Thursday, April 24, 2008

ပုပ္ပါးနတ်တောင် - ၃

သွားဖူးတဲ့ ခရီးလေးကို ပြန်ရေးလိုက်တာပါ။ တချို့ဟာတွေက အမှတ်မှားပြီး မှားရေးမိ နိုင်ပါတယ်။ ပြင်ပေး ဖြည့်ပေးမယ်ဆို ကျေးဇူးတင်ပါတယ်။ အရင်ဆောင်းပါးမှာလည်း ပြလို့က ပြည်ရောက်ပြီးမှ လာတယ်၊ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်းကြားက ရွာနာမည်က လက်ပံပြာဖြစ်တယ် ဆိုတာရယ်၊ ပုပ္ပါးမရောက်ခင်က တောင်ပတ်လမ်းလေးကို သုံးထပ်ကွေ့ ခေါ်ကြောင်း ကောမန့်ရေးသွားပေးတဲ့ မဝေတိုး နဲ့ ကိုပီတိ ကို ကျေးဇူးတင်ပါတယ်။ Feed Reader နဲ့ ဖတ်တဲ့သူတွေ၊ ကောမန့် မဖတ်ဖြစ်လိုက်တဲ့ သူတွေ အတွက် ရေးလိုက်တာပါ။

အောင်သိဒ္ဓိကုန်းက ဆရာတော်ကို ဦးပရမ္မ၀ဏ္ဏသိဒ္ဓိလို့ ခေါ်ပါတယ်။ တကယ်တော့ ဆရာတော်က ဘုန်ကြီး မဟုတ်တော့ပါဘူး။ အစိုးရနဲ့ ပြသနာတက်ပြီး လူထွက်လိုက်ရတာပါ။ ဆရာတော်က သာသနာပြု လုပ်ငန်းတွေ အများကြီး လုပ်တဲ့ အတွက် သြဇာ အရှိန်အ၀ါ ကြီးမားပါတယ်။ ပုံဂံမှာ ဘူးဘုရားကို ထီးတော် တင်တာမျိုးတွေ၊ ဘိုကလေး ဖျာပုံဖက်မှာလည်း ဘုရားကျောင်းကန်တွေ ဦးစီး ဆောက်တာမျိုးတွေ မြန်မာပြည် အနှံ့ အများကြီး လုပ်ခဲ့ပါတယ်။ ရဟန်းဘ၀က ထွက်ပြီးတော့လည်း သာသနာပြု လုပ်ငန်းတွေပဲ ဆက်လုပ်နေပါတယ်။ လူတွေက ဘိုးတော်လိုလည်း ကိုးကွယ်ကြပါတယ်။ ဘိုးတော်ဆိုလို့ မင်းသိင်္ခလို့ ဆံရှည်၊ မုတ်ဆိတ်ရှည် ဘိုးတော် မဟုတ်ပါဘူး။ ဆရာတော်က သင်္ကန်း မ၀တ်ရုံပါပဲ။ ယောဂီ ၀တ်စုံကို အမြဲဝတ်ပြီး ခေါင်းလည်း တုံးထားပါတယ်။ ဘုရား၊ တရားလည်း လုပ်ပါတယ်။ အခုတော့ ကွယ်လွန်သွားပါပြီ။ အဲဒီ အောင်သိဒ္ဓိကုန်းမှာပဲ ဆရာတော်ရဲ့ ဂူဗိမာန် ရှိပါတယ်။ ဆရာတော်ရဲ့ လက်ထောက် ဘဘ အောင်ဘောဂကလည်း သဘောကောင်းပြီး အမြဲ ပြုံးပြုံးနဲ့ပါ။ သူက အရင်တုန်းက ဆင်းရဲတော့ ဆရာတော်ဆီမှာ အကြံလာ တောင်းပါတယ်။ ဆရာတော်က မင်း ရေရောင်းရင် ကြီးပွားမယ်လို့ ပြောလိုက်တာ ရေရောင်းပြီး ဘယ်လို့လုပ်ကြီးပွားပါ့မလဲ စဉ်းစားရင်းနဲ့ လက်ဘက်ရည် ရောင်းတာ အတော်အတန် ပြေလည်သွားတယ်လို့ ကြားဖူးပါတယ်။ (ဟုတ်မဟုတ်တော့ အသေအချာ မသိပေမဲ့ တာမွေဈေးနားက သူ့ရဲ့ အောင်ဘောဂ လက်ဘက်ရည်ဆိုင်မှာတော့ သောက်ဖူးပါတယ်။)

အောင်သိဒ္ဓိကုန်းမှာ စေတီလေး တစ်ဆူရှိတယ်။ နာမည်တော့ ၀ိုးတိုးဝါးတားပဲ။ ပြည်လုံးချမ်းသာ ကမ္ဘာအေးစေတီလို နာမည်မျိုးပဲ။ ၁၉၈၇ လောက်က ကျွန်တော်တို့ သွားပြီး ကိုရင် ၀တ်တုန်းက တည်ပြီးကာစပဲ ရှိသေးတယ်။ နောက်တော့ ကျွန်တော်တို့ ကိုရင်ဝတ်တုန်းက ဦးပဇ္ဇင်းတွေ ၀င်တဲ့ နှစ်ထပ် သိမ်ကလည်း အဲဒီတုန်းက အသစ်ပဲ ရှိသေးတယ်။ အမေက နတ်တွေ အကြောင်းပြုပြီး သွားတယ် ဆိုပေမယ့် ရောက်တဲ့ အခါတိုင်းလိုလို တစ်ယောက်မဟုတ် တစ်ယောက် အတွက်တော့ ရဟန်းခံ ရှင်ပြုလုပ်တယ်။ ပထမ တစ်ခေါက်တုန်းက ကျွန်တော်တို့ ညီအစ်ကိုတွေ၊ နောက်တစ်ခေါက်ကျတော့ အဖေတို့ ညီအစ်ကိုတွေ၊ နောက်တစ်ခါကျတော ပထမတစ်ခေါက်တုန်းက မွေးတောင် မမွေးသေးတဲ့ သားအငယ်ဆုံးလေးအတွက် ရှင်ပြုပေးတာ။ အောင်သိဒ္ဓိကုန်းမှာ အစတုန်းက အဆောက်အအုံ သိပ်များများ မရှိသေးပါဘူး။ အဲဒီတုန်းက လှူထားတဲ့ အထဲမှာ ကြီးကြီးမားမားဆို သုံးထပ်ကျောင်း တစ်ကျောင်းရှိတယ်။ အောက်ထပ်မှာ ဧည့်သည်တွေ တည်းနိုင်ပြီး အလယ်ထပ်မှာ နတ်နန်းလုပ်ထားတယ်။ ၃ရမင်း နတ်ရုပ်တွေက လူကိုယ်လောက် မရှိပေမယ့် အတော်ကြီးပါတယ်။ အပေါ်ဆုံး ထပ်မှာတော့ ဘုရားခန်းရှိပါတယ်။ ကိုရင်ဝတ်တုန်းက ညညဆို အဲဒီမှာ ဘုရားရှိခိုး ပုတီးစိတ် သွားလုပ်ရတယ်။ တရားလာထိုင်တဲ့ သူတွေလည်း ရှိပါတယ်။ အခုတော့ သိမ်တွေ၊ ကျောင်းတွေ တိုးလာပါတယ်။ ဇရပ်ဆောင်လေးတွေလည်း များလာပါတယ်။

အဲဒီမှာ သတိအရဆုံးကတော့ ဆွမ်းစားဆောင်ပါ။ အဆောင်ကြီးက အတော် ကြီးပါတယ်။ အောင်သိဒ္ဓိကုန်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းက ကိုယ်တော်တွေ အတွက်ပါ။ တောင်ကလပ်နားက ဘုန်းကြီးကျောင်းတွေ အတွက် ဆွမ်းစားဆောင်တွေ သပ်သပ်စီ ရှိပါတယ်။ ရွှေဂူချောင်ဘက်မှာလည်း ရှိပါတယ်။ ဆွမ်းစားဆောင် ဆိုပေမယ့် လူတွေလည်း စားပါတယ်။ လာလည် သမျှလူတွေ ၀င်စားလို့ ရပါတယ်။ သတ်သတ်လွတ်ပဲ ကျွေးလှူပါတယ်။ မန်ကျည်းရွက်နုသုပ်၊ ပဲဟင်း၊ အာလူးဟင်းနဲ့ မြေပဲကို ငရုပ်သီးနဲ့ ကြော်ထားတာမျိုးတွေ ကျွေးပါတယ်။ ဆွမ်း၊ ထမင်းလာချက်တာလည်း ဆရာတော်ရဲ့ အမျိုးတွေနဲ့ အဲဒီနားက လုပ်အားပေးတွေပါ။ သူတို့နဲ့ စကားစမြည် ပြောကြည့်တော့ ရေနံချောင်းက လာတဲ့သူ ရှိတယ်။ မိတ္ထီလာက လာတဲ့ သူတွေ ရှိတယ်။ အဲဒီလိုမျိုး အနီးအပါးကနေ သင်္ကြန်နား နီးပြီဆို လာပြီး လုပ်အားပေးတာတဲ့။ ဒါမှမဟုတ် တခြား ပွဲတော်ချိန်ဆိုရင်လည်း လာတတ်တဲ့ သူတွေ ရှိတယ်တဲ့။

အစတုန်းက နတ်နန်းက အောက်မှာပဲ (တောင်ကလပ် အခြေမှာပဲ) ရှိပါတယ်။ နောက်တော့ အောင်သိဒ္ဓိကုန်းပေါ်မှာပါ တစ်ခု ဆောက်လိုက်ပါတယ်။ နတ်နန်းဆိုတာ မျက်နှာစာကျယ် ခန်းမဆောင်ကြီးပါ။ နောက်ဘက် ၄ပုံ ၁ပုံလောက်မှာ မှန်တွေနဲ့ အလျားလိုက် အခန်းကန့်ထားပြီး ၃၇မင်း နတ်ရုပ်တွေ အတန်းလိုက် စည်ထားပါတယ်။ နတ်နန်း နှစ်ခုစလုံးမှာ ပုပ္ပါးမယ်တော်က အလယ်မှာပါ။ လူကိုယ်လောက် ရှိတဲ့ ရုပ်ထုတွေဟာ အသက်ဝင်လှပါတယ်။ ကျန်တဲ့ ၄ပုံ ၃ပုံက ခန်းမ အလွတ်ကြီးပါ။ အဲဒီနေရာက နတ်ကနားပေးဖို့ နေရာပါ။ နတ်ကနားပေးပြီဆို ဆိုင်းဝိုင်းတွေ က ၃ပုံ၁ပုံ နေရာယူ၊ ပရိသတ်က ၁ပုံနဲ့၊ အလယ်မှာတော့ နတ်ဝင်သည်တွေ ကခုန်ဖို့ပါ။ ရပ်ကွက်ထဲမှာ ပေးတဲ့ နတ်ကနားတွေထက် အဲဒီက နတ်ကနားတွေက အများကြီး ပိုကြည့်လို့ ကောင်းပါတယ်။ နတ်တို့ ပျော်စံရာ ဌာနေမို့ပဲလားတော့ မသိ။ နတ်တွေက တစ်ပါးပြီး တစ်ပါးဝင်တာ ကြည့်လို့တော့ အတော် ကောင်းပါတယ်။ လူကိုယ်အရွယ် နတ်ရုပ်တွေရယ်၊ စည်သံ ဗြောသံရယ် ပေါင်းလိုက်တာရော ကိုယ့်နားက လူတွေ ဟိုတစ်ယောက်က နတ်ဝင်ပူးလိုက်၊ ဒီတစ်ယောက်က နတ်ဝင်ပူးလိုက်နဲ့ ဆတ်ဆတ် ဆတ်ဆတ်တုန်ခါ ကန်တော့ပြီးသကာလ လက်သီး လက်မောင်းတန်းပြီး ကွင်းအလယ်ကို ၀င်က နေကြတာ ကြည့်ရင်းနဲ့ ကိုယ့်ကို နတ်ဝင်ပူးမှာတောင် ကြောက်လာသလိုလို ကိုယ်ကိုပဲ ၀င်ပူးပါတော့ ဖိတ်ခေါ်ရမလို ဖြစ်ရပါမယ်။ ၀ိုင်းဆရာကလည်း အင်မတန် အပို့ ကောင်းပါတယ်။ ကြမ်းပြီဆိုလည်း ကြောက်စရာ ကောင်းလောက်အောင်ကို ဗြောပေါက်အောင် ကြမ်းပြီး အလွမ်းအဆွေးဆိုလည်း နှဲသံနဲ့တင် မျက်ရည်ဝဲနေတဲ့ သူတွေ အပုံအပင်။ စကားဝါပန်းနံ့နဲ့ ရေမွှေးနံ့ကလည်း ခန်းလုံးကြိုင်ပြီး ရှူရှိုက်မိရင် နတ်ပင်ဝင်ပူးလေမလား အောက်မေ့ရတယ်။ ပိုက်ဆံတွေ ကြဲတာဆိုတာလည်း အရွက်ကြီးတွေ ခဏခဏ ပါပဲ။ နတ်တွေကို အပထားပြီး ပိုက်ဆံကောက်ဖို့ သပ်သပ်လာတဲ့ သူတွေကလည်း ရှိပါသေးတယ်။ အဲဒီလို ညနက်သည် အထိကို ကကြ ပူဇော်ကြတာပါ။ ကိုရင်ဝတ်တုန်းကတော့ နတ်ကတာ ကြည့်လို့ မရပါဘူး။ ဆရာတော်က တွေ့ရင် လိုက်ရိုက်တတ်တာ ကြောက်လို့ပါ။

ဒီနတ်နန်းတွေ အပြင် အိမ်တွင်း အဖေကြီး နတ်နန်းဆိုတာလည်း တစ်နေရာမှာ ရှိပါသေးတယ်။ အိမ်တွင်း အဖေကြီးဆိုတာ ဒဏ္ဍာရီထဲမှာ ပန်းပဲ မောင်တင့်တယ်က ခွန်အား အလွန်ကြီးနေတယ် ကြားလို့ ဘုရင်က တဆွေလုံး တမျိုးလုံးကို စကားဝါပင်မှာ မီးမြိုက်ပြီး ကွပ်မျက်တာ ခံလိုက်ရလို့ အစိမ်းသေပြီး နတ်ဖြစ်သွားတယ်။ မြန်မာဘုရင်တွေ ဆိုတာလည်း ကိုယ့်ကို ပြန်ပြီး တော်လှန်နိုင်တယ် ထင်ရင် ဒါမှမဟုတ် တစ်ယောက်ယောက်က ကုန်းချောလိုက်ရင် ချက်ချင်း သတ်စေ ဆိုတတ်တာကိုး။ အခုခေတ်မှာလည်း မထင်ရင် မထင်သလို ထောင်ချလိုက်တာပဲ။ ကွာသွားတာက ပန်းပဲ မောင်တင့်တယ်လို လူ့ခွန်အား ကြီးတာမျိုး မဟုတ်တော့ဘဲ ဦးဝင်းတင်လို ကလောင်စွမ်း ထက်တဲ့သူမျိုးတွေကို ထောင်ချပစ်တာမျိုးပေါ့။ အဲဒီလို ပန်းပဲ မောင်တင့်တယ်က ခွန်အားကြီးတဲ့ အတွက် နတ်ဖြစ်တဲ့ အခါ အိမ်တွေမှာ စောင့်ရှောက်ဖို့ အိမ်တွင်း နတ်ဆိုပြီး ဗမာတွေ အတော်များများက ကိုးကွယ် တတ်ကြပါတယ်။ ဒီလို နတ်တွေကို ကိုးကွယ်ရခြင်း အကြောင်းအရင်း တစ်ရပ်ကို မကေသွယ်က ဒီလိုပြောသွားပါတယ်။

ရှေးတုန်းက ရှင်ဘုရင်တွေရဲ့ တသွေးတသံ တမိန့်အောက်မှာ ကွပ်မြတ်ခံရတဲ့ ပြည်သူ့အချစ်တော်တွေကို ပြည်သူတွေကလည်း ချစ်ခင်နှမြောတဲ့စိတ်နဲ့ ကိုယ်တတ်နိုင်သလို ဆက်လက် ရှင်သန် စေတာလို့ ကျမ အဖေကတော့ သုံးသပ်တယ်။ ချေဂွေဗားရားတို့ ဘော့မာလေတို့တောင် နတ်လို့ ပြောရမလောက်ပဲ ဘိုလီဗီးယားမှာဆို ချေကိုကိုးကွယ်ကြတယ်လို့ သိဘူးတယ်။
ဒါပေမယ့် အိမ်တွင်းနတ်တွေဟာ အရှင်လတ်လတ် မီးမြိုက်ခံရပြီး နတ်ဖြစ်သွားတဲ့ အတွက် မီးကိုတော့ မကြိုက်တဲ့လို့ မီးအလင်းရောင်တောင် မ၀င်အောင် သူ့နတ်ကွန်းဆောင်ဆိုရင် ခန်းစီးလေးနဲ့ ကာပေးထားရပါတယ်။ စကားဝါမြေ ပုပ္ပါးမှာ ပုပ္ပါးမယ်တော်ကို စကားဝါပန်းကပ်လို့ ရပေမယ့် အိမ်တွင်းနတ်နန်းမှာတော့ စကားဝါပန်း မကပ်ရပါဘူး။

အိမ်တွင်း နတ်နန်းက ပုပ္ပါးမြို့နဲ့ အောင်သိဒ္ဓိကုန်းကြားမှာပါ။ အောင်သိဒ္ဓိကုန်းကနေ နာရီဝက် ၄၅ မိနစ်လောက် လမ်းလျှောက်သွားရပါတယ်။ အဲဒီဘက်ကို သွားရတာ ပျော်စရာကောင်းပါတယ်။ မနက်စာ စားပြီးခါစ သွားရင် အတော်ပါပဲ။ ပထမဆုံး တစ်ခေါက်သွားတုန်းက ဆရာတော်က လမ်းပြဖို့ဆိုပြီး ခွေးတစ်ကောင် ထည့်ပေးလိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတယ်။ အဲဒီနား တ၀ိုက်မှာ တောလမ်းလေးလည်း လျှောက်လို့ သာသာယာယာ ရှိပါတယ်။ စမ်းချောင်းလေးတွေနဲ့ အေးအေးချမ်းချမ်း ရှိလှပါတယ်။ မီးသင့်ကျောက် အတုံးလိုက်ကြီးတွေကိုလည်း လေ့လာချင်သေးတယ်ဆို ကိုင်ကြည့်လို့ ရသေးတယ်။ စင်္ကာပူက Channel News Asia မှာ လာလာနေတဲ့ Japan’s Hours မှာပါတဲ့ ဂျပန်က တောတွင်းသွားတဲ့ ခရီးတချို့နဲ့တောင် ခပ်ဆင်ဆင်။ ပုပ္ပါးမှာတော့ ရေပူစမ်း မရှိဘူးပေါ့။ ရေထွက်တွေတော့ ရှိတယ်။ တောင်ထိပ် နတ်နန်းကနေ ကြည့်လိုက်ရင် ဟိုးဘက်က လျှိုတွေလည်း လှမ်းမြင်နိုင်ပါတယ်။ နောက်ဆုံး တစ်ခေါက် သွားတုန်းကတော့ တောင်ထိပ်က အိမ်တွင်း နတ်နန်းမှာ လွမ်းစေတီလေး တစ်ဆူ တည်ထားတာ သတိထားမိတယ်။ အဲဒီနားမှာ အခု ၀ိပဿနာ တရားအားထုပ်ဖို့ ကျောင်းတစ်ကျောင်းလည်း တွေ့ခဲ့သေးတယ်။

အိမ်တွင်း နတ်နန်း သွားရင်းနဲ့ အပြန်လမ်းမှာ တောင်မကြီးဘက် သွားတဲ့ လမ်းကို ၀င်လို့ရတယ်။ တောင်မကြီးက ၄၉၈၁ပေ မြင့်တာဆိုတော့ မနက်အစောကြီး ၅နာရီလောက် ထတက်မှ နေ့ချင်းပြန် သွားလို့ရတာမို့ ပုပ္ပါးကို ခဏခဏ ရောက်ပေမယ့် တောင်မကြီးကိုတော့ မတက်ဖြစ်ပါဘူး။ တောင်ထိပ်မှာလည်း ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံ တစ်ရုံရယ် ဘုန်းကြီးကျောင်း တစ်ကျောင်းရယ်ပဲ ရှိတာပါ။ ဒါပေမယ့် အောက်ဖက်နားမှာ တိုင်းရင်းဆေးပင် စိုက်ခင်းတွေ ရှိပြီး ရှားပါးတဲ့ ဆေးဖက်ဝင် အပင်တွေ နွယ်ပင်တွေ မျိုးစုံကို တစ်နေရာထဲမှာ အစုံတွေ့နိုင်ပါတယ်။ အပင်တွေက ပုံစံဆန်း မျိုးစုံနဲ့ပါ။ နဂါးဂမုန်းဆိုလည်း နဂါးအမောက်ထောင်နေတဲ့ အတိုင်းပဲ။ စာသူငယ် ဦးနှောက်အပင်ဆိုလည်း တကယ် ဦးနှောက် အသေးစားလေး အတိုင်းပါပဲ။ အဲဒီနားမှာပဲ Popa Resort Hotel လည်း ရှိပါတယ်။ ဆောက်ထားတာတော့ သပ်သပ်ရပ်ရပ်ပါပဲ။ သစ်တောထဲက ဘန်ဂလို စတိုင်လေးပေါ့။ အဲဒီမှာတော့ တစ်ခေါက်လောက် အေးအေးဆေးဆေး သွားတည်းချင်သေးတယ်။

(ဆက်ရေးမည်)

3 comments:

Tar - 4/28/08, 5:43 PM

Hi Aung Kyaw Myint,
My village name is Let Pan Pyarr, and pronounced as Let Ba byarr.

Nyi Nyi

Andy Myint - 4/29/08, 10:09 AM
Noted Ko Nyi. I already mentioned about that in 2nd Post. Is that Pyarr as in car ... or Pyer?
Tar - 4/29/08, 2:45 PM

not pyer (blue), Pyarrr (flat),sorry, I dont know how to type burmese font.

Post a Comment

Many thanks for dropping a comment…

Film