Monday, April 28, 2008

သြော်ဇီက ဆန္ဒခံယူပွဲ အခြေအနေ

သူများတွေ (စင်္ကာပူက လူတွေ)က တစ်ယောက်ပြီး တစ်ယောက် မဲပေးကြတဲ့ အကြောင်းတွေ ဖတ်ရတော့ စိတ်တက်ကြွပြီး ကျွန်တော်တို့ သြော်ဇီကလူတွေ အကြောင်းလည်း ဖောက်သည် ချချင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ စင်္ကာပူက လူတွေလို ကံမကောင်းလှပါဘူး။ တခြားသူတွေတော့ မသိ ကျွန်တော်တော့ အခုထက်ထိ အကြောင်းကြားစာ၊ ဖိတ်စာ ဘာမှ မရသေးပါဘူး။ ကျွန်တော် မနှစ်ကမှ နိုင်ငံကူး လက်မှတ် သတ်တမ်း တိုးထားတဲ့ အတွက် သူတို့မှာ ကျွန်တော့် လိပ်စာတော့ ရှိမှာပါ။ မေလ (၁၀) ရက်နေ့ မရောက်သေးလို့ ပဲလား ဘာလားတော့ မသိပါဘူး။ ဖိတ်စာ ရမယ် ဆိုရင်တောင် ကျွန်တော်တို့ မဲသွားပေးဖြစ်မှာ မဟုတ်ပါဘူး။ မြန်မာ သံရုံးက သြစတြေးလျ အစိုးရ ရုံးစိုက်ရာ ကင်ဘာရာ (Canberra) မှာပဲ ရှိပြီး ဆစ်ဒနီကနေဆိုရင် ၂၈၆ ကီလိုမီတာ ဝေးပါတယ်။ ဆစ်ဒနီကနေ ကားမောင်းသွားမယ် ဆိုရင်တောင် ၄ နာရီကျော်ကျော် မောင်းသွားရမှာပါ။ မကေတို့ ဆိုရင်တော့ လေယာဉ်ပျံနဲ့တောင် လာပြီး မဲပေးရမယ့်ပုံပဲ။ တရုတ်မျိုးချစ်တွေ (Pro China တွေ) ကင်ဘာရာမှာ အိုလံပစ် မီးရှူးတိုင်ကို တိဘတ် ဆန္ဒပြသူတွေ ရန်က ကာကွယ်ဖို့ ဆိုပြီး ကားတွေ ဘာတွေ စီစဉ်ပေးပြီး အုပ်စုလိုက် ချီတက်ကြသလို ဆစ်ဒနီကနေ မြန်မာတွေ ဘက်စ်ကား စီးလုံးငှားပြီး သွားမယ်ဆိုရင်လည်း ကောင်းသား။ အဲဒီလို ဆိုရင်တောင် ကလေးတစ်ဖက်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဖက်နဲ့ မဲသွားပေးဖြစ်ဦးမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်လေ အခွန်ပေးပြီး မဲမပေးရတာတော့ မတန်လှပါဘူး။

မြို့တော် (Capital City) ကင်ဘာရာ ဆိုတာကလည်း မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ဆစ်ဒနီနဲ့ မဲလ်ဘုန်းတို့က အပြိုင် မြို့တော်ဖြစ်ရေး လုရင်းကနေ ပေါ်လာတာပါ။ အဲဒီလိုမျိုး မြန်မာပြည်မှာလည်း ရန်ကုန်နဲ့ မန္တလေး အပြိုင် လုရင်းကနေ ပျဉ်းမနား မြို့တော် ပေါ်လာတယ် ပြောလို့ရရင်လည်း ကြားကောင်းသား။ ကင်ဘာရာက နောက်မှ အသစ်တည်တဲ့ မြို့ဖြစ်တဲ့ အတွက် မြို့စီမံကိန်း အကွက်ချပြီးမှ တည်ထားတာပါ။ Planned City ပါ။ ကင်ဘာရာက Australian Capital Territory (ACT) ဆိုတဲ့ ပြည်နယ် သေးသေးလေးထဲမှာ ရှိပြီး ဟိုးကနဦး ၁၈၀၀ ကျော်လွန် နှစ်များမှာ ကတည်းက မြို့တော်တည်ဖို့ ရာထားတာပါ။ ၁၉၁၁ ကျမှ နယူဆောက်ဝေး ပြည်နယ် အစိုးရကနေ ဓနသဟာယ (Common Wealth) ကို အပြီး လွှဲပေးလိုက်ပါပြီး မြို့တော် တည်တာပါ။ လူဦးရေ ၃သိန်းခွဲလောက် ရှိပြီး ဒါဟာ ကုန်းတွင်း မြို့တွေမှာ အများဆုံးပါပဲ။ ရာသီဥတု ကြမ်းတမ်းလှတဲ့ သြစတြေးလျ ကုန်းတွင်းပိုင်းတွေမှာ လူနေကျဲလှပြီး ကမ်းခြေမြို့တွေမှာသာ လူနေ ထူထပ်ပါတယ်။ ဟိုး သြစတြေးလျတိုက် အလယ်ခေါင် တည့်တည့်က အဲလစ်စပရင်း (Alice Spring) ဆိုတဲ့ မြို့လေးမှာ လူဦးရေ သောင်းဂဏန်းပဲ ရှိပါတယ်။ ကင်ဘာရာဟာ အစိုးရ ရုံးစိုက်ရာ မြို့ဖြစ်တဲ့ အတွက် လွှတ်တော်တို့၊ ဗဟို တရားရုံးတို့၊ အမျိုးသား စာကြည့်တိုက်တို့ ရှိပါတယ်။ ဆစ်ဒနီက တိရစ္ဆာန်ရုံကိုတော့ ကင်ဘာရာ ရွှေ့သွားတယ် မကြားဖူးပါဘူး။ ကင်ဘာရာမှာတော့ ပန်းခြံလှလှတွေ ရှိပါတယ်။

ကျွန်တော် ကင်ဘာရာကို မရောက်ဖူးသေးတဲ့ အတွက် သွားဖြစ်တဲ့ အခါကျမှ အဲဒီမြို့အကြောင်း ရေးလိုက်ပါဦးမယ်။ ကင်ဘာရာ အကြောင်း ပြောနေတာနဲ့ မဲပေးတဲ့ အကြောင်းကနေတောင် လွဲချော်ကုန်ပြီ။ စင်္ကာပူလို့ City State နိုင်ငံမှသာလျင် ဒီလို ကိုယ်တိုင်ကိုယ်ကျ မဲပေးတဲ့ ကိစ္စတွေမှာ အဆင်ပြေမှာပါ။ နိုင်ငံကူး လက်မှတ် သတ်တမ်းတိုးတုန်းကတော့ စာတိုက်ကနေ ပို့လိုက်ရုံပဲ ဆိုတော့ သံရုံး ဘယ်မှာ ဖြစ်ဖြစ် ကိစ္စမရှိခဲ့ပါဘူး။ အခုတော့ သံရုံးက တစ်နေရာမှာပဲ ရှိလို့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ စင်္ကာပူနိုင်ငံ သံရုံးဟာ အမေရိကားမှာဆို ၀ါရှင်တန်မှာ သံရုံးရှိပြီး နယူးယောက်နဲ့ ဆန်ဖရန်စစ်စကိုမှာ Consulate တွေ ရှိပါတယ်။ ဒါမျိုးကိုပြောတာပါ။ တကယ်တမ်း ပြန်တွေးကြည့်မယ်ဆိုရင်လည်း မဲဆိုတာ သတ်မှတ်ချက် မှီတဲ့ နိုင်ငံသားမှ ပေးနိုင်ပေမယ့် အခွန်ဆိုတာ နိုင်ငံသား မဟုတ်လည်း ပေးရတာပဲ။ အခွန်ပေးတိုင်း မဲပေးနိုင်တာမှ မဟုတ်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကြုံတောင့်ကြုံခဲ မဲပေးတာလေး လွတ်သွားမှာတော့ စိတ်မကောင်းပါဘူး။ အထူးသဖြင့် ဒီလို မဲမပေးနိုင်ခဲ့လို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ တိမ်းစောင်းသွားနိုင်တယ်ဆိုပြီး ကြီးကြီးကျယ်ကျယ် တွေးမိရင်တော့ဖြင့်.........

5 comments:

Kay - 4/28/08, 2:02 PM

ကိုအန်ဒီ ရေ..အဟုတ်ပါပဲ ရှင်။
စာ ၂ စောင်တော့ ရောက် လာပါရဲ့။ ရက်ကလည်း..တရက်တည်း.. ဘယ်လို သွားမလဲ။ သွားရင် တောင် ငွေက.. ၁၀၀၀ ကျော် လောက်ကုန်မယ်လေ။ ကိုယ့်ဖာ သာ လည်း..မကျေ နပ်ဘူး။ အမျိုးသားက တော့..အကြောင်းသိ လို့ ကလိ တယ်..။ သွားလေ.. မီးရူးတိုင် ပါ..တခါ တည်း..အော်လို့ ရတယ်..တန်တယ် တဲ့။း)
ဆစ်ဒနီက.. အဖွဲ့တွေ စုပြီး..တခုခု စီစဉ် နိုင်ရင်တော့ ကောင်းသား။ ခက်တာကလည်း..ဆလိမ်မှာ က.. အခွန် ဆောင် ဗမာ နဲမယ် ထင် တယ်နော်။

စိုးထက် - Soe Htet ! - 4/28/08, 8:30 PM

ကျွန်တော်က စာ ကို မရောက်တာ ... :P

Andy Myint - 4/29/08, 10:13 AM
ဟားဟား… မကေပြောတာ ဖတ်ပြီး ကျွန်တော်တို့မှာ သဘောကျနေကြတယ်။
ကျွန်တော်လည်း မနေ့က အိမ်ပြန်သွားမှ စာရောက်နေကြောင်း သိရတယ် ကိုစိုးထက်။ သွားတော့ မသွားဖြစ်ပါဘူး။
nu-san - 4/29/08, 12:13 PM

Andy ရေ.. ဒီမှာလည်း ဒီလိုပါပဲဟယ်.. သူ့အတွက်တော့ စာလာတယ်။ အခွန်ဆောင်ထားတာ မကြာသေးလို့။ အမအတွက်တော့ မပါဘူး။ စာရောက်လာတော့ ၂ ယောက်စလုံး စာကိုင်ပြီး ဘာလုပ်ရမှန်းမသိဘူး။ တခြား မြန်မာ ၂ ယောက်ကို မေးကြည့်တော့ သူတို့လည်း မသွားနိုင်ကြဘူး။ စုစုပေါင်း သိတဲ့ မြန်မာ Osaka မှာ ဒီလေးယောက်ပဲ ရှိတာ။ Osaka နဲ့ တိုကျိုက ကားနဲ့ဆိုရင် အသွားချည်းပဲ ၈ နာရီကျော်ကြာတယ်။ (ကားခအသွားအပြန် ၁ သောင်း ဒါတောင် ရုံးက ၂ ရက်ခွင့်ယူရမယ်။) ရှင်းကန်ဆန်နဲ့က ၂နာရီခွဲကြာတယ်လေ.. (လက်မှတ်အသွားအပြန် ၃ သောင်း).. နောက်ဆုံးတော့ အမတို့ ဘယ်သူမှမသွားနိုင်တော့ဘူးပေါ့။ အဲဒီလို..အဖြစ်တွေကတော့ ...

Andy Myint - 5/5/08, 9:10 AM
မသွားဖြစ်တာ တော်သေးတာပေါ့။ ဂျပန်က ရဲတွေကလည်း စင်္ကာပူက ရဲတွေထက် ပိုကြမ်းနေပါလား။ ဓါတ်ပုံတွေ ကြည့်လိုက်ရတယ်။

Post a Comment

Many thanks for dropping a comment…

Film