Wednesday, March 12, 2008

သွားငုတ်တို လူငုတ်တုတ် (၁၀လ - ၁၁လ)

၁၀လ၊ ၁၁လအရွယ် ကလေးတွေရဲ့ ပုံမှန် တိုးတက်မှုကို `သွားငုတ်တို လူငုတ်တုတ်´ လို့ပြောလို့ ရပါတယ်။ (တချို့ကလည်း `သွားငုတ်တုတ် လူငုတ်တုတ်´လို့ ပြောပါတယ်။) ဆိုတဲ့အတိုင်းပါပဲ သမီးလေး မြတ်နိုးဟာ သွားငုတ်တိုလေးတွေ ထွက်နေပါပြီ။ ငုတ်တုတ်လည်း ထိုင်တတ်နေပါပြီ။ အစက သမီး မထိုင်တော့ ကျွန်တော်တို့မှာ နည်းနည်း စိုးရိမ်လိုက်ရပါသေးတယ်။ ကျောရိုးတွေများ မခိုင်လို့လား ဘာလားပေါ့။ တကယ်တော့ ကလေးတွေရဲ့ တိုးတက်မှုက အချိန်ပိုင်း အနည်းငယ်တော့ ကွားခြားမှာပေါ့။ ထိုင်တတ်သွားတော့လည်း မတ်နေတာပဲ။

မထိုင်တတ်ခင်တုန်းက လက်ကို အားပြုပြီး မှောက်ထားရတဲ့ အတွက် ဆော့ကစားတဲ့ အခါမှာ သူ့အတွက် ဘယ်လိုမှ မလွတ်လပ်ပါဘူး။ အခုလို ထိုင်တတ်သွားတဲ့ အတွက် သူတို့ ဆော့တဲ့ အခါမှာ လက်နှစ်ဘက်က လုံးလုံး အားသွားပြီး ဆိုတော့ လက်နှစ်ဘက်ကို ကောင်းကောင်း အသုံးပြုလို့ ရသွားပါတယ်။ အပြင်သွားတဲ့ အခါမှာလည်း လှည်းပေါ်မှာ နောက်ကို မှီမထိုင်ဘဲ သူဘာသာသူ မတ်မတ် ထိုင်လိုက်လာပြီး ပတ်ဝန်းကျင်ကို ပိုကြည့်တတ်၊ ပျော်တတ်လာပါတယ်။ ထိုင်တတ်ပြီးမှ အပြင်သွားရတာ ပိုအဆင်ပြေလာပါတယ်။ လက်တွေကိုလည်း တခြား အပြုအမူတွေ အတွက် လှုပ်ရှားတတ်လာပါတယ်။ ကျွန်တော် ရုံးသွားခါနီး သူ့အမေက သမီးရေး တာ့တာ့လုပ်လိုက်ဆိုရင်လည်း လက်တွေကို ဝှေ့ယမ်းတတ်လာပါတယ်။ အပြင်သွားလို့ တခြားကလေးတွေကို ဟဲလိုလုပ်လိုက်ဆိုရင်လည်း လက်ကလေးကို ဆုပ်လိုက် ဖြန့်လိုက် လုပ်တတ်လာပါတယ်။ နောက်ပြီး သီချင်းတွေ ဘာတွေ ဆိုပြရင် လက်ခုပ် လိုက်တီးတတ်လာပါတယ်။ သမီးရေ လက်ခုပ်တီးလိုက်လို့ ပြောတာကိုလည်း နားလည်းပြီး လိုက်လုပ်ပါတယ်။ ညနေ ညနေကျရင်လည်း ငှက်ကြည့်ထွက်တဲ့ အခါ ကျွန်တော်က ငှက်တွေကို လက်ညှိုးထိုးပြနေကျဆိုတော့ ငှက်ကလေးတွေ တွေ့ရင် သမီးက လက်ညှိုး ထိုးတတ်ပါတယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံး အနှစ်သက်ဆုံး တိုးတက်မှုကတော့ ပြုံးတတ်လာတာပါပဲ။ အစက သမီးက မပြုံးမရယ်နဲ့လေ။ အဖေနဲ့ အမေ နှစ်ယောက်စလုံးကလည်း နဂိုကတည်းကမှ လူမှုရေးက ခပ်ညံ့ညံ့ရယ်ဆိုတော့ ဒီလို သွေးတွေ ပါလာပြီး မပြုံးတတ်တာများလာလို့တောင် တွေးမိတယ်။ အဖေနဲ့ မြှောက်ဟယ် ပြုဟယ် ဆော့ရင်တော့ ခိုးခိုးခစ်ခစ် ရယ်တာပေါ့။ ဒါပေမယ့် တစ်စက်မှ မပြုံးခဲ့ပါဘူး။ သူပြုံးတတ်တော့ ကျွန်တော်တို့မှာ ကြည်နူးလိုက်ရတာ။ အခုဆို တစ်ခုခုကို နှစ်သက် သဘောကျရင်လည်း ပြုံးတယ်။ သူကို ခေါ်လိုက်ရင်လည်း လှည့်ကြည့်ပြီး ပြုံးပြပါတယ်။ အကောင်းဆုံးကတော့ လမ်းမှာ လူတွေနဲ့ တွေ့ရင် ပြုံးပြီး နှုတ်ဆက်တတ်တာပဲ။ ဒီက ဘို အဖွားကြီးတွေ၊ အဒေါ်ကြီးတွေက ကလေးချစ်တတ်ပြီး သူ့ကို အရေးတယူ ရှိလှပါတယ်။ အဲလိုမျိုးဆိုရင်များ သူက ပြုံးပြီး ပြန်နှုတ်ဆက်လိုက်ရင် အဖွားကြီးတွေမှာ သဘောတွေကျလို့။ အဲဒီလို နှုတ်ဆက်ပြုံးတာရယ်၊ သဘောကျလို့ ပြုံးတာရယ်အပြင် နားမလည်တာတို့ အားနာလို့ ပြုံးတာမျိုးတွေလည်း လုပ်တတ်ပါသေးတယ်။

ပြီးတော့ ပြောရင် ယုံမှာ မဟုတ်ဘူး။ သမီးက လှောင်ပြုံးလည်း ပြုံးတတ်သေးတယ်။ သူဆော့နေတဲ့ အရုပ်ကလေးကို အမေက ကလေးလေး တစ်ယောက်လို ပြုစုပေးသလို လုပ်ပြရင် သူကများ ``ဟယ် အရုပ်ကြီးကိုများ တကယ့် ကလေးကျနေတာပဲ ပေါနေလား မသိဘူး´´ တွေးပြီး လှောင်ပြုံးနေသလိုပါပဲ။ အဖေရှိရင် အဖေ့ဖက်ပါ လှည့်ကြည့်ပြီး မေမေတော့ ပေါနေတယ် ဆိုပြီး လှမ်းပြုံးပြလိုက်ပါသေးတယ်။ တကယ်ပါ။ တစ်ခေါက် နှစ်ခေါက်မဟုတ်ဘူး။ သူ့ကို အဲဒီလို လုပ်ပြတိုင်း အဲဒီလိုမျိုး ပြုံးပြတယ်။ နောက်ပြီး တီဗွီမှာ ကြော်ငြာလာရင် သူကြိုက်တဲ့ ကြော်ငြာဆိုရင် အပြေးအလွှား လာကြည့်ပြီး စိတ်ဝင်စားရင် နှုတ်ခမ်းလေး ထော်လာပြီး ကြည့်ပါတယ်။ တချို့ကြော်ငြာတွေဆို ငပေါဆိုပြီး ပြုံးပြတတ်ပါတယ်။ မှတ်မှတ်ရရ အမြွာ ကောင်လေး နှစ်ယောက်က `ဒီပစ္စည်းကို သုံးပါ´(လိုမျိုး) ဆိုပြီး ပြိုင်တူပြောရင် သူကများ လှောင်ပြုံး ပြုံးပါသေးတယ်။ တစ်ခါတစ်လေကျတော့ သွားငုတ်တိုလေးတွေနဲ့ ပြုံးတာ အဖွားကြီးလေး ကျနေတာပဲ။

တကယ်တော့ သမီးက မျက်နှာက ကြွက်သားတွေကို အတော် ထိန်းချုပ် လှုပ်ရှားတတ်တော့ ပြုံးတတ်လာတာပါ။ လူကြီးတွေရဲ့ မျက်နှာ အမူအရာတွေကိုလည်း ကြည့်ပြီး အတုခိုး လှုပ်ရှားတတ်လာပါတယ်။ နှာခေါင်းရှုံ့ပြရင် လိုက်လုပ်တယ်။ နှုတ်ခမ်းစူပြရင်လိုက်လုပ်မယ်။ သူမကြိုက်တာ တစ်ခုခုဆိုရင်လည်း နှုတ်ခမ်းစူပြတယ်။ ဘယ်ကနေ ဘယ်လို တတ်လာမှန်းကို မသိတာ။ မူကြိုပို့တယ်ဆိုရင် မူကြိုက တတ်လာတယ် ထင်ဦးမယ်။ နောက်ပြီး သူကို တစ်ခုခု မလုပ်ဖို့တားလိုက်ရင် ဆွဲလိုက်ရင် မျက်နှာကို ရှုံ့မဲ့ပြီး သူ့လက်ကလေး နှစ်ဖက်နဲ့ သူ့ခေါင်းကိုသူ ပြန်ရိုက်ပြီး ဆန္ဒပြတတ်ပါသေးတယ်။ ကျွန်တော်တို့မှာ အဲဒါကိုပဲ ကြည့်ပြီး ငိုအားထက် ရယ်အားသန် ဖြစ်ရပါတယ်။

ဆော့တာလည်း ဘာဆော့သလည်း မမေးနဲ့။ တစ်အိမ်လုံးကို ပတ်ဆော့နေတာပဲ။ အိမ်က ကျယ်ပြီး အခင်းခင်းထားလို့ တော်တော့တယ်။ မနက်မိုးလင်းရင် သူ့ဘာသာသူ ထပြီး ဆော့နေပြီ။ ကျွန်တော်တို့က ကုတင်မသုံးတော့ဘူး။ ကြမ်းပြင်ပေါ်မှာပဲ မွှေ့ယာကို ဒီအတိုင်း ချပြီး အိပ်တော့ သူပြုတ်ကျမှာ မပူရတော့ဘူး။ ကလေးတွေ တိုးတက်တာများ စောင့်ကြည့်နေရင် အင်မတန် ကြည်နူးဖို့ ကောင်းတယ်။ အစတုန်းက မွှေ့ယာပေါ်က ဆင်းရင် ခေါင်းနဲ့ ၀မ်းလျားထိုး ဆင်းချတယ်။ မျက်နှာတွေ ဘာတွေတော့ နည်းနည်း နာမှာပဲ။ အခုတော့ လည်သွားပြီ။ အစပ်ကို ရောက်ရင် ဖင်လေးကို လှည့်လိုက်တယ်။ ပြီးတော့ ခြေထောက်တစ်ချောင်း အရင်ချတယ်။ ပြီးမှာ နောက်တစ်ချောင်းချတယ်။ ပြီးမှ လက်ကို တစ်ဘက်ချင်း လွှတ်တယ်။ ပြီးရင် ကစားစရာလေးတွေနဲ့ စကားတပြောပြော ဆော့နေရော။ အမေကလည်း သူဆော့ဖို့ ကစားစရာတွေကို အိပ်ခန်းထဲမှာ သတ်သတ် ထားပေးတယ်လေ။ ဆော့လို့ ၀ပြီဆိုရင် လူကြီးတွေကို အတင်းလာနှိုးပြီး အပြင် ထွက်ဖို့ ခေါ်တော့တာပဲ။ အိပ်ခန်း တခါးကိုလည်း သူ့ဘာသာသူ ဆွဲဖွင့်တတ်တယ်။ ဒါပေမယ့် အပြင်ကိုတော့ တစ်ယောက်တည်း မထွက်ချင်ဘူး။ အတင်းလာနှိုးပြီးမှ အတူတူ ထွက်တယ်။

ဆော့ကစားတဲ့ နေရာမှာ တိုးတက်မှုကတော့ ကစားစရာတွေကို ပေါင်းစပ် ဆော့တတ်လာတယ်။ ဥပမာ ပစ္စည်းအသေးကို အကြီးထဲ ထည့်တာမျိုး၊ နှစ်ခုကို အသံမြည်အောင် ရိုက်တာမျိုးတွေပါ။ ဆော့စရာ တစ်ခုတည်းမှာကိုလည်း ပိုပြီးတော့ အချိန်ပေး စိတ်ဝင်တစား ဆော့လာတယ်။ ဆော့စရာတွေကတော့ သီးသန့် ၀ယ်ပေးထားစရာ မလိုပါဘူး။ ဘူးတွေ၊ ခွက်တွေဆိုရင် သိပ်ကြိုက်။ အသံမြည်တာတွေကို ပိုကြိုက်တယ်။ တီးလုံးသံ ကြားရင်လည်း ထိုင်နေရင်တောင် ကိုယ်လေးကို ယိမ်းပြီး လိုက်`က´တယ်။ နောက်ပြီး ကြိုက်တတ်လာတာက စာအုပ်ကလေးတွေပါ။ စာအုပ်ထဲက ပုံတွေကို စိတ်ဝင်တစား ကြည့်တတ်လာပြီး။ Touch and Feel လုပ်လို့ရတဲ့ စာအုပ်တွေကို ပိုပြီး စိတ်ဝင်စားလာပါတယ်။ အဲဒီ စာအုပ်ကလေးတွေက အမွှေးပွ ခွေးကလေးဆို အမွှေးလေးတွေ ကပ်ထားမယ်။ လိမ္မော်သီပုံးဆိုရင် အဖုလေးတွေ လုပ်ထားတယ် ဆိုတော့ ကလေးတွေက အမြင်အာရုံရယ် လက်မှ တွေ့ထိခံစားမှုရယ်ကို ပေါင်းစပ် ခံစားတတ်၊ မှတ်တတ် လာပါတယ်။ တစ်ခါတစ်လေကျရင် သူဘာသာသူ စာအုပ်ကလေးတွေ ကြည့်နေတတ်ပါတယ်။

သွားလေးတွေကတော့ အခု စာရေးနေချိန်မှာ ၅ ချောင်း ရှိနေပါပြီ။ အောက်သွား နှစ်ချောင်း၊ အပေါ်သွား သုံးချောင်း ပေါက်နေပါပြီ။ တိုက်ဆိုင်တာပဲလား တကယ်ပဲလားတော့ မသိ။ သွားပေါက်တိုင်း သမီးလေးမှာ ဖျားပါတယ်။ အထူးသဖြင့်တော့ အပေါ်သွားတွေ။ အနည်းဆုံးတော့ ကိုယ်ပူပါတယ်။ ဆရာဝန်ကတော့ မဆိုင်ဘူးတဲ့ Infection တစ်ခုခု ၀င်လို့ ဖြစ်တာတဲ့။ ဒါပေမယ့် သူသွားပေါက်ခါနီး သူ့သွားဖုံးလေးကို တိုးထွက်ပြီး ပေါက်လို့ အဲဒီကနေရော Infection ၀င်တာ မဖြစ်နိုင်ဘူးလား။ နောက်ပြီး ကလေးတွေက ပထမ တစ်နှစ်မှာ မိခင်ဆီကနေ ကိုယ်ခံအားကို အလျှံပယ် ရထားလို့ တော်ရုံတန်ရုံ ဘာမှ မဖြစ်ပေမယ့် တစ်နှစ်ကျော်တာနဲ့ စပြီး ဖျားနာတော့တာပဲ။ ၀မ်းသွားတာတို့၊ Ear Infection တို့၊ အဆုပ်အအေးမိတာတို့ ဖြစ်နေတာတွေ ကြားနေရမယ်။ သမီးလည်း ခဏခဏ ဖျားတာပဲ။ အခုဆို သူဖျားတာ ၃ခါ ရှိပြီ။ တစ်ခေါက်ဆို ပဋိဇီဝဆေးတွေ (Amoxicillin) တောင် တိုက်ရပါတယ်။ သမီးက အမေနို့ကို ၄လလောက်ပဲ စို့လိုက်ရတော့ ကျွန်တော်တို့က ပိုပြီး စိုးရိမ်ရပါတယ်။ အမေနို့ ကြာကြာစို့ထားရင်တော့ ပိုပြီး ခံနိုင်ရည် ရှိမှာပါ။

ဖျားနာလို့ ဆေးခန်းသွားပြီဆိုရင် သမီးက ဆရာဝန် စမ်းသပ်ရင် ကြောက်တတ်ပါတယ်။ သူကို ချုပ်ပြီး ဆရာဝန်က စမ်းနေပြီဆို အော်ငိုနေတော့တာပဲ။ ဆရာဝန်က ကောင်းကောင်း စမ်းလို့ မရမှာလည်း ပူရပါသေးတယ်။ အခုဆို အဲဒီလိုမျိုး ဆေးခန်းထဲကို ၀င်ပြီး လူစိမ်းမြင်ရင်တောင် ကြောက်တတ်နေပါပြီ။ သမီးက လူတွေ အများကြီးနဲ့လည်း မနေရတော့ ဒီလို ဖြစ်တာ မဆန်းပါဘူး။ ရန်ကုန်က တူတွေ တူမလေးတွေဆိုရင် အမျိုးတွေ တသိုက်ကြီးနဲ့ နေရတော့ ပိုလည်းတတ်ပြီး ပိုလည်းရဲပါတယ်။ အဲဒါကြောင့် သမီးလေးကို အရွယ်နည်းနည်းရရင် ကလေးထိန်းကျောင်းကို တစ်ပတ်မှာ တစ်ရက် နှစ်ရက်လောက် ပို့ဖို့ စဉ်းစားနေရပါပြီ။ သူငယ်ချင်း ကလေးလေးများ တစ်နှစ်လောက်ကတည်းက ကလေးထိန်းကျောင်း ပို့ထားတာ အတော် သွက်လက်ချက်ချာပြီး တတ်နေပါပြီ။ သမီးကလည်း သူကို တစ်ခုခု အတင်းအကြပ် လုပ်ထားရင် မှတ်ထားပြီး အဲဒီလိုမျိုး အခြေအနေကို ပြန်ကြုံပြီဆို သူက ကြိုသိနေပါပြီ။ နောက်ပြီး Aware of Danger ဖြစ်လာတာလည်း ပါပါတယ်။ သူ့အတွက် အန္တရာယ် ရှိနိုင်တဲ့ အနေအထားတွေကို သိလာပြီး ဆင်ခြင်ပါတယ်။ အသံဆူဆူကြားရင် လူကြီးကို ဖတ်ထားမယ်။ သူချော်လဲ ပြုတ်ကျမယ့် အနေအထားမှာဆိုရင် လက်က မြဲမြဲကိုင်ထားမယ် ခြေထောက်ကို အသေအချာရပ်ထားမယ်။ အဲဒီလိုမျိုးတွေပါ။

သွားပေါက်လာတဲ့ အတွက် အစားအသောက်တွေလည်း ပုံစံ ပြောင်းရပါပြီ။ အခုဆို ၀ါးစားလို့ရတာတွေကို သူက ပိုပြီး နှစ်သက်လာပါတယ်။ ဆန်ပြုတ်လိုမျိုး ကျွေးလို့ကတော့ ဗြစ်ကနဲ ထွေးထုတ်လိုက်မယ်။ ထမင်းကိုလည်း ပျော့ပျော့ ပြုတ်ကျွေးရင် ရပါပြီ။ အရင်ကလို မွှေစက်နဲ့ ချေစရာမလိုတော့ပါဘူး။ ဘီစကစ်လိုမျိုး၊ ချိစ်အပြားလေးတွေမျိုးကို တစ်ကိုက်စီ ကိုက်စား ၀ါးစားရတာကို ကြိုက်လာပါတယ်။ နောက်ပြီး Pasta ဖတ်လေးတွေကို ပြုတ်ကျွေးတာတို့၊ ကြက်ဥပြုတ်တို့ကိုလည်း အရမ်းကြိုက်ပါတယ်။ ကြက်ဥဆို အနှစ်ကို အရင်ကျွေးပြီး တစ်နှစ်ကျော်မှ အကာကျွေးရမယ်ဆိုပေမယ့် သမီးက အကာကိုပဲ ကြိုက်ပါတယ်။ အနှစ်ကို ဘယ်လိုမှ ကျွေးလို့ မရပါဘူး။ သူက အနှစ်ကို မကြိုက်တာက အနှစ်ကို ပြုတ်ထားတာကို ပါးစပ်ထဲ ထည့်လိုက်ရင် အမှုန့်လေးတွေ ဖြစ်သွားတာမျိုးကို မကြိုက်တာပါ။ အဖေတူ သမီးလေ။ အစားအစာကို အရသာတင်မက Texture ကိုပါ ခံစားပြီး စားတတ်နေပြီ။ အခုဆို ထမင်းစားပွဲဝိုင်းမှာ သူကလည်း ထိုင်ပြီး ကျွန်တော်တို့ ပန်းကန်ထဲက အစာ တချို့ကို ကျွေးထားရင် သူဘာသာသူ စားနေပါပြီ။ အစာဖတ်လေးတွေကို ချကျွေးထားတဲ့ အတွက် သူရဲ့ လက်ချောင်းလေးတွေက အကိုင်အတွယ် တိုးတက်လာပါတယ်။ လက်မနဲ့ လက်ချောင်းလေးတွေ သုံးပြီး ကောက်တတ်တယ်။ ပြီးရင် ပါးစပ်ထဲကို ထည့်တတ်တယ်။ နောက်ပြီး ခွက်နဲ့ အရည်သောက်တတ်အောင် ကျင့်ပေးနေပါပြီ။ သမီးကလည်း အဲဒီလို သောက်ရတာကို အသစ်အဆန်းဆိုတော့ အင်မတန် နှစ်ချိုက်ပါတယ်။ ခွက်လို ကစားစရာတွေ တွေ့ရင်လည်း ပါးစပ်လေးနဲ့ တေ့ပြီး သောက်ကြည့်ပါတယ်။

နောက်ပြီး သမီးက ပစ္စည်းတွေကို ဘယ်လို ကိုင်ရမယ်ဆိုတာကို သူလည်း မသင်ပေးဘဲနဲ့ ကျွမ်းကျွမ်းကျင်ကျင် မှန်မှန်ကန်ကန် ကိုင်တတ်တာပါ။ ဥပမာ ဖုန်းပေးထားရင် ဖုန်းကို စင်္ကာပူက လူတွေ SMS ပို့သလိုပါပဲ။ လက်ကလေးနှစ်ဘက်နဲ့ ကိုင်ပြီး လက်မလေးတွေက ခလုတ်တွေကို မျိုးစုံ နှိပ်မယ်။ တီဗွီ Remote Control ဆိုရင်လည်း လက်တစ်ဘက်နဲ့ပဲ ကိုင်ပြီး ခလုတ်တွေကို နှိပ်မယ်။ ဘောပင်ဆိုရင်လည်း လက်ထဲမှာ အသေ ဆုပ်ကိုင်ထားတာ မဟုတ်ဘဲ လူကြီးတွေ စာရေးသလို လက်ချောင်းလေးတွေနဲ့ ကိုင်တာပါ။

သမီးဟာ သူ့ဖွံ့ဖြိုးမှုတွေကို သူသိလာပြီး သူဘာလုပ်နိုင်တယ်ဆိုတာကို စမ်းသပ်ပြီး တိုးတက်အောင် လုပ်တတ်လာပါတယ်။ ပရိဘောဂတွေကို ကိုင်ပြီး လျှောက်သွားနေတာတော့ အတော် ကြာပါပြီ။ အခုဆို တစ်နေရာကနေ တစ်နေရာကို လက်လွှတ်ပြီး အပြေးသွားကြည့်ပါတယ်။ အနားမှာ အဖေ၊ အမေရပ်နေရင် တစ်ခုခုကို ကိုင်ထားပြီး ရပ်နေရာကနေ လက်လွှတ်လိုက်ပြီး နှစ်လှမ်း၊ သုံးလှမ်း အမြန်လှမ်းလာပါတယ်။ ပြီးတော့ အဖေအမေဆီကို ဒိုင်ဗင်ထိုးချလိုက်တာပဲ။ အဲဒါကို ကျွန်တော်က စမ်းတဲ့ အနေနဲ့ နည်းနည်း ခွာရပ်လိုက်ရင် သူခမျာ အတော် ချိန်ဆပြီး နီးအောင် နည်းနည်း တိုးလာပါသေးတယ်။ ပြီးတော့မှ သူလှမ်းနိုင်တဲ့ အကွာအဝေးရောက်မှ လူကြီးဆီ အပြေးလာတာပါ။ အရမ်းဝေးအောင် နေလိုက်ရင် အောက်မှ အရင် ထိုင်ချ လိုက်ပြီးတော့မှ ပြန်ကုန်းထလာပြီး လူကြီးဆီ တိုးဝင်လာတာပါ။ အခုမှ အဲဒီလို သူဘာသာသူ ရပ်နိုင်တာပါ။ အမှီတစ်ခုခုနားမှာ ဆိုရင်တော့ ဖတ်ကနဲ ရပ်လိုက်နိုင်သွားပါတယ်။ အရင်တုန်းက အမှီကို ဆွဲပြီးမှ ရပ်တာပါ။ ပြီးတော့ တိုင်ကွယ်ပြီး တူတူ ပုန်းတမ်းကို ကောင်းကောင်းကြီး ဆော့တတ်နေပါပြီ။ သူနဲ့ လူကြီးကြားမှာ တစ်ခုခု ရှိနေရင် မမြင်အောင် ကွယ်ပြီးနေမယ်၊ ပြီးမှ မြင်အောင် ကိုယ်လေးကို တိမ်းပြီး မြင်သွားမှ ပြုံးပြမယ်။ အဲဒီလိုမျိုးပါ။

အခုအချိန်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေဟာ တစတစ တိုးတက်လာပါတယ်။ လူကြီးတွေ အ၀တ်အစား အသစ် ၀တ်ထားလို့ကတော့ အပြင်သွားမှာကို သိနေပြီး သူကျန်ခဲ့မှာ စိုးလို့ လူပေါ်က မဆင်းတော့ဘူး။ တွယ်ကပ်နေရော။ ဒါပေမယ့် အိမ်မှာနေရင်တော့ သူဘာသာသူ ပျော်အောင် နေတတ် ဆော့တတ်နေပါတယ်။ အမေကလည်း ကိုယ်ဝန်နဲ့ ဆိုတော့ သူကို မချီနိုင်တော့ သူ့ခမျာ အောက်မှာပဲ သူ့ဘာသာသူ အိပ်ပါတယ်။ အရမ်း အိပ်ချင်ရင် သူနေရာသူ သွားပြီး သူ့စောင်လေးကို ဖက်ပြီး အိပ်ပျော်သွားတတ်ပါတယ်။ လူကြီးက ချီပြီး သိပ်စရာ မလိုတော့ပါဘူး။ သနားလည်း သနားပါတယ်။ Fergie ရဲ့ Big Girls Don't Cry သီချင်းထဲက I'm gonna miss you like a child misses their blanket ဆိုတာ မျိုးပေါ့။ သမီးက သူ့စောင်လေးကို အရမ်းတွယ်တာပါတယ်။ အဲဒီစောင်လေးကို လုံးပြီး ကိုင်ထားရရင် သူ့အတွက် လုံခြုံနေသလိုပါပဲ။ အိပ်ပြီဆိုရင် အဲဒီ စောင်လေး ရှိနေမှ အိပ်တတ်ပါတယ်။ တစ်ခါတစ်လေ လျှော်ထားလို့ မခြောက်သေးရင် တခြားစောင်ပေးတောင် မရပါဘူး။ ကျွန်တော် ညီမ(၀မ်းကွဲ) တစ်ယောက်လည်း သူငယ်ငယ်က အိပ်တဲ့ စောင်ကလေးကို တက္ကသိုလ် တက်တဲ့ အရွယ် အထိ စွဲလန်းနေပြီး သူ့အမေက နောက်ဆုံး ဘယ်လိုမှ သုံးလိုမရလို့ လဲပေးလိုက်တာ စောင်အသစ်နဲ့ မအိပ်တတ်လို့ဆိုပြီး ဖြစ်တယ် ကြားဖူးပါသေးတယ်။ သမီးလည်း အဲဒီလို ဖြစ်နေဦးမယ်။

ဒီအရွယ် သွားငုတ်တို လူငုတ်တုတ် အရွယ်မှာ သွားပေါက်လာတာရယ်၊ ထိုင်တတ်လာတာရယ် အပြင် လက်ကို အမျိုးမျိုး လှုပ်ရှားတတ်လာတာရယ်၊ Social ရလာတာရယ်တွေက ကျွန်တော်တို့ အတွက်တော့ အဆန်းတကြယ် တိုးတက်မှုတွေပါပဲ။ ။

Pet ကလေး အရွယ် (၈လမှ ၉လ)
သမီးရဲ့ အစားအစာနဲ့ တိုးတက်မှု ( ၅လမှ ၈လ အထိ)
လေးလကျော်ရွယ် ချစ်စဖွယ်
၃လပြည့်
အမြင်အာရုံ တိုးတက်မှု (၂ လခွဲ အရွယ် အထိ)
တစ်လပြည့်အလှူ
သမီးလေးရဲ့ တိုးတက်မှု

9 comments:

War War - 3/13/08, 5:17 PM

Ko Andy yae,

Tone Tone lay toe tat hmu ko read ya tar pyaw sa yar pe`. A pyin hmar par myin yaung lar tha lo pe.. Nice one :)

nu-san - 3/15/08, 2:10 PM

အန်ဒီနဲ့ တုန်တုန်တို့မေမေရေ... သမီးလေးရဲ့ တိုးတက်လာမှုကို ဖတ်ရတာ လူချင်းမမြင်ရပေမယ့် တကယ်ကို ကြည်နူးစရာပါ။ ကလေးတွေရဲ့ ပြောင်းလဲလာမှုလေးတွေက တကယ်ချစ်ဖို့ကောင်းနော်။ အန်ဒီစာရေးကောင်းတာကြောင့်လည်းဖြစ်မယ်.. :)

ဘာလိုလိုနဲ့ တုန်တုန်လေးတောင် ၁ နှစ်ြပည့်တော့မှာနော်။ အမတော့ နောက်ဆုံးစာပိုဒ်လေးဖတ်ပြီး စိတ်တောင် မကောင်းဘူး။ အိပ်ချင်ရင် စောင်လေးဖက်ပြီး အိပ်ရတယ်ဆိုလို့...။ မောင်လေးရလာရင်တော့ တုန်တုန်တော့ ပျော်နေဦးမှာပါပဲ။

Anonymous - 3/16/08, 1:38 AM

Tone is so adaptable & lain mar.I will try to see her in person in this year. Is it ok if I visit your home sweet home? :)

Andy Myint - 3/17/08, 10:08 PM
ကျေးဇူးပဲ ၀ါဝါ။ အပြင်မှာ မြင်ရရင် ပိုချစ်ဖို့ ကောင်းတယ် ဟဲဟဲ။

မနုစံက ငှက်နှစ်ကောင် တစ်ခါတည်း ပစ်လိုက်သလိုမျိုး ကလေးရော လူကြီးပါ အမွှန်းတင်တော့ နေတောင် မနေတတ်တော့ဘူး ဟတ်ဟတ်။ ဟုတ်တယ် တစ်ခါတစ်လေကျတော့လည်း သူဘာသာသူ အိပ်သွားရင် သနားလည်း သနားတယ်။ သူ့ကို ကျေးဇူးလည်း တင်တယ်။ ချော့သိပ်ရရင် မလွယ့်ဘူး။ အမေ မချီနိုင်တော့လည်း သူဘာသာသူ အိပ်သွားတာပါပဲ။

Dear Reader, thanks for you appraisal. Yes, you are very welcome.
Kaythi - 3/22/08, 7:08 PM

မီးမီးလေး စကား စပြောရင်လည်း ရေးအုံးနော်။

Andy Myint - 3/25/08, 10:10 AM
သမီး အကြောင်းကတော့ ရေးသွားမှာပါ ကေသီ။ စကားမစပ် SKTK ?
ဒေါက်တာနေဦး - 9/27/08, 11:50 PM

ကိုအင်ဒီဆိုလား
ကျွန်တော်ကသွားဆရာဝန်ဆိုတော့ သွားအကြောင်းတွေ့တော့ မနေနိုင်ဘူးဗျ။ ဗမာတွေ ပြောလေ့ရှိတာကတော့ သွားငုတ်တုတ် လူငုတ်တုတ် လို့ဆိုတယ်။ ငုတ်တုတ်ဆိုတာ ထိုင်တာဆိုတော့ ရပ်သလို အပြည့်အ၀ မြင့်မားမှု မရှိသေးဘူးပေါ့ဗျာ။ ဆိုလိုတာက တ၀က်တပျက်ပဲ ရှိသေးတာကို ပြောတာပဲ။ အဲ သွားကလည်း အပြည့်မပေါက်သေးပဲ အခုမှထွက်ခါစလေး ပေါ့ဗျာ။ လူငုတ်တုတ် ကတော့ အထူးပြောဖို့မလိုဘူးပေါ့ဗျာ စ ပြီးထိုင်ခါစ အရွယ်ပေါ့။ ပုံမှန် ဖွံဖြိုးတဲ့ ကလေးငယ်တွေ အတွက် ဗမာတွေပြောတာကတော့ ၆လလောက်က စ တယ်ဗျ၊ သွားဖက်ဆိုင်ရာဆေးပညာနဲ့လည်း ကိုက်ညီတာတွေ့ရတယ်။ ဆိုလိုတာက ပထမဆုံး စပြီးသွားပေါက်တာ နဲ့ စ ပြီးထိုင်တတ်တာ က အများအားဖြင့် ၆ လ သား အရွယ်မှာပါ။
အခု ကိုအင်ဒီ့သမီးလေးက ၁၀လ ၁၁လမှာ သွား၅ချောင်းလောက် ပေါက်နေပြီဆိုတော့ ပုံမှန်ဖွံဖြိုးမှုရှိတယ်ဆိုရမှာပေါ့ဗျာ။
ဟုတ်တယ်ဗျ တကယ်တော့ အဲဒီသွားပေါက်ခါစ အချိန်မှာ ကလေးတွေ ချူချာတတ်တာ အမှန်ပဲ။ ဗမာတွေလဲ ပြောလေ့ရှိတယ်။ သွားပေါက်ချင်လို့ ကလေးက အီတီတီ ဖြစ်တာလို့ ပြောလေ့ရှိတယ်။ အဲဒါက ခင်ဗျားရေးသလို ဆရာဝန်က မဆိုင်ဘူးလို့ပြောတာလဲ အမှန်ပါပဲ။ သွားပေါက်တာကြောင့် ဖျားတာမဟုတ်ဘူးဗျ။ ဆက်ရေးထားသလို ကလေးမှာ မအေဆီက ရထားတဲ့ ကိုယ်ခံအား လျော့နည်းလာလို့ ဖြစ်တာပါ။ ကလေးငယ်ရဲ့ အသည်းက ကိုယ်ပိုင်ခုခံအား မထုတ်လုပ်နိုင်သေးတဲ့ အရွယ်မှာ မိခင်ဆီကရထားတဲ့ ကိုယ်ခံအား က ပတ်ဝန်းကျင်မှာ ရှိတဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးထာပါတယ်။ ၆လကျော် အရွယ်မှာတော့ ရထားတဲ့ ကိုယ်ခံအားက လျော့နည်းလာသလို ကလေးရဲ့အသည်းကလဲ ဖွံဖြိုးစပြုလာပြီး ကိုယ်ခံအားကို စတင်ထုတ်လုပ် ဖို့အချိန်ရောက်လာပြီပေါ့။ အဲဒီအချိန်မှာရောဂါပိုး ကို ကိုယ့်အားကိုယ်ကိုးပြီး စတင်တိုက်ခိုက်ဖို့ သင်ယူရတဲ့ အချိန်။ ရန်သူကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ပြီးအနိုင်ယူနိင်မဲ့ တိုက်ကွက်၊ သိုင်းကွက်တွေကို သင်ယူရတဲ့ အချိန်ပေါ့။ ရောပါပိုးကိုတခါ ရင်ဆိုင် တခါတိုက်ရင် တခါဇျား တိုက်ကွက်တကွက် သင်ယူလိုက် နဲ့ ခဏခဏ ဖျားလိုက် ကျောပူခေါင်းပူဖြစ်လိုက် မအီမသာဖြစ်လိုက်နဲ့ပဲ တိုက်ကွက်တွေ (ကိုယ်ခံအားတွေ) တဖြည်းဖြည်းပြည့်စုံလာတာပါပဲ။ ဒီလိုသင်ယူချိန်မှာ ကလေးအရမ်း မခံစားရအောင် လိုအပ်တဲ့ ပံ့ပိုးထေါက်ပံ့မှု လိုအပ်သလိုပေးရတာပေါ့။ ကိုယ်အရမ်းပူရင် ကိုယ်ပူကျဆေးပေး၊ နာကျင်ကိုက်ခဲ သက်သာတဲ့ဆေးပေး၊ အာဟာရပြည့်ဝတဲ့အစာ၊ ကျေညက်လွယ်တဲ့အစာ၊ နေသာထိုင်သာရှိမဲ့ နွေးထွေးစေါင့်ရှောက်မှုတွေပေးယုံမက ရောဂါပိုးကပြင်းထန်ရင် ပိုးကိုတိုက်ရိုက်တိုက်ခိုက်တဲ့ ပဋိဇီဝဆေးတွေပါ ပေးပြီး စစ်ကူ ပေးရတယ်။ ဒီလိုနဲ့ပဲ ကလေးတွေမှာ ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ Immunity ကိုယ်ခံအားတွေ ပြည့်စုံလာတာပါ။
ကလေးတွေမှာ အပေါ်အောက်သွားစုစုပေါင်း အချေုာင်း၂၀ပေါက်လာမှာ ဖြစ်ပြီး အောက်ရှေ့သွားလေး၂ချောင်းက အရင်ပေါက်လာတတ်တယ်။ မကြာခင်ပဲ အပေါ်ရှေ့သွား၂ချောင်းထွက်လာမယ်။ပြီးတော့ အောက် ရှေ့သွား၂ချောင်းရဲ့တဖက်တချက်စီမှာ နောက်ထပ်ရှေ့သွား ၁ချောင်းစီထွက်မယ်။တခါအပေါ်ရှေ့သွား၂ချောင်းဘေးတဖက်စီမှာရှေ့သွား
၁ချေုာင်းစီထွက်တယ်။ နောက်တော့ ရှေ့သွားတွေရဲ့ဘေးတွေမှာ အံသွားအငယ် first molar ၁ချောင်းစီနဲ့ အဲဒီဘေးက second Molar အံသွားအကြီး၁ချောင်းစီထွက်လာပြီးရင် ကလေးသွား အချောင်း၂၀ စုံသွားတာပေါ့။ ပုံမှန်အားဖြင့် ကလေးအသက် ၂နှစ်ခွဲကျော်မှာ သွားအကုန်စုံအောင် ပေါက်ပြီးလေ့ရှိပါတယ်။ တချို့နဲနဲစောတာ နဲနဲနောက်ကျတာတော့ ရှိတတ်ပါတယ်။
ကိုအင်ဒီက ကလေးအကြောင်း အသေးစိတ်မှတ်မှတ်သားသားလေး ရေးတော့ ကလေးချစ်သူတွေ၊ ကလေးအကြောင်းသိချင်သူတွေ အဖတ်များလို့ ကြုံတုံးဝင်ပြီး ပညာပေး ဝေငှလိုက်တာပါ။ သွားဖက်ဆိုင်ရာ ဗဟုသုတ ပျံ့ ပွားနိုင်ပါစေ။

Andy Myint - 9/28/08, 4:56 PM
ကျေးဇူးပါ ဒေါက်တာ။ နောင်ကိုလည်း ဒီလို ဖြည့်စွက် ပြင်ဆင် ရေးသားပေးမယ်ဆိုရင်ဖြင့် အထူးကို ကျေးဇူးတင်မှာပါ။ ဒီကောမန့်ကိုလည်း ပို့စ်တစ်ခု အနေနဲ့ တင်လိုက်ပါရစေ။
Melody - 12/26/08, 7:43 PM

ကလေးနဲ့ ပတ်သတ်တဲ့ infectionေ၇းပါဗျို့ 

Example: ၀က်သတ်၊ သွေးလွန်တုပ်ကွေး ၊ ရေကျောက်

Post a Comment

Many thanks for dropping a comment…

Film