Monday, January 07, 2008

နံနက်စာ - ဆီထမင်းနဲ့ လက်ဖက်ရည်

နိုင်ငံခြားမှာ နေရတဲ့ ဒုက္ခတွေထဲမှာ နံနက်စာ ကောင်းကောင်း မစားရခြင်းလည်း ပါပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ နံနက်စာက အင်မတန် ပေါပါတယ်။ မုန့်ဟင်းခါး၊ အသုတ်၊ ပလာတာ၊ အီကြာကွေး၊ စမူဆာ၊ အကြော်၊ ကောက်ညှင်းပေါင်း ... ပြောရင်တော့ ကုန်မှာ မဟုတ်ဘူး။ နိုင်ငံခြားမှာတော့ ဒီလို အစားအစာတွေက ကိုယ့်ဘာသာကိုယ် လုပ်မှ စားရမှာ ဆိုတော့ လွယ်လွယ်နဲ့ မလုပ်စား ဖြစ်ပါဘူး။ နံနက်ဆို ရုံးသွားဖို့တောင် အနိုင်နိုင်ဆိုတော့ ပေါင်မုန့်နဲ့၊ ခေါက်ဆွဲပြုတ် စားရဖို့ အတွက်တောင် အချိန် မနည်း ပေးရပါတယ်။ သူတို့ နံနက် စာတွေကလည်း တော်ရုံတန်ရုံ ၀ယ်မစားဖြစ်ပါဘူး။ စနေ၊ တနင်္ဂနွေမှပဲ ကိုယ် စားချင်တာ လေးတွေ လုပ်စားဖြစ်ပါတယ်။

အလွယ် လုပ်စားဖြစ်တာကတော့ ဆီထမင်းပါ။ ဆီထမင်းက ပုံမှန်နည်းနဲ့ လုပ်စားမယ်ဆို နည်းနည်း ခက်ပါတယ်။ ပုံမှန် နည်းက ဒယ်အိုးထဲမှာ ကြက်သွန်နီတွေကို နနွင်းမှုန့်နဲ့ ဆီသတ်၊ ဆန်တွေထည့်၊ ရေနည်းနည်း ထည့်ပြီး ချက်၊ နှပ်ထား။ ချိုးရရင် တစ်ဖက်ကို လှန်ပေး။ အဲဒီလို ချက်ရတာပါ။ အပြောလွယ်ပေမယ့် တကယ်လုပ်ရင် အချိန်ပေးရပါတယ်။ အခု ကျွန်တော်တို့ လုပ်စားတာက အလွယ်နည်းပါ။ ကောက်ညှင်းကတော့ တရုတ်ဆိုင်မှာ ၀ယ်ပြီး နံနွင်းမှုန့်ကတော့ ကုလားဆိုင်မှာ ၀ယ်တာပါ။ ကျွန်တော်တို့က Rice Cooker ထဲ ထည့်ချက်တာပါ။ မချက်ခင် ကောက်ညှင်းကို ရေဆေးပြီး ရေက Rice Cooker မှာပါလာတဲ့ ခွက်နဲ့ ကောက်ညှင်း ၃ ခွက်ဆို ရေ ၂ ခွက်ခွဲ ထည့်ပါတယ်။ ကောက်ညှင်း ၃ ခွက် အတွက် ဆီကို စားပွဲတင်ဇွန်း ၅ ဇွန်း ထည့်၊ ဆား၊ နနွင်း သင့်ရုံထည့်ပြီး ကြက်သွန်ဥနီ ၁ လုံးကို အစိတ်ကြီးကြီး လှီးထည့်ပါတယ်။ သမသွားအောင် ရောမွှေပြီးတော့ ထမင်း ချက်သလိုပဲ ချက်ထားလိုက်ရုံပါပဲ။ ဒီလိုဆိုရင် ဆီထမင်းကို အလွယ် လုပ်စားလို့ ရပါတယ်။

ပဲပြုတ်အတွက် စားတော်ပဲ မတွေ့တာနဲ့ Green Pea ကို သုံးပါတယ်။ (Baking) ဆော်ဒါနဲ့ ရေ ၁၀ နာရီလောက် စိမ်ထားပါတယ်။ စိမ်ထားပြီးတော့ စုန်းပြူးတွေ (ကျစ်ပြီး မပွဘဲ ကျန်နေတဲ့ ပဲလုံးလေးတွေ) ကို ရွေးပြီး ပစ်လိုက်ပါတယ်။ ပြီးတော့ ဆန်ကာထည့် ထည့်ပြီး အပေါ်က ပိတ်ပါးကို ရေဆွတ် အုပ်ပြီး ရေဖြန်းပေးထားပါတယ်။ ပန်းကန်းဆေး ဘေစင်ထဲ ထည့်ပြီး ရေပိုက်ခေါင်းကနေ ရေစက် သေးသေးလေးတွေ ချထားပါတယ်။ အဲဒီလိုမျိုး တစ်နေ့နဲ့ တစ်ည ထားပါတယ်။ ပြီးတော့မှ Rice Cooker ထဲထည့်၊ ပဲအပေါ်မှာ ရေ လက်တစ်ဆစ်လောက် ထည့်ပြီး ရေခမ်းပြုတ်ပါတယ်။ ကျက်ခါနီးမှာ ထန်းလျက် (ဒါမှမဟုတ် ၀ယ်လို့ လွယ်တဲ့ သကြားညို) နည်းနည်း၊ ဆားနည်းနည်း ထည့်လိုက်ပါတယ်။ ရေခမ်းသွားလို့် ထမင်းအိုးက ပိတ်သွားရင် အနေတော် ဖြစ်လား ကြည့်ပြီး မာနေသေးတယ် ထင်ရင် ရေနည်းနည်း ထည့်ပြီး ထပ်ပြုတ်လို့ရပါတယ်။ ပဲပြုတ်ကို ညကတည်းက ပြုတ်ပြီး စားခါနီးကျမှ ပဲဆီစိမ်းနဲ့၊ ဆားနဲ့ထည့်ပါတယ်။ ပဲပြုတ်တွေကို နည်းနည်း ကျေသွားအောင် ချေလိုက်လည်း ရပါတယ်။ အလုံးလိုက် စားလည်း စားကောင်းပါတယ်။ ပဲပြုတ်ကတော့ နံနက်ဆို မြန်မာပြည်မှာ ရောင်းတဲ့ ပဲပြုတ်လောက် စားမကောင်းပေမယ့် မဆိုးပါဘူး။ စင်္ကာပူမှာဆိုရင်တော့ ပဲပြုတ်က သွားဝယ်လို့ လွယ်ပါတယ်။

ကျွန်တော်တို့ အတွက်တော့ ဆီထမင်းနဲ့ အလိုက်ဖက်ဆုံး ကတော့ ပုစွန်ခြောက်ကြော်ပါ။ (ဆီထမင်းကို သရက်သီးမှည့်နဲ့ စားရင် အလွန် လိုက်ဖက်တယ်လို့ ဖတ်ဖူးပေမယ့် တစ်ခါမှတော့ မစားကြည့်ဖူးသေးပါဘူး) ပုစွန်ခြောက် အကောင်သေးတွေကို ရေ ခဏစိမ်ထားပြီး အကောင်ပျက်ရုံလောက် ကြိတ်စက်ထဲမှာ ကြိတ်ပါတယ်။ ကြက်သွန်နီကို လှီးပြီး ရွှေရောင်သမ်းလာတဲ့ အထိ ကြော်ပြီး ပုစွန်ခြောက်တွေ ထည့်လိုက်ပါတယ်။ အားလုံးကို ကြွတ်သွား ခြောက်သွားတဲ့ အထိ ကြော်ပြီး ကျက်ခါနီးမှာ ပုစွန်ခြောက်က ဆားပေါ့ဆို ဆားနည်းနည်း ထပ်လို့ ရပါတယ်။ ဆီထမင်း ချက်နေတဲ့ အချိန်မှာ စောင့်ရင်း ပုစွန်ခြောက် ကြော်လို့ ရပါတယ်။ ရန်ကုန်မှာတုန်းက ငါးမြွေထိုး ခြောက်လေးတွေကို ပဲဆီ စမ်းပြီး ဆီထမင်းနဲ့ စားတာလည်း ကောင်းပါတယ်။ အုန်းသီးဖတ်လေးတွေကို ကြော်ထားတာနဲ့ လည်း စားကြပါတယ်။

ဆီထမင်းနဲ့ နောက်ထပ် လိုက်ဖက်တာ တစ်ခုကတော့ လက်ဖက်ရည် ချိုဆိမ့်ပါ။ လက်ဖက်ရည်ကတော့ ကျွန်တော့် အကြိုက်ပါပဲ။ သူမလည်း ကျွန်တော်နဲ့ ပေါင်းပြီး လက်ဖက်ရည် ကြိုက်တတ်လာပါပြီ။ နုနုရည်(အင်းဝ)ရဲ့ ကုန်စိမ်းသည်တွေလို့ ဝေလီဝေလင်း နေမတက်ခင်မှာ စားတဲ့ မုန့်ဟင်းခါးနဲ့ လက်ဖက်ရည် ချိုဆိမ့် ပြစ်ပြစ်ဟာ ကျွန်တော်တို့ရဲ့ အကြိုက်နဲ့ တူပါတယ်။ ဆိုင်မှာ သောက်ရင်တော့ ကျဆိမ့် သောက်ပါတယ်။ အိမ်ထောင်မကျခင်က အိမ်မှာ မိန်းမဆိုလို့ အမေ တစ်ယောက်တည်း ရှိပြီး ကျန်တဲ့ ယောက်ျားတွေ အကုန်လုံးက လက်ဖက်ရည်သောက်လို့ အိမ်မှာပဲ အမေက နှပ်ပြီး ဖျော်ပေးပါတယ်။ အဲဒီတုန်းက ရှမ်းတောင်တန်း လက်ဖက်ခြောက်ပါ။ နောက်မှ စိုးဝင်း လက်ဖက်ခြောက်တို့ ဘာတို့ ၀ယ်ဖြစ်တာပါ။ အခုတော့ လက်ဖက်ခြောက်က Lipton က Loose Tea ကို သုံးပါတယ်။ တစ်ထုပ်စီ ထုပ်ထားတာမျိုး မဟုတ်ပါဘူး။ စက္ကူ အထုပ်ကြီး တစ်ထုပ်ထဲမှာပါ။ အပြင်ကတော့ စက္ကူဗူးနဲ့ပေါ့။

နှစ်ယောက်စာဆို၊ စားပွဲတင်ဇွန်း ၃ ဇွန်းမောက်မောက် ကို ရေ နှစ်ခွက်ခွဲလောက်နဲ့ နှပ်ထားပါတယ်။ ရေပွက်လာရင် မီးလျှော့ပြီး နှပ်ထားပါတယ်။ ရေဆူခါစမှာ ထွက်တဲ့ အနံ့က စိမ်းပါတယ်။ နောက်နည်းနည်း ကြာလာရင် အနံ့ပြောင်းသွားပါလိမ့်မယ်။ အဲဒီလို အနံ့ပြောင်းသွားလည်း ခဏ ထားထားပါဦး။ လက်ဖက်ခြောက် မနပ်ရင် သောက်လို့ မကောင်းပါဘူး။ နှပ်တာ ကြာလို့ ကျသွားရင်တော့ ရေနွေး ပြန်ရောလို့ ရပါတယ်။ ဆားလေး လက်တစ်ဖျစ်လောက် ထည့်နှပ်ရင် ရပါတယ်။ အချိုလေးပြီး လေအရမ်း မချုပ်တော့ပါဘူး။ လက်ဖက်ခြောက်တွေကို စစ်လိုက်ပြီး သကြားနည်းနည်း၊ နို့ဆီများများ ထည့်ပြီး ဖျော်ပါတယ်။ အရမ်းခါးနေရင် ရေနွေးရောပါတယ်။ အရောင်ကို ကြည့်ရင် အရသာကို သိနိုင်ပါတယ်။ အုတ်ခဲရောင် ရင့်ရင့်ဆို ခါးပါတယ်။ နို့ဆီ များများထည့်လေ အရောင်ဖျော့လေပါ။ နို့စိမ်း ထည့်ချင် လည်းရပါတယ်။ ကျွန်တော့် အတွက်တော့ လက်ဖက်ရည်ဆို နို့ဆီနဲ့ လိုက်ပြီး၊ ကော်ဖီဆိုရင် Creamer (Coffee-mate) နဲ့ ကြိုက်ပြီး နို့ပူပူကတော့ မိုင်လို ထည့်ဖျော်လို့ အကောင်းဆုံးပါ။

စင်္ကာပူမှာလည်း လက်ဖက်ရည် တော်တော် သောက်ကြပါတယ်။ လက်ဖက်ရည်ကို မျိုးစုံ သောက်ကြပါတယ်။ သူတို့ အခေါ်အဝေါ်တွေလည်း မှတ်ထားရပါသေးတယ်။ ကျွန်တော်က ကျကျ သောက်ချင်တော့ တေးကောင် (ကောင်းဆိုတာ ပြစ်ပြစ်ပါ) မှာသောက်ပါတယ်။ တရုတ် အဖိုးကြီးတွေက အကျရည်ချည်းပဲ သောက်လေ့ ရှိပါတယ်။ သူတို့ သောက်တာက တေးအော တဲ့။ ရုံးက တရုတ်တွေကတော့ တေးပိန်း သောက်ပါတယ်။ ရေခဲနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်အေးပေါ့။ အမျိုးသမီးတစ်ယောက်ကတော့ တေစီး (Teh C) သောက်ပါတယ်။ နို့စိမ်းနဲ့ ချည်းပဲ ဖျော်ထားတာပါ။ အကြိုက်ဆုံးကတော့ မလေးတွေ ဖျော်တဲ့ တေးတာရေး (Teh Tarek)။ ရန်ကုန်မှာ ရှယ်တွေ မပေါ်ခင်တုန်းက ဖျော်သလို ခွက်ကြီးထဲ ထည့်ပြီး အပေါ်အောက် ဆွဲတာပါ။ Tarek ဆိုတာကလည်း မလေးလို ဆွဲတာပါ။ လက်ဖက်ရည် ကျကျကို နို့ဆီ၊ နို့စိမ်းနဲ့ ဖျော်ပြီး ဆွဲလိုက်ရင် အမြုတ်တွေနဲ့ နည်းနည်း ထလာပြီး သောက်လို့ ကောင်းပါတယ်။ စင်္ကာပူ ၀န်ကြီးချုပ် ကိုယ်တိုင် မိန့်ခွန်းထဲ ထည့်ပြောတဲ့ တေးတာရေးပါ။ လော်ပါဆတ် (Lau Pa Sat) မှာ ညဖက် တေးတာရေး ရောင်းတဲ့သူကလည်း ၀န်ကြီးချုပ်နဲ့ တွဲပြီး ဓါတ်ပုံ ရိုက်ထားတာကို အကြီးချဲ့ပြီး ဆိုင်မှာ ချိတ်ထားတယ်။ ဘာပဲ ဖြစ်ဖြစ် တေးတာရေးကိုတော့ ကြိုက်တယ်။

ရန်ကုန်မှာ နောက်ပိုင်း ဖျော်နည်း တစ်မျိုးကတော့ အပေါ်မှာ ပြောခဲ့သလို ဖျော်ပြီးမှ အိုးကြီးထဲ ထည့်ပြီး ပြန်နွှေးထားတာပါ။ နည်းနည်း ကြာတော့ အပေါ်မှာ မလိုင်တွေ တက်လာပါတယ်။ ဒါကိုပဲ ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဇိမ်ခံသောက်ကြတာကို မှတ်မိပါသေးတယ်။ ရုံးမှာတော့ အိပ်ငိုက်ပြေအောင် Green Tea ကို ရေနွေးနဲ့ သောက်ပါတယ်။ စတိုင်ပေါ့။ Green Tea သောက်တာ ဘာအတွက် ကောင်းတယ်၊ ညာအတွက် ကောင်းတယ်ဆိုပြီး။ သူမကလည်း လက်ဖက်ရည်ကြမ်း အရမ်း သောက်တတ်လို့ ကိုယ်ဝန်ဆောင်စဉ်မှာ သောက်ရင် အူက သံဓါတ် စုပ်တာ နည်းစေလို့ ပေးမသောက်ပါဘူး။ အမေရိကားမှာတော့ Restaurant တွေမှာဆို Iced Tea ကို ဖန်ချိုင့် ကြီးတွေနဲ့ သံပုယိုသီး အကွင်းလိုက် တည်ခင်းပါတယ်။ Cola သောက်တာ သကြားများတယ်ဆိုပြီး Iced Tea သောက်ကြပါတယ်။ မထူးပါဘူး Pokka ကထုတ်တဲ့ Iced Tea တွေကလည်း သောက်ပြီးရင် လည်ပင်းမှာ ချွဲပြီး ကျန်ခဲ့ပါတယ်။ အမေရိကားမှာ တွေ့ဖူးတဲ့ မန်နေဂျာ တော်တော် များများက Snapple ကထုတ်တဲ့ Iced Tea ပုလင်းပုလေးတွေ ကိုင်ကိုင်ပြီး သောက်ကြပါတယ်။ စင်္ကာပူမှာတုန်းက အထက်က Director ကလည်း အမြဲတမ်း သောက်နေတာပဲ။ Snapple က အရသာကိုတော့ ကျွန်တော်လည်း ကြိုက်ပါတယ်။ မချိုလွန်းဘဲ ချွဲလည်း မချွဲပါဘူး။ မန်နေဂျာဂိုက်ပေါက်အောင်တော့ တစ်နေ့ကို နှစ်ပုလင်း သုံးပုလင်း မသောက်နိုင်ပါဘူး။

ရေးကောင်းကောင်းနဲ လက်ဖက်ရည် ဋီကာတောင် ဖြစ်တော့မယ်။ တကယ်ကတော့ မနက်စာ ကောင်းကောင်းလေးကို ဝေမျှချင်တာပါ။ ဆီထမင်းနဲ့ ပဲပြုတ်၊ ဆီထမင်းနဲ့ ပုစွန်ခြောက်ကြော်၊ ပုစွန်ခြောက်ကြော် ငန်ငန်လေးနဲ့ လက်ဖက်ရည် ဆိမ့်ဆိမ့်လေးဟာ စနေ၊ တနင်္ဂနွေမှာ နံနက်စာ လုပ်စားလို့ ကောင်းတာလေးတွေပါ။ ပဲပြုတ်ကလွဲရင် ကျန်တာတွေက အချိန် သိပ်မပေးရဘဲ အလွယ် လုပ်နိုင်တဲ့ မြန်မာပြည် အလွမ်းပြေ နံနက်စာလေးတွေပါ။

16 comments:

imaginary clouds no 2 - 1/8/08, 1:00 AM

တီးအက်ဆေးပေါ့ဗျာ ။ ကျနော်တော့ လောလောဆယ် တေးအာလေး နဲ့ ကော်ဖီ အို တလှည့်စီ ဆွဲနေတယ်။

nu-san - 1/8/08, 3:04 AM

Andy ပြောမှပဲ ဆီထမင်းစားချင်လာပြီ။ အမက အဲလို ထမင်းပေါင်းအိုးနဲ့ထည့်ချက်တာ မသိဘူး.. ခုတော့ အလွယ်လုပ်လို့ရလို့ ပိတ်ရက်မှာ လုပ်စားကြည့်အုံးမယ်... ကျေးဇူး Andy ရေ... :)

Andy Myint - 1/8/08, 1:21 PM
ချက်စား အစ်မ။ ရေတော့ သတိထားထည့် ပျော့သွားတတ်တယ်။
Phyo Wai Kyaw - 1/8/08, 6:02 PM

စားတော်ပဲ ကို ကြက်တူရွေးစာရောင်းတဲ့ ဆိုင်လိုမျိုးမှာ ရှာကြည့်ပါလား... ရတတ်တယ်တဲ့ ဗျ

Anonymous - 1/9/08, 1:56 AM

So good to see a long post about food.I think your tongue is very smart at taste. Your mother & your wife might get headache to cook food for you:P

Andy Myint - 1/9/08, 10:22 PM
Thanks for the comment.. you guessed it right... but this has been sorted out by helping them :)

Thanks for the tip, Ko Phyo. I will give it a try. I don’t know where I can find a parrot food shop in Sydney though. :)
Andy Myint - 1/9/08, 10:31 PM
တေးအာလေး လို့ ခေါ်တဲ့ ဂျင်ဂျာတီး ရှိသေးကြောင်း ဆရာတိန်က ပြောမှ နှစ်ခေါက် သုံးခေါက်လောက် သောက်ဖူးတဲ့ ဟာကို ပြန် အမှတ်ရတော့တယ်။ သိပ်မသောက်ဖြစ်တော့ ဘယ်လို ခေါ်မှန်း မသိပါဘူး။ သူ့ကို တေးအာလေးဆိုတာ ဘာလဲမေးတော့ ဒီလို ပြန်ဖြေပါတယ်။

လည်ချောင်းနာနေရင် ။ အအေးမိခြင်သလိုဖြစ်ရင် သောက်လို့ ညွန်းတယ်။ ဂျင်ဂျာ တီးလို့ပြောရမယ်ထင်တယ် ။ ချမ်းနေရင်သောက်လိုက်ရင် ရင်ထဲ ပူသွားတယ်။ ဒါပေမယ့် နည်းနည်း ချိုတယ် ။ ချိုပူပေါ့ဗျာ ။ ( ငယ်ရည်းစားနာမည်နဲ့ ခပ်ဆင်ဆင်ရယ်) ၊ ရယ်ဒီမိတ် အထုတ်ရှိတယ်ဗျ.

သူပြောသလိုပဲ ကျွန်တော်လည်း မိုးတွေ အရမ်းရွာပြီး အရမ်းအေးတဲ့ နေ့တုန်းက သောက်လိုက်တာ ရင်ထဲမှာ နွေးသွားတယ်။ ရုံးတက်နေတာ့ ၀ီစကီက သောက်လို့မရဘူးလေ။ တေးအာလေးနဲ့ပဲ ရသေ့ စိတ်ဖြေ လုပ်ရတာပေါ့။
pandora - 1/19/08, 10:07 PM

ခင်ဗျားကတော့ ရောက်ရာအရပ်မှာ မငတ်မယ့်လူပါပဲ
ကောင်းပါ့..
ဒါနဲ့ ဒီနေ့ ဘဲဥဟင်းချက်စားတယ်
ဟဲဟဲ မြန်မာပြည်က ပြုတ်ပြီးသယ်လာတာ

Andy Myint - 1/19/08, 10:26 PM
အကြံ ကောင်းလှ ချေလား။ ဒီမှာလည်း ဘဲဥ ရှိတယ် ကြားတယ်။ ချက်စား ဖြစ်မှ လှမ်းကြွား လိုက်မယ်။ အဲ.. လှမ်းကျွေးလိုက်မယ်။
Pan Nwe - 9/5/08, 7:25 AM

"ပဲပြုတ်အတွက် စားတော်ပဲ မတွေ့တာနဲ့ Green Pea ကို သုံးပါတယ်။ (Baking) ဆော်ဒါနဲ့ ရေ ၁၀ နာရီလောက် စိမ်ထားပါတယ်။"
ကိုအန်ဒီ-ဆော်ဒါဘယ်လောက်လောက်ထည့်ရလဲ သိချင်လို့ပါနော်။ ကျေးဇူးပါ။

Andy Myint - 9/5/08, 12:18 PM
Green Pea အခြောက် ၂၅၀ ဂရမ်စီ အတွက် ဆော်ဒါ လဘက်ရည်ဇွန်း ၁ ဇွန်းပါ မပန်းနွယ်။
Pan Nwe - 9/5/08, 2:05 PM

ကျေးဇူးပါ..ကိုအန်ဒီ။ ပဲတစ်ခါပြုတ်ဖို့ တော်တော်အချိန်ပေးရမှာမို့ မှားမှာစိုးလို့ပါ။ :)။

May - 1/9/10, 8:36 AM

u can get "za-daw-pai " ( it is called whole yellow peas ) , at Indian grocery stores .

စံပယ်ပန်း - 3/28/11, 2:36 AM

ကျေးဇူးပါပဲ အစ်ကို..။ ကျွန်တော်လိုငပျင်းအတွက် ဒီနည်းလေးက အသုံးဝင်မယ်ထင်ပါတယ်..။ မှတ်ထားလိုက်ပါဦးမယ်..။ ယောကျာ်းရရင် ဒီနည်းလေးနဲ့ပဲ ချက်ကျွေးလိုက်မယ်..။ စိတ်ပိန်တယ်..။ မယူဘဲနေရတာ ကောင်းမယ်ထင်တယ်..။ အဟင့်..။ ပဲပြုတ်ကတော့ အချိန်ကုန်လွန်းတယ်နော်..။ အချိန်မကုန်တဲ့ ပဲပြုတ်နည်းလေး လှည့်ပတ်ရှာလိုက်ဦးမယ်..။ ဟိ ဟိ..။ ချိတ်နဲ့ နာနဲ့ ပိန်တယ်ကွယ်..။

Sai - 8/25/12, 1:52 PM

ဆီထမင်းပုံလေးတောင်မပါဘူး...........

Anonymous - 7/13/14, 8:00 AM

ကျေးဇူးတင်ပါတယ်

Post a Comment

Many thanks for dropping a comment…

Film