Sunday, February 17, 2008

အခမဲ့ ဗိုက်ကြီးခြင်း - ၁

စင်္ကာပူမှာ ဗိုက်ကြီးတာကို အားမရတဲ့ သူမ တစ်ယောက်လည်း သြော်ဇီ ရောက်တာနဲ့ နောက်တစ်ခေါက် ဗိုက်ကြီးပြန်တယ်။ နိုင်ငံတကာ လှည့်ပြီး ဗိုက်ကြီးနေတော့လည်း ဟိုနိုင်ငံမှာ ဗိုက်ကြီးရင် ဘယ်လို၊ ဒီနိုင်ငံမှာ ဗိုက်ကြီးရင် ဘယ်လို သိရတာပေါ့။

စင်္ကာပူမှာတုန်းက ကိုယ်ဝန်ရှိပြီဆိုတာ သိတာနဲ့ ဆေးခန်းသွားတာ ဆိုတော့ သွားတဲ့ အချိန်မှာ သန္ဓေသက်တမ်းက နှစ်ပတ် သုံးပတ်ကျော်ကျော်ပဲ ရှိဦးမယ်ထင်တယ်။ သွားတာကလည်း မြန်မာပြည်မှာတော့ OG လို့ခေါ်ကြပြီး စင်္ကာပူမှာတော့ ဂိုင်နီ - Gynie ဆိုပြီး ခေါ်ကြတဲ့ Obstetrics and Gynecology Specialist မီးယပ်နှင့် သားဖွား အထူးကုဆီကို တိုက်ရိုက် တန်းသွားတာပါ။ ကိုယ်ကြိုက်တဲ့ ဆေးခန်း ကိုယ်တတ်နိုင်တဲ့ ဆေးခန်းကို ရွေးပြီး သွားပါတယ်။ သြော်ဇီမှာတော့ ဘာကိစ္စဖြစ်ဖြစ် အထူးကုတွေဆီ တန်းသွားလို့ မရပါဘူး။ အထွေထွေ ရောဂါကု(GP - General Practitioner) ဆီ အရင်သွားပြီးမှ GPက ညွန်းစာ (Referral Letter) ပါမှ အထူးကုဆီ သွားလို့ ရပါတယ်။ ကိုယ်ဝန်ရှိတယ်လို ကိုယ့်ဘာသာကိုယ် စမ်းပြီး သိတော့ GP ဆီပဲ အရင် သွားရပါတယ်။ စင်္ကာပူမှာက အထူးကုဆီ တန်းသွားတယ်ဆိုတာ ကိုယ့်ဘာသာကိုယ် ကျသင့်ငွေ ပေးမှာမို့ပါ။ ကျန်းမာရေး အာမခံ ထားထားတဲ့ သူတွေကတော့ အထူးကုဆီ မလိုအပ်ဘဲ တိုက်ရိုက် သွားရင် အာမခံ လျော်ကြေးတောင်းတဲ့ အခါ (Claim လုပ်တဲ့အခါ) စကားပြောရပါတယ်။ အဲဒီအခါမှ သူတို့က GP ရဲ့ (Referral Letter) ညွန်းစာကို တောင်းပါတယ်။

စင်္ကာပူမှာတုန်းက သွားတဲ့ ဆေးခန်းက သားဖွားအထူးကု ဆေးခန်းဆိုတော့ Ultra-sound စက်ကလည်း အဆင်သင့်ရှိပြီး ရောက်တာနဲ့ ဗိုက်ပေါ် Scanner တင်ပြီး စမ်းလိုက်တာ ၁ စင်တီမီတာလောက် အမှုန်အစက်လေးကနေ စပြီး မြင်ရပါတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာ ချက်ချင်း သိရပါတယ်။ ဒီမှာတော့ GPက ကိုယ်ဝန်ရှိလား မရှိလား သိဖို့ ဆေးစစ်ဖို့ရာ ဓါတ်ခွဲခန်းကို သွားဖို့ ဘာတွေ စစ်ရမယ်ဆိုတာကို စာတစ်စောင် ထုတ်ပေးလိုက်ပါတယ်။ ဓါတ်ခွဲခန်းသွားပြီး ဆေးစစ်ထားတာ တစ်ပတ်လောက် ကြာတော့ အဖြေ သိရပါတယ်။ စင်္ကာပူမှာတုန်းက ဓါတ်ခွဲဖို့ လိုအပ်ရင် ဆီးတွေ၊ သွေးတွေကို သားဖွားဆေးခန်းက ဆရာဝန်ကပဲ ထုတ်ပြီး အသင့်ရှိပြီးသား ဖန်ပြွန်လေးတွေနဲ့ထည့်ထား၊ နာမည်တွေ ဘာတွေ ကပ်ထားတာကို ဓါတ်ခွဲခန်းက Courier Guy တွေက ဆိုင်ကယ်လေးတွေနဲ့ ဆေးခန်းတကာ လှည့်ပြီး ယူတာဆိုတော့ ဓါတ်ခွဲခန်းတောင် သွားစရာ မလိုလိုက်ပါဘူး။ စကားမစပ် ဒီမှာ ဓါတ်ခွဲခန်း ၃ ခုလောက် သွားတာ တရုတ်တွေနဲ့ပဲ တွေ့တွေ့နေတယ်။ (ထင်တာ ပြောတာ) ကြည့်ရတာ ဘိုတွေက ဓါတ်ခွဲခန်းမှာ ရောဂါတွေ ဘာတွေ ကူးမှာ စိုးလို့ မလုပ်ချင်ဘူး ထင်တယ်။

ဒီနေရာမှာ အဓိက ပြောလိုတာကတော့ ဒီမှာ ဒီလို အထွေထွေကုဆီသွား၊ ဓါတ်ခွဲခန်းသွားတာ တစ်ပြား တစ်ချပ်မှ မကုန်ပါဘူး။ ဒီမှာ Medicare လို့ ခေါ်တဲ့ ကျန်းမာရေး စနစ်ကြောင့်ပါပဲ။ စင်္ကာပူမှာတော့ ဆေးခန်းသွားပြီဆို Credit (ဖြစ်ဖြစ် Debit ဖြစ်ဖြစ် Nets ဖြစ်ဖြစ်) Cardလေး ပါသွားမှ ရပြီး ဆေးရုံတက်ဖို့ဆို လူနာတောင် ဆေးရုံထဲ မ၀င်ရသေးဘူး စပေါ် (Deposit)လေး အရင် မစပါ ဆိုသလို ဖြစ်နေတယ်။ ဒီမှာတော့ Medicare Card လေး ပြလိုက် ရုံပါပဲ။ စင်္ကာပူမှာတော့ ရုံးတွေက Corporate Insurance လုပ်ပေးထားရင်တော့ အဲဒီ Insurance ကို လက်ခံတဲ့ ဆေးခန်းတွေမှာ အာမခံကတ်ပြားလေး ပြလိုက်ရင် ဆေးခန်းက အာမခံကို ကျသင့်ငွေ တောင်းခံပါတယ်။ ရုံးက မလုပ်ပေးလည်း ကိုယ်ပိုင် ကျန်းမာရေး အာမခံ လုပ်ထားလို့ ရပါတယ်။ အာမခံ လုပ်ထားမယ်ဆို ဆေးရုံ၊ ဆေးခန်းသွားရရင် တစ်ပြားမှ မပေးရတာလည်း ဖြစ်မယ်၊ သတ်မှတ်ထားတဲ့ ပမာဏကို ကိုယ်က စ ပေးရတာလည်း ဖြစ်မယ်။ ဥပမာ ဆေးခန်းသွားရင် ကိုယ်က ၂၀ တော့ ပေးရမယ် ဆိုတာမျိုး။ စင်္ကာပူရဲ့ စနစ်က အမေရိကားက စနစ်နဲ့ ဆင်ပါတယ်။

သြော်ဇီက Medicare ကျတော့ မြန်မာပြည်မှာ ပြောသလို ဆိုရင် `စားရိတ်မျှပေး ကျန်းမာရေး´ ပါ။ တစ်နှစ် တစ်နှစ် ကိုယ်ဝင်ငွေထဲက ၁.၅%ကို Medicare အတွက် ပေးရတယ်။ (၀င်ငွေခွန် ၃၀% နဲ့ စာရင်တော့ မပြောပလောက်ဘူး ထင်ရမယ်) သတ်မှတ်ထားတဲ့ ပမာဏ ၀င်ငွေအောက် နည်းတဲ့သူတွေတော့ မပေးရပါဘူး။ ကိုယ့်ဘာသာကိုယ် ဒေါင်ဒေါင်မြည် ကျန်းမာလည်း ပေးရမှာပဲ။ ဘယ်ဆေးခန်းမှ မသွားလည်း ပေးရမှာပဲ။ ဗိုက်မကြီးလည်း ပေးရမှာပဲ။ အဲဒီရတဲ့ ပိုက်ဆံတွေ အပြင် အစိုးရက အိတ်စိုက် ထုတ်ထားတဲ့ ပိုက်ဆံတွေနဲ့ ဆေးကုသ စားရိတ်တွေကို ပြန်ပေးတာပါ။ အစိုးရကသာ အိတ်စိုက် မထုတ်ပေးရင် ၈% လောက်ပေးရမယ်လို့ တွက်ထားတာ တွေ့မိတယ်။ သတ်မှတ်ထားတဲ့ ပမာဏထက် ၀င်ငွေရတဲ့ မိသားစုတွေကိုတော့ အစိုးရက ကိုယ်ပိုင် ကျန်းမာရေး အာမခံ ထားအောင် တွန်းအားပေးတဲ့ အနေနဲ့ ကျန်းမာရေး အာမခံ မရှိတဲ့သူတွေကို နောက်ထပ် ၁% အပိုဆောင်း ကောက်ပါတယ်။ အဲဒီတော့ ၀င်ငွေကောင်းတဲ့ မိသားစုတွေက ကိုယ်ပိုင် ကျန်းမာရေး အာမခံ မရှိရင် ၂.၅% ပေး။ အာမခံရှိရင်တော့ ၁.၅%လည်းပေး ကျန်းမာရေး အာမခံဖိုးလည်း ပေးပေါ့။ အဲဒီ အာမခံဖိုးအတွက် တစ်စိတ်တစ်ပိုင်းကိုတော့ အစိုးရက စိုက်ပေးပါတယ်။

ကိုယ်ပိုင် ကျန်းမာရေး အာမခံ ရှိရင်တော့ အာမခံက သတ်မှတ်ပေးထားတဲ့ ပုဂ္ဂလိက သီးသန့် (Private) ဆေးရုံ၊ ဆေးခန်းတွေမှာပါပြလို့ ရပါတယ်။ အဲဒီ အခါ (ဥပမာ) ၁၀၀ ကျတယ်ဆိုရင် အစိုးရက ၃၀ပေး၊ အာမခံ ကုမ္ပဏီက ၇၀ ပေး လိုမျိုးပေါ့။ Medicare သတ်သတ် သမားတွေကတော့ ပြည်သူပိုင် ဆေးရုံနဲ့ သတ်မှတ်ထားတဲ့ ဆေးခန်းတွေမှာပဲ ပြလို့ ရပါမယ်။ (ပုဂ္ဂလိက ဆေးရုံတွေမှာ သွားပြချင်ရင်တော့ ကိုယ့်ဘာသာကိုယ် ပေးပေါ့)။ ပုဂ္ဂလိက သီးသန့် ဆေးရုံနဲ့ ပြည်သူပိုင် ဆေးရုံကတော့ အသုံးအဆောင် အထောက်အပံ့ ပစ္စည်းတွေ (Facilities) အပြင် ရက်ချိန်းစောင့်ရတာတို့ ဘာတို့မှာတော့ အများကြီး ကွာသွားပါပြီ။ ဒီလို ကွာဟချက်ကတော့ မြန်မာပြည်လို နိုင်ငံမှာ သိသိသာသာ တွေ့ရမှာပါ။ စင်္ကာပူလို နိုင်ငံမှာတော့ အသုံးအဆောင် အထောက်အပံ့ ပစ္စည်းတွေက သိပ်မကွာပေမယ့် ပြည်သူပိုင် ဆေးရုံတွေ၊ ဒေသန္တရ ဆေးခန်း (Poly Clinic) တွေမှာ ဆိုရင်တော့ (သူတို့ အခေါ်အဝေါ်နဲ့ဆို) ကယူး (Queue) ပေတော့။ ဒီလို ဆေးခန်းပြဖို့ ကျူးရတာက တော်ပါသေးတယ်။ ဒီမှာလည်း တစ်ခုခု ခွဲစိတ်ဖို့ဆို အသက်အန္တရာယ်ကို ချက်ချင်းကြီး ဒုက္ခပေးနိုင်တာ မဟုတ်ရင် တမေ့တမော လနဲ့ချီ၊ နှစ်နဲ့ချီ စောင့်ပေတော့။

ဆက်ရေးမည်။

4 comments:

imaginary clouds no 2 - 2/17/08, 4:23 PM

အတွေ့ အကြုံများကို ဝေမျှတာ တကယ့်ကို ကောင်းတယ်။ ဆက်ရေးပါ အန်ဒီ ။စောင့်ဖတ်လျှက်။

အောင်နိုင်ထွန်း - 2/17/08, 10:22 PM

အဟီး.......:D
ခေါင်းစဉ်ဖတ်ပြီး ပြူးသွားတာဘဲ
(မျက်စိ)

Andy Myint - 2/19/08, 11:47 AM
ကျေးဇူးပဲ မောင်တိန်။ ဆက်ရေးမှာပါ။

စာကိုယ်ကိုလည်း ဖတ်ပါဦး ကိုအောင်နိုင်ထွန်းရယ်.. ဟားဟား။
Loverlay - 10/18/09, 2:02 AM

ရှာဖွေလေတွေ့ရှိလေ..တွေ့ရှိလေစိတ်ဝင်စားလေဖြစ်ခဲ့ပီ...ဟိဟိဆက်ဖတ်လိုက်ဦးမယ်..မြန်မာပြည်မှာနေတုန်းကအင်တာနက်ဆိုင်ထိုင်ရင်..ဗိုက်ဗိုက်မလောက်လို့..အပြေးအလွှားမေးလ်ပို့..တိုလီမိုလီလုပ်တာနဲ့အချိန်ကုန်သွားတယ်...
ဒီလိုဖတ်ရဖို့အခွင့်အရေးနည်းပါး၏...ခုမှကိုယ်ပိုင်အင်တာနက်ကိုယ်ပိုင်ကွန်ပျူ တာနဲ့ဆိုတော့..((ဟီး..ကြွားတာမဟုတ်ဘူးမြန်မာနိုင်ငံမှာကွန်ပျူတာရှိရင်တာ
တောင်မှာအင်တာနက်မရနိုင်ဘူးလေ)) အားရပါးရဖတ်လိုက်ဦးမယ်..။

Post a Comment

Many thanks for dropping a comment…

Film