Wednesday, March 26, 2008

မိမိကိုယ်ကို လောင်တိုက်သွင်းသော ကိုယ်တော်

၁၉၆၃၊ ဇွန်လ၊ ၁၀ ရက်နေ့။ အမေရိကန် သတင်းထောက်တချို့ဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးထံမှ မနက်ဖြန် မနက် ဆိုင်ဂုံက ကမ္ဘောဒီယား သံရုံးရှေ့မှာ ကြီးကြီးကျယ်ကျယ် ထူးခြားမှု တစ်ရပ် ဖြစ်မယ်လို့ သတင်းရထားပါတယ်။ သံဃာတော်များ ဆန္ဒပြလာတာလည်း တစ်လကျော်ကြာပြီဆိုတော့ ဒီလို သတင်းရတာကို သတင်းထောက်တွေက အလေးမထားကြတော့ပါဘူး။ နောက်တစ်နေ့ မနက်မှာ နယူးယောက်တိုင်းမ်စ်က ဒေးဗစ်နဲ့ အေပီ (Associated Press) က မယ်လ်ကမ် ဘရောင်း တို့ အပါအ၀င် သတင်းထောက်တချို့သာ အဲဒီနေရာကို ရောက်ရှိနေပါတယ်။ အဲဒီ အချိန်မှာ အရှင် သစ်ကွန်ဒွတ်က် (Thích Quảng Đức)ဟာ အနီးအပါးက စေတီတစ်ဆူမှာ ရောက်ရှိနေပါပြီ။ အဲဒီနောက် သံဃာတော်နဲ့ မယ်သီလရှင် အပါး ၃၅၀ ကျော်ဟာ စစ်ကြောင်းကြီး နှစ်ခုဖွဲ့ပြီး ချီတက်လာပါတယ်။ အင်္ဂလိပ်လိုရယ် ဗီယက်နမ်လိုရယ် ရေးထားတဲ့ စာတမ်းတွေ ချိတ်ဆွဲထားတဲ့ အော်စတင်ကား တစ်စီးက တပ်ဦးကနေ မောင်းလာပါတယ်။ ငိုဒင်ယမ်း (Ngô Đình Diệm) အစိုးရရဲ့ ဗုဒ္ဓဘာသာဝင်တွေ အပေါ်ထားတဲ့ မူဝါဒကို ရှုတ်ချပြီး ဘာသာရေး အခွင့်အရေးတွေ ညီတူညီမျှ ရှိစေဖို့ တောင်းဆို ဆန္ဒပြလာကြပါတယ်။

ဖန်ဒင်ဖွန်းလမ်းမကြီး (Phan Dinh Phung Boulevard)နဲ့ လယ်ဗန်းဒူရေး (Le Van Duyet Street) လမ်းဆုံးရောက်တော့ အရှင်ဟာ ကားပေါ်မှ အခြား သံဃာတော် နှစ်ပါး ခြံရံပြီး ကြွဆင်းလာပါတယ်။ သံဃာတော် တစ်ပါးက အနေကထိုင်ကို လမ်းမပေါ်မှာ ခင်းပေးလိုက်ချိန်မှာ နောက်တစ်ပါးက ကားနောက်ဖုံးထဲက ဓါတ်ဆီအပြည့် ထည့်ထားတဲ့ ငါးဂါလံ ပုံးကို မ ထုတ်လာပါတယ်။ ချီတက်လာတဲ့ လူအုပ်ကြီးကလည်း ဘေးကို ရှဲသွားပြီး အရှင်တို့ကို ၀ိုင်းလိုက်ပါတယ်။ အရှင်က ခင်းထားတဲ့ နေရာမှာ သက်ငြိမ်စွာပဲ ထိုင်လိုက်ပြီး ကြာဖူးသဖွယ် တရားထိုင်နေပါတယ်။ သံဃာတော် တစ်ပါးက ဓါတ်ဆီတွေကို အရှင့်ခေါင်းပေါ်ကနေ လောင်းချလိုက်ပါတယ်။ အရှင်က စိတ်ပုတီးကို မွေ့ယမ်းလိုက်ပြီး “နမောတဿ” ဆိုပြီး ဘုရားရှင်ကို ရှိခိုးဦးခိုက်လိုက်ပါတယ်။ အဲဒီနောက် မီးခြစ်ဆံကို ခြစ်ပြီး လွှတ်ချလိုက်ပါတော့တယ်။ တမုဟုတ်ချင်းမှာပဲ သင်္ကန်းကို မီးစွဲလောင်ပြီး တစ်ကိုယ်လုံးကို မီးကူးစက်ကာ အမည်းရောင် မီခိုးတွေက အလုံးလိုက် အလုံးလိုက် ထွက်လာပါတော့တယ်။


ဒေးဗစ်က ဒီလို ရေးထားတာပါတယ်။ “ကျွန်တော် ဒီမြင်ကွင်းကို နောက်တစ်ခါ ပြန်ကြည့်မလို့ပဲ။ ဒါပေမယ့် တစ်ခေါက်နဲ့တင် လုံလောက်သွားပါပြီ။ မီးတောက်တွေက လူခန္ဓာကိုယ်ကနေ ထွက်လာတာဆိုတာ… ။ ကိုယ်လုံးက တဖြည်းဖြည်း ခြောက်ပြီး ရှုံ့တွလာတယ်။ ဦးခေါင်းက မည်းလာပြီး လောင်ကျွမ်းသွားတယ်။ အသားညှော်နံ့တွေဆိုတာလည်း လေထဲမှာ ပျံ့နေတာပဲ။ လူတစ်ကိုယ်လုံး လောင်သွားတာများ သိပ်ကို မြန်တယ်။ ကျွန်တော့် နောက်က ဗီယက်နမ်တွေဆိုတာ ငိုကြွေး နေလိုက်ကြတာ။ ကျွန်တော့်မှာတော့ အံ့သြလွန်လို့ ငိုတောင် မငိုနိုင်ပါဘူး။ မှတ်စုရေးဖို့ ဆိုတာလည်း မေ့နေတယ်။ လောကကြီး ဘာတွေ ဖြစ်ကုန်တာလဲလို့တောင် တွေးဖို့ အလွန်အမင်းကို တုန်လှုပ် ခြောက်ခြားနေပါတယ်။ ဒီလောက် လောင်ကျွမ်းနေတာတောင် တုပ်တုပ်မျှ မလှုပ်ဘဲ၊ အသံလည်း တစ်သံမှ မထွက်လာပါဘူး။ သူအရမ်း တည်ငြိမ်နေတာကို ငိုကြွေးမြည်တမ်းနေတဲ့ လူတွေအကုန်လုံးက ပီပီပြင်ပြင်ကြီး မြင်နေရတာဗျာ..။”

ရဲတွေ ရောက်လာပြီး အရှင့်ကို ဆွဲဖို့ ကြိုးစားပေမယ့် လူအုပ်ကြီးကို တိုးမပေါက်နိုင်အောင်ပါပဲ။ ရဲသားတစ်ယောက်ကတော့ သူမျက်နှာကို မြေမှာ အပ်ပြီး ဂါရ၀တောင် ပြုလိုက်ပါသေးတယ်။ လူအုပ်ကြီးက တုန်လှုပ်ခြောက်ခြားကုန်ပြီး တိတ်ဆိတ်လာပါတယ်။ တချို့တော့ ငိုကြွေးနေပါသေးတယ်။ တချို့ကလည်း ဆုတောင်း မေတ္တာပို့ကြပါတယ်။ အဲဒီနောက် သံဃာတော်တွေ၊ မယ်သီလရှင်တွေနဲ့ တုန်လှုပ်နေတဲ့ လူအုပ်ကြီးဟာ မြေပြင်ပေါ် ၀ပ်တွားကုန်ကြပြီး အရှင့်ကို ဦးခိုက် ရှိခိုးကြပါတော့တယ်။ “သံဃာတော် တစ်ပါး မိမိ ကိုယ်ကို လောင်တိုက်သွင်း ဆန္ဒပြနေပြီ။ သံဃာ့ အာဇာနည် ဖြစ်သွားပါပြီ။” ဆိုပြီး အင်္ဂလိပ်လိုရော ဗီယက်နမ်လိုရော မိုက်ခွက်နဲ့ အော်နေပါတယ်။

ဆယ်မိနစ်လောက် ကြာတော့ အရှင်ရဲ့ ရုပ်ကြွင်းဟာ မြေပေါ် ယိုင်လဲ ပြိုဆင်းလာပြီး မီးလည်း ငြိမ်းသွားပါတယ်။ သံဃာတော် တစ်စုက လောင်ကျွမ်းထားတဲ့ အရှင့်ရဲ့ ရုပ်အလောင်းကို အခေါင်းတစ်ခုထဲ ကောက်ထည့်ပြီး ဆိုင်ဂုံ မြို့လည်က စလွိုင်(Xa Loi) ဘုရားကို သယ်ဆောင်သွားကြပါတယ်။ ဘုရား ပရ၀ုဏ် အပြင်မှာ ဗုဒ္ဓဘာသာဝင် ကျောင်းသားတွေက “သံဃာတော် တစ်ပါး အရေး ၅ပါး တောင်းဆိုဖို့ မိမိကိုယ်ကို လောင်တိုက်သွင်းလိုက်တယ်” လို့ အင်္ဂလိပ် ဗီယက်နမ် နှစ်ဘာသာ ရေးထားတဲ့ စာတန်းကို လွင့်ထူထားပါတယ်။ နေ့လည် ၁နာရီခွဲကျတော့ သံဃာတော် အပါး တစ်ထောင်လောက်ဟာ ဘုရားဝင်းထဲမှာ စုဝေးပြီး အစည်းအဝေး ထိုင်ကြပါတယ်။ အပြင်ဘက်မှာ ကျောင်းသားတွေ အပါအ၀င် လူအုပ်ကြီးက ဒိုင်းသဖွယ် ကာပေးထားပါတယ်။ ခဏကြာတော့ အစည်းအဝေးပြီးသွားလို့ သံဃာတော်တွေဟာ ဘုရားဝင်းထဲကနေ ထွက်လာကြပြီး လူအုပ်ကြီးနဲ့ လောင်တိုက်သွင်း ဆန္ဒပြတဲ့ နေရာကို ပြန်သွားကြပြန်တယ်။ ရဲတွေက အဲဒီနားမှာ ရစ်သီ ရစ်သီလုပ်နေပါတယ်။ ညနေဖက်မှာ ဘုရားဝင်းထဲမှာ လာဆုတောင်းတဲ့ သံဃာတော်နဲ့ မယ်သီလရှင် အပါး ၃၀ကျော်လောက် အဖမ်းခံရတယ် ကြားရပါတယ်။ အဲဒီနောက် ရဲတွေက ဘုရားဝင်ပေါက်တွေကို ပိတ်ထားလိုက်ပါတယ်။ အဲဒီနေ့ ညနေက ဆိုင်ဂုံ မြို့သားတွေက နေ၀င်ခါနီး အချိန် ကောင်းကင်မှာ ဗုဒ္ဓ ဘုရားရှင်ရဲ့ ငြိုးငယ် စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာတော်ကို ဖူးတွေ့လိုက်ရတယ်လို့လည်း ပြောကြပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာ ဘုန်းကြီးပျံပွဲ ကျင်းပမလို့ လုပ်ပေမယ့် အဲဒီနေ့က ဘုရားဝင်း အပြင်ဘက်မှာ လူအုပ်ကြီးက အယောက် ၄၀၀၀ လောက် ရှိလို့ ရက် ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဇွန်လ ၁၉ ရက်နေ့ကျမှ ရဲတွေနဲ့ ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေ သဘောတူညီမှုရပြီး သံဃာတော် အပါး ၄၀၀ ခန့်ဟာ ရုပ်ကလာပ်တော်ကို ဘုရားကနေ ၁၀ မိုင်လောက်ဝေးတဲ့ သင်္ချိုင်းတစ်ခုကို သယ်ဆောင်သွားကြပါတယ်။ အဲဒီမှာ အန္တိမအဂ္ဂိ ဈာပန ထပ်လုပ်တာတောင် အရှင်ရဲ့ နှလုံးတော်ဟာ ကျုံ့သွားတာက လွဲရင် မပျက်မယွင်း ရှိနေပါတယ်။ ဒါဟာ ဓါတ်တော်ကျတာပဲ ဆိုပြီး ဖန်ပေါင်းချောင်ထဲမှာ ထည့်ပြီး Xa Loi ဘုရားမှာ ကိုးကွယ်ထားပါတယ်။

မဟာယန ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရှင်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၆၇ နှစ် ရှိနေပါပြီ။ အသက် ၇နှစ်ကတည်းက ကိုရင်ဝတ်ခဲ့ပြီး အသက် ၂၀ မှာ ရဟန်းခံခဲ့ပါတယ်။ နင့်ဟွာ (Ninh Hoa) တောင်မှာ တစ်ကိုယ်တည်း ကျင့်စဉ်တွေ နှစ်တော်တော်များများ သွားကျင့်ပါတယ်။ ၁၉၃၂ မှာ စာသင်စာပြ စလုပ်လာပါတယ်။ ဘုရားပေါင်း အဆူ ၂၀ ကျော် တည်ခဲ့ပြီးနောက် ၁၉၄၃မှာ ဆိုင်ဂုံကို ကြွလာပါတယ်။ ၁၉၅၃ ကနေ ပျံလွန်တော်မူတဲ့ အထိ United Vietnamese Buddhist Congregation မှာ ဦးစီ ဦးဆောင်ပြုခဲ့ပါတယ်။

ဘရောင်းရိုက်တဲ့ ဓါတ်ပုံဟာ ချင်းချင်း ပျံ့နှံ့သွားပြီး ကမ္ဘာအနှံ့က သတင်းစာတွေမှာ မျက်နှာဖုံး သတင်းအဖြစ်ပါလာပါတယ်။ ငိုဒင်ယမ်း အစိုးရကို အားပေးထောက်ခံနေတဲ့ အမေရိကန် သမ္မတ ကနေဒီ (John F Kennedy)က သတင်းစာကိုလည်း မြင်ရော “Jesus Christ” ဆိုပြီး ဘုရား တ ရပါတယ်။ ပြီးတော့ “ကမ္ဘာတစ်ဝှမ်းမှာ ဒီဓါတ်ပုံလောက် ကြေကွဲဖွယ် ကောင်းတာမျိုး သမိုင်းမှာ မရှိခဲ့ဘူး” ဆိုပြီး ပြောပါတယ်။ အဲဒီ ဓါတ်ပုံဟာ ၁၉၆၃ ခုနှစ်အတွက် World Press Photo ဆုကို ရခဲ့ပါတယ်။ ။

အကိုးအကား
Thich Quang Duc (Wikipedia)
SOME PHOTOS OF MOST VENERABLE THICH QUANG DUC


12 comments:

Anonymous - 3/27/08, 4:06 AM

Ko Andy Myint,

I really want to read all of you articals but all I can see is little blocks on the pages so that I couldn't read anything. Will you help me how to fix it? Thanks..

Wynn

Anonymous - 3/27/08, 10:36 AM

Thanks for the article. Long live Buddhism and Sangha.

sawphonelu - 3/27/08, 11:38 PM

အန်ဒီ ရေ ၊ သမိုင်း ကို မမေ့ တဲ့ အတွက် လေးစားပါ တယ် ။

ဂျစ်တူး - gyit_tu - 3/28/08, 9:26 AM

ကိုအန်ဒီ ... ဒီပို့စ်အတွက် ကျေးဇူးအထူးတင်ပါတယ် ။ သေသေချာချာ ဗဟုသုတတွေရလိုက်လို့ ။

Andy Myint - 3/28/08, 11:30 AM
Wynn, Please install font to read this blog. At Top-Left corner of this page, you can download the font.
Dear Reader, thanks for your appreciation.
Andy Myint - 3/28/08, 11:32 AM
တကယ်တော့ ဒီပုံတွေက ငယ်ငယ်ကတည်းက တွေ့ဖူးပြီး ဘယ်လို့ မမေ့နိုင်တဲ့ ဟာတွေလေ ကိုစော။ အခုတော့ အကြောင်းတိုက်ဆိုင်တာနဲ့ ပြန်ဖတ်ပြီး ရေးလိုက်တာပါ။

လာလည်လာဖတ် ကော့မန့်အတွက် ကျေးဇူးပဲ ဂျစ်
စန္ဒကူးမေ - 3/29/08, 3:35 PM

တစ်ခါမှာမကြားဘူးတဲ့ဟာဖတ်လိုက်ရတော့တော်တော်လဲ စိတ်မကောင်းဖြစ်မိတယ်။
ကိုယ့်ကိုကိုယ်မီးရှို့တာဘာသာတရားကောင်းစားဖို့အတွက် ဆိုတာတော့မွန်မြတ်ပါတယ်။
ကျွန်မကတော့ မိန်းမ နဲ့ခယ်မတွေက၀ိုင်းဆဲနှိပ်စက်ကြလို့ ကိုယ့်ကိုကိုယ်ဓာတ်ဆီလောင်းပြီးမီးရှို့တဲ့
သူတစ်ယောက်အကြောင်းကိုအလျင်းသင့်ရင်ရေးပါဦးမယ်။

Andy Myint - 3/31/08, 2:29 PM
ဒီသတင်းကတော့ ကြားရတဲ့သူအပေါင်းကို တုန်လှုပ်စေတာ အမှန်ပဲ မစန္ဒာကူးမေ။ ရေးပါ အားပေးမယ်။
tayzar - 4/18/08, 4:49 PM

ကျွန်တော် အဲဒီ ဓာတ်ပုံမြင်ခဲ့ဖူးတယ်ခင်ဗျ ဘယ်မှာ ဖြစ်ခဲ့လည်း ကျွန်တော်သေသေချာချာမသိတာ အခုပို့စ်လေး အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ =)

Andy Myint - 4/22/08, 12:14 AM
အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် တေဇာ။
Nu Thwe - 2/23/09, 4:20 AM

အဲဒီဓာတ်ပုံကို ငယ်ငယ်တုံးက ပြည်တွင်းစာစောင်တစ်ခုမှာ နောက်ကျောဖုံးအပြည့် မြင်ဖူးတယ်။ ကြောက်စရာကြီးလို့ပဲ တွေးတတ်တဲ့ အရွယ်ကပါ။ ရှာဖွေတင်ပြပေးတာ ကျေးဇူး။

minsoe - 2/23/10, 3:25 PM

မိမိ ကိုယ်ကို မိမိ သေကြောင်းကြံတာ .....??????အင်းလေ...သူအယူဆနဲ့ သူပေါ့ ..ဘာသာတ၇ားကွဲ ပြားသလို ယုံကြည်မှု့ နဲ့ အယူဆလဲ ကွဲပေမပေါ့ ..

Post a Comment

Many thanks for dropping a comment…

Film