယဉ်ကျေးမှုဆိုင်ရာ ခံစားချက်တွေ ရှိလာနိုင်ပါတယ်။ ကျွန်မ အတွက်တော့ ပြဿနာက ပြောင်းပြန်ပါ။ ကျွန်မတို့က ဂျူးတွေဆိုတော့ ကျွန်မရဲ့ကလေးတွေ အသိုက်အ၀န်း သေးသေးလေးထဲမှာ ကြီးပြင်းလာကြပြီး သူတို့ ကြီးလာလို့ အချင်းချင်း တွေ့ကြတဲ့ အခါ သွေးရင်းသားရင်း (ဇီဝဗေဒအရ) ညီအစ်ကို မောင်နှမ အရင်းတွေ ဖြစ်ကြတယ် ဆိုတာ မသိကြမှာ တွေးပူပါတယ်။

သိပ္ပံ စမ်းသပ်မှုတွေ အတွက် လှူလိုက်မယ် ဆိုပြန်ရင်တော့ မြင့်မြတ်တဲ့ လုပ်ရပ် တစ်ခုလို့ ထင်ရပါတယ်။ ကျွန်မရဲ့ အလှူကြောင့် ကလေးမရနိုင်တဲ့ သူတွေကို ကူညီဖို့ သက်ရောက်မှု တစ်ခုခု ရှိမယ်ဆိုပြီး စိတ်ကူးတွေ ယဉ်နေလို့ ရသေးတယ်။ သင်လည်း မြုံနေမယ်ဆိုရင်တော့ သင့်နားမှာ ပညာရှင်တွေ ဘာတွေ ညာတွေ တဆင့်ပြီး တဆင့် လုပ်နေတာကို သိပ် ဂရုစိုက်မိမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင် ကလေး မရခင် အထိတော့ ဒီလို လုပ်နေတာတွေ အားလုံးဟာ သက်ဆိုင်ရာ ပညာရှင်တွေသာ နားလည်နိုင်တဲ့ ဟာတွေပဲ ဖြစ်နေဦးမှာပဲ။ ဆေးပညာလောကမှာ တိုးတက် အောင်မြင်မှုတွေ ဖြစ်နေရင် သင်လည်း ပျော်မိမှာ သေချာပေါက်ပဲ။ ကိုယ်လိုချင်တာ ကလေးပဲ မဟုတ်လား။ ကလေးရသွားရင် ဘယ်လောက် ပျော်မယ်ဆိုတာ ကျွန်မ ကောင်းကောင်းကြီး သိတာပေါ့။ အဲဒီတော့ ကျွန်မရဲ့ လက်ဆောင် သားလောင်းလေးတွေဟာ လင်မယားတစ်တွဲအတွက် ဘယ်လောက်အထိ တာသွားမယ်ဆိုတာကို ကျွန်မ လျစ်လျူ မရှုထားရက်ပါဘူး။ ဒီအေးခဲထားတဲ့ သန္ဓေသား ၁၁ ခုဟာ ကျွန်မအတွက်လည်း ဘယ်လောက်အထိ အရေးပါလည်းဆိုတာ ခဏခဏ တွေးမိပါတယ်။ `တို့မှာ အုန်းမွှေးလုံး ၁၁လုံး ရှိသေးတယ်´ဆိုပြီး ကျွန်မတို့ လင်မယားက သူငယ်ချင်းတွေကို နောက်တတ်ပါတယ်။ အများကတော့ မျက်ခုံးပင့်ကြပါတယ်။ ကျွန်မတို့ နောက်ထပ် ကလေး ၁၁ ယောက် ရဖို့ အလားအလာ ရှိသေးတယ် တွေးထင်ကြပြီးတော့ပေါ့။
ဒါတွေကို သားလောင်းလေးတွေ အဖြစ်နဲ့သာပဲ ကျွန်မတို့ အချိန်အတော်ကြာတဲ့ အထိ လက်ခံထားပါတယ်။ မျိုးအောင်ပြီး ဆဲလ်လေးခု ပွားနေတဲ့ ဟာလေးတွေပေါ့။ သက်ရှိဖြစ်ဖို့ အလားအလာရှိပေမယ့် သူတို့ကိုယ်တိုင်ကတော့ အသက် မရှိသေးဘူး ရယ်ပေါ့။

ကလလရေကြည်ကနေ ကလေးတစ်ယောက် ဖြစ်ဖို့ ဖြတ်သန်းရမယ့် ကာလ တလျှောက်မှာ အခက်အခဲတွေ မျိုးစုံ ရှိပါတယ်။ အေးခဲထားတာကနေ အရည်ဖျော်တဲ့ အချိန်မှာလည်း အောင်မြင် ရှင်သန်ရမယ်။ ဓါတ်ခွဲခန်းရဲ့ အခြေအနေနဲ့လည်း ဆိုင်တယ်။ ပြုလုပ်ပေးမယ့် ပညာရှင်ရဲ့ ကျွမ်းကျင်မှုနဲ့လည်း ဆိုင်တယ်။ ပြီးတော့ ၀မ်းထဲကို ထည့်လိုက်ရုံနဲ့ သူတို့တွေ တွယ်ကပ်နေမယ် မထင်ပါနဲ့။ တွယ်ကပ်နေဦးတော့ ကိုယ်ဝန်က ပထမ သုံးလပတ်အထိ ခံဦးမှ။ ပုံမှန် ကိုယ်ဝန်ဆောင်ရင်တောင် ၆ ယောက်မှ တစ်ယောက်လောက်က တစ်ခုခု ဖြစ်တတ်သေးတယ်။

ဆေးလောကရဲ့ အမြင်မှာတော့ ကျွန်မတို့ သားလောင်းလေးတွေကနေ ကလေးတစ်ယောက် ဖြစ်ဖို့ အဝေးကြီးရယ်ပါ။ သားလောင်းကနေ သန္ဓေသားဖြစ်ဖို့တောင် တော်တော် ဝေးပါသေးတယ်။ သီအိုရီ အရဆိုရင်တော့ သူတို့ကို ဆက်လက်ရပ်တည်ခွင့် မပေးတာဟာ တားဆေးသောက်ပြီး တစ်လ တစ်လုံး ကြွေကျလာတဲ့ မျိုးဥတွေကို မျိုးအောင်ခွင့်မပေးတာနဲ့ စာရင် ပိုပြီး အကြင်နာတရား စာနာစိတ် ကင်းမဲ့ရာ ကျမယ် မဟုတ်တန်ရာပါဘူး။ ဒါလေးတွေဟာ ဆေးလောကရဲ့ အောင်မြင်ဆန်းကြယ်မှု တစ်ခုဖြစ်ပေမယ့် ကျွန်မတို့ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဘယ်လိုနည်းနဲ့မှ မဟုတ်သေးပါဘူး။

ကလေးမရခင် အထိတော့ ကျွန်မတို့ ဒီလိုပဲ တွေးထင်ခဲ့တာပဲ။ အခုတော့ ဖြစ်လာတဲ့ အရာတွေကြောင့် ကျွန်မတို့မှာ အံသြ တွန့်တုံ့ သွားပါပြီ။ သားလောင်းလေးတစ်ခုကို နောက်နှစ်မှာ အရည်ဖျော်ပြီး ၀မ်းထဲ ထည့်နိုင်တယ်။ ပိုပိုသာသာ ပြောရမယ်ဆို နောက်ဆယ်စုနှစ် တစ်ခုမှလည်း လုပ်နိုင်တယ်။ အခုအထိတော့ အချိန်အကြာဆုံး အေးခဲထားနိုင်တာ ၁၃ နှစ်ပါ။ ဒီလို အေးခဲတဲ့ နည်းပညာက တခြားနည်းပညာတွေနဲ့ ယှဉ်ကြည့်မယ်ဆို အစပဲ ရှိသေးတော့ နောင်ဆို ဒီထက်ပိုပြီး ထားနိုင်မှာ။ ဒေါက်တာဟေး ပြောတာကတော့ သီအိုရီအရဆို သားလောင်းလေးတွေကို အဆုံးမရှိ အေးခဲထားနိုင်တယ် ဆိုပဲ။

ဒီသားလောင်းလေးတွေကို အသက် သွင်းပေးရန်အတွက် ကျွန်မ နောက်ကျောလုံဖို့ တာဝန် ၀တ္တရားတွေ ရှိနေသလား။ ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်တဲ့ သူတွေကတော့ ခေါင်းငြိမ့်ကြမှာပဲ။ တရားဥပဒေမှာတော့ ဘယ်လို လုပ်ရမယ်ဆိုတာ တိတိပပ မဆိုထားပါဘူး။

ဒီလို ကိစ္စမျိုး ရင်ဆိုင်ရတာ ကျွန်မဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ သြစတြေးလျနဲ့ နယူးဇီလန်မှာ ခန့်မှန်းခြေအရဆိုရင် အေးခဲထားတဲ့ သားလောင်း ၁၂၀ ၀၀၀ ရှိပါတယ်။ သြစတြေးလျမှာတော့ ၅%လောက်ပဲ ဆေးသုတေသနအတွက် လှူတန်းလိုက်ပြီး ၂.၇%ကိုတော့ ဖျက်စီးလိုက်ပါတယ်။ ၁%ကိုပဲ သားမြုံတဲ့ သူတွေကို ပေးလှူလိုက်တာပါ။ ကျန်တာတွေကိုတော့ အမေ၀မ်းထဲထည့်လိုက်မလား သောင်မတင် ရေမကျဘဲ ဖြစ်နေမလားပဲ။ လူတော်တော်များများကတော့ ဘယ်လို လုပ်ရမယ် ဆိုတာကို မသိသေးပါဘူး။

ဒါဟာ ကျွန်မတို့ လင်မယားရဲ့ လက်ရှိ အခြေအနေပါ။ ကျွန်မတို့က သူများ လင်မယားကို ပေးလှူဖို့ကို တိမ်းညွတ်နေပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက် ချဖို့ ခက်ခဲနေပါသေးတယ်။ ကျွန်မ အကြောက်ဆုံး အရာကတော့ တစ်နေ့မှာ ကျွန်မကိုယ်တိုင်က ဒီသားလောင်းလေးတွေကို ပြန်သုံးချင်လာမှာပဲ။ အခု လေးယောက်ရှိနေတဲ့ Nuclear Family (မိဘနှစ်ပါးနဲ့ သားသမီးများသာ ပါသော မိသားစု) လေးနဲ့ ကျွန်မ ပျော်ပါတယ်။ အသက် ၄၅ နှစ်ကျမှ ကျွန်မ ကလေး အနှီးလဲပေးတာ လုပ်ရမှာ ကျွန်မ မတွေးဝံ့ပါဘူး။ အသိစိတ်ကလည်း စေ့ဆော်နေတာက မွေးစ ကလေးငယ်လေးတစ်ယောက်အတွက် ကျွန်မဟာ သိပ်အိုနေပြီလို့ ခံစားရတာပါပဲ။ အို ကျွန်မ စိတ်ပြောင်းသွားရင်ရော ဘယ်လို လုပ်မလဲ။ အခုလက်ရှိမှာတော့ အသက် ၄၀ ကျော် ၅၀ မှ ကိုယ်ဝန်ပြန်ဆောင်ရတာ မသက်မသာ ရှိနေမှာပဲလို့ ထင်နေတုန်းပဲ။ ဒါပေမယ့် ကျွန်မရဲ့ သန္ဓေသားလောင်း ကတော့ ကျွန်မ အသက် ၃၇ မှာ တုန်းက စပ်ထားတဲ့ အတိုင်းပဲ ရှိနေဦးမှာပါ။ ကျွန်မသာ အိုသွားမယ်။ သူတို့ကတော့ အိုမလာပါဘူး။ ကိုယ်ဝန်ရဖို့ အခွင့်အလမ်းကလည်း နောင် ၁၀ နှစ်မှာ ဆိုရင်တောင် အတူတူ နီးပါး ရှိနေဦးမယ်။ ဘယ်လို အနေအထားမှာ ဖြစ်ဖြစ် ကျွန်မမှာ အကြံကောင်းတွေ မရသေးဘဲ ဘာမှလည်း မလုပ်နိုင် ရှိနေပါတယ်။

အဲဒီလိုနဲ့ပဲ ကျွန်မတို့ လင်မယားမှာ ဒီသားလောင်းလေးတွေ အတွက် အကောင်းဆုံး ရလဒ်ကို ရတိပြတ် သဘောမတူနိုင် ဖြစ်နေပါတယ်။ ယေဘုယျအားဖြင့်တော့ ဒါလေးတွေဟာ သက်ရှိ အလားအလာလေးတွေ လောက်ပဲ မြင်နေချိန်မှာ သူတို့ကနေ ဖြစ်လာမယ့် ကလေးလေးတွေကိုလည်း မြင်ချင်နေစိတ်ကို ထိန်းမရ ပြန်ရော။ အဲဒါကပဲ ကျွန်မ သိပ္ပံ စမ်းသပ်မှုတွေ အတွက် လှူမယ့်ဟာကို တားဆီးနေတာပါ။ ကျွန်မရဲ့ နှလုံးတည်ရာ ဖြစ်တဲ့ ဒီကလေးလေးတွေကို တခြား လင်မယားဆီ စွန့်လွှတ်လိုက်ဖို့လည်း ကျွန်မ ဝေခွဲ မရ ဖြစ်နေတယ်။

ကျွန်မရဲ့ ခင်ပွန်းကတော့ သိပ္ပံသုတေသနတွေကို လှူဖို့ စိတ်အား ထက်သန်ပြီး လူအမြောက်အများကို ကယ်ဖို့ကို ပိုလုပ်ချင်နေပါတယ်။ ကျွန်မတို့ နှစ်ယောက်စလုံးကတော့ အခြေခံအားဖြင့် သူများကို ကူညီဖို့ စိတ်အား ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ကျွန်မတို့ အခုလို ဘာမျှ မလုပ်ဘဲ နေတာကတော့ ဘယ်သူကိုမှ ကူညီရာ ရောက်မှာ မဟုတ်ပါဘူး။

တစ်နေ့ကျရင်တော့ ကျွန်မတို့ရဲ့ ကလေးတွေကို သူတို့ကို ဘယ်လို့ ဖန်တီးခဲ့တယ်ဆိုတာ၊ ကျွန်မတို ဘယ်လို့ ခက်ခဲ ရုန်းကန်ခဲ့ရတယ်ဆိုတာကို ဇာတ်လမ်း အစအဆုံး ပြောပြရမယ်။ သူတို့ကို သန္ဓေမတည်ခင်ကတည်းက ဘယ်လောက်တောင် ယုယနေရတယ်ဆိုတာ သူတို သိလာမယ်။ ကျန်တဲ့ သားလောင်းလေးတွေ အတွက် ကျွန်မတို့ ဘယ်လို ဆုံးဖြတ်ချက်ချလိုက်တယ် ဆိုတာကို ပြောပြရင်တော့ သူတို့ ဘယ်လို ခံစားရမယ် မသိ။ တစ်လောကလုံးကရော ဘယ်လို မှတ်ချက်ချကြမလဲ။ ဖန်ပြွန်သန္ဓေနဲ့ ပတ်သတ်တဲ့ စာအုပ်တစ်အုပ်မှာ မိဘတွေက မျိုးရိုးဗီဇအရ ပြစ်မျိုး မှဲ့မထင်တွေ လိုချင်တာည ဖတ်လိုက်ရတယ်။ ဖန်ပြွန်သန္ဓေ နဲ့ဆိုင်တာ စိတ်ဝင်စားတဲ့ သူတွေ စုတွေ့တဲ့ နေရာမှာ သားဥပြွန် ထုတ်လိုက်ရတဲ့ အမေတွေ၊ ကင်ဆာနဲ့ ရင်ဆိုင်တိုက်ပွဲ ၀င်နေရတဲ့ သူတွေ၊ ယောက်ျားမှာ မျိုးရိုးလိုက်တတ်တဲ့ အသက်ရှုလမ်းကြောင်းပိတ် ရောဂါ ရှိတဲ့ သူတွေနဲ့ တွေ့နေရပါတယ်။ လူထုသဘောထားမှာ သာမန် အရပ်သားတွေ ပြောလေ့ရှိတာကတော့ ဖန်ပြွန်သန္ဓေသား မိဘတွေဟာ ဘုရားသခင်ကို လှည့်စား လက်တစ်လုံးခြား လုပ်နေတာပဲတဲ့။ သူတို့က ကျွန်မတို့ကို ဝေဖန်တိကပြု စီရင်ချက် ချနေတာရော ဒီလိုပဲ အတူတူ မဟုတ်ပါလား။

ကျွန်မတို့ ဖန်ပြွန်သန္ဓေသား မိဘတွေ လိုအပ်တာ အတူတူပါပဲ။ ကျွန်မတို့ မိသားစုလေး တစ်ခု လိုချင်တယ်။ ကလေးကို သားချော့တေးဆိုပြီး သိပ်မယ့်၊ တီတီတာတာ သံလေးတွေကို နားလည်ချင်တဲ့၊ ကိုယ့်ကလေးကို ကိုယ် ကစားကွင်း ခေါ်သွားချင်တဲ့ သာမန်လူတွေလိုပဲ ဖြစ်ချင်တယ်။ ကျွန်မတို့ သူသူငါငါလိုပဲ ဖြစ်တည်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့မှာ အခက်ခဲ အနက်နဲဆုံး ပုစ္ဆာကို ဖြေရှင်းရတော့မယ်။ ဒါဟာ မိသားစု တစ်ခုဖြစ်ဖို့အတွက် လုပ်ရတာ ဆိုရင်တော့ ကျွန်မတို့ အဆင်ပြေစွာ လက်ခံနိုင်ပါတယ်။



"Embryos: Our Gift" by Anonymous - Reader’s Digest (Australian Edition) January 2008 ကို ဘာသာပြန်သည်။

Tuesday, December 25, 2007

Bruce Willis နဲ့ ကလေးများ

Bruce Willis လို့ ပြောလိုက်ရင် Die Hard ရုပ်ရှင်တွဲထဲက NYPD က ရဲစုံထောက် Jonh McClane ကို ပြေးမြင်ကြမှာပဲ။ Demi Moore ခေတ်ကို မီလိုက်တဲ့ သူတွေကတော့ သူမရဲ့ ယောက်ျားအဖြစ်လည်း သိကြပါတယ်။ သူ့ကို သတိထားမိတာ Pulp Fiction ကား ကတည်းကပါ။ နောက်ပြီး သူ့ကို ကြိုက်သွားတာ The Jackal ထဲမှာပါ။ Richard Gere နဲ့ အပြိုင် First Lady ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ကြေးစား လူသတ်သမား အဖြစ်နဲ့ပါ။ The Fifth Element တို့ Twelve Monkeys တို့ကို ကြည့်ဖူးပေမယ့် နားလည်း မလည်ဘဲ နောက်တစ်ခေါက်လည်း ထပ်ကြည့်ခွင့် မကြုံသေးပါဘူး။ ရုပ်ရှင်ကားတော်တော် များများမှာ ခပ်ကြမ်းကြမ်း သရုပ်ဆောင်တော့ သူ့ကို အက်ရှင် မင်းသားတစ်ယောက် အနေနဲ့ပဲ မြင်ကြပါတယ်။ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ထားပေမယ့် သူ့ရဲ့ နူးညံ့တဲ့ နှလုံးသားကို မှတ်မှတ်ရရ ဖြစ်နေကြတာကတော့ ဥက္ကာပျံကြီးကို နျူကလီယားဗုံး သွားထောင်ကြတဲ့ Armageddon ထဲမှာ သူ့သမီးအတွက် သားမက်လောင်းနဲ့ နေရာချင်းလဲပြီး အသေခံသွားတာပါပဲ။ Aero Smith ရဲ့ I don’t want to miss a thing သီချင်းကလည်း ပို့တယ်လေ။

Bruce Willis ဟာ ကလေးတွေနဲ့ ရောပြီးတော့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား တစ်ချို့ကို သတိထားမိပါတယ်။ လူတိုင်း သိကြတာကတော့ ကလေးသရုပ်ဆောင် (Cole Sear အဖြစ်) Haley Joel Osment နဲ့တွဲ သရုပ်ဆောင်ထားတဲ့ The Sixth Sense ပါပဲ။ အဲဒီ ဇာတ်လမ်းမှာ Bruce Willis က ကလေး စိတ်ရောဂါကု ဆရာဝန် အဖြစ် သရုပ်ဆောင်ပါတယ်။

I see dead people..... all the time
လို့ ပြောသလို Cole ခမျာ တမလွန်က လူတွေကိုပဲ တွေ့တွေ့နေရတော့ ကြောက်ပြီး စိတ်ပျက်လာလို့ သူက တစ်ချိန်လုံး Cole နားမှာ နေပြီး ဒီလို အဖြစ်မျိုး ပျောက်သွားအောင် ကုစားပေးဖို့ ကြိုးစားတာပါ။ Haley Joel Osment က အော်စကာဆု ရအောင် ပြောင်ပြောင် မြောက်မြောက် သရုပ်ဆောင်သွားပါတယ်။ ပထမဆုံး ကြည့်တဲ့ အချိန်မှာ တော်တော် ကြောက်စရာ ကောင်းပါတယ်။ ဇာတ်လမ်းကလည်း ရိုးရိုးလေးနဲ့ဆန်း ဇာတ်ညွှန်းနဲ့ ရိုက်ထားတာလည်း ကောင်းတော့ တော်တော် ပေါက်သွားတဲ့ ကားပါ။ ဇာတ်လမ်းတစ်ခုလုံး ဆွဲခေါ်လာပြီး အဆုံးသပ်မှာမှ ဇာတ်က မထင်မှတ်ထားတာ ဖြစ်သွားလို့ ကြည့်ပြီး တသသ ဖြစ်ရတဲ့ ကားပါ။ (ဒီလိုမျိုး Twist ကောင်းပြီး ကြောက်စရာ ကောင်းတဲ့ နောက်တစ်ကားကတော့ The Others ပါ။) Bruce Willis က ပုံမှန်ပဲ သရုပ်ဆောင်သွားပြီး ၀င်ငွေ သန်းတစ်ရာကျော် ပိုက်သွားတာပါ။ ဒါဟာ Hollywood က မင်းသားတွေ အတွက် တစ်ကားချင်း ၀င်ငွေ အများဆုံးပါ။ Tom Hanks ရဲ့ Forrest Gump မှာ ရတဲ့ ၀င်ငွေ စံချိန် ချိုးလိုက်ပေမယ့် ကျွန်တော်ကတော့ Tom Hanks သရုပ်ဆောင်တာ ပိုရထိုက်တယ် ထင်ပါတယ်။ ဒီကားကြည့်ပြီး ဒါရိုက်တာ M. Night Shyamalan ကို ကြိုက်သွားပေမယ့် သူရဲ့ နောက်ကားတွေ အားလုံးမှာ အတွေးအခေါ်တွေ၊ ဇာတ်ညွှန်း ဇာတ်ကွက်တွေက ထပ်နေတော့ မကြိုက်တော့ပါဘူး။

ဒီကားပြီး နောက်တစ်နှစ်မှာပဲ သူ့ကို ကလေးလေး တစ်ယောက်နဲ့ တွဲပြီး ရိုက်တဲ့ကားကတော့ The Kid ပါ။ ဒီကားက ဇာတ်လမ်းလေးက ကောင်းပေမယ့် ကြည့်ရတာတော့ သိပ်မသွက်လှပါဘူး။ သူက အောင်မြင်တဲ့ Image Consultant လုပ်တဲ့ Russel အဖြစ် သရုပ်ဆောင်ပါတယ်။ အရမ်းအောင်မြင်ပြီး ချမ်းသာတယ်ပေါ့။ ဒီလိုနဲ့ နေလာရင်း တစ်နေ့မှာ သူ့အိမ်ထဲကို ကလေးလေး တစ်ယောက် ၀င်လာပြီး နေနေတယ်။ ဟိုသွား ဒီသွားလုပ်လည်း ဒီကလေးလေးကို မြင်နေတော့ စိတ်ချောက်ချားနေတယ် (Hallucination ဖြစ်နေတယ်) ဆိုပြီး စိတ်ရောဂါကုတွေ ဘာတွေနဲ့ ပြသေးတယ်။ ဒါပေမယ့် ကလေးလေးက သူအိမ်မှာ နေတယ်။ TV ကြည့်တယ်၊ မုန့်စားတယ်၊ ဆော့တယ်။ နောက်တော့မှ ဒီကလေးလေးဟာ သူ့ငယ်စဉ်ဘ၀ ဖြစ်နေပြီး Rusty တဲ့။ Rusty အဖြစ် ပါးဖောင်းဖောင်းနဲ့ ချစ်စရာ ကောင်လေး Spencer Breslin က သရုပ်ဆောင်ထားတာပါ။
I have forgotten my childhood. It's in the past where it belongs
ဆိုပြီး ငယ်စဉ် ကလေးဘ၀ကို မေ့နေတဲ့ Russ က Rusty ကို သူ့အတိတ် အကြောင်းတွေမေး၊ Rusty ကလည်း သူကြီးလာရင် ဘာဖြစ်မလဲဆိုတာကို Russ ကိုမေးမြန်းရင် စကားပြောကြတာပေါ့။ ကောင်လေးက သူကြီးလာရင် သူဖြစ်ချင်တဲ့ လေယာဉ်မှူး ဖြစ်လာသလားဆိုတော့ Russ ကလည်း မဖြစ်နေ၊ သူပိုင်ဆိုင်ချင်တဲ့ ခွေးတစ်ကောင် ပိုင်ရဲ့လားဆိုတော့လည်း Russ က ခွေးတစ်ကောင်တော် နိုင်အောင် မမွေးနိုင်တော့ ကောင်လေး Rusty က သူ့ရဲ့ လူကြီးဘ၀ Russ ကို တော်တော် စိတ်ပျက်သွားတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ Russ က သူကလေးဘ၀တုန်းက ဖြစ်ချင်ခဲ့တဲ့ လေယာဉ်မှူး ဖြစ်အောင်လုပ်ဖို့ ကြိုးစားမယ်၊ ခွေးတစ်ကောင်မွေးတယ်။ သူ့ကလေးဘ၀ အိပ်မက်ကို အကောင်အထည် ဖော်ဖို့ ကြိုးစားတော့တယ်။ Walt Disney က ရိုက်ထားတဲ့ ကလေးကားပေမယ့် လူကြီးတွေ အတွက်လိုပါပဲ။ လူကြီးတွေဟာ ကလေးဘ၀ရဲ့ အိပ်မက်တွေကို အကောင်အထည် ပေါ်အောင် ကြိုးစားသင့်တယ်လို့ ပြောချင်ပုံပဲ။ ကလေးရော လူကြီးရော သရုပ်ဆောင်တာ သိပ်မကောင်းပေမယ့် ဇာတ်လမ်းလေးက ကောင်းပါတယ်။

The Sixth Sense မတိုင်ခင် တစ်နှစ် ၁၉၉၈ မှာ ရိုက်ထားတာ Mercury Rising ပါ။ ဇာတ်လမ်းက ချာပေမယ့် ကလေးသရုပ်ဆောင် Miko Hughes က သရုပ်ဆောင်ထားတာ ကောင်းလို့ ကြိုက်တာပါ။ ဒီကောင်လေးဟာ ငယ်ငယ်လေးကတည်း အာနိုးရဲ့ Kindergarten Cop မှာ “Boys have a penis, girls have a vagina” ဆိုပြီး ပြောတဲ့ ကလေးလေးပါ။ ဒီကားမှာတော့ သူက NSA (National Security Agency) က လျှို့ဝှက် သင်္ကေတတွေကို ဖော်ထုတ်မိသွားတဲ့ Autistic Savant အဖြစ် သရုပ်ဆောင်ထားပါတယ်။ Autistic တွေဟာ ဦးနှောက်ဖွံဖြိုးမှု ပုံမှန် မဖြစ်လို့ ကျပ်မပြည့်သလို ဖြစ်ပြီး သူတို့ စိတ်ဝင်စားမှုဟာ အင်မတန်မှ သတ်သတ်မှတ်မှတ် (အကန့်အသတ်) ရှိလှပါတယ်။ Autistic Savant တွေကြတော့ အဲဒီလိုမျိုး ဖြစ်နေပေမယ့် လူတကာတို့ မစွမ်းဆောင်နိုင်တဲ့ အရာတွေ လုပ်နိုင်ပါတယ်။ Documentary တစ်ခုမှာ ကြည့်ဖူးတာကတော့ အဲဒီလူမှာ Photographic Memory (Eidetic memory) ရှိနေသလိုပဲ။ မြို့တစ်မြို့ကို ရဟတ်ယာဉ်နဲ့ ပတ်ကြည့်ပြီး ခဏနေတော့ ခဲပန်းချီ ပြန်ဆွဲတာ ပျံနေတဲ့ ငှက်ကအစ အကုန် ပြန်ဆွဲနိုင်တယ်။ ဒီလို မှတ်ဉာဏ်မျိုး ၁၀တန်းတုန်းက လိုချင်ခဲ့ပေမယ့် ဒီကားကြည့်ပြီးတော့ မလိုချင်တော့ပါဘူး။ ရုပ်ရှင်ထဲကလို အဓိပ္ပါယ်မရှိ NSA ကလိုက်သတ်မှာ စိုးလို့ မဟုတ်ပါဘူး။ ဒီလို ပါရမီမျိုးရှိတဲ့ သူတွေက တစ်ဖက်မှာလည်း ဆုံးရှုံးမှုတွေ ရှိနေတာ တွေ့လိုက်ရလို့ပါ။ Bruce Willis က ဒီကလေးလေးကို ကာကွယ် စောင့်ရှောက်ရတဲ့ ရဲအရာရှိပါ။ NSA အရာရှိ အဖြစ် သရုပ်ဆောင်တဲ့ Alec Baldwin ထက် ကောင်းပေမယ့် Autistic Savant အဖြစ် ပင်ပင်ပန်းပန်း သရုပ်ဆောင်ထားတဲ့ ကလေးလေးလောက်တော့ မမီဘူးလို့ ထင်တာပဲ။

Bruce Willis ဟာ ကျွန်တော် အကြိုက်ဆုံး သရုပ်ဆောင် မဟုတ်ပေမယ့် ကြည့်လို့ ကောင်းအောင် ပင်ပင်ပန်းပန်း သရုပ်ဆောင်တဲ့ မင်းသားတစ်ယောက်ပါပဲ။ အော်စကာဆု မရဘူးသေးပေမယ့် Hollywood မှာတော့ အထင်ကရ သရုပ်ဆောင် တစ်ယောက်ပါပဲ။ အမျိုးသမီးထုရဲ့ အသည်းစွဲ မဟုတ်ပေမယ့် ယောက်ျားတွေလည်း ကြည့်တဲ့ မင်းသားတစ်လက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် ကလေးတစ်ယောက်နဲ့ တွဲပြီး သရုပ်ဆောင်မယ့် သူရဲ့ ရုပ်ရှင်ကား တစ်ကားကိုတော့ ကြည့်ချင်ပါသေးတယ်။

Saturday, December 22, 2007

နေထွက်ပျင်းတဲ့ စင်္ကာပူ

စင်္ကာပူမှာ နေထွက်တာ နောက်ကျတာ ရောက်စကတည်းက သတိထားမိပါတယ်။ အဲဒီတုန်းက မြောက်ဖက်မှာ နေတော့ တောင်ဘက်အရပ်က CBDနားမှာ ရှိတဲ့ အလုပ်နဲ့ တော်တော် လှမ်းလို့ ရထား ၁ နာရီလောက် စီးရပါတယ်။ ပြီးတော့ အလုပ် လုပ်ခါစဆိုတော့ တက်ကြွတဲ့ ကြက်ဖပေါ့။ မနက် ၈ နာရီခွဲဆို ရုံးကို ရောက်အောင် သွားတယ်။ အဲဒီတော့ မနက်ဆို အနည်းဆုံး ၇ နာရီလောက် ထရတယ်။ တစ်ခါတစ်လေ ၆ နာရီခွဲလောက် ၇ နာရီ မတ်တင်းလောက်ဆို နိုးနေပြီ။ နိုးတာနဲ့ အပြင်ကို ကြည့်လိုက်ရင် မိုး မလင်းသေးဘူး။ နေရောင်ကလည်း မတွေ့သေးဘူး။ အောက်ကို ကြည့်လိုက်ရင် အလုပ်သွားမည့်သူတွေက ကုတ်ကုတ် ကုတ်ကုတ်၊ ကျောင်းသွားမည့် ကလေးတွေက သုတ်သုတ် သုတ်သုတ်နဲ့။ ဒီအချိန်မှာ ရှိတဲ့ အလင်းရောင်နဲ့ အနွေးဓါတ်က ရန်ကုန်မှာဆိုရင် ၅နာရီခွဲ ကျော်ကျော်လောက်မှာ ရှိတာမျိုး။ တစ်ခုလိုနေတာကတော့ `ပဲ...........ပြုတ်´ ဆိုတဲ့ အသံ။

နည်းနည်း စောနေတာ စိတ်ထင်လို့တော့ မဟုတ်။ တစ်ခုခုတော့ မဟုတ်သေးဘူးလို့ သံသယ ရှိမိတယ်။ ဒီလိုနဲ့ အသိ တစ်ယောက်နဲ့ စကားပြောတော့ သူက ဟုတ်တယ်တဲ့။ စင်္ကာပူက မလေးရှား၊ ဟောင်ကောင်နဲ့၊ ထိုင်ဝမ်တို့နဲ့ ညှိထားတာတဲ့။ ဒါမှ စီးပွားရေးလုပ်ရတာ အဆင်ပြေမှာတဲ့။ အင်းလေ စင်္ကာပူဆိုတာလည်း မလေးရှားကနေ ခွဲထွက်လာတာ ဆိုတော့ ဟုတ်မှာပေါ့။ ပြီးတော့ စင်္ကာပူက ဟောင်ကောင်တို့ ထိုင်ဝမ်တို့ဆို ပြိုင်ဖက်လိုလို၊ အတုယူသလိုလို ဆိုတော့ ဟုတ်မှာပါလေလို့ ထင်ထားတယ်။ ကျွန်တော်တို့ ရုံးကလည်း အဲဒီ နိုင်ငံတွေမှာ ရုံးခွဲရှိတော့ စံတော်ချိန်တွေ တူနေတာ အလုပ်လုပ်လို့ တော်တော် အဆင်ပြေတော့ ကျေးဇူးတောင် တင်မိသေး။ မောင်မင်းကြီးသားများ အမြော်အမြင် ကြီးကြ ပါပေတယ်လို့။

စင်္ကာပူရဲ့ အခု စံတော်ချိန်က ဂရင်းနစ် စံတော်ချိန် + ၈း၀၀ နာရီပါ။ အမှန်အကန် စံတော်ချိန်က ဘယ်လောက် ဖြစ်သင့်လဲ ဆိုတာကိုတော့ သူရဲ့ တည်နေရာနဲ့ တွက်ကြည့်မယ်။ ကမ္ဘာကြီးကို ဖရဲသီးစိတ်သလို ၂၄ နာရီအတွက် ၂၄စိတ် စိတ်လိုက်ရင် တစ်စိတ်စီဟာ ၁၅ ဒီကရီ ရှိမယ်။ (၃၆၀/၂၄ = ၁၅)။ ဆိုတော့ကာ ၁၅ ဒီကရီ ခြားသွားတိုင်း ၁နာရီစီ ကွာသွားမယ်။ စင်္ကာပူက အရှေ့လောင်ဂျီကျု ၁၀၃ ဒီကရီ ၄၈ မိနစ်မှာ ရှိတော့ အနီးကပ်ဆုံး ၁၀၅ ပဲ ထားပါတော့။ ၁၀၅ ကို ၁၅ နဲ့ စားလိုက်ရင် ၇ ရတော့ စင်္ကာပူက ဂရင်းနစ်စံတော်ချိန် + ၇ နာရီ ဖြစ်ရမယ့် သဘောပေါ့။ ဒါဆိုရင်တော့ ၁နာရီလောက် သိသိသာသာကြီး စောနေတာပဲ။ ရန်ကုန်က အရှေ့လောက်ဂျီကျု ၉၇ (နီးနီး) ပေါ်မှာ ဆိုတော့ ၉၇/၁၅= ၆.၄၇ ဖြစ်လို့ အနီးကပ်ဆုံး ၆.၅ နာရီ၊ ဒါဆို ဂရင်းနစ် +၆နာရီခွဲ ဆိုတာ တော်တော်ကြီး နီးစပ်ပြီး မှန်ပါတယ်။ တကယ်ဆို စင်္ကာပူနဲ့ ရန်ကုန်က နာရီဝက်ပဲ ကွာရမှာပါ။ အခုတော့ ၁ နာရီခွဲ ကွာနေတယ်။

တချို့နိုင်ငံတွေမှာ နွေရာသီဆို Daylight Saving ဆိုပြီး နာရီတွေကို တစ်ရာသီစာ ခဏ စောလိုက်တယ်။ ၁ နာရီလောက်ပေါ့။ နေစောစောထွက်တော့ နေအလင်းရောင်ကို ပိုသုံးလို့ ရအောင် စံတော်ချိန်တွေကို စောလိုက်တယ်။ အခု ဒီဇင်ဘာလကလည်း ဆစ်ဒနီမှာ နွေရာသီထဲမှာ ဆိုတော့ Daylight Saving ရှိတယ်။ ဒီလို ပြောင်းထားလည်း မနက် ၆ နာရီတောင် မထိုးသေးဘူး နေရောင်က ရနေပြီ။ ည ၈ နာရီကျော်မှ မှောင်တယ်။ စွမ်းအင်ရင်းမြစ် မရှိတဲ့ စင်္ကာပူက နေအလင်းရောင်ကို ပို အသုံးချ ရအောင်ရယ်၊ တစ်နှစ်ပတ်လုံး နွေရာသီဖြစ်နေတဲ့ အတွက် အမြဲတမ်းပဲ ၁ နာရီ စောထားတာများလား တွေးမိတယ်။

တလောကမှ Web Page တစ်ခုမှာ တွေ့မိတော့မှ ဘာကြောင့် စင်္ကာပူမှာ နေထွက် နောက်ကျတာ (အချိန် နည်းနည်း စောနေတာ) တွေ့တော့တယ်။ ပုံမှာ တွေ့တဲ့ အတိုင်း စင်္ကာပူနဲ့ မလေးရှားက တကယ်ဆို +၇နာရီ အချိန်မျဉ်းပေါ်မှာ ရှိနေလျက်နဲ့ +၈နာရီ ဆိုပြီး ကျူးကျူးကျော်ကျော် ဖြစ်နေတယ်။ Time Zone အမှားကြီး ဖြစ်နေတယ်။ ဘာဖြစ်လို့ ဒီလို ဖြစ်နေလည်း ဆိုတော့ စင်္ကာပူက အနောက်မလေးရှား (West Malaysia) ရဲ့အချိန် အတိုင်းလိုက်ပြီး အနောက်မလေးရှားကလည်း အရှေ့မလေးရှားရဲ့ အချိန်ကို လိုက်ယူ သုံးလို့ပါတဲ့။

အစတုန်းက ကျွန်တော်က မလေးရှားလို့ ပြောလိုက်ရင် မလေးကျွန်းဆွယ်မှာ ရှိနေတဲ့ အနောက် မလေးရှားကိုပဲ သိတယ်။ ဟိုးအရှေ့ဘက် ဘော်နီယို ကျွန်းပေါ်က အရှေ့ မလေးရှားဆိုတာ ရှိတယ် ဆိုတာကို လုံးဝ မသိဘူး။ အဲဒီ ဘော်နီယို တစ်ကျွန်းလုံးကို အင်ဒိုနီးရှား အပိုင်လို့ပဲ ထင်နေတာ။ နောက်မှ အဲဒီ ကျွန်းပေါ်မှာ သူဌေးနိုင်ငံ ဘရူနိုင်းဆိုတာ ရှိမှန်း သိပြီး၊ နောက်တော်တော် ကြာမှ အဲဒီကျွန်းကို အင်ဒိုနီးရှားနဲ့ မလေးရှားက တစ်ယောက် တစ်ဝက် နီးပါး ပိုင်မှန်း သိလာတာ။ အဲဒီ အပိုင်းကိုတော့ အရှေ့ မလေးရှားတဲ့။ စင်္ကာပူရောက်မှ Travel and Tour တွေမှာ တွေ့မှ အဲဒီမှာ (တရုတ်ပြည်က ကူမင်းနဲ့ မှားမှားနေတဲ့) Kuching တို့ Mt. Kinabalu ဆိုတဲ့ တောင်တွေ ရှိမှန်းသိလာတယ်။ နောက်ပိုင်း ဂျစ်တူးက သူ့ဘလောက်မှာ သူခရီးသွားတဲ့ အကြောင်း ရေးထားမှ အဲဒီတောင်အကြောင်း နည်းနည်းသိလာပြီး သွားလည်ချင်စိတ်တွေ ပေါ်လာလို့ အရှေ့ မလေးရှား ဆိုတာ ပိုရင်းနီးလာတာ။

စင်္ကာပူရဲ့ စံတော်ချိန်တွေက ကာလ၊ အုပ်ချုပ်သူ အလိုက် အမျိုးမျိုး ပြောင်းလဲနေတယ်။ အောက်မှာ တွေ့တဲ့အတိုင်း ပါပဲ။

Until 1905 May 31.....................(+ 6hr 55m 25s)
1905 Jun 01 - 1932 Dec 31.............(+ 7hr 00m 00s)
1933 Jan 01 - 1941 Aug 31.............(+ 7hr 20m 00s)
1941 Sep 01 - 1942 Feb 15.............(+ 7hr 30m 00s)
1942 Feb 16 - 1945 Sep 12.............(+ 9hr 00m 00s)
1945 Sep 13 - 1981 Dec 31.............(+ 7hr 30m 00s)
1982 Jan 01 - Present.............(+ 8hr 00m 00s)

ဟိုး စစချင်းတုန်းကတော့ အတိအကျတွက်ပြီး အဲဒီ စံတော်ချိန် (+၆း၅၅း၂၅) ကို Singapore Mean Time အဖြစ် သတ်မှတ်ပြီး မလေးရှားက ပီနန်းတို့၊ မလက်ကားတို့ကပါ လိုက်သုံးကြတယ်။ ဆက်စပ်နေတဲ့ ရထားလမ်းတွေ၊ စာပို့စနစ်တွေ၊ ကြေးနန်းစနစ်တွေမှာ အချိန်တူတူ သုံးတော့ ပိုပြီး အဆင်ပြေတာပေါ့။

၁၉၀၅ ကျတော့ (အပေါ်မှာ တုန်းက တွက်သလို့) အရှေ့လောင်ဂျီကျု ၁၀၅ ဒီကရီ မျဉ်းနဲ့ ယူပြီး စံသတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားဖြစ်အောင် +ရး၀၀ ပြောင်းလိုက်တယ်။

၁၉၂၀ ကျတော့ အင်္ဂလန်မှာလိုပဲ Daylight Saving လုပ်မယ်ဆိုပြီး မိနစ် ၃၀ စောဖို့ အဆိုတင်သွင်းကြတယ်။ အဲဒီမှာ ၃၀ဆို သိပ်များလွန်းတယ် ၂၀ မိနစ်ထား ဆိုပြီး ဈေးဆစ်တော့ ၁၉၃၂ မှာ +၇း၂၀ ဆိုပြီး ဖြစ်သွားတယ်။

၁၉၄၁ ကျတော့ နောက်ထပ် ၁၀ မိနစ်ထပ်စောပြီး +၇း၃၀ လုပ်ကြပြန်တယ်။

၁၉၄၂ မှာ ဂျပန်တွေ စင်္ကာပူကို သိမ်းလိုက်တော့ သူတို့ ဂျပန် စံတော်ချိန် ဖြစ်တဲ့ +၉း၀၀ ကို ပြောင်းချလိုက်လို့ နောက်ထပ် ၁ နာရီခွဲ ထပ်စောရပြန်တယ်။

၁၉၄၅ မှာ ဂျပန်တွေ လက်နက်ချမှ မကျူးကျော်မီက စံတော်ချိန်ဖြစ်တဲ့ +၇း၃၀ ကို ပြန်ပြောင်းကြတယ်။

ဒီလိုနဲ့ နေလာလိုက်တာ ၁၉၈၁ မှာ မလေးရှားက အရှေ့ဖက် မလေးရှားမှာ သုံးနေတဲ့ +၈း၀၀ ကို ပြောင်းချလိုက်တော့ စင်္ကာပူက သူလိုက်မပြောင်းရင် မဖြစ်ပြန်တော့ သူ့စံတော်ချိန်ကို နာရီဝက် ထပ်စောရ ပြန်ရော။

ဒီလိုနဲ့ပဲ စင်္ကာပူနဲ့ ရန်ကုန် ဖုန်းဆက်ရင် ၁နာရီခွဲ နှုတ်နှုတ်နေရတော့တယ်။

အာဆီယံနိုင်ငံတွေမှာက မြို့တော်တွေက အချိန်ဇုန် +၇ မှာ တော်တော် များများရှိပြီး +၈မှာ နှစ်မြို့နဲ့ +၆မှာ တစ်ခုရှိတယ်။ အဲဒါကို မြို့တော်တွေကို အချိန်တူတူထားပြီး လုပ်ကြမလို့ သောက်ရူးထ ကြသေးတယ်။ တော်သေးတယ် မပြောင်းလိုက်လို့။ ကျွန်တော်တို့ရဲ့ နေပြည်တော်မှာလည်း မင်းတြားကြီးက စံတော်ချိန်ကို +၆း၃၀ ကနေ မပြောင်းဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။



ဒီ Web Page တစ်ခုလုံးကို ကိုးကားပါတယ်။

Sunday, December 16, 2007

ချက်ကြိုး

မနေ့က ဒီကာတွန်းလေး သွားတွေ့ပြီး သမီးလေး မွေးတုန်းက ချက်ကြိုးကို ဖြတ်ပေးရတာ သတိ ရသွားတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ ဆရာဝန်က ကတ်ကြေးပေးလို့သာ တုန်တုန် တုန်တုန်နဲ့ ညှပ်လိုက်တယ် တကယ်တော့ ဘာလုပ်ရမှန်းကို မသိပါဘူး။ Rod Stewart သူ့သမီးလေး မွေးတုန်းက အကြောင်းပြန်ပြောတော့ `ချက်ကြိုးကို ကျွန်တော်ကိုယ်တိုင် ဖြတ်ပေးခဲ့တာဗျ´လို့ ၀င့်ဝင့် ကြွားကြွား ပြောတာကို မဟေသီမှာ ဖတ်လိုက်ရသေးတယ်။ ချက်ကြိုးက သန္ဓေသားအတွက် အရေးကြီးပါတယ်။ ကလေးအတွက် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အဟာရကို ချက်ကြိုးကနေပဲ သယ်ပေးရတာပါ။ ချက်ကြိုးမှာ သွေးလွှတ်ကြော (Artery)နှစ်ခုနဲ့ သွေးပြန်ကြော (Vein) တစ်ခုပါပါတယ်။ ပုံမှန်ဆို သွေးလွှတ်ကြောတွေက အောက်ဆီဂျင်ပါတဲ့ သွေးကို သယ်ပေးပေမယ့် ချက်ကြိုးက သွေးလွှတ်ကြောကတော့ ကလေးဆီက ပြန်လာတဲ့ အောက်ဆီဂျင်မဲ့ သွေးတွေကို သယ်လာပေးတာပါ။ နှလုံးကနေ အဆုတ်ကို သွေးညစ်တွေ (အောက်ဆီဂျင် မရှိတော့တဲသွေးတွေ) သယ်သွားတဲ့ သွေးလွှတ်ကြောလို့ပါပဲ။ အဆုတ်ထဲမှာမှ အောက်ဆီဂျင်တွေ ရပြီး အဆုတ်သွေးပြန်ကြောကနေ သွေးသန့်တွေ ပြန်သယ်လာသလို ချက်ကြိုးက သွေးပြန်ကြောကလည်း ကလေးအတွက် အောက်ဆီဂျင် ပါတဲ့ သွေးတွေကို သယ်သွားပေးတာပါ။ အချင်းနဲ့ လွယ်မွေးတဲ့ နို့တိုက် သတ္တ၀ါတွေမှာတော့ ချက်ကြိုးက အဓိကပါပဲ။ ချက်ကြိုး တိုလို့ ခွဲမွေးလိုက်ရတာတို့၊ ချက်ကြိုးက ကလေးရဲ့ လည်ပင်းမှာ ပတ်နေတာတို့ကို ကြားဖူးနေပေမယ့် ကံကောင်းလို့ သမီးလေးမှာတော့ အဆင်ပြေပါတယ်။

ဒီလောက် အရေးကြီးတဲ့ ချက်ကြိုးကို အခုခေတ်မှာ ကြိုးမဲ့တွေ ခေတ်စားလွန်းလို့ ထိထိမိမိ သရော်ထားတဲ့ ကာတွန်း ဆရာကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ တော်တော်များများက အိမ်မှာ Cordless Phone တွေ သုံးနေပေမယ့် ကျွန်တော်တို့ အိမ်မှာတော့ အသုံးနည်းလို့ ၁၀ လောက်ပေးရတဲ့ ပေါပေါပဲပဲ ဖုန်းကို တပ်ထားပါတယ်။ အဲ.. ကွန်ပြူတာက Mouse ကိုတော့ ကျွန်တော်က ဘယ်သန်တော့ ဘယ်ဘက်မှာ ထားသုံးလိုက် မိန်းမက သုံးတော့ ညာဖက် ပြန်ရွှေ့လိုက်နဲ့ ကြိုးတွေက လိမ်ကုန်တာနဲ့ Mouse ကိုတော့ Cordless သုံးရပြန်တယ်။ အခုနောက်ပိုင်း အင်တာနက် ချိတ်တဲ့သူတွေ (အထူးသဖြင့် စင်္ကာပူမှာ တွေ့ဖူးတာ)တစ်အိမ်ထဲမှာ လူအများနဲ့ ရှယ်သုံးကြတော့ Wireless Router တွေသုံးကြတယ်။ စင်္ကာပူမှာကတော့ လေဆိပ်မှာမှ မဟုတ်ပါဘူး ကုန်တိုက်တွေကနေ ကော်ဖီဆိုင်၊ ဘာဂါဆိုင်အထိ Wireless Internet (Wi-Fi) တွေ ရနေတော့ အိမ်မှာ သုံးကြတာ အဆန်းတော့ မဟုတ်ပါဘူး။ အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ဖုန်စုပ်စက်တို့၊ မွှေစက် (Blender) တို့လည်း Cordless ဖြစ်လာတယ်။ ဘယ်ဟာပဲ ဖြစ်ဖြစ် Cordless ပစ္စည်းတွေကတော့ လိုအပ်တဲ့ ဓါတ်အားအတွက် ဘက်ထရီ ကောင်းကောင်း တပ်ထားမှ အလုပ် လုပ်ပါမယ်။

လူတွေ (သန္ဓေသားလေးတွေ) ရော Cordless ဖြစ်ရင် ဘယ်လို ဖြစ်မလဲ။ ကြက်ကလေး ငှက်ကလေးတွေလိုပဲ ကြက်ဥထဲမှာ အကာအနှစ်တွေ စားပြီး ကြီးပြင်း ပေါက်ဖွားရမလား။ တကယ်တော့ လူသန္ဓေသားလေးတွေလည်း စစချင်းမှာ အဲဒီလို အနှစ်အကာတွေကို စားပြီးမှ ချက်ကြိုးက ဖြစ်လာတာပါ။ (သြစတြေးလျရဲ့ အမှတ်အသား တစ်ခု ဖြစ်တဲ့) သားပိုက်ကောင်တို့၊ ကိုအာလာ (Koala) တို့မှာလည်း သန္ဓေသားလေးတွေဟာ ဒီလိုပဲ အကာအနှစ်လေးတွေ စားပြီး စ လာပေမယ့် ချက်ကြိုးက မရှိတော့ ကိုယ်ဝန်လွယ်ချိန် တိုတိုလေးနဲ့ မွေးလိုက်ရပါတယ်။ ကံကောင်းချင်တော့ ဒီလို အကောင်တွေ (Marsupial) ရဲ့ မိခင်တွေဟာ ၀မ်းဗိုက်မှာ အိတ်လေး (Marsupium) ရှိပါတယ်။ ကလေးစို့ဖို့ နို့သီးခေါင်းဟာလည်း အဲဒီ အိတ်ထဲမှာပဲ ရှိပါတယ်။ မဖွင့်ဖြိုးသေးတဲ့ သူဘာသာ ဘယ်လိုမှ အသက်ရှင် မရပ်တည်နိုင်တဲ့ ကလေးပေါက်စလေးဟာ မွေးပြီးတာနဲ့ အဲဒီ အိတ်လေးထဲမှာ နေပြီး နို့သီးခေါင်းလေးကို မြဲနေအောင် စုပ်ထားပါတယ်။ နို့သီးခေါင်းဟာလည်း ကလေးပါးစပ်ထဲမှာ ကားပြီး ကြီးလာတော့ မကျွတ်နိုင်တော့ပါဘူး။ ဒီလို နည်းနဲ့ ကလေးငယ်လေးဟာ ဖွံဖြိုးကြီးထွားပါတယ်။ ကလေးငယ်လေးဟာ သူ့ဘာသူ လှုပ်ရှားသွားလာ စားတတ်နေထိတိုင်အောင် အိတ်ထဲမှာ နေနေပါတယ်။

လူတွေက ချက်ကြိုး ရှိတော့ အဲဒီ ချက်ကြိုး အကြောင်းရှာပြီး စီးပွားရေး လုပ်တာကလည်း ရှိသေးတယ်။ Cord Blood Bank ဆိုပြီးတော့ ကလေးမွေးလာတဲ့ အချိန်မှာ ထွက်လာတဲ့ အဲဒီ ချက်ကြိုးထဲက သွေးတွေကို သိမ်းထားပေးတာတဲ့။ လစဉ်ကြေး မှန်မှန်ပေးပေါ့၊ သူတွေ ထိန်းသိမ်းထားပေးမယ်။ ဒီသွေးတွေကို ဘာပြန်လုပ်ရမလဲ ဆိုတော့ ဒီသွေးတွေဟာ Stem Cell လို့ ခေါ်တာတွေပါလို့တဲ့။ Stem Cell ဆိုတာ ပိုကာဒေါင်းရင် ဂျိုကာ ပါသလိုပဲ တခြားတစ်လျှူးတွေ ပြန်ဖြစ်နိုင်လို့ပါတဲ့။ ဥပမာ ကလေးက သွေးကင်ဆာလိုမျိုး ဖြစ်လို့ရှိရင် သွေးထုတ်ပေးတဲ့ ရိုးတွင်ခြင်ဆီတွေ လိုအပ်ရင် ပြန်လုပ်နိုင်တယ် ဘာညာပေါ့။ ကျွန်တော်တို့ရဲ့ ၀န်ကြီးချုပ်ကြီးသာ မွေးစတုန်းက ဒီလို Cord Blood Bank မှာ သွေးစုထားခဲ့ရင် သူ့ညီနောက်ကို လိုက်သွားရမှာ မဟုတ်ဘူး။

Saturday, December 08, 2007

ကျူးလစ်ပွဲတော်

ကံကောင်းချင်တော့ Sydney ရောက်ပြီး သိပ်မကြာခင်မှာပဲ ပန်းအလှ ပွဲတော် တစ်ခုကို သွားခွင့် ကြုံလာပါတယ်။ Sydney မြို့ကနေ မိုင် ၇၀ ကျော်ကျော်လောက် (မြန်မာပြည်မှာ ဆိုရင်တော့ ရန်ကုန်ကနေ ဥက္ကံလောက် ရှိမလား) ဝေးတဲ့ Bowral ဆိုတဲ့ မြို့ငယ်ကလေးမှာ လုပ်တာပါ။ ကားနဲ့သွားတာ ၂နာရီခွဲ ၃နာရီ နီးပါးလောက် မောင်းသွားရပါတယ်။ Sydney ကနေ ရထား ရှိပေမယ့် ရထားနဲ့ သွားရမယ် ဆိုရင်တော့ သိပ်တန်မယ် မထင်ပါဘူး။ New South Wales ပြည်နယ်ရဲ့ Southern Highland မှာရှိတဲ့ မြို့ကလေးဟာ ပင်လယ် ရေမျက်နှာပြင်ကနေ ပေ ၂၀၀၀ လောက်မှာ ရှိတော့ ရာသီဥတုက သာသာယာယာ ရှိပါတယ်။ ပြင်ဦးလွင်ကတော့ ပေ ၃၅၀၀ အထက်မှာ ရှိပါတယ်။ ကွန်ကရစ်တော စင်္ကာပူကလာတဲ့ ကျွန်တော့် အတွက်တော့ ကွင်းပြင်ကျယ်ကြီးတွေ၊ တောင်ကုန်း ပြေပြေတွေ၊ မြက်ခင်း ကျယ်တွေကတော့ အသစ်အဆန်း ပြန်ဖြစ်စေပါတယ်၊ ကြည်နူးရပါတယ်။



တစ်နှစ်လုံးမှာမှ ကျူးလစ်တွေ ငုံဖူးပွင့်တဲ့ အချိန်ဖြစ်တဲ့ ဆောင်းအကုန် ရာသီအကူး နွေဦးကာလ စက်တင်ဘာလ တတိယပတ်လောက်မှာမှ စပြီး ၂ ပတ်လောက်ပဲ ကျင်းပတဲ့ ပွဲဆိုတော့ သွားခွင့်ကြုံလိုက်တာ ကံကောင်းပါတယ်။ ဒီလို ပန်းပြပွဲ ကျင်းပလာလိုက်တာ ရွှေရတုတောင် တိုင်ပါတော့မယ်။အဲဒီမြို့မှာ ရှိတဲ့ ပန်းခြံရှင်တွေက သူတို့ ကိုယ်ပိုင် ပန်းခြံတွေမှာ ပန်းတွေကို အသေအချာ စိုက်ပြီး ၀င်ကြေး ကောက်ပြီး ပြစားကြတာပါ။ စင်္ကာပူတို့ ကူမင်းတို့မှာ လုပ်တဲ့ ပန်းပြပွဲတွေလို တစ်နေရာမှာ ပန်းတွေ ယူလာပြီး ခင်းကျင်းပြသလို မဟုတ်ပါဘူး။ ဒီလိုပွဲတွေလို သေသေသပ်သပ် မရှိလှပေမယ့် ကျူးလစ် မျိုးစုံကို အများကြီး တစ်နေရာထဲမှာ သဘာဝ အတိုင်း ကြည့်ရတာကတော့ မလဲနိုင်ပါဘူး။ သူတို့က ၀င်ကြေးကောက်တယ်ဆိုပေမယ့် ရတဲ့အကောက်ထဲကမှ ဘယ် ပရဟိတ အဖွဲ့အစည်းတွေကို လှူမယ် ဘာဟယ်ဆိုတော့ လာကြည့်တဲ့ သူတွေမှာ ပေးရတာ တန်သလိုလို ဖြစ်ရပြန်တယ်။ ဒီနှစ်တော့ ရင်သားကင်ဆာအတွက် Foundation တစ်ခုကို လှူတယ်ဆိုပဲ။ တစ်နှစ်တစ်နှစ်လည်း လာတယ်သူက ၅သောင်း ကျော် ၆သောင်းလောက် ရှိတယ်ဆိုတော့ မနည်းပါဘူး။ တိုးရစ်တွေရော၊ အနီးအနားက နယ်ခံတွေရော လာကြတာပါ။ ဒီကလူတွေကတော့ ပျိုးပင်တွေ၊ ပန်းတွေဝယ်ဖို့၊ ကိုယ့် ပန်းခြံကို ဘယ်လို ပြုပြင်ရင် ကောင်းမလဲ ကြည့်ဖို့ လာကြတာပေါ့။

ကျွန်တော်တို့ Bowral ကို ရောက်သွားတော့ နည်းနည်းစောသေးပေမယ့် ကားတွေ တော်တော် ရောက်နေပါပြီ။ ကိုယ်ပိုင်ကားတွေရော Coach Bus တွေရော ရောက်နေပါတယ်။ အဖြူတွေက တစ်စု၊ ကိုရီးယားလား ဂျပန်လား မသိတာက တစ်စု၊ ကုလားတစ်အုပ် ဘက်စ်ကားတွေနဲ့ ရောက်လာပါတယ်။ Sydney မြို့ထဲမှာ ပူလို့ ထူထူထဲထဲ မ၀တ်လာတော့ ကုန်းမြင့် မြို့ကလေးဖြစ်ပြီး လေကလည်း တိုက်တော့ နည်းနည်း အေးပါတယ်။ ကျွန်တော်တို့ ၀င်ကြည့်တဲ့ ပန်းခြံကတော့ Corbett Garden ဆိုတာလေးပါပဲ။ ကိုယ်ပိုင် ပန်းခြံဆိုပေမယ့် တော်တော်လေး ကျယ်ပါတယ်။ စမ်းချောင်းလေးတွေ ဘာတွေတောင် လုပ်ထားပါသေးတယ်။ သူတို့ အဆိုအရတော့ ကျူးလစ် တစ်သိန်းနဲ့ တခြား ရာသီပန်း ၂သောင်းခွဲလောက် ခင်းကျင်းပြထားတယ်ဆိုပဲ။ ရေတွက်မကြည့်လိုက်ပေမယ့် ကျူးလစ်ရောင်စုံ မျိုးစုံ၊ မျိုးစုံဆိုတာ တော်တော်ကို များပါတယ်။ သူ့အရောင်နဲ့သူ၊ သူ့အမျိုးနဲ့သူ စီစီရီရီ စိုက်ထားတာ ဓါတ်ပုံ ရိုက်ရတာ လက်မလည်အောင်ပါပဲ။ ပန်းပုံစံတွေကလည်း တူမလိုလိုနဲ့ အသေအချာကြည့်ရင် မတူပြန်ဘူး။ ရိုးတန်နဲ့ အရွက်တွေက ဆင်ပေမယ့် ပွင့်ဖတ်တွေထပ်ပုံ မတူတာတော့ သတိထားမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပန်း အရောင်စိုစို တောက်တောက်တွေက အပင်ထက်မှာ သူထက်ငါ အပြိုင် မိုးကိုထိုးပြီး နေရောင်ကို အပြိုင်လုနေလိုက်ကြတာ အခင်းလိုက် အခင်းလိုက်ဆိုတော့ အင်မတန် ကြည့်လို့ကောင်းပါတယ်။ ကျူးလစ်ဆိုတာ အရင်တုန်းက နည်းနည်းပဲ ၄-၅ခိုင်လောက်သာ တွေ့ထားဖူးတော့ အခုလို အုပ်လိုက် အုပ်လိုက်တွေ့ရတာ ပိုပြီး ကြည့်လို့ကောင်းပါတယ်။

ပန်းခြံထဲမှာ သူ့အချိန်နဲ့သူ ပန်းအကြောင်း ဟောပြော ဆွေးနွေးပွဲလေးတွေ ရှိပေမယ့် ကျွန်တော်တို့ကတော့ ၀င်မထိုင်တော့ပါဘူး။ မြို့ထဲမှာတော့ Parade တွေဘာတွေလုပ်၊ ရှေးဟောင်း ကားတွေ ဘာတွေနဲ့ စီတန်း လှည့်လည်ပြီး စည်ကားပေမယ့် မသွားဖြစ်လိုက်ပါဘူး။ လမ်းမှာ စပျစ်စိုက်ခင်းတွေရှိပြီး ဆင်းကြည့်ချင်ရ ရပါတယ်။ စပျစ်စိုက်ခင်းတွေ အတန်းလိုက် အတန်းလိုက် တွေ့တော့ ကျောက်ပန်းတောင်းမြို့နားမှာ ကြက်မောက်တောင်က ရေနဲ့ စိုက်ထားတာတွေ သွားသတိရပါသေးတယ်။ အပြန်မှာ လမ်းကြုံတာနဲ့ Royal Botanic Garden ကို ၀င်လိုက်သေးပေမယ့် ပန်းခင်းထဲက လတ်လတ်ဆတ်ဆတ်ပြန်လာတဲ့ ကျွန်တော်တို့ကိုတော့ Picnic ထွက်ရုံလောက်သာ ကောင်းတဲ့ ဒီ(ကြိုးဝိုင်း)တော ပန်းခြံက မဆွဲဆောင်နိုင်ပါဘူး။ မျက်စိထဲမှာတော့ ခုနလေးက ကြည့်လာရတဲ့ ကျူးလစ်ခင်းတွေ မထွက်သေးပါဘူး။

Film