Saturday, April 05, 2008

စင်္ကာပူစတိုင် အချိုပွဲ

စင်္ကာပူက (Hawker) ဟော်ကာစင်တာ (Food Courts) တွေမှာ အချိုပွဲ ရောင်းတတ်ပါတယ်။ တစ်ခါတစ်လေကျတော့ Spicy Food တွေ Oily Food တွေ စားပြီး အချိုပွဲလေး စားလိုက်ရမှ တင်းတိမ်သွားပါတယ်။ ကြားရက်တွေမှာ နေ့လည် စာစားပြီးရင်တော့ အချိုပွဲ မစားဖြစ်ပေမယ့် သူမနဲ့ ဆိုရင်တော့ စားဖြစ်ပါတယ်။ တစ်ပွဲကို နှစ်ယောက်တူတူ စားတာဆိုတော့ ပိုလည်း တန်တယ်လေ။ အချိုပွဲကို အအေးရောင်းတဲ့ ဆိုင်တွေက ရောင်းတတ်သလို သစ်သီးလှီးပြီး ရောင်းတဲ့ ဆိုင်တွေမှာလည်း ရောင်းပါတယ်။ အအေးရောင်းတဲ့ ဆိုင်တွေဆိုပေမယ့် အထင်တော့ မသေးလိုက်ပါနဲ့။ အဲဒီ အအေးရောင်းတဲ့ ဆိုင်တွေက တကယ်တော့ အဲဒီ ဟော်ကာစင်တာရဲ့သူကြီးတွေပါ။ (စကားမစပ် အခုမှ စ ဘလောက်ပေမယ့် ခြေလှမ်းသွက်နေတဲ့ ကျွန်တော့် အသိ သူကြီး ကို ပြောတာ မဟုတ်ပါ။ စင်္ကာပူက မြန်မာလောကမှာတော့ သူကြီးလို့ ပြောလိုက်ရင် ဘာဆိုတာ တန်းသိကြပါတယ်။ အိမ်ခန်း တစ်ခန်းကို ငှားထားပြီး ကိုယ်က Master Bedroom ယူပြီး ကျန်တဲ့ အခန်း တစ်ခန်း/နှစ်ခန်းမှာ တခြားသူတွေကို တစ်ယောက်ကို နှစ်ရာမျိုး သုံးရာမျိုးနဲ့ ထပ်တိုး ငှားထားတဲ့ သူတွေကို ခေါ်တာပါ။) အဲဒီလိုပဲ အအေးဆိုင် ပိုင်ရှင်ကလည်း ဟော်ကာ စင်တာ တစ်ခုလုံးကို ပုတ်ပြတ် ငှားလိုက်ပြီး ကျန်တဲ့ ဆိုင်တွေကို သူက ပြန်ပြီး အငှားချထားတာပါ။

အဲဒီ ဟော်ကာစင်တာမှာ ကုလားစာ လာစားတဲ့သူ ရှိမယ်။ တရုတ်စာ၊ မလေးစာ လာစားမယ်။ လက်ဘက်ရည်၊ အအေးကတော့ လာတဲ့ သူတိုင်းလိုလို သောက်တာ ဆိုတော့ မရောင်းရမှာ ပူစရာမလို။ အအေးရောင်းတယ်ဆိုတာလည်း ဘာမှ အလုပ်ပို ရှုပ်တာလည်း မဟုတ်ဘူးလေ။ လူတွေကလည်း အစာစားပြီးရင် အအေး သောက်တတ်တာဆိုတော့ ဟော်ကာ သူကြီးက ရိုက်စားပဲ။ စင်္ကာပူက လူတွေကလည်း ဟင်းချိုပူပူ သောက်ပြီးရင်တောင် အအေး ထပ်သောက်တတ်သေးတယ်။ ရေခဲသေတ္တာထဲမှာ အေးထားတာကိုတောင် ရေခဲထပ်ထည့်ပြီး သောက်ကြတာလေ။ အီကွေတာနားမှာ နေတဲ့သူတွေမို့လား မသိ။ နောက်တော့မှ ဘာလို့ သူတို့တွေ အအေး မှာမှာ သောက်ကြလည်း ဆိုတာကို သဘောပေါက်သွားတယ်။ ဟော်ကာစင်တာရောက်ရင် ကိုယ်စားချင်တဲ့ ဆိုင်မှာ တစ်ခုခုကို ကိုယ်တိုင်ယူ စနစ်နဲ့ သွားမှာတယ်။ သွားမမှာခင် ကိုယ့်ဆီမှာ ပါလာတဲ့ Tissue ထုပ်လေးကို စားပွဲပေါ် အသာလေး တင်ထားခဲ့ဦး။ ဒါ စင်္ကာပူမှာ ခုံဦးထားတဲ့ အထာပေါ့။ တစ်ခုခု မှာပြီး စားနေတုန်းမှာ ဟော်ကာ သူကြီး အအေးဆိုင်က တစ်ယောက်က လာပြီး ဘာသောက်မလဲ မဆိုင်းမတွ လာမေးပါပြီ။ ဘာမှ မမှာလိုက်လို့ကတော့ မကျေနပ်သလိုလို ဘာလိုလိုနဲ့ ထွက်သွားပါရော။ တစ်ခုခုမှာလိုက်မှ ကျေနပ်မယ့် ပုံနဲ့။ ဒီလိုနဲ့ပဲ လူတိုင်းက စားပြီးသွားရင် တစ်ခုခု သောက်တတ်လာပုံရတယ်။

တချို့နေရာတွေမှာ အဲဒီလို အအေးဆိုင်တွေက အချိုပွဲ ရောင်းတတ်ပါတယ်။ များသောအားဖြင့်တော့ အပူ အအေးအစုံ၊ တရုတ်ရိုးရာ အချိုပွဲတွေ မလေး (Malay) အချိုစာတွေ ရတတ်ပါတယ်။ အချိုပွဲ အအေးအတွက်ကတော့ ရေခဲသုပ်လိုမျိုးတို့ မလေးစာဖြစ်တဲ့ မြန်မာ မုန့်လက်ဆောင်းနဲ့ တူတာမျိုးကနေ သစ်သီးရောရာစုံကို ရေခဲခြစ်နဲ့ ရောထားတို့ ဘာတို့ ရနိုင်ပါတယ်။ အပူအချိုပွဲ အတွက်ကတော့ ဂျုံကြိုလိုမျိုးတွေ၊ တောင်ဆွန် (Tao Suan) လိုခေါ်တဲ့ ပဲပိစပ်လိုမျိုး ပြုတ်ထားတာကို ကြံသကာရည်နဲ့ စားတာမျိုးကနေ နှမ်းနက်ကို အနှစ် လုပ်ထားတဲ့ Sesame Paste လိုမျိုးအထိ ရတတ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ စွဲစွဲမြဲမြဲ စားတတ်တာကတော့ ဘိုဘိုချာချာ(Bo Bo Cha Cha) နဲ့ Yam Paste လိုမျိုးပါ။ Yam Paste က ပိန်းဥကို ပြုတ်ပြီး ခြေကာ အနှစ်လုပ်ထားတာကို အုန်းနို့ဆမ်းပြီး စားတာပါ။ ဘိုဘိုချာချာကတော့ ပိန်းဥတို့ ကန်စွန်းဥတို့ကို အတုံးလေးတွေလုပ်ထားတာကို အုန်းနို့ရည်နဲ့ စားတာပါ။ ပူပူလေးစားလို့ရသလို ရေခဲခြစ်အုပ်ခိုင်းလည်းရပါတယ်။ အခုတော့ အဲဒီ နှစ်မျိုးကို သတိရပြီး နှစ်မျိုးပေါင်း လုပ်စားဖြစ်ပုံလေးကို မျှဝေလိုက်တာပါ။



ကန်စွန်းဥနဲ့ ပိန်းဥကိုဝယ်ပြီး အခွံခွာ ရေဆေးပါတယ်။ မြန်မာပြည်က တောရွာတွေမှာတော့ တောထဲသွားပြီး ပိန်းဥလေး ကန်စွန်းဥလေး တူးဆွပြီး ဖုတ်စား ပြုတ်စားကြရပါတယ်။ နိုင်ငံခြားမှာတော့ Yam သို့မဟုတ် Taro ဆိုပြီး ရှာရင် ရနိုင်ပါတယ်။ ဒီမှာတော့ အဲဒါတွေက (တခြား အသီးအရွက်နဲ့ စာရင်) ဈေးနည်းနည်း ကြီးပါတယ်။ အထူးသဖြင့် ပိန်းဥက ဈေးနည်းနည်းကြီးပါတယ်။ စင်္ကာပူမှာလည်း ဈေးကြီးပါတယ်။ လက်တဆစ်လောက် အတုံးလေးတွေ တုံးလိုက်ပါတယ်။ ပိန်းဥကို ရေနည်းနည်းနဲ့ ပြုတ်ထားတဲ့ အိုးအပေါ်မှာ စကာနဲ့ ကန်စွန်းဥကို ပေါင်းပါတယ်။ နှစ်ခုစလုံးကို ပေါင်းလည်းရပါတယ်။ ကန်စွန်းဥကိုတော့ ရေထဲ စိမ်ပြီး မပြုတ်သင့်ပါဘူး။ ရေတွေ ၀င်ပြီး ကန်းစွန်းဥက စေးသင့်သလောက် မစေးတော့ပါဘူး။ နှစ်ခုစလုံး နူးသွားပြီဆို ကန်စွန်းဥကို ဖယ်ပြီး ပိန်းဥကို ချေလိုက်ပါတယ်။ အနှစ်တွေ ဖြစ်သွားတဲ့ အထိခြေပြီး မွှေလိုက်ပါတယ်။ အုန်းနို့ကတော့ စည်သွပ်ဗူးလေးတွေ ၀ယ်လိုက်ပါတယ်။ အလတ် တစ်ဗူးလောက်ဆို ရပါပြီ။ နောက်အိုးတစ်လုံးမှာ ရေဆတူကို ကြိုပြီး သကြား လေးဇွန်းလောက် ထည့်လိုက်ပါတယ်။ သကြားတွေ ပျော်ပြီး ရေပွက်ပြီဆို အုန်းနို့ထည့်လိုက်ပြီး မွှေပြီး ခဏလေးနေတာနဲ့ မီးပိတ်ထားလိုက်ပါတယ်။ ကြိုတဲ့ အထဲကို စင်္ကာပူ မလေးထုံးစံအတိုင်း ပန်ဒန်းရွက် (Pandan Leave) လေး ရနိုင်မယ်ဆို ထုံးပြီး ထည့်လို့ ရပါသေးတယ်။

စားမယ်ဆို ကန်စွန်းဥ အတုံးလေးတွေထည့် ပိန်းဥအနှစ်တွေ ထည့်ပြီး အုန်းနို့ဆမ်းကာ စားလို့ရပါပြီ။ ပိန်းဥအနှစ်နဲ့ အုန်းနို့နဲ့ ရောထားတဲ့ အရသာဟာ အခုမှ စ စားမယ့် သူဆို ထူးခြားတဲ့ အရသာ အသစ်အဆန်း ပေးနိုင်ပါတယ်။ အရသာပြင်းတယ် ထင်ရင် သာကူ အလုံး အလတ်ကလေးတွေ ကြိုပြီး ရောစားနိုင်ပါတယ်။ ငယ်ငယ်က သောက်တဲ့ သာကူကို ပြန်လည် တမ်းတလို့ ရပါတယ်။ ပဲလွန်းပြုတ်ထားတာကိုလည်း ထည့်ထားတာ ဆိုင်တစ်ဆိုင်မှာ စားဖူးပါတယ်။ Ginkgo Nut ကိုလည်း ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပြီး ထည့်စားကြပါတယ်။ တချို့ဆိုင်တွေက ဒူးရင်သီး အနှစ်လေး ဆမ်းပေးလိုက်ပါသေးတယ်။ ကာဗိုဟိုက်ဒြိတ်နဲ့ အုန်းနို့အဆီ အပြည့်အ၀ အချိုပွဲဟာ နည်းနည်းလေး စားရုံနဲ့ အာသာပြည် တင်းတိမ်စေမည့် အစာပိတ် အချိုပွဲတစ်ခုဆိုရင် မမှားပါဘူး။

3 comments:

ပီတိ - 4/8/08, 7:24 PM

ကျွန်တော်ကတော့ အီတာတွေစားပြီးရင် soursop ကို ဘာမှန်းမသိဖြူဖြူလေးတွေ နဲ့ဖြစ်ဖြစ် soursop ဖျော်ရည်ပဲဖြစ်ဖြစ် သောက်လိုက်ရတာကို ကြိုက်တယ်။
အချိုပွဲသတ်သတ်ဆိုရင်တော့ တောင်စွမ် လို့ခေါ်တဲ့ Green Bean အပြုတ်ချိုချိုကို အီကြာကွေးနဲ့ စားတဲ့ ဟာကို ကြိုက်တယ်။

nu-san - 4/9/08, 11:07 AM

Andy ရေးထားတာဖတ်ပြီး စားချင်လာပြီ။ ပုံမှန်ဆိုရင် အချိုတွေ အမ မကြိုက်ဘူး။ ဒါပေမယ့် တခုခုအထူးအဆန်းလေးတွေဆိုရင် အမြဲတမ်း လုပ်စားကြည့်မယ်လို့ စိတ်ကူးရမိတယ်။ အတော်ပဲ ဂျပန်ဆရာမတွေကို လုပ်ကျွေးဦးမယ်။ (စိတ်ကူးထဲတော့ Andy တင်သမျှ ဟင်းတွေ ချက်စားနေတာပဲ။ လက်တွေ့သာ မဖြစ်သေးတာ။ ဒါပေမယ့် ကြက်သားမဆလာသုပ်တော့ ခဏခဏ သုပ်စားဖြစ်တယ်။ :D)

Andy Myint - 4/10/08, 9:08 AM
ဟုတ်တယ်.. ကိုပီတိ ကျွန်တော်လည်း သောက်ဖူးတယ်။ အအီလည်း ပြေတယ်။ ၀မ်းလည်း အေးသလိုပဲ။ တောင်စွမ်က Green Bean နဲ့ လုပ်ထားတာလား။ မသိပါဘူး။ သောက်လို့တော့ ကောင်းတယ်။ တရုပ် အဘွားကြီးတွေ သောက်တာလေ။

အချို မကြိုက်ရင် သကြားကို သပ်သပ် ကြိုထားပြီး စားမှ အကြိုက် အလိုက် ချိန်ထည့်ပေးလို့လည်း ရပါတယ် မနုစံ။ ဂျပန်တွေတော့ ကြိုက်လောက်မယ် ထင်တယ်။ ရပါတယ် အစ်မရယ်။ အဆင်ပြေသလိုပေါ့..ဟဲဟဲ။ ကျွန်တော်တို့လည်း မလုလုရဲ့ Recipe တွေ အကုန်လုံး မလုပ်စားဖြစ်ပါဘူး။

Post a Comment

Many thanks for dropping a comment…

Film