Wednesday, April 16, 2008

ပုပ္ပါးနတ်တောင် - ၂

ကျွန်တော်တို့ မိသားစု ခရီးသွားတယ် ဆိုတာ ဟိုးတုန်းက နယ်က လူတွေ လှည်းတွေနဲ့ ဘုရားဖူး ထွက်တာနဲ့ ဘာမှ မကွာဘူး။ လမ်းမှာ စားဖို့၊ ဟိုရောက်ရင် စားဖို့တွေကို ခြင်းတွေ တောင်းတွေနဲ့ ထည့်လာတယ်။ သူတို့လို ချက်ဖို့ပါ ထင်းတွေ၊ အိုးတွေ မပါတာ တစ်ခုပဲ။ မသွားခင် တစ်ပတ်လောက် ကတည်းက ငပိကြော် ကြော်ထားတယ်။ ငါးရံ့ခြောက်တွေကို ဖုတ်ပြီး ထွင်ထားတယ်။ သွားခါနီးဆို ထမင်းချက်ပြီး ရေခဲဘူးတွေထဲ ထည့်။ ကြက်သားကို အချိုချက်ချက်ပြီး စတီးချိုင့်တွေထဲမှာ ခွဲထည့်။ ကြက်ဥပြုတ်တို့ လက်ဘက်သုပ်တို့လည်း ထည့်။ ငှက်ပျောသီးတို့ လမ်းမှာ မူးရင် စားဖို့ လိမ္မော်သီးတို့၊ ချိုချဉ် သကြားလုံးတို့ အကုန်ပါတယ်။ အဆာပြေ စားဖို့ ပေါင်မုန့်အလုံးလေးတွေလည်း ပါတယ်။ ရေကျက်အေး ပုလင်းတို့ ရေနွေးကြမ်း ဓါတ်ဗူးတို့လည်းပါတယ်။ နောက်ပိုင်းဆို ကော်ဖီမစ်စ်လည်း ပါတယ်။ ကားစီးနေရင်း ဗိုက်ဆာလာရင် ကားပေါ်မှာပဲ စားကြတယ်။ ကားပြတင်းပေါက်တွေကလည်း ဖွင့်ထားလို့ ရတော့ စားလို့ ရတယ်။ အခုခေတ်မှာတော့ ထမင်းလိုမျိုး စားလို့ မရတော့ဘူး။ ကားက မောင်းနေရင်းဆိုတော့ ဖုန်တွေ အလုံးလိုက် ၀င်လာလည်း မသိဘူး စားတာပဲ။

ကားက လမ်းမှာ ထမင်းစားဖို့ ရပ်ရင် ထမင်းဆိုင်မှာ လူကြီးစာပဲ မှာတယ်။ ထမင်းတစ်ပွဲ ဟင်းတစ်ပွဲစီ။ ပြီးရင် တမိသားစုလုံး ထိုင်ပြီး ကားပေါ်က ဆွဲချလာတဲ့ ကြိမ်ခြင်းထဲက ချိုင့်တွေ၊ ခွက်တွေ ထုတ်ပြီး စားကြတယ်။ အဲဒီ အချိန်ကျရင် ကားဒရိုင်ဘာတွေကို အရမ်း အားကျတယ်။ သူတို့ကို ဆိုင်က စားပွဲ ၀ိုင်းလုံးပြည့် ဟင်းတွေနဲ့ အလကား ဧည့်ခံတာကို ကြည့်ပြီးတော့။ ထမင်းဆိုင်တွေကတော့ သဘောကောင်းပါတယ်။ ဟင်းချိုတွေ ဘာတွေဆို အလကား လာချပေးထားတယ်။ အင်းမက (ရေနီကလား မမှတ်မိ) ထမင်းဆိုင်တစ်ဆိုင်ဆို ကြက်ရိုးတွေကို ဂွေးတောက်ရွက်နဲ့ ပြုတ်ထားတာ အတော် သောက်လို့ကောင်းလို့ အမေဆို အခုထိ ပြောတုန်း။ အဲဒီ အဝေးပြေလမ်းက ထမင်းဆိုင်ကြီးတွေဆိုတာလည်း အတော် ချမ်းသာကြတယ်။ ရန်ကုန်မှာ သားသမီးတွေကို ကျောင်းထားဖို့ ဆိုလည်း တိုက်ခန်းတစ်ခန်း ၀ယ်လိုက်တာပဲ အလွယ်။ ပြီးတော့ သားသမီးတွေကို စင်္ကာပူမှာ ကျောင်းထားဖို့ဆိုတာ ဘယ်လောက်မှ ၀န်မလေးကြဘူး။

စားပြီးသောက်ပြီးတော့ အပေါ့၊အလေး သွားကြတယ်။ မြန်မာပြည်က အဝေးပြေးတွေက ထမင်းဆိုင်တွေက အိမ်သာတွေဆိုတာလည်း အင်မတန်မှ ညစ်ပတ်တုန်းပဲ။ လမ်းမှာ ပေါက်တောဆိုပြီး အပေါ့သွားဖို့ ရပ်ရင်လည်း ဘာအဆောက်အဦးမှ မရှိတဲ့နေရာ လမ်းလယ်ခေါင်ကြီးမှာ ရပ်။ ယောက်ျားတွေကတော့ ကိစ္စမရှိ။ အမျိုးသမီးတွေကတော့ ဟိုနားတိုး ဒီနားတိုးနဲ့။ ၂၀၀၄ တုန်းက တစ်ခေါက်၊ ၂၀၀၆ အကုန်ခါနီးတုန်းက တစ်ခေါက် ပုဂံ၊ ပုပ္ပါးကို ကားလိုင်းနဲ့ သွားသေးတယ်။ ဘာမှ ပိုပြီး မထူးလာဘူး။ မလေးရှား အနောက်ဖက် တစ်လျှောက် ပီနန်အထိ ဘက်စ်ကားနဲ့ သွားတုန်းက မလေးရှားက အဝေပြေးလမ်းတွေကို ကြည့်ပြီး ထင်ထားတာထက် ကောင်းနေလို့ အင်မတန် အံ့သြခဲ့ရတယ်။ လမ်းမှာ နားတဲ့ နေရာတွေကလည်း လူတွေ အများကြီး လာတာတောင် သန့်ရှင်းတယ်။ သူတို့တွေလည်း မြန်မာတွေလို့ပဲ စရိုက်က သိပ်မကွာပေမယ့် အခြေခံ Infrastructure က အရမ်းကို ကောင်းနေပြီ။ သူတို့ကလည်း လူတိုင်းလိုလို ကားရှိတာကိုး။

တစ်ခေါက် သွားတုန်းက ရန်ကုန်-မန္တလေး အမှတ် ၂ လမ်းက သွားတယ်။ အဲဒီနှစ်က မိတ္ထီလာမှာ မီး အကြီးအကျယ် လောင်တဲ့ နှစ်ပဲ။ ၁၉၈၅ လား ၈၆လား မသိ။ မိတ္ထီလာကို မနက်စောစော ရောက်သွားတာတော့ မှတ်မိသေးတယ်။ မိတ္ထီလာမှာ လမ်းခွဲရှိတယ်။ မန္တလေး ဆက်သွားမလား။ ဒီဘက် ကျောက်ပန်းတောင်းပန်းကို သွားမလား။ ရှမ်းပြည်ဘက် တက်မလား သွားလို့ရတယ်။ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်းကြားမှာ လက်ပံပြား (လက်ဘဗျားဟုခေါ်။ စလုံးပေါင်းမှားနိုင်) ဆိုတဲ့ ရွာကြီး တစ်ရွာ ရှိတယ်။ အဲဒီမှာ သူငယ်ချင်း တစ်ယောက်ရှိလို့ ရောက်ဖူးသေးတယ်။ အဲဒီ နှစ်ကပဲ အပြန်မှာ ပျဉ်းမနားက ရေဆင်းမှာ မျစ်ချဉ်တွေ ၀ယ်တာ မှတ်မိသေးတယ်။ မိတ္ထီလာနဲ့ ပျဉ်းမနားကြားမှာ ရမည်းသင်း၊ ပျော်ဘွယ်ရှိမယ်။ (စာရေးနေတုန်း သူမ ကြားဖြတ်ပြောတာက ငယ်ငယ်တုန်းက ကြားဖူးတယ်တဲ့ ပျော်ဘွယ်က ပျင်းဖို့ကောင်းပြီး ပျဉ်းမနားက ပျော်ဖို့ကောင်းတယ်တဲ့။ ဟုတ်သလား ဖြိုးဝေကျော် ။) အမှတ် ၂ လမ်းက သိပ်လည်း မသွားဖြစ်တော့ မြို့တွေကို သိပ်မသိဘူး။ ပြီးတော့ (စိတ်မရှိပါနဲ့) ကျွန်တော်ထင်တာ အမှတ် ၂ လမ်းပေါ်မှာ စည်တဲ့ မြိုက ရှားတယ်။ ဧရာဝတီနဲ့ ပိုနီးတဲ့ အမှတ် ၁ လမ်းက မြို့တွေကို ပိုစည်တယ် ထင်တယ်။ မရောက်ဖူး မနေဖူးလို့လည်း ဖြစ်မယ်။ အမှတ် ၂ လမ်း ပေါ်မှာ သိတဲ့ မြို့တွေက ပဲခူး၊ ပြီးတော့ တောင်ငူ။ နောက်ပြီး နာမည်သာ ကြားဖူးတယ် အကြောင်း မသိတာတွေက ဒိုက်ဦး၊ ပြွန်တန်ဆာ နဲ့ ညောင်လေးပင် အတွဲ၊ ပထ၀ီဝင်သင်ရတုန်းက စက်ရုံတွေ ရှိလို့ မှတ်မိနေတဲ့ ဖြူး၊ ဇေယျဝတီ၊ ရေတာရှည်၊ ဆွာ အတွဲ ဒီလောက်ပဲ မှတ်မိတယ်။ နောက် ကားရပ်ပြီး ဖရဲသီးဆင်းဝယ်တဲ့ ဒိုက်ဦး။ ဒိုက်ဦး ကွာစေ့လည်း ကောင်းတယ်။

များသောအားဖြင့်တော့ အမှတ် ၁ လမ်းကပဲ သွားဖြစ်တယ်။ အဲဒီဘက်မှာ ဆို ဘယ်မြို့ပြီးရင် ဘယ်မြို့ ရောက်တော့မယ်ဆိုတာကို ကြိုသိနေတယ်။ ရန်ကုန်က စ ထွက်ပြီး တိုက်ကြီးလောက် အထိဆို ခဏပဲ။ တိုက်ကြီးမှာ အမျိုးတွေ ရှိတယ်။ ငယ်ငယ်တုန်းက နွေရာသီ ကျောင်းပိတ်ရက် သွားနေဖူးတယ်။ ရွှေမြို့တော် လက်ဘက်ရည်ဆိုင်က အခုထက်ထိ ရှိတုန်းပဲ။ ပြီးရင် ဥက္ကံ၊ သုံးဆယ် - ကျုပ်ပြန်ဦးမယ် စာချိုးလို မြို့တွေကို ရောက်မယ်။ ပြီးတော့ သာယာဝတီတို့ လက်ပံတန်းတို့။ နောက်ပြီး နာမည်ကို ကောင်းကောင်းကြီး ရင်းနီးနေတဲ့ ကြို့ပင်ကောက် ပေါင်းတည် အတွဲ။ ဇီးကုန်းတို့လို မြို့ရွာတွေကိုဆို မည်းမည်းမှောင်မှောင် တိတ်တိတ် ဆိတ်ဆိတ်ပဲ ဖြတ်လာတယ်။ မြို့တစ်ခုခုနဲ့ နီပြီးဆို လမ်းဘေးမှာ စက်ဘီးလေးတွေ တွေ့ပြီ။ ညအမှောင်ထဲမှာ နင်းနေကြတယ်ဆိုတာ။ တစ်ချို့မြို့တွေဆို လက်ဘက်ရည်ဆိုင်တွေပဲ လင်းတယ်။ အခုဆို လက်ဘက်ရည်ဆိုင်တွေက ဂြိုတ်တု စလောင်းနဲ့ ဘောလုံးပွဲ လာကြည့်တဲ့ ပရိတ်သတ်တွေက အများသား။ ဆိုင်အပြင်မှာ စက်ဘီးတွေကလည်း ရပ်ထားလိုက်တာ။ ရွှေတောင်မြို့ကတော့ နည်းနည်း ကြီးပါတယ်။ ရွှေမျက်မှန် ဘုရားကိုတော့ တစ်ခေါက် ၀င်ဖူး ဖူးသေးတယ်။ ကားတွေက ရွှေတောင်မရောက်ခင် အင်းမမှာ ညစာစားဖို့ ရပ်လေ့ရှိပါတယ်။ ပြီးရင် ဗိုလ်ချုပ် ကြေးရုပ် အ၀ိုင်းပတ် ရှိတဲ့ ပြည်ကို ရောက်တယ်။ ပြည်ကိုလည်း တစ်ခေါက် ရောက်ဖူးတယ်။ ဆီစက်က ထွက်ကာစ ဆီတွေက ညစ်ညစ်တွေ ဖြစ်နေတာ တွေ့ဖူးတာပဲ မှတ်မိတော့တယ်။ ပြည်ဟိုဖက်ကမ်းက ကြံခင်းကိုလည်း တစ်ခေါက် ရောက်သေးတယ်။ ဘိလပ်မြေစက်ရုံထဲ အလည်သွားရတာ မှတ်မိသေးတယ်။ ဘ၀မှာ တကယ့် စက်ရုံကြီးထဲ သွားဖူးတာ အဲဒီ တစ်ခေါက်ပဲ ရှိတယ်။ နွားနို့ကောင်းတဲ့ ပလို့ (လား ပြလို့လား မသိ) ပြီးရင် မြေထဲ ရောက်မယ်။ မြေထဲဆိုတာ မြို့နာမည်။ နောက်တော့ အောင်လံလို့ ပြောင်းလိုက်တယ်။ ပြီးရင်တော့ မှောင်လည်းမှောင် ထမင်းလည်း စားထားလို့ အိပ်ပျော်သွားလိုက်တာ တောင်တွင်းကြီးရောက်မှ နိုးတယ်။ နောက် ဆက်သွားလိုက်တာ မကွေးကို ရောက်တယ်။ အခုဆို မကွေးက မြို့ရှောင်လမ်း ဖောက်ထားတဲ့ အတွက် မြို့ထဲက မဖြတ်တော့လို့ သိပ်တောင် မသိတော့ဘူး။ မြို့ပြင်က တက္ကသိုလ်တွေကို ဖြတ်သွားရင်တော့ မကွေးရောက်ပြီ ဆိုတာ သိတယ်။ ပြီးရင်တော့ သိပ်မအိပ်ဖြစ်ဘူး။ ရေနံချောင်း တ၀ိုက်ဆို ကားက ကုန်းတက်တွေကို အော်ပြီး တက်ရတာ အမြဲ။ အဲဒီနားမှာ ယူကလစ်ပင်တွေ ရှိတယ်။ ယူကလစ်နံ့နဲ့ ဖုန်နံ့ပေါင်းပြီး ထွက်လာတဲ့ အနံ့ကို မှတ်မိသေးတယ်။ နောက်ဆုံး ကျောက်ပန်းတောင်း မရောက်ခင် ဂွေးချိုရှိတယ်။ အပြန်ဆို ကားတွေ ဓါတ်ဆီ ၀င်ထည့်တယ်။ ကားရပ်ပြီဆို အမေက ကြက်ကြော်ဝယ်တယ်။ ဂွေးချိုက ကြက်ကြော်တွေက ကောင်းတယ်။ ကျောက်ပန်းတောင်းမှာ ဂိတ်ဆုံးတဲ့ ကားတွေ ရှိသလို ပုဂံအထိ ဆက်သွားတာလည်း ရှိတယ်။

ကျောက်ပန်းတောင်း ရောက်ပေမယ့် ခရီးက မဆုံးသေးဘူး။ ပုပ္ပါးကို ဆက်သွားရဦးမယ်။ အဲဒီမှာ ပွဲတော်ချိန်ဆို ပုပ္ပါးကို သွားတဲ့ ဟိုင်းလတ်ကားတွေ ရှိတယ်။ ငယ်ငယ်တုန်းက အဲဒီကားတွေ ခေါင်းမိုးပေါ်မှာ စီးရတာ ကြိုက်တယ်။ တလောက သွားတုန်းကတော့ အဘွား ပါတာနဲ့ ကားစင်းလုံး ငှားလိုက်တယ်။ သိပ်မပေးရပါဘူး။ တစ်ခါတစ်လေကျရင်တော့ (ပုပ္ပါး) ဆရာတော်က သူ့ရဲ့ Double-cab ဟိုင်းလတ်ကားက အကြို လွှတ်ထားတယ်။ လူများရင် သူရဲ့ ကုန်တင်ကား လွှတ်လိုက်တယ်။ ကားတွေကို ဆင်ပေါက် (၁) နဲ့ ဆင်ပေါက် (၂) ဆိုပြီး နာမည် ပေးထားတယ်။လမ်းမှာ သုံးထပ်ကွေ့ဆိုတဲ့ အန္တရယ်များတဲ့ တောင်ပတ်လမ်းလေး တစ်ခု ရှိတယ်။ ပုပ္ပါးကို နီးလာလေ သစ်ပင်တွေက များလာလေ စိမ်းလာလေ။ ပတ်ဝန်းကျင်က အေးမြလာလေ။ ကျောက်ပန်းတောင်းမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းနဲ့ ဘာမှ မဆိုင်တော့ဘူး။ တကယ့်ကို အိုအေစစ်လေးပဲ။ အခုနောက်ပိုင်း သစ်ပင်တွေ ပိုများလာတယ်။ သစ်တောဌာနကတော့ အဲဒီမှာ နည်းနည်း အလုပ် ပိုလုပ်တယ် ထင်တယ်။ ရှားရှားပါးပါး။ ခရီးအလယ်မှာ ပုပ္ပါးမြို့ (ရွာသာသာပါ) ရှိတယ်။ ပုပ္ပါး မီးတောင်က ထွက်လာတဲ့ ချော်မြေက ခြံစိုက်ဖို့ ကောင်းလို့ အဲဒီက ထွက်တဲ့ သစ်သီးတွေက ဖွံ့ပြီး ချိုတယ်။ သင်္ဘောသီးဆို အရမ်းချိုပြီး မာလကာသီးဆို ပန်းသီးစားရသလိုပဲ။ ပုပ္ပါးရွာမှာ ပုဂံကနေ လာတဲ့ ဗျတ္တ ပန်းဆက်လမ်းက လာစုံတယ်။ ၂၀၀၆ တုန်းက ပုဂံကို အဓိက သွားပြီး ပုပ္ပါးကို နေ့ချင်းပြန်လာတုန်းက အဲဒီလမ်းကနေ လာတယ်။ ဒဏ္ဍာရီထဲမှာ ဗျတ္တက ပုဂံကနေ ပုပ္ပါးကို နေ့တိုင်းလာပြီး ပုပ္ပါးမယ်တော်ကို ပန်းဆက်တာ အဲဒီ လမ်းကနေ လာတယ်တဲ့။

ခဏလောက် မောင်းလာလိုက်တာ နတ်ဆိုင်းသံတွေကို စကြားရပြီဆို ရောက်လုပါပြီ။ ပုပ္ပါးမှာ (မီး)တောင်မကြီးနဲ့ တောင်ကလပ်ဆိုပြီး ချော်ရည်တွေ စူထွက်ရာကနေ ဖြစ်လာတဲ့ ကလပ်လို တောင်ကလေး ရှိတယ်။ နတ်နန်းတွေ၊ ဘုန်ကြီးကျောင်းတွေ၊ စေတီတွေ၊ တရားအားထုတ်တဲ့ ဂူလေးတွေ၊ စားသောက်ဆိုင်တွေက တောင်ကလပ် တ၀ိုက်မှာပဲ ရှိတယ်။ တောင်ကလပ်ကို မရောက်ခင် အောင်သိဒ္ဓိကုန်းဆိုတာ ရှိတယ်။ ပုပ္ပါးဆရာတော်က အဲဒီမှာ အခြေစိုက်တယ်။ အဲဒီမှာ စေတီတွေ၊ ကျောင်းတွေ၊ ဇရပ်တွေ၊ နတ်နန်းတွေ ရှိတယ်။ ဇရပ်တွေဆိုတာ အုတ်တိုက်တွေပါ။ လာလည်တဲ့ သူတွေ တည်းလို့ရတယ်။ ခန်းမ အကျယ်ကြီးတွေရှိသလို အခန်းလေးတွေ ဖွဲ့ထားတာ ရှိတယ်။ အခန်းလေးတွေအတွက် သော့ကို ဂေါပကအဖွဲ့မှာ တောင်းလို့ ရတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့ ဓါတ်သိ၊ လူသိတွေ အတွက်ပဲ။ အဲဒီမှာ ကျောင်းလှူထားတဲ့ သူဌေးတွေနဲ့ အဘွားနဲ့က ဟင်္သာတ အသင်းမှာ အသိလူကြီးတွေဆိုတော့ ကျွန်တော်တို့ သွားရင် ဆရာတော်နဲ့ ဂေါ်ပကအဖွဲ့က မျက်နာသာ ပေးတယ်။ အခန်း ကောင်းကောင်း ရတတ်တယ်။ သင်္ကြန်တွင်း လူကျပြီဆို ကျောင်းတွေ ဇရပ်တွေ အကုန် ပြည့်တယ်။ ဘုရာဖူးကားတွေရော အနီးအပါးက တက်လာကြတာတွေရော။

(ဆက်ရေးမည်)

20 comments:

Phyo Wai Kyaw - 4/16/08, 2:19 PM

အခု အောင်ကျော်မြင့် ရေးတဲ့ ပုပ္ပါးနတ်တောင် ကိုဖတ်ပြီး ငယ်ငယ်က ခရီးသွားရတာတွေ အမှတ်ရလိုက်တာ.... ပျော်ဘွယ်မှာ နေတုံး က တော့ ရောင်းလိုက်ဝယ်လိုက် နဲ့ ဆိုတော့ မပျင်းပါဘူး... ငရုတ်ဈေးဖြတ်လိုက်...လက်တောက်ခုံတောက်လိုက်... တယ်လဲပျော်ဖို့ ကောင်း တာကလား ဗျ... မြို့ထဲ သွားရင် လမ်းလျှောက်တဲ့ လူနဲတယ်... အနီးနား ကွမ်းထွက်ဝယ်တာတောင် ဆိုင်ကယ်... စက်ဘီး နဲ့ သွားလိုက်တာပဲ ...း)
ကျနော်တော့ ပျဉ်းမနား ကို "ပျင်းရင် တောင် မနား" နဲ့ လို့ ပြောတာကြားဖူးတာပဲ... ကျနော်တို့ ပျော်ဘွယ်ကိုတော့ "ပျင်း-ပျော်-ပျက်-ပြေး ပျော်ဘွယ်လေး" ဆိုတဲ့ တဘောင်လိုလို ဘာလိုလို အနီးနားရွာတွေက ရှေးလူကြီး တွေပြောတာ တော့ကြားဖူးတယ်... ဘာမှန်းတော့မသိပါဘူး...း)

N3 - 4/16/08, 5:31 PM

ကိုယ်မသိတဲ့ အကြာင်းအရာတွေ သိရလို့  ကျေးဇူးတင်ပါတယ်။

sawphonelu - 4/16/08, 10:17 PM

အောင် ကျော် မြင့် ဆောင်း ပါး တွေ က ကိုယ် တို့ အတွက် ဗဟုသုတ ရ ပါ တယ် ။ ကိုယ် လည်း ပုပ္ပါး ကို ငယ် ငယ် က တစ် ခေါက် ရောက် ဖူး တယ် ။ ဒီ လောက် တော့ မမှတ် မိ တော့ ဘူး ။

imaginary clouds no 2 - 4/16/08, 11:30 PM

သူငယ်ချင်းတစ်ယောက် ကောင်းမူနဲ့ ဆယ်တန်းအောင်ခါစက ပုံဂံ နဲ့ ပုပ္ပါးကို ခရီးထွက်ကြတဲ့ ခရီးစဉ်မှာ လိုက်ပါခွင့်ရတယ် ။ ရန်ကုန်တက္ကသိုလ်က ဘွဲ့လွန်ပြီးလို့ နောက်ဆုံးအနေနဲ့ သူငယ်ချင်းတွေ အတူတူခရီးသွားကြတဲ့ အစီအစဉ်မှာ လိုက်ပါခွင့်ရတယ် ။ (ဘီအမ်လို့ခေါ်တယ်ထင်တဲ့ )ဘတ်စ်စကားနဲ့ သွားကြတယ် ။ ပိုက်ဆံ နည်းနည်းလေးပဲပေးရတာကို မှတ်မိနေတယ်။ လမ်းမှာ ခုံအောက်မှာလဲဝင်အိပ်တာပဲ ။ ကားခေါင်မိုးပေါ်မှာလဲ တက်စီးကြတယ် ။ ( သေမယ်ကံပါရင်သေတာကြာပြီ ) ၊ ရပ်တဲ့နေရာက ထန်းရည်ရရင် ထန်းရည်တီးတယ် ။ ပျော်ဖို့ အလွန်ကောင်းတယ် အန်ဒီ ။ ကားကလဲ ခုန်သလား မမေးနဲ့။ အဲသည့်ထဲက တစ်ယောက်ကပြောတယ် ။ သူ့ ဘွဲလွန်ကျမ်းကို တခြားသူတွေက အရမ်းအဆင့်မြင့်တာပဲလို့ ဝိုင်းပြောကြတယ် ။ သူကပြန်ပြောတယ် အဆင့်မြင့်တာ မဟုတ်ဘူးတဲ့ ။ အမြင့်တွေ ဆင့်ထားတာ တဲ့ ။အဲဒါကို မှတ်မိနေတယ် ။ အတူခရီးသွားရတာက စိတ်ပညာဌာန က ကျောင်းသားတွေလေ

ဝေတိုး - 4/17/08, 2:58 AM

1984-1996 မြင်းခြံ၊ညောင်ဦး၊ကျောက်ပန်းတောင်း၊ပြည် မှာမိဘတွေတာဝန်ကျပြီးကျမက1988ကစလို့ရန်ကုန်မှာကျောင်းတက်တော့ ကိုAndyအခုရေးတဲ့ခရီးကိုအကြိမ်ပေါင်းများစွာသွားခဲ့တာပေါ့။ အိမ်ထောင်ကျတော့လဲ အညာသားနဲ့ဆိုတော့ဒီခရီးပဲပေါ့။ အမှတ်၁ရောအမှတ်၂လမ်းကပါအကြိမ်ကြိမ်သွားဘူးတာတောင်ကိုAndyလောက်အသေးစိတ်မမှတ်မိဘူး။ ကျမအဖေအလုပ်နဲ့နယ်ဆင်းရင်းလက်ပံပြာ(ရေးတော့လက်ပံပြာ)ကိုအကြိမ်
်ကြိမ်ရောက်ဖူးတယ်။လက်ပံပြာကြက်ကြော်ကဂွေးချိုကြက်ကြော်ထက်ပိုနံမယ်ကြီးတယ်။ဂွေးချိုကဆီးသီးကောင်းတယ်။ပုဂံ၊ ပုပ္ပါးဆိုတာဧည့်သည်လာတိုင်းလိုက်ပို့ခဲ့ရတာ။(ပုပ္ပါး)ဆရာတော်ကအဘိုးအရင်းလိုပဲ။တောင်ပတ်လမ်းကကိုးတောင်ကွေ့လို့ခေါ်တာတောင်ကိုးလုံးကိုပတ်ဖေါက်ထားလို့တဲ့။အဲဒီနားကဂေါက်ကွင်းမှာကျမနဲ့အဖေအပြေးကျင့်ခဲ့တာ။1998နောက်ပိုင်းမရောက်တော့ဘူး။အမှတ်ရစရာတွေပြန်ဖော်ပေးတဲ့ကိုAndy ကိုကျေးဇူးတင်တယ်။အခုလောလောဆယ်ဒီpost ကိုဖတ်ပြီးအဲဒီခရီးကိုအရမ်းလွမ်းနေတယ်နော်။အခန်းဆက်ကိုမျှော်နေတယ်။

ဝေတိုး - 4/17/08, 3:21 AM

ကိုးတောင်ကွေ့ကိုကျောက်ပန်းတောင်းကသုံးထပ်လမ်းလို့ပဲခေါ်တယ်။

ပီတိ - 4/17/08, 3:23 PM

ကျွန်တော့်ဇာတိက အဲဒီဘက်မှာဆိုတော့ ကိုအန်ဒီပြောတဲ့လမ်းတွေကို အလွတ်နီးပါရနေပါပြီ။

နှစ်ဆန်းတရက်နေ့ဆို တဆွေမျိုးလုံး စားစရာတွေထည့်ပြီး ပုပ္ပါးက သစ်ပင်ရိပ်ကောင်းကောင်း ဘုန်ကြီးကျောင်းတွေသွားပြီး ပျော်ပွဲစားလိုထွက်ခဲ့ကြတာကို ပြန်ပြီး သတိရမိပါတယ်။ မောင်တော်နှမတော် ရေထွက်နားက ပိန္နဲပင်တွေ ငှက်ပျောပင်တွေ နဲ့
ဘုန်ကြီးကျောင်းကို သွားခဲ့ရတာ အပျော်ဆုံးပါပဲ။

အဟဲ.. နဲနဲ ပြင်ပေးပါရစေ။ ရန်ကုန်ကနေ ကျောက်ပန်းတောင်းသွားရင် ရွှေတောင်ကိုရောက် ပြီးတော့ ပြည်မြို့ကိုရောက်ပါတယ်။ ပြီးတော့မှ ပြလို့(ပလို့) ရွာ ကိုရောက်တာပါ။

ပုပ္ပါးတောင်အတက်လမ်းကို မဝေတိုးပြောသွားသလို သုံးထပ်လမ်းလို့ခေါ်ပါတယ်။ ဟိုးအရင်က လမ်းမှာ စမ်းချောင်းလေတခုရှိပေမယ့် အခုတော့ စမ်းချောင်းကိုပိတ် ကျောက်ပန်းတောင်းကို ရေပေးတော့ မရှိတော့ပါဘူး။

နောက်ပြီး တောင်မကြီးအလယ်မှာရှိတဲ့ night lodge မှာတည်းရတာ တကယ်ကို အရသာရှိလှပါတယ်။ သာယာ အေးမြတဲ့ပတ်ဝန်းကျင် နောက်ပြီး တဘက်က တောင်မကြီး တဘက်က တောင်ကလပ်ကို လှမ်းမြင်ရတဲ့ မြင်ကွင်းက သာယာလှပါတယ်။ အခုတော့ ဈေးကြီးတဲ့ ဟိုတယ်ဖြစ်နေပြီ။

ကိုအန်ဒီဆီမှာ ကွန်မန့်ပေးတာမဟုတ်ပဲ ကိုယ်ပြောချင်ရာလာပြောနေတယ်။ ဟီး…

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ပါစေ။

nu-san - 4/18/08, 12:06 AM

အန်ဒီ.. ဒီပို့စ်ကို စစဖတ်ချင်း ခရီးထွက်ဖို့ ထမင်းချိုင့်ပြင်တာ ငပိကြော်၊ ငါးရံ့ခြောက်၊ ကြက်သားအချိုချက် ထည့်သွားတယ် ဆိုကတည်းက လူကသွားရည်ကျနေပြီ။ ငယ်ငယ်တုန်းကတော့ ခရီးသွားရမယ်ဆို ပျော်တာပါပဲ။

ရန်ကုန် - မန္တလေး အမှတ် ၂ လမ်းပေါ်မှာရှိတဲ့မြို့နာမည်တွေကို အိမ်က တောင်ငူသားက အစဉ်အတိုင်းတော့ ရွတ်ပြပါတယ်။ တောင်ငူလည်း ပြီးရော သူလည်း ဆက်မရွတ်တတ်တော့ဘူး.. အမက ပိုဆိုးပေါ့။ အန်ဒီပြောသလို အစဉ်တိုင်း မမှတ်မိဘူး။ ငယ်ငယ်ကလည်း ပထ၀ီက ၅၀ ထက်မကျော်ဘူးလေ.. အဟီး.. :D ပုပ္ပါးမှာ သတိအရဆုံးက မာလကာသီးနဲ့ စကားဝါ ပန်းနံ့ပဲ။

အန်ဒီက အသေးစိတ် ရေးပြထားတာ အခန်းဆက်ဝတ္ထုရှည် ဖတ်နေရသလိုပဲမို့ ဆက်ရန်ကို စောင့်မျှော်အားပေးနေပါတယ်...

Andy Myint - 4/18/08, 9:31 AM
အားလုံးပဲ နှစ်သစ်ပါ ပျော်ရွှင်ပါစေ။ တကယ်လည်း လူတော်တော် များများက ဒီခရီးကို သွားဖူး ရောက်ဖူးတာ ကော့မန့်တွေ တွေ့လိုက်ရတော့ ပိုသေချာ သွားတယ်။ ပြင်ပေးထား ဖြည့်ရေးထားတာတွေကိုလည်း ကျေးဇူးတင်တယ်။

ဖြိုးဝေကျော်.. အင်း ဒီလိုဆိုတော့လည်း ပျော်ဘွယ်က ပျော်ဖွယ်ကောင်းတာပဲ။ ပျော်ဘွယ် မုန့်ကြွတ်လည်း ကြိုက်တယ်။

လာအားပေးတာ ကျေးဇူးပါ N3

ကိုစောလည်း ရောက်ဖူးတာပဲကိုး။

ကျွန်တော်တော့ သူငယ်ချင်းတွေနဲ့ အဲဒီလို ခရီးရှည် မထွက်ဖူးဘူး မောင်တိန်။ ပျော်ရွှင်မှုရယ်၊ လွတ်လပ်မှုရယ်က လူငယ်တွေရဲ့ ဥဒါန်း ပဲလေ။ ကျွန်တော်လည်း အဲဒီက ရွာမှာ ထန်းရည်သောက်ဖူးတယ်။ ချိုချိုလေးနဲ့ မူးတာပဲ။

ဟုတ်တယ် မဝေတိုး… လက်ပံပြာက ကြက်ကြော်လည်း စားဖူးတယ်။ သူငယ်ချင်းက အဲဒီမှာ အမျိုး ထမင်းဆိုင်တွေရှိတယ်။ ကုန်ကား သမားတွေက အဲဒီမှာ အားပေးကြတယ်။

ပီတိလည်း ရေးလေဗျာ။ သိရတာပေါ။ အခုလို ပြင်ပေးတာ ကျေးဇူးပဲ။ ကျွန်တော်လည်း ရောကုန်ပြီ။ ပီတိ ပြောတာတွေ ဆက်ရေးမယ့် အထဲမှာ ပါမှာပါ။

ဟဲဟဲ.. ကြက်သားအချိုနဲ့ ငပိကြော်ကလည်း ထမင်းဖြူလေးနဲ့ဆို လိုက်တယ်လေ မနုစံ။ တောင်ငူသားက ဂျပန်မှာ ကွမ်းရော ပြတ်ရဲ့လား မေးတယ်လို့။ ဟုတ်တယ် ပုပ္ပါးလို့ ဆိုရင် စကားဝါးပန်း အကြောင်း ချန်ထားလို့ ဘယ်ဖြစ်မလဲ။
My Wonderful Moral Thoughts - 4/19/08, 6:52 AM

Looking forward to have continues posts..,

Thanks.,
Soe Mya Nandar Thet Lwin

Andy Myint - 4/22/08, 12:20 AM
Thanks Sis.. hav just posted new one.
ThuHninSee - 4/22/08, 12:33 PM

ဖတ်လို့ကောင်းလိုက်တာ။
အဲလို ခရီးမထွက်နိုင်တာ ကြာပြီ။

Nyi Nyi - 8/18/10, 2:03 PM

အောင်ကျော်မြင့်ရေးတာဖတ်ပြီးအရေးအခင်းပြီးစ လက်ပန်ပျားကိုပြန်တာသွားသတိရတယ်။ မှတ်မှတ်ရရ ပွင့်သစ်စနဲ့။
ကာဖျူးရှိတော့တောင်တွင်းကြီးအဝင် ဆတ်သွားမှာကားလမ်းပေါ်အိပ်။ သူများတွေ ထမင်းချိုင့်မပါလို့ ငတ်တယ်။
ကိုယ်မယူချင်တဲ့အမေ့ထမင်းချိုင့်ကယ်တာ။ ကိုတွေကလမ်းသွားရင်အပြင်စာစားချင်တာ။ ခုတော့လဲ အမေ့ဟင်းတွေလွမ်းတယ်။
အမေတွေကိုကျေးဇူးဆပ်ခွင့်ရတာတို့တွေကံကောင်းတာပေါ့ကွာ။ Dr ခင်မောင်ဝင်း ရဲ့ ရေနွေးငွေ့ ရထား နဲ့အညာပြန် အမေ အကြောင်း စာအုပ်ဖတ်ကြည့်ဦးကွာ။မိုက်တယ်။
ဒီဇင်ဘာပြန်မလားလို့။ရန်ကုန်ပြန်ဖြစ်ရင် ပုဂံသွားရအောင်ကွာ။ ရွာမှာတညအိပ်၊ကြက်ကြော်၊ ထန်းရေနဲ့ဧည့်ခံမယ်။ စိတ်ကူးတွေဖြစ်ဖို့မလွယ်ဘူးကွာ။

:P - 8/28/10, 7:54 PM

ကိုအန်ဒီ့အမေ ကြက်ရိုးနဲ့ ဂွေးတောက်ဟင်းချို စားကောင်းတဲ့ ထမင်းဆိုင်က အင်းမမြို့က ရေနီမဟုတ်၊ ရေပြာပါ။ အဲဒီနားက ရေတွင်းထဲက ရေတွေက အပြာရောင်ဖြစ်နေလို့လို့ ပြောကြတယ်။ ကျွန်မတော့ တစ်ခါမှ ရေတွင်းကို သွားမကြည့်ဖူးသေးဘူး။
အဲဒီအင်းမ ရေပြာစားသောက်ဆိုင်မှာ ဂျီ(ချေ)သား၊ ဆတ်သား၊ ယုန်သားတွေ ရတယ်။
.
.
ဘလော့ဂါမှတ်တမ်းထဲမှာ ပေါင်းတည်နဲ့ ဇီးကုန်းကြားက ကျွန်မတို့ နတ်တလင်းမြို့ကလေး ပြုတ်ကျန်ရစ်တာ စိတ်မကောင်းပါဘူး၊ နောက်တစ်ခေါက်ကျ ပါအောင်ရေးပေးနော်။

ဆောင်း - 9/17/10, 11:30 AM

တိုက်၂ဆိုင်၂ဘဲ တနေ့ က တိုးရစ်ဂိုက် လုပ်ဖူးတဲ့အမ ပြောတာ က ဘုရင်ခေတ်က လူဆိုးဓါးပြတွေ ကို နယ်နှင်ဒဏ်ပေးတယ် ဆိုပြီး ပျဉ်းမနား လွင်တီးခေါင်မှာ နေစေတာ တဲ့ အဲဒီနေရာမှာ လူဆိုးဓါးပြတွေ ပေါလွန်းလို့ (ပူလွန်းတော့ ဘာမှ စိုက်မရလို့  )ခရီးသွားတွေ ဖြတ်သွားတိုင်း လုယက်တိုက်ခိုက် အသတ်ခံရတာ ချည့်ဘဲတဲ့ အဲဒီပျဉ်းမနားကို ဖြတ်သွားရင် လူစုလူဝေးနဲ့ သာ သွားရတယ် ပျင်းလို့တောင်မနားရဲ လောက်အောင် မြန်မြန်သွားရ တယ် ဓါးပြတွေနဲ့ တွေ့ ရင် အသတ်ခံ ရမှာစိုးလို့ ပျင်းတောင် မနားရဲတဲ့ မြို့  ပျဉ်းမနားမြို့ လို့ ခေါ်ပါသတဲ့။ တိုးရစ်ဂိုက်ပြောပြလို့ သိတဲ့ ပုံပြင်ပါ။

ဆောင်း - 9/17/10, 11:34 AM

မြေထဲဆိုတဲ့ မြို့ ဟာ အောင်လံပါ။ အောင်လံဆိုတဲ့ တံခွန်တလူလူ အောင်မြင်ခြင်း အဓိပါယ်ရတဲ့ မြို့ ကို မြေထဲလို့ ပြောင်းလို့  မြို့ ခံတွေ သေလိုက်ကြတာ တဖြုတ်ဖြုတ်။ ရန်ကုန်မှာ ရှိတဲ့လမ်းတွေကိုလည်း နာမည်တွေ ပြောင်းလို့  ဥပမာ မောင်ခိုင်လမ်းကို ဗိုလ်ရွဲလမ်းဆို လို့ ရွဲပြီး လူသေတာ တပတ် တလောင်းဘဲ (၈၈ နောက်ပိုင်း ပြောင်းတာ ထင်တာဘဲ) နောက်ဆုံး ၂လောင်းထပ် သွား တယ်။ နောက်ဆုံးအလောင်း အရင်ချပြီးမှ ဒုတိယနောက်ဆုံး အလောင်းချ ပြီးတဲ့ အခါမှသာ လူသေရပ်သွားတာ
ဒါက နာမည်ပြောင်းတာ စကားစပ်မိလို့  ရေးလိုက်တာပါ

Thwonset - 11/15/10, 7:55 PM

ကြံကြံဖန်ဖန် ဆောင်းပြောမှပဲ တို့ပျင်းမနား လူဆိုးတွေနေတဲနေရာဖြစ်တော့တယ်. တကယ်က ပျင်းမနားဆိုတာ ခုရှိတဲ ပျင်းမနားမြို့အနောက်ဘက် ၄မိုင်လောက်အကွာက ရွာတရွာပါ ပျင်းမုံန(မက်မန်းသီဆိုလားဇီဖြူသီဆိုလား)အဒိတ်ပါယ်ရတယ် ဆိုတာပဲ .ခုပျင်းမနားနေရာက အင်္ဂလိပ်မြန်မာ ဒုတိယစစ်မှာ ဗမာ ဘုရင်နယ်(ရမည်သင်းမှာဆုံးတယ်)လဲ မပါ. အင်္ဂလိပ်နယ် (တောင်ငူမှာဆုံး) လဲမပါတဲ နယ်ကြန် (နင်းကြမ်း) လို့ခေါ တာပါ . ဆောင်းပြောတဲ လုဆိုးတွေဆိုတာပာုတ်ပါတယ် ၀ရမ်းပြေးတွေက ဒီနေရာမှာ နေရင် ၂ဘက် အဏာစက် လွတ်တယ်ဆိုပီးနေကြတာပါ. နောက် အင်္ဂလိပ် တနိင်ငံလုံးသိမ်းပီသကာာလ နင်းကြမ်းကို သူတို့ကြေးနန်းပို့ရင် မြင်ခြံနဲ မှားလို့ဆိုပီ အနီးနားက ရွာနာမည်ကိုယူလိုက်တာပါ. နင်းကြမ်းက ပျင်းမနားဖြစ်သွားတော့ ပျင်မနားရွာလေးက ပျင်းမနားပောာင်းဆိုပီ ခုထိရှိပါသေးတယ်.... ကျွန်တော်ရဲ အဘီက ပျင်မနားမှာ တရာသူးကြီးအဖြစ်နဲနေခဲပီ ကျွန်တော့ အဘေးက ပျင်းမနား KEM အထက်တန်းကျောင်းမှာ ကျောင်းအုပ်ကြီးလုပ်ခဲပါတယ်။ ကျွန်တော့ ဘိုးဘွားတွေကတော့ ပျင်မနားကနေ ဂျင်လို(ပျင်းမနားတောင်ဘက် ၂မိုင်) ကွန်ဂရက်အပီမှာ တောခိုသူပုန်ထ လာကြတာပါ. ပြီ မှ ပျင်းမနားမှာပဲ အခြေချနေခဲကြတာပါ. ဘိုးဘေးတွေ၇ဲဂူတွေ သင်ချိုင်းဖျက်ပီ ကားဂိတ်လုပ်ပီးတဲကမရှိတောပါဘူး.. ငယ်ငယ်ကတော့ ဂူအကြီးကြီးတွေကိုသွားကြည့်ဘူးပါတယ်။ ပြောချင်တာတွေ အများကြီး ရှိပါသေးတယ် ပျင်မနားအကြောင်းပြောရ၇င် ဒွတ်တဘောင်မင်းတိုက်လို့ ဗိသနိး ပန်ထွာမိဖုရား ထွက်ပြေးတာက စပြီ ပျင်မနား စိုက်သိပ်ပံ (ဘိုကိတ်ခြံ)ထဲမှာ ဂျပန်ခေတ်က စစ်ရုံးချုပ်ထိုင်ခဲတာအလယ် နေပြည်တော်အဆုံး.. ပဲာပဲာနေပြည်တော်တော့ သိပ်မသိတော့ဘူး နေပြည်တော်ဖြစ်တယ်အချိန် ကျွန်တော် မြန်မာပြည်မှာ တနှစ်မှာ ၂ပတ်လောက်ပဲရောက်ဖြစ်တော့လို့ပါ
(နှာစေးလိုက်တာပါ)

(စာလုံးပေါင်း တွေ ဖြစ်သလိုပေါင်းထားတာနားလည်ပေးပါ)

Thu - 9/19/11, 4:42 PM

မြေထဲ ဆိုတဲ့ မြို့ ဟာ အောင်လံ ပါ
Just visit old post, မြေထဲ is original name and changed to (အာလံ) referred to British major Allen who led and invaded the city in colonial time.
That's why U Ne Win changed original မြေထဲ but people did not prefer it.
So, later changed (အောင်လံ) again with hybrid meanings.
Thanks!

ဆောင်း - 9/28/11, 5:34 PM

Thu ပြောသလိုဆိုရင် မြေထဲဆိုတာ မူလနာမည်လား ဦးနေ၀င်း မတက်ခင် ကတည်းက နေလာတဲ့ အောင်လံသား ဘကြီး ဒေါ်ကြီး တို့ မြေထဲမြို့ ဆိုတဲ့ နာမည် မပြောဖူးတော့ သု ပြောတာ အဆန်းဖြစ်နေတယ်
ဒါပေမဲ့ မြေထဲလို့ နာမည် ပြောင်းတာနဲ့ သေလိုက်ကြတဲ့ လူတွေ မနည်းဘူး အဲဒီမြို့ ခံက အမပြောလို့ သိတာ

Thu - 10/3/11, 6:21 PM

Saung,
Pls see following link of Myanmar map in Bayin Naung era with city Myede-မြေထဲ

http://en.wikipedia.org/wiki/File:Map_of_Toungoo_Kingdom_1572.jpg

Post a Comment

Many thanks for dropping a comment…

Film