Friday, January 18, 2008

ဆစ်ဒနီက ရထားတွေ

ဆစ်ဒနီ ရောက်တော့ သတိထားမိတာ ရထားနဲ့ ရထားဘူတာတွေပါ။ ရထားဘူတာတွေ၊ ရထားတွေက သန့်ရှင်း သစ်လွင်မှုမှာ စင်္ကာပူကဟာတွေကို မယှဉ်နိုင်ပါဘူး။ စင်္ကာပူတို့၊ ဟောင်ကောင်တို့က ရထားတွေက စတိုင် တစ်မျိုးပေါ့။ ကိုရီးယားတို့၊ ဂျပန်တို့ကို မမီပေမယ့် နောက်မှ လုပ်တာရယ် အာရှ စတိုင်ဆိုတော့ သေးသေး သစ်သစ် သပ်သပ်ရပ်ရပ်ပါ။ ဒီက ရထားလမ်းတွေကတော့ ကြာပြီရယ် ဘိုစတိုင်ရယ်ဆိုတော့ ကြီးကြီး မာမာပေါ့။ ဆစ်ဒနီက (နယူးဆောက်ဝေး ပြည်နယ်က) ရထားလမ်းတွေက ဖောက်တာ နှစ်ပေါင်း ၁၅၀ ကျော် ကြာသွားပြီ ဆိုတော့ ဒီပေါ်မှာပဲ တိုးချဲ့ ထပ်ဖြည့်သွားတာကြောင့် အဟောင်း လက်ကျန်တွေ တချို့ နေရာတွေမှာ ကျန်နေသေးပါတယ်။ စင်္ကာပူက ရထားလမ်းတွေက မြန်မာပြည်မှာ အရေးအခင်းတွေ ဖြစ်နေတုန်းကမှ ဖွင့်တာ ဆိုတော့ နှစ်ပေါင်း ၂၀ ကျော်ပဲ ကြာပြီး အဘိုးနဲ့ မြေးလောက်တော့ နုပျို လတ်ဆတ်မှုက ကွာမှာပေါ့။ NSW က City Rail မှာ ရထားဘူတာပေါင်း ၃၀၀ ကျော် ရှိပြီး စင်္ကာပူမှာက ၇၀ ကျော် ရှိပါတယ်။

ဒီနေရာမှာ ကြားဖြတ် ပြောချင်တာက ကျွန်တော်နေခဲ့ဖူးတဲ့ စင်္ကာပူနဲ့ အခုရောက်နေတဲ့ နေရာက အကြောင်းတွေကို ပြန်လည် ဖောက်သည်ချတဲ့ သဘောပါ။ နှိုင်းပေမယ့် ယဉ်တာ မဟုတ်ပါဘူး။ သြစတြေးလျက ကျွန်တော့်လို မြန်မာတချို့အတွက် စိမ်းပါတယ်။ ဒါကြောင့် မိတ်ဆက်ပေးတဲ့ အထာပေါ့။ (အထာဆိုတာ ဆရာတိန်ဆီက စကားလုံးလေ။) NUS မှာ ကျောင်းတက်နေတဲ့ ဗမာတစ်ယောက် ပြောတာ ကြားဖူးတယ်။ `MIT ကျောင်းက အိုမင်း စုတ်ပြတ်နေတာပဲ NUS လို သစ်သစ်လွင်လွင်လည်း မဟုတ်ဘူး´တဲ့။ သူ MITကို ခဏသွားပြီး ပြန်လာတော့ ပြောတာပါ။ ကျွန်တော်လည်း NUS Campus ထဲရော MIT Campus ထဲရော အလည် ခဏ ရောက်ဖူးပါတယ်။ MIT Campus က ကျယ်လွန်းလို့ ကျွန်တော်တို့မှာ အထဲရောက်နေတာတောင် မသိဘဲ MIT ကို ဘယ်လို သွားရမလဲ သွားမေးတဲ့ အထိပါပဲ။ သူပြောတာတော့ မှန်သလိုလိုပါပဲ။ သူကလည်း အပြင်ပန်းကိုပဲ ပြောတာ ဖြစ်မှာပါ။ အခုလည်း အဲဒီလို ပြောသလိုများ ဖြစ်နေမလားပဲ။ ထားပါတော့။ အဓိက ကတော့ Main ပါပဲ။ အဲ.. အဓိကကတော့ ကိုယ်တွေ့လေးတွေကို ဝေမျှချင်တဲ့ စေတနာပါ။

ရထားတွေက အတွင်းမှာတော့ တော်တော် ကျယ်ပြီး များသော အားဖြင့်က ထိုင်စီးရပါတယ်။ ထိုင်ခုံတွေကလည်း ကော်ထိုင်ခုံတွေ မဟုတ်ဘဲ ကူရှင်နဲ့ ခုံတွေပါ။ ဇိမ်နဲ့ ထိုင်စီးလို့ ရပါတယ်။ ဒီမှာ အများပြည်သူပိုင် နေရာတွေ (ဥပမာ ဆေးရုံတို့ ဘာတို့)က ဧည့်ဆောင်လို နေရာတွေမှာ ထိုင်ဖို့ ချပေးထားတာ ကူရှင်ပါတဲ့ ဆက်တီတွေ များပါတယ်။ စင်္ကာပူမှာတော့ များသောအားဖြင့်က ကော်ထိုင်ခုံ အတန်းလိုက်ပါပဲ။ ဒီက ရထားတွေပေါ်မှာတော့ ကူရှင်နဲ့ ခုံတွေထားပြီး သန့်ရှင်းရေးက မနိုင်၊ စည်းကမ်းက မရှိဆိုတော့ တချို့ခုံတွေဆို ထိုင်ချင်စရာတောင် မရှိပါဘူး။ အထူးသဖြင့် ညစ်ပတ်တာ သူတို့ ဘိုတွေလေ။ ဒီက ရထားခုံတွေက အတန်းလိုက် မဟုတ်ဘဲ ကန့်လန့်ဖြတ်တွေပါ။ တစ်တန်းက ခုံနှစ်လုံးမှာ လူကောင်ကြီးကြီး ၅ ယောက် ကောင်းကောင်း ထိုင်လို့ ရပါတယ်။ ရထားတွဲ သွားတဲ့ဘက် ဦးတည်တဲ့အခါ ခုံတွေမှာ အမှီတွေကို လှည့်လို့ရအောင် လုပ်ပေးထားပါတယ်။ ကိုယ့်ရှေ့ကခုံကို ကျောပေးတာ မဟုတ်ဘဲ မျက်နှာချင်းဆိုင်အောင် လုပ်လို့ ရပါတယ်။ လူလစ်ပြီ ဆိုတာနဲ့ ရှေ့က ခုံ အမှီကို လှန်ချ မျက်နှာချင်းဆိုင်ပြီး သူတို့ ဖိနပ်တွေနဲ့ ပယ်ပယ်နယ်နယ် နင်းပြီး ခြေဆန့်တင် ထိုင်တော့တာပဲ။ စင်္ကာပူက ရထားတွေပေါ်မှာ မုန့်စားရင် ဒဏ်ရိုက်မယ် ကြေညာထားသလို ဒီမှာလည်း ထိုင်ခုံပေါ် ခြေထောက်တင်ရင် ဒဏ်တပ်မယ် သတိပေးထားပါတယ်။ ဒါပေမယ့် တကယ်လည်း ထိထိမိမိ မလုပ်၊ စည်းကမ်းမဲ့ ကိုယ်ချင်းစာစိတ်မဲ့ တဲ့သူကလည်းမဲ့ ဆိုတော့ ရထားပေါ်က ခုံတော်တော်များများက ညစ်ပတ်ပါတယ်။ နောက်ပိုင်းရထားတွဲတွေမှာတော့ ခုံတန်း တစ်ဝက်က တစ်ဘက်ကို လှည့်နေပြီး ကျန်တစ်ဝက်ကတော့ ကျောပေးထားပါတယ်။ အမှီတွေကိုလည်း လှည့်လို့ မရတော့ပါဘူး။ ရထားပေါ်မှာ လူအပြည့် ထိုင်နေတယ်ဆို တစ်ဝက်က အတည့် ထိုင်ရပြီး ကျန်တစ်ဝက်ကတော့ ပြောင်းပြန်ပေါ့။ ကားမူးတတ်တဲ့သူတွေ အတွက်ဆိုရင်တော့ ပြောင်းပြန် ခုံတွေက မလွယ်ဘူး။ ဒါပေမယ့် ခြေတော်တင်ချင်သူတွေ ရန်ကတော့ ကာကွယ်ပြီး ဖြစ်သွားပါတယ်။

ဆစ်ဒနီက ရထား လက်မှတ်တွေကလည်း စင်္ကာပူကို မမီပါဘူး။ စင်္ကာပူက လက်မှတ်တွေက ပလတ်စတစ်ကတ်လေးတွေမှာ ရေဒီယိုလှိုင်း (RFID) နဲ့ ဖတ်တာပါ။ အဲဒီတော့ ကိုယ့်ပိုက်ဆံ အိတ်ထဲကတောင် ထုတ်စရာ မလိုဘဲ Scanner နားမှာ အလွယ် ကပ်လိုက်ရုံပါပဲ။ ဓါတ်ပုံမှာ အပေါ်ဆုံးက ကတ်လေးပါ။ အောက်ဆုံးက ဟာက ဆစ်ဒနီက ဟာပါ။ တစ်ခါသုံး စက္ကူကတ်ပါ။ တစ်ရက်၊ တစ်ပတ် ဒါမှမဟုတ် သတ်မှတ်ထားသလောက် စီးလို့ ရပါတယ်။ သံလိုက်နဲ့ ဖတ်တာ ဆိုတော့ အိတ်ထဲက ထုတ်ပြီး စက်ထဲကို ထည့်လိုက်ရင် စက်ရဲ့ တစ်ဘက်က ထွက်လာတာပါ။ နယူးယောက်က MetroCard လို့ လက်က မလွှတ်ဘဲ (ဆိုင်တွေမှာ Credit Card ဖြတ်သလို) ကတ်ဖြတ်လို့ ရလည်းတော်သေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပိုက်ဆံ အိတ်ထဲက ထုတ်ပြီး ကတ်ဖြတ်ရတာပါ။ ကျွန်တော့် အတွက်တော့ ပိုက်ဆံ အိတ်ထဲက ထုတ် သုံး ပြီးတော့ အင်္ကျီအိတ်ထဲ ထည့်ထားပြီး နောက်နေ့ မနက်ကျရင် ပြန်မထုတ်မိလို့ ဘူတာရောက်မှာ သတိ ပြန်ရတာတွေလည်း ရှိပါတယ်။ အလယ်က သေးသေးလေးကတော့ ပါရီ (ပဲရစ်) က ရထားလက်မှတ်ပါ။ သူကလည်း ဆစ်ဒနီကဟာနဲ့ အတူတူပါပဲ။ ဒါပေမယ့် သူတို့ဆီမှာ RFID ကတ်စနစ်ကိုပါ စတင် မိတ်ဆက်နေပြီဆိုတော့ ဘူတာတွေမှာ RFID ကတ်နဲ့ ၀င်ထွက်ဖို့ တစ်ပေါက်တော့ ပါပါတယ်။ ပါရီက ရထားတွေက သေးသေး တိုတိုလေးတွေပါ။ ထိုင်ခုံတွေကလည်း တစ်တန်းမှာ ၂ ယောက်ထိုင်ခုံ ၂ ခုံပါပါတယ်။ ဒီကလောက် မကြီးပါဘူး။ ပါရီက လူတွေကလည်း ယောက်ျား၊ မိန်းမ မရွေး ညှက်တယ်လေ။ ပါရီမှာ ရထားစီးတုန်းက ရထားရပ်တော့ တံခါးဝမှာ ခပ်တည်တည်နဲ့ သွားရပ်နေပါတယ်။ စင်္ကာပူက ရထားတွေလို အလိုလို ပွင့်သွားမယ်ထင်ပြီးတော့။ နောက်ကလူတွေက ကိုယ့်ကို တောသားလို ကြည့်ပြီး စိတ်မရှည်လို့ ဘေးက တစ်ယောက်က ခလုတ်နှိပ်ပြီး ဖွင့်ပေးမှပဲ ပွင့်တော့တယ်။ အေးတဲ့ နိုင်ငံမှာ ဆိုတော့လည်း မလိုအပ်ဘဲ တံခါး မဖွင့်တာ နေမှာပေါ့။

ဒီပုံကတော့ ကျွန်တော်နေတဲ့ နားက ဘူတာက ရထားအချိန်ပြတဲ့ ဟာပါပဲ။ ဒီဟာကို ဘလော့ဂ်ချင်လွန်းလို့ ဓါတ်ပုံ ရိုက်ယူထားတာပါ။ အပေါ်က နာရီက နောက်ရထား ဘယ်တော့ လာမယ်ဆိုတာ ပြတာပါ။ နာရီက ကလေးတွေ ဆော့တဲ့ဟာမျိုးပါ။ လက်နဲ့ ရွှေ့ရတာပါ။ ရထားတစ်စင်း ဆိုက်ပြီး ထွက်သွားပြီဆို ဘူတာရုံစောင့်က ထွက်လာပြီး လက်နဲ့ နောက်တစ်စင်းလာမယ့် အချိန်ကို ပြန်ပြောင်းယူတာပါ။ အောက်က အတုံးလေးတွေက လှည့်လို့ ရပါတယ်။ ပထမဆုံးအတုံးက စင်္ကြန်ကို ပြတာပါ။ Platform No.1 No.2 အဲဒီလို မျိုးပေါ့။ ဒီက ရထားတွေက စင်္ကာပူက ရထားတွေလို စီးရတာ မလွယ်ပါဘူး။ စင်္ကာပူမှာက ရထားတွေက အစ-အဆုံး သွားတယ်။ (တစ်ခါတစ်လေတော့ ညအရမ်း မိုးချုပ်ချိန်မှာတော့ တစ်ဝက်ဆီပဲ ပြေးတာ ရှိပါတယ်။) ဘူတာတိုင်း ရပ်တယ် ဆိုတော့ ဦးတည်ရာ မှန်ရင် လိုရာ ခရီး ရောက်နိုင်ပါတယ်။ ရထားတစ်စင်းလာရင် ဘယ်မှာ ဂိတ်ဆုံးမလဲဆိုတာကိုပဲ LCD Board တွေမှာ ကြေညာတယ်။ ထားပါတော့ Jurong East မှာ ဆုံးမယ်။ ကြားမှာတော့ အကုန်ရပ်တယ်။ ဆစ်ဒနီမှာက ဘူတာစဉ် ရပ်တဲ့ ရထား ရှိတယ်။ အမြန်ရထားရှိတယ်။ အမြန်ရထားက တချို့ဘူတာတွေမှာ မရပ်ဘူး။ တစ်ခါတစ်လေ ဂိတ်ဆုံးထိ သွားတာ အလယ်မှာ တစ်ခါပဲ ရပ်တဲ့ ရထားမျိုးလည်း ရှိတယ်။ ရောက်ခါစက ပထမဆုံး ရထားစီတော့ Board မှာ ကြည့်လိုက်တော့ Strathfield နဲ့ Central ရောက်တယ်ဆိုလို့ ကြားက ဘူတာတွေတော့ စင်္ကာပူမှာလို ရပ်မှာပဲဆိုပြီး စီးသွားတာ တော်သေးတယ် ဘူတာကြီး ရောက်တော့မလို့။ အလယ်မှာ တစ်ခေါက် ရပ်တော့ ဆင်းပြီး နောက်ကြောင်း ပြန်စီးရတယ်။ ဒီမှာက Board တွေမှာ ရပ်မယ့် ဘူတာတွေကိုပါ ကြေညာပေးတယ်ဆိုတာ မသိလို့လေ။ အခုပုံက ဟာမှာလည်း ရပ်မယ့် ဘူတာတွေကို ပြထားတာ။ တကယ်လို့ နောက်လာမယ့် ရထားက မရပ်မယ့် ဘူတာတွေရှိတယ်ဆို အတုံးလေးတွေကို လှည့်လိုက်ပါတယ်။ အတုံးလေးတွေက တခြာမျက်နှာဖက်မှာ ဘာမှ မရေးထားတာလည်း ရှိပါတယ်။ ဒီလို အတုံးလေးတွေ သူဘာသာသူ မလည်သွားအောင် ထိန်းထားပါတယ်။ အတုံးလေးတွေကို လှည့်ဖို့ဆို အောက်ဆုံးလောက်မှာ တွေ့ရမယ့် သံနဲ့ လုပ်ထားတဲ့ Lever လေးကို နင်းလိုက်ရပါတယ်။ ရထားတစ်စင်း ထွက်သွားတိုင်း ရုံပိုင်ခင်မျာ သူအခန်းလေးထဲကနေ ထွက်လာပြီး နာရီကို လှည့်ရတယ်။ နောက်ရထားရပ်မယ့် ဘူတာတွေနဲ့ အတုံးလေးတွေ မှန် မမှန် စစ်ရတယ်။ မဟုတ်သေးရင် လက်နဲ့ လှည့်ရတယ်။ ဒီလို ဒီလို အကြံကောင်းကောင်းနဲ့ လုပ်ထားပေမယ့် ကျွန်တော် ပထမဆုံး စတွေ့လိုက်တော့ တော်တော် ရယ်ချင်သွားတယ်။ ဒီလို နိုင်ငံမှာ ဒီလိုမျိုးတွေ သုံးနေပါသေးလာ ဆိုပြီး။ တကယ်ဆို ပြတိုက် ဒါမှမဟုတ် မြန်မာပြည် ပို့ရတော့မယ့် ဟာမျိုးပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကျွန်တော့်မှာတော့ အဲ့ဒါလေးကို ကြည့်ပြီး ရထား စီးနေရတုန်းပါ။

16 comments:

War War - 1/18/08, 2:01 AM

Ko Andy yae,
After reading the post, quite surprised because those kind of manual are still there. Even the small country like SG, almost most of the things are computerized. Pls write that kind of posts quite often. It's like virtual tour for us to Auzi.

Myanmar lo ma type tat loet bo lo pe` type lite tal. :D

Have a nice day there!!

Andy Myint - 1/18/08, 9:41 AM
ကျေးဇူးပဲ ၀ါဝါရေ။ ဒီမှာကတော့ ဒီလိုပဲ အဟောင်းနဲ့ အသစ်က ရောနေတုန်းပဲလေ။ ဒီက အကြောင်းတွေလည်း ကြုံရင် ကြုံသလို ရေးသွားမှာပါ။
imaginary clouds no 2 - 1/18/08, 12:28 PM

ဒီ ပိုစ့်ကနေ ဗဟုသုတ ရတယ်ဗျာ ။ ဆက်ရေးပါ ခင်ဗျား ။ (အန်ဒီရေ ဘော်ဘော်ချင်းဗျာ ငတိန်ဆိုရပါတယ် ။ ဆရာတိန်ဆိုတာကြီးက ခေါင်းကျိန်းလို့ပါ ။ ဒါမှမဟုတ်လဲ မောင်တိန် ပေါ့ဗျာ ။ စကားလုံးတွေဟာ အနက်ယူလွဲရင် အတော်ရူပ်တယ် လို့ထင်လို့ပါ )။ ကျောင်းဝင်းအကြောင်း ပေရှည်ရရင် တချို့ က မဟောင်းမှာစိုးလို့တောင် စိတ်ပူနေတြတယ်တဲ့။ (အန်ဒီ သူငယ်ချင်းကလဲ အပြင်ပန်းကိုပြောတာပါ ၊လက်ခံပါတယ် သူပြောတာကို )သစ်တာက ဆေးသုပ်လိုက်ရင်ရမယ်ထင်တယ် ။ ဟောင်းတာကလဲ အရင်က ဘောင်းဘီတွေ ဟောင်းကုန်အောင် သံဗရတ်နဲ့ တိုက်သလို တိုက်ရင်တော့ရမယ်ထင်တယ် ။ ပြီးတော့ ဂေါ်ဂေါ်လို အစုတ်အပြဲ ဝတ်ကျတာပေါ့ဗျာ ။တို့က ဒီလို ပဲဖြတ်သန်းလာတာလို့။ \o/

imaginary clouds no 2 - 1/18/08, 12:33 PM

တခုကျန်သွားတယ် ရထားအချိန်ပြတဲ့ ဟာလေးက ဒီဇိုင်းမိုက်တယ် ကျနော်ကူးဆွဲဦးမယ် ။ တလောက ပုံတစ်ခုမှာတွေ့လိုက်ရတယ် ။ mrt stations နာမည်တွေနေရာမှာမိုးလင်းကနေ မိုးချုပ် တစ်နေ့်တာကိစ္စတွေကို ပြောင်းတပ်လိုက်တော့ ဒီဇိုင်းလှလှလေးတစ်ခု ထွက်လာတာ တွေ့ဖူးတယ် ။

Andy Myint - 1/18/08, 5:03 PM
ကောင်းပြီ မောင်တိန်.... အဟောင်းတွေက အဖိုးတန်လား အသစ်တွေက အဖိုးတန်လား မသိပါဘူးဗျာ။ Station နာမည်တွေမှာ Daily Activity ထည့်ထားတယ် ဆိုတာ ကြော်ညာလိုမျိုးလား။
Kay - 1/18/08, 6:44 PM

ဟဲဟဲ.. စလုံး ကနေ..ဆလိမ် ရောက်ရောက်ချင်း..အဲလိုပဲ..ရွှေတွေ..စိတ်ပျက်ကြ..ညည်းကြ ရတယ်။ ဘာမှ မတူ ဘူးနော်။ နောက်တော့လည်း.. အထာ ကျ ပြီး..ပျော်သွား တတ် ပါတယ်။ တို့တွေ ဆို..ရောက်ခါစ..တနှစ် အထိ.. စလုံးပဲ ပြန်ချင်နေခဲ့တာ။ မောင်လေး တယောက် ကတော့.. ဒီကို ပိုကြိုက်တယ် တဲ့.. ။သူပြော တဲ့ စကားလေး ကြောင့်.. အင်း..ဟုတ်သားပဲ..ဆိုပြီး.. ကျေနပ်သွားပြန်ရော။ သူက..စလုံးမှာ..လူတွေနေရတာ.တယောက်နဲ့တယောက် ကြား..space မရှိဘူးတဲ့။။ဒီမှာတော့..space တွေပေါလွန်း လို့..စိတ်တောင်ညစ်ရော။ စလုံးမှာ..မနက် ..ဘူတာမှာ..ကိုယ့်ခြေထောက်ကိုယ်တောင်.. စိတ်ထင် သလောက်..လှမ်း လို့ မရ တာလေ။ ဘာပဲပြောပြော..ရွှေ ကတော့..ရွှေစတိုင်း..ရှုပ်ရှုပ် ဆူဆူ..ပဲ ကြိုက်တယ်နော်။

Soe - 1/18/08, 8:39 PM

Hello KoAndy,

Thanks for sharing ur experience.It is very useful.
Waiting for next,next ...post about Sidney.
Have a nice blogging!

Soe - 1/18/08, 8:42 PM

*Sydney
:)

Andy Myint - 1/19/08, 10:29 PM
Hi Soe, thanks for reading. Yeah, I will keep writing about here.
Andy Myint - 1/19/08, 10:35 PM
စလုံးကနေ ဆလိမ်.. ကြိုက်သွားပြီး ဒီစကားကို။ ဟုတ်ပ ဗမာတွေကတော့ ခပ်ရှုပ်ရှုပ်ပဲ ကြိုက်တယ်။ ဆွေတွေ မျိုးတွေနဲ့ လုံးလား ထွေးလားပေါ့။
sawphonelu - 1/23/08, 4:34 PM

အန်ဒီ ရေ ၊ ဗဟုသုတ ရ ပါ တယ် ။ ကျေးဇူး ပါ ပဲ ။ သမီးလေး တစ်နှစ်ပြည့်တော့မယ် နော် ။

Andy Myint - 1/23/08, 9:26 PM
ဟုတ်တယ် ကိုစော။ သူမွေးတာ မနေ့ တနေ့ကလိုပဲ။
AMH - 1/26/08, 8:50 AM

Most stations in Sydney have computerised timetable board screens on Train Platforms. I assume Andy didn't mention about it but only focused on the antique clock. People here (especially Councils) value the antique stuff and will not abandon unless it is dangerous but they are just kept as the history not as essential items. Small island like Singapore does not have space to keep the old things so they always have to throw away old and have up-to-date things.

Andy Myint - 1/28/08, 3:16 PM
That’s right, AMH. Author emphasises especially on the topic what he wants to express. He may reveal. He may conceal. Judgement is up to reader. Though author might make it sway to the particular side – which can be overcome by reading more from different perspectives. And thus, many thanks for opening a different view to readers. Comments like this are mostly welcome for correction and additional information.
Anonymous - 7/9/08, 1:32 AM

Good info for those who especially me want to migrate from sg to au
Appreciated

အောင်ဟိန်း - 5/22/11, 12:19 PM

ဟုတ်တယ်ဗျို့ ကိုအန်ဒီရေ ... တိုက်တိုက်ဆိုင်ဆိုင်လွန်ခဲ့တဲ့တစ်ပတ်လောက်ကအလုပ်ကအပြန်မှာတစ်ခါမှမရောက်ဖူးသေးတဲ့ Tuggerah ဘူတာကိုရောက်သွားတယ်။ ရထားလာမယ့်အချိန်ကိုကြည့်ဖို့ screen ကိုလိုက်ရှာကြည့်တော့ အဲဒါကြီးကိုတန်းကနဲသွားတွေ.တာပဲ။ အရမ်းလဲအံ့သြသွားတယ်။ မတွေ့ဖူးတာတွေ့လိုက်ရလို့ကျေလဲကျေနပ်ခဲ့ပါတယ်။

Post a Comment

Many thanks for dropping a comment…

Film