Sunday, April 13, 2008

ပုပ္ပါးနတ်တောင် - ၁

အရင်နှစ်တွေက သင်္ကြန် ရောက်ပြီဆို ကျွန်တော်တို့ အမေ ရောဂါထပြီ။ ပုပ္ပါး သွားချင်တယ်။ ပုပ္ပါးမှာ သာသနာ ပြုဖို့ဆိုပြီး သွားချင်တယ်။ ပြီးတော့ ပုပ္ပါးမယ်တော်ကို ကန်တော့ဖို့လည်း ပါတယ်။ အဲဒီတုန်းက သင်္ကြန်ဆိုရင် ပုပ္ပါးမှာ ၇ရက်လုံးလုံး နတ်ကနားတွေ လေးငါးနေရာမှာ အပြိုင်အဆိုင် အကြီးအကျယ် ပေးကြတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက သူဌေးတွေက ရက်လုပြီး ပေးကြတယ်။ တခြားမြို့က လူတွေလည်း ပါတယ်။ ဒီနှစ် စီးပွားရေး ကောင်းရင် ကနားပေးပါ့မယ်လို့ တိုင်တည်ထားတာ စီးပွားလည်းဖြစ်ရော ကနားမပေးရင် နတ်ကိုင်မှာ ကြောက်လို့ အလုအယက် ပေးကြတာ။ နတ်ကတော်တွေကလည်း နတ်တွေကို ကပြ ကန်တော့ဖို့ လာကြ ကကြတယ်။ တောင်ပြုန်းပွဲလောက် မစည်ပေမယ့် သူဟာနဲ့သူတော့ အတော်စည်ပါတယ်။ အမေတို့ကတော့ အဲဒီလို မပေးနိုင်ပါဘူး။ ပုပ္ပါးမယ်တော်ရှေ့မှာ ကိုယ်တိုင်ကိုယ်ရောက် (အုန်း၊ ငှက်ပျော) ပွဲ ပေးပါ့မယ် တိုင်တည်ထားလို့ ပုပ္ပါးအထိသွားပြီး ပွဲကပ်တာ။ အမေက တစ်မျိုး။ နတ်တွေကို သူတို့ အကြိုက်တွေ ကပ်ပေးတဲ့အပြင် နတ်တွေအတွက် ဆိုပြီး သာသနာ ပြုပေးတယ်။ ဥပမာ ရှင်ပြုတာမျိုးလုပ်ပြီး နတ်တွေကို အမျှဝေပေးတာ။ အဲဒါကြောင့် ပုပ္ပါးသွားပြီး သာသနာပြုချင်တယ် ဆိုတာ။

အစတုန်းက အမေက နတ်ယုံတယ်။ နတ်တချို့ကို ကိုးကွယ်တယ်။ သူရဿတီ မယ်တော်၊ ဘိုးတော်၊ အိမ်တွင်းနတ်တွေ အပြင် ကိုကြီးကျော်၊ ပုပ္ပါးမယ်တော်ရယ် သူ့သားတော် တောင်ပြုန်းမင်းနှစ်ပါးနဲ့ ရိုးရာနတ်ဆိုတဲ့ ကိုးမြို့ရှင် စတာတွေက အမေ ကိုးကွယ်တဲ့ နတ်တွေပါ။ အိမ်မှာလည်း တစ်နှစ်တစ်ခါ နတ်ကန်တော့တယ်။ ဆိုင်းတွေ၊ ကနားတွေနဲ့ အကြီးအကျယ် လုပ်တာမဟုတ်ဘဲ အိမ်ထဲမှာ နတ်ကတော်နဲ့ အကျဉ်းချုံးလုပ်တယ်။ အဖေက နတ်ကတော်တွေကို အင်မတန် မုန်းလို့ နောက်ပိုင်းကျတော့ သူကိုယ်တိုင် နတ်ကိုးကွယ်မှု စာအုပ်တွေဖတ်၊ လူကြီးတွေကို မေးပြီး သူကိုယ်တိုင် နတ်ကတော်လုပ်တယ်။ အဖေ့အတွက် အမေက တရုတ်နှစ်ကူးပေးသလို အဖေကလည်း အမေ့အတွက် နတ်ကန်တော့ပေးရှာတယ်။ အခြောက်တွေလိုတော့ မဟုတ်ဘူးပေါ့။ နတ်တွေကို ခေါ်တယ်။ ပင့်တယ်။ စားဖွယ်တွေကပ်တယ်။ ဒါပဲ။ နတ်ကတော်တွေလိုတော့ လက်ကို နဖူးပေါ်တင်ပြီး ဖျောက်ဖျောက် ဖျောက်ဖျောက် မြည်အောင် ကန်တော့တတ်သေးတယ်။ အဲဒါမျိုးမြည်ရင် အမေက သိပ်သဘောကျတယ်။ နတ်တွေ ၀င်လာပြီဆိုပြီးတော့။ ကန်တော့နေတုန်း လူက ယိမ်းယိုင်လာပြီဆိုရင် အမေ့အတွက် နေစရာ နေရာမရှိတော့ဘူး။ အဖေကတော့ ဖျောက်ဖျောက် ဖျောက်ဖျောက် ကန်တော့၊ နည်းနည်းပါးပါး ယိမ်းယိုင်၊ ခဏနေငြိမ်သွားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူပြီး ပြီးသွားတယ်။ နတ်ကတော်တွေလိုတော့ ၀င်ပူးတာတွေ၊ ဟောတာတွေ မလုပ်တော့ဘူး။ ဦးရှင်ကြီးလည်း အဖေက သူဘာသာသူ တင်တယ်။ ဦးရှင်ကြီးဆရာတွေလို ဝေလီဝေလင်း အကျယ်ကြီး မအော်တတ်တော့ တစ်မျိုးလည်း ကောင်းတာပဲ။ အဖေလုပ်တဲ့ မုန့်ဆမ်းကတော့ ဦးရှင်ကြီး ဆရာတွေကို မီပါတယ်။

နှစ်စဉ် နတ်ကန်တော့ပြီဆို ဆိုင်ရာ ဆိုင်ရာ နတ်တွေကြိုက်တတ်တဲ့ အစာတွေကို ခက်ခက်ခဲခဲ လုပ်ယူတယ်။ ရှာဝယ်တယ်။ ကိုကြီးကျော် အကြိုက် ကြက်ကောင်လုံးကြော်နဲ့ အာမီရမ် (Army Rum) ။ အဲဒီတုန်းက အာမီရမ် အစစ်ကို အမေက ရှာဝယ်တယ်။ အာမီရမ်ဆိုတာ မဆလခေတ်မှာ တော်တော်ကောင်းတဲ့ အရက်ပဲ။ ကိုကြီးကျော်ရဲ့ ပီအေ အဘညိုအတွက် အရက်ဖြူ။ တောင်ပြုန်း မင်းသားတွေအတွက် နီလာဒန်ပေါက်နဲ့ ဂျလေဘီ ကုလားအချိုမုန့်။ မနှဲလေးအတွက် ဘဲဥပြုတ်နဲ့ ချိုချဉ် သကြားလုံးလည်း မေ့လို့ မဖြစ်ဘူး။ သူသားတွေ ကျွန်တော်တို့ ညီအစ်ကိုတွေကို မနှဲလေးကို အပ်ထားတာ ဆိုတော့။ အိမ်တွင်းအတွက် ရွှေအုန်းသီး။ ဒါတွေကို ရှာဝယ်ရတဲ့ အပြင် အိမ်မှာလည်း ကျော်ရ ချက်ရသေးတယ်။ မုန့်ဖြူကြော်၊ မုန့်နီကြော်တွေ ကြော်ရတယ်။ ငါးပုဏ္ဏားလည်း ကြော်ရတယ်။ အမေဂျမ်းက ဟဲ့..ငါ့သောက်ဖို့ ဘယ်မှာလည်း မေးရင် အသင့်ရှိအောင် ပြောင်းဖူးဖတ် ဆေးလိပ်လည်း ရှာထားရတယ်။ နတ်ကန်တော့တာ ရိုးရာလို့ မပြောရဘူး။ ရိုးရာစာတွေ တော်တော်ပါရတယ်။ တချို့ဟာတွေကို အမေက ကြိုမှာ ကြိုရှာထားရတယ်။ လက်ဖက်၊ ကွမ်း၊ စီးကရက်၊ ဆေးပြင်းလိပ်၊ အရက် အဖြူအနီတွေက ရလွယ်ပေမယ့် ငါးပုဏ္ဏား အကောင်မပျက် (နှုတ်ခမ်းမွှေးပါ ပါရမယ်) လိုမျိုးက ၀ယ်ရမလွယ်ဘူး။ ဈေးမှာ ကြိုမှာထားရတယ်။ ဒါ ကျွန်တော် မှတ်မိသလောက်ပဲ ရှိသေးတယ်။ တခြား မြန်မာမုန့်တွေ၊ အထူးအဆန်း ရှားရှားပါးပါး အစာတွေ ဟင်းတွေ အများကြီး ပါသေးတယ်။ အဲဒီအချိန်ကျရင် နတ်၃၇မင်းအတွက် ကိုယ်စီကိုယ်စီ တစ်ခုစီ ကပ်တာဆိုတော့ တွေးကြည့်ပေတော့။

နတ်ကန်တော့တဲ့ အချိန်ဆို အိမ်ရှေ့ခန်း တစ်ခန်းလုံး စောင်လိုမျိုးတွေ ခင်းပြီး စားစရာတွေကို သူ့ဆိုင်ရာ ဆိုင်ရာ နတ်တွေ ရှေ့မှာ ချထားတာ တစ်ခန်းလုံး အပြည့်ပဲ။ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းထားတဲ့အပြင် စီကရက်တွေကို မီးညှိပြီး ကပ်ထားလိုက်တာ တစ်ခန်းလုံး မီးခိုးတွေနဲ့။ ဒါ့အပြင် အရက်နံ့၊ ခပ်ပေါပေါ ရေမွှေးအနံ့တွေကလည်း လှိုင်နေတာပဲ။ ဒန်ပေါက်နံ့၊ မုန့်ကြော်နံ့တွေကလည်း အပြိုင်ပေါ့။ အဲဒီ နတ်ကန်တော့တဲ့ အချိန်ရတဲ့ အနံ့ကို အခုထိတောင် စိတ်ကူးကြည့်လို့ ရသေးတယ်။ မနက် မိုးလင်းကတည်းက တစ်ပါးစီ ကန်တော့လိုက်တယ်ဆိုတာ ညနေ မိုးချုပ်တဲ့ အထိပဲ။ နတ်တွေကလည်း သူ့အချိန်နဲ့ သူ ကန်တော့ရတာလေ။ ကျွန်တော်တို့ကတော့ ကြက်ကြော် ဘယ်တော့ စွန့်မလဲ ဆိုတာကိုပဲ စောင့်နေရတယ်။

အမေကိုးကွယ်တဲ့ နတ်တွေ အထဲမှာ သူရဿတီမယ်တော်ကတော့ လူတော်တော်များများ ကိုးကွယ်တဲ့ နတ်(သမီး)ပဲ။ ထားလိုက်တော့။ ဘိုးတော်တွေမှာ ဘိုးမင်းခေါင်က ပုပ္ပါးမှာ ထွက်ရပ်ပေါက်သွားတယ်။ အိမ်ကို အနှောက်အယှက်တွေ မ၀င်အောင် စောင့်ရှောက်ပေးတယ် ဆိုတဲ့ အိမ်တွင်းနတ်တွေရဲ့ နတ်ကွန်းကလည်း ပုပ္ပါးမှာ ရှိတယ်။ ဒါတွေအပြင် အမေရဲ့ ဖေးဖရိတ် နတ်တွေထဲမှာ အပါအ၀င်ဖြစ်တဲ့ ပုပ္ပါးမယ်တော်ကလည်း အထူး ပြောစရာမလို ပုပ္ပါးမှာဆိုတော့ အမေ ပုပ္ပါးသွားချင်တာ မဆန်းပါဘူး။

စစ်အစိုးရမတက်ခင် (အရေးအခင်း မဖြစ်ခင်က) သင်္ကြန်မှာ ပုပ္ပါးကို သွားဖြစ်ပေမယ့် နောက်ပိုင်းကျတော့ သွားလို့ မလွယ်တော့လို့ မသွားဖြစ်တော့ဘူး။ ပုပ္ပါးကို ဘက်စ်ကားနဲ့ သွားတယ်။ ပုပ္ပါးထိ တိုက်ရိုက်ရောက်တာ မရှိလို့ ကျောက်ပန်းတောင်း မြို့ကို သွားပြီးမှ အဲဒီကနေ တဆင့် ထပ်သွားရတာ။ အဲဒီတုန်းက ကျောက်ပန်းတောင်းကို ကပရ (ကုန်းလမ်းပို့ဆောင်ရေး) က ဘက်စ်ကားတွေနဲ့ သွားပါတယ်။ ဘက်စ်ကားတွေက ဘီအမ်ကားထက်တော့ နည်းနည်း ကြီးပေမယ့် လေအိတ်ကားလို့ ပြောတဲ့ အခုခေတ် ကားတွေလောက်တော့ မကြီးပါဘူး။ တစ်ခါတစ်လေကျရင် ပုဂ္ဂလိက ကားလိုင်းတွေ ဖြစ်တဲ့ ပွင့်သစ်စ ရတနာနဲ့ သွားပါတယ်။ ဘယ်ကားလိုင်းနဲ့ပဲ သွားသွား အခုခေတ်လိုတော့ အဲကွန်း မပါပါဘူး။ အဆိုးဆုံးကတော့ အဲဒီ ဘက်စ်ကားတွေက ထိုင်ခုံတန်းတွေ အောက်မှာ ဆန်အိတ်တွေ ကုန်သေတ္တာတွေ ထည့်ထားတာပါပဲ။ လူက ခြေထောက်ချ ထိုင်မရလို့ ကုန်စည်တွေပေါ် ခြေထောက် တင်ပြီး ဒူးကွေးကွေးလေးနဲ့ တစ်လမ်းလုံး လိုက်လာရပါတယ်။ အခုခေတ်အထိလည်း ဒီလို ခရီးသွားနေရသူတွေ ရှိတုန်းပါ။ ကျွန်တော်တို့လည်း ခရီးဆိုတာ ဒီလို သွားရတာပါလား။ လိုရာ မရောက်ခင်အထိ သည်းညည်းခံပြီး စီးရမယ်ဆိုတာကို စိတ်ထဲမှာ အလိုလို ရှိနေပြီး မငြည်းမငြူ စီးလာပါတယ်။

ရန်ကုန်ကနေ မိုင် ၄၀၀လောက် ခရီးကို ၁၇ နာရီ ၁၈ နာရီလောက် စီးယူခဲ့ရပါတယ်။ အမေရိကားမှာတုန်းက မိုင် ၄၀၀ လောက် ဝေးတဲ့ နိုင်အာဂရာ ရေတံခွန်ကို ၆ နာရီလောက်နဲ့ စီးသွားတုန်းက ဒီခရီးကို သတိပြန်ရပါသေးတယ်။ ပြည်နယ်ချင်းဆက် အဝေးပြေးလမ်းတွေ (Interstate Express တွေ)က ဖြောင့်ဖြူးပြီး ကားတွေက သူအရှိန်နဲ့ သူမောင်းနေတယ်လိုက်တာ။ ရန်ကုန်-မန္တလေးလမ်းသာ အဲဒီလိုဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ တွေးမိတယ်။ ရန်ကုန်-မန္တလေးလမ်းကလည်း (ပဲခူး) ရိုးမအရှေ့နဲ့ ရိုးမအနောက် နှစ်လမ်းရှိတာ နှစ်လမ်းစလုံးက သုံးမရပါဘူး။ ရန်ကုန်ကနေ ပြည်အထိကတော့ အဆင်ပြေတယ်။ နောက်ပိုင်းကျရင် အမြန် မောင်းလို့ မရတော့ဘူး။ ဟိုဘက်မှာဆိုလည်း ပဲခူးလောက်အထိပဲ ကောင်းကောင်း မောင်းလို့ရတယ်။ ရန်ကုန်-မန္တလေးလမ်းကို ပြင်လိုက်တာဆိုတာလည်း တက်လာတဲ့ အစိုးရတိုင်းပဲ။ ကြားဖူးတာ တစ်ခုက နေ၀င်း ခေတ်တုန်းက အမေရိကန်အစိုးရက ရန်ကုန်-မန္တလေးလမ်းကို ၆လမ်းသွား ခင်းပေးမယ်။ လေယာဉ်ပျံ ဆင်းလို့ရတဲ့ အထိ ခင်းပေးမှာကို ကိုရွှေတရုတ်တွေက လန့်သွားတယ်။ အဲဒါကြောင့် လမ်းအလယ်ကျွန်းတွေမှာ သစ်ပင်တွေ စိုက်ပေးမယ်ဆိုပြီး ပြန်ကမ်းလှမ်းတယ်တဲ့။ အဲဒါနဲ့ အမေရိကန် အစိုးရကလည်း မခင်းပေးတော့ဘူးတဲ့။ (ဟုတ်မဟုတ်တော့ မသိ) တကယ်သာ အဲဒီတုန်းက ခင်းပေးလိုက်ရင် ရန်ကုန်-မန္တလေးဆိုတာ ဖြောင့်နေမှာပဲ။ စစ်အစိုးရ တက်တော့လည်း ရန်ကုန်-မန္တလေး ၁၀နာရီအရောက် ခရီးပေါက်ဆိုပြီး လုပ်လိုက်တာ အခုထက်ထိကို မပြီးနိုင်တော့ဘူး။ ကန်ထရိုက်တွေသာ ထောသွားတယ်။ (Toll) တိုးဂိတ်တွေသာ တိုးလာတယ်။ လမ်းက ဖြောင့်ဖြူး မလာဘူး။ ၆လမ်းသွားမပြောနဲ့ ၂လမ်းသွား ဖြောင့်ဖြောင့် ဖြူးဖြူးတောင် ဖြစ်မလာဘူး။ လမ်းအင်ဂျင်နီယာတွေက တန်ပိုကားတွေ ရာသီဥတုကို အပြစ်ပုံချ။ လမ်းတွေကတော့ ဂျိုင့်တွေကြီးပဲ။

(ဆက်ရေးမည်)

14 comments:

My Wonderful Moral Thoughts - 4/13/08, 10:04 AM

I enjoy reading this post and it's remind me about my grandmum who are similar like your mum.., But it was years ago.

I have been to Bagan and Poutpar when we were back to Burma for visit on 2002. While i read your post i felt like to see the pictures in my eyes again like movie.

Look forward to have next part.

Wishing you and your family.., Happy Myanmar New Year and All the Best..,

Regards.,
Soe Mya Nandar Thet Lwin

imaginary clouds no 2 - 4/13/08, 1:09 PM

ကျနော်တို့ အရပ်မှာ တော်တော့်ကို မပြေလည်တဲ့ မိသားစု တစ်စုရှိတယ် ။ ဆိုပါတော့ဗျာ ဆောက်လက်စ ကန်ထရိုက်တိုက် ရဲ့ ညစောင့်သဘောမျိုးနေရာမှာ နေတယ်( အိုးပိုင် အိမ်ပိုင်မရှိတာကို ပြောချင်တာပါ ။ ) သူ့ အမျိုးသမီးက နတ်ကိုးကွယ်မူကို သက်ဝင်ယုံကြည်တယ် ။ ( နတ်ဝင်သည်လဲ လုပ်တယ် ) ၊ ဘာဖြစ်သလဲဆိုတော့ အဲဒိအချိန်က သိန်း ၃၅၀ လို့ထင်တဲ့ အစိုးရထီပေါက်တယ် ။ ခပ်ငယ်ငယ်က ထိုင်ကနားတစ်ခု ကြည့်ဖူးတယ် ။ ၁၉ နှစ်လောက်ရှိတဲ့ (မိန်းမပျို)မိန်းမတစ်ယောက်က အာမီရမ် ၂ လုံးကို ပုလင်းလိုက်မော့တယ် ။ ၂ ပုလင်းကျော်ကုန်တယ် ။ ပြီးတော့ ဘာမှ မဖြစ်ဘူး ။ ငယ်ငယ်က နတ်ပွဲဆို ထိုင်ကြည့်တယ် ။ ပျော်လို့ ။ မဖဲဝါ အခန်းဆို ပြေးကြ လွားကြတာ မှတ်မိနေတယ်။ နတ်ကိုယုံသလား ။ ထောက်ခံသလား ။ရှိသလား မရှိသလား ။ ဆိုတဲ့ မေးခွန်းများကို ဖြေရန်မရည်ရွယ်ပါဘူး ။ကြုံဘူးတာကိုဝင်ရောက်စွပ်ဖက်ပြောဆိုတာပါ။

Kay - 4/13/08, 5:05 PM

နုနု ရည် (အင်းဝ) ရဲ့..`ပြုံး၍ လည်း ကန်တော့ခံ တော်မူပါ..ရီ၍ လည်း....´ ကို..အပြိုင် လိုက်တော့မယ်ပေါ့။ စိတ်ဝင်စားဖို့ကောင်းတယ်..စောင့်ဖတ်နေမယ်။ အဲလို အတွေ့အကြုံ တွေ ..ကောင်းကောင်းသိတယ်.. အဘွားတွေ လည်း..အိမ်တွင်း ပွဲ အမြဲလုပ်တယ်.. ကျမ မှတ်မိတာတော့..ပြီးရင် ပလာတာ နဲ့သကြား စား ရတယ်..ဘာနတ်လည်း တော့ မသိဘူး။ နတ် တွေ (၀ိညဉ်) တွေ တကယ်ရှိ တယ် လို့တော့..ကျမ နားလည် တယ်။ ရှေးတုန်းက.. ရှင် ဘုရင် တွေ ရဲ့..တသွေးတသံ တမိန့် အောက်မှာ..ကွပ်မြတ်ခံ ရတဲ့..ပြည်သူ့အချစ် တော် တွေ ကို.. ပြည်သူ တွေကလည်း..ချစ်ခင် နှမြော တဲ့စိတ် နဲ့..ကိုယ်တတ်နိုင်သလို..ဆက်လက် ရှင်သန် စေ တာ လို့.. ကျမ အဖေ ကတော့..သုံးသပ် တယ်။ ချေဂွေဗားရား တို့.. ဘော့မာလေ တို့တောင်..နတ် လို့ ပြော ရမလောက်ပဲ.. ဘိုလီဗီးယား မှာ ဆို ချေ ကို..ကိုးကွယ် ကြ တယ် လို့ သိဘူးတယ်။ ဘာပဲဖြစ် ဖြစ်.. အပြင် ၃၇ မင်း..အတွင်း ၃၇ မင်း ဆိုတာ..တကယ့် မြန်မာ့ ယဉ်ကျေးမူ အမွေ အနှစ်ပဲ နော်။

nu-san - 4/13/08, 7:36 PM

အန်ဒီရေးပြထားတာ စိတ်ဝင်စားဖို့ကောင်းတယ်။ အမသူငယ်ချင်းတွေ အိမ်မှာ နတ်ကန်တော့မယ်ဆိုရင် အလုပ်ရှုတ်တယ်လို့ သူပြောနေသံကြားရဖူးတယ်။

ငယ်ငယ်တုန်းကတော့ အိမ်နားက အိမ်မှာ နတ်ကနားပေးရင် သွားကြည့်ရဖူးတယ်။ ဘာနတ်တွေကတာလည်း ဆိုတာတော့ သိပ်နားမလည်ခဲ့ဘူး။ အခုအသက်ကြီးမှတော့ အိမ်နားမှာ ဘယ်သူမှလည်း နတ်ကနားမပေးနိုင်ကြတော့ပါဘူး။ သူငယ်ချင်းတစ်ယောက်ရဲ့ အမေဆိုနှစ်တိုင်း တောင်ပြုန်းပွဲသွားရမှတဲ့။ နို့မို့ဆို တစ်နှစ်လုံးက အဆင်မပြေဘူးဆိုပြီး ပြောနေသံလည်း ကြားရဖူးတယ်။

ဆက်ရန်တွေကို စောင့်ဖတ်နေပါတယ် အန်ဒီရေ...

ဝေတိုး - 4/14/08, 12:40 AM

OMG! This post reminds me of my mom and living in Kyoukpadaung for 3 yrs. My mom used to love that tradition. Good post about lovely old-fashioned ways. Bravo! Waiting for more.

Andy Myint - 4/14/08, 10:46 PM
မထင်မှတ်ထားဘဲ ကော့မန့်အရှည်ကြီးတွေ ရလိုက်လို့ ဆက်ရေးဖို့ အားရှိသွားပြီ။

ကျေးဇူးပါ မစိုးမြတ်နန္ဒာသက်လွင်။ သွားဖူးတော့ ပိုခံစားလို့ ရတာပေါ့။

ကဲ ဒီတစ်ခါတော့ ဆရာတိန် ခေါ်မယ် ကိုယ့်လူ။ `ထိုင်ကနား´တို့ `နတ်ဝင်သည်´တို့လို မေ့နေတဲ့ စကားလုံးတွေ ပြန်ခေါ်ပေးတဲ့ အတွက်။

မလုပ်ပါနဲ့ မကေ... နုနုရည်(အင်းဝ)ကိုတော့ ခြေဖျားမီရင် ကံကောင်း။ ကျွန်တော်လည်း ငယ်ငယ်က သူ့ ၀တ္ထုတွေဆို တစ်အုပ်ပြီး တစ်အုပ် ဖတ်ဖူးတယ်။ ကြိုက်တယ်။ နတ်နဲ့ သူရဲကောင်း အကြောင်းက မှတ်သားစရာပဲ။ အစ်မကို ကုတ်ပါရစေ။ အစ်မပြောသွားတာတွေကို (Quote) ယူသုံးမယ် ပြောတာ။

နတ်တွေနဲ့ ပတ်သတ်တဲ့ လူတွေက အဲလိုပဲ မနုစံရေ။ ကောင်းလည်း နတ်မလို့ နတ်ကို ပူဇော်ချင်တယ်။ ဆိုးလည်း နတ်မအောင် ပူဇော်ကြတယ်လေ။ နတ်ကနားက အစိုးရက လူစုမှာ စိုးလို့ တားမြစ်ထားကတည်းက ပေးလို့ မရတော့ဘူးလေ။ နယ်တွေမှာတေ့ လုပ်လို့ ရတယ် ထင်တယ်။

ကျေးဇူးပါ ကိုဝေတိုး။ အမေ့ကို သတိရလို့ ရေးလိုက်တာ ကိုဝေတိုးအတွက်လည်း သတိရစရာတွေ ဖြစ်သွားတယ်။
Soe - 4/15/08, 1:56 PM

ကိုအန်ဒီရေးတာဖတ်လို့သိပ်ကောင်းတာဘဲ။အိမ်မှာလဲအမေက၀ါဝင်ဝါထွက်အိမ်တွင်း၊တောင်ပြုန်းနဲ့ကိုးမြို့ရင်(အညာကနယ်ပိုင်နတ်လို့ပြောတယ်။အောက်အရပ်မှာဆိုနံကရိုင်းမယ်တော်)ကိုတင်တယ်။ကွမ်းယာဆိုအညွှန့်နဲ့၊ငါးဆိုအကြေးခွံနဲ့ကြော်၊ရွှေရည်ငွေရည်အတွက်တမတ်စေ့ကိုဖန်ခွက်ထဲစိမ်ရသေးတယ်။
မနှဲလေးကြက်ဥပြုတ်ကိုမိန်းကလေးတွေစားရင်ညကျခြေသလုံးကိုအဆိပ်ခံရတယ်ဆိုလို့သိချင်လို့စားကြည့်သေးတယ်။း)

Andy Myint - 4/22/08, 12:12 AM
အရင်တုန်းက မြန်မာတွေ တော်တော်များများ လုပ်ကြတာဆိုတော့ ရိုးရာလိုမျိုး ဖြစ်နေတာပေါ့ မစိုး။ အမေတွေ လုပ်ကြတာလေ။
ကိုဆုကြည် - 1/13/09, 5:04 AM

ကိုအန်ဒီရေစာရေးကောင်းတယ်ဗျာတော်တော်ဖတ်သွားလိုက်တယ်။
သမီးနဲ့သားလေးလည်းကျန်းမာပါစေလို့ဆိုတောင်းလိုက်ပါတယ်။ ကျွန်တော်လည်းငယ်ငယ်တုန်းကနတ်ကန္ဒားပွဲမှာတနေကုန်ထိုင်
ကြည့်ဖူးတယ်။နတ်ပွဲပေးတာကသူငယ်ချင်းအိမ်ဆိုတော့ အထူးဧည့်သည်အနေနှင့်ပေါ့နတ်စင်တွေအောက်မှာထိုင်ကြည့်ရ
တာလေ။သူငယ်ချင်းမျက်နှာရှိတော့နတ်ဝင်သည်တွေက
လာထားသားတော်ကြီးဆိုပြီးတော့ပါးစပ်ထဲကိုလောင်းထည့်တာ
(အရက်မျိုးကိုစုံလို့ပါပဲ၊ အာမီရမ်၊၀ီစကီ၊ အရက်ဖြူ၊ ဘီယာ၊ ထန်းရည်တောင်ပါလိုက်သေးတယ်)ကြက်ကြော်လည်းပါတယ်
ပေါ့။နတ်ဝင်သည်တွေကတော့တစ်ယောက်ပြီးတစ်ယောက်ပေါ့။
သားတော်ကြီးကသာ တစ်ယောက်တည်းဖြစ်နေတာ။ ညနေလည်းရောက်လို့ နတ်ပွဲလည်းပြီးရောသားတော်ကြီးလည်း
ခေါင်းတောင်မထောင်နိုင်တော့ပါဘူးဗျာ။ ကောင်းလိုက်တာမှ ခေါင်းတွေကိုက်တာ နောက်နေ့ထိပါပဲ၊ ကိုယ်တွေ့ပါဗျာ။

shwezinu - 12/1/09, 9:16 PM

လာလည်သွားပါတယ်ဗျာ

Anonymous - 4/24/10, 12:17 AM

နတ်ကိုလုံးဝမကိုးကွယ်တတ်ပါ ငယ်ငယ်ကအရမ်းမုန်းပါသည် အခုတော့အမျှဝေပေးသင့်သူတွေ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းရှိသူတွေဟုမြင်ပါသည် ဘုရားသာသနာကိုအားကိုးဆုံးဖြစ်သောကြောင့်လုံးဝကိုးကွယ်စရာမဟုတ်ပါ ကျနော့်အမြင်သပ်သပ်သာဖြစ်ပါသည်
နတ်ပွဲကတော့သီချင်းသံကြောင့် စိတ်ဓာတ်တက် စေပြီးတော်တော်ကောင်းတဲ့ဖျော်ဖြေရေးတစ်ခုပါ

Kyaw Zey - 4/26/10, 9:46 PM

သြော်..စိတ်မကောင်းစရာပဲ ဒီခေတ်ကြီးထဲမှာ

Andy Myint - 4/26/10, 10:37 PM
ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့ ကျော်ဇေ။ အခု အမေလည်း အသက်ရတော့ ဘုရားနဲ့ တရား အစစ်အမှန်နဲ့ပါ။ အရင်တုန်းက အမေ့ အကြောင်းတွေ အမှတ်တရ ရေးထားတာပါ။ ဒါ မြန်မာပြည်က အရင်ခေတ်က မိန်းမတချို့ရဲ့ သဘာဝပါပဲ။ ကိုယ့်လူလေသံကိုတော့ မကြိုက်လှပါဘူး။
မင်းညို - 4/27/10, 4:10 PM

ကျွန်တော့်အဖိုးအဖွားတွေက သီတင်းကျွတ်ရောက်တိုင်း နတ်တင်တယ်ဗျ..မုန့်ဖြူ၊ မုန့်နီ၊ မုန့်လက်ကောက်ကွင်း၊ အုန်းစာမုန့် စတဲ့ မုန့်မျိုးစုံစားရတယ်။ တော်တော်ပျော်စရာကောင်းတယ်ဗျ..။ ကျွန်တော့်ရွာမှာတော့ နှစ်စဉ် မပျက်လုပ်ကြတဲ့ ပျော်စရာဓလေ့တစ်ခုလိုပါပဲ ဖြစ်နေပြီ..။ ပိုက်ဆံတတ်နိုင်ရင် နိုင်သလောက် မုန့်ကောင်းကောင်းလုပ် နတ်တင်၊ လာတဲ့လူကျွေးပေါ့။ မတတ်နိုင်ခဲ့ရင်လည်း ကိစ္စ မရှိဘူး ''ကိုး'' လိုက်တာပဲ။ ကိုး တယ်ဆိုတာတော့ အဆင်ပြေတဲ့အခါ ကောင်းကောင်း တင်ပါ့မယ် ဘာညာပေါ့ဗျာ..။ ဒီလိုပဲ အကြွေတစ်မတ်စေ့နဲ့ အထက်သွားမလားဟေ့ မေးပြီး သွားမယ်ပြောလိုက်ရင် အဲဒီတစ်မတ်စေ့ ပေးပြီး တင်တဲ့သူတောင်ရှိသေး...။ အဲဒါလည်း နတ်တင်တာပဲ။

Post a Comment

Many thanks for dropping a comment…

Film